လူငယ့်ဘဝမှစ၍ မိမိတို့၏ ဖန်ဆင်းရှင်ကို သတိရခြင်း
ဘဝအတ္ထုပ္ပတ္တိ
လူငယ့်ဘဝမှစ၍ မိမိတို့၏ ဖန်ဆင်းရှင်ကို သတိရခြင်း
ဒေးဗစ် ဇက်. ဟီဘ်ရှမဲန် ပြောပြသည်
“ကျွန်မသေရတော့မယ်ဆိုရင် ယေဟောဝါအပေါ် သစ္စာရှိခဲ့တဲ့သူဖြစ်ချင်တယ်။ ကျွန်မရဲ့ ဒေးဗစ်ကို ကြည့်ရှုစောင့်ရှောက်ပါလို့ ကိုယ်တော်ကို အနူးအညွှတ်တောင်းပန်ပါတယ်။ သူ့ကိုပေးတဲ့အတွက်ရော၊ ကျွန်မတို့ရဲ့အိမ်ထောင်မင်္ဂလာအတွက်ကိုရော ယေဟောဝါကိုကျေးဇူးတင်ပါတယ်။ တကယ့်ကိုပျော်ရွှင်စရာကောင်းခဲ့တယ်!”
၁၉၉၂၊ မတ်လမှာ ကျွန်တော့်ဇနီးကို မြေမြှုပ်ပြီးနောက် သူ့ရဲ့ဒိုင်ယာရီမှာ နောက်ဆုံးရေးခဲ့တဲ့ ဒီစကားကိုတွေ့တဲ့အခါ ကျွန်တော့်ရဲ့ခံစားချက်တွေကို မြင်ယောင်ကြည့်ပါ။ အစောပိုင်းငါးလလောက်ကပဲ ဟယ်လင်ရဲ့ အချိန်ပြည့်အမှုဆောင်အနှစ် ၆၀ မြောက်အထိမ်းအမှတ်ပွဲကို ကျွန်တော်တို့ကျင်းပခဲ့ကြတယ်။
ယူ.အက်စ်.အေ၊ အိုဟိုင်အို၊ ကိုလမ်ဘတ်စ်စည်းဝေးကြီးမှာ ဟယ်လင်နဲ့ကျွန်တော် ဘေးချင်းယှဉ်ပြီးထိုင်ခဲ့တဲ့ ၁၉၃၁ ကနေ့တစ်နေ့ကို ကျွန်တော်ကွင်းကွင်းကွက်ကွက်အမှတ်ရနေတယ်။ ၁၄ နှစ်တောင်မပြည့်သေးတဲ့ ဟယ်လင်က ကျွန်တော့်ထက်တောင် အဲဒီစည်းဝေးကြီးရဲ့အရေးကြီးမှုကို တန်ဖိုးထားလေးမြတ်ခဲ့တယ်။ သိပ်မကြာခင်မှာ ဟယ်လင်နဲ့သူ့အမေမုဆိုးမတို့ဟာ ယေဟောဝါသက်သေတွေထဲက အချိန်ပြည့်ဧဝံဂေလိဟောပြောသူတွေကိုခေါ်တဲ့ ရှေ့ဆောင်တွေဖြစ်လာကြတဲ့အခါ ခရစ်ယာန်ဓမ္မအမှုအပေါ် သူ့ရဲ့စိတ်အားထက်သန်မှု ထင်ရှားခဲ့တယ်။ အမေရိကန်ပြည်ထောင်စုတောင်ပိုင်းက ကျေးလက်ဒေသမှာ ဟောပြောကြဖို့ သူတို့ရဲ့သက်သောင့်သက်သာနေနိုင်တဲ့အိမ်ကို စွန့်ခဲ့ကြတယ်။
ကျွန်တော်ရဲ့ခရစ်ယာန်အမွေအနှစ်
၁၉၁၀ ပြည့်နှစ်မှာ ကျွန်တော့်မိဘတွေက ပဲင်စီလ်ဘေးနီးယားအရှေ့ပိုင်းကနေ ပြည်နယ်ရဲ့အနောက်ပိုင်း ဂရိုဗ်မြို့ကို ကလေးငယ်နှစ်ယောက်နဲ့ ပြောင်းသွားခဲ့တယ်။ အဲဒီမှာ အလယ်အလတ်တန်းစားအိမ်တစ်လုံးအတွက် စရန်ပေးနေပြီး ပြုပြင်ပြောင်းလဲရေးချာ့ခ်ျရဲ့ တက်ကြွတဲ့အသင်းဝင်တွေ ဖြစ်လာခဲ့ကြတယ်။ ဒီနောက်သိပ်မကြာခင်လေးမှာ အဲဒီတုန်းက ယေဟောဝါသက်သေတွေကိုခေါ်တဲ့ ကျမ်းစာကျောင်းသားတစ်ယောက် ဝီလျံ အဲဗဲန်းစ်ဟာ သူတို့ဆီလည်ပတ်ခဲ့တယ်။ အဲဒီအချိန်မှာ ၂၅ နှစ်လောက်ပဲရှိတဲ့အဖေနဲ့ သူ့ထက်ငါးနှစ်ပိုငယ်တဲ့အမေတို့ဟာ ဖော်ရွေတဲ့ အဲဒီဝေလနယ်သားရဲ့စကားကို နား
ထောင်ခဲ့ကြပြီး ထမင်းစားဖိတ်ခေါ်ခဲ့တယ်။ မကြာခင်မှာ သူတို့သိရှိလာခဲ့ကြတဲ့ ကျမ်းစာအမှန်တရားတွေကို ယုံကြည်လက်ခံခဲ့ကြတယ်။အသင်းတော်နဲ့ပိုနီးဖို့အတွက် ၂၅ မိုင်လောက်ဝေးတဲ့ ရှယ်ရန်းမြို့ကို မိသားစုလိုက်ပြောင်းသွားခဲ့ကြတယ်။ သုံးလေးလကြာတော့ ၁၉၁၁ ဒါမှမဟုတ် ၁၉၁၂ လောက်မှာ အဖေနဲ့အမေ နှစ်ခြင်းခံခဲ့ကြတယ်။ ကင်းမျှော်စင်အသင်းရဲ့ပထမဥက္ကဋ္ဌ ချားလ်စ် တေ့ဇ် ရပ်စဲလ်က နှစ်ခြင်းဟောပြောချက်ပေးခဲ့တယ်။ ကလေးလေးယောက်ရှိတဲ့ ကျွန်တော့်မိဘတွေက ၁၉၁၆၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ ကျွန်တော့်ကိုမွေးခဲ့တယ်။ ကျွန်တော့်ကိုမွေးတဲ့အချိန်မှာ “ချစ်ရမယ့်ညီလေးနောက်တစ်ယောက်” ဆိုပြီး ကြေညာခဲ့တယ်။ ဒါကြောင့် ကျွန်တော့်နာမည်ကို “ချစ်အပ်သောသူ” လို့အဓိပ္ပာယ်ရှိတဲ့ ဒေးဗစ်ဆိုပြီးမှည့်ခဲ့ကြတာ။
ကျွန်တော်လေးပတ်သားအရွယ်မှာ ပထမဆုံးစည်းဝေးကြီးတက်ခဲ့ရတယ်။ အဲဒီအစောပိုင်းအချိန်တွေမှာ အသင်းတော်စည်းဝေးတွေသွားတက်ဖို့ အမေက အစ်မနဲ့ကျွန်တော့်ကို ဓာတ်ရထားနဲ့ခေါ်သွားပြီး အဖေနဲ့အစ်ကိုတွေက မိုင်အတော်များများကို လမ်းလျှောက်ခဲ့ကြရတယ်။ စည်းဝေးတွေဟာ မနက်ပိုင်းနဲ့ ညနေပိုင်းအစီအစဉ်တွေဖြစ်ခဲ့တယ်။ အိမ်မှာဆိုလည်း ကင်းမျှော်စင် နဲ့အရင်တုန်းက ရွှေခေတ် လို့ခေါ်တဲ့ နိုးလော့! ဆောင်းပါးတွေကို အဓိကထားဆွေးနွေးခဲ့ကြတယ်။
ပုံသက်သေကောင်းများမှ အကျိုးရရှိခြင်း
အဲဒီအချိန်က ခရီးသွားသူတွေလို့ခေါ်တဲ့ နယ်လှည့်ဟောပြောသူတွေဟာ ကျွန်တော်တို့အသင်းတော်ကို လည်ပတ်ခဲ့ကြတယ်။ ကျွန်တော်တို့နဲ့ တစ်ရက်၊ နှစ်ရက်နေတတ်ကြတယ်။ ကျွန်တော်မှတ်မှတ်ရရဖြစ်တဲ့ ဟောပြောသူတစ်ယောက်ကတော့ ‘သူ့အသက်ပျိုစဉ်အချိန်မှာ’ ကြီးမြတ်တဲ့ဖန်ဆင်းရှင်ကို သတိရတဲ့ ဝေါလ်တာ ဂျေ. သောန်ပါပဲ။ (ဒေ. ၁၂:၁) ကျွန်တော်ကလေးဘဝတုန်းက လူ့သမိုင်းနဲ့ပတ်သက်တဲ့ အပိုင်းလေးပိုင်းပါပြီး အသံသွင်းသရုပ်ဆောင်ထားတဲ့ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုပြသဖို့ အဖေနဲ့အတူလိုက်သွားခဲ့ဖူးတယ်။
ညီအစ်ကိုအဲဗဲန်းစ်နဲ့ သူ့ဇနီးမီရမ်တို့မှာ သားသမီးမရှိကြပေမဲ့ သူတို့ဟာ ကျွန်တော်တို့မိသားစုရဲ့ ဝိညာဉ်ရေးမိဘ၊ အဖိုးအဖွားဖြစ်လာခဲ့ကြတယ်။ ဝီလျံဟာ အဖေ့ကို “သား” လို့အမြဲခေါ်ပြီး သူနဲ့မီရမ်ဟာ ကျွန်တော်တို့မိသားစုရဲ့စိတ်ထဲမှာ ဧဝံဂေလိစိတ်ဓာတ်ထည့်ပေးခဲ့တယ်။ ၂၀ ရာစုအစောပိုင်းအချိန်မှာ ညီအစ်ကိုအဲဗဲန်းစ်ဟာ စွမ်းစီးဒေသတစ်ဝိုက်မှာ ကျမ်းစာအမှန်တရားသွန်သင်ပေးဖို့ ဝေလဒေသကို ပြန်သွားလေ့ရှိခဲ့တယ်။ အဲဒီမှာ သူ့ကို အမေရိကန်က တရားဟောဆရာလို့ခေါ်ခဲ့ကြတယ်။
၁၉၂၈ မှာညီအစ်ကိုအဲဗဲန်းစ်ဟာ သူ့အလုပ်ကထွက်ပြီး အနောက်ဗာဂျီးနီးယားတောင်ကုန်းမှာ စပြီးတရားဟောခဲ့တယ်။ ကျွန်တော့်အစ်ကိုနှစ်ယောက် အသက် ၂၁ နှစ်ရှိတဲ့ကလဲရင့်စ်နဲ့ အသက် ၁၉ နှစ်ရှိတဲ့ကားလ်တို့ သူနဲ့အတူလိုက်သွားခဲ့ကြတယ်။ ကျွန်တော်တို့လူငယ်လေးယောက်စလုံး အချိန်ပြည့်အမှုဆောင်မှာ နှစ်အတော်ကြာပါဝင်ခဲ့ကြဖူးတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့အားလုံး ငယ်ငယ်က ယေဟောဝါသက်သေတွေရဲ့နယ်လှည့်ကြီးကြပ်မှူးတွေအဖြစ် အမှုဆောင်ခဲ့ကြဖူးတယ်။ အခု အသက် ၉၀ ပြည့်တော့မယ့် အမေ့ရဲ့ညီမအငယ်ဆုံးမေရီက ကျွန်တော့်ကို မကြာသေးခင်က ဒီလိုစာရေးခဲ့တယ်– “အမှုဆောင်မှာဇွဲရှိပြီး ဂရိုဗ်မြို့ကို ညီအစ်ကိုအဲဗဲန်းစ်လည်ပတ်လာခဲ့တဲ့အတွက် ငါတို့အားလုံး တကယ်ပဲကျေးဇူးတင်ရမယ်!” အန်တီမေရီဟာ သူ့ရဲ့လူငယ့်ဘဝကတည်းက ဖန်ဆင်းရှင်ကိုသတိရခဲ့သူ နောက်တစ်ယောက်ပါပဲ။
စည်းဝေးကြီးများကို တက်ရောက်ခြင်း
၁၉၂၂ မှာအဖေနဲ့ကလဲရင့်စ်ပဲ အိုဟိုင်အို၊ စီဒါပွိုင့် သမိုင်းဝင်စည်းဝေးကြီးကို တက်ရောက်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၂၄ ကြတော့ ကျွန်တော်တို့မှာ ကားတစ်စီးရှိတဲ့အတွက် အိုဟိုင်အို၊ ကိုလမ်ဘတ်စ်စည်းဝေးကြီးကို မိသားစုလိုက်သွားတက်နိုင်ခဲ့ကြတယ်။ စည်းဝေးကြီးရှစ်ရက်အတွင်း အစားအသောက်စရိတ်အတွက် ကျွန်တော်တို့ကလေးတွေကို ကိုယ့်စုငွေကိုယ်သုံးခိုင်းခဲ့တယ်။ မိသားစုဝင်အားလုံးဟာ ကိုယ့်ကိုယ်ကိုထောက်ပံ့နိုင်ရမယ်လို့ ကျွန်တော့်မိဘတွေယူဆတယ်။ ဒါကြောင့် ကြက်ကလေးတွေနဲ့ယုန်တွေမွေးခဲ့ကြပြီး ပျားအိမ်တွေဆောက်ခဲ့ကြတဲ့အပြင် ကျွန်တော်တို့ယောက်ျားလေးအားလုံးမှာ သတင်းစာပို့အလုပ်တွေရှိခဲ့ကြတယ်။
၁၉၂၇၊ ကနေဒါ၊ တိုရွန်တိုစည်းဝေးကြီးသွားခါနီးတဲ့အခါ ကျွန်တော်တို့မှာ ခြောက်လသားညီလေးပေါလ်ရှိခဲ့တယ်။ ဒါကြောင့် တခြားသားသမီးတွေနဲ့အတူ ကျွန်တော့်မိဘတွေ တိုရွန်တိုကိုသွားတဲ့အချိန်မှာ ကျွန်တော်က အိမ်မှာနေပြီး အိမ်ထောင်သည်အန်တီတစ်ယောက်ရဲ့ အကူအညီနဲ့ ပေါလ်ကိုစောင့်ရှောက်ဖို့ တာဝန်ရခဲ့တယ်။ အဲဒီအတွက် ကျွန်တော့်ကို ဆယ်ဒေါ်လာဆုချလို့ ဝတ်စုံအသစ်တစ်စုံဝယ်နိုင်ခဲ့တယ်။ စည်းဝေးတွေမှာ သပ်သပ်ရပ်ရပ်ဝတ်စားဖို့နဲ့ ကိုယ့်အ
ဝတ်အစားကိုယ် တာဝန်ယူဖို့ ကျွန်တော်တို့ကိုလေ့ကျင့်ပေးခဲ့တယ်။၁၉၃၁၊ အိုဟိုင်အို၊ ကိုလမ်ဘတ်စ် အမှတ်ရဖွယ်စည်းဝေးကြီးအချိန်မှာ ကလဲရင့်စ်နဲ့ကားလ်တို့ အိမ်ထောင်ကျနေကြပြီး သူတို့ဇနီးတွေနဲ့အတူ သူတို့ရှေ့ဆောင်လုပ်ခဲ့ကြတယ်။ သူတို့တွေက အိမ်ဖြစ်ရွှေ့ပြောင်းနိုင်တဲ့အိမ်ယာဉ်တစ်ခုစီမှာ နေခဲ့ကြတယ်။ ကားလ်က အနောက်ဗာဂျီးနီးယား၊ ဝီလင်းမြို့က ကလဲယူစတန်နဲ့အိမ်ထောင်ကျနေလို့ ကိုလမ်ဘတ်စ်စည်းဝေးကြီးမှာ ကလဲရဲ့ညီမဟယ်လင်နဲ့ ကျွန်တော်ဘေးချင်းယှဉ်ထိုင်ဖြစ်ခဲ့တာပါ။
အချိန်ပြည့်အမှုဆောင်လုပ်ငန်း
ကျွန်တော် ၁၅ နှစ်အရွယ် ၁၉၃၂ မှာအထက်တန်းကျောင်းအောင်ခဲ့ပြီး နောက်တစ်နှစ်မှာ ကယ်ရိုလိုင်းနားပြည်နယ်တောင်ဘက်မှာ အမှုဆောင်နေတဲ့ ကျွန်တော့်အစ်ကိုကလဲရင့်စ်ဆီကို တစ်ပတ်ရစ်ကားတစ်စီး သွားပို့ပေးခဲ့ရတယ်။ ရှေ့ဆောင်လုပ်ငန်းလျှောက်လွှာတင်ပြီး ကလဲရင့်စ်နဲ့ သူ့ဇနီးတို့နဲ့အတူ ကျွန်တော်စအမှုဆောင်ခဲ့တယ်။ အဲဒီတုန်းက ကင်တပ်ကီးပြည်နယ်၊ ဟော့ပကင်ဇ်ဗီလ်မြို့မှာ ရှေ့ဆောင်နေတဲ့ဟယ်လင်ကို ကျွန်တော်ပထမဆုံး စာရေးခဲ့တယ်။ သူ့ပြန်စာထဲမှာ “ရှင်ဟာရှေ့ဆောင်လား” လို့မေးခဲ့တယ်။
နောက်အနှစ် ၆၀ နီးပါးအကြာ ဟယ်လင်မသေခင်အထိ သူသိမ်းထားခဲ့တဲ့ ကျွန်တော့်စာထဲမှာ ကျွန်တော်က “ဟုတ်တယ်၊ အမြဲဖြစ်ပါစေလို့လည်း ကျွန်တော်ဆန္ဒရှိတယ်” လို့ပြန်ဖြေခဲ့တယ်။ အဲဒီစာထဲမှာ ကျွန်တော်က ဟောပြောဖို့တာဝန်ရတဲ့နေရာမှာ ခရစ်ယာန်ဓမ္မဆရာတွေနဲ့ တရားရုံးအရာရှိတွေကို [ဘုရားသခင့်] နိုင်ငံတော်၊ ဤလောက၏မျှော်လင့်ချက် စာအုပ်ငယ် ဝေငှတဲ့အကြောင်း ဟယ်လင်ကိုပြောပြခဲ့တယ်။
၁၉၃၃ မှာဘီးတပ်ရွက်ဖျင်တဲတစ်လုံး—တိုင်သေးသေးလေးတွေကိုပတ်ပြီး ရွက်ဖျင်ကာထားတဲ့နံရံရှိပြီး အရှေ့နဲ့အနောက် ပြတင်းပေါက်ရှိတဲ့ ရှစ်ပေရှည်ပြီးခြောက်ပေခွဲကျယ်တဲ့ ဘီးတပ်နောက်တွဲယာဉ်—ကို ကျွန်တော့်အတွက် အဖေလုပ်ပေးခဲ့တယ်။ အဲဒီတဲဟာ နောက်လေးနှစ်တာရှေ့ဆောင်ချိန်မှာ ကျွန်တော့်ရဲ့ရိုးကုပ်တဲ့နေအိမ်ဖြစ်ခဲ့တယ်။
၁၉၃၄၊ မတ်လမှာ ကလဲရင့်စ်နဲ့ကားလ်၊ သူတို့ဇနီးတွေ၊ ဟယ်လင်နဲ့သူ့အမေ၊ ကလဲရင့်စ်ရဲ့ခယ်မနဲ့ကျွန်တော်တို့ရှစ်ယောက် ကယ်လီးဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်စည်းဝေးကြီးကိုတက်ဖို့ အနောက်ဘက်ကိုဦးတည်ပြီး ခရီးထွက်ခဲ့ကြတယ်။ တချို့က ကျွန်တော့်နောက်တွဲယာဉ်ထဲစီးလိုက်လာပြီး ညအိပ်ခဲ့ကြတယ်။ ကျန်တဲ့သူတွေက တည်းခိုခန်းငှားတယ်။ ကျွန်တော်ကျတော့ ကားပေါ်မှာအိပ်ခဲ့တယ်။ ကားပျက်တဲ့အတွက် ခြောက်ရက်စည်းဝေးကြီးရဲ့ ဒုတိယနေ့ကျမှာ လော့စ်အိန်ဂျလိစ်ကို ကျွန်တော်တို့ရောက်ခဲ့တယ်။ ဟယ်လင်နဲ့ကျွန်တော်ဟာ ယေဟောဝါကို ဆက်ကပ်အပ်နှံပြီးကြောင်း အဲဒီစည်းဝေးကြီးမှာပဲ မတ် ၂၆ ရက်နေ့မှာ နှစ်ခြင်းခံပြီးပြသခဲ့ကြတယ်။
အဲဒီစည်းဝေးကြီးမှာ ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က ရှေ့ဆောင်အားလုံးနဲ့ သူကိုယ်တိုင်တွေ့ဆုံခဲ့တယ်။ ကျွန်တော်တို့ဟာ ကျမ်းစာအမှန်တရားအတွက် ရဲစွမ်းသတ္တိရှိတဲ့တိုက်ပွဲဝင်သူတွေဖြစ်ကြတယ်ဆိုပြီး သူအားပေးခဲ့တယ်။ အဲဒီအချိန်မှာပဲ ရှေ့ဆောင်တွေ အမှုဆောင်လုပ်ငန်းဆက်လုပ်နိုင်ဖို့ ထောက်ပံ့ကြေးပေးဖို့စီစဉ်ခဲ့တယ်။
ဘဝအတွက်ပညာရေး
လော့စ်အိန်ဂျလစ်စည်းဝေးကြီးကနေ ပြန်လာပြီးနောက် ကျွန်တော်တို့အားလုံး တောင်ကယ်ရိုလိုင်းနား၊ ဗာဂျီးနီးယား၊ အနောက်ဗာဂျီးနီးယားနဲ့ ကင်တပ်ကီးတစ်နယ်လုံးကို ဘုရားသခင့်နိုင်ငံတော်သတင်းဝေမျှခဲ့ကြတယ်။ နောက်နှစ်တွေမှာ အဲဒီအချိန်အခါအကြောင်းကို ဟယ်လင်ဒီလိုစာရေးခဲ့တယ်– “ကျွန်မတို့ဟာ တိုင်းတစ်ပါးမှာ တစိမ်းတွေဖြစ်နေတော့ အားကိုးဖို့ အသင်းတော်မရှိ၊ ကူညီမယ့် မိတ်ဆွေတွေမရှိဖြစ်နေခဲ့ကြတယ်။ ဒါပေမဲ့ ပညာရခဲ့တယ်ဆိုတာကို အခုကျွန်မသိတယ်။ ကျွန်မချမ်းသာလာနေခြင်းပါပဲ။”
သူကဒီလိုမေးခဲ့တယ်– “မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့သူငယ်ချင်းတွေ၊ သူ့ဇာတိမြေနဲ့ဝေးနေတဲ့အခါ သူ့အချိန်ကို ဘယ်လို့ဖြုန်းသလဲ။ တကယ်တော့ မဆိုးလှဘူး။ ငြီးငွေ့ဖို့တောင် သတိမရနိုင်ဘူး။ စာအတော်များများဖတ်ခဲ့တယ်။ ကျမ်းစာစာပေတွေကိုဖတ်တာ၊ လေ့လာမှုပြုလုပ်တာတွေ တစ်ခါမှမပျက်ကွက်ခဲ့ဘူး။ အမေနားမှာနေပြီး ကျွန်မတို့မှာရှိတဲ့ပိုက်ဆံကိုသုံးစွဲပုံ၊ ဈေးဝယ်၊ ဘီးပေါက်တဲ့အခါ ကားတာယာလဲ၊ ချက်ပြုတ်၊ ချုပ်လုပ်၊ တရားဟောပြောတတ်လာခဲ့တယ်။ ကျွန်မမှာဝမ်းနည်းစရာမရှိဘူး၊ ပြန်လုပ်ပါဆိုရင် အဲဒါတွေအားလုံးကို ပျော်ပျော်ကြီးပြန်လုပ်ဦးမှာပဲ။”
ဟယ်လင်ရဲ့အမေဟာ ကောင်းမွန်တဲ့အိမ်တစ်လုံးပိုင်ပေမဲ့ အဲဒီနှစ်တွေမှာ သူတို့နှစ်ယောက်စလုံး ကားနောက်တွဲယာဉ်ငယ်မှာ နေထိုင်ဖို့
ကျေနပ်ခဲ့ကြတယ်။ ၁၉၃၇၊ အိုဟိုင်အို၊ ကိုလမ်ဘတ်စ်စည်းဝေးကြီးပြီးနောက်မှာ ဟယ်လင်အမေရဲ့ကျန်းမာရေးအခြေအနေဆိုးလာပြီး ဆေးရုံတင်ခဲ့ရတယ်။ ၁၉၃၇၊ နိုဝင်ဘာလမှာ သူတာဝန်ကျတဲ့ အနောက်ဗာဂျီးနီးယား၊ ဖိလိပ္ပိမြို့မှာ သေဆုံးခဲ့တယ်။လက်ထပ်ပြီး ဆက်အမှုဆောင်ခဲ့ကြ
၁၉၃၈၊ ဇွန် ၁၀ ရက်နေ့မှာ ဟယ်လင်နဲ့ကျွန်တော်ဟာ အနောက်ဗာဂျီးနီးယား၊ ဝီလင်းအနားက အဲမ် ဂရိုဗ်မြို့က သူမွေးဖွားခဲ့တဲ့အိမ်မှာပဲ အခမ်းအနားရိုးရိုးလေးနဲ့ လက်ထပ်ခဲ့ကြတယ်။ ကျွန်တော်မမွေးခင် နှစ်အတန်ကြာက ကျွန်တော့်မိသားစုကို အမှန်တရားသင်ပေးခဲ့တဲ့ ချစ်ရတဲ့ညီအစ်ကိုအဲဗဲန်းစ်က မင်္ဂလာဟောပြောချက်ပေးခဲ့တယ်။ လက်ထပ်ပြီးနောက်မှာ ဟယ်လင်နဲ့ကျွန်တော်ဟာ အရှေ့ကင်တပ်ကီးမှာ ရှေ့ဆောင်လုပ်ဖို့ ပြန်သွားမယ်ဆိုပြီး အစီအစဉ်ဆွဲခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ကို ဇုန်လုပ်ငန်းလုပ်ဖို့ ဖိတ်ခေါ်ခံရတဲ့အခါမှာ အကြီးအကျယ်အံ့အားသင့်ခဲ့တယ်။ ဒီလုပ်ငန်းက အနောက်ကင်တပ်ကီးနဲ့ တက်နက်စီမှာရှိတဲ့ ယေဟောဝါသက်သေအုပ်စုတွေဆီ လည်ပတ်ပြီး သူတို့ရဲ့အမှုဆောင်လုပ်ငန်းကိုကူညီပေးဖို့ ဖြစ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့လည်ပတ်ခဲ့တဲ့နေရာအားလုံးမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၇၅ ယောက်လောက်ပဲရှိခဲ့တယ်။
အဲဒီအချိန်မှာ မျိုးချစ်စိတ်ဓာတ်က လူတွေရဲ့အတွေးကို လွဲမှားစေတဲ့အတွက် ကျွန်တော့်ရဲ့ခရစ်ယာန်ကြားနေမှုကြောင့် ထောင်ချခံရတော့မယ်လို့ပဲ ထင်နေခဲ့တယ်။ (ဟေရှာယ ၂:၄) ဒါပေမဲ့ ကျွန်တော့်ရဲ့ဟောပြောခြင်းလုပ်ငန်းမှတ်တမ်းကြောင့် အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ဆက်လုပ်ဆောင်ခွင့်ပေးခဲ့တဲ့ စစ်သားစုဆောင်းရေးအဖွဲ့ကလက်မှတ်ကို ကျွန်တော်ရရှိခဲ့တယ်။
နယ်လှည့်ဓမ္မအမှုကို ကျွန်တော်တို့စတဲ့အချိန်မှာ အားလုံးလိုလိုက ကျွန်တော်တို့ရဲ့အသက်ငယ်ရွယ်တာကို ထည့်ပြောဆိုတတ်ခဲ့ကြတယ်။ ကင်တပ်ကီးပြည်နယ်၊ ဟော့ပကင်ဇ်ဗီလ်မြို့မှာ ခရစ်ယာန်ညီအစ်မတစ်တယောက်က ဟယ်လင်ကို ပွေ့ဖက်ကြိုဆိုခဲ့ပြီး “ကျွန်မကို မှတ်မိလား” လို့မေးခဲ့တယ်။ ၁၉၃၃ ကသူ့ခင်ပွန်းရဲ့ စတိုးဆိုင်မှာ သူ့ကို ဟယ်လင်သက်သေခံခဲ့တယ်တဲ့။ အဲဒီတုန်းက သူဟာ စန်းဒေးစကူးလ်ဆရာမဖြစ်ပေမဲ့ ဟယ်လင်ပေးခဲ့တဲ့စာအုပ်ကို ဖတ်ပြီးတဲ့နောက် သူ့အတန်းရှေ့မှာရပ်ပြီး ကျမ်းစာနဲ့မညီညွတ်တဲ့သွန်သင်ချက်တွေ သင်ပေးခဲ့တာကို တောင်းပန်ခဲ့တယ်။ ချာ့ခ်ျကနေနုတ်ထွက်လိုက်ပြီး သူ့ရပ်ကွက်ထဲမှာ ကျမ်းစာအမှန်တရားတွေကို စကြွေးကြော်ခဲ့တယ်တဲ့။ အနောက်ကင်တပ်ကီးမှာ ဟယ်လင်နဲ့ကျွန်တော် သုံးနှစ်အထိအမှုဆောင်ခဲ့တုန်းက အဲဒီညီအစ်မနဲ့သူ့ခင်ပွန်းဟာ သူတို့အိမ်မှာပဲ ကျွန်တော်တို့ကိုနေခိုင်းခဲ့တယ်။
အဲဒီအချိန်က ကျွန်တော်တို့ ဒေသခံစည်းဝေးငယ်တွေ ကျင်းပခဲ့ကြပြီး အေ. အိပ်ခ်ျ. မက္ခမီလန်ဟာ စည်းဝေးတစ်ခုကို ဦးဆောင်ပေးခဲ့တယ်။ ဟယ်လင်ငယ်ငယ်တုန်းက ဟယ်လင့်မိဘတွေအိမ်မှာ သူနေခဲ့ဖူးတဲ့အတွက် စည်းဝေးကြီးအတွင်းမှာ ခုတင်အပိုတစ်လုံးရှိတဲ့ ၁၆ ပေရှည်တဲ့ကားနောက်တွဲယာဉ်မှာ ကျွန်တော်တို့နဲ့အတူနေဖို့ သူရွေးချယ်ခဲ့တယ်။ သူလည်းပဲ ၂၃ နှစ်အရွယ် ၁၉၀၀ ပြည့်နှစ်မှာ ယေဟောဝါဆီ သူ့အသက်တာကို ဆက်ကပ်အပ်နှံခဲ့တဲ့ လူငယ့်ဘဝမှာ ကြီးမြတ်တဲ့ဖန်ဆင်းရှင်ကို သတိရခဲ့ သူတစ်ဦးဖြစ်ခဲ့တယ်။
၁၉၄၁၊ နိုဝင်ဘာလမှာ နယ်လှည့်ညီအစ်ကိုတွေရဲ့လုပ်ငန်းကို ခေတ္တရပ်ဆိုင်းထားတဲ့အတွက် ကင်တပ်ကီးပြည်နယ်၊ ဟာဇာဒ်မြို့မှာ ကျွန်တော့်ကိုရှေ့ဆောင်တာဝန်ပေးခဲ့တယ်။ တစ်ခါပြန်ပြီး အစ်ကိုကားလ်၊ သူ့ဇနီးကလဲတို့နဲ့ ကျွန်တော်တို့အမှုဆောင်ခဲ့ကြတယ်။ အဲဒီမှာ ဟယ်လင်ရဲ့တူ ဂျိုးဇက် ယူစတန်က ကျွန်တော်တို့နဲ့ပေါင်းပြီး ရှေ့ဆောင်စလုပ်ခဲ့တယ်။ သူဟာ အနှစ် ၅၀ နီးပါး အချိန်ပြည့်အမှုဆောင်လုပ်ငန်းမှာ ဆက်ပါဝင်ပြီး နယူးယောက်၊ ဘရွတ်ကလင်က ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ သစ္စာရှိစွာအမှုဆောင်နေရင်းနဲ့ ၁၉၉၂ မှာနှလုံးရောဂါနဲ့ ရုတ်တရက်ကွယ်လွန်ခဲ့တယ်။
၁၉၄၃ မှာကော်နက်တီကပ်ပြည်နယ်၊ ရော့ခ်ဗီလ်မှာ ကျွန်တော်တို့တာဝန်ကျခဲ့တယ်။ တောင်ဘက်မှာ ကျွန်တော်တို့ဟောနေကျဖြစ်တဲ့အတွက် အဲဒီမှာနေတာ ဟယ်လင်နဲ့ကျွန်တော့်အတွက် တခြားကမ္ဘာကိုရောက်နေသလိုပဲ။ ရော့ခ်ဗီလ်မှာ ဟယ်လင်ဟာ တစ်ပတ်ကို အိမ်တွင်းကျမ်းစာသင်အံမှု ၂၀ ကျော်ကျင်းပခဲ့တယ်။ နောက်ဆုံးကျတော့ ဘုရားသခင့်နိုင်ငံတော်ခန်းမအတွက် အလယ်အလတ်တန်းစားအခန်းတစ်ခန်းငှားခဲ့ပြီး အသင်းတော်ငယ်တစ်ခု စဖွဲ့စည်းနိုင်ခဲ့တယ်။
ရော့ခ်ဗီလ်မှာ ကျွန်တော်တို့အမှုဆောင်နေတုန်း နယူးယောက်၊ တောင်လန်စင်းမှာရှိတဲ့ ကင်းမျှော်စင်သမ္မာကျမ်းစာ ဂိလဒ်ကျောင်းရဲ့ ငါးကြိမ်မြောက်သင်တန်းမှာ တက်ဖို့ဖိတ်ခေါ်ခံခဲ့ရတယ်။ ကင်တပ်ကီးမှာ ကျွန်တော်တို့ရှေ့ဆောင်ခဲ့တုန်းက ခင်မင်ခဲ့တဲ့ ဩဘရီနဲ့ ဘာသာရ် ဗီဗဲန်းစ်တို့ဟာ ကျွန်တော်တို့ရဲ့သင်တန်းဖော်တွေဖြစ်ကြမယ်လို့ သိရတဲ့အခါ ဝမ်းသာလိုက်တာ။
သင်တန်းကျောင်းနှင့် ကျွန်တော်တို့၏တာဝန်အသစ်
ကျွန်တော်တို့က အတော်လေးကို ငယ်ကြသေးပေမဲ့ အတန်းဖော်အများစုက ပိုတောင်ငယ်ကြသေးတယ်။ သူတို့ရဲ့လူငယ့်ဘဝမှာ ကြီးမြတ်တဲ့ဖန်ဆင်းရှင်ကို သတိရခဲ့ကြတာအမှန်ပဲ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီး ၁၉၄၅၊ ဇူလိုင်လမှာ ကျွန်တော်တို့ကျောင်းဆင်းခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့သာသနာပြုတာဝန်အသစ်ကို စောင့်မျှော်နေရင်း နယူးယောက်၊ ဘရွတ်ကလင်က ဖလက်ဘွတ်ရှ်အသင်းတော်နဲ့အမှုဆောင်ခဲ့ကြတယ်။ နောက်ဆုံး ၁၉၄၆၊ အောက်တိုဘာ ၂၁ ရက်နေ့မှာ ဗီဗဲန်းစ်တို့နဲ့အတူ ကျွန်တော်တို့အတန်းဖော်ခြောက်ယောက် ဂွာတီမာလာနိုင်ငံ၊ ဂွာတီမာလာမြို့ကိုသွားဖို့ ထွက်ခွာလာခဲ့ကြတယ်။ အဲဒီအချိန်မှာ အလယ်ပိုင်းအမေရိကန်နိုင်ငံတစ်လျှောက်မှာ ယေဟောဝါသက်သေ ၅၀ တောင်မရှိဘူး။
၁၉၄၉၊ ဧပြီလမှာ သာသနာပြုတချို့ကို အဲဒီနိုင်ငံရဲ့ဒုတိယမြို့တော်ဖြစ်ပြီးအရေးပါတဲ့ ကွက်ဇာလ်တီနန်ဂိုမြို့ကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီမြို့က ပင်လယ်မျက်နှာပြင်အထက်ပေ ၇,၅၀၀ ကျော်မှာရှိပြီး
တောင်လေဟာ သန့်ရှင်းလတ်ဆတ်တယ်။ ဟယ်လင်က အဲဒီမှာ ကျွန်တော်တို့ရဲ့အလုပ်အကြောင်းကို ဒီလိုအကျဉ်းချုပ်ရေးခဲ့တယ်– “မြို့ရွာအတော်များများကို ဟောပြောဖို့ ကျွန်မတို့အခွင့်အရေးရခဲ့ကြတယ်။ မနက်လေးနာရီ အိပ်ရာထကြပြီး (ပြတင်းပေါက်များအစား မိုးရေကာဖျင်လိပ်တပ်ထားတဲ့) ဘတ်စကားနဲ့ ခရီးဝေးမြို့တစ်မြို့မြို့ကို သွားခဲ့ကြတယ်။ ညနေအိမ်မပြန်လာခင်အထိ အဲဒီမှာ ရှစ်နာရီလောက် ဟောပြောခဲ့ကြတယ်။” အခုဆိုရင် ကွက်ဇာလ်တီနန်ဂိုမြို့က အသင်းတော်ခြောက်ခုအပါ အဲဒီနေရာအတော်များများမှာ အသင်းတော်တွေရှိနေပြီ။မကြာခင်မှာ ဂွာတီမာလာရဲ့ တတိယအကြီးဆုံးမြို့တော် ကာရစ်ဘီယံပင်လယ်ကမ်းခြေက ပွာတို ဘာရီရော့စ်မှာ အမှုဆောင်ဖို့ သာသနာပြုတွေ လိုအပ်လာခဲ့တယ်။ ဒီတာဝန်အသစ်ဆီ ပြောင်းသူတွေထဲမှာ ကျွန်တော်တို့နဲ့ ဂွာတီမာလာမှာ ငါးနှစ်အထိ တွဲအမှုဆောင်ခဲ့တဲ့ ဗီဗဲန်းစ်တို့လည်းပါတယ်။ ခွဲခွာနှုတ်ဆက်ရတာဟာ ကျွန်တော်တို့ရဲ့ဘဝမှာ စိတ်ထိခိုက်စရာဖြစ်ပြီး ဟာတာတာဖြစ်ခဲ့ရတယ်။ ဟယ်လင်နဲ့ကျွန်တော်ပဲ သာသနာပြုအိမ်မှာကျန်ရစ်ခဲ့တဲ့အတွက် တိုက်ခန်းငယ်တစ်ခုမှာ ပြောင်းနေခဲ့ကြတယ်။ ၁၉၅၅ မှာ ဟယ်လင်နဲ့ကျွန်တော်တို့ဟာ ပိုပြီးအပူပိုင်းကျတဲ့မာဇာတီနန်ဂိုမြို့ကိုသွားဖို့ တာဝန်အသစ်ရခဲ့တယ်။ ကျွန်တော်တို့မရောက်ခင်လေးမှာ ၁၉၅၃ ကဂိလဒ်ကျောင်းဆင်းခဲ့တဲ့ ကျွန်တော့်ညီအငယ်ဆုံးပေါလ်နဲ့ သူ့ဇနီးဒိုလောရစ္စတို့က အဲဒီမှာအမှုဆောင်ခဲ့ကြတယ်။
၁၉၅၈ မှာဂွာတီမာလာမှာ သက်သေခံ ၇၀၀ ကျော်၊ အသင်းတော် ၂၀၊ တိုက်နယ်သုံးခုရှိနေခဲ့ပြီ။ ဟယ်လင်နဲ့ကျွန်တော်တို့ဟာ နယ်လှည့်လုပ်ငန်းမှာ ပြန်ပါဝင်ခဲ့ကြရပြီး သက်သေခံအုပ်စုငယ်တွေနဲ့ ကွက်ဇာလ်တီနန်ဂိုမှာရှိတဲ့ အသင်းတော်တစ်ခုအပါ အသင်းတော်အတော်များများကို လည်ပတ်ခဲ့ကြရတယ်။ နောက်တော့ ၁၉၅၉၊ ဩဂုတ်လမှာ ဂွာတီမာလာမြို့ကို ပြန်လာပြီး ဌာနခွဲရုံးမှာနေဖို့ ကျွန်တော်တို့ဖိတ်ခေါ်ခံခဲ့ရတယ်။ ဟယ်လင်က နောက် ၁၆ နှစ်အထိ သာသနာပြုလုပ်ငန်းမှာဆက်လုပ်ကိုင်နေတုန်း ကျွန်တော်က ဌာနခွဲမှာအလုပ်လုပ်ဖို့ တာဝန်ရရှိခဲ့တယ်။ နောက်တော့မှ သူလည်းပဲ ဌာနခွဲရုံးမှာစပြီးအလုပ်လုပ်ခဲ့ရတယ်။
ကောင်းချီးများထပ်ဆင့်ရ
ဌာနခွဲရုံးမှာ သုံးနှစ်အထိ အလုပ်လုပ်ပြီး ၁၉၆၂ မှာဌာနခွဲဝန်ထမ်း ဆယ်လသင်တန်းဖြစ်တဲ့ ၃၈ ကြိမ်မြောက်ဂိလဒ်သင်တန်းကိုတက်ဖို့ ကျွန်တော်ဖိတ်ခေါ်ခံခဲ့ရတယ်။ ကျွန်တော်အဝေးမှာရှိနေတုန်း ဟယ်လင်က “ခွဲနေကြတာကောင်းတယ်လို့ပြောကြတာ ကျွန်မကြားဖူးတယ်။ ဒါပေမဲ့ ဟုတ်ပါ့မလားမသိဘူး။ တစ်ခုသိတာကတော့ ဒီအတွေ့အကြုံကနေ ကျွန်မပိုရင့်ကျက်လာတယ်။ အစ်ကိုပြန်အလာကို ကျွန်မစောင့်မျှော်နေရတာ ဝမ်းသာခဲ့တယ်။ . . . ကျွန်မအသက်တာမှာ လုပ်ချင်တာနှစ်ခုရှိတယ်—ယေဟောဝါရဲ့အမှုတော်ကို ဆက်ဆောင်ရွက်ပြီး အစ်ကိုနဲ့အတူနေဖို့ပါပဲ” ဆိုပြီး စာရေးခဲ့တယ်။
၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းမှာ ကနေဒါနဲ့အမေရိကန်ပြည်ထောင်စုက မိသားစုတွေအစုလိုက်အပြုံလိုက် ဂွာတီမာလာကို ရောက်လာခဲ့ကြတယ်။ သူတို့ဟာ သူတို့ရဲ့ဇာတိတိုင်းပြည်တွေထက် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတွေ အကြီးအကျယ်လိုအပ်တဲ့နေရာတွေမှာ အမှုဆောင်ဖို့ ရောက်လာခဲ့ကြတာ။ ရောက်လာတဲ့သူအများစုဟာ သူတို့ရဲ့လူငယ့်ဘဝမှာ ကြီးမြတ်တဲ့ဖန်ဆင်းရှင်ကို သတိရလို့ပါပဲ။ ကိုယ့်ပြည်မှာနေပြီး ပစ္စည်းဥစ္စာရှာဖွေနေမဲ့အစား ဘုရားသခင့်နိုင်ငံတော်ခန်းမတွေ၊ အစည်းအဝေးခန်းမနဲ့ ဌာနခွဲရုံးအသစ်ဆောက်ပေးခဲ့ကြတဲ့အပြင် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းမှာလည်း ပါဝင်ခဲ့ကြတယ်။
အရင်တုန်းကဆိုရင် ယေဟောဝါရဲ့အမှုတော်ကိုထမ်းဆောင်သူတွေထဲမှာ ကျွန်တော်ဟာ အမြဲတိုင်းအငယ်ဆုံးလို့ထင်မှတ်ခဲ့တာ။ အခုဆို ၁၉၉၆ ကနယူးယောက်၊ ပက်တာစင်မှာ ဌာနခွဲသင်တန်းကျောင်းတက်တုန်းကလိုပဲ အသက်အကြီးဆုံးဖြစ်လေ့ရှိတယ်။ ကျွန်တော့်ရဲ့လူငယ့်ဘဝမှာ အသက်ကြီးသူတွေဆီကနေ အကူအညီအတော်များများရခဲ့သလို လူငယ့်ဘဝမှာ ဖန်ဆင်းရှင်ကို သတိရချင်တဲ့ လူငယ်အတော်များများကို ကူညီပေးဖို့ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေမှာ ကျွန်တော်အခွင့်အရေးရခဲ့တယ်။
ဂွာတီမာလာမှာရှိတဲ့ ယေဟောဝါရဲ့လူမျိုးအပေါ် ကိုယ်တော်ဆက်ပြီးကောင်းချီးသွန်းလောင်းနေတုန်းပဲ။ ၁၉၉၉ မှာဂွာတီမာလာမြို့မှာ အသင်းတော် ၆၀ ကျော်ရှိနေပြီ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက်မှာ အသင်းတော်တွေပိုများလာပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြွေးကြော်သူထောင်နဲ့ချီရှိနေပြီ။ လွန်ခဲ့တဲ့ ၅၃ နှစ်လောက်မှာ ကျွန်တော်ရောက်တုန်းက ၅၀ တောင်မပြည့်တဲ့ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတွေကနေ ၁၉,၀၀၀ ကျော်ရှိနေပါရောလား!
ကျေးဇူးတင်စရာများစွာရှိ
အခက်အခဲတွေမရှိဘဲ ဘဝကိုဖြတ်သန်းတဲ့သူမရှိပေမဲ့ ကျွန်တော်တို့ “ထမ်းရွက်ရသောဝန်ကို [ယေဟောဝါ]” ကိုယ်နှိုက်အပေါ်အမြဲချထားနိုင်တယ်။ (ဆာလံ ၅၅:၂၂) ကိုယ်တော်ဟာ မေတ္တာရှိတဲ့အပေါင်းအဖော်တွေရဲ့အထောက်အမအားဖြင့် ကျွန်တော်တို့ကို အားရှိစေလေ့ ရှိတယ်။ ဥပမာ၊ ဟယ်လင်မသေခင် နှစ်အနည်းငယ်မှာ သူက ဟေဗြဲ ၆:၁၀ ပါဒီကျမ်းချက်ကို မှန်ဘောင်သွင်းပြီး ကျွန်တော့်ကိုပေးခဲ့တယ်– “ဘုရားသခင်သည် သင်၏လုပ်ဆောင်မှုနှင့် ကိုယ်တော့်လူမျိုးတော်အားသင်အမှုဆောင်ပေးခဲ့ရာများ၊ ယခုတိုင်လုပ်ဆောင်ပေးနေခြင်းဖြင့် ကိုယ်တော်အားသင်ပြသသောမေတ္တာကို ဂရုမမူသည့်တိုင်အောင် ကိုယ်တော်သည် မတရားသောသူမဟုတ်ချေ။”—ဝေးမောက်သ်။
ပူးတွဲပါ သူရေးခဲ့တဲ့စာတိုထဲမှာ ဒီစကားက တစ်စိတ်တစ်ပိုင်းဖြစ်တယ်– “ကျွန်မသိပ်တန်ဖိုးထားရတဲ့အစ်ကို၊ ကျွန်မမေတ္တာအားလုံး . . . ကလွဲလို့ ပေးစရာမရှိသလောက်ပါပဲ။ ဒီကျမ်းချက်က အစ်ကိုနဲ့တကယ့်ကိုသင့်တော်တယ်။ အစ်ကို့စားပွဲပေါ် တင်ထားပါလို့ ကျွန်မတောင်းဆိုတယ်၊ ကျွန်မပေးလို့မဟုတ်ဘဲ နှစ်ရှည်လများ အစ်ကိုလုပ်ခဲ့တဲ့လုပ်ငန်းတော်နဲ့ သက်ဆိုင်နေတဲ့အတွက်ပါ။” မှန်ဘောင်သွင်းထားတဲ့ အဲဒီကျမ်းချက်ဟာ ဂွာတီမာလာဌာနခွဲ ကျွန်တော့်စားပွဲပေါ်မှာ ဒီနေ့ထိရှိနေဆဲပါ။
ကျွန်တော့်ရဲ့လူငယ့်ဘဝကတည်းက ယေဟောဝါအမှုတော်ထမ်းဆောင်ခဲ့ပြီး အခု ဇရာပိုင်းမှာတောင် ကျွန်တော့်ရဲ့တာဝန်တွေကို လုပ်ကိုင်နိုင်တဲ့ကျန်းမာရေးရှိနေလို့လည်း ယေဟောဝါကို ကျေးဇူးတင်တယ်။ ကျွန်တော် ကျမ်းစာကိုမှန်မှန်ဖတ်တဲ့အခါ ကျွန်တော့်ချစ်ရတဲ့ဟယ်လင်သာရှိနေရင် သူ့ရဲ့ကျမ်းစာထဲမှာ မျဉ်းသားမှာပဲလို့ ကျွန်တော်ထင်တဲ့ ကျမ်းချက်တွေကို မကြာခဏဖတ်မိတယ်။ “ဘုရားသခင်သည် ကာလအစဉ်အမြဲ ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ သေသည်ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတ္တံ့” လို့ဆိုတဲ့ ဆာလံ ၄၈:၁၄ ကိုပြန်ဖတ်တဲ့အခါ အဲဒီလိုပဲ ကျွန်တော်ခံစားခဲ့ရတယ်။
လူမျိုးတကာဟာ သူတို့ချစ်မြတ်နိုးရတဲ့သူတွေကို သေခြင်းကနေ ကမ္ဘာသစ်ထဲကြိုဆိုရမယ့် ရှင်ပြန်ထမြောက်မယ့်မြင်ကွင်းကို တခြားသူတွေဆီဝေမျှပြောပြရတာ ကျွန်တော့်အတွက် ကြည်နူးစရာပါပဲ။ တကယ့်စောင့်မျှော်စရာပါပဲ! ယေဟောဝါဟာ “နှိမ့်ချလျက်ရှိသောသူတို့ကို သက်သာစေ” တဲ့ဘုရားသခင်အမှန်ဖြစ်တယ်ဆိုတာ အဲဒီအခါကျရင် ကျွန်တော်တို့ပြန်အမှတ်ရတဲ့အခါ ဝမ်းသာလုံးဆို့ပြီး မျက်ရည်တွေကျလိုက်မယ့်ဖြစ်ခြင်း!—၂ ကောရိန္သု ၇:၆။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဘယ်ဘက်ထိပ်မှစ၍လက်ယာရစ်– အမေ၊ အဖေ၊ အန်တီအီဗာနှင့် အစ်ကို ကားလ်နှင့် ကလဲရင့်စ်တို့၊ ၁၉၁၀
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဟယ်လင်နှင့်ကျွန်တော်၊ ၁၉၄၇ နှင့် ၁၉၉၂