ဇွဲရှိခြင်းဖြင့် အောင်မြင်
ဇွဲရှိခြင်းဖြင့် အောင်မြင်
ဇွဲရှိခြင်းမှာ မျက်မှောက်ခေတ်ကာလ၌ ရှားပါးအရည်အသွေး ဖြစ်လာပြီ။ လူအများက အောင်မြင်မှုဟူသည် ဇွဲရှိခြင်းထက် နေရာမှန်တွင် အချိန်မှန်ရောက်ရှိနေခြင်းအပေါ် များစွာမူတည်သည်ဟု ယူမှတ်ထားကြ၏။ သူတို့ကို မည်သူအပြစ်ဆိုမည်နည်း။ သင်အလိုရှိရာအားလုံးနီးပါးကို အားစိုက်မှုအနည်းဆုံး၊ ငွေအနည်းငယ်ပိုပေးလိုက်ရုံဖြင့် ရရှိနိုင်သည်ဟု စိတ်တွင်မသိမသာစွဲမှတ်ကျန်ရစ်စေသည့် ကြော်ငြာဆောင်ပုဒ်များနှင့် သတင်းဖြန့်ချိရေးတွင် ပြည့်လျက်ရှိသည်။ ကျောင်းဆင်းဘွဲ့ရသည်နှင့် နေ့ချင်းညချင်းအောင်မြင်သော သန်းကြွယ်လုပ်ငန်းရှင်လူငယ်များအကြောင်း သတင်းစာများက အဆက်မပြတ်ထုတ်ဝေလျက်ရှိ၏။
ပင်တိုင်ဆောင်းပါးရှင် လဲန်နာဒ် ပစ္စက ဤသို့မြည်တမ်းသည်– “စိတ်ကူးဉာဏ်ကွန့်မြူးခြင်းကို စွဲလမ်းကြသည့် လူ့အသိုင်းအဝိုင်းတွင် လွန်စွာလွယ်ကူသယောင်ရှိ၏။ . . . အကွက်ကိုသိနားလည်မည်၊ အစွမ်းအစရှိမည် သို့မဟုတ် ဘုရားသခင်ထံမှမိုးကြိုးကို ကြားဖြတ်ဖမ်းယူလိုက်မည်ဆိုလျှင် မည်သူမဆို ဆောင်ရွက်နိုင်ပုံရှိနေသည်။”
ဇွဲရှိခြင်းဟူသည် အဘယ်နည်း
ဇွဲနပဲဟူသည် ‘အခက်အခဲများ သို့မဟုတ် ဟန့်တားမှုများကြားမှ ရည်ရွယ်ချက်တစ်ခု၊ အခြေအနေတစ်ခု၊ သို့မဟုတ် လုပ်ငန်းတစ်ခုကို စွဲစွဲမြဲမြဲ၊ ပုံမှန်ပြုလုပ်ဆောင်ရွက်ခြင်း’ ဟုအဓိပ္ပာယ်ရသည်။ ဆင်းရဲအတိကြုံရလျက်ပင် လက်မလျှော့ဘဲ ဆက်၍စွဲမြဲစွာ စွမ်းစွမ်းတမံလုပ်ကိုင်ခြင်းကိုဆိုလိုသည်။ ဤအရည်အချင်း၏ အရေးပါမှုကို သမ္မာကျမ်းစာက အလေးပေးဖော်ပြသည်။ ဥပမာ၊ ဘုရားသခင့်နှုတ်မြွက်စကားတော်က ကျွန်ုပ်တို့ကို ဤသို့သတိပေး၏– ‘ဘုရားသခင့်နိုင်ငံတော်ကို ဆက်၍ရှေ့ဦးရှာကြလော့၊’ ‘တံခါးကို ဆက်၍ခေါက်ကြလော့၊ ခေါက်လျှင်ပွင့်မည်၊’ ‘စွဲစွဲမြဲမြဲဆုတောင်းလော့၊’ နှင့် “ကောင်းသောအရာကိုအမြဲကိုင်စွဲကြလော့။”—မဿဲ ၆:၃၃; လုကာ ၁၁:၉; ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၅:၂၁။
ဇွဲရှိခြင်း၏ အရေးပါသောကဏ္ဍတစ်ရပ်မှာ ရှောင်လွှဲ၍မရနိုင်သောဟန့်တားမှုများကို ကိုင်တွယ်ဖြေရှင်းခြင်းဖြစ်သည်။ နယပုံပြင် ၂၄:၁၆ ကဤသို့ဖော်ပြသည်– “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ် လဲသော်လည်း ထပြန်လိမ့်မည်။” အခက်အခဲ သို့မဟုတ် ကျရှုံးမှုကိုကြုံတွေ့ရသောအခါ ‘ရပ်ဆိုင်းလိုက်မည့်’ အစား ဇွဲရှိသောသူသည် ‘ပြန်ထ၍၊’ ‘ဆက်လက်’ ကြိုးစားပြန်သည်။
သို့သော် လူအများသည် မိမိတို့ကြုံတွေ့မည့် အခက်အခဲများနှင့် ကျရှုံးမှုများအတွက် အသင့်ပြင်ဆင်ထားခြင်းမရှိကြချေ။ ဇွဲရှိခြင်းကို ဘယ်သောအခါကမျှ မွေးမြူခဲ့သည်မဟုတ်သဖြင့် လွယ်လွယ်ကူကူပင် သူတို့လက်လျှော့လိုက်ကြသည်။ “လူတော်တော်များများသည် ကျရှုံးမှုကို မိမိကိုယ်ကို ဖျက်ဆီးသည့်နည်းဖြင့် တန်ပြန်တတ်ကြသည်” ဟု စာရေးဆရာ မော်လီ ကဲလက်ဟန်ကဆိုသည်။ “သူတို့သည် မိမိကိုယ်ကို သနားစိတ်ဝင်ကာ၊ လူတိုင်းကို အပြစ်တင်၍ အလွန်စိတ်နာကြည်းပြီး . . . အားလျှော့လိုက်ကြသည်။”
ယင်းသည် ဝမ်းနည်းစရာပင်။ “တုန်လှုပ်ချောက်ချားဖွယ်အတွေ့အကြုံကို သည်းခံရခြင်းအကြောင်းရှိကြောင်း၊ ဆင်းရဲအတိကြုံရခြင်း၌ တန်ဖိုးရှိကြောင်းကို ကျွန်ုပ်တို့မေ့ထားကြသည်” ဟု ပစ္စက ညွှန်ပြသည်။ အဘယ်တန်ဖိုးနည်း။ သူက ဤသို့ကောက်ချက်ချသည်– “ကျရှုံးမှုမှာ သေစေတတ်သည်မဟုတ်၊ ရှုံးနိမ့်ခြင်းသည် ထာဝစဉ်မဟုတ်ကြောင်း သိရှိလာ၏။ ပိုမိုရင့်ကျက်လာစေသည်။ အသင့်ဖြစ်လာစေသည်။” သမ္မာကျမ်းစာက ဤသို့ရိုးရှင်းစွာဖော်ပြသည်– “ကြိုးစား၍လုပ်လေရာရာ၌ ကျေးဇူးရှိ၏။”—သု. ၁၄:၂၃။
မှန်ပါသည်၊ ဟန့်တားမှုကြုံရပြီးနောက် ပြန်စဖို့ရန် အမြဲပင်လွယ်ကူမည်မဟုတ်ချေ။ ရံဖန်ရံခါ ဟန့်တားမှုတို့ကိုအနိုင်ယူရန် ကျွန်ုပ်တို့၏ကြိုးပမ်းအားထုတ်မှုမှန်သမျှကို ဆီးတားပုံရှိသည့် စိန်ခေါ်ချက်များနှင့် ရင်ဆိုင်ကောင်းရင်ဆိုင်ရကြပေမည်။ ထိုအခါပန်းတိုင်သို့နီးလာပုံရှိမည့်အစား ဝေးသည်ထက်ဝေးသွားနေပုံရှိမည်။ ဖိစီးလွှမ်းမိုးခံရသည်၊ စွမ်းဆောင်မှုမရှိဟုခံစားရပြီး စိတ်ပျက်အားလျော့ကာ စိတ်ဓာတ်ပင်ကျပေမည်။ (သု. ၂၄:၁၀) သို့တိုင် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့အားပေးသည်– “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည်။”—ဂလာတိ ၆:၉။
အဘယ်အရာကဇွဲရှိစေနိုင်မည်နည်း
မိမိရွေးချယ်ထားသောလမ်းစဉ်တွင် ဇွဲရှိရန်ဦးဆုံးပြုရမည့်ခြေလှမ်းမှာ အကျိုးနပ်၍ မီနိုင်သောပန်းတိုင်များထားခြင်းဖြစ်သည်။ ယင်းကို တမန်တော်ပေါလု အမှန်ပင်နားလည်ခဲ့၏။ ကောရိန္သုမြို့သားများကို သူကဤသို့ပြောခဲ့သည်– “ငါပြေးသောအခါ အမှတ်တမဲ့ပြေးသည်မဟုတ်။ လက်ပွေ့သတ်သောအခါ အာကာသကောင်းကင်ကိုသာ ထိုး၍သတ်သည်မဟုတ်။” မိမိ၏ကြိုးပမ်းအားထုတ်မှုများကို အောင်မြင်စေလိုလျှင် ပြိုင်ပွဲဝင် အပြေးသမားတစ်ဦးသည် မိမိ၏စိတ်အား ပန်းဝင်မျဉ်းကို ဖြတ်ကျော်ရန် အာရုံစူးစိုက်ထားရသည့်နည်းတူ သူ့အနေဖြင့် ထင်ရှားပြတ်သားသောပန်းတိုင်များ ထားဖို့လိုအပ်မည်ဖြစ်ကြောင်း ပေါလုသိရှိခဲ့သည်။ သူက “မြေတလင်း၌ပြိုင်၍ပြေးကြသော သူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း၊ တစ်ယောက်တည်းသာလျှင်ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်းပြေးကြလော့” ဟုသူတို့ကိုတိုက်တွန်းနှိုးဆော်ခဲ့၏။ (၁ ကောရိန္သု ၉:၂၄၊ ၂၆) မည်သို့ပြုနိုင်ကြမည်နည်း။
“ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟု နယပုံပြင် ၁၄:၁၅ ကဆိုသည်။ ကျွန်ုပ်တို့၏အကြံအစည်များကို အခါအားလျော်စွာ ပြန်လည်အကဲဖြတ်ခြင်း၊ ကျွန်ုပ်တို့မည်သည့်နေရာသို့ဦးတည်နေ၍ ပြုပြင်ညှိနှိုင်းမှုများ လို၊ မလိုမေးမြန်းခြင်းသည် ပညာရှိရာကျ၏။ ကျွန်ုပ်တို့သည် အဘယ်အရာပြီးမြောက်လို၍ အဘယ်ကြောင့်ထိုသို့ဖြစ်စေလိုကြောင်းကို စိတ်ထဲတွင် အထင်အရှားသိရှိရန် အရေးကြီးလှသည်။ ကျွန်ုပ်တို့၏စိတ်တွင် ရောက်လိုသောပန်းတိုင်ကို မျက်ခြည်မပြတ်စေလျှင် လက်မြှောက်အရှုံးပေးလိုသည့်ဆန္ဒ လျော့နည်းပေလိမ့်မည်။ သင် “သွားလေရာရာ၌ တည်ကြည်ခြင်းရှိစေ” ရန် “သင်၏မျက်စိသည် ရှေ့ရှုကြည့်” ပါဟု မှုတ်သွင်းခံနယပုံပြင်ကျမ်းက တိုက်တွန်း၏။—သု. ၄:၂၅၊ ၂၆။
သင်၏ပန်းတိုင်များကို ခွဲခြားသိမြင်ပြီးပြီဖြစ်ရာ ထပ်ဆင့်ပြုလုပ်ရမည့်အဆင့်မှာ ပန်းတိုင်ရောက်ရန် မည်သို့ကြိုးစားမည်ကို ဆန်းစစ်ခြင်းဖြစ်သည်။ ယေရှုက ဤသို့မေးမြန်းတော်မူခဲ့သည်– “သင်တို့တွင်တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကိုသိခြင်းငှာ၊ ရှေ့ဦးစွာထိုင်၍ ကုန်ကျစရိတ်ကိုမချင့်တွက်ဘဲနေမည်လော။” (လုကာ ၁၄:၂၈) ဤမူနှင့်အညီ စိတ်ပညာရှင်တစ်ဦးက ဤသို့ဆိုသည်– “အောင်မြင်မှုရရှိသူတို့နှင့်ပတ်သက်၍ ကျွန်ုပ်သတိပြုမိသည့်အရာတစ်ခုမှာ သူတို့၏အသက်တာ၌ အကြောင်းနှင့် အကျိုး၏ဆက်နွှယ်ချက်ကို ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်ခြင်းပင်ဖြစ်သည်။ အောင်မြင်သူတို့သည် တစ်စုံတစ်ရာကို သူတို့အလိုရှိမည်ဆိုလျှင် ယင်းကိုရရှိရန်အတွက် လိုအပ်သည့်အရာမှန်သမျှကို ပြုလုပ်ရမည်ဖြစ်ကြောင်း နားလည်ထားကြ၏။” ကျွန်ုပ်တို့အလိုရှိရာကိုရရှိရန် ပြုလုပ်ရမည့်အမှုအားလုံးကို ရှင်းရှင်းလင်းလင်းသဘောပေါက်ထားခြင်းက ဆက်၍အာရုံစူးစိုက်နေစေဖို့ အကူအညီရပေလိမ့်မည်။ သို့ပြုလျှင် ကျွန်ုပ်တို့သည် ဟန့်တားခံရပါက ပြန်လည်ဖွဲ့စည်းရန်အတွက် သာ၍လည်းလွယ်ကူစေပေလိမ့်မည်။ ယင်းသို့သောဆန်းစစ်မှုက အော်ဗီလ်နှင့် ဝီလ်ဗာရိုက်တို့၏အောင်မြင်မှုအတွက် အခြေခံဖြစ်ခဲ့သည်။
ထို့ကြောင့် ဟန့်တားမှုများဖြစ်ပေါ်လာသည့်အခါ ၎င်းတို့ကို သင်ယူစရာအတွေ့အကြုံတစ်ခုအဖြစ် အပြုသဘောပါပါ အတတ်နိုင်ဆုံးရှုမြင်ပါ။ အခြေအနေကို ဆန်းစစ်ကြည့်ပါ၊ မည်သည့်နေရာတွင်မှားသွားကြောင်းကို ပိုင်းခြားဝေဖန်ပါ၊ ထို့နောက် အမှားပြင်ပါ သို့မဟုတ် အားနည်းချက်ကို ဖျောက်ဖျက်ပါ။ “အကြံရှိသောသူသည် သူတစ်ပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏” ဟုဆိုထားသောကြောင့် အခြားသူတို့နှင့် ဆွေးနွေးပြောဆိုခြင်းက အထောက်အကူပေးသည်။ (သု. ၂၀:၁၈) အသင်ကြိုးစားအားထုတ်လေ သာ၍တတ်မြောက်ကျွမ်းကျင်လာလေဖြစ်ပြီး အဆုံးတွင် အောင်မြင်မှုရရှိလေအောင် ပံ့ပိုးခံရသည်။
ဖိလိပ္ပိ ၃:၁၆၊ ကဘ) ပညာပေးသူတစ်ဦးက “အစွန်းမရောက် တစ်သမတ်တည်းကြာမြင့်စွာပြုလုပ်သွားခြင်းက အရေးပါအရာရောက်သောအကျိုးဆက်များကို ဖြစ်ထွန်းစေ၏” ဟုဖော်ပြသည်။ ၎င်းသည် လူသိများသောအီစွတ်ပုံပြင်မှ လိပ်နှင့်ယုန်အကြောင်းတွင် ကောင်းစွာပေါ်လွင်သည်။ ယုန်ထက် သာ၍များစွာနှေးကွေးသော်လည်း လိပ်သည် အပြေးပြိုင်ပွဲတွင်အနိုင်ရသွားသည်။ အဘယ်ကြောင့်နည်း။ လိပ်သည် ပုံမှန်၊ နည်းစနစ်ကျကျသွားခဲ့ခြင်းကြောင့်ဖြစ်သည်။ သူသည် သဘာဝကျကျမိမိဆက်လက်သွားနိုင်သည့် အရှိန်ကိုရွေးချယ်ပြီး ထို့နောက်တွင် ပန်းဝင်မျဉ်းကိုရောက်သည့်အထိ မစွန့်ခွာဘဲစွဲမြဲစွာပြေးခဲ့သည်။ စည်းစနစ်ကျနပြီး ပုံမှန်ပြုလုပ်တတ်သူသည် တစ်သမတ်တည်းတိုးတက်သွားသည့်အတွက် လှုံ့ဆော်မှုခံစားနေရကာ ပြိုင်ပွဲမှထွက်ဖို့ သို့မဟုတ် ဖြုတ်ခံရဖို့ အကြောင်းနည်းသည်။ သင့်ပန်းတိုင်သို့ ရောက်မည့်အကြောင်း ‘ပြေးလော့။’
ဇွဲရှိခြင်း၌ မရှိမဖြစ်လိုအပ်သော တတိယရှုထောင့်မှာ တစ်သမတ်တည်းလုပ်ဆောင်မှုဖြစ်သည်။ တမန်တော်ပေါလုက ကျွန်ုပ်တို့ကို ဤသို့နှိုးဆော်တိုက်တွန်းသည်– “ငါတို့မီပြီးခဲ့သမျှအတိုင်း တစ်နည်းတည်းလိုက်လျှောက်ကြကုန်အံ့။” (အကျိုးနပ်သောပန်းတိုင်များ ရွေးချယ်ခြင်း
မှန်ပါသည်၊ တန်ဖိုးရှိသောဇွဲဖြစ်စေရန် ကျွန်ုပ်တို့မှာ အကျိုးနပ်သောပန်းတိုင်များရှိဖို့ လိုအပ်သည်။ လူများစွာသည် ပျော်ရွှင်မှုမပေးသောအရာများအတွက် ကြိုးပမ်းနေတတ်ကြသည်။ သို့သော် သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “လွှတ်ခြင်းနှင်ဆိုင်၍ စုံလင်သောတရား၌စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား . . . မိမိကျင့်သောအကျင့်၌ [“ပျော်ရွှင်၊” ကဘ] ၏။” (ယာကုပ် ၁:၂၅) သမ္မာကျမ်းစာ၌ဖော်ပြထားသည့် ဘုရားသခင်၏နည်းဥပဒေသကို နားလည်ရန်လေ့လာခြင်းသည် အလွန်အကျိုးနပ်သောပန်းတိုင်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်နည်း။ ထူးခြားရသည့်အကြောင်းရင်းမှာ ဘုရားသခင်၏နည်းဥပဒေသသည် စုံလင်၊ ဖြောင့်မတ်သောကိုယ်တော်၏စံနှုန်းများပေါ်တွင် အခြေခံထားသောကြောင့်ဖြစ်သည်။ ဖန်ဆင်းရှင်အနေဖြင့် မိမိ၏ဖန်ဆင်းရာများအတွက် အကောင်းဆုံးအရာကို ကိုယ်တော်သိရှိတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ဘုရားသခင့်သွန်သင်ချက်များကို လေ့လာခြင်းနှင့် ကျွန်ုပ်တို့၏အသက်တာတွင် ယင်းတို့ကိုလိုက်နာကျင့်သုံးခြင်း၌ စွဲမြဲနေမည်ဆိုလျှင် ယင်းသို့သောစွဲမြဲမှုက ကျွန်ုပ်တို့ကို အမှန်ပင်ပျော်ရွှင်စေပါလိမ့်မည်။ နယပုံပြင် ၃:၅၊ ၆ က “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ . . . သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်” ဟုကတိပြုသည်။
ထပ်ဆင့်၍ ယေရှုက ဘုရားသခင်နှင့် ယေရှုနှင့်ပတ်သက်သော အသိပညာကိုဆည်းပူးခြင်းက “ထာဝရအသက်” ပင်ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၇:၃) ကျွန်ုပ်တို့သည် ဤအစီအစဉ်စနစ်၏ ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေကြရကြောင်း သမ္မာကျမ်းစာပရောဖက်ပြုချက်က ဖော်ပြသည်။ (၂ တိမောသေ ၃:၁-၅; မဿဲ ၂၄:၃-၁၃) မကြာမီ ဘုရားသခင့်ဖြောင့်မတ်သောနိုင်ငံတော်အစိုးရသည် မြေကြီးသားအပေါင်းကိုအုပ်ချုပ်ပိုင်ထိုက်ကြောင်း တင်ပြပေလိမ့်မည်။ (ဒံယေလ ၂:၄၄၊ ၄၅; မဿဲ ၆:၁၀) ဤအစိုးရသည် မဖြစ်ဖူးသော ငြိမ်းချမ်းသာယာ၊ ကြွယ်ဝခြင်းနှင့် နာခံမှုရှိလူသားအပေါင်း၏စည်းစိမ်ကို ဆောင်ကြဉ်းပေးပေလိမ့်မည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဗျာဒိတ် ၂၁:၄) တမန်တော် ၁၀:၃၄ က “ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ” ဟုဆိုသည်။ မှန်ပါသည်၊ ထိုအကျိုးကျေးဇူးများကို လူတိုင်းခံစားရဖို့ ဖိတ်ခေါ်ခံရလျက်ရှိ၏။
သမ္မာကျမ်းစာသည် ဉာဏ်ပညာနှင့် အဓိပ္ပာယ်အပြည့်အဝပါသော ရှေးဟောင်းစာအုပ်တစ်အုပ်ဖြစ်သည်။ ယင်းကိုနားလည်ရန် အချိန်နှင့် ကြိုးစားအားထုတ်မှုလိုသည်။ သို့သော် ဘုရားသခင့်အကူအညီဖြင့်—ယင်း၏အသိပညာကို ကျွန်ုပ်တို့စွဲမြဲစွာရှာဖွေမည်ဆိုလျှင် ယင်းသည် ကျွန်ုပ်တို့အကျွမ်းဝင်မည့်စာအုပ်တစ်အုပ်ဖြစ်လာလိမ့်မည်။ (သု. ၂:၄၊ ၅; ယာကုပ် ၁:၅) ကျွန်ုပ်တို့သိရှိလာရာကို လက်တွေ့ကျင့်သုံးခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်မည်ကား အမှန်ပင်။ ကျွန်ုပ်တို့တွေးခေါ်ပုံ သို့မဟုတ် ပြုမူကျင့်ကြံပုံကို ပြုပြင်ညှိနှိုင်းရန် လိုကောင်းလိုပေမည်။ ရင်းနှီးကျွမ်းဝင်သောမိတ်ဆွေများ သို့မဟုတ် မိသားစုမှသူများပင် ကျွန်ုပ်တို့ သမ္မာကျမ်းစာလေ့လာနေခြင်းကို ဆန့်ကျင်ပေမည်။ သို့ဖြစ်၍ မဆုတ်မနစ်ဇွဲရှိခြင်းမှာ မရှိမဖြစ်လိုအပ်သည်။ တမန်တော်ပေါလုက ဘုရားသခင်သည် “ကောင်းသောအကျင့်ကိုအမြဲကျင့်” သောသူတို့ကို ထာဝရအသက်ပေးတော်မူမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို သတိပေးသည်။ (ရောမ ၂:၇) ဤပန်းတိုင်ကို သင်ရောက်နိုင်ရန် ယေဟောဝါသက်သေများက ကူညီပေးဖို့အသင့်ရှိသည်။
သင်သည် ဘုရားသခင့်အကြောင်းနှင့် ကိုယ်တော်၏အလိုတော်ကို ဇွဲရှိရှိသင်ယူပြီး သိရှိသမျှကို စွဲစွဲမြဲမြဲလက်တွေ့ကျင့်သုံးမည်ဆိုလျှင် အောင်မြင်မှုတွေ့ရှိမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချပါလေ။—ဆာလံ ၁:၁-၃။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သင်သည် ဘုရားသခင့်အကြောင်းနှင့် ကိုယ်တော်၏အလိုတော်ကို ဇွဲရှိရှိသင်ယူမည်ဆိုလျှင် အောင်မြင်မှုတွေ့ ရှိလိမ့်မည်
[Picture Credit Line on page 4]
Culver Pictures