ကမ္ဘာသစ်—ထိုတွင်သင်ရှိမည်လော
ကမ္ဘာသစ်—ထိုတွင်သင်ရှိမည်လော
“ရွှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌၊ အကျိုးကျေးဇူးမရှိသည်ကိုငါသိ၏။ လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။”—ဒေ. ၃:၁၂၊ ၁၃။
၁။ ကျွန်ုပ်တို့သည် အနာဂတ်နှင့်ပတ်သက်၍ အဘယ်ကြောင့်အကောင်းမြင်နိုင်သနည်း။
များစွာသောသူတို့က တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသခင်ကို စည်းကမ်းကြီးသော၊ ခက်ထန်သောအရှင်အဖြစ် ယူမှတ်ကြသည်။ သို့သော် အထက်ပါကျမ်းချက်မှာ ကိုယ်တော်၏မှုတ်သွင်းခံနှုတ်မြွက်စကားတော်၌ သင်တွေ့ရှိရမည့်အမှန်တရားဖြစ်၏။ ၎င်းက ကိုယ်တော်သည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်ခြင်းနှင့် ကျွန်ုပ်တို့၏ကနဦးမိဘကို မြေကြီးပရဒိသု၌ထားခြင်းတို့နှင့် ကိုက်ညီသည်။ (၁ တိမောသေ ၁:၁၁; ကမ္ဘာဦး ၂:၇-၉) ဘုရားသခင်၏လူမျိုးတော်အတွက် ကိုယ်တော်ကတိပြုထားရာအနာဂတ်ကို ထိုးထွင်းသိမြင်ဖို့ကြိုးစားသည့်အခါ ကျွန်ုပ်တို့ထာဝစဉ်ပျော်မွေ့ရမည့်အခြေအနေများကို သိလာရသောအခါ မအံ့သြသင့်ချေ။
၂။ သင်စောင့်မျှော်သည့်အရာအချို့ကား အဘယ်နည်း။
၂ ရှေ့ဆောင်းပါးတွင် “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ကို ကျမ်းစာတွင်လေးခုကြိုဟောထားသည့်အနက် သုံးခုကိုကျွန်ုပ်တို့သုံးသပ်ခဲ့ကြပြီ။ (ဟေရှာယ ၆၅:၁၇) ယုံကြည်စိတ်ချရသော ၎င်းတင်ကူးဟောကြားချက်များအနက်တစ်ခုကို ဗျာဒိတ် ၂၁:၁ ၌မှတ်တမ်းတင်ထားသည်။ ရှေ့ဆက်အခန်းငယ်များက မြေကြီးအခြေအနေများကို တန်ခိုးရှင်ဘုရားသခင် သာ၍ကောင်းမွန်လာစေရန် အကုန်အစင်ပြောင်းလဲပေးမည့်အချိန်အကြောင်း ပြောပြသည်။ ကိုယ်တော်သည် ဝမ်းနည်းမျက်ရည်များကို သုတ်တော်မူမည်။ အိုမင်းခြင်း၊ ဖျားနာခြင်း သို့မဟုတ် မတော်တဆမှုများကြောင့် လူတို့သေကြရတော့မည်မဟုတ်။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်းနှင့် နာကျင်ခြင်းတို့ ရှိတော့မည်မဟုတ်။ အမှန်အားရနှစ်သက်ဖွယ်အလားအလာပါတ ကား! သို့သော် ထိုသို့ဖြစ်လာမည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ကြပါသလော၊ ထိုအလားအလာက ယခုပင် ကျွန်ုပ်တို့အပေါ် အဘယ်သြဇာသက်ရောက်နိုင်သနည်း။
ယုံကြည်စိတ်ချရသည့်အကြောင်းရင်းများ
၃။ အနာဂတ်နှင့်ပတ်သက်သော ကျမ်းစာကတိပြုချက်များကို ကျွန်ုပ်တို့အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။
၃ ဗျာဒိတ် ၂၁:၅ ကမည်သို့ဆက်ဖော်ပြသည်ကို သတိပြုပါ။ ယင်းက ကောင်းကင်ပလ္လင်ပေါ်တွင် ထိုင်တော်မူသောဘုရားသခင်သည် ဤသို့ကြေညာကြောင်း ကိုးကားဖော်ပြသည်– “ငါသည် ခပ်သိမ်းသောအရာတို့ကိုအသစ်ပြုလုပ်သည်။” ထိုမြင့်မြတ်သောကတိတော်သည် မည်သည့်အမျိုးသားလွတ်လပ်ရေးကြေညာချက်၊ မည်သည့်မျက်မှောက်ခေတ်အခွင့်အရေးရပိုင်ခွင့်များ၊ သို့မဟုတ် အနာဂတ်အတွက် လူသားတို့၏မည်သည့်ရည်မှန်းချက်ထက်မဆို သာလွန်သည်။ ယင်းသည် “မုသာနှင့်ကင်းစင်တော်မူသောသူ” ဟုကျမ်းစာကဆိုထားသူ၏ လုံးဝယုံကြည်စိတ်ချရသောကြေညာချက်ဖြစ်သည်။ (တိတု ၁:၁) ဤမျှအထူးကောင်းမွန်လှသော အလားအလာကိုနှစ်သက်ပျော်မွေ့နေ၍ ဘုရားသခင်အားယုံကြည်ကိုးစားနေရုံဖြင့် တော်လောက်ပေပြီဟု သင်ယူဆကောင်းယူဆပေမည်။ သို့သော် ဤမျှနှင့်ရပ်တန့်စရာမလိုပါ။ ကျွန်ုပ်တို့၏အနာဂတ်နှင့်ပတ်သက်၍ သင်ယူစရာများစွာ ရှိပါသေးသည်။
၄၊ ၅။ သုံးသပ်ခဲ့ပြီးသော အဘယ်ကျမ်းစာပရောဖက်ပြုချက်များက ရှေ့တွင်ရှိသောအရာနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေနိုင်သနည်း။
၄ ကောင်းကင်သစ်နှင့်မြေကြီးသစ်ဆိုင်ရာ ကျမ်းစာကတိတော်များနှင့်စပ်လျဉ်း၍ ရှေ့ဆောင်းပါးက အဘယ်အရာကိုဖော်ပြကြောင်း ပြန်သုံးသပ်ကြည့်ပါ။ ယင်းသို့သောအစီအစဉ်သစ်ကို ဟေရှာယကြိုပြောခဲ့ပြီး သူ၏ပရောဖက်ပြုချက်သည် ဂျူးများ မိမိတို့၏နေရင်းပြည်သို့ပြန်ရောက်၍ စစ်မှန်သောဝတ်ပြုရေးကို ပြန်လည်ထူထောင်ချိန်၌ ပြည့်စုံခဲ့သည်။ (ဧဇရ ၁:၁-၃; ၂:၁၊ ၂; ၃:၁၂၊ ၁၃) သို့သော် ဟေရှာယ၏ပရောဖက်ပြုချက် ညွှန်ပြသည်မှာ ဤမျှသာလော။ လုံးဝမဟုတ်ပါ! သူကြိုတင်ဟောထားသည့်အရာများသည် အလှမ်းဝေးသောအနာဂတ်တွင် သာ၍ကြီးကျယ်ခမ်းနားစွာ ပြည့်စုံလာပေမည်။ အဘယ်ကြောင့် ထိုသို့ကောက်ချက်ချရသနည်း။ ၂ ပေတရု ၃:၁၃ နှင့် ဗျာဒိတ် ၂၁:၁-၅ ၌ကျွန်ုပ်တို့ဖတ်ရှုရသည့်အကြောင်းကြောင့်ဖြစ်သည်။ ၎င်းကျမ်းပိုဒ်များသည် ကမ္ဘာချီအတိုင်းအတာဖြင့် ခရစ်ယာန်များအကျိုးခံစားရကြမည့် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ညွှန်ပြပါသည်။
၅ အစောပိုင်း၌ဖော်ပြခဲ့သကဲ့သို့ “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ဟူသောစကားစုကို သမ္မာကျမ်းစာက လေးကြိမ်အသုံးပြုထားသည်။ ယင်းတို့အနက် သုံးခုကိုကျွန်ုပ်တို့သုံးသပ်ခဲ့ကြပြီဖြစ်၍ စိတ်တက်ကြွဖွယ်ကောက်ချက်များချခဲ့ကြပေပြီ။ လိုရင်းပြောရလျှင် ဘုရားသခင်သည် ဆိုးသွမ်းမှုနှင့် ဆင်းရဲခြင်းကိုဖြစ်စေသည့် အခြားအကြောင်းရင်းများကို ဖယ်ရှားပြီးနောက် ကိုယ်တော်၏ကတိထားရာအစီအစဉ်သစ်၌ လူသားများကိုထပ်ဆင့်ကောင်းချီးပေးမည်ဟု သမ္မာကျမ်းစာကအတိအလင်းကြိုပြောထားသည်။
၆။ “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ကိုဖော်ပြသော စတုတ္ထမြောက်ပရောဖက်ပြုချက်က အဘယ်သို့ကြိုဟောထားသနည်း။
၆ ယခု ဟေရှာယ ၆၆:၂၂-၂၄ ၌နောက်ဆုံးအသုံးပြုထားသော “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ဟူသည့်အသုံးအနှုန်းကို ဆန်းစစ်ကြည့်ကြစို့– “‘ငါဖန်ဆင်းသောကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့၌တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ်နှင့် သင်တို့၏နာမသည်လည်းတည်ရလိမ့်မည်’ ဟု ထာဝရဘုရားမိန့်တော်မူ၏။ ‘လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာကိုးကွယ်ခြင်းငှာ လဆန်းနေ့နှင့်ဥပုသ်နေ့အစဉ်အတိုင်း လာကြလိမ့်မည်’ ဟုထာဝရဘုရားမိန့်တော်မူ၏။ ‘ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏အသေကောင်များကို ထွက်၍ကြည့်ရှုကြလိမ့်မည်။ သူတို့၏ပိုးသည် မသေနိုင်ရာ။ သူတို့၏မီးသည်လည်းမငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဖွယ်ဖြစ်ကြလိမ့်မည်’ ဟုမိန့်တော်မူ၏။”
၇။ ဟေရှာယ ၆၆:၂၂-၂၄ သည် လာမည့်နေ့ရက်များတွင်ပြည့်စုံလာမည်ဟု အဘယ်ကြောင့်ကျွန်ုပ်တို့ကောက်ချက်ချသင့်သနည်း။
၇ ဤပရောဖက်ပြုချက်သည် မိမိတို့တိုင်းပြည်၌ပြန်နေထိုင်ကြသော ဂျူးများနှင့်သက်ဆိုင်ခဲ့သော်လည်း အခြားပြည့်စုံချက်ရှိရဦးမည်။ ယင်းသည် ပေတရု၏ဒုတိယစာစောင်နှင့် ဗျာဒိတ်ကျမ်းကိုရေးခဲ့ပြီး နှစ်ပေါင်းများစွာကြာပြီးနောက်မှ ဖြစ်ပျက်ရပေမည်၊ အကြောင်းမှာ ၎င်းတို့ကအနာဂတ် ‘ကောင်းကင်နှင့်မြေကြီးသစ်’ ကိုညွှန်ပြနေသောကြောင့်ဖြစ်၏။ ယင်းကြောင့် အစီအစဉ်သစ်တွင် ထိုကြီးကျယ်ခမ်းနား၍ အပြီးသတ်ပြည့်စုံချက်ကို ကျွန်ုပ်တို့စောင့်မျှော်နိုင်ကြပါသည်။ ကျွန်ုပ်တို့ပျော်မွေ့ရန် စောင့်မျှော်နိုင်သည့် အခြေအနေအချို့ကို သုံးသပ်ကြည့်ပါလေ။
၈၊ ၉။ (က) ဘုရားသခင့်လူမျိုးတော်သည် အဘယ်သဘောမျိုးဖြင့် “တည်ရ” မည်နည်း။ (ခ) ယေဟောဝါ၏ကျေးကျွန်များသည် “လဆန်းနေ့နှင့်ဥပုသ်နေ့အစဉ်အတိုင်း” ကိုးကွယ်ကြလိမ့်မည်ဟူသော ပရောဖက်ပြုချက်၏ဆိုလိုချက်ကား အဘယ်နည်း။
၈ ဗျာဒိတ် ၂၁:၄ ကသေခြင်းရှိတော့မည်မဟုတ်ဟူ၍ ဖော်ပြထားသည်။ ဟေရှာယအခန်းကြီး ၆၆ မှကျမ်းပိုဒ်သည် ယင်းနှင့်သဘောတူညီသည်။ ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ခေတ္တယာယီ အချိန်အကန့်အသတ်သာ တည်ရှိမည်မဟုတ်သည်ကို ယေဟောဝါသိထားကြောင်း အခန်းငယ် ၂၂ မှကျွန်ုပ်တို့သိနိုင်သည်။ ထို့ပြင် ကိုယ်တော်၏လူများသည် ရေရှည်တည်ရှိကြပေမည်; သူတို့သည် ကိုယ်တော့်ရှေ့ “တည်ရ” ကြလိမ့်မည်။ ဘုရားသခင်ရွေးချယ်ထားသောလူမျိုးအတွက် ကိုယ်တော်ပြုလုပ်ခဲ့နှင့်ပြီးသောအရာများက ကျွန်ုပ်တို့ကိုယုံကြည်စိတ်ချမှုရှိစေသည်။ ခရစ်ယာန်စစ်များသည် ရက်စက်သောနှိပ် စက်ညှဉ်းပန်းမှု၊ သူတို့ကိုဖယ်ရှားပစ်ဖို့ ပြင်းထန်သည့်ကြိုးပမ်းမှုများကိုပင် ကြုံတွေ့ခဲ့ကြရပြီ။ (ယောဟန် ၁၆:၂; တမန်တော် ၈:၁) သို့တိုင် ရောမဧကရာဇ်နီရိုနှင့် အဒေါ့ဖ်ဟစ်တလာအစရှိသည့် ဘုရားသခင့်လူမျိုးတော်၏ ဩဇာအာဏာကြီးလှသောရန်သူကြီးများပင် နာမတော်ကိုခံယူထားကြသည့် ကိုယ်တော်၏သစ္စာစောင့်သိသူများကို လုံးဝဖယ်ရှားပစ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ကြပါ။ ယေဟောဝါသည် မိမိလူမျိုးတော်၏အသင်းတော်ကို ကာကွယ်စောင့်ရှောက်ခဲ့ပြီး ၎င်းကိုထာဝစဉ်တည်ရှိစေနိုင်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။
၉ အလားတူစွာ မြေကြီးသစ်အဝင်အဖြစ် ဘုရားသခင်အားသစ္စာရှိသူများ၊ ကမ္ဘာသစ်တွင် စစ်မှန်သောဝတ်ပြုသူများအဖွဲ့သည် အရာခပ်သိမ်းဖန်ဆင်းရှင်ကို စင်ကြယ်စွာဝတ်ပြုကိုးကွယ်ကြသောကြောင့် တစ်ဦးချင်းစီအနေနှင့် ဆက်၍ရပ်တည်ကြပေမည်။ ၎င်းသည် တစ်ခါတစ်ရံ သို့မဟုတ် ဖြစ်ကတတ်ဆန်းသာ ဝတ်ပြုခြင်းဖြစ်မည်မဟုတ်ပါ။ မောရှေမှတစ်ဆင့် ဣသရေလလူမျိုးအားပေးခဲ့သော ဘုရားသခင့်ပညတ်တော်အရ လဆန်းနေ့ကိုထောက်၍ လစဉ်သော်လည်းကောင်း၊ ဥပုသ်နေ့ကိုထောက်၍ ပတ်စဉ်သော်လည်းကောင်း ဝတ်ပြုရေးအတွက် ပြုရမည့်အမှုများရှိသည်။ (ဝတ်ပြုရာ ၂၄:၅-၉; တောလည်ရာ ၁၀:၁၀; ၂၈:၉၊ ၁၀; ၂ ရာဇဝင်ချုပ် ၂:၄) ထို့ကြောင့် ဟေရှာယ ၆၆:၂၃ က တစ်ပတ်ပြီးတစ်ပတ်၊ တစ်လပြီးတစ်လ အဆက်မပြတ်ပုံမှန်ပြုကြရမည့် ဘုရားသခင့်ဝတ်ပြုရေးကိုညွှန်ပြသည်။ ထိုအခါ ဘုရားသခင်မဲ့ဝါဒနှင့် ဘာသာရေးအရေခြုံမှုများ ရှိတော့မည်မဟုတ်။ “လူသတ္တဝါအပေါင်းတို့သည်” ယေဟောဝါ “ရှေ့မှာကိုးကွယ် . . . ကြလိမ့်မည်။”
၁၀။ ကမ္ဘာသစ်သည် ဆိုးသွမ်းသူတို့၏ အစဉ်နှောင့်ယှက်မှုခံရမည်မဟုတ်ကြောင်း အဘယ်ကြောင့်ယုံကြည်စိတ်ချနိုင်သနည်း။
၁၀ မြေကြီးသစ်၏ ငြိမ်သက်မှုနှင့် ဖြောင့်မတ်မှုသည် မည်သည့်အခါမျှ အန္တရာယ်ရှိမည်မဟုတ်ကြောင်း ဟေရှာယ ၆၆:၂၄ ကစိတ်ချစေသည်။ ယင်းကို ဆိုးသွမ်းသူများက ဖျက်ဆီးနိုင်လိမ့်မည်မဟုတ်။ ကျွန်ုပ်တို့ရှေ့တွင် ‘ဘုရားသခင်တရားဆုံးဖြတ်၍ ဘုရားတရားမဲ့သူကိုဖျက်ဆီးမည့်နေ့ရက်’ ဖြစ်ဖို့ရှိသေးကြောင်း ၂ ပေတရု ၃:၇ ကဆိုသည်ကို ပြန်သတိရပါ။ အဆုံးစီရင်ခံရမည့်သူများမှာ ဘုရားတရားမဲ့သူတို့ဖြစ်သည်။ စစ်သားများထက် အရပ်သားအသေအပျောက်ပိုများလေ့ရှိသော လူ့စစ်ပွဲများကဲ့သို့ အပြစ်မဲ့သူများအပေါ် အန္တရာယ်ကျရောက်လိမ့်မည်မဟုတ်ပါ။ ကြီးမြတ်လှသောတရားသူကြီး၏နေ့သည် ဘုရားတရားမဲ့သူတို့ကို ဖျက်ဆီးရာနေ့ဖြစ်လိမ့်မည်ဟု ကိုယ်တော်အာမခံထားသည်။
၁၁။ ဘုရားသခင်နှင့် ကိုယ်တော်၏စစ်မှန်သောဝတ်ပြုရေးကို ဆန့်ကျင်သူတစ်ဦး၏အနာဂတ်သည် အဘယ်သို့ဖြစ်မည်ဟု ဟေရှာယဖော်ပြသနည်း။
၁၁ ကပ်ကျော်မည့်ဖြောင့်မတ်သူများသည် ဘုရားသခင့်ပရောဖက်ပြုချက်စကားမှန်ကန်ကြောင်း တွေ့မြင်ရကြလိမ့်မည်။ ယေဟောဝါကို “ပြစ်မှားသောသူတို့၏အသေကောင်များ” က ကိုယ်တော့်တရားစီရင်မှု၏ အထောက်အထားဖြစ်မည်ဟု အခန်းငယ် ၂၄ ၌ကြိုပြောသည်။ ဟေရှာယအသုံးပြုခဲ့သော ကွက်ကွက်ကွင်းကွင်းပေါ်လွင်စေသည့်စကားက ထိတ်လန့်စရာဖြစ်ပုံပေါ်ပေမည်။ သို့သော် ယင်းသည် သမိုင်းဝင်ဖြစ်ရပ်မှန်နှင့် ကိုက်ညီသည်။ ယေရုရှလင်မြို့ရိုးအပြင်ဘက်တွင် အမှိုက်နှင့် တစ်ခါတစ်ရံ လျောက်ပတ်စွာမြှုပ်နှံမခံထိုက်ဟု တရားစီရင်ခံရသောရာဇဝတ်သားများ၏ အလောင်းကောင်များပစ်ချရာ အမှိုက်ပုံများရှိခဲ့သည်။ * ထိုတွင် အမှိုက်သရိုက်နှင့် အလောင်းကောင်များကို ပိုးကောင်များနှင့် အမြဲလောင်နေသောမီးက တစ်ခဏချင်းတွင် ပပျောက်စေပါလိမ့်မည်။ ဟေရှာယ၏သရုပ်ဖော်မှုက ကျူးလွန်ပြစ်မှားသူများအပေါ် ယေဟောဝါ၏အပြီးသတ်တရားစီရင်ချက်ကို ပုံဖော်သည်မှာထင်ရှားသည်။
ကိုယ်တော်ကတိပြုခဲ့ရာ
၁၂။ ဟေရှာယသည် ကမ္ဘာသစ်အသက်တာနှင့်စပ်လျဉ်း၍ အဘယ်သို့ထပ်ဆင့်ညွှန်ပြသနည်း။
၁၂ လာမည့်အစီအစဉ်သစ်တွင် ရှိတော့မည်မဟုတ်သည့် အရာအချို့ကို ဗျာဒိတ် ၂၁:၄ ကပြောပြသည်။ သို့သော် ထိုအခါအဘယ်အရာတည်ရှိမည်နည်း။ ထိုအခါဘဝသည် အဘယ်အရာနှင့်တူမည်နည်း။ ယုံကြည်စိတ်ချရသော အရိပ်အမြွက်တစ်စုံတစ်ရာကို ကျွန်ုပ်တို့ရရှိနိုင်သလော။ ရနိုင်ပါသည်။ ယေဟောဝါသည် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို အပြီးသတ်ဖန်ဆင်းသောအခါ ကိုယ်တော်၏မျက်နှာသာကိုရလျှင် ကျွန်ုပ်တို့ခံစားရမည့် အခြေအနေများကို ဟေရှာယအခန်းကြီး ၆၅ က ပရောဖက်ပြုဖော်ပြထားသည်။ မြေကြီးသစ်တွင် အစဉ်အမြဲနေခွင့်ရသည့် ကောင်းချီးခံစားရသူတို့သည် အိုမင်း၍ အဆုံး၌သေရတော့မည်မဟုတ်။ ဟေရှာယ ၆၅:၂၀ ကဤသို့စိတ်ချစေသည်– “ထိုမြို့၌အသက်ငယ်သောသူငယ်မရှိရ။ အသက်မပြည့်စုံသောလူအိုလည်းမရှိရ။ အသက်တစ်ရာရှိလျက်သေသောသူကို သူငယ်ကဲ့သို့မှတ်ရ၏။ အပြစ်ရှိသောသူသည် အသက်တစ်ရာရှိလျက်သေလျှင်၊ ကျိန်ခြင်းကိုခံရသောသူဟူ၍မှတ်ရ၏။”
၁၃။ ဘုရားသခင့်လူမျိုးတော်သည် လုံခြုံမှုရှိမည်ဖြစ်ကြောင်း ဟေရှာယ ၆၅:၂၀ ကမည်သို့စိတ်ချစေသနည်း။
၁၃ ဟေရှာယခေတ်ရှိလူများအပေါ် ထိုသို့ဦးဆုံးပြည့်စုံခဲ့စဉ်က ပြည်တော်အတွင်းရှိကလေးငယ်များမှာ လုံခြုံမှုရှိခြင်းကိုဆိုလိုသည်။ တစ်ချိန်က ဗာဗုလုန်လူများလာ၍ပြုခဲ့သကဲ့သို့ နို့စို့သူငယ်များကိုခေါ်ဆောင်သွားမည့် သို့မဟုတ် အရွယ်ကောင်းသူများကို သတ်ပစ်မည့် ရန်သူများမရှိတော့ပေ။ (၂ ရာဇဝင်ချုပ် ၃၆:၁၇၊ ၂၀) လာမည့်ကမ္ဘာသစ်တွင် လူတို့သည် လုံခြုံစွာဖြင့် အသက်တာကိုပျော်မွေ့နိုင်ကြလိမ့်မည်။ လူတစ်ဦးသည် ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်ဖို့ရွေးချယ်မည်ဆိုလျှင် ဆက်အသက်ရှင်ခွင့်ရမည်မဟုတ်ပါ။ သူ့ကိုဘုရားသခင်ဖယ်ရှားပစ်ပါလိမ့်မည်။ ပုန်ကန်သူအပြစ်သားသည် အသက်တစ်ရာရှိလျှင်ကော။ အဆုံးမဲ့အသက်ရှိခြင်းနှင့်နှိုင်းလျှင် သူသည် “သူငယ်ကဲ့သို့” သေဆုံးသွားပေမည်။—၁ တိမောသေ ၁:၁၉၊ ၂၀; ၂ တိမောသေ ၂:၁၆-၁၉။
၁၄၊ ၁၅။ ဟေရှာယ ၆၅:၂၁၊ ၂၂ ပေါ်အခြေပြုလျက် အဘယ်အကျိုးရှိသောလုပ်ဆောင်မှုများကို သင်စောင့်မျှော်နိုင်သနည်း။
၁၄ ဟေရှာယသည် တမင်အပြစ်ပြုသူတစ်ဦး မည်သို့ဖယ်ရှားခံရမည်ကို အာရုံစိုက်မည့်အစား ကမ္ဘာသစ်တွင်ရှိမည့် နေထိုင်မှုအခြေအနေများကို ဖော်ပြခဲ့သည်။ ၎င်းရှုခင်းတွင် သင့်ကိုယ်သင်မြင်ယောင်ကြည့်ဖို့ကြိုးစားပါ။ သင်နှင့်အသက်ဆိုင်ဆုံးကို သင်ဦးဆုံးမြင်ယောင်မိပေမည်။ ၎င်းကိုအခန်းငယ် ၂၁ နှင့် ၂၂ တွင် ဟေရှာယဤသို့ဖော်ပြသည်– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကိုစားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍အခြားသောသူနေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍အခြားသောသူစားရမည်မဟုတ်။ ငါ၏လူတို့အသက်သည် သစ်ပင်၏အသက်ကဲ့သို့ဖြစ်၍၊ သူတို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာသုံးဆောင်ရကြလိမ့်မည်။”
၁၅ သင်သည် ဆောက်လုပ်ရေးအတွေ့အကြုံမရှိသေး၊ သို့မဟုတ် ဥယျာဉ်မစိုက်ပျိုးဖူးလျှင် သင့်ကိုသင်တန်းပေးလိမ့်မည်ဟု ဟေရှာယ၏ပရောဖက်ပြုချက်က အကြံပြုသည်။ သို့သော် စွမ်းရည်ရှိသောနည်းပြဆရာများ၊ သင့်ကိုဝမ်းသာအားရ အကူအညီပေးမည့် ကြင်နာသည့်အိမ်နီးချင်းများထံမှသင်ယူရန် တလိုတလားရှိမည်လော။ သင်၏အိမ်တွင် အပူပိုင်းဒေသ၏လေညင်းခံနိုင်ဖို့ နေကာခန်းစီးများသာရှိသော မှန်မထည့်ထားသည့်ပြတင်းပေါက်ကြီးများရှိမရှိ၊ ရာသီဥတုအပြောင်းအလဲကိုမြင်တွေ့နိုင်စေသည့် မှန်ပိတ်ပြတင်းပေါက်များရှိတရားဟောရာ ၂၂:၈; နေဟမိ ၈:၁၆။
မရှိကို ဟေရှာယမပြောပါ။ အသင်သည် မိုးရေနှင့် ဆီးနှင်းလျှောကျသွားစေရန် ခေါင်မိုးအလျှောနှင့် အိမ်ဆောက်မည်လော။ သို့မဟုတ် ဒေသခံရာသီဥတုကြောင့် သင့်မိသားစုနှင့်အတူစုရုံးကာ အရသာရှိသောအစားအစာနှင့် ဝိုင်းဖွဲ့စကားလက်ဆုံပြောဆိုရန် ခေါင်မိုးအပြား—အရှေ့အလယ်ပိုင်းဒေသမှ ခေါင်မိုးတစ်မျိုးကဲ့သို့—မျိုးနှင့် အိမ်ဆောက်မည်လော။—၁၆။ ကမ္ဘာသစ်သည် ထာဝစဉ်စိတ်ကျေနပ်ဖွယ်ဖြစ်မည်ဟု သင်အဘယ်ကြောင့်မျှော်လင့်နိုင်သနည်း။
၁၆ ဤသို့သောအသေးစိတ်အချက်အလက်များကိုသိထားခြင်းထက် ပို၍အရေးပါသောအရာမှာ ကိုယ်ပိုင်အိမ်ရှိခြင်းဖြစ်သည်။ ၎င်းသည် သင့်ကိုယ်ပိုင်အိမ်ဖြစ်လိမ့်မည်—သင်ပင်ပန်းစွာဆောက်လုပ်သော်လည်း အခြားသူအကျိုးခံစားရသည့် ယခုအချိန်နှင့် တူမည်မဟုတ်ပါ။ သင်သည် စိုက်ပျိုး၍အသီးကိုစားရလိမ့်မည်ဟုလည်း ဟေရှာယ ၆၅:၂၁ ကဆိုသည်။ ၎င်းက ယေဘုယျအခြေအနေကို အကျဉ်းချုံးဖော်ပြကြောင်း ရှင်းနေပါသည်။ သင်၏ကြိုးပမ်းအားထုတ်မှုများ၊ ပင်ပန်းစွာလုပ်ဆောင်မှု၏အကျိုးများမှ စိတ်ကျေနပ်မှုအပြည့်ရရှိပါလိမ့်မည်။ ထိုသို့တစ်သက်တာလုံး—“သစ်ပင်၏အသက်ကဲ့သို့”—သင်ပြုလုပ်နိုင်ပါလိမ့်မည်။ ယင်းက ‘ခပ်သိမ်းသောအရာအသစ်’ ဟူသော ဖော်ပြချက်နှင့်အမှန်ပင်ကိုက်ညီသည်တကား!—ဆာလံ ၉၂:၁၂-၁၄။
၁၇။ အဘယ်ကတိတော်သည် အထူးအားပေးမှုဖြစ်ကြောင်း မိဘများတွေ့ရှိလာမည်နည်း။
၁၇ သင်သည် မိဘတစ်ဦးဖြစ်မည်ဆိုလျှင် ဤစကားများက သင့်နှလုံးကိုထိမိပါလိမ့်မည်– “သူတို့သည် သားမြေးတို့ပါ ထာဝရဘုရားထံတော်မှ မင်္ဂလာခံရသောသူတို့ အမျိုးအနွယ်ဖြစ်ကြသောကြောင့် အကျိုးမဲ့လုပ်ဆောင်ခြင်း၊ ဘေးသင့်ရန် သားဖွားခြင်းမရှိချေ။ သူတို့မခေါ်မီငါထူးမည်။ လျှောက်ကြစဉ်ပင် နားညောင်းမည်။” (ဟေရှာယ ၆၅:၂၃၊ ၂၄၊ သမ) ‘ဘေးသင့်ဖို့အတွက် သားဖွား’ ရသောနာကျင်မှုကို တွေ့ကြုံဖူးပါသလော။ မိဘများနှင့် အခြားသူတို့ကိုဘေးသင့်သော ကလေးများတွင်ရှိသည့် ပြဿနာအမျိုးမျိုးကို ကျွန်ုပ်တို့စာရင်းတင်ပြစရာမလိုပါ။ ယင်းနှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ပိုင်အသက်မွေးမှု၊ လုပ်ငန်းဆောင်တာများ သို့မဟုတ် ပျော်ရွှင်မှုများ၌နစ်မြုပ်နေရာ ကလေးများကိုအချိန်မပေးနိုင်သလောက်ဖြစ်သော မိဘများကို ကျွန်ုပ်တို့အားလုံးသတိပြုမိခဲ့ကြပြီ။ ယင်းနှင့်ဆန့်ကျင်သည်မှာ ကျွန်ုပ်တို့၏လိုအပ်ရာများကို ကြားနာ၊ ဖြေဆိုပေးပြီး ကြို၍ပင်သိထားနှင့်မည်ဟု ယေဟောဝါက ကျွန်ုပ်တို့ကိုစိတ်ချစေသည်။
၁၈။ ကမ္ဘာသစ်တွင် တိရစ္ဆာန်များနှင့်ပျော်မွေ့နိုင်မည်ဟု အဘယ်ကြောင့်မျှော်လင့်နိုင်သနည်း။
၁၈ ကမ္ဘာသစ်တွင် သင်ခံစားနိုင်မည့်အရာကို တွေးတောနေစဉ် ဘုရားသခင်၏ဤပရောဖက်ပြုဖော်ပြချက်ကို မြင်ယောင်ကြည့်လိုက်ပါ– “‘တောခွေးနှင့်သိုးသငယ်သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့မြက်ကိုစားလိမ့်မည်။ မြွေမူကား၊ မြေမှုန့်ကိုသာစားရလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ’ ဟု ထာဝရဘုရားမိန့်တော်မူ၏။” (ဟေရှာယ ၆၅:၂၅) ပန်းချီဆရာများသည် ထိုမြင်ကွင်းကိုရေးဆွဲဖို့ကြိုးစားခဲ့ကြသည်၊ သို့သော် ယင်းသည် ပန်းချီဆိုင်ရာစိတ်ကူးယဉ်ဖော်ပြခြင်းမျှမဟုတ်ပါ။ ထိုသို့အမှန်ဖြစ်ပျက်လာပါလိမ့်မည်။ လူလူချင်း သင့်တင့်ငြိမ်သက်မှုရှိမည်ဖြစ်သကဲ့သို့ တိရစ္ဆာန်များနှင့်လည်းငြိမ်သက်မှုရှိပါလိမ့်မည်။ ဇီဝဗေဒပညာရှင်များနှင့် တိရစ္ဆာန်ချစ်သူများသည် အနည်းငယ်သောတိရစ္ဆာန်အမျိုးအစား သို့မဟုတ် မျိုးစိတ်၊ မျိုးရိုးတစ်မျိုးတည်းကိုသာ အရွယ်ကောင်းတွင်လေ့လာကြသည်။ ယင်းနှင့်ဆန့်ကျင်လျက် တိရစ္ဆာန်များသည် လူကိုကြောက်သောစိတ် လွှမ်းမိုးမခံရတော့သည့်အခါ သင်သည် အဘယ်အရာများကိုသိရှိလာမည့်အ ကြောင်း စဉ်းစားကြည့်ပါ။ ထိုအခါ သစ်တော သို့မဟုတ် တောနက်ထဲတွင်နေထိုင်သော ငှက်များနှင့် သေးငယ်သောသတ္တဝါများထံသို့ပင် ချဉ်းကပ်ပြီး သူတို့ကို လေ့လာကာ သင်ယူ၍ သူတို့နှင့်ပျော်မွေ့နိုင်ပေမည်။ (ယောဘ ၁၂:၇-၉) လူနှင့်တိရစ္ဆာန်၏ရန်ကိုမကြောက်ရဘဲ ထိုသို့လုံခြုံစွာပြုလုပ်နိုင်မည်။ ယေဟောဝါက “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ” ဟုဆို၏။ ယနေ့ကျွန်ုပ်တို့မြင်ရ၊ ကြုံတွေ့ရသောအရာနှင့် အခြားကြီးခြားပါလိမ့်မည်တကား!
၁၉၊ ၂၀။ ဘုရားသခင်၏လူမျိုးတော်သည် မျက်မှောက်ခေတ်လူအများစုနှင့် အဘယ်ကြောင့်အတော်အတန် ကွာခြားကြသနည်း။
၁၉ အစောပိုင်း၌ဖော်ပြခဲ့သကဲ့သို့ လူသားတို့သည် ထောင်စုနှစ်သစ်နှင့်ပတ်သက်၍ စိုးရိမ်ပူပင်မှုအမျိုးမျိုးရှိနေသော်လည်း အနာဂတ်ကို အတိအကျကြိုမပြောနိုင်ကြပါ။ ယင်းကြောင့် လူအများသည် မချင့်မရဲ၊ စိတ်ရှုပ်ထွေးပြီး စိတ်ပျက်နေကြရသည်။ ကနေဒါတက္ကသိုလ်တစ်ခုမှ ဒါရိုက်တာ ပီတာ အမ်ဘာလီက ဤသို့ရေးသားခဲ့သည်– “[လူလားမြောက်သူ] များစွာတို့သည် နောက်ဆုံးတွင် ဘဝနှင့်ပတ်သက်သော အခြေခံမေးခွန်းများနှင့် ထိပ်တိုက်ရင်ဆိုင်ရကြသည်။ ကျွန်ုပ်မည်သူနည်း။ အမှန်ဆိုလျှင် အဘယ်အရာအတွက် ကျွန်ုပ်ကြိုးပမ်းနေသနည်း။ နောက်လူမျိုးဆက်အတွက် အဘယ်အမွေအနှစ်ကို ကျွန်ုပ်ထားခဲ့သနည်း။ သူတို့ဘဝတွင် ငြိမ်သက်မှုနှင့် အဓိပ္ပာယ်ရှိစေရန် လူလတ်ပိုင်းအရွယ်တွင် သူတို့ကြိုးစားအားထုတ်နေကြသည်။”
၂၀ လူအများ အဘယ်ကြောင့်ထိုသို့ဖြစ်သည်ကို သင်သဘောပေါက်နိုင်သည်။ သူတို့သည် မိမိတို့ဝါသနာပါရာများ သို့မဟုတ် စိတ်လှုပ်ရှားဖွယ်အပန်းဖြေနည်းအမျိုးမျိုးဖြင့် ဘဝကိုမွေ့လျော်ဖို့ကြိုးပမ်းကြပေမည်။ သို့တိုင် ရှေ့လျှောက်အဘယ်အလားအလာရှိသည်ကို သူတို့မသိကြသောကြောင့် သူတို့၏ဘဝသည် အရေးပါမှု၊ ငြိမ်သက်မှု သို့မဟုတ် စစ်မှန်သောအဓိပ္ပာယ်ကင်းမဲ့နေပေမည်။ ယခု ၎င်းကို ကျွန်ုပ်တို့သုံးသပ်သိရှိ၍ ဘဝအပေါ်ရှုမြင်လာပုံနှင့် နှိုင်းယှဉ်ကြည့်ပါ။ ကျွန်ုပ်တို့သည် ယေဟောဝါကတိထားရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် ပတ်ပတ်လည်ကိုကြည့်ရှုကာ ‘အရာခပ်သိမ်းကို ဘုရားသခင် တကယ်အသစ်ပြုလုပ်လိုက်တာပဲ!’ ဟုလှိုက်လှိုက်လှဲလှဲပြောနိုင်မည်ဖြစ်ကြောင်း သင်သိရှိထားသည်။ ကျွန်ုပ်တို့ပျော်လိုက်မည်ဖြစ်ခြင်း!
၂၁။ ဟေရှာယ ၆၅:၂၅ နှင့် ဟေရှာယ ၁၁:၉ ၌အဘယ်ဆင်တူသောအကြောင်းအရာကို ကျွန်ုပ်တို့တွေ့ရှိရသနည်း။
၂၁ ဘုရားသခင့်ကမ္ဘာသစ်တွင် အသက်ရှင်နေထိုင်ရန် စိတ်ကူးယဉ်ခြင်းသည် ရောင့်တက်ခြင်းမဟုတ်ပါ။ ယခုပင် ကိုယ်တော်အား အမှန်တရားဖြင့်ဝတ်ပြုဖို့ ကျွန်ုပ်တို့ကို ကိုယ်တော်ခေါ်ဖိတ်ပြီး ‘ကိုယ်တော်၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းမပြု’ တော့သည့်အချိန်တွင် အသက်ရှင်နေထိုင်ကြဖို့ အရည်အချင်းပြည့်မီရန်ကြိုးစားဖို့ ကိုယ်တော်တိုက်တွန်းအားပေးသည်။ (ဟေရှာယ ၆၅:၂၅) သို့သော် ဟေရှာယသည် အစောပိုင်းတွင် အလားတူပြောဆိုခဲ့ပြီး ကမ္ဘာသစ်ကိုအမှန်တကယ်ပျော်မွေ့နိုင်ရန် အရေးပါသောအချက်တစ်ချက်ကို သူထည့်သွင်းဖော်ပြထားကြောင်း သင်သတိပြုမိပါသလော။ ဟေရှာယ ၁၁:၉ ကဤသို့ဆိုသည်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့်ပြည့်စုံလိမ့်မည်။”
၂၂။ ကျမ်းစာပရောဖက်ပြုချက်လေးချက်ကို ကျွန်ုပ်တို့သုံးသပ်ခဲ့ခြင်းက အဘယ်အရာကိုပြုလုပ်ရန် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို မြဲမြံစေသင့်သနည်း။
၂၂ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုသိကျွမ်းခြင်းပညာ။” ဘုရားသခင်သည် အရာခပ်သိမ်းကို အသစ်ပြုလုပ်သောအခါ မြေကြီးသားတို့သည် ကိုယ်တော်နှင့် ကိုယ်တော်၏အလိုတော်ကို တိကျမှန်ကန်စွာသိရှိကြပါလိမ့်မည်။ ထိုသို့သိရှိဖို့ရန် ဖန်ဆင်းရာတိရစ္ဆာန်များထံမှ သင်ယူခြင်းထက်မက များစွာပါဝင်မည်။ ကိုယ်တော်၏မှုတ်သွင်းခံနှုတ်မြွက်စကားတော်ပါဝင်သည်။ ဥပမာ၊ “ကောင်းကင်သစ်နှင့်မြေကြီးသစ်” အကြောင်းဖော်ပြသော ပရောဖက်ပြုချက်လေးခုကိုသာ ဆန်းစစ်ခြင်းမှ ကျွန်ုပ်တို့မည်မျှသိရှိခဲ့ကြရသည်ကို ပြန်သုံးသပ်ကြည့်ပါ။ (ဟေရှာယ ၆၅:၁၇; ၆၆:၂၂; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၁) ကျမ်းစာကိုနေ့စဉ်ဖတ်ရှုရန် သင်၌အကြောင်းကောင်းရှိသည်။ ယင်းသည် သင်၏လုပ်ရိုးလုပ်စဉ်ဖြစ်သလော။ မဖြစ်ပါက ဘုရားသခင်မိန့်တော်မူရာအချို့ကို နေ့စဉ်ဖတ်ရှုရန် အဘယ်ပြုပြင်ပြောင်းလဲမှုများကို သင်ပြုလုပ်နိုင်သနည်း။ သင်သည် ကမ္ဘာသစ်တွင်ပျော်မွေ့ရန် စောင့်မျှော်နိုင်သည့်အပြင် ဆာလံဆရာကဲ့သို့ပင် လောလောဆယ် ပျော်ရွှင်မှုတိုး၍ရရှိပါလိမ့်မည်။—ဆာလံ ၁:၁၊ ၂။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 နယူးယောက်၊ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေသော ကျမ်းစာစောင်များအပေါ် ထိုးထွင်းသိမြင်ခြင်း အတွဲ ၁၊ စာမျက်နှာ ၉၀၆ ရှု။
သင်မည်သို့ဖြေဆိုမည်နည်း
• ဟေရှာယ ၆၆:၂၂-၂၄ က ရှေ့တွင်ဖြစ်ပျက်မည့်အရာကို ကြိုဟောထားသည်ဟု အဘယ်ကြောင့်ကျွန်ုပ်တို့ကောက်ချက်ချနိုင်သနည်း။
• ဟေရှာယ ၆၆:၂၂-၂၄ နှင့် ဟေရှာယ ၆၅:၂၀-၂၅ မှ ပရောဖက်ပြုချက်များ၌ ဖော်ပြရာများတွင် သင်အထူးသဖြင့်စောင့်မျှော်ရာကား အဘယ်နည်း။
• သင်၏အနာဂတ်နှင့်စပ်လျဉ်း၍ ယုံကြည်စိတ်ချနေရန်အတွက် အဘယ်အကြောင်းရင်းများရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဟေရှာယ၊ ပေတရုနှင့် ယောဟန်တို့သည် “ကောင်းကင်သစ်နှင့်မြေကြီးသစ်” ၏ အသွင်အပြင်များကို ကြိုဟောခဲ့ကြ