ကျွန်ုပ်တို့ကို ယေရှုခရစ် ကူညီနိုင်ပုံ
ကျွန်ုပ်တို့ကို ယေရှုခရစ် ကူညီနိုင်ပုံ
ယေရှုခရစ် မြေကြီးပေါ်ရှိစဉ် လူတို့ကို ကူညီပေးရန်ပြုလုပ်ခဲ့သမျှသည် အံ့သြဖွယ်ကောင်းလှပေသည်။ ယင်းသည် အလွန်မှန်ကန်သဖြင့် ယေရှုဘဝ၏ဖြစ်ရပ်များစွာကို ပြန်ဖော်ပြပြီးနောက် မျက်မြင်သက်သေတစ်ဦးက ဤသို့ပြောပြခဲ့သည်– “သူ၏သက်သေခံချက်မှန်သည်ကို ငါတို့သိကြ၏။ ယေရှုပြုတော်မူသော အခြားအမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆံ့နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” (ယောဟန် ၂၁:၂၅) ကမ္ဘာမြေကြီးပေါ်တွင် ယေရှု များစွာလုပ်ဆောင်ခဲ့ခြင်းကြောင့် ကျွန်ုပ်တို့ ဤသို့မေးကြပေမည်– ‘ကိုယ်တော်သည် ကောင်းကင်တွင် ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်မည်နည်း။ ယေရှု၏သနားကြင်နာမှုမှ ယခု ကျွန်ုပ်တို့အကျိုးရနိုင်ကြသလော။’
အဖြေမှာ တကယ်ဝမ်းသာအားရစရာဖြစ်သည်။ သမ္မာကျမ်းစာက ခရစ်တော်သည် “ငါတို့အတွက်ကြောင့် ယခု ဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ၊ ကောင်းကင်ကိုယ်ထဲသို့ဝင်တော်မူပြီ” ဟုဆိုသည်။ (ဟေဗြဲ ၉:၂၄) ကျွန်ုပ်တို့အတွက် အဘယ်အရာပြုပေးခဲ့သနည်း။ တမန်တော်ပေါလုက ဤသို့ရှင်းပြသည်– “[ခရစ်တော်သည်] ငါတို့အဖို့ ထာဝရရွေးနုတ်ခြင်းကျေးဇူးကိုခံရ၍ ဆိတ်အသွေး၊ နွားကလေးအသွေးနှင့်မဟုတ်၊ မိမိအသွေးတော်နှင့်သန့်ရှင်းရာဌာန [“ကောင်းကင်”] ထဲသို့ တစ်ခါတည်းဝင်တော်မူ၏” ဟူ၍ရှင်းပြခဲ့သည်။—ဟေဗြဲ ၉:၁၂; ၁ ယောဟန် ၂:၂။
ယင်းသည် သတင်းကောင်းပါတကား! လူတို့အတွက် ယေရှုပြုတော်မူသောအံ့ဖွယ်အမှုအဆုံးသတ်သွားမည့်အစား ကိုယ်တော်ကောင်းကင်တက်ကြွခြင်းက လူသားတို့အတွက် သာ၍ပြုလုပ်ပေးနိုင်စွမ်းရှိစေသည်။ အကြောင်းမှာ ဘုရားသခင်၏ကြီးမားလှသောမခံစားထိုက်သည့် ကရုဏာတော်အားဖြင့် “ကောင်းကင်ဘုံ၌ တန်ခိုးအာနုဘော်တော်၏ပလ္လင်လက်ယာဘက်မှာထိုင်နေတော်မူ” သည့် “ဘုရားဝတ်ကိုပြုသောသူ”—ယဇ်ပုရောဟိတ်မင်း—အဖြစ်တာဝန်ထမ်းဆောင်ရန်ယေရှုကိုကိုယ်တော်ခန့်အပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။—ဟေဗြဲ ၈:၁၊ ၂။
“လူထုအကျိုးဆောင်”
သို့ဖြစ်၍ ကောင်းကင်တွင် ယေရှုသည် လူသားတို့အတွက် လူထုအကျိုးဆောင်ဖြစ်ပေမည်။ ရှေးဣသရေလတို့၏အချိန်က ဘုရားသခင်အားဝတ်ပြုသူများအတွက် ဣသရေလယဇ်ပုရောဟိတ်မင်းကြီး ဆောင်ရွက်ခဲ့ရသောလုပ်ငန်းမျိုးကို ကိုယ်တော်ဆောင်ရွက်ရပေလိမ့်မည်။ ထိုလုပ်ငန်းကား အဘယ်နည်း။ ပေါလုက ဤသို့ရှင်းပြသည်– “ယဇ်ပုရောဟိတ်မင်းမည်သည်ကား၊ ပူဇော်သကာနှင့်ယဇ်ကိုပူဇော်စေခြင်းငှာ ခန့်ထားလျက်ရှိသည်ဖြစ်၍၊ ငါတို့ယဇ်ပုရောဟိတ်မင်း (တက်ကြွသွားသောယေရှုခရစ်) သည်လည်း ပူဇော်စရာယဇ်တစ်စုံတစ်ခုရှိရ၏။”—ဟေဗြဲ ၈:၃။
ယေရှုသည် ရှေးဣသရေလယဇ်ပုရောဟိတ်မင်းကြီးထက် အဆပေါင်းများစွာသာလွန်သည့်အရာကို ပူဇော်ခဲ့ရသည်။ “နွားအသွေး၊ ဆိတ်အသွေး” သည် ရှေးဣသရေလလူတို့ကို အတိုင်းအတာတစ်ခုအထိ ဝိညာဉ်ရေးသန့်ရှင်းမှုရှိစေနိုင်ခဲ့လျှင် “ခရစ်တော်၏အသွေးသည်၊ သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍၊ . . . အသက်ရှင်တော်မူသောဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ . . . ကိုယ်ကိုကိုယ်သိသောစိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော။”—ဟေဗြဲ ၉:၁၃၊ ၁၄။
ယေရှုသည် မသေနိုင်သောအဖြစ်ကိုပေးသနားခံရသောကြောင့် ထူးချွန်သောလူထုအကျိုးဆောင်တစ်ဦးလည်းဖြစ်သည်။ ရှေးဣသရေလနိုင်ငံတွင် ယဇ်ပုရောဟိတ်များသည် “သေရသောကြောင့် အစဉ်မတည်နိုင်သည်ဖြစ်၍” ထိုအရာကိုဆက်ခံရသူ “အများရှိရကြ၏။” သို့သော် ယေရှုနှင့်ပတ်သက်၍ အသို့နည်း။ ပေါလုက ဤသို့ရေးထားသည်– “ယေရှုမူကား . . . မပြောင်းမလဲသောယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။ ထို့ကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကို ကိုယ်တော်သည်စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကိုအစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။” (ဟေဗြဲ ၇:၂၃-၂၅; ရော) မှန်ပါသည်၊ ကောင်းကင်တွင် ဘုရားသခင့်လက်ယာဘက်၌ ‘ကျွန်ုပ်တို့အတွက်အသနားခံပေးသည့် ကာလအစဉ်အသက်ရှင်တော်မူသော လူထုအကျိုးဆောင်တစ်ပါး’ ရှိသည်။ ယင်းက ယခု ကျွန်ုပ်တို့အတွက် အဘယ်အဓိပ္ပာယ်ရှိကြောင်း စဉ်းစားကြည့်ပါ! မ ၆:၉
ယေရှု မြေကြီးပေါ်ရှိစဉ်က လူတို့သည် အကူအညီရဖို့အတွက် ကိုယ်တော်ထံစုရုံး၍လာခဲ့ကြသည်၊ သူတို့သည် ကိုယ်တော်၏ထောက်မမှုကို ရရှိနိုင်ရန် ရံဖန်ရံခါ ဝေးလံသောနေရာအထိ ခရီးဆန့်ခဲ့ကြသည်။ (မဿဲ ၄:၂၄၊ ၂၅) လူမျိုးအားလုံးမှသူတို့သည် ယေရှုထံချဉ်းကပ်နိုင်ဖို့ ကောင်းကင်တွင် ကိုယ်တော်အသင့်ရှိလေသည်။ ကိုယ်တော်သည် လူထုအကျိုးဆောင်တစ်ဦးအဖြစ် ကောင်းကင်အမြင့်အရပ်မှနေ၍ အစဉ်အမြဲကူညီရန် အသင့်ရှိတော်မူသည်။
ယေရှုသည် မည်သို့သောယဇ်ပုရောဟိတ်ဖြစ်သနည်း
ခရစ်ဝင်ကျမ်းမှတ်တမ်းများတွင် ရေးဆွဲထားသော ယေရှုခရစ်တော်၏ရုပ်လုံးက ကိုယ်တော်၏မစကူညီမှု၊ သနားကြင်နာမှုနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို သံသယကင်းဝေးစေသည်။ ကိုယ်တော်သည် တကယ်ပင်ကိုယ်ကျိုးစွန့်ခဲ့လေခြင်း! တစ်ကြိမ်ထက်မက ကိုယ်တော်နှင့် ကိုယ်တော့်တပည့်တော်များသည် လိုအပ်သည့်အနားယူဖို့ ကြိုးစားအားထုတ်နေကြချိန်၌ နှောင့်ယှက်ခံခဲ့ရသည်။ ကိုယ်တော်သည် အဖိုးတန်လှသည့်ငြိမ်သက်မှုကို လက်လွတ်ဆုံးရှုံးလိုက်ရ၏ဟု ခံစားရမည့်အစား မိမိ၏ကူညီထောက်မမှုကို ရှာဖွေကြသောသူတို့အပေါ် “သနားသောစိတ်” ဖြစ်ပေါ်ခဲ့သည်။ ယေရှုသည် မောပန်းနွမ်းနယ်၊ ဆာလောင်၍ ရေငတ်နေလင့်ကစား “ထိုလူများကိုလက်ခံတော်မူလျက်” စိတ်ရိုးဖြောင့်သောအပြစ်သားများကို ကူညီခွင့်ရမည်ဆိုလျှင် အစာပင်မစားဘဲနေရန် တလိုတလားရှိခဲ့၏။—မာကု ၆:၃၁-၃၄; လုကာ ၉:၁၁-၁၇; ယောဟန် ၄:၄-၆၊ ၃၁-၃၄။
သနားခြင်းစိတ်စေ့ဆော်မှုနှင့်အညီ ယေရှုသည် လူတို့၏ကာယရေး၊ စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်ရေးလိုအပ်ရာများကို ဖြည့်ဆည်းပေးရန် လက်တွေ့ကျနည်းလမ်းများကို အသုံးပြုခဲ့သည်။ (မဿဲ ၉:၃၅-၃၈; မာကု ၆:၃၅-၄၄) ထိုထက်မက တည်မြဲသောသက်သာမှုနှင့် နှစ်သိမ့်မှုရရှိရန် ကိုယ်တော်သွန်သင်ပေးခဲ့သည်။ (ယောဟန် ၄:၇-၃၀၊ ၃၉-၄၂) ဥပမာ၊ ကိုယ်တော်တိုင်၏ ဤဖိတ်ခေါ်ချက်သည် တကယ်စွဲမက်ဖွယ်ကောင်းလိုက်လေခြင်း– “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကိုရလိမ့်မည်။”—မဿဲ ၁၁:၂၈၊ ၂၉။
လူတို့အပေါ် ယေရှု၏မေတ္တာသည် အလွန်ကြီးမားလှသဖြင့် အဆုံးတွင် အပြစ်သားတစ်ရပ်လုံးအတွက် မိမိ၏အသက်ကိုပေးဆက်ခဲ့သည်။ (ရောမ ၅:၆-၈) ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ဆင်ခြင်ခဲ့သည်– “မိမိ [ယေဟောဝါဘုရားသခင်] သားတော်ရင်းကိုမနှမြောဘဲ၊ ငါတို့ရှိသမျှအဖို့အလို့ငှာ စွန့်တော်မူသောသူသည်၊ သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း။ . . . အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏လက်ယာတော်ဘက်၌နေလျက်၊ ငါတို့အဖို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။”—ရောမ ၈:၃၂-၃၄။
ထောက်ထားစာနာနိုင်သော ယဇ်ပုရောဟိတ်မင်းကြီး
လူသားတစ်ဦးအနေဖြင့် ယေရှုသည် ဆာလောင်ခြင်း၊ ရေငတ်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ စိတ်ထိခိုက်ခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းကို ကြုံတွေ့ခဲ့ရသည်။ ကိုယ်တော်ခံရပ်တော်မူခဲ့သော ဖိစီးမှုနှင့် ဖိအားပေးမှုတို့က ဝေဒနာခံစားနေရသောလူသားတို့အတွက် ယဇ်ပုရောဟိတ်မင်းအဖြစ်တာဝန်ထမ်းဆောင်ရန် ထူးခြားသောနည်းလမ်းဖြင့် ကိုယ်တော့်ကိုပြင်ဆင်ပေးခဲ့သည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “[ယေရှုသည်] လူတို့၏အပြစ်ဖြေစရာအကြောင်းကိုစီရင်၍၊ ဘုရားသခင်နှင့်စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှာ မိမိ ‘ညီအစ်ကိုတို့’ နှင့်လုံးလုံးတူရသောအကြောင်းရှိ၏။ ထိုသို့ စုံစမ်းနှောင့်ယှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ . . . ဆင်းရဲခြင်း၌ကျင်လည်သောကြောင့်၊ စုံစမ်းနှောင့်ယှက်ခြင်းအမှုနှင့်တွေ့ကြုံသောသူတို့ကို မစခြင်းငှာတတ်နိုင်တော်မူ၏။”—ဟေဗြဲ ၂:၁၇၊ ၁၈; ၁၃:၈။
ယေရှုသည် လူတို့ကို ဘုရားသခင်ထံချဉ်းကပ်စေခြင်းငှာ အရည်အချင်းပြည့်မီ၍ ကူညီလိုစိတ်ရှိသောသူဖြစ်ကြောင်း ဖော်ပြခဲ့ပြီ။ ထို့ကြောင့် ကိုယ်တော်သည် ခက်ထန်၍ ကရုဏာကင်းမဲ့သည့် ခွင့်လွှတ်ရန်နှောင့်နှေးသော ဘုရားသခင်တစ်ပါးကို ဖျောင်းဖျနေရသည်ဟု ဆိုလိုခြင်းလော။ လုံးဝမဟုတ်ပါ၊ အကြောင်းမှာ သမ္မာကျမ်းစာက “[“ယေဟောဝါ၊” ကဘ] သည် ကောင်းသောသဘော၊ သည်းခံတတ်သောသဘောနှင့်ပြည်စုံ” တော်မူ၏ဟု အာမခံသည်။ ဤသို့လည်းဆိုသည်– “ကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” (ဆာလံ ၈၆:၅; ၁ ယောဟန် ၁:၉) အမှန်မှာ၊ ယေရှု၏ကြင်နာသောစကားများနှင့် အပြုအမူများက ခမည်းတော်၏ ထောက်ထားစာနာမှု၊ သနားကြင်နာမှုနှင့် မေတ္တာကို ရောင်ပြန်ဟပ်ပြခြင်းဖြစ်သည်။—ယောဟန် ၅:၁၉; ၈:၂၈; ၁၄:၉၊ ၁၀။
နောင်တယူသောအပြစ်သားများကို ယေရှု မည်သို့သက်သာစေတော်မူသနည်း။ ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် စိတ်ရင်းမှန်သူတို့၏ကြိုးပမ်းမှုများ၌ ပျော်ရွှင်မှုနှင့် ကျေနပ်ရောင့်ရဲမှုကိုရရှိဖို့ သူတို့ကို ကူညီပေးခြင်းအားဖြင့်ဖြစ်သည်။ ဘိသိက်ခံခရစ်ယာန်ချင်းတို့ထံ စာရေးရာတွင် ဤသို့ပြောဆိုခြင်းအားဖြင့် အခြေအနေကို ပေါလုအကျဉ်းချုပ်ဖော်ပြသည်– “ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းကြီးတည်းဟူသော ဘုရားသခင်၏သားတော်ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌တည်ကြည်ကြကုန်အံ့။ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်[မကောင်းမှု] အပြစ်နှင့်ကင်းလွတ်တော်မူ၏။ ထို့ကြောင့်၊ ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော်လျော်သောမစခြင်းကျေးဇူးတော်ကိုလည်းကောင်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။”—ဟေဗြဲ ၄:၁၄-၁၆။
“တော်မှန်သောအချိန်တွင် အကူအညီ”
သို့သော် ကျွန်ုပ်တို့ဖြေရှင်းနိုင်သည်ထက် သာ၍ကြီးမားသည်ဟုယူမှတ်ရသောပြဿနာများ—အပြင်းအထန်ဖျားနာခြင်း၊ အပြစ်၏ကျိုးပဲ့ကြေမွသောဝန်၊ စိတ်ပျက်အားလျော့မှုလွှမ်းမိုးခံရခြင်းနှင့် စိတ်ဓာတ်ကျဆင်းခြင်းကို ထိပ်တိုက်ရင်ဆိုင်ကြရသည့်အခါ ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်နိုင်ကြသနည်း။ ယေရှုကိုယ်တော်တိုင် အမြဲပင်အားထားတော်မူခဲ့သည့် တန်ဖိုးရှိလှသောဆုတောင်းခြင်းအခွင့်ထူးဖြစ်သည့် အထူးပြင်ဆင်ပေးရာကို ကျွန်ုပ်တို့အသုံးပြုနိုင်ကြသည်။ ဥပမာ၊ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကိုမပေးဆက်မီညက “အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း။” (လုကာ ၂၂:၄၄) မှန်ပါသည်၊ အလွန့်အလွန်စိတ်အားထက်သန်စွာဖြင့် ဘုရားသခင်ထံဆုတောင်းရသည့်ခံစားချက်ကို ယေရှုသိတော်မူ၏။ ကိုယ်တော်သည် “ကြီးစွာသော ကြွေးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့် ဆုတောင်း . . . သဖြင့် ဘုရားသခင်ကိုကြောက်ရွံ့သောသဘောကြောင့် နားညောင်းတော်မူခြင်းကိုခံ” ခဲ့ရသည်။—ဟေဗြဲ ၅:၇၊ ၈၊ သမ္မာ။
လူတို့သည် “နားညောင်းတော်မူခြင်းကိုခံရ” ၍ အားပေးခံရသည့်အခါ မည်မျှခွန်အားရကြောင်းကို ယေရှုသိတော်မူသည်။ (လုကာ ၂၂:၄၃) ထိုမျှမက ကိုယ်တော်က ဤသို့ကတိပေးတော်မူခဲ့သည်– “သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ခမည်းတော်မှာဆုတောင်းသမျှတို့ကို ခမည်းတော်သည်ပေးတော်မူမည်။ . . . သင်တို့သည်ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာတောင်းကြလော့။ ထိုသို့တောင်းလျှင်ရကြလိမ့်မည်။” (ယောဟန် ၁၆:၂၃၊ ၂၄) သို့ဖြစ်၍ ဘုရားသခင်သည် ကိုယ်တော့်သားတော်၏အခွင့်အာဏာနှင့် ရွေးနုတ်ဖိုး၏တန်ဖိုးကို ကျွန်ုပ်တို့အကျိုးအတွက် အသုံးပြုခွင့်ပေးပါရန် ယုံကြည်စိတ်ချစွာ အသနားခံနိုင်ကြသည်။—မဿဲ ၂၈:၁၈။
ယေရှုသည် ကိုယ်တော်၏ကောင်းကင်အခွင့်အာဏာဖြင့် သင့်လျော်သောအချိန်တွင် တော်မှန်သည့်အကူအညီ ပေးလိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ကြသည်။ ဥပမာ၊ ကျွန်ုပ်တို့ကျူးလွန်မိသည့်အပြစ်တစ်ခုအတွက် စိတ်ရင်းမှန်ဖြင့်နောင်တယူလျှင် “ဖြောင့်မတ်တော်မူသောအရှင် ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏” ဟူသောအာမခံချက်မှ နှစ်သိမ့်၁ ယောဟန် ၂:၁၊ ၂) ကောင်းကင်ရှိ ကျွန်ုပ်တို့ကိုကူညီမစ၍ နှစ်သိမ့်မှုပေးရှင်သည် ကျွန်ုပ်တို့အဖို့ အသနားခံပေးသည့်အတွက် ကိုယ်တော်၏နာမတော်ကိုအမှီပြုပြီး သမ္မာကျမ်းစာနှင့်အညီတောင်းသော ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ဖြေကြားပါလိမ့်မည်။—ယောဟန် ၁၄:၁၃၊ ၁၄; ၁ ယောဟန် ၅:၁၄၊ ၁၅။
မှုရယူနိုင်သည်။ (ခရစ်တော်၏ကူညီပေးမှုအတွက် ကျေးဇူးတင်လေးမြတ်မှု ပြသခြင်း
ကိုယ်တော်၏သားတော်မှတစ်ဆင့် ဘုရားသခင်ထံ တိုးလျှိုးတောင်းပန်ခြင်းထက်မက သာ၍အကျုံးဝင်သည်။ ကိုယ်တော့်ရွေးနုတ်ဖိုးပူဇော်သကာ၏ တန်ဖိုးဖြင့် ‘ခရစ်တော်ရွေးနုတ်’ ထားရာ ကိုယ်တော်သည် လူသားမျိုးနွယ်ကို “ဝယ်ယူတော်မူသောအရှင်” ဖြစ်လေသည်။ (ဂလာတိ ၃:၁၃; ၄:၅; ၂ ပေတရု ၂:၁) ကျွန်ုပ်တို့အတွက် ခရစ်တော်ပြုလုပ်ပေးခဲ့ရာအားလုံးကို ကျေးဇူးတင်လေးမြတ်ကြောင်း၊ ကျွန်ုပ်တို့သည် ကိုယ်တော့်ပိုင်ဆိုင်ရာဖြစ်ကြောင်း အသိအမှတ်ပြု၍ ကိုယ်တော်၏ဤဖိတ်ခေါ်ချက်ကို ဝမ်းမြောက်စွာတုံ့ပြန်ခြင်းအားဖြင့် တင်ပြနိုင်ကြပါသည်– “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” (လုကာ ၉:၂၃) ‘ကိုယ်ကိုကိုယ်ငြင်းပယ်ခြင်း’ သည် ပိုင်ရှင်ပြောင်းလဲသွားခြင်းကို နှုတ်ဖြင့်ပြောဆိုရုံသက်သက်မျှမဟုတ်ချေ။ အမှန်မှာ “အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့်အသေခံပြီးမှ ထမြောက်တော်မူသော” ခရစ်တော်၏ “အလိုသို့လိုက်၍” အသက်ရှင်ကြရမည်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅) သို့ဖြစ်၍ ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်လေးမြတ်မှုရှိခြင်းက ကျွန်ုပ်တို့၏အမြော်အမြင်၊ ပန်းတိုင်များနှင့် ဘဝပုံစံကို အကျိုးများစွာသက်ရောက်စေပါလိမ့်မည်။ ‘ကျွန်ုပ်တို့အတွက် ကိုယ်ကိုကိုယ်စွန့်တော်မူသော ခရစ်တော်ယေရှု’ ကို ကျွန်ုပ်တို့ထာဝစဉ်အကြွေးတင်နေကြခြင်းက ကိုယ်တော်နှင့် ကိုယ်တော်ချစ်မြတ်နိုးတော်မူသော ယေဟောဝါဘုရားသခင်နှင့် ကျွန်ုပ်တို့သာ၍ရင်းနှီးကျွမ်းဝင်ရန် စေ့ဆော်ခံရသင့်သည်။ ယုံကြည်ခြင်းတိုးများလာပြီး ဘုရားသခင်၏အကျိုးဖြစ်ထွန်းစေသောစံနှုန်းများအတိုင်း အသက်ရှင်ရန်နှင့် “ကောင်းသောအကျင့်ဘက်၌စိတ်အားကြီး” နေရန်လည်း လှုံ့ဆော်ခံရသင့်သည်။—တိတု ၂:၁၃၊ ၁၄; ယောဟန် ၁၇:၃။
ခရစ်ယာန်အသင်းတော်သည် အချိန်တန်အစာ၊ အားပေးမှုနှင့် လမ်းညွှန်မှုတို့ရရှိသည့်နေရာဖြစ်၏။ (မဿဲ ၂၄:၄၅-၄၇; ဟေဗြဲ ၁၀:၂၁-၂၅) ဥပမာ၊ တစ်ဦးတစ်ယောက်သည် ဝိညာဉ်ရေးတွင်ဖျားနာနေလျှင် “သင်းအုပ် [ခန့်အပ်ခံအကြီးအကဲများ] တို့ကိုခေါ် . . . ကြစေ။” ယာကုပ်က ထပ်ဆင့်၍ဤသို့အာမခံထားသည်– “ထိုသို့ပြုလျှင်၊ ယုံကြည်ခြင်း [“ဆုတောင်းချက်၊” ကဘ] သည်လူနာကိုကယ်ဆယ်၍၊ သခင်ဘုရားသည် သူ့ကိုထမြောက်စေတော်မူမည်။ သူသည်အပြစ်ပြုမိသော်လည်း ထိုအပြစ်ကိုလွှတ်တော်မူမည်။”—ယာကုပ် ၅:၁၃-၁၅။
သာဓကအနေဖြင့် တောင်အာဖရိကတွင် ထောင်ကျနေသူတစ်ဦးသည် အသင်းတော်တစ်ခုရှိအကြီးအကဲများထံသို့ “ဘုရားသခင့်နိုင်
ငံတော်နှင့်ပတ်သက်၍ လူတို့ကို ကြိုးစားကူညီပေးရာ၌ ယေရှုခရစ်၏မိန့်မှာချက်အတိုင်း လုပ်ငန်းမွန်ကိုလုပ်ဆောင်နေကြသည့် ယေဟောဝါသက်သေအားလုံး” ကို ကျေးဇူးတင်လေးမြတ်ကြောင်း စာရေးအကြောင်းကြားခဲ့သည်။ ထို့နောက် သူကဤသို့ရေးသားခဲ့သည်– “သင့်ထံမှ စာကိုလက်ခံရရှိသည့်အတွက် ကျွန်တော် အကြီးအကျယ်ဝမ်းသာခဲ့သည်။ ကျွန်တော်၏ဝိညာဉ်ရေးအတွက် သင့်စိုးရိမ်ပူပန်မှုက ကျွန်တော့်ကို နက်နက်ရှိုင်းရှိုင်းထိမိခဲ့သည်။ ကျွန်တော်နောင်တယူရန် ယေဟောဝါဘုရားသခင်၏ဖိတ်ခေါ်သံကို ဂရုစိုက်ဖို့ အကြောင်းပိုများလာပါပြီ။ ကျွန်တော်သည် အပြစ်၊ ကောက်ကျစ်စဉ်းလဲမှု၊ ဥပဒေနှင့် ငြိစွန်းမှုများ၊ အကျင့်ပျက်ပြားမှုများနှင့် အမှားအမှန်ဝေခွဲမရသောဘာသာရေးများ၏ အမှောင်ထုထဲတွင် ၂၇ နှစ်လုံးလုံး ခြေချော်၍ လမ်းပျောက်နေခဲ့သည်။ ယေဟောဝါသက်သေများအကြောင်း ကြားသိပြီးသည့်အချိန်မှစ၍ ကျွန်တော်သည် အခုမှလမ်းမှန်ကို တွေ့ပြီဟုခံစားမိသည်! ကျွန်တော်လုပ်ရမည်မှာ ထိုအတိုင်းလိုက်ဖို့သာကျန်တော့သည်။”မဝေးတော့သည့်အနာဂတ်တွင် နောက်ထပ်အကူအညီ
ယိုယွင်းပျက်စီးနေသော ကမ္ဘာ့အခြေအနေများက ကျွန်ုပ်တို့သည် ‘ကြီးစွာသောဆင်းရဲခြင်း’ သို့ဦးတည်နေသော အရေးကြီးသည့်အချိန်၌ အသက်ရှင်နေကြကြောင်း ထင်ရှားပါသည်။ ယခုတွင်ပင် အသီးသီးဘာသာစကားတို့ကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ လူအုပ်ကြီးသည် “မိမိတို့ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ဖြူစေ” နေကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၃၊ ၁၄; ၂ တိမောသေ ၃:၁-၅) ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာ၌ ယုံကြည်ခြင်းအားဖြင့် သူတို့သည် အပြစ်လွှတ်ခြင်းခံကြရပြီး ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိရန် ကူညီပေးခြင်းခံနေကြရသည်—အမှန်မှာ၊ ကိုယ်တော်၏မိတ်ဆွေများ ဖြစ်လာကြသည်။—ယာကုပ် ၂:၂၃။
သိုးသငယ် ယေရှုခရစ်သည် “သူတို့ [ကြီးစွာသောဆင်းရဲမှ လွတ်မြောက်လာသူများ] ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။” (ဗျာဒိတ် ၇:၁၇) ထိုအခါ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် မိမိ၏တာဝန်ကိုအပြည့်အဝထမ်းဆောင်ပေလိမ့်မည်။ ကိုယ်တော်သည် ဘုရားသခင်၏မိတ်ဆွေအားလုံးကို “အသက်စမ်းရေတွင်း” မှ ဝိညာဉ်ရေး၊ ကာယရေး၊ စိတ္တရေးနှင့် စိတ်လှုပ်ရှားမှုဘက်ဆိုင်ရာ အကျိုးကျေးဇူးများ အပြည့်အဝရရှိစေရန် ကူညီပေးပါလိမ့်မည်။ စီ.အီး. ၃၃ ခုနှစ်တွင် ယေရှုစတင်ခဲ့ပြီး ကောင်းကင်မှဆက်လက်၍ဆောင်ရွက်နေသောလုပ်ငန်းကို ပြည့်ဝစုံလင်သည့်အထိ ဆောင်ရွက်သွားပေမည်။
သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် ဘုရားသခင်နှင့် ခရစ်တော်ပြုလုပ်ပေးခဲ့သမျှ—ပြုလုပ်ပေးနေသည့်—အရာအားလုံးအတွက် ကျေးဇူးတင်လေးမြတ်မှုကို ဘယ်တော့မျှမလျှော့ပေါ့စေပါနှင့်။ တမန်တော်ပေါလုက ဤသို့တိုက်တွန်းခဲ့သည်– “သခင်ဘုရား၌အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ . . . အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်း . . . သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင်မလိမ့်မည်။”—ဖိလိပ္ပိ ၄:၄၊ ၆၊ ၇။
ကောင်းကင်တွင်ရှိသော ကျွန်ုပ်တို့ကိုကူညီပေးသည့်အရှင် ယေရှုခရစ်အား ကျေးဇူးတင်လေးမြတ်ကြောင်းပြသရန် ထူးခြားသောနည်းလမ်းတစ်ရပ် ရှိသည်။ ၂၀၀၀ ပြည့်နှစ်၊ ဧပြီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ နေဝင်ပြီးချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ခရစ်တော်၏သေခြင်းကို သတိရအောက်မေ့ပွဲကျင်းပရန် စုရုံးကြပေလိမ့်မည်။ (လုကာ ၂၂:၁၉) ခရစ်တော်၏ရွေးနုတ်ဖိုး ပူဇော်သကာအတွက် သင်၏ကျေးဇူးတင်လေးမြတ်မှု တိုးပွားလာစေရန် ထိုအချိန်တွင် အခွင့်အရေးရပေလိမ့်မည်။ ခရစ်တော်မှတစ်ဆင့် ကယ်တင်ခြင်းရရန် ဘုရားသခင်၏အံ့ချီးဖွယ်အစီအစဉ်သည် သင့်ကို မည်သို့ထာဝစဉ်အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်မည့်အကြောင်း လာရောက်ကြားနာရန် နွေးထွေးလှိုက်လှဲစွာ သင့်အားဖိတ်ခေါ်ပါသည်။ ဤအထူးအစည်းအဝေး၏အချိန်နှင့် နေရာအတိအကျကိုသိရှိရန် ကျေးဇူးပြု၍ ဒေသခံယေဟောဝါသက်သေများနှင့် ဆက်သွယ်မေးမြန်းပါ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ဘုရားသခင်ထံ ထက်သန်စွာဆုတောင်းခြင်း၏ခံစားချက်ကို ယေရှုသိတော်မူ၏
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့တစ်ဦးတည်းကိုင်တွယ်နိုင်သည်ထက် သာ၍ကြီးမားသောပြဿနာများကို ဖြေရှင်းနိုင်ဖို့ ခရစ်တော်ကူညီပေးလိမ့်မည်
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
မေတ္တာပြည့်ဝသော အကြီးအကဲများအားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့ကိုကူညီပေးသည်