စီနီဂဲလ်နိုင်ငံတွင် ခရစ်ယာန်မျှော်လင့်ချက်ကိုဝေမျှခြင်း
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြ
စီနီဂဲလ်နိုင်ငံတွင် ခရစ်ယာန်မျှော်လင့်ချက်ကိုဝေမျှခြင်း
ရှေးအချိန်ကတည်းက ငါးသည် အဓိကစားကုန်ဖြစ်ခဲ့သည်။ နှစ်ပေါင်းထောင်နှင့်ချီ၍ လူတို့သည် ကမ္ဘာ့ပင်လယ်များ၊ ကန်များနှင့် မြစ်များတွင် ငါးဖမ်းခဲ့ကြ၏။ ယေရှုခရစ်၏တမန်တော်အချို့သည် ဂါလိလဲပင်လယ်မှ တံငါသည်များဖြစ်ခဲ့ကြသည်။ သို့သော် ယေရှုသည် သူတို့ကို ငါးဖမ်းခြင်းနောက်တစ်မျိုး သင်ပေးခဲ့သည်။ ၎င်းသည် တံငါသည်များကိုသာမက ငါးကိုလည်းအကျိုးရှိစေမည့် ဝိညာဉ်ရေးငါးဖမ်းခြင်းဖြစ်သတည်း!
ယင်းနှင့်ပတ်သက်၍ ယေရှုသည် တံငါသည်ပေတရုကို “သင်သည် ယခုမှစ၍ လူတို့ကိုဖမ်းမိသောသူဖြစ်လိမ့်မည်” ဟုပြောခဲ့သည်။ (လုကာ ၅:၁၀) ဤငါးဖမ်းခြင်းမျိုးကို ယနေ့ စီနီဂဲလ်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၃၀ ကျော်တွင် လုပ်ဆောင်လျက်ရှိသည်။ (မဿဲ ၂၄:၁၄) ဤနေရာတွင် မျက်မှောက်ခေတ် ‘လူကိုဖမ်းသောတံငါသည်များ’ သည်သူတို့၏ခရစ်ယာန်မျှော်လင့်ချက်ကို အခြားသူများအား ရဲရင့်စွာဝေမျှကြ၏။—မဿဲ ၄:၁၉။
စီနီဂဲလ်သည် အာဖရိက၏အနောက်ဘက်အစွန်ဆုံးနေရာတွင် တည်ရှိသည်။ ဤနိုင်ငံသည် မြောက်ဘက်ရှိ ဆာဟာရနယ်စပ်ဒေသသဲကန္တာရမှ တောင်ဘက်ရှိ ကာဇာမာန်စ်ဒေသ၏စိုစွတ်သောသစ်တောအထိ ကျယ်ပြန့်သည်။ စီနီဂဲလ်သည် အတ္တလန်တိတ်မှ အေးမြလတ်ဆတ်သော လေပြေလေညင်းများအပြင် ကန္တာရမှ ခြောက်သွေ့သောလေများတိုက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဤတွင် လူဦးရေကိုးသန်းကျော် နေထိုင်ကြသည်။ စီနီဂဲလ်နိုင်ငံသားများ၏ဧည့်ဝတ်ကျေပွန်မှုကို လူသိများကြ၏။ အများစုက ခရစ်ယာန်များဟု အခေါ်မခံကြချေ။ လူအများသည် သိုးထိန်းများဖြစ်ကြစဉ် အခြားသူများမှာ နွား၊ ကုလားအုတ်နှင့် ဆိတ်များကို ထိန်းကျောင်းကြသူများဖြစ်ကြ၏။ ဤတွင် မြေပဲ၊ ဝါနှင့် ဆန်စပါးတို့ကိုစိုက်ပျိုးသော လယ်သမားများလည်းရှိကြသည်။ ထို့ပြင် နိုင်ငံတစ်လျှောက်တွင် ကွေ့ကောက်စီးဆင်းနေသော မြစ်ကြီးများနှင့် အတ္တလန်တိတ်သမုဒ္ဒရာတို့မှ ပိုက်ကွန်အပြည့် ငါးဖမ်းလာသော တံငါသည်များရှိကြသည်။ ငါးဖမ်းလုပ်ငန်းသည် စီနီဂဲလ်၏စီးပွားရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်။ မှန်ပါသည်၊ ကျော်ကြားသောတိုင်းရင်းသားအစားအစာမှာ ဆန်၊ ငါးနှင့် ဟင်းသီးဟင်းရွက်တို့ကို ရောချက်ထားသည့် ချီဘ် ဂျင်န် ဖြစ်သည်။
‘လူကိုဖမ်းသောတံငါသည်များ’
စီနီဂဲလ်တွင် ဘုရားသခင့်နိုင်ငံတော်အကြောင်း စိတ်အားထက်သန်စွာဟောပြောသူ ၈၆၃ ရှိသည်။ ထိုတွင် ဝိညာဉ်ရေးငါးဖမ်းခြင်းကို ၁၉၅၀ ပြည့်လွန်နှစ်အစောပိုင်းတွင် စတင်ခဲ့၏။ ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးကို ၁၉၆၅ ခုနှစ်တွင် ဒါကာမြို့၌ ဖွင့်လှစ်ခဲ့သည်။ ခရစ်ယာန်သာသနာပြု “တံငါသည်များ” သည် ဝေးလံသောနိုင်ငံများမှ စတင်ရောက်ရှိလာခဲ့ကြသည်။ “ငါးဖမ်းခြင်း” လုပ်ငန်းကို စတင်ခဲ့ပြီးနောက် စီနီဂဲလ်တွင် ခရစ်ယာန်မျှော်လင့်ခြင်းကို ဝေမျှခြင်းသည် ရှေ့သို့မှန်မှန်တိုးတက်ခဲ့သည်။ နောက်ဆုံးတွင် ဌာနခွဲရုံးသစ်ကို ဒါကာမြို့စွန်း အာလ်မားဒါယ်စ်အရပ်တွင် တည်ဆောက်ခဲ့ပြီး ၁၉၉၉၊ ဇွန်လ၌ ယေဟောဝါထံအပ်နှံခဲ့၏။ တကယ်ပျော်ရွှင်စရာအချိန်ပါတကား!
အမှန်တရားကို လက်ခံခြင်း၏စိန်ခေါ်မှု
နောက်ခံအမျိုးမျိုးမှလူတို့နှင့် အဆက်အသွယ်မှန်မှန်ပြုလုပ်ခဲ့ရာ အချို့သည် ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် တွေ့ ရှိရသောမျှော်လင့်ချက်သတင်းတရားကို တလိုတလားလက်ခံခဲ့ကြ၏။ လူအများ၌ ကျမ်းစာအသိပညာမရှိကြသော်လည်း သစ္စာရှိရှေးပရောဖက်တို့ကို ယေဟောဝါဘုရားသခင်ပြုခဲ့သောကတိတော်များသည် မကြာမီ ပြည့်စုံတော့မည်ဖြစ်ကြောင်းကို သိရှိရ၍ သူတို့ပျော်ရွှင်ကြသည်။
အထူးသဖြင့် မိသားစုရိုးရာဓလေ့ထုံးစံများ ပတ်သက်လာလျှင် ခရစ်ယာန်မူများကို အခိုင်အမာဆုပ်ကိုင်ထားရန် တစ်ခါတစ်ရံ သတ္တိရှိဖို့လိုသည်။ ဥပမာ၊ စီနီဂဲလ်တွင် မိန်းမအများယူစနစ်ကို အနှံ့အပြားကျင့်သုံးလျက်ရှိကြသည်။ ကျမ်းစာသင်အံမှုစတင်ပြုလုပ်ချိန်တွင် မိန်းမနှစ်ယောက်ရှိသောသူ၏အဖြစ်အပျက်ကို သုံးသပ်ကြည့်ပါ။ သူသည် ခရစ်ယာန်အမှန်တရားကို သတ္တိရှိရှိလက်ခံပြီး မိန်းမတစ်ယောက်သာရှိရမည်ဟူသော ကျမ်းစာတောင်းဆိုချက်အတိုင်း ပြုမူမည်လော။ (၁ တိမောသေ ၃:၂) ထို့ပြင် သူသည် ပထမဆုံးလက်ထပ်ခဲ့သောအမျိုးသမီးဖြစ်သည့် သူငယ်ရွယ်စဉ်ကဇနီးကို ဆက်ပေါင်းသင်းမည်လော။ ထိုအတိုင်း သူပြုလုပ်ခဲ့ပြီး ယခု ဒါကာမြို့ရှိ အသင်းတော်ကြီးတစ်ခုတွင် ဇွဲရှိသောအကြီးအကဲတစ်ဦးအဖြစ် အမှုထမ်းလျက်ရှိသည်။ သူ၏ပထမဇနီးမှကလေး ၁၀ ယောက်၊ ယခင် ဒုတိယဇနီးမှကလေး ၂ ယောက် စုစုပေါင်းကလေး ၁၂ ယောက်တို့နှင့်အတူ ပထမဇနီးသည်လည်း အမှန်တရားကို လက်ခံခဲ့ကြ၏။
ခရစ်ယာန်မျှော်လင့်ချက်ကိုလက်ခံရန် နောက်အတားအဆီးတစ်ခုမှာ စာမတတ်ခြင်းဖြစ်ပေမည်။ ယင်းကြောင့် စာမတတ်သူတစ်ဦးသည် အမှန်တရားကို လက်ခံပြီးကျင့်သုံးနိုင်ခြင်းမရှိဟု ဆိုလိုပါသလော။ လုံးဝမဆိုလိုပါ။ ကလေးငယ်ရှစ်ယောက်ရှိသော အလုပ်ကြိုးစားသည့်မိခင် မာရီ၏နမူနာကို သုံးသပ်ကြည့်ပါ။ သူသည် ကလေးငယ်များ ကျောင်းမသွားမီနှင့် သူအလုပ်မသွားမီ နေ့စဉ် ကလေးများနှင့်အတူ ကျမ်းချက်တစ်ချက်ကို ဆွေးနွေးခြင်း၏အရေးကြီးမှုကို ချက်ချင်းသိမြင်ခဲ့သည်။ သို့သော် သူသည် စာမတတ်သည့်အတွက် ၎င်းကို မည်သို့ပြုလုပ်နိုင်မည်နည်း။ နံနက်တိုင်းစောစောစီးစီး သမ္မာကျမ်းစာကို နေ့
စဉ်စေ့စေ့ကြည့်ရှုခြင်း စာအုပ်ကိုယူကာ အိမ်ရှေ့သဲလမ်းပေါ်မှာ သူရပ်နေခဲ့သည်။ လူများဖြတ်သွားသောအခါ ဖတ်ပြနိုင်မည်လားဟု အကူအညီတောင်းဆိုသည်။ ဖတ်ပြနိုင်သူကို တွေ့သောအခါ စာအုပ်ကိုလှမ်းပေးပြီး ထက်သန်စွာဖြင့် “ကျွန်မစာမဖတ်တတ်လို့၊ ဒီနေ့ ဒီအပိုဒ်ကို ကျေးဇူးပြု၍ ကျွန်မကိုဖတ်ပြပေးနိုင်မလား” ဟုပြောခဲ့သည်။ ဖတ်ပြနေသည်ကို ဂရုတစိုက်နားထောင်လေသည်။ ထို့နောက်ကျေးဇူးတင်စကားပြောဆိုပြီး ကလေးများ ကျောင်းမသွားမီ သူတို့နှင့်အတူ ဤအပိုဒ်ကိုအပြန်အလှန်ဆွေးနွေးရန် အိမ်ထဲသို့ အလျင်အမြန်ပြန်ဝင်သွားသည်!လူမျိုးအပေါင်းတုံ့ပြန်
စီနီဂဲလ်နိုင်ငံတွင် လမ်းများပေါ်၌ ငါး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးတို့ကို ထိုင်ရောင်းနေသူများ သို့မဟုတ် လှပခန့်ညားသည့် ဗေအိုဗတ်အပင်အောက်တွင် လဲလျောင်း၍ အတာယာဟုခေါ်သော လက်ဖက်ရည်ခါးကို သောက်နေသူများအား တွေ့ ရှိရမည်။ ညီအစ်ကိုနှစ်ဦးသည် သူတို့နှင့်တွေ့ဆုံသူအားလုံးကို သတင်းကောင်းဟောပြောရန် ဆုံးဖြတ်ထားကြရာ လမ်းပေါ်တွင် တောင်းစားနေသည့်ဒုက္ခိတတစ်ဦးနှင့် စကားပြောခဲ့သည်။ သူ့ကိုနှုတ်ဆက်ပြီးနောက် သူတို့က “လူတွေ ခင်ဗျားကို ပိုက်ဆံပေးကြပေမဲ့ ရပ်ပြီးစကားမပြောကြဘူး။ ခင်ဗျားအနာဂတ်နဲ့ပတ်သက်ပြီး အရမ်းအရေးကြီးတဲ့အကြောင်းပြောပြဖို့ ကျွန်တော်တို့လာခဲ့ကြတာ” ဟုပြောဆိုသည်။ သူတောင်းစားမှာ အံ့သြသွား၏။ “ခင်ဗျားကို မေးခွန်းတစ်ခုမေးချင်တယ်” ဟုညီအစ်ကိုများက ဆက်ပြောသည်။ “ကမ္ဘာပေါ်မှာ ဒီလောက်တောင် ဒုက္ခတွေများနေရတာ ဘာကြောင့်ဖြစ်တယ်လို့ ခင်ဗျားထင်သလဲ။” “ဘုရားသခင်အလိုတော်ကြောင့်ပဲ” ဟုသူတောင်းစားက ပြန်ဖြေခဲ့၏။
ထို့နောက် ညီအစ်ကိုများသည် သူ့ကို ကျမ်းစာဖြင့်ဆင်ခြင်သုံးသပ်ပြကာ ဗျာဒိတ် ၂၁:၄ ကိုရှင်းပြ၏။ ဤသူတောင်းစားသည် မျှော်လင့်ချက်သတင်းတရားနှင့် တစ်ဦးတစ်ယောက်သည် ရပ်ပြီးကျမ်းစာအကြောင်းဆွေးနွေးလောက်အောင် မိမိကိုစိတ်ဝင်စားခြင်းအား လွန်စွာစွဲမှတ်သွားသည်။ မျက်ရည်ကျလာသည်။ သူသည် ညီအစ်ကိုများထံမှ ပိုက်ဆံတောင်းမည့်အစား သူတောင်းထားသမျှ ပိုက်ဆံအားလုံးကိုယူသွားရန် အနူးအညွတ်တောင်းပန်ခဲ့သည်! လမ်းသွားလမ်းလာသူများ စိတ်ဝင်စားစရာဖြစ်သွားသည့်အထိ သူအတင်းအကျပ်ပေးကမ်းခဲ့သည်။ ညီအစ်ကိုများသည် ခက်ခက်ခဲခဲပင် ပိုက်ဆံမယူလိုကြောင်း သူ့ကို ဖျောင်းဖျခဲ့ကြရ၏။ နောက်ဆုံးတွင် သူသဘောတူလိုက်သော်လည်း မိမိထံပြန်လည်ပတ်ရန် တောင်းဆိုခဲ့သည်။
ထို့ပြင် ဒါကာတက္ကသိုလ်ကြီးကလည်း ဝိညာဉ်ရေးပိုက်ကွန်တွင် ဖမ်းမိသူများကို တိုးစေသည်။ ထိုတွင် ဇာန် လူဝီအမည်ရှိသော ဆေးကျောင်းသားတစ်ဦးသည် ကျမ်းစာကို စတင်လေ့လာခဲ့၏။ အမှန်တရားကို သူအလျင်အမြန်လက်ခံ၍ ယေဟောဝါထံ သူ့အသက်တာကို ဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံခဲ့သည်။ သူ၏ဆန္ဒမှာ အချိန်ပြည့်ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်၍ ဘုရားသခင့်အမှုတော်ကို ဆောင်ရန်ဖြစ်သည်၊ ဆေးပညာလေ့လာမှုကိုလည်း သူနှစ်သက်၏။ သူ၏နိုင်ငံနှင့်စာချုပ်ချုပ်ထားသောကြောင့် အဆုံးထိလေ့လာသင်ကြားရန် တာဝန်ရှိခဲ့သည်။ သို့တိုင် တစ်ချိန်တည်း၌ပင် အရန်ရှေ့ဆောင်လုပ်ခဲ့သည်။ အရည်အချင်းပြည့်မီသောသမားတော်အဖြစ် ဒီပလိုမာရရှိပြီးနောက်မကြာမီ အာဖရိကရှိ ဗေသလအိမ်တစ်ခုတွင် မိသားစုဆရာဝန်အဖြစ် အမှုထမ်းဆောင်ရန် ဖိတ်ခေါ်ခံခဲ့ရသည်။ ဒါကာတက္ကသိုလ်တွင် တွေ့ဆုံခဲ့သော အခြားလူငယ်တစ်ဦးသည်လည်း ယခု သူ၏နိုင်ငံမှ ဗေသလမိသားစုနှင့်အတူ အမှုထမ်းဆောင်နေပြီ။
စီနီဂဲလ်နိုင်ငံတွင် ဝိညာဉ်ရေးငါးဖမ်းရကျိုးနပ်သည်မှာ အမှန်ပင်။ ယေဟောဝါသက်သေများ၏ ကျမ်းစာစာပေကို များစွာတန်ဖိုးထားကြ၏၊ ယခု ဒေသခံဝိုလို့ဖ်ဘာသာစကားဖြင့် ထုတ်ဝေလျက်ရှိနေပြီ။ မိခင်ဘာသာစကားဖြင့် သတင်းကောင်းကိုကြားရခြင်းကြောင့် ရိုးသားဖြောင့်မတ်သောနှလုံးရှိသူများစွာတို့သည် ကျေးဇူးတင်စွာဖြင့်တုံ့ပြန်ရန် လှုံ့ဆော်ခံခဲ့ကြရ၏။ စီနီဂဲလ်နိုင်ငံမှစိတ်အားထက်သန်သည့် ‘လူကိုဖမ်းသောတံငါသည်များ’ သည်သစ္စာရှိရှိ ရဲရင့်စွာဖြင့် ခရစ်ယာန်မျှော်လင့်ချက်ကို ဆက်၍ဝေမျှနေကြရာတွင် ယေဟောဝါ၏ကောင်းချီးခံစားရ၍ ပုံဆောင်ငါးများစွာကို ဖမ်းမိနိုင်ကြမည်မှာ ယုံမှားဖွယ်မရှိချေ။
[စာမျက်နှာ ၃၁ ပါ မြေပုံ/ ရုပ်ပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
စီနီဂဲလ်နိုင်ငံ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
စီနီဂဲလ်နိုင်ငံတွင် ခရစ်ယာန်မျှော်လင့်ချက်ကိုဝေမျှခြင်း
[Credit Line]
Mountain High Maps® Copyright © 1997 Digital Wisdom, Inc.