မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏အမှုတော် ဆောင်ရန် ဘဝကို ရိုးရှင်းစေခြင်း

ယေဟောဝါ၏အမှုတော် ဆောင်ရန် ဘဝကို ရိုးရှင်းစေခြင်း

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​၏​အမှုတော် ဆောင်ရန် ဘဝကို ရိုးရှင်းစေခြင်း

က​လယ်​ရာ ဂါ​ရ်​ဘာ မွိုင်​ယာ ပြောပြ​သည်

ကျွန်မ​အသက် ၉၂ နှစ်​ရှိပြီ၊ လမ်း​သိပ်​မလျှောက်​နိုင်​တော့​ပေမဲ့ မှတ်ဉာဏ်​ကောင်း​ဆဲ​ပါ​ပဲ။ ကလေး​ဘဝ ကတည်းက ယေဟောဝါ​ရဲ့​အမှုတော်ထမ်း​ခွင့်​ရခဲ့​တာ​ကို ကျေးဇူး​တင်​လို့​မဆုံး​ပါ​ဘူး! ရိုးရှင်း​ပြီး အဆောင်အယောင်​ကင်း​တဲ့​ဘဝနဲ့​နေခြင်း​ဟာ အဲ့ဒီ​ဘဏ္ဍာ​ကို မ​တိုင်းတာ​နိုင်​လောက်​အောင် တိုးပွား​စေပါ​တယ်။

၁၉၀၇ ခုနှစ်၊ ဩဂုတ်​လ ၁၈ ရက်​နေ့မှာ ယူ.အက်စ်.အေ. အို​ဟို​င်း​အိုး​ပြည်နယ်၊ အလို​င်ယန့်စ်​မြို့မှာ ကလေး​ငါး​ယောက်​ထဲ​က သမီးဦး​အဖြစ် ကျွန်မ​ကို ဖွားမြင်​ခဲ့တယ်။ ကျွန်မ​ရှစ်နှစ်​အရွယ်မှာ အဲ့ဒီ​တုန်း​က ကျမ်းစာ​ကျောင်းသား​များ​လို့​ခေါ်​တဲ့ ယေဟောဝါသက်သေ​တို့​ရဲ့ အချိန်ပြည့်​ဓမ္မ​အမှုဆောင်​တစ်ယောက် ကျွန်မ​တို့​ရဲ့ နို့​စား​နွား​မွေးမြူရေး​ခြံ​ထဲ​ကို စက်ဘီး​နဲ့​ရောက်​လာတယ်။ အိမ်​တံခါးဝ​မှာ ကျွန်မ​အမေ လော်ရာ ဂါ​ရ်​ဘာနဲ့​သူ​တွေ့ဆုံ​ပြီး ဆိုးသွမ်းမှု​ကို ဘာကြောင့်​ခွင့်ပြု​ထား​ရတယ်ဆိုတာ သိလား​လို့ မေးတယ်။ အမေက အဲ့ဒီ​အကြောင်းကို အမြဲ​စဉ်းစား​ခဲ့​တာ။

သိုလှောင်ရုံ​မှာ​ရှိတဲ့ အဖေနဲ့​တိုင်ပင်​ပြီး ခြောက်​အုပ်​တွဲ ကျမ်း​စာစောင်​များ​မှ လေ့လာ​စ​ရာ​များ စာအုပ်​တစ်စုံ​ကို အမေက မှာ​ယူ​လိုက်တယ်။ အဲ့ဒီ​စာအုပ်​တွေ​ကို အမေ အငမ်းမရ​လေ့လာ​ခဲ့​ပြီး သူသိ​လာတဲ့​ကျမ်းစာ​အမှန်တရား​တွေ​က သူ့ကို အကြီးအကျယ်​လှုံ့ဆော်ပေး​ခဲ့တယ်။ အတွဲ ၆ ဖြစ်​တဲ့ ဖန်ဆင်း​ခြင်း​အသစ် ကို သူ​လေ့လာ​တာ​နဲ့ ခရစ်ယာန်​နှစ်ခြင်း​ဟာ ရေ​မှာ​နှစ်မြှုပ်​ဖို့​လိုတယ်​ဆိုတာ ရှင်းရှင်း​နားလည်​သွားတယ်။ ကျမ်းစာ​ကျောင်းသား​တွေ​ကို ဘယ်လို​ရှာ​ရ​မှန်း​မသိတာ​နဲ့ အမေ​ဟာ ၁၉၁၆ ခုနှစ်၊ မတ်​လမှာ ရာသီဥတု​အေး​ပေမဲ့လည်း မွေးမြူရေး​ခြံ​ထဲ​က ချောင်းလေး​ထဲမှာ သူ့ကို နှစ်ခြင်း​ပေးဖို့ အဖေ​ကို တောင်းဆို​ခဲ့တယ်။

သိပ်​မကြာခင်​မှာပဲ အလို​င်ယန့်စ်​မြို့မှာ​ရှိတဲ့ စစ်ပြန်​သမီး​များ​ဟော​ခန်း​မှာ ဟောမယ့်​ဟောပြောချက်​တစ်ခု​ကို သတင်းစာမှာ ကြော်ငြာ​ထား​တာ​ကို အမေ ဖတ်​မိ​လိုက်တယ်။ ဟောပြောချက်ရဲ့​ခေါင်းစဉ်​က “ခေတ်​ကာလ​များ​တစ်လျှောက် ဘုရားသခင့်​အစီအမံ” ပါ။ ကျမ်း​စာစောင်​များ​မှ လေ့လာ​စ​ရာ​များ​ရဲ့ အတွဲ ၁ မှာ အဲ့ဒီ​ဟောပြောချက်​ခေါင်းစဉ်​နဲ့​တူ​တဲ့​အတွက် သွားဖို့ သူ​ချက်ချင်း​စီစဉ်​လိုက်တယ်။ မြင်း​လှည်း​တပ်ဆင်​ပြီး မိသားစု​လိုက် အစည်းအဝေး​ကို ပထမ​ဆုံးသွား​တက်​ကြတယ်။ အဲ့ဒီ​အချိန်​ကစပြီး တနင်္ဂနွေ​နဲ့ ဗုဒ္ဓဟူး​နေ့​ညနေပိုင်း​တွေ​မှာ ညီအစ်ကို​များ​ရဲ့​အိမ်တွေမှာ​ကျင်းပ​တဲ့ အစည်းအဝေးတွေကို ကျွန်မ​တို့ တက်ရောက်​ခဲ့​ကြတယ်။ အဲ့ဒီ​နောက် သိပ်​မကြာခင်​မှာ ခရစ်ယာန်​အသင်းတော်ရဲ့ ကိုယ်စားလှယ်​တစ်ဦး​က အမေ့ကို နှစ်ခြင်း​ထပ်​ပေး​တယ်။ မွေးမြူရေး​ခြံ​နဲ့ အမြဲ​အလုပ်​ရှုပ်​နေတတ်​တဲ့​အဖေဟာ​လည်း နောက်ဆုံး ကျမ်းစာ​သင်အံမှု​မှာ စိတ်ပါ​ဝင်စား​လာပြီး နှစ်​အနည်းငယ်​အကြာမှာ နှစ်ခြင်း​ခံ​လိုက်တယ်။

ဦးဆောင်နေသူ​များ​ကို တွေ့ဆုံ​ခြင်း

၁၉၁၇ ခုနှစ်၊ ဇွန်လ ၁၀ ရက်​နေ့မှာ အဲ့ဒီ​အချိန်​က ကင်းမျှော်စင်​အသင်းရဲ့ ဥက္ကဋ္ဌ​ဖြစ်​တဲ့ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်​ဟာ “နိုင်ငံ​များ အဘယ်ကြောင့် စစ်တိုက်​ကြ​ရသနည်း” အကြောင်းကို ဟောပြောဖို့ အလို​င်ယန့်စ်​မြို့ကို ရောက်​လာတယ်။ ကျွန်မ​အသက် ကိုးနှစ်​ရှိနေပြီး အမေ​အဖေ​တို့​ရ​ယ် မောင်လေး​နှစ်ယောက် ဝီလီ​နဲ့ ချားလ်စ်​တို့​နဲ့​အတူ တက်ရောက်​ခဲ့တယ်။ တက်ရောက်သူ တစ်​ရာ​ကျော်​တယ်။ ညီအစ်ကို​ရပ်သဖော့ဒ် ဟောပြောချက်​ပေး​ပြီး​နောက်​မှာ တက်​ခဲ့​သူ​အများစုက ကိုလံဘီယာ ပြဇာတ်ရုံ​အပြင်ဘက်မှာ ဓာတ်​ပုံ​ရိုက်​ခဲ့​ကြတယ်။ နောက်​တစ်ပတ်​အကြာ အဲ့ဒီ​နေရာမှာပဲ “လာ​လတ္တံ့​သော ဘုရားသခင့်​နိုင်ငံတော်” အကြောင်းကို အေ. အိတ်ခ်ျ. မက်​ခ်မီ​လ​န်​က ဟောခဲ့တယ်။ ကျွန်မ​တို့​ရဲ့​မြို့လေး​ကို အဲ့ဒီ​ညီအစ်ကို​တွေ လာရောက်​လည်ပတ်ခြင်း​ဟာ တကယ့်​အခွင့်ထူးပါပဲ။

အမှတ်တရ အစောပိုင်း စည်းဝေးကြီး​များ

ကျွန်မ​ပထမ​ဆုံး​တက်ရောက်​ခဲ့​တဲ့​စည်းဝေးကြီး​က​တော့ ၁၉၁၈ ခုနှစ်​မှာ​ဖြစ်​ပြီး အလို​င်ယန့်စ်​မြို့​နဲ့ မိုင်​အနည်းငယ်​ကွာဝေး​တဲ့ အို​ဟို​င်း​အိုး​ပြည်နယ်၊ အက်​ဝါ​တာ​မြို့မှာ​ဖြစ်တယ်။ ကျွန်မ နှစ်ခြင်း​ခံ​ဖို့ အသက်​မီ​သလား​ဆိုပြီး အမေက အသင်းမ​ရဲ့​ကိုယ်စားလှယ်​ကို မေး​ပေး​ပါ​တယ်။ ဘုရားသခင်​ရဲ့​အလိုတော်​ဆောင်​ဖို့ ကိုယ်တော်​ထံ​ကျွန်မ​ကိုယ်ကို အခိုင်အမာ​ဆက်ကပ်​အပ်နှံ​ထားပြီ​လို့ ခံစား​ရတဲ့​အတွက် အဲ့ဒီ​နေ့မှာပဲ ပန်းသီး​ခြံ​ကြီး​နားက ချောင်း​ကလေး​မှာ ကျွန်မ​နှစ်ခြင်း​ခံ​ခွင့်​ရခဲ့တယ်။ ညီအစ်ကို​တွေ စီစဉ်​ထား​ပေး​တဲ့ အဝတ်အစား​လဲ​ရုံ​မှာ အဝတ်အစား​လဲ​ပြီး လေးလံ​တဲ့ ည​ဝတ်​အင်္ကျီ​အဟောင်း​နဲ့ နှစ်ခြင်း​ခံ​ခဲ့တယ်။

၁၉၁၉ ခုနှစ်၊ စက်တင်ဘာ​လမှာ မိဘတွေ​နဲ့​အတူ လိ​တ်ခ် အီရီ၊ အို​ဟို​င်း​အိုး​ပြည်နယ်၊ ဆန်​ဒပ်​စ​ကီ​မြို့ကို ရထား​နဲ့​သွားခဲ့​ကြတယ်။ အဲ့ဒီ​ကနေ က​တို့​လှေ​စီး​ပြီး မကြာခင်​မှာပဲ ကျွန်မ​တို့​အမှတ်တရ​ဖြစ်နေ​တဲ့ စည်းဝေးကြီး​ကျင်းပ​မယ့် စီ​ဒါ​ပွိုင့်​မြို့ကို ရောက်​ခဲ့​ကြတယ်။ လှေပေါ်​က ဆင်း​လိုက်တဲ့အခါ ဆိပ်ကမ်း​ပေါ်မှာ နေ့လယ်​စာ​အတွက် ဆိုင်​ငယ်​လေး​ရှိတယ်။ အဲ့ဒီ​တုန်း​က ကျွန်မ​အတွက် မင်း​ပွဲ​စိုး​ပွဲ​ဖြစ်​တဲ့ အသားညှပ်​ပေါင်မုန့်​စား​ခဲ့​ရတယ်။ အရသာ​ရှိ​လိုက်တာ! ရှစ်​ရက်​တာ​ကျင်းပ​တဲ့ ကျွန်မ​တို့​စည်းဝေးကြီး​ရဲ့ အများဆုံး​တက်ရောက်သူ​က​တော့ ၇,၀၀၀ ပါ​ပဲ။ အသံချဲ့စက်​မရှိတဲ့​အတွက် အတော်​ကို ဂရုစိုက်​နားထောင်​ခဲ့​ရတယ်။

အဲ့ဒီ​စည်းဝေးကြီး​မှာ ကင်းမျှော်စင်​ရဲ့​တွဲဖက်​ဖြစ်​တဲ့ ရွှေခေတ် (ယခု နိုးလော့!) အမည်​ရှိ မဂ္ဂဇင်း​ကို ထုတ်ဝေ​လိုက်တယ်။ အဲ့ဒီ​စည်းဝေးကြီး​ကို​တက်​ဖို့ ကျောင်း​ရဲ့ ပထမ​အပတ်​ကို အပျက်​ခံ​လိုက်ရ​ပေမဲ့ အပျက်​ခံရ​ကျိုး​နပ်​ပါ​တယ်။ စီ​ဒါ​ပွိုင့်​မြို့ဟာ အားလပ်ရက်​အပန်းဖြေ​စခန်း​တစ်ခု​ဖြစ်​တော့ လာရောက်​တဲ့​ကိုယ်စားလှယ်​တွေ​အတွက် အစားအသောက်​ပြင်ဆင်​ကျွေးမွေး​တဲ့​စားသောက်​ဆိုင်​မှာ စ​ဖို​မှူး​တွေ​ရှိတယ်။ ဒါပေမဲ့ အကြောင်း​တစ်ခုခု​ကြောင့် စ​ဖို​မှူး​တွေ​နဲ့ စားပွဲထိုး​တွေ သ​ပိတ်​မှော​က်​ကြ​ပြီး အလုပ်​မဆင်း​ကြ​လို့ အစားအစာ​ချက်ပြုတ်​ပြင်ဆင်​တတ်​တဲ့ ခရစ်ယာန်​ညီအစ်ကို​များ​က ဝင်ပြီး ကိုယ်စားလှယ်​တွေ​အတွက် အစားအစာ​တွေ ပြင်ဆင်​ပေး​ခဲ့​ကြတယ်။ အဲ့ဒီ​နောက်ပိုင်း ဆယ်စုနှစ်​တွေ​တစ်လျှောက် ယေဟောဝါ​ရဲ့​လူမျိုးတော်​ဟာ စည်းဝေးကြီး​တွေ​မှာ ကိုယ်တိုင်​ပဲ​အစားအသောက်​ချက်ပြုတ်​ပြင်ဆင်​ကြတယ်။

အများဆုံး​တက်ရောက်သူ ၁၈,၀၀၀ ကျော်​ရှိတဲ့ ၁၉၂၂ ခုနှစ်၊ စီ​ဒါ​ပွိုင့်​မြို့မှာ​ကျင်းပ​တဲ့ ကိုး​ရက်​တာ စည်းဝေးကြီး​ကိုလည်း ကျွန်မ​တို့​ပြန်​တက်ရောက်ခွင့်​ရခဲ့ကြတယ်။ အဲ့ဒီ​စည်းဝေးကြီး​မှာ ညီအစ်ကို ရပ်သဖော့ဒ်​က “ဘုရင်​နှင့် ကိုယ်တော်​၏​နိုင်ငံတော်​ကို ကြေညာ​ကြ၊ ကြေညာ​ကြ၊ ကြေညာ​ကြ” လို့​ကျွန်မ​တို့ကို​တိုက်တွန်း​ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ​ကိုယ်တိုင် လွန်ခဲ့တဲ့​နှစ်တွေ​ကတည်းက ဝေစာတွေ၊ ရွှေခေတ်​မဂ္ဂဇင်း​တွေ​ကို ဖြန့်ဝေ​ရင်း​နဲ့​ဓမ္မ​အမှုကို စ​လုပ်ဆောင်ခဲ့​တာ။

ဓမ္မ​အမှုကို တန်ဖိုး​ထားခြင်း

၁၉၁၈ ခုနှစ် အစောပိုင်းမှာ ဗာဗုလုန်​ကျဆုံး​ခန်း​ဝေစာ​ကို အနီးအနား​က မွေးမြူရေး​ခြံ​တွေ​မှာ လိုက်​ဝေ​တဲ့​အခါမှာ ကျွန်မ​လည်း​ပါ​တယ်။ ရာသီဥတု​က​အေး​လို့ ထင်း​မီးဖို​ပေါ်မှာ ကန့်​ကူ​ဆံ​ကျောက်တုံး​ကို အပူ​ပေး​ပြီး ခြေဖဝါး​တွေ​နွေး​နေ​စေဖို့ မြင်း​လှည်း​ပေါ် ထည့်​ယူသွား​ကြရတယ်။ မြင်း​လှည်း​ပေါ်မှာ အမိုး​အကာ​ပဲ​ရှိပြီး အ​နွေး​ဓာတ်​ပေး​စက်​မရှိတဲ့​အတွက် ထူ​ထဲ​တဲ့ ကုတ်​အင်္ကျီ​တွေ​ဝတ်​ပြီး ဦးထုပ်​တွေ​ဆောင်း​သွား​ကြရတယ်။ ဒါပေမဲ့​လည်း တကယ်​ပျော်စရာ​ကြီး​ပဲ။

၁၉၂၀ ပြည့်နှစ်​မှာ ZG လို့​ခေါ်​တဲ့ ပြီးဆုံးလေသော​နက်နဲရာ စာအုပ်​ကို မဂ္ဂဇင်း​ပုံစံ​နဲ့ အထူးထုတ်​ဝေ​ခဲ့​ကြတယ်။ * အဲ့ဒီ​စာပေ​နဲ့ အလို​င်ယန့်စ်​မြို့မှာ ကျွန်မ​နဲ့ ကျွန်မ​မိဘတွေ​အမှုဆောင်ထွက်​ခဲ့​ကြတယ်။ အဲ့ဒီ​တုန်း​က အိမ်တွေကို တစ်ယောက်တည်း​သွားရတယ်၊ ဒါနဲ့ လူတွေ​အများကြီး​ထိုင်​နေတဲ့ ဆင်ဝင်​ဆီ​ကို စိတ်​တ​ထ​င့်​ထ​င့်​နဲ့ ကျွန်မ​သွားတယ်။ ကျွန်မ​လည်း​ဟော​ပြီး​ရော အမျိုးသမီးကြီး​တစ်ယောက်​က “ဒီ​ကလေး​မ တော်တော်လေး​ဟော​တတ်တာ​ပါ​လား” ဆိုပြီး စာပေ​ကို​ယူ​ထား​လိုက်တယ်။ တစ်အိမ်​မှ​တစ်အိမ် စနစ်တကျ​နဲ့ ကြာကြာ​လေး ကျွန်မ​ဦးဆုံး​အကြိမ်​ဟောခဲ့​တဲ့ အဲ့ဒီ​နေ့မှာ ZG ၁၃ စောင်​ဝေ​ခဲ့​ရတယ်။

ကျွန်မ​ကိုး​တန်း​အရောက်​မှာ အမေက အဆုတ်​ရော​င်​ပြီး တစ်လ​ကျော်​ကျော် အိပ်ရာ​ထဲ​လဲသွား​တယ်။ အငယ်ဆုံး​ညီမလေး ဟေ​ဇဲလ်​က နို့စို့အရွယ်​လေး​ပဲ​ရှိသေး​တော့ မွေးမြူရေး​ခြံ​မှာ​ကူညီ​ဖို့နဲ့ ကလေး​တွေ​ကို ထိန်းပေး​ဖို့ ကျောင်းထွက်​ခဲ့တယ်။ ကျွန်မ​တို့​မိသားစုဟာ ကျမ်းစာ​အမှန်တရားကို အလေးထား​ကြ​လို့ ဒီ​အခြေအနေ​တွေ​ကြား​မှာ အသင်းတော်​အစည်းအဝေး​အားလုံး​ကို မှန်မှန်​တက်​ကြတယ်။

၁၉၂၈ ခုနှစ်၊ ခရစ်တော်​ရဲ့​သေခြင်း​အောက်မေ့ပွဲ တက်ရောက်သူ​အားလုံး​ကို “ကိုးယောက်​သော​သူတို့သည် အဘယ်​မှာ​ရှိကြ​သနည်း” ဝေစာ​ကို ဝေပေး​ခဲ့တယ်။ အဲ့ဒီ​ဝေစာ​က ရောဂါ​ပျောက်​သွားတဲ့ အနူသည်​ဆယ်ယောက်​ထဲ​က တစ်ယောက်တည်း​က အံ့ဖွယ်​နည်းနဲ့​ကုသ​ပေး​မှု​အတွက် ယေရှုကို နှိမ့်​နှိမ့်ချ​ချ​နဲ့​ကျေးဇူး​တင်​ခဲ့​တဲ့​အကြောင်း လုကာ ၁၇:၁၁-၁၉ ပါ​အဖြစ်အပျက်​ကို​ဆွေးနွေး​ထား​တာ။ အဲ့​ဒါက​ကျွန်မ​စိတ်နှလုံး​ကို တကယ်​ထိမိ​သွားတယ်။ ‘ငါ​ကော ဘယ်လောက်​ကျေးဇူး​တင်​တတ်​သလဲ’ ဆိုပြီး​ကိုယ့်​ကိုယ်ကို ပြန်​မေး​မိတယ်။

အခု အိမ်မှာ​အခြေအနေ​တွေ​က​လည်းကောင်း၊ ကျွန်မ​လည်း​ကျန်းမာ​ရေး​ကောင်းပြီး ဘာ​တာဝန်​မှ​လည်း​မရှိတော့ အိမ်ကနေ​ခွဲခွာ​ပြီး အချိန်ပြည့်​ဓမ္မ​အမှုကို​ခေါ်​တဲ့ ရှေ့ဆောင်​လုပ်ငန်း​ဝင်​လုပ်ဖို့​စိတ်​ဆုံးဖြတ်​လိုက်တယ်။ မိဘတွေကလည်း အားပေးတယ်။ ဒါနဲ့ ကျွန်မ​ရဲ့​တွဲဖက် အဲ​ဂ်​န​စ္စ​အ​လီတာ​နဲ့​ကျွန်မ​တို့ ခန့်စာ​ရတာ​နဲ့ ၁၉၂၈ ခုနှစ် ဩဂုတ်​လ ၂၈ ရက်​နေ့၊ ည ၉ နာရီ​မှာ ရထား​ပေါ်​တက်​လိုက်ကြတယ်။ ကျွန်မ​တို့​မှာ အဝတ်အစား​သေတ္တာ​တစ်လုံးစီ​နဲ့ ကျမ်းစာ​စာပေ​တွေ​ထည့်​ဖို့ လွယ်အိတ်​တစ်လုံးစီ​ပဲ​ပါ​ကြတယ်။ ဘူတာရုံ​မှာ ကျွန်မ​ရဲ့​ညီမ​တွေ​နဲ့ မိဘတွေ​ရော ကျွန်မ​တို့​ပါ​ငိုယို​ကြနဲ့​ပေါ့။ အာမဂေဒုန်​နီးနေပြီ​လို့ ကျွန်မ​ယုံတဲ့​အတွက် သူတို့ကို နောက်​ပြန်တွေ့​တော့​မှာ​မဟုတ်ဘူးလို့ ထင်​မိတယ်။ နောက်​တစ်နေ့​မနက်​မှာ ကျွန်မ​တို့​တာဝန်ကျ​တဲ့ ကင်​တပ်​ကီ​ပြည်နယ်၊ ဘ​ရု​ခ်စ်​ဗေးလ်​မြို့ကို ဆိုက်ရောက်​ကြတယ်။

ဘော်ဒါဆောင်​တစ်ခု​မှာ အခန်း​လေး​ငှား​ပြီး ခေါက်ဆွဲ​စည်သွတ်ဘူး​တွေ​ဝယ်၊ အသားညှပ်​ပေါင်မုန့်​တွေ​လုပ်​စား​ကြတယ်။ နေ့တိုင်း တစ်ယောက်​က​အရှေ့ဘက်​ဆို တစ်ယောက်​က အနောက်ဘက်​ကို​သွား​ကြ​ပြီး တစ်ယောက်စီ​ပဲ​အမှုဆောင်​ကြ​ရင်း အိမ်ရှင်​တွေ​ကို စာအုပ်​ငယ်​ငါး​အုပ်​ကို ၁.၉၈ ဒေါ်လာ​နဲ့​ဝေငှကြ​တယ်။ တဖြည်းဖြည်း​နဲ့ မြို့ကို​ပတ်​မိ​သွားပြီး ကျမ်းစာ​ကို တကယ်​စိတ်ဝင်စား​သူတွေ​အများကြီး​နဲ့ တွေ့​တယ်။

သုံးလလောက်​မှာ ဘ​ရု​ခ်စ်​ဗေးလ်​မြို့​နဲ့ ဩ​ဂပ်​စ​တာ​မြို့​တစ်ဝိုက်​မှာ​ရှိတဲ့​လူတိုင်း​ဆီ​ကို ရောက်ခဲ့တယ်။ ဒါနဲ့ မေ​စ်​ဗေးလ်၊ ပဲ​ရ​စ္စ၊ ရ​စ်ခ်ျ​မွန်​မြို့​တွေ​ကို​ဆက်သွား​ပြီး အမှုဆောင်​ကြတယ်။ နောက်​သုံးနှစ်​တာ​ကာလ​အတွင်းမှာ အသင်းတော်​မရှိတဲ့ ကင်​တပ်​ကီ​ပြည်နယ်​က စီရင်​စု​နယ်​အတော်များများကို ပတ်​မိ​ခဲ့တယ်။ တစ်ခါ​တ​လေ တစ်ပတ်၊ တစ်ပတ်​ကျော်​ကျော်​လောက် အို​ဟို​င်း​အိုး​က မိတ်ဆွေတွေနဲ့ ကျွန်မ​တို့​ရဲ့​မိသားစု​တွေ​လည်း ကားမောင်း​လာကြပြီး ဓမ္မ​အမှုမှာ ကျွန်မ​တို့ကို​ဝိုင်းဝန်း​ကူညီပေး​ကြတယ်။

အမှတ်တရ​ဖြစ်သည့် အခြား​စည်းဝေးကြီး​များ

အို​ဟို​င်း​အိုး​ပြည်နယ်၊ ကိုလံဘတ်စ်​မြို့မှာ ၁၉၃၁ ခုနှစ်၊ ဇူလိုင် ၂၄-၃၀ က စည်းဝေးကြီး​ဟာ တကယ့်ကို​အမှတ်တရ​ပဲ။ အဲ့ဒီ​မှာ​ပေါ့ ကျမ်းစာ​အခြေပြု​တဲ့ ယေဟောဝါသက်သေ​များ​ဆို​တဲ့ နာမည်​ကို ကျွန်မ​တို့​ခံယူ​ကြ​မယ်​လို့ ကြေညာ​ခဲ့​တာ။ (ဟေရှာယ ၄၃:၁၂) အဲ့ဒီ​မတိုင်ခင်​တုန်း​က မင်းတို့​ဘာ​ဘာသာ​လဲ​လို့ ကျွန်မ​တို့ကို​မေးတဲ့အခါ “အပြည်ပြည်ဆိုင်ရာ ကျမ်းစာ​ကျောင်းသား​တွေ” လို့​ဖြေ​ခဲ့​ကြတယ်။ ဒါပေမဲ့ ဘာသာရေး​အဖွဲ့​အသီးသီး​နဲ့​ဆက်သွယ်​နေတဲ့ ကျမ်းစာ​ကျောင်းသား​တွေ​အများကြီး​ရှိနေတဲ့​အတွက် အဲ့ဒီ​လို​ပြော​တာ​က ကျွန်မ​တို့​ဘယ်သူ​ဘယ်ဝါ​ဆိုတာ​ကို သိပ်​မသဲကွဲ​စေ​ခဲ့​ဘူး။

ကျွန်မ​ရဲ့​တွဲဖက် အဲ​ဂ်​န​စ္စ​က အိမ်ထောင်ပြု​သွားတော့ ကျွန်မ​မှာ​တစ်ယောက်တည်း​ဖြစ်သွား​တယ်; ဒါ​ကြောင့် ရှေ့ဆောင်​အဖော်​တစ်ယောက်​ရှာနေ​သူတွေ သတ်မှတ်​ထား​တဲ့​နေရာတစ်ခု​မှာ သတင်းပို့​ကြ​ပါ​လို့ ကြေညာ​လိုက်တဲ့အခါ ကျွန်မ​အရမ်းပျော်​သွားတယ်။ အဲ့ဒီ​မှာ ဗဲ​သာ​နဲ့ အဲလ်​စီ ဂါ​တီ၊ ဘက်​စီ အဲ​န်​စ​မီ​ဂါ​တို့​နဲ့ တွေ့ဆုံ​ခဲ့တယ်။ သူတို့မှာ ကား​နှစ်​စီး​ရှိပြီး သူတို့နဲ့​တွဲ​အမှုဆောင်ဖို့ ရှေ့ဆောင် နောက်​တစ်ယောက်ကို ရှာနေ​ကြ​တာ​လေ။ ကျွန်မ​တို့​ဟာ တစ်ခါ​မှ​မတွေ့ဖူး​ကြ​ပေမဲ့ စည်းဝေးကြီး​ကနေ အတူတူ​ထွက်​ခဲ့​ကြတယ်။

နွေ​ရာသီမှာ ပင်​စီ​ဘေး​နီး​ယား​ပြည်နယ်​တစ်ခွင် အမှုဆောင်ခဲ့ကြတယ်။ နောက် ဆောင်း​ရာသီ​နီး​လာတဲ့အခါ ပူနွေး​တဲ့ တောင်ပိုင်း​ပြည်နယ်​တွေ​ဖြစ်​တဲ့ မြောက်​ကယ်ရိုလိုင်း​နာ၊ ဗာဂျီးနီးယား​နဲ့ မေရီလန်း​တို့​မှာ တာဝန်​ခန့်အပ်​ပေးဖို့ ကျွန်မ​တို့​တောင်းဆို​ခဲ့​ကြတယ်။ နွေဦး​ရာသီမှာ မြောက်ပိုင်း​ဒေသ​ကို ကျွန်မ​တို့​ပြန်သွား​ကြတယ်။ ဒါဟာ​အဲ့ဒီ​တုန်း​က ရှေ့ဆောင်​တွေ့​ရဲ့ လုပ်​မြဲ​ထုံးစံ​ပါ။ ၁၉၃၄ ခုနှစ်​မှာ အဲ့ဒီ​လုပ်​မြဲ​ထုံးစံ​ကို လိုက်​ကြ​တဲ့ ဂျွန်​ဘု​သ်​နဲ့ ရူး​ဒေါ့လ်ဖ် အ​ဘူး​လ်​တို့​ဟာ သူတို့နဲ့အတူ ရက်​လ်ဖ် မွိုင်​ယာ​နဲ့ သူ့​ညီ ဝေး​လာ့ဒ်​တို့ကို ကင်​တပ်​ကီ​ပြည်နယ် ဟဲ​ဇာ့​မြို့ကို ခေါ်လာ​ကြတယ်။

ကျွန်မ​နဲ့ ရက်​လ်ဖ်​ဟာ တစ်ခါ​တ​လေ​တွေ့ဆုံ​ခဲ့​ဖူး​ပြီး ၁၉၃၅၊ မေ ၃၀–ဇွန် ၃ အထိ ဝါ​ရှင်​တန် ဒီ.စီ. မှာ​ကျင်းပ​ခဲ့​တဲ့ စည်းဝေးကြီး​မှာ ပို​ပြီး​ရင်းနှီး​လာ​ခဲ့​ကြတယ်။ “အုပ်စုကြီး” ခေါ် “လူအုပ်ကြီး” အကြောင်း ဟောပြောချက်​ပေး​နေတဲ့​အခါမှာ ရက်​လ်ဖ်​နဲ့ ကျွန်မ​ဟာ စည်းဝေးကြီး​ခန်းမ​အပေါ်ထပ်​မှာ အတူ​ထိုင်​နေကြ​တယ်။ (ဗျာဒိတ် ၇:၉-၁၄) အဲ့ဒီ​အချိန်အထိ အုပ်စုကြီး​ထဲ​က​သူတွေဟာ ၁၄၄,၀၀၀ လောက် သစ္စာ​မတည်​ကြည်​ကြ​တဲ့ ကောင်းကင်​အတန်းအစား​ဝင်​တွေ​ဖြစ်တယ်​လို့ ကျွန်မ​တို့ ယုံကြည်ခဲ့​ကြ​တာ။ (ဗျာဒိတ် ၁၄:၁-၃) ဒါ​ကြောင့် အဲ့ဒီ​အုပ်စု​ထဲမှာ ကျွန်မ​မပါ​ချင်​ခဲ့​ဘူး။

အုပ်စုကြီး​ထဲ​က​သူတွေဟာ အာမဂေဒုန်​ကို ကပ်ကျော်​မယ့် သစ္စာ​ရှိတဲ့ မြေကြီး​အတန်းအစား​ဖြစ်တယ်​လို့ ညီအစ်ကို ရပ်သဖော့ဒ်​က ရှင်းပြ​လိုက်တဲ့အခါ အတော်များများ​အံ့သြ​သွား​ကြတယ်။ အဲ့ဒီ​နောက် သူက အုပ်စုကြီး​ဝင်​အားလုံး မတ်တတ်ရပ်​ကြ​ပါ​လို့ ဖိတ်ခေါ်​လိုက်တယ်။ ကျွန်မ​က​တော့ မတ်တတ်​မရပ်ဘူး၊ ဒါပေမဲ့ ရက်​လ်ဖ် က​တော့ မတ်တတ်ရပ်​လိုက်တယ်။ နောက်ပိုင်း​မှ ကျွန်မ​စိတ်​ထဲမှာ ပို​ရှင်း​သ​ထက်​ရှင်း​လာတယ်၊ ဒီလိုနဲ့ ၁၉၃၅ ခုနှစ်​ဟာ ခရစ်တော်​ရဲ့​သေခြင်း အောက်မေ့ရာပွဲ​မှာ အထိမ်းအမှတ်​မုန့်​နဲ့ စပျစ်​ရည်​ကို ကျွန်မ​နောက်ဆုံး​စားသုံး​ခဲ့​တဲ့​နှစ်ပဲ။ ဒါပေမဲ့ အမေကတော့ သူ​သေဆုံး​တဲ့ ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာ​အထိ ဆက်​ပြီး​စားသုံး​သွားခဲ့တယ်။

ထာဝရ​အဖော်

ရက်​လ်ဖ်​နဲ့ ကျွန်မ စာ​နဲ့​အဆက်အသွယ်​အမြဲ​ရှိကြတယ်။ ကျွန်မ​က နယူးယောက်​ပြည်နယ်၊ လိ​တ်ခ် ပ​လဲ​စစ်​ဒ်​မှာ အမှုဆောင်​ပြီး ရက်​လ်ဖ်​က​တော့ ပင်​စီ​ဘေး​နီး​ယား​ပြည်နယ်​မှာ​ဖြစ်တယ်။ ၁၉၃၆ ခုနှစ်​မှာ သူ့​ကား​နဲ့​ဆွဲ​နိုင်​တဲ့ ယာဉ်​နောက်​တွဲ​လေး​ကို ဆောက်​လိုက်တယ်။ အဲ့ဒီ​ယာဉ်​ကို ပင်​စီ​ဘေး​နီး​ယား​ပြည်နယ်၊ ပေါ့​စ​တောင်း​မြို့ကနေ အောက်တိုဘာ ၁၆-၁၈ မှာ စည်းဝေးကြီး​ကျင်းပ​မယ့် န​ယူး​ဂျာ​စီ​ပြည်နယ် န​ယူး​ဝါ့ခ်​မြို့ကို ပြောင်းရွှေ့​လာတယ်။ စည်းဝေး​အစီအစဉ်​အပြီး တစ်​ညနေခင်း​မှာ ကျွန်မ​တို့​ရှေ့ဆောင်​အတော်များများ​က ရက်​လ်ဖ်​ရဲ့ ယာဉ်​နောက်​တွဲ​အသစ်​ကို သွား​ကြည့်​ကြတယ်။ သူနဲ့​ကျွန်မ ယာဉ်​နောက်​တွဲ​ထဲ​က လက်​ဆေး​ဇလုံ​လေး​နား​မှာ​ရပ်နေ​ရင်း “ဒီ​ယာဉ်​နောက်​တွဲ​ကို ကြိုက်​လား” လို့​ကျွန်မ​ကို သူ​မေးတယ်။

ကျွန်မ​ခေါင်းညိတ်​လိုက်တဲ့အခါ “ဒီမှာ နေချင်လား” လို့​သူ​မေး​ပြန်​တယ်။

“နေချင်​တယ်” လို့​ကျွန်မ​ပြန်ဖြေ​လိုက်တဲ့အခါ ကျွန်မ​တစ်သက်​မမေ့နိုင်​တဲ့ ကြင်နာ​အနမ်း​လေး​ပေး​လိုက်တယ်။ တစ်ရက်​နှစ်​ရက်​ကြာ​တော့ လက်ထပ်ခွင့်​လိုင်စင်​ရ​ကြ​ရော။ စည်းဝေးကြီး​အပြီး​နောက်​တစ်နေ့ အောက်တိုဘာ ၁၉ ရက်​နေ့မှာ ဘ​ရွတ်​က​လင်​ကို​သွားပြီး ကင်းမျှော်စင်​အသင်းရဲ့ ပုံနှိပ်​တိုက်​ကို​သွားလည်​ကြတယ်။ အဲ့ဒီ​နောက် ကျွန်မတို့​အတွက် ရပ်ကွက်​ခန့်အပ်​ပေးဖို့ တောင်းခံ​ခဲ့​ကြတယ်။ ဂ​ရ​န့်တ် စူ​တာ​က ရပ်ကွက်​တာဝန်ခံ​ဖြစ်တယ်၊ အဲ့ဒီ​မှာ ဘယ်သူ​အမှုဆောင်မှာ​မို့​လဲ​လို့ သူ​မေးတော့ “ကျွန်တော်​တို့ လက်ထပ်​နိုင်​ရင် အတူတူ​အမှုဆောင်မှာ​ပါ” လို့ ရက်​လ်ဖ်​က​ပြော​တယ်။

“ညနေ ၅ နာရီ​မှာ​ပြန်လာ​ခဲ့​ပါ၊ ကျွန်တော်​တို့ စီစဉ်​ပေး​မယ်” လို့ ညီအစ်ကို စူ​တာ​က ပြန်​ဖြေတယ်။ ဒီလိုနဲ့ အဲ့ဒီ​ညနေ​မှာပဲ ဘ​ရွတ်​က​လင် ဟိုက်​က​သက်သေခံ​တစ်ယောက်​ရဲ့​အိမ်မှာ ကျွန်မ​တို့ လက်ထပ်ခဲ့​ကြတယ်။ စားသောက်​ဆိုင်​တစ်ခု​မှာ မိတ်ဆွေ​တချို့​နဲ့​အတူ စားသောက်​ခဲ့​ကြ​ပြီး ရက်​လ်ဖ်​ရဲ့ ယာဉ်​နောက်​တွဲ​ထား​တဲ့ န​ယူး​ဂျာ​စီ​ပြည်နယ်၊ န​ယူး​ဝါ့ခ်​မြို့ကို လိုင်း​ယာဉ်​စီး​ပြီး ပြန်သွား​ကြတယ်။

အဲ့ဒီ​နောက်​မကြာခင်​မှာပဲ ကျွန်မ​တို့​နှစ်ယောက်​ရဲ့ ဦးဆုံး​ရှေ့ဆောင်​ရပ်ကွက်​ဖြစ်​တဲ့ ဗာဂျီးနီးယား​ပြည်နယ်၊ ဟိသ်​စ​ဗေးလ်​မြို့ကို ခရီးနှင်​ခဲ့​ကြတယ်။ နော့သမ်​ဘာ​လန်း​စီရင်​စု​မှာ အမှုဆောင်​ကြ​ပြီး​နောက် ပင်​စီ​ဘေး​နီး​ယား​ပြည်နယ်၊ ဖူလ်​တန်​နဲ့ ဖရန့်​က​လင်​စီရင်​စု​တွေ​ကို​ဆက်သွား​ပြီး အမှုဆောင်ခဲ့ကြတယ်။ ရက်​လ်ဖ်​ဟာ ၁၉၃၉ ခုနှစ်​မှာ ဇုန်​လုပ်ငန်း​လုပ်ဖို့ ဖိတ်ခေါ်​ခံရ​တဲ့​အတွက် အသင်းတော် တော်​တော်​များများ​ကို အလှည့်ကျ​သွားရောက်​လည်ပတ်​ခဲ့​ရတယ်။ တဲ​နက်​စီ​ပြည်နယ်​က အသင်းတော်​တွေ​မှာ ကျွန်မ​အမှုဆောင်ခဲ့​ကြရတယ်။ နောက်​တစ်နှစ်​မှာ သားလေး အယ်လင်​မွေးလာတဲ့​အတွက် ၁၉၄၁ ခုနှစ်​မှာ ဇုန်​လုပ်ငန်း​ကနေ နား​ခဲ့​ရတယ်။ ဒီလိုနဲ့ အထူး​ရှေ့ဆောင်​တွေ​အဖြစ် ဗာဂျီးနီးယား​ပြည်နယ်၊ မာရီယွန်​မြို့မှာ တာဝန်​ခန့်အပ်​ခံ​ခဲ့​ရတယ်။ အဲ့ဒီ​တုန်း​က​ဆိုရင် ဓမ္မ​အမှုမှာ တစ်လ နာရီ ၂၀၀ သွင်း​ကြရတယ်။

ပြုပြင်​ပြောင်းလဲမှု​များ​ပြုလုပ်ခြင်း

၁၉၄၃ ခုနှစ်​မှာ ကျွန်မ အထူး​ရှေ့ဆောင်​ဓမ္မ​အမှု​လုပ်ငန်း​ကနေ အနားယူ​ဖို့ လိုအပ်​လာတယ်။ ယာဉ်​နောက်​တွဲ​ငယ်​လေး​ထဲမှာနေပြီး ကလေး​တစ်ယောက်ကို ပြုစု​ထိန်းပေး​ရ၊ အစားအစာ​ချက်ပြုတ်​ပြင်ဆင်​ရ၊ ကျွန်မ​တို့အားလုံး​သန့်သန့်ရှင်းရှင်း​ဝတ်စား​ရအောင် လျှော်ဖွပ်​ရတဲ့​အတွက် ဓမ္မ​အမှုမှာ တစ်လ နာရီ ၆၀ သာ​သွင်း​နိုင်​တော့​တယ်။ ဒါပေမဲ့ ရက်​လ်ဖ်​က​တော့ အထူး​ရှေ့ဆောင်​ဆက်​လုပ်တယ်။

၁၉၄၅ ခုနှစ်​မှာ အို​ဟို​င်း​အိုး​ပြည်နယ်၊ အလို​င်ယန့်စ်​မြို့ကို ပြန်ပြောင်း​ကြ​ပြီး ကိုးနှစ်​တိုင် ကျွန်မ​တို့​ရဲ့​အိမ်​ဖြစ်​ခဲ့​တဲ့ ယာဉ်​နောက်​တွဲ​လေး​ကို​ရောင်းပြီး ကျွန်မ​မိဘတွေရဲ့ မွေးမြူရေး​ခြံ​က​အိမ်ကို ပြောင်း​နေထိုင်ခဲ့​ကြတယ်။ အိမ်​ဆင်ဝင်​ရှေ့မှာပဲ သမီးလေး ရေ​ဘက်​ခါ မွေးဖွားခဲ့တယ်။ ရက်​လ်ဖ်​က မြို့ထဲမှာ အချိန်ပိုင်း​အလုပ်​လုပ်ပြီး မှန်မှန်ရှေ့ဆောင် ဆက်လုပ်​ခဲ့တယ်။ မွေးမြူရေး​ခြံ​မှာ ကျွန်မ​အလုပ်လုပ်​ရင်း သူ​ဆက်​ရှေ့ဆောင်​နိုင်​ဖို့ တတ်နိုင်​သလော​က် ကူညီပေး​ခဲ့တယ်။ ကျွန်မ​မိဘတွေက မြေကွက်​တစ်​ကွက်​နဲ့ အိမ်တစ်လုံး အလကား​ပေး​ပေမဲ့လည်း ရက်​လ်ဖ်​က မယူ​ဘူး။ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ပြည့်ဝ​သ​ထက်​ပြည့်​အောင်​လုပ်ဆောင်​နိုင်​ဖို့ တာဝန်​အပို​တွေ​မရှိဘဲ ဆက်နေ​ချင်​တယ်။

၁၉၅၀ ပြည့်နှစ်​မှာ ပင်​စီ​ဘေး​နီး​ယား​ပြည်နယ်၊ ပေါ့​စ​တောင်း​မြို့ကို ပြန်ပြောင်း​ပြီး တစ်လ ၂၅ ဒေါ်လာ​နဲ့ အိမ်တစ်လုံး​ငှား​လိုက်တယ်။ နောက်​အနှစ် ၃၀ ကျော်​အထိ အိမ်ငှားခ​က ၇၅ ဒေါ်လာ​အထိ​ပဲ တက်​ခဲ့တယ်။ ယေဟောဝါ​က ကျွန်မ​တို့​ရဲ့​ဘဝကို ရိုးရှင်း​နေရ​အောင် ကူမ​ပေး​နေတယ်လို့ ခံစား​မိ​ကြရတယ်။ (မဿဲ ၆:၃၁-၃၃) ရက်​လ်ဖ်​က ဆံပင်​ညှပ်သ​မား​အဖြစ် တစ်ပတ် သုံးရက်​အလုပ်လုပ်တယ်။ ကျွန်မ​တို့​ရဲ့​ရင်သွေး​နှစ်ယောက်​နဲ့​အတူ အပတ်စဉ် ကျမ်းစာ​လေ့လာ၊ အသင်းတော်​အစည်းအဝေးတွေ​တက်၊ မိသားစု​လိုက် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို ကြေညာ​ကြတယ်။ ရက်​လ်ဖ်​က ဒေသခံ​အသင်းတော်မှာ ဦးစီး​ကြီးကြပ်မှူး​ဖြစ်တယ်။ ကျွန်မ​တို့​ရဲ့​အသက်တာကို ရိုးရှင်း​အောင်​ထား​ကြ​လို့ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်မှာ များများ​ပါဝင်​နိုင်​ခဲ့​ကြတယ်။

ကျွန်မ ချစ်​ရသော​အိမ်ထောင်ဖက် ဆုံးပါးခြင်း

၁၉၈၁ ခုနှစ်၊ မေလ ၁၇ ရက်​နေ့မှာ လူထု​ဟောပြောချက်​တစ်ခု​ကို ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​မှာ ကျွန်မ​တို့​ထိုင်ပြီး​နားထောင်​နေကြ​တယ်။ ရက်​လ်ဖ်​က နေထိုင်​မကောင်း​ဖြစ်လာ​ပြီး ခန်းမ​နောက်ဘက်​ကို သွား​လိုက်တယ်၊ သူ​အိမ်ပြန်​သွားပြီ​လို့​ဆို​တဲ့ စာတိုလေး​ကို ဧည့်ကြို​တစ်ယောက်​က ကျွန်မ​ဆီ​ယူလာ​ပေး​တယ်။ ရက်​လ်ဖ်​ဟာ ဒီလို​တစ်ခါ​မှ မလုပ်ဖူးတဲ့​အတွက် အိမ်ကို​ချက်ချင်း​ကားမောင်း​ပို့​ပေးဖို့ အကူအညီ​တောင်း​ခဲ့တယ်။ နာရီ​ပိုင်း​အတွင်းမှာပဲ ပြင်းထန်​တဲ့​လေသင်တုန်း​ဖြတ်​ပြီး ရက်​လ်ဖ်​ဆုံးသွား​ရှာတယ်။ အဲ့ဒီ​နေ့​မနက် ကင်းမျှော်စင်​သင်တန်း​အပြီးမှာ သူ​ဆုံးသွား​ပြီ​ဖြစ်​ကြောင်း အသင်းတော်ကို ကြေညာ​လိုက်တယ်။

အဲ့ဒီ​လမှာ ရက်​လ်ဖ်​ဟာ ဓမ္မ​အမှုမှာ နာရီ ၅၀ ကျော်​တောင်​ပါဝင်​ထားပြီး​နေပြီ။ ရှေ့ဆောင်​တစ်ယောက်​အဖြစ် အချိန်ပြည့်​လုပ်ငန်းမှာ ၄၆ နှစ်​ကျော်​လုပ်ခဲ့တယ်။ လူ​အ​ယောက် တစ်​ရာ​ကျော်​ကို ကျမ်းစာ​သင်ပေးခဲ့​ပြီး နောက်ဆုံး​မှာ သူတို့​နှစ်ခြင်း​ခံ​ယေဟောဝါသက်သေ​တွေ​ဖြစ်လာ​ကြတယ်။ ကျွန်မ​တို့​ရရှိခဲ့တဲ့ ဝိညာဉ်​ရေး​ကောင်းချီး​တွေ​ဟာ နှစ်များ​တစ်လျှောက် ကျွန်မ​တို့​အနစ်နာခံ​စွန်လွှတ်​ခဲ့​သမျှ အကျိုး​အများကြီး​နပ်​ပါ​တယ်။

ရရှိတဲ့​အခွင့်အရေးတွေ​အတွက် ကျေးဇူး​အထူး​တင်

လွန်ခဲ့တဲ့ ၁၈ နှစ်​အတွင်း ကျွန်မ​တစ်ယောက်တည်း​နေပြီး အစည်းအဝေးတွေ​တက်၊ အခြားသူ​တွေ​ကို တတ်နိုင်​သမျှ​ဟောပြော၊ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာ​နေတယ်။ ခု​တော့ သက်ကြီးရွယ်အို​များ​အတွက် ပင်စင်​စား​များ​ရဲ့​ဂေဟာ​မှာ ကျွန်မ​နေထိုင်တယ်။ ပရိဘောဂ​အနည်းငယ်​ပဲ​ထားပြီး ရုပ်မြင်သံကြား​မထားဘူး။ ဒါပေမဲ့ ကျွန်မ​ရဲ့​ဘဝဟာ ပြည့်စုံ​ပြီး ဝိညာဉ်​ရေး​ဘက် ကုံလုံ​ကြွယ်ဝ​နေပါတယ်။ ကျွန်မ​ရဲ့​မိဘတွေ​နဲ့ မောင်​နှစ်ယောက်​ဟာ သေ​တဲ့​အထိ​သစ္စာရှိ​သွား​ကြတယ်၊ ကျွန်မ​ရဲ့ ညီမ​နှစ်ယောက်​လည်း အမှန်တရား​လမ်းမှာ ဆက်​ပြီး​သစ္စာရှိ​လျက်​ပါ။

ကျွန်မ​ရဲ့​သား​အယ်လင်​ဟာ ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​ဖြစ်နေ​တဲ့​အတွက် ဝမ်းသာ​မိ​ပါ​တယ်။ နိုင်ငံတော်​ခန်းမ​နဲ့ စည်းဝေးကြီး​ခန်းမ​တွေ​မှာ နှစ်ချီ​ပြီး အသံချဲ့စက်​တွေ​ကို သူ​တပ်ဆင်​ပေး​ခွင့်​ရခဲ့ပြီး နွေ​ရာသီ​စည်းဝေးကြီး​တွေ​မှာ အသံချဲ့စက်​တပ်ဆင်​ပေး​ရေး​ဌာန​မှာ​ပါဝင်​ခဲ့​ပါ​တယ်။ သူ့ရဲ့​ဇနီး​လည်း ဘုရားသခင်​ရဲ့ သစ္စာရှိ​ကျေးကျွန်​တစ်ယောက်​ဖြစ်​ပြီး သူတို့ရဲ့​သား​နှစ်ယောက်​လည်း အကြီးအကဲ​တွေ​ဖြစ်​ကြတယ်။ ကျွန်မ​ရဲ့​သမီး ရေ​ဘက်​ခါ ကာ​ရီး​စ်​လည်း ဘ​ရွတ်​က​လင်​ရှိ ယေဟောဝါသက်သေ​များ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​မှာ လေးနှစ်​အမှုဆောင်ခဲ့တဲ့​အချိန်​အပါအဝင် အချိန်ပြည့်​ဓမ္မ​အမှုမှာ ၃၅ နှစ်​ကျော်​ပါဝင်​ခဲ့​ပါ​ပြီ။ သူတို့​ဇနီး​မောင်နှံဟာ အမေရိကန်​ပြည်ထောင်စု​ရဲ့ ဒေသ​အသီးသီး​မှာ နယ်လှည့်​လုပ်ငန်း​ကို လွန်ခဲ့တဲ့ ၂၅ နှစ်လုံး​လုံး လုပ်ဆောင်ခဲ့​ကြ​ပါ​တယ်။

ဘုရားသခင့်​နိုင်ငံတော်​ဟာ ရှာတွေ့နိုင်​တဲ့ ဝှက်ထား​တဲ့​ဘဏ္ဍာ​နဲ့​တူတယ်​လို့ ယေရှု​မိန့်ကြား​ခဲ့​ပါ​တယ်။ (မဿဲ ၁၃:၄၄) ကျွန်မ​ရဲ့​မိသားစုဟာ လွန်ခဲ့တဲ့​နှစ်တွေ​က အဲ့ဒီ​ဘဏ္ဍာ​ကို တွေ့ရှိ​ခဲ့လို့ ကျေးဇူး​တင်​မိ​ပါ​တယ်။ ဘုရားသခင့်​အမှုတော်ကို လွန်ခဲ့တဲ့ အနှစ် ၈၀ ကျော်​ဆောင်ရွက်​ခွင့်​ရခဲ့တဲ့​အချိန်ကို ပြန်ပြောင်း​ကြည့်​ရင် အခွင့်ထူး​ကြီး​ပဲ—ဝမ်းနည်းစရာ​အကြောင်း ဘာ​တစ်ခု​မျှ​လည်း​မရှိပါဘူး! ကျွန်မ​ဘဝကို ပြန်​စ​ခွင့်​ရမယ်​ဆိုရင် ဒီအတိုင်းပဲ​အသက်ရှင်​မှာ​ပါ၊ ဘာကြောင့်​လည်း​ဆိုတော့ ‘ဘုရားသခင်​ရဲ့ ကရုဏာတော်​ဟာ အသက်​ထက်​သာ၍​တကယ်​ကောင်း’ တဲ့​အတွက်​ဖြစ်ပါ​တယ်။—ဆာလံ ၆၃:၃

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 17 ပြီးဆုံးလေသော​နက်နဲရာ​စာစောင်​သည် ကျမ်း​စာစောင်​များ​မှ လေ့လာ​စ​ရာ​များ​အမည်​ရှိ စာအုပ်​တွဲ​များ​မှ သတ္တမ​အတွဲ​ဖြစ်​ပြီး ပထမ ခြောက်​တွဲ​ကို ချားလ်စ် တေ​ဇ် ရပ်စဲ​လ်​က ရေးသားခဲ့​သည်။ ပြီးဆုံးလေသော​နက်နဲရာ​ကို ရပ်စဲ​လ်​သေဆုံး​ပြီး​နောက်​မှ ပုံနှိပ်​ထုတ်ဝေ​ခဲ့​သည်။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

၁၉၁၇ ခုနှစ် အို​ဟို​င်း​အိုး​ပြည်နယ်၊ အလို​င်ယန့်စ်​မြို့တွင် ညီအစ်ကို ရပ်သဖော့ဒ်​၏​ဟောပြောချက်ကို ကျွန်မ​တို့​ကြားနာ​ခဲ့​ရ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ရက်​လ်ဖ်​ဆောက်လုပ်​ခဲ့​သည့် ယာဉ်​နောက်​တွဲ​ရှေ့ တူ​နှစ်​ကိုယ်

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ယနေ့ ကျွန်မ​ရင်သွေး နှစ်ယောက်​နှင့်အတူ