မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာကြလော့’

‘ယေဟောဝါနှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာကြလော့’

‘ယေဟောဝါ​နှင့် ကိုယ်တော်​၏​တန်ခိုးတော်​ကို ရှာ​ကြလော့’

“ထာဝရ​ဘုရား​သည် အထံတော်​၌ စုံလင်သော​စိတ်နှလုံး​ရှိသူတို့​ဘက်တွင် တန်ခိုး​ပြတော်မူ​ခြင်း​ငှာ၊ မျက်စိတော်​သည် လျင်မြန်​၍ မြေကြီး​တစ်ပြင်လုံး​ကို တစ်ပြိုင်နက် နှံ့အောင်​ကြည့်ရှု​လျက်​ရှိ၏။”—၂ ရာဇဝင်ချုပ် ၁၆:၉၊ သမ္မာ။

၁။ တန်ခိုး​ဟူသည် အဘယ်နည်း၊ ယင်းကို လူသား​တို့ မည်သို့​အသုံးချ​ခဲ့​ကြပြီ​နည်း။

တန်ခိုး​ဟူသည် ထိန်းချုပ်​ပိုင်ခွင့်​ရှိ​ခြင်း၊ အာဏာ​ရှိ​ခြင်း သို့​မဟုတ် အခြားသူများ​အပေါ် ဩဇာ​ညောင်း​ခြင်း; အကျိုးဆက်​တစ်ခု​ကို ဆောင်ရွက်​နိုင်စွမ်း သို့​မဟုတ် ပေါ်ထွက်​စေနိုင်​စွမ်း​ရှိ​ခြင်း; ကာယ​အင်အားကြီး​မား​မှု (ခွန်အား); သို့​မဟုတ် စိတ်ပိုင်း သို့​မဟုတ် အကျင့်အကြံ​ပိုင်း စွမ်းအား​ထက်မြက်မှု​ကဲ့သို့​သော အဓိပ္ပာယ်​အမျိုးမျိုး​ရှိ​နိုင်​သည်။ တန်ခိုး​အာဏာ​အသုံးချခြင်း​နှင့်​ပတ်သက်​လာ​လျှင် လူသား​တို့၏​မှတ်တမ်းမှာ မကောင်း​လှ​ပေ။ သားရဲများ​၏​လက်ထဲ​ရှိ တန်ခိုး​အာဏာ​နှင့်​ပတ်သက်ပြီး သမိုင်း​ဆရာ​တစ်ဦး​ဖြစ်သူ လော့​ဒ် အက်​တန်​က ဤသို့​ဆို​သည်– “တန်ခိုး​အာဏာ​သည် အကျင့်ပျက်​စေပြီး အကြွင်းမဲ့​တန်ခိုး​အာဏာ​သည် လုံးလုံး​အကျင့်ပျက်​သွား​စေ​သည်။” ယနေ့ခေတ်​သမိုင်း​တွင် လော့​ဒ် အက်​တန်​၏​စကား အများအားဖြင့်​မှန်ကန်ကြောင်း​ပြ​သည့် နမူနာ​များနှင့်​ပြည့်လျက်​ရှိသည်။ ၂၀ ရာစု​အတွင်း လူတို့သည် ယခင်​မည်သည့်​ရာစု​ထက်​မဆို “မိမိ​အကျိုး​ပျက်​အောင် တစ်ယောက်ကို​တစ်ယောက်​အုပ်စိုး” ခဲ့ပြီ။ (ဒေ. ၈:၉) အကျင့်ပျက်​သော​အာဏာရှင်​များသည် မိမိတို့၏​တန်ခိုး​အာဏာကို အကြီးအကျယ်​အလွဲသုံးစား​ပြု​ကြ​ပြီး သန်းနှင့်ချီ​သော​လူ့​အသက်​များ​ကို သေစေ​ခဲ့​ကြသည်။ မေတ္တာ၊ ဉာဏ်ပညာ​နှင့် တရား​မျှတမှု​တို့​ဖြင့် ထိန်းချုပ်​ထားခြင်း​မရှိသော တန်ခိုး​အာဏာ​သည် အန္တရာယ်​ရှိသည်။

၂။ ဘုရားသခင်​၏ အခြား​ဂုဏ်ရည်တော်​များသည် မိမိ၏​တန်ခိုးတော်​ကို ယေဟောဝါ​အသုံးပြုပုံ​အပေါ် မည်သို့​အကျိုး​သက်ရောက်​ကြောင်း ရှင်းပြပါ။

လူသား​အများစု​နှင့်​မတူဘဲ ဘုရားသခင်​သည် မိမိ၏​တန်ခိုးတော်​ကို ကောင်းကျိုး​အတွက်​အသုံးပြု​တော်​မူ​သည်။ “ထာဝရ​ဘုရား​သည် အထံတော်​၌ စုံလင်သော​စိတ်နှလုံး​ရှိသူတို့​ဘက်တွင် တန်ခိုး​ပြတော်မူ​ခြင်း​ငှာ၊ မျက်စိတော်​သည် လျင်မြန်​၍ မြေကြီး​တစ်ပြင်လုံး​ကို တစ်ပြိုင်နက် နှံ့အောင်​ကြည့်ရှု​လျက်​ရှိ၏။” (၂ ရာဇဝင်ချုပ် ၁၆:၉သမ္မာ) ယေဟောဝါ​သည် မိမိ၏​တန်ခိုးတော်​ကို အထိန်း​အချုပ်​ရှိသော​နည်းလမ်း​ဖြင့် ညွှန်ကြား​တော်​မူ​သည်။ စိတ်ရှည်​တော်​မူ​ခြင်း​ကြောင့် ဆိုးသွမ်းသူ​များ​အား နောင်တ​ရစေ​ခွင့်​ပေး​ရန် အရေးယူ​မှု​ကို ဘုရားသခင်​ရုပ်သိမ်း​ထား​သည်။ မေတ္တာ​၏​လှုံ့ဆော်မှု​ကြောင့် ဖြောင့်မတ်​သူ၊ မဖြောင့်မတ်​သူ လူအမျိုးမျိုး​တို့​အပေါ် နေ​ထွက်​စေ​သည်။ နောက်ဆုံး​တွင် တရား​မျှတမှု​က သေ​လမ်းကို​ဖန်တီး​သည့် စာတန်​ကို ပယ်ရှင်း​ပစ်​ဖို့ ကိုယ်တော်​၏ အကန့်အသတ်​မရှိ​တန်ခိုးတော်​ကို အသုံးပြုရန် လှုံ့ဆော်ပေး​မည်​ဖြစ်သည်။—မဿဲ ၅:၄၄၊ ၄၅; ဟေဗြဲ ၂:၁၄; ၂ ပေတရု ၃:၉

၃။ ဘုရားသခင်​၏ အကြီး​မြင့်​ဆုံး​တန်ခိုးတော်​သည် ကိုယ်တော်​ကို ယုံကြည်​ကိုးစား​ရန် အကြောင်းရင်း​တစ်ခု အဘယ်ကြောင့်​ဖြစ်​ရသနည်း။

ကျွန်ုပ်​တို့​ကောင်းကင်​ခမည်းတော်​၏ အံ့သြဖွယ်​တန်ခိုးတော်​သည် ကိုယ်တော်​၏​ကတိတော်​များနှင့် ကိုယ်တော်​၏​ကာကွယ်​မှု​အပေါ်​ပါ ယုံကြည်​ကိုးစား​ရန် အကြောင်းရင်း​ဖြစ်သည်။ ကလေးငယ်​တစ်ယောက်​သည် ဖခင်​ဖြစ်သူ​၏​လက်ကို မြဲ​မြဲ​ဆုပ်ကိုင်​ထားချိန်​တွင် မိမိ၏​ဖခင်​သည် မိမိ​အပေါ်​အဘယ်​အန္တရာယ်ကို​မျှ ကျရောက်​စေ​ခွင့်ပြု​မည်​မဟုတ်​ကြောင်းကို သိထား​၍ လူ​စိမ်း​များ​ကြား​တွင် လုံခြုံမှု​ရှိသည်။ အလားတူ​စွာ “ကယ်တင်ခြင်း​ငှာ​တန်ခိုး​ကြီးသော” အရှင် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​နှင့်အတူ ကျွန်ုပ်​တို့​လျှောက်လှမ်း​ကြ​မည်​ဆိုလျှင် အစဉ်​ခံ​ရသော​မည်သည့်​အန္တရာယ်​မဆို​မှ ကျွန်ုပ်​တို့ကို​ကာကွယ်​မည်​ဖြစ်သည်။ (ဟေရှာယ ၆၃:၁; မိက္ခာ ၆:၈) ထို့​အပြင် ယေဟောဝါ​သည် ဖခင်ကောင်း​ပီသ​စွာ အမြဲ​ကတိတည်​တော်​မူ​သည်။ ကိုယ်တော်​၏ ‘နှုတ်​မှ​ထွက်​သော​စကား​သည် အလိုရှိ​ရာ​ပြည့်စုံ​စေ​၍ စေခိုင်း​သော​အမှု၌ အထမြောက်​လိမ့်​မည်’ ကို ကိုယ်တော်​၏ အကန့်အသတ်​မရှိ​တန်ခိုးတော်​က အာမခံ​သည်။—ဟေရှာယ ၅၅:၁၁သမ္မာ; တိတု ၁:၂

၄၊ ၅။ (က) ဘုရင်​အာသ​သည် ယေဟောဝါ​ကို လုံးလုံးလျားလျား​ယုံကြည်​ကိုးစား​သောအခါ အဘယ်​အကျိုးဆက်​ဖြစ်ပေါ်​ခဲ့​သနည်း။ (ခ) ကျွန်ုပ်​တို့​ပြဿနာ​များ​အတွက် လူ့​ဖြေရှင်း​နည်းကို အားကိုး​လျှင် မည်သို့​ဖြစ်​နိုင်​သနည်း။

ကျွန်ုပ်​တို့သည် မိမိတို့၏​ကောင်းကင်​ခမည်းတော်​၏​အကာအကွယ်​ကို မျက်​ခြည်​အပြတ်​မခံရ​န်​ဆုံးဖြတ်​ဖို့ အဘယ်ကြောင့် ဤမျှ​အရေးကြီးရ​သနည်း။ အခြေအနေ​များ​၏ ဖိစီးမှု​ကြောင့် ကျွန်ုပ်​တို့၏​စစ်မှန်သော​လုံခြုံ​ရာ​နေရာ​သည် အဘယ်​နေရာ​ဖြစ်သည်​ကို မေ့လျော့​သွား​နိုင်​သည့်​အတွက်​ဖြစ်သည်။ အများအားဖြင့် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ခဲ့​သော ဘုရင်​အာသ​၏​နမူနာ​တွင် ယင်းကို တွေ့မြင်​ရသည်။ အာသ​စိုးစံချိန်​အတွင်း အီသီယိုးပီးယား​တပ်သား​တစ်သန်း​အင်အား​ရှိ စစ်တပ်​သည် ယုဒပြည်​ကို လာရောက်​တိုက်ခိုက်​ခဲ့​သည်။ ရန်သူများ​ဘက်​မှ စစ်ရေး​သာ​မည်​ကို​သိရှိရာ အာသ​သည် ဤသို့​ဆုတောင်း​ခဲ့​သည်– “အို​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် လူများ​တို့​တွင် အားနည်း​သော​သူကို​ကယ်တင်ခြင်း​ငှာ တတ်နိုင်​တော်​မူ​သည်​ဖြစ်၍၊ အို​အကျွန်ုပ်​တို့၏​ဘုရားသခင်​ထာဝရဘုရား၊ ကယ်တင်​တော်​မူ​ပါ။ အကျွန်ုပ်​တို့သည် ကိုယ်တော်​ကို​ခိုလှုံ​၍၊ နာမတော်​ကို​အမှီပြုလျက်၊ ဤ​အလုံးအရင်း​ကြီး​ကို တိုက်ခြင်း​ငှာ​သွားပါ​၏။ အို​ထာဝရ​ဘုရား၊ ကိုယ်တော်​သည် အကျွန်ုပ်​တို့၏​ဘုရားသခင်​ဖြစ်​တော်​မူ​၏။ လူသည် ကိုယ်တော်​ကို​နိုင်သော​အခွင့် ရှိစေ​တော်​မ​မူ​ပါ​နှင့်။” (၂ ရာဇဝင်ချုပ် ၁၄:၁၁) ယေဟောဝါ​သည် အာသ​တောင်းဆို​သည့်​အတိုင်း သူ့ကို ပြတ်ပြတ်သားသား​အောင်ပွဲခံ​စေ​ခဲ့​သည်။

သို့သော် နှစ်ပေါင်း​များစွာ သစ္စာရှိ​ရှိ​အမှုတော်ထမ်း​ပြီး​နောက် ယေဟောဝါ​၏​ကယ်တင်ခြင်း​တန်ခိုးတော်​အပေါ် အာသ​၏​ယုံကြည်​စိတ်ချမှု ယိမ်းယိုင်​ခဲ့​သည်။ မြောက်ပိုင်း​ဣသရေလ​နိုင်ငံ​၏ စစ်ရေး​ခြိမ်းခြောက်​မှု​ကို ဖယ်ရှား​ရန် ရှုရိ​အကူအညီကို သူ​မျှော်ကိုး​ခဲ့​သည်။ (၂ ရာဇဝင်ချုပ် ၁၆:၁-၃) ရှုရိ​ဘုရင်​ဗင်ဟာဒဒ်​ကို အာသ​ပေး​လိုက်​သည့်​တံစိုး​လက်ဆောင်​ကြောင့် ယုဒပြည်​တွင်​ကျရောက်​မည့် ဣသရေလ​နိုင်ငံ​၏​ခြိမ်းခြောက်​မှု​ကို ဖယ်ရှားပစ်​နိုင်​ခဲ့​သော်လည်း ရှုရိ​နှင့်​သူ မဟာမိတ်ဖွဲ့​မှု​က ယေဟောဝါ​အား ယုံကြည်​စိတ်ချမှု​မရှိကြောင်း တင်ပြ​သည်။ ပရောဖက်​ဟာ​န​န်​က သူ့​အား ဤသို့​တဲ့တိုး​မေးခဲ့သည်– “ကု​ရှ၊ လိဗု​ရဲ​မက်​တို့သည် ရထား၊ မြင်းစီးသူရဲ​အမြောက်အမြား​ပါ​သော အလုံးအရင်း​ကြီး​ဖြစ်​လျက်၊ ထာဝရ​ဘုရား​ကို ဘုရင်​မင်း ကိုးစား​သောကြောင့် လက်​တွင်း​သို့​အပ်နှင်း​တော်​မူ​ခဲ့​သည်မဟုတ်​လော။” (၂ ရာဇဝင်ချုပ် ၁၆:၇၊ ၈သ​မ) သို့ရာတွင် အာသ​သည် ဤ​အပြစ်​ဖော်ပြ​ဆုံးမမှု​ကို လက်မခံခဲ့​ချေ။ (၂ ရာဇဝင်ချုပ် ၁၆:၉-၁၂) ပြဿနာ​များ​ရင်ဆိုင်​ရချိန်တွင် လူ့​စွမ်းအား​ကို ယုံစား​ခြင်း​သည် မလွဲမသွေ​စိတ်ပျက်​ရမည်​ဖြစ်သော​ကြောင့် လူ့​ဖြေရှင်း​နည်း​များ​ကို အားမကိုး​ဘဲ ဘုရားသခင်​ကို ယုံကြည်​စိတ်ချကြောင်း တင်ပြ​ကြပါစို့။—ဆာလံ ၁၄၆:၃-၅

ယေဟောဝါ​ပေး​သည့် တန်ခိုးတော်​ကို ရှာယူ

၆။ ကျွန်ုပ်​တို့သည် အဘယ်ကြောင့် “ထာဝရ​ဘုရား​နှင့် တန်ခိုးတော်​ကို ရှာ” သင့်​သနည်း။

ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ကို တန်ခိုး​ပေး​နိုင်​သည့်​အပြင် အကာအကွယ်​လည်း​ပေး​နိုင်​သည်။ “ထာဝရ​ဘုရား​နှင့် တန်ခိုးတော်​ကို​ရှာ​ကြ” ရန် သမ္မာကျမ်းစာ​က တိုက်တွန်း​ထား​သည်။ (ဆာလံ ၁၀၅:၄) အဘယ်ကြောင့်​နည်း။ ကိစ္စရပ်​များ​ကို ဘုရားသခင်​၏​ခွန်အား​ဖြင့် ကျွန်ုပ်​တို့​လုပ်ဆောင်ကြ​သည့်​အခါ ကျွန်ုပ်​တို့၏​အစွမ်း​ကို အခြားသူများ​၏ ဆိုးကျိုး​အတွက်​မဟုတ် ကောင်းကျိုး​အတွက် အသုံးပြု​မည်​ဖြစ်သော​ကြောင့်​တည်း။ ယင်း​နှင့်​ပတ်သက်​၍ “ယေဟောဝါ​၏​တန်ခိုး” ဖြင့်​အံ့ဖွယ်အမှု​များစွာကို ပြု​တော်​မူ​ခဲ့​သည့် ယေရှု​ခရစ်​၏​စံနမူနာ​ထက်​ကောင်း​သည့်​စံနမူနာ​ကို အဘယ်​နေရာ၌​မျှ ရှာ၍​ရနိုင်​မည်​မဟုတ်ပါ။ (လုကာ ၅:၁၇က​ဘ) ယေရှုသည် သူဌေး​ဖြစ်​ရန်၊ နာမည်​ကျော်ကြား​ရန် သို့​မဟုတ် ဘုန်း​တန်ခိုး​အရှိဆုံး ဘုရင်​တစ်ပါး​ဖြစ်​ရန်​ပင် ကိုယ်တိုင်​ဇောက်ချ​လုပ်ဆောင်​နိုင်​သည်။ (လုကာ ၄:၅-၇) သို့​အစား ဘုရားသခင်​ပေး​ထား​သည့်​တန်ခိုး​ကို ကိုယ်တော်​သည် လေ့ကျင့်​ပေးခြင်း၊ သွန်သင်ခြင်း၊ အကူအညီ​ပေးခြင်း၊ ကုသ​ပေးခြင်း​တို့​တွင် အသုံးပြု​တော်​မူ​ခဲ့​သည်။ (မာကု ၇:၃၇; ယောဟန် ၇:၄၆) ကျွန်ုပ်​တို့အတွက် အလွန်​ကောင်း​သည့် စံနမူနာ​ပင်​တည်း!

၇။ ကျွန်ုပ်​တို့သည် ကိုယ်ပိုင်​အစွမ်း​ဖြင့်​မဟုတ်ဘဲ ဘုရားသခင်​၏​ခွန်အား​ဖြင့် ကိစ္စရပ်​များ​ကို​ဆောင်ရွက်​သောအခါ အဘယ်​အရေးပါသော​အရည်အသွေးကို မွေးမြူ​ကြ​သနည်း။

ထို့​အပြင် ကိစ္စရပ်​များ​ကို “ဘုရားသခင်​ပေးသနား​တော်​မူ​သော​အစွမ်း​သတ္တိ” ဖြင့်​လုပ်ဆောင်​သောအခါ ယင်းက ကျွန်ုပ်​တို့ကို​ဆက်၍​နှိမ့်ချ​စေ​သည်။ (၁ ပေတရု ၄:၁၁) အာဏာတန်ခိုး​ရှိ​ရန် ကြိုးစား​သူများ​သည် ပိုင်စိုးပိုင်နင်း​လုပ်တတ်​ကြသည်။ နမူနာ​တစ်ရပ်​မှာ အာရှုရိဘုရင် အီစာ ဟက်​ဒန်​ဖြစ်​ပြီး သူက​ဤသို့ ဝ​င့်​ဝါ​စွာ​ကြေညာ​ခဲ့​သည်– “ငါသည် တန်ခိုးရှင်၊ တန်ခိုး​အရှိဆုံး​အရှင်၊ ငါသည် သူရဲကောင်း၊ ငါသည် ကြီးမြတ်သူ၊ ငါသည် အလွန်​ကြီးမြတ်သူ​ဖြစ်သည်။” အလွန်​ခြားနား​စွာ​ပင် ယေဟောဝါ​သည် “အစွမ်း​သတ္တိ​ရှိသောသူ​တို့ကို ရှက်ကြောက်​စေခြင်း​ငှာ၊ လောကီ​အရာ​၌​အားနည်း​သော​သူတို့ကို ရွေးကောက်​တော်​မူ​၏။” သို့​ဖြစ်၍ ခရစ်ယာန်စစ်​တစ်ဦး​သည် ဝါကြွား​လျှင် ယေဟောဝါ​၌​သာ ဝါကြွား​သည်၊ အကြောင်း​မှာ မိမိ​ပြီးမြောက်​အောင်မြင်​ခဲ့​သည့်​အရာ​သည် မိမိ​အစွမ်း​ဖြင့်​မဟုတ်​ကြောင်း သိထား​သောကြောင့်​ဖြစ်သည်။ ‘ဘုရားသခင်​၏ တန်ခိုး​ကြီးသော​လက်တော်​အောက်​၌ ကိုယ်ကို​ကိုယ်​နှိမ့်ချ’ ခြင်း​သည် စစ်မှန်သော​ချီးမြှောက်မှု​ကို​ဖြစ်စေ​၏။—၁ ကောရိန္သု ၁:၂၆-၃၁; ၁ ပေတရု ၅:၆

၈။ ယေဟောဝါ​၏​တန်ခိုးတော်​ရရှိရန် ကျွန်ုပ်​တို့​ဦးစွာ အဘယ်အရာ​လုပ်ဆောင်​သင့်​သနည်း။

ဘုရားသခင်​၏​ခွန်အား​ကို ကျွန်ုပ်​တို့ မည်သို့​ရယူ​နိုင်​သနည်း။ ဦးဆုံး​အနေ​နှင့် ခွန်အား​ပေးဖို့ ဆုတောင်း​ရမည်။ ဤသို့​တောင်းဆို​သူများကို ခမည်းတော်​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ပေး​တော်​မူ​မည်​ဖြစ်​ကြောင်း ယေရှု​က မိမိ၏​တပည့်တော်​များ​ကို အာမခံ​ထား​သည်။ (လုကာ ၁၁:၁၀-၁၃) ယေရှု​အကြောင်း သက်သေခံခြင်း​ကို ရပ်​တန်း​က​ရပ်​ပစ်​ရန် မှာကြား​သည့် ဘာသာရေး​ခေါင်းဆောင်​တို့၏​စကား​ကို နားမထောင်​ဘဲ ဘုရားသခင်​၏​စကား​ကို​နားထောင်ဖို့​ရွေးချယ်သော​အခါ ခရစ်တော်​၏​တပည့်တော်​များ ခွန်အား​မည်သို့​ရှိလာ​သည်ကို သုံးသပ်ကြည့်​ပါ။ ယေဟောဝါ​၏​အကူအညီကို သူတို့​တောင်းခံ​ကြသောအခါ သူတို့၏​စိတ်​ရိုး​မှန်သော​ဆုတောင်းချက်​ကို နားညောင်း​တော်​မူ​ပြီး သတင်းကောင်းကို ရဲရင့်စွာ​ဆက်​ဟောပြောရန် ဝိညာဉ်​တော်​က သူတို့ကို​တန်ခိုး​ပေး​တော်​မူ​ခဲ့​သည်။—တမန်​တော် ၄:၁၉၊ ၂၀၊ ၂၉-၃၁၊ ၃၃

၉။ ဝိညာဉ်​ခွန်အား​၏ ဒုတိယ​အရင်းအမြစ်​ကို ဖော်ပြ​ပါ၊ ယင်း​၏​စွမ်းအား​ထက်မြက်မှု​ကို​ဖော်ပြ​ရန် ကျမ်းစာ​ပါ​နမူနာ​တစ်ခု​ကို ကိုးကား​ဖော်ပြ​ပါ။

ဒုတိယ၊ ကျွန်ုပ်​တို့သည် ဝိညာဉ်​ခွန်အား​ကို သမ္မာကျမ်းစာ​မှ ရယူ​နိုင်​သည်။ (ဟေဗြဲ ၄:၁၂) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏​တန်ခိုး​ကို ဘုရင်​ယောရှိ​အုပ်စိုး​စဉ်​အတွင်း အထင်အရှား​တွေ့ရ​သည်။ ဤ​ယုဒဘုရင်​သည် အယူမှား​ရုပ်ပုံများ​ကို နိုင်ငံ​မှ​ဖယ်ရှား​လိုက်ပြီ​ဖြစ်သော်လည်း ဗိမာန်တော်တွင် အမှတ်မထင်​တွေ့​လိုက်ရ​သည့် ယေဟောဝါ​၏​ပညတ္တိကျမ်း​က ဤ​သန့်စင်ရေး​အစီအစဉ်ကို အားစိုက်​ခွန်​စိုက်​လုပ်ဆောင်ရန် လှုံ့ဆော်ပေး​ခံ​ခဲ့​ရသည်။ * ယောရှိ​ကိုယ်တိုင် ပညတ္တိကျမ်း​ကို ပြည်သူ​တို့​ရှေ့တွင်​ဖတ်ပြ​ပြီး​နောက် လူမျိုးတစ်မျိုး​လုံး​သည် ယေဟောဝါ​နှင့် ပဋိညာဉ်ဖွဲ့​ခဲ့​ကြ​ပြီး ရုပ်ပုံ​တိုက်ဖျက်ရေး​၏ ဒုတိယ​အစီအစဉ်ကို ပို​၍​အင်တိုက်အားတိုက်​လုပ်ဆောင်ခဲ့​ကြသည်။ ယောရှိ​၏ ပြန်လည်​တည်ထောင်​ရေး​ရလဒ်ကောင်း​မှာ “လက်ထက်​တော်​ကာလပတ်လုံး သူတို့သည်​မဖောက်ပြန်၊ . . . ထာဝရ​ဘုရား​နောက်​တော်​သို့ လိုက်​လျက်​နေကြ၏။”—၂ ရာဇဝင်ချုပ် ၃၄:၃၃

၁၀။ ယေဟောဝါ​ထံ​မှ ခွန်အား​ရယူ​နိုင်​သည့် တတိယ​နည်း​ကား အဘယ်နည်း၊ ယင်းသည် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၀ တတိယ၊ ကျွန်ုပ်​တို့သည် ခရစ်ယာန်​ပေါင်းသင်းမှု​မှ​တစ်ဆင့် ယေဟောဝါ​ထံ​တော်​မှ ခွန်အား​ရ​ကြသည်။ ‘မေတ္တာ​စိတ်​ရှိစေ​ခြင်း၊ ကောင်းသော​အကျင့်ကို​ကျင့်​စေခြင်း​ငှာ၊ တိုက်တွန်း​နှိုးဆော်’ ဖို့​နှင့် တစ်ယောက်ကို​တစ်ယောက် အားပေး​ရန် အစည်းအဝေး​များ​ကို မှန်မှန်​တက်​ဖို့ ခရစ်ယာန်​များ​ကို ပေါလု​တိုက်တွန်း​ခဲ့​သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ပေတရု​သည် အကျဉ်းထောင်​မှ အံ့ဖွယ်​နည်းဖြင့်​လွတ်မြောက်​လာသော​အခါ သူသည် ညီအစ်ကို​များနှင့်​အတူ​နေ​လို​၍ “လူများ​စုဝေး​၍​ဆုတောင်း” နေကြ​သော ယောဟန်​မာကု​၏​မိခင်​အိမ်​သို့ သူ​တန်း​သွားခဲ့သည်။ (တမန်​တော် ၁၂:၁၂) သူတို့​အားလုံး​သည် ကိုယ့်​အိမ်​ကိုယ်​နေ​ကာ ဆုတောင်း​နိုင်​ကြ​မည်​မှာ​သေချာ​သည်။ သို့သော် ထို​ခက်ခဲ​သော​အချိန်အတွင်း အတူတကွ​ဆုတောင်း​ကာ တစ်ယောက်ကို​တစ်ယောက်​အားပေးဖို့ သူတို့​ရွေး​ခဲ့​ကြသည်။ ရောမမြို့​သို့​ပေါလု​သွား​သည့် အန္တရာယ်​ထူပြော​သော ခရီးရှည်​ဆုံး​ခါနီး​တွင် ပေါ​တ​ရော​လိ​မြို့မှ ညီအစ်ကို​အချို့​နှင့်​တွေ့ဆုံ​ခဲ့​သည့်​အပြင် သူ့​အား​ခရီး​ဦး​ကြို​ပြု​ရန်​လာ​ကြသော အခြားသူ​တို့​နှင့်​လည်း​ထပ်​တွေ့ခဲ့​သည်။ သူ၏​တုံ့ပြန်မှု​ကား​အဘယ်နည်း။ “ပေါလု​သည် ထို​သူတို့ကို​မြင်လျှင်၊ ဘုရားသခင်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ စိတ်သက်သာ​ခြင်း​သို့​ရောက်​လေ​၏။” (တမန်​တော် ၂၈:၁၃-၁၅) သူသည် ခရစ်ယာန်​ချင်း​တို့​နှင့်အတူ တစ်ဖန်​ရှိနေခြင်း​ဖြင့် ခွန်အား​ရရှိ​လာ​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ခရစ်ယာန်​ချင်း​များနှင့်​ပေါင်းသင်း​ခြင်း​မှ ခွန်အား​ရရှိ​ကြသည်။ တစ်ဦး​နှင့်​တစ်ဦး လွတ်လွတ်လပ်လပ်​ပေါင်းသင်း​နိုင်​သမျှ​ကာလပတ်လုံး အသက်​လမ်း​သို့​ဦးတည်​သည့် လမ်းကျဉ်း​ကို ကျွန်ုပ်​တို့​တစ်ဦးတည်း​လျှောက်​ရန် မကြိုးစား​ကြ​ရ​ပါ။—သု. ၁၈:၁; မဿဲ ၇:၁၄

၁၁။ သာမန်​ထက် ‘လွန်ကဲ​သောတန်​ခိုး​တော်’ အထူးသဖြင့်​လိုအပ်​သည့် အခြေအနေ​အချို့​ကို ဖော်ပြ​ပါ။

၁၁ ပုံမှန်​ဆုတောင်းခြင်း၊ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာခြင်း​နှင့် ယုံကြည်သူချင်း​တို့​နှင့် ပေါင်းသင်း​ခြင်း​တို့ကို ပြုလုပ်ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ‘သခင်​ဘုရား​အားဖြင့်လည်း​ကောင်း၊ အစွမ်း​သတ္တိ​တော်​အားဖြင့်လည်း​ကောင်း ခွန်အား’ ရ​ကြ​၏။ (ဧဖက် ၆:၁၀သ​မ) ကျွန်ုပ်​တို့အားလုံး​သည် ‘သခင်​ဘုရား​အားဖြင့် ခွန်အား’ အမှန်​လိုအပ်​သည်။ အချို့​သူများ​သည် အားအင်​ဆုတ်ယုတ်​စေသော​ရောဂါ​များ​ကို ခံစား​ကြ​ရပြီး အခြားသူများ​မူ သက်ကြီး​ဘဝ၏​ပျက်ယွင်း​မှုများ သို့​မဟုတ် တစ်သက်လုံး​ပေါင်းသင်း​လာ​သည့်​အဖော်​ကို​ဆုံးရှုံး​ရခြင်း​ကို ကြုံတွေ့ ကြ​ရသည်။ (ဆာလံ ၄၁:၃) အခြား​သူများ​သည် မယုံကြည်​သော​အိမ်ထောင်ဖက်​၏ အတိုက်အခံပြု​မှု​ကို ခံရပ်​ကြ​ရသည်။ မိဘများ၊ အထူးသဖြင့် ကြင်ဖော်​မဲ့​မိဘများသည် မိသားစုကို ကျွေးမွေး​ပြုစု​ရင်း ဝမ်းစာ​ရေး​အတွက် အချိန်ပြည့်​အလုပ်လုပ်​ရခြင်း​သည် အလွန်​ပင်ပန်း​သော​တာဝန်​တစ်ခု​ဖြစ်​ကြောင်း ခံစားရ​ပေမည်။ ခရစ်ယာန်​လူငယ်များသည် ရွယ်တူချင်း​ဖိအား​ကို ကြံ့ကြံ့ခံ​ရန်၊ မူးယစ်​ဆေးဝါး​နှင့် အကျင့်ပျက်မှု​ကို တွန်းလှန်​နိုင်​ရန် ခွန်အား​လို​သည်။ အဆိုပါ​စိန်ခေါ်ချက်​များ​ကို ရင်ဆိုင်​ကျော်လွှား​နိုင်​ဖို့ သာမန်​ထက် ‘လွန်ကဲ​သောတန်​ခိုး​တော်’ ကို​ယေဟောဝါ​ထံ​တော်​မှ​တောင်းဆို​ရန် မည်သူမျှ​တုံ့ဆိုင်း​မနေ​သင့်​ပါ။—၂ ကောရိန္သု ၄:၇သ​မ။

‘မော​သော​သူတို့အား၊ ခွန်အား​ကို​ပေးခြင်း’

၁၂။ ယေဟောဝါ​သည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့ကို မည်သို့​ထောက်မ​ပေး​တော်​မူ​သနည်း။

၁၂ ထို့​ပြင် ယေဟောဝါ​၏​ကျေးကျွန်​များသည် အမှုတော်​ဆောင်ရွက်​ကြသောအခါ သူတို့ကို ကိုယ်တော်​ခွန်အား​ပေး​၏။ ဟေရှာယ​၏​ပရောဖက်ပြုချက်​တွင် ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရသည်– “ထို​ဘုရားသခင်​သည် မော​သော​သူတို့အား ခွန်အား​ကို​ပေး​တော်​မူ​၏။ နွမ်း​နယ်​သော​သူတို့အား အစွမ်း​သတ္တိ​နှင့်​ပြည့်စုံသော​အခွင့်​ကို​ပေး​တော်​မူ​၏။ . . . ထာဝရ​ဘုရား​ကို​မျှော်လင့်​သော​သူတို့မူကား၊ အားပြည့်​ကြလိမ့်မည်။ ရွှေ​လင်း​တ​ကဲ့သို့ မိမိတို့​အတောင်​ကို​အသစ်​ပြုပြင်​ကြလိမ့်မည်။ ပြေး​သော်လည်း​မ​ပင်ပန်း၊ ခရီး​သွားသော​အခါ​မမော​ရ​ကြ။” (ဟေရှာယ ၄၀:၂၉-၃၁) တမန်​တော်​ပေါလု​ကိုယ်တိုင် သူ၏​ဓမ္မ​အမှုကို​ဆောင်ရွက်ရန် ခွန်အား​ရရှိခဲ့သည်။ ရလဒ်​အနေ​နှင့် သူ၏​ဓမ္မ​အမှုသည် ထိရောက်​အကျိုး​ဖြစ်ထွန်း​ခဲ့​သည်။ သက်သာလောနိတ်​ရှိ​ခရစ်ယာန်​များ​အား သူက ဤသို့​ရေးသား​လိုက်​သည်– “ငါ​တို့​ဟောပြောသော​ဧဝံဂေလိတရား​သည် သင်တို့၌ စကား​သက်​သက်​ဖြစ်သည်​မဟုတ်။ တန်ခိုး​နှင့်​လည်​ကောင်း၊ သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​လည်းကောင်း၊ ဝိစိကိစ္ဆာ[စိတ်​နှစ်ခွ​ဖြစ်​ခြင်း] မရှိဘဲ​အမှန်သိခြင်း​နှင့်​လည်းကောင်း ပြည့်စုံသော​တရား​ဖြစ်၏။” (၁ သက်သာလောနိတ် ၁:၅) သူ၏​ဟောပြော​သွန်သင်ခြင်း​တွင် တန်ခိုး​ပါ​သောကြောင့် နားထောင်သူ​များ​၏​အသက်တာကို အကြီးအကျယ်​ပြောင်းလဲ​စေ​၏။

၁၃။ အတိုက်အခံ​များ​ကြား​တွင် ခံရပ်​နိုင်​ရန် အဘယ်အရာက ယေရမိကို ခွန်အား​ရှိစေ​သနည်း။

၁၃ ကျွန်ုပ်​တို့၏​ရပ်ကွက်—တုံ့ပြန်မှု​သိပ်​မရှိဘဲ နှစ်​နှင့်​ချီ အကြိမ်ကြိမ်​ဟောပြောခဲ့ဖွယ်​ရှိသည့် ရပ်ကွက်—တွင် စိတ်ဝင်စားမှု​မပြ​သည့်​သဘောထားမျိုးကို ရင်ဆိုင်​တွေ့ကြုံ​ရသည့်​အခါ စိတ်ပျက်​အားလျော့​လာ​တတ်ကြ​သည်။ ယေရမိ​သည် သူ​တွေ့ကြုံ​ရသည့် အတိုက်အခံပြု​မှု၊ ပြောင်လှောင်​သရော်​မှု၊ လျစ်လျူရှု​မှု​တို့​ကြောင့် အလားတူ စိတ်ဓာတ်ကျ​ခဲ့​သည်။ “ငါသည် [ဘုရားသခင်​၏​စကား] တော်​ကို​မကြား​မပြော၊ နာမတော်​ကို​အမှီပြု၍​မဟောဘဲ​နေ​မည်” ဟု​သူ့ကိုယ်သူ​ပြော​ခဲ့​သည်။ သို့သော်၊ သူ​နှုတ်ဆိတ်​မနေနိုင်​ပါ။ သူ၏​သတင်းတရားသည် “[သူ၏] အရိုး​တို့ ၌​ချုပ်​ထား​၍၊ လောင်​သော​မီး​ကဲ့သို့” ဖြစ်သည်။ (ယေရမိ ၂၀:၉) ဤမျှ​အကြီးအကျယ်​အတိုက်အခံ​ကြုံ​ခဲ့​ရချိန်တွင် အဘယ်အရာက သူ့ကို​တန်ခိုး​စွမ်းအား​အသစ် ရရှိစေ​ခဲ့​သနည်း။ “ထာဝရ​ဘုရား​သည် ကြောက်မက်​ဖွယ်​သော​သူ​ရဲ​ကဲ့သို့ အကျွန်ုပ်​နှင့်အတူ​ရှိ​တော်​မူ​သည်” ဟု​ယေရမိ​ပြော​ခဲ့​သည်။ (ယေရမိ ၂၀:၁၁သမ္မာ) ယေရမိ​သည် သူ့​သတင်းတရား​၏ အလွန်​အရေးကြီးမှု​နှင့် သူ၏​ဘုရားသခင်​ပေး​တာဝန်​အပေါ် တန်ဖိုး​ထားခြင်း​တို့​က ယေဟောဝါ​၏​တိုက်တွန်း​အားပေးမှုကို သူ့​အား မဆိုင်းမတွ​တုံ့ပြန်​စေ​ခဲ့​သည်။

ထိခိုက်​သောတန်​ခိုး​နှင့် ကုစား​သောတန်​ခိုး

၁၄။ (က) လျှာ​သည် မည်မျှ​အစွမ်းထက်​သည့် အင်္ဂါ​ဖြစ်သနည်း။ (ခ) လျှာ​က​ဖန်တီး​နိုင်​သည့် အပျက်အစီး​ကို​ပြ​ရန် နမူနာ​များ​ပေး​ပါ။

၁၄ ကျွန်ုပ်​တို့​ပိုင်ဆိုင်​သည့် တန်ခိုး​အားလုံး​သည် ဘုရားသခင်​ထံ​မှ တိုက်ရိုက်​ရလာ​ခြင်း​မဟုတ်​ချေ။ ဥပမာ၊ လျှာ​သည် ထိခိုက်​စေ​တတ်​သကဲ့သို့ ကုစား​နိုင်​သည့် တန်ခိုး​ရှိသည်။ “လျှာ​သည် အသက်ရှင်​စေရန်၊ သေစေ​ရန်​တန်ခိုး​ရှိ၏” ဟု ရှောလမုန်က သတိပေး​သည်။ (သု. ၁၈:၂၁သ​မ) ဧဝ​နှင့်​တစ်ခဏ​တာ စာတန်​ပြောလိုက်​သည့်​စကား​၏ ရလဒ်များ​က စကား​အားဖြင့် မည်မျှ​အကြီးအကျယ်​ပျက်စီး​စေနိုင်​သည်ကို သက်သေထူ​သည်။ (ကမ္ဘာဦး ၃:၁-၅; ယာကုပ် ၃:၅) ကျွန်ုပ်​တို့​လည်း လျှာ​ဖြင့် များစွာ​ဖျက်ဆီး​နိုင်​သည်။ ငယ်ရွယ်​သော​မိန်းကလေး​တစ်ဦး၏ ကိုယ်​အလေးချိန်​အကြောင်း ရှုတ်ချ​ပြောဆိုခြင်း​က သူ့​အား အစာစား​ရမည်ကို​ကြောက်​သည့်​လမ်းကြောင်း​ပေါ် တွန်းပို့​ပေး​လိုက်​ရာ​ကျ​သွား​နိုင်​သည်။ မစဉ်း​စား​မဆင်​ခြင်​ဘဲ သားပုပ်လေလွင့်​စကား​တစ်ခုခု​ကို တစ်ဆင့်​ပြောဆိုခြင်း​က တစ်သက်တာ​ပေါင်းသင်း​ခဲ့​သော မိတ်ဆွေ​အဖြစ်ကို ပျက်ပြား​သွား​စေနိုင်​သည်။ မှန်ပါသည်၊ လျှာ​ကို ထိန်းချုပ်ဖို့​လို​သည်။

၁၅။ ကျွန်ုပ်​တို့၏​လျှာ​ကို တည်ဆောက်​ရန်​နှင့် ကုစား​ရန် မည်သို့​အသုံးပြုနိုင်​သနည်း။

၁၅ သို့သော် လျှာ​သည် တည်ဆောက်​တတ်​သကဲ့သို့ ဖြိုဖျက်​တတ်​သည်။ သမ္မာကျမ်းစာ​ပညာရှိ​စကား​တစ်ခွန်း​က ဤသို့– “သန်လျက်နှင့်​ထိုး​သကဲ့သို့ မစဉ်း​စား​ဘဲ ပြောဆို​တတ်သော​သူ​အချို့​ရှိ၏။ ပညာရှိ​တို့၏​လျှာ​မူ​ကား အနာ​ကို​ငြိမ်း​စေ​တတ်၏။” (သု. ၁၂:၁၈သမ္မာ) ပညာ​ရှိသော​ခရစ်ယာန်​တို့သည် စိတ်ဓာတ်ကျ​သူများ​နှင့် ပူဆွေး​ကြေကွဲ​နေ​သူများကို နှစ်သိမ့်​ပေး​ရန် လျှာ​၏​တန်ခိုး​ကို အသုံးပြု​ကြသည်။ စာနာ​တတ်သော​စကား​များသည် ထိခိုက်​ပျက်စီး​စေသော ရွယ်တူချင်း​ဖိအား​ကို တိုက်လှန်​နေရ​ကြ​သည့်​ဆယ်ကျော်သက်​များ​ကို အားပေးနိုင်​သည်။ ထောက်ထား​၍​ပြောဆို​သော​လျှာ​သည် သက်ကြီး​ညီအစ်ကို​ညီအစ်မ​များ​အား သူတို့ကို​လိုအပ်​နေဆဲ​နှင့် ချစ်​မြတ်နိုး​ခံရ​ဆဲ​ဖြစ်​ကြောင်း စိတ်ချ​စေနိုင်​သည်။ ကြင်နာ​သော​စကားလုံး​များ​က ဖျားနာသူ​များ​ကို ရွှင်​ပျ​လာ​စေနိုင်​သည်။ ထို​ထက်​ကား နားထောင်​လို​သူအား​လုံး​ကို တန်ခိုး​ပါ​သော ဘုရားသခင့်​နိုင်ငံတော်​သတင်း​ဟောပြောရန် ကျွန်ုပ်​တို့၏​လျှာ​ကို အသုံးပြုနိုင်​သည်။ ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​တွင် ကျွန်ုပ်​တို့၏​နှလုံး​ရောက်နေ​မည်​ဆိုလျှင် ယင်းကို ကြွေးကြော်​နိုင်​သည့်​စွမ်းအား ကျွန်ုပ်​တို့​တွင်​ရှိ​မည်​ဖြစ်သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ကျေးဇူး​ကို​ခံ​သင့်​သော​သူတို့အား ကျေးဇူးပြု​ရသော​အခွင့် [“စွမ်းအား၊” က​ဘ] ရှိလျှင် မပြု​ဘဲ​မနေ​နှင့်။”—သု. ၃:၂၇

တန်ခိုး​ကို တော်မှန်​စွာ​အသုံးပြုခြင်း

၁၆၊ ၁၇။ အကြီးအကဲ​များ၊ မိဘများ၊ လင်သား​များနှင့် ဇနီးသည်​ဖြစ်သူ​များသည် ဘုရားသခင်​ပေး​သည့် အခွင့်အာဏာကို အသုံးပြုရာတွင် ယေဟောဝါ​အား မည်သို့​တုပ​နိုင်​သနည်း။

၁၆ ယေဟောဝါ​သည် အကြီး​မြင့်​ဆုံး​တန်ခိုးရှင်​ဖြစ်သော်လည်း အသင်းတော်ကို မေတ္တာဖြင့် အုပ်စိုး​တော်​မူ​သည်။ (၁ ယောဟန် ၄:၈) ခရစ်ယာန်​ကြီးကြပ်မှူး​တို့သည် ကိုယ်တော်​အား​တုပ​ကြ​ပြီး သူတို့၏​အခွင့်အာဏာကို အလွဲသုံးခြင်း​မဟုတ်သော အသုံးပြုခြင်း​ဖြင့် ဘုရားသခင်​၏​သိုးတော်စု​ကို မေတ္တာဖြင့် စောင့်ရှောက်​ပေး​သည်။ ကြီးကြပ်မှူး​တို့သည် ရံဖန်ရံခါ ‘အပြစ်တင်​ဆုံးမ​ပေးခြင်း၊ အပြစ်​ဖော်ပြ​ဆုံးမခြင်း​နှင့် တိုက်တွန်းခြင်း’ တို့​ပြု​ရန်လို​သည်​မှန်​သော်လည်း ယင်းကို ‘ခပ်သိမ်း​သော​စိတ်ရှည်ခြင်း​နှင့် သွန်သင်ခြင်း​အတတ်ပညာ​တို့​ဖြင့်’ ပြုလုပ်​ကြသည်။ (၂ တိမောသေ ၄:၂က​ဘ) ထို့​ကြောင့် အကြီးအကဲ​များသည် အသင်းတော်တွင် အခွင့်အာဏာ​ရှိ​သူများ​ထံ တမန်​တော်​ပေတရု​ရေးသား​သည့် ဤ​စကား​များ​ကို မပြတ်​ဆင်ခြင်​စဉ်းစား​ကြသည်– “သင်တို့​နှင့်အတူ​ရှိသော​ဘုရားသခင်​၏​သိုးတော်စု​ကို ထိန်း​ခြင်း​အမှုမှာ၊ အနိုင်​ထိန်း​ရသော​ကြောင့်​မဟုတ်၊ မစင်ကြယ်​သော​စီးပွား​ကို တပ်မက်သော​ကြောင့်​မဟုတ်ဘဲ၊ အလိုလို​စေတနာ​စိတ်​ရှိ၍ ကြည့်ရှု​အုပ်ထိန်း​ကြလော့။ အသီးအသီး​အုပ်​သော​အသင်းတော်​တို့ကို အာဏာ​ထား​၍ အစိုးတရ​ပြု​သည်မဟုတ်​ဘဲ၊ သိုးတော်စု​ရှေ့မှာ ပုံသက်သေ​ကို​ပြ​သော​သူ​ဖြစ်​ကြလော့။”—၁ ပေတရု ၅:၂၊ ၃; ၁ သက်သာလောနိတ် ၂:၇၊ ၈

၁၇ မိဘများနှင့် လင်သား​များ​ကို ယေဟောဝါ​က အခွင့်အာဏာ​ပေး​ထား​ရာ ဤ​အာဏာတန်ခိုး​ကို သူတို့သည် အကူအညီ​ပေး​ရေး၊ ပြုစု​ပျိုးထောင်​ရေး​နှင့် ယုယ​မြတ်နိုး​ရေး​တို့အတွက် အသုံးပြုသင့်​သည်။ (ဧဖက် ၅:၂၂၊ ၂၈-၃၀; ၆:၄) အခွင့်အာဏာကို မေတ္တာပါ​သော​နည်းလမ်း​ဖြင့် အကျိုးရှိရှိ​အသုံးပြုနိုင်​ကြောင်း ယေရှု၏​စံနမူနာ​က​ပြသ​သည်။ ဆုံးမ​ပဲ့ပြင်​မှု​သည် မျှတမှု​ရှိပြီး တစ်သမတ်တည်း​ဖြစ်​လျှင် သားသမီးတို့​သည် စိတ်ပျက်​အားလျော့​ကြ​မည်​မဟုတ်ပေ။ (ကောလောသဲ ၃:၂၁) ခရစ်ယာန်​လင်သား​များသည် မေတ္တာ​ရှေ့​ထား​ဦးဆောင်​ဦး​ရွက်​ပြုပြီး ဇနီးသည်​များ​က​လည်း မိမိ​အား ဘုရားသခင်​ပေး​ထား​သည့် လုပ်ပိုင်ခွင့် သို့​မဟုတ် ရပိုင်ခွင့်​နယ်ပယ်​ကို မ​ကျော်​ဘဲ လင်သား​၏​ဦးစီးမှု​ကို နက်ရှိုင်း​စွာ​လေးစားမှု​ပြ​သောအခါ အိမ်ထောင်ရေး​သည် ခိုင်မြဲ​သည်။—ဧဖက် ၅:၂၈၊ ၃၃; ၁ ပေတရု ၃:၇

၁၈။ (က) ကျွန်ုပ်​တို့၏​အမျက်​ဒေါသကို​ထိန်းချုပ်​ရာ​တွင် ယေဟောဝါ​၏​စံနမူနာ​တော်​ကို မည်သို့​တုပ​သင့်​သနည်း။ (ခ) အခွင့်အာဏာ​ရှိသူ​များသည် မိမိတို့​ဂရုစိုက်​စောင့်ရှောက်​ရသူ​များ​တွင် အဘယ်အရာ​သက်ဝင်​စေရန် ကြိုးစား​သင့်​သနည်း။

၁၈ မိသားစု​နှင့် အသင်းတော်တွင် အခွင့်အာဏာ​ရှိသူ​များသည် မိမိ၏​အမျက်​ဒေါသကို​ထိန်းချုပ်​ရန် အထူး​ဂရုစိုက်​သင့်​သည်၊ အကြောင်း​မှာ အမျက်​ဒေါသ​သည် မေတ္တာ​မ​သက်ဝင်​စေ​ဘဲ ကြောက်ရွံ့​စိတ်ဝင်​စေ​၏။ ပရောဖက်​နာဟုံ​က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​သည် စိတ်ရှည်​တော်​မူ​၏။ တန်ခိုး​လည်း​ကြီး​တော်​မူ​၏။” (နာဟုံ ၁:၃; ကောလောသဲ ၃:၁၉) မိမိတို့၏​အမျက်​ဒေါသကို ထိန်းချုပ်ခြင်း​သည် ခွန်အား​ရှိ​ခြင်း​၏​အမှတ်လက္ခဏာ​ဖြစ်သည်၊ အမျက်ထွက်ခြင်း​မူ​ကား ပျော့ညံ့မှု​၏​လက္ခဏာ​ဖြစ်သည်။ (သု. ၁၆:၃၂) မိသားစုတွင်​ကော အသင်းတော်တွင်​ပါ ယေဟောဝါ​ကို​ချစ်​သည့်​မေတ္တာ၊ တစ်ဦး​အပေါ်​တစ်ဦး​ချစ်​သည့်​မေတ္တာ​နှင့် မှန်ကန်သော​မူများ​ကို​မြတ်နိုး​စိတ် သက်ဝင်​စေရန် ပန်းတိုင်​ထား​ကြ​ရမည်။ မေတ္တာသည် အခိုင်မာဆုံး​နှောင်ကြိုး​နှင့် မှန်ရာကို​ပြုလုပ်​ရန် အပြင်းပြဆုံး​လှုံ့ဆော်​အားပေးမှု​ဖြစ်သည်။—၁ ကောရိန္သု ၁၃:၈၊ ၁၃; ကောလောသဲ ၃:၁၄

၁၉။ အဘယ်​စိတ်သက်သာ​စေသော အာမခံချက်ကို ယေဟောဝါ​ပေး​ထား​တော်​မူ​ပြီး ကျွန်ုပ်​တို့​မည်သို့​တုံ့ပြန်​သင့်​သနည်း။

၁၉ ယေဟောဝါ​ကို သိကျွမ်းခြင်း​ဟူသည် ကိုယ်တော်​၏​တန်ခိုးတော်​ကို အသိအမှတ်​ပြုခြင်း​ဖြစ်သည်။ ဟေရှာယ​မှ​တစ်ဆင့် ယေဟောဝါ​က ဤသို့​မိန့်တော်မူသည်– “ထာဝရ​ဘုရား​သည် အစဉ်အမြဲ​တည်​တော်​မူ​သော ဘုရားသခင်​ဖြစ်​ကြောင်းကို​လည်းကောင်း၊ မြေကြီးစွန်း​တိုင်အောင် ဖန်ဆင်း​တော်​မူ​သော​အရှင်ဖြစ်​ကြောင်းကို​လည်းကောင်း၊ မော​တော်​မူ​ခြင်း၊ ပင်ပန်း​တော်​မူ​ခြင်း​မရှိ၊ စစ်၍​မကုန်နိုင်​သော​ဉာဏ်​နှင့် ပြည့်စုံ​တော်​မူ​ကြောင်းကို​လည်းကောင်း သင်သည်​မသိ​မကြား​ဖူး​သလော။” (ဟေရှာယ ၄၀:၂၈) ယေဟောဝါ​၏​တန်ခိုးတော်​သည် မကုန်ခန်း​နိုင်​ပေ။ ကျွန်ုပ်​တို့သည် ကိုယ့်​ကိုယ်ကို​အားမကိုး​ဘဲ ယေဟောဝါ​ကို အားကိုး​မည်​ဆိုလျှင် ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို ပစ်ထား​မည်​မဟုတ်။ ကိုယ်တော်​က ဤသို့​အာမခံ​ထား​သည်– “ငါသည် သင့်​ဘက်မှာ​ရှိ၏။ မကြောက်​နှင့်။ သင်၏​ဘုရားသခင်​ငါသည် သင့်ကို​ခိုင်ခံ့​စေမည်။ သင့်ကို​စောင့်မ​မည်။ ငါ့​လက်ယာလက်​ဖြင့်​ထောက်ပင့်​မည်။” (ဟေရှာယ ၄၁:၁၀) ကိုယ်တော်​၏​မေတ္တာပါ​သော ဂရုစိုက်​မှု​ကို ကျွန်ုပ်​တို့​မည်သို့​တုံ့ပြန်​သင့်​သနည်း။ ယေရှု​ကဲ့သို့​ပင် ကျွန်ုပ်​တို့ကို​ယေဟောဝါ​ပေး​သည့် မည်သည့် တန်ခိုး​စွမ်းအား​ကို​မဆို အကူအညီ​ပေး​ရန်၊ တည်ဆောက်​ပေး​ရန်​အတွက် အမြဲ​အသုံးပြု​ကြပါစို့။ ကျွန်ုပ်​တို့၏​လျှာ​ကို ထိန်းချုပ်ခြင်း​အားဖြင့် ထိခိုက်မှု​မဖြစ်စေ​ဘဲ ကုစားမှု​ဖြစ်ပါ​လေ​စေ။ ထို့​အပြင် ကျွန်ုပ်​တို့သည် ဝိညာဉ်​ရေး​ဘက် အမြဲ​ပင်​နိုးကြား​ကာ ယုံကြည်ခြင်း​တွင် ခိုင်မြဲ​ပြီး မြင့်မြတ်​တော်​မူ​သော ဖန်ဆင်း​ရှင်​ယေဟောဝါ​ဘုရားသခင်​၏​တန်ခိုး​ဖြင့် ခွန်အား​ကြီး​နိုင်​ကြ​ပါစေ။—၁ ကောရိန္သု ၁၆:၁၃

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 9 ဂျူး​များသည် လွန်ခဲ့သော​ရာစုနှစ်များစွာ​က ဗိမာန်တော်တွင်​အပ်​ထား​သည့် မောရှေ၏​ပညတ္တိကျမ်း​မူရင်း​ကို တွေ့ရှိ​ခဲ့​ကြောင်း​ထင်ရှား​သည်။

သင်​ရှင်းပြ​နိုင်​သလော

• ယေဟောဝါ​သည် မိမိ၏​တန်ခိုးတော်​ကို မည်သို့​အသုံးပြု​တော်​မူ​သနည်း။

• အဘယ်​နည်းများဖြင့် ယေဟောဝါ​၏​တန်ခိုးတော်​ကို ကျွန်ုပ်​တို့​ရယူ​နိုင်​သနည်း။

• လျှာ​၏​အစွမ်း​တန်ခိုး​ကို မည်သို့​အသုံးပြုသင့်​သနည်း။

• ဘုရားသခင်​ပေး​သည့်​အခွင့်အာဏာ​သည် ကောင်းချီး​တစ်ရပ် မည်သို့​ဖြစ်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေရှုသည် အခြား​သူများကို​ကူညီ​ရန် ယေဟောဝါ​၏ ခွန်အား​ကို အသုံးပြု​တော်​မူ​ခဲ့

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​သာ ကျွန်ုပ်​တို့​နှလုံးထဲတွင်​ရှိ​နေလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို ကြွေးကြော်​နိုင်​သည့်​အစွမ်း ကျွန်ုပ်​တို့​တွင် ရှိ​မည်