တည့်မတ်ပေးခြင်းကိုခံယူသော စံထားအပ်သူတစ်ဦး
တည့်မတ်ပေးခြင်းကိုခံယူသော စံထားအပ်သူတစ်ဦး
“ဇမ်ဘီယာမိကျောင်းများသည် တစ်လလျှင် လူ ၃၀ စားသည်။” လွန်ခဲ့သောနှစ်အနည်းငယ်က အာဖရိကန်သတင်းစာတစ်စောင်တွင် ထိုသို့ဖော်ပြခဲ့သည်။ လေ့လာမှုအတွက် ဤတွားသွားတိရစ္ဆာန်များကိုဖမ်းခဲ့သော သတ္တပညာရှင်တစ်ဦး၏အဆိုအရ “မိကျောင်းတစ်ကောင်ကိုဖမ်းဖို့ လူ ၁၂ ယောက်လိုသည်။” သန်မာသောအမြီး၊ ဧရာမပါးစပ်ကြောင့် မိကျောင်းသည် ကြောက်စရာကောင်းသောတိရစ္ဆာန်ဖြစ်နိုင်သတည်း!
မိကျောင်းကို “လဝိသန်” ဟုရည်ညွှန်းကာ ဖန်ဆင်းရှင်သည် မိမိ၏ကျွန်ယောဘကို အရေးကြီးသောသင်ခန်းစာပေးရန် ဤ “သားရဲတကာတို့၏ဘုရင်” ကိုအသုံးပြုခဲ့ကြောင်းထင်ရှားသည်။ (ယောဘ ၄၁:၁၊ ၃၄၊ သမ) ထိုအဖြစ်အပျက်သည် အာရေဗျမြောက်ပိုင်းတစ်နေရာရာ ဖြစ်နိုင်ဖွယ်ရှိသည့် ဥဇပြည်တွင် လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ ခန့်ကဖြစ်ပျက်ခဲ့၏။ ဘုရားသခင်သည် ဤသတ္တဝါကိုဖော်ပြစဉ် “သူ့ကိုနှိုးဆော်ခြင်းငှာ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့မှာအဘယ်သူရပ်နိုင်သနည်း” ဟုယောဘကိုမိန့်ဆိုသည်။ (ယောဘ ၄၁:၁၀) မှန်လိုက်လေခြင်း! မိကျောင်းကို ကျွန်ုပ်တို့ကြောက်လျှင် ၎င်းကိုဖန်ဆင်းခဲ့သူကို ဆန့်ကျင်ပြောဆိုရန် သာ၍ကြောက်သင့်သည်တကား! ယောဘသည် မိမိ၏အမှားကို ဝန်ခံခြင်းအားဖြင့် ဤသင်ခန်းစာကို လေးမြတ်သဘောပေါက်ကြောင်းတင်ပြခဲ့၏။—ယောဘ ၄၂:၁-၆။
ယောဘအကြောင်းပြောသောအခါ စမ်းသပ်မှုကိုခံရပ်တည်ကြည်ခဲ့သော သူ၏သစ္စာရှိပုံသက်သေကို မှတ်မိပေမည်။ (ယာကုပ် ၅:၁၁) အမှန်မှာ၊ ယေဟောဝါသည် ယောဘ၏သစ္စာရှိမှုကို အကြီးအကျယ်မစမ်းသပ်မီကတည်းက သူ့ကိုသဘောကျနှစ်သက်ခဲ့သည်။ ထိုအချိန်က ဘုရားသခင်၏အမြင်တွင် “မြေကြီးပေါ်မှာ သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်။” (ယောဘ ၁:၈) ယင်းသို့ပြုခြင်းဖြင့် ဘုရားသခင်အား ကျွန်ုပ်တို့လည်း မည်သို့နှစ်သက်စေနိုင်ကြောင်းကို သိရှိစေမည်ဖြစ်သောကြောင့် ယောဘအကြောင်းပိုမိုသိလာရန် လှုံ့ဆော်ပေးသင့်သည်။
ဘုရားသခင်နှင့်ဆက်ဆံရေး ဦးစားပေး
ယောဘသည် ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သည်။ သူ့တွင် ရွှေအပြင် သိုး ၇,၀၀၀၊ ကုလားအုတ် ၃,၀၀၀၊ မြည်းမ ၅၀၀၊ နွား ၁,၀၀၀ နှင့်အတိုင်းမသိများပြားသောငယ်သားများရှိခဲ့သည်။ (ယောဘ ၁:၃) သို့တိုင် ယောဘသည် စည်းစိမ်ဥစ္စာကိုမဟုတ် ယေဟောဝါကို ယုံကြည်ကိုးစားခဲ့၏။ သူသည် ဤသို့ဆင်ခြင်ခဲ့သည်– “ငါသည် ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါခိုလှုံရာဖြစ်၏ဟု ဆိုမိသော်လည်းကောင်း၊ ငါ၌စည်းစိမ်ကြီး၍ များစွာသောဥစ္စာရတတ်သောကြောင့် ငါဝါကြွားဝမ်းမြောက်မိသော်လည်းကောင်း . . . ရာဇဝတ်ခံထိုက်သောအပြစ်ရှိ၏။ အထက်အရပ်၌ရှိတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာရောက်၏။” (ယောဘ ၃၁:၂၄-၂၈) ယောဘနည်းတူ ကျွန်ုပ်တို့သည် ရုပ်ပစ္စည်းထက် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးသောဆက်ဆံရေးကို တန်ဖိုးထားသင့်သည်။
လူသားချင်းနှင့်မျှတသောဆက်ဆံမှု
ယောဘသည် သူ၏ကျွန်များနှင့် မည်သို့ဆက်ဆံခဲ့သနည်း။ သူတို့သည် ယောဘကို မျှတပြီးချဉ်းကပ်လွယ်သောသူအဖြစ် တွေ့ရှိကြောင်း ယောဘ၏စကားများကတင်ပြသည်– “ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့်တရားတွေ့စရာအမှုရှိသောအခါ ငါနားမထောင်ဘဲနေမိလျှင် ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့ငါပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့ပြန်လျှောက်ရမည်နည်း။” (ယောဘ ၃၁:၁၃၊ ၁၄) ယောဘသည် ယေဟောဝါ၏ကရုဏာတော်ကို တန်ဖိုးထားသောကြောင့် သူ၏ကျွန်များနှင့်လည်း ကြင်နာမှုရှိစွာဆက်ဆံခဲ့သည်။ အထူးသဖြင့် ခရစ်ယာန်အသင်းတော်အတွင်း ကြီးကြပ်ရသည့်ရာထူးရှိသူများအတွက် ပုံသက်သေကောင်းပါတကား! သူတို့သည်လည်း မျှတ၍ မျက်နှာမလိုက်၊ ချဉ်းကပ်ရလွယ်ကူသောသူဖြစ်ရမည်။
ယောဘသည် သူ၏မိသားစုပြင်ပရှိသူများကိုလည်း စိတ်ဝင်စားမှုတင်ပြခဲ့သည်။ အခြားသူများအတွက် စိုးရိမ်ပူပန်မှုကို ဖော်ပြကာ သူက “ငါသည် ဆင်းရဲသားတောင့်တသောအရာကို မပေးဘဲနေဖူးသလော။ မုဆိုးမမျက်စိကို ပျက်စေခြင်းငှာပြုဖူးသလော။ . . . ရုံးတော်တွင် ငါ့ဘက်၌နေသောမင်းကို ငါသည်မြင်၍ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်လည်းကောင်း ငါ့လက်မောင်းသည် ပခုံးကကျပါစေ။ ငါ့လက်ရိုးကျိုးပါစေ” ဟုပြောခဲ့သည်။ (ယောဘ ၃၁:၁၆-၂၂) အသင်းတော်တွင် ကျွန်ုပ်တို့သိရှိသော အခွင့်မသာသူများကို ထိုနည်းတူထောက်ထားစာနာကြစို့လေ။
ယောဘသည် လူသားချင်းအပေါ် ကိုယ်ကျိုးမဖက်စိတ်ဝင်စားသောကြောင့် သူစိမ်းများကို ဧည့်ဝတ်ပြုခဲ့၏။ သို့ဖြင့် သူသည် ဤသို့ပြောနိုင်ခဲ့၏– “ဧည့်သည်သည် လမ်း၌ညကိုမလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသောသူတို့အား ကိုယ်တံခါးဖွင့်ထားပြီ။” (ယောဘ ၃၁:၃၂) ၎င်းသည် ယနေ့ ဘုရားသခင်၏ကျေးကျွန်များအတွက် ပုံသက်သေကောင်းပါတကား! ကျမ်းစာအမှန်တရားကို စိတ်ဝင်စားခါစသူများသည် ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ ရောက်ရှိလာသောအခါ သူတို့ကိုပျူငှာခြင်းသည် သူတို့၏ဝိညာဉ်ရေးတိုးတက်မှုကို အထောက်အကူပြုပေမည်။ မှန်၏၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် အခြားခရစ်ယာန်များသည် ကျွန်ုပ်တို့၏မေတ္တာပါဧည့်ဝတ်ကျေပွန်မှုခံရဖို့လိုအပ်သည်။—၁ ပေတရု ၄:၉; ၃ ယောဟန် ၅-၈။
ယောဘသည် သူ၏ရန်သူများအပေါ်၌ပင် စိတ်ထားမှန်ရှိခဲ့၏။ သူ့ကိုမုန်းသောသူ ဘေးရောက်သောအခါ ဝမ်းမမြောက်ခဲ့ချေ။ (ယောဘ ၃၁:၂၉၊ ၃၀) ယင်းအစား၊ ထိုသို့သောသူများအတွက် ကောင်းမှုပြုရန် လိုလိုလားလားရှိခဲ့ကြောင်းကို သူ့အား အတုအယောင် နှစ်သိမ့်မှုပေးသူသုံးဦးအတွက် ဆုတောင်းပေးဖို့ အသင့်ရှိခဲ့ခြင်းမှထင်ရှားသည်။—ယောဘ ၁၆:၂; ၄၂:၈၊ ၉; မဿဲ ၅:၄၃-၄၈ နှိုင်းယှဉ်။
လိင်ဆိုင်ရာသန့်ရှင်းမှု
ယောဘသည် သူ၏အိမ်ထောင်ဖက်အပေါ် သစ္စာစောင့်သိခဲ့ပြီး တခြားအမျိုးသမီးတစ်ဦးအပေါ် မတော်မလျော်တွယ်တာမှုရှိရန် သူ့နှလုံးကို မည်သည့်အခါမျှ ခွင့်မပြုခဲ့ပါ။ “ငါသည် အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့်ပဋိညာဉ်ဝန်ခံခြင်းကိုပြုပြီ။ သူ့မယားကို ငါတပ်မက်မိသော်လည်းကောင်း၊ အိမ်နီးချင်းတံခါးနားမှာ ငါချောင်းမိသော်လည်းကောင်း ငါ့မယားသည် သူတစ်ပါးထံ၌ ကြိတ်ဆုံကြိတ်ရပါစေ။ သူတစ်ပါးသည် ငါ့မယားကိုရှုတ်ချပါစေ။ ငါသည် ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ်ခံထိုက်သောအပြစ်ရှိ၏” ဟုယောဘပြောခဲ့သည်။—ယောဘ ၃၁:၁၊ ၉-၁၁။
ယောဘသည် သူ၏နှလုံးကို မကောင်းသောအလိုဆန္ဒများဖြင့် ပျက်မဿဲ ၅:၂၇-၃၀။
စီးသွားရန် ခွင့်မပြုခဲ့ချေ။ ယင်းအစား၊ ဖြောင့်မတ်သောလမ်းစဉ်ကို လိုက်လျှောက်ခဲ့သည်။ အကျင့်ပျက်ပြားစေသောသွေးဆောင်မှုများကို ဆန့်ကျင်တိုက်လှန်ခဲ့သည့် ဤသစ္စာရှိသူကို ယေဟောဝါဘုရားသခင်စိတ်တော်တွေ့ခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်!—မိသားစုဝိညာဉ်ရေးအတွက် စိုးရိမ်ပူပန်ခဲ့
တစ်ခါတစ်ရံ ယောဘ၏သားများသည် သူ၏သားသမီးအားလုံးပါဝင်ခဲ့သည့် ပွဲခံခဲ့သည်။ အဆိုပါပွဲနေ့များပြီးသောအခါ သူ၏သားသမီးများသည် ယေဟောဝါကို တစ်နည်းနည်းဖြင့် ပြစ်မှားမိခဲ့ကြမည်ကို ယောဘအလွန်စိုးရိမ်သည်။ ထို့ကြောင့် ကျမ်းစာမှတ်တမ်းတွင် ဤသို့ဖော်ပြသည့်အတိုင်း ယောဘပြုလုပ်ခဲ့သည်– “ပွဲခံသောနေ့ရက်လွန်သောအခါ ယောဘသည် သူတို့ကိုခေါ်၍ သန့်ရှင်းစေပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ‘ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစွန့်ပယ်ကြပြီလော’ ဟုယောဘအောက်မေ့၏။” (ယောဘ ၁:၄၊ ၅) ယောဘ၏မိသားစုသည် ယေဟောဝါအား ရိုသေခန့်ညားသောသဘောဖြင့် ကြောက်ရွံ့ပြီး ကိုယ်တော်၏လမ်းစဉ်အတိုင်း လျှောက်လှမ်းစေရန် သူ၏စိုးရိမ်ပူပန်မှုသည် သူတို့ကိုမည်မျှစိတ်စွဲမှတ်စေခဲ့မည်ပါတကား!
ယနေ့ ခရစ်ယာန်အိမ်ထောင်ဦးစီးများသည် မိမိတို့၏မိသားစုဝင်များကို ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို သွန်သင်ပေးဖို့လိုသည်။ (၁ တိမောသေ ၅:၈) ထို့ပြင် မိသားစုဝင်များအတွက် ဆုတောင်းပေးရမည်မှာအမှန်ပင်။—ရောမ ၁၂:၁၂။
စမ်းသပ်မှုအောက် သစ္စာရှိရှိခံရပ်ခဲ့
ကျမ်းစာဖတ်ရှုသူအများစုသည် ယောဘအပေါ်ကျရောက်ခဲ့သော ပြင်ထန်းသည့်စမ်းသပ်မှုများနှင့် အကျွမ်းတဝင်ရှိကြသည်။ ယောဘသည် ခက်ခဲသောအခြေအနေများကြုံရလျှင် ဘုရားသခင်ကို ကျိန်ဆဲလိမ့်မည်ဟု စာတန်အခိုင်အမာဆိုခဲ့၏။ ယင်းစိန်ခေါ်မှုကို ယေဟောဝါလက်ခံလိုက်သည်နှင့် စာတန်သည် မဖင့်နွှဲဘဲ ယောဘအပေါ် ဘေးကျရောက်စေခဲ့သည်။ သူ၏အိမ်မွေးတိရစ္ဆာန်အားလုံး ဆုံးရှုံးခဲ့သည်။ ပို၍ဆိုးသည်မှာ၊ သားသမီးအားလုံး သေဆုံးရသည့်ဆုံးရှုံးမှုကို သူခံစားခဲ့ရသည်။ ထို့နောက်မကြာမီ စာတန်သည် ယောဘ၏ခြေဖဝါးမှ ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ ပေါက်စေခဲ့သည်။—ယောဘအခန်းကြီး ၁၊ ၂။
အကျိုးရလဒ်ကားအဘယ်နည်း။ ယောဘ၏ဇနီးသည် ဘုရားသခင်အားကျိန်ဆဲရန် တိုက်တွန်းသောအခါ သူက “မိန်းမမိုက်ပြောတတ်သကဲ့သို့ သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍ . . . ဆင်းရဲကို မခံမယူရာသလော” ဟုပြောခဲ့သည်။ ကျမ်းစာမှတ်တမ်းက ဤသို့ဖြည့်စွက်သည်– “ယောဘသည် ဤအမှုများနှင့်တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှမမှားယွင်း။” (ယောဘ ၂:၁၀) မှန်သည်၊ ယောဘသည် သစ္စာရှိစွာခံနိုင်ရည်ရှိခဲ့သည့်အတွက် စာတန်သည် မုသာကောင်ဖြစ်ကြောင်း ထင်ရှားခဲ့၏။ ကျွန်ုပ်တို့သည် စမ်းသပ်မှုများကို အလားတူခံနိုင်ရည်မျိုးဖြင့်ခံရပ်ကြပြီး ယေဟောဝါအပေါ် စင်ကြယ်သောမေတ္တာ၏လှုံ့ဆော်မှုကြောင့် ဘုရားသခင့်အမှုတော်ဆောင်ခြင်းဖြစ်သည်ကို သက်သေပြကြစို့လေ။—မဿဲ ၂၂:၃၆-၃၈။
တည့်မတ်ပေးခြင်းကို နှိမ့်ချစွာခံယူခဲ့
ယောဘသည် နည်းများစွာဖြင့် စံထားလောက်သူဖြစ်သော်လည်း စုံလင်သောသူမဟုတ်ချေ။ သူကိုယ်တိုင် ဤသို့ပြောခဲ့သည်– “မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူထုတ်ဖော်နိုင်သနည်း။ အဘယ်သူမျှမထုတ်မဖော်နိုင်ပါ။” (ယောဘ ၁၄:၄; ရောမ ၅:၁၂) ထို့ကြောင့် ယောဘသည် စုံလင်သူဖြစ်သည်ဟု ဘုရားသခင်ပြောခဲ့သောအခါ ဘုရားသခင်၏မစုံလင်သော အပြစ်သားဖြစ်သည့်ကျေးကျွန်တစ်ဦးထံမှ ကိုယ်တော်မျှော်လင့်ခဲ့သမျှအတိုင်း သူနေထိုင်ခဲ့သည့်သဘောအနေနှင့် မှန်ကန်ပေသည်။ အားပေးမှု ရင်းမြစ်တစ်ခုပါတကား!
ယောဘသည် စမ်းသပ်မှုကြား ခံနိုင်ရည်တင်ပြခဲ့သော်လည်း အားနည်းချက်ရှိခဲ့သည်။ သူ့အပေါ် ကျရောက်ခဲ့သောဘေးအားလုံးအကြောင်း ကြားသိသောအခါ နှစ်သိမ့်ပေးသူသုံးဦးသည် သူ့ထံရောက်လာကြ၏။ (ယောဘ ၂:၁၁-၁၃) ကြီးလေးသောအပြစ်ကို ယောဘကျူးလွန်မိသောကြောင့် ယေဟောဝါအပြစ်ပေးနေခြင်းဖြစ်သည်ဟု သူတို့ကစွပ်စွဲခဲ့ကြသည်။ ယောဘသည် မဟုတ်မမှန်စွပ်စွဲခံခဲ့ရသောကြောင့် စိတ်ထိခိုက်သွားပြီး အတတ်နိုင်ဆုံးခုခံပြောဆိုခဲ့၏။ သို့သော် သူသည် ဆင်ခြေပေးရန်ကြိုးစားရာ၌ တစ်ဖက်စွန်းရောက်ခဲ့သည်။ ယောဘက မိမိသည် ဘုရားသခင်ထက်ပင် ဖြောင့်မတ်သည်ဟု ပြောသယောင်ရှိခဲ့သည်!—ယောဘ ၃၅:၂၊ ၃။
ဘုရားသခင်သည် ယောဘကိုချစ်သောကြောင့် သူ၏အမှားကိုထောက်ပြရန် လူငယ်တစ်ဦးကို အသုံးပြုခဲ့သည်။ “ဧလိဟုသည် အမျက်ထွက်၏။ ယောဘသည် ဘုရားသခင်ထက် မိမိဖြောင့်မတ်ကြောင်းကိုပြသောကြောင့်၊ ယောဘကိုအမျက်ထွက်၏” ဟုမှတ်တမ်းကဆိုသည်။ ဧလိဟုသတိပြုမိသကဲ့သို့ “ယောဘက ‘ငါဖြောင့်မတ်၏။ ဘုရားသခင်သည် ငါ့ကို အမှုရှုံးစေတော်မူ၏။’” (ယောဘ ၃၂:၂; ၃၄:၅) သို့သော်လည်း ဘုရားသခင်သည် ယောဘကို အပြစ်ပေးသည်ဟု မမှန်မကန်ဆုံးဖြတ်ခဲ့ကြသော “နှစ်သိမ့်” ပေးသူသုံးဦးနှင့် ဧလိဟုမပူးပေါင်းခဲ့ချေ။ သို့အစား၊ ဧလိဟုသည် ယောဘ၏သစ္စာရှိမှုကို ယုံကြည်စိတ်ချကြောင်းဖော်ပြ၍ သူ့ကို ဤသို့အကြံပြုခဲ့၏– “[ယေဟောဝါသည်] တရားသဖြင့်စီရင်တော်မူသောကြောင့် မျှော်လင့်လျက်နေလော့။” မှန်၏၊ ယောဘသည် ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ မဆင်မခြင်ပြောမည့်အစား ယေဟောဝါကိုစောင့်သင့်သည်။ “[ဘုရားသခင်သည်] တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်လည်းကောင်း ထူးဆန်းတော်မူ၏။ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ” ဟု ဧလိဟုက ယောဘကို အခိုင်အမာပြောခဲ့သည်။—ယောဘ ၃၅:၁၄; ၃၇:၂၃။
ယောဘ၏အတွေးအခေါ်ကို တည့်မတ်ပေးဖို့ လိုအပ်ခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် ဘုရားသခင်၏ကြီးမြတ်မှုနှင့် လူ၏သေးသိမ်မှုကို နှိုင်းယှဉ်ပြခြင်းဖြင့် သူ့ကိုသင်ခန်းစာပေးခဲ့သည်။ ကမ္ဘာမြေကြီး၊ ပင်လယ်၊ ကြယ်အတိပြီးသောကောင်းကင်၊ တိရစ္ဆာန်နှင့် အခြားအံ့ချီးဖွယ်ဖန်ဆင်းရာများစွာတို့ကို ယေဟောဝါထောက်ပြခဲ့၏။ နောက်ဆုံးတွင် ဘုရားသခင်သည် လဝိသန်—မိကျောင်း—အကြောင်းပြောပြခဲ့သည်။ ယောဘသည် တည့်မတ်ပေးမှုကို နှိမ့်ချစွာခံယူခဲ့ရာ ဤတွင်လည်း ထပ်ဆင့်ပုံသက်သေကောင်းပြခဲ့သည်။
ကျွန်ုပ်တို့သည် ယေဟောဝါ၏လုပ်ငန်းတော်တွင် ကောင်းစွာအမှုဆောင်နေကြမည်ဖြစ်သော်လည်း အမှားများပြုလုပ်မည်။ ကြီးလေးသောအမှားဖြစ်ပါက ယေဟောဝါသည် တစ်နည်းနည်းဖြင့် တည့်မတ်ပေးမည်ဖြစ်သည်။ (သု. ၃:၁၁၊ ၁၂) ကျွန်ုပ်တို့၏အသိစိတ်ကို လှုံ့ဆော်ပေးသော ကျမ်းချက်တစ်ချက်ကို သတိရလာပေမည်။ ကင်းမျှော်စင် သို့မဟုတ် ကင်းမျှော်စင်အသင်းမှ အခြားစာပေတစ်ခုခုက ကျွန်ုပ်တို့၏အမှားကို သတိပြုစေကောင်းသတိပြုစေပေမည်။ သို့မဟုတ် ကျမ်းစာမူတစ်ခုကို လိုက်လျှောက်ဖို့ပျက်ကွက်ခဲ့သည်ဟု ခရစ်ယာန်ချင်းတစ်ဦးက ကြင်နာစွာထောက်ပြကောင်းထောက်ပြလိမ့်မည်။ ဤသို့သောတည့်မတ်ပေးခြင်းကို မည်သို့တုံ့ပြန်မည်နည်း။ ယောဘသည် နောင်တရသောစိတ်ကိုဖော်ပြကာ “အကျွန်ုပ်သည်ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏” ဟုပြောလေသည်။—ယောဘ ၄၂:၆။
ယေဟောဝါသည် ဆုချခဲ့
ယေဟောဝါသည် မိမိ၏ကျွန်ယောဘကို နောက်အနှစ် ၁၄၀ အထိအသက်ရှင်ခွင့်ပြုခြင်းဖြင့် ဆုချခဲ့သည်။ ထိုအချိန်အတွင်း သူဆုံးရှုံးခဲ့သည်ထက် သာ၍များစွာပြန်ရရှိခဲ့သည်။ နောက်ဆုံးတွင် ယောဘသေဆုံးခဲ့သော်လည်း ဘုရားသခင်၏ကမ္ဘာသစ်တွင် ရှင်ပြန်ထမြောက်လာမည်မှာ သေချာပါသည်။—ယောဘ ၄၂:၁၂-၁၇; ယေဇကျေလ ၁၄:၁၄; ယောဟန် ၅:၂၈၊ ၂၉; ၂ ပေတရု ၃:၁၃။
ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏အမှုတော်ကို သစ္စာရှိရှိလုပ်ဆောင်ပြီး ကျွန်ုပ်တို့ရရှိသည့် ကျမ်းစာအခြေပြုတည့်မတ်ပေးမှုအားလုံးကို ခံယူကြမည်ဆိုလျှင် ကိုယ်တော်၏မျက်နှာသာတော်နှင့်ကောင်းချီး အမှန်ရရှိပါမည်။ ရလဒ်အနေဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏အစီအစဉ်စနစ်သစ်တွင် အသက်ရရန် အသေအချာမျှော်လင့်နိုင်သည်။ အရေးအကြီးဆုံးမှာ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဂုဏ်တင်ကြပေမည်။ ကျွန်ုပ်တို့၏သစ္စာရှိအမူအကျင့်သည် ဆုချခံရပြီး ကိုယ်တော်၏အမှုတော်ကို ကိုယ်ကျိုးအတွက်မဟုတ်ဘဲ စိတ်နှလုံးအကြွင်းမဲ့မေတ္တာပါစွာ ဆောင်ရွက်ကြသည့်သက်သေကို ထပ်ဆင့်ဖြည့်စွက်ကြမည်ဖြစ်သည်။ တည့်မတ်ပေးခြင်းကို နှိမ့်ချစွာခံယူခဲ့သော သစ္စာရှိသူယောဘနည်းတူ ကျွန်ုပ်တို့သည် ယေဟောဝါ၏နှလုံးကို ရွှင်လန်းစေခွင့်ရခြင်းသည် အခွင့်ထူးလှသည်တကား!—သု. ၂၇:၁၁။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ယောဘသည် မိဘမဲ့ကလေးများ၊ မုဆိုးမများနှင့် အခြားသူများကို မေတ္တာပါပါ စိုးရိမ်ပူပန်မှုပြသခဲ့
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ယောဘသည် တည့်မတ်ပေးခြင်းကို နှိမ့်ချစွာခံယူသောကြောင့် ကြွယ်ဝစွာဆုချခံခဲ့ရ