ဘုရားသခင့်ရေးရာသွန်သင်ချက်ကို ခိုင်မြဲစွာစွဲကိုင်ခြင်း
ဘုရားသခင့်ရေးရာသွန်သင်ချက်ကို ခိုင်မြဲစွာစွဲကိုင်ခြင်း
“ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။”—သု. ၃:၅၊ ၆။
၁။ ကျွန်ုပ်တို့သည် တစ်ခါနှင့်မျှမတူအောင် လူ့အသိပညာထုတ်ဖော်မှုနှင့် မည်သို့ရင်ဆိုင်ကြရသနည်း။
လက်ရှိအချိန်၌ ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်သတင်းစာပေါင်း ၉,၀၀၀ ခန့်ကို ဖြန့်ချိလျက်ရှိ၏။ အမေရိကန်တစ်နိုင်ငံတည်း၌ နှစ်စဉ် စာအုပ်အသစ်ပေါင်း ၂၀၀,၀၀၀ ခန့်ကို ထုတ်ဝေကြသည်။ ခန့်မှန်းချက်တစ်ခုအရ ၁၉၉၈ မတ်လအထိ အင်တာနက်ပေါ်၌ ဝက်ဘ်စာမျက်နှာပေါင်း ၂၇၅ သန်းခန့်ရှိခဲ့ပြီဟူ၍သိရသည်။ ဤအရေအတွက်သည် တစ်လလျှင်စာရွက်ပေါင်း သန်း ၂၀ နှုန်းဖြင့် တိုးလာကြောင်းသိရသည်။ တစ်ခါနှင့်မျှမတူအောင် လူတို့သည် မည်သည့်အကြောင်းအရာမဆိုနှင့်ပတ်သက်၍ သတင်းအချက်အလက်များရရှိနိုင်ကြသည်။ ဤအခြေအနေသည် အပြုသဘောပါသောအသွင်များရှိစဉ် ယင်းသို့သောသတင်းအချက်အလက် အမြောက်အမြားက ပြဿနာများဖြစ်ပေါ်စေခဲ့ပြီ။
၂။ သတင်းအချက်အလက်အလွန်မြောက်မြားစွာရရှိခြင်းမှ အဘယ်ပြဿနာများ ပေါ်နိုင်သနည်း။
၂ လူအချို့သည် သတင်းအချက်အလက်လိုက်စားသူများဖြစ်လာကြပြီး သာ၍အရေးပါရာများကို လျစ်လျူရှုထားကြကာ သူတို့၏မရောင့်ရဲနိုင်သောဆန္ဒကို နောက်ဆုံးသတင်းဖြင့်အမြဲတစေဖြည့်ပေးလေ့ရှိကြ၏။ အခြားသူတို့မှာမူ နားလည်ရခက်သောပညာရပ်များနှင့်ပတ်သက်၍ အချက်အလက်အချို့တစ်ဝက်ကို ဆည်းပူးထားကြပြီးနောက် မိမိတို့ကိုယ်ကို ပညာရှင်ကြီးများအဖြစ် ရှုမြင်တတ်ကြသည်။ ဤသူတို့သည် နားလည်မှုအနည်းအကျဉ်းအပေါ်အခြေခံ၍ မိမိကိုယ်တိုင်ကိုဖြစ်စေ၊ အခြားသူတို့ကိုဖြစ်စေ ဘေးသင့်စေနိုင်သည့် အရေးကြီးသောဆုံးဖြတ်ချက်များချပေမည်။ ထို့အပြင် မှားယွင်းသော၊ သို့မဟုတ် တိကျမှုမရှိသောသတင်းအချက်အလက်၏အန္တရာယ် အမြဲပင်ရှိသည်။ ပျံ့နှံ့နေသော သတင်းအချက်အလက်များမှာ တိကျမှုနှင့် မျှတမှုရှိမရှိစစ်ဆေးရန် ယုံကြည်စိတ်ချလောက်သည့်နည်းလမ်း မရှိတတ်ချေ။
၃။ လူ့ပညာကိုဆည်းပူးခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ အဘယ်သတိပေးချက်များရှိသနည်း။
၃ စူးစမ်းလိုစိတ်မှာ လူ့ဗီဇဖြစ်ခဲ့သည်ကား ကြာမြင့်ပေပြီ။ အသုံးမဝင် ဘေးပင်ပြုသည့်သတင်းအချက်အလက်များကို လိုက်စားခြင်း၌ အချိန်များစွာဖြုန်းခြင်း၏အန္တရာယ်ကို ရှောလမုန်ဘုရင်ခေတ်ကတည်းက အသိအမှတ်ပြုခဲ့သည်။ သူက ဤသို့ပြောခဲ့သည်– “ထိုသို့သောစကားအားဖြင့် ဆုံးမခြင်းကိုခံလော့။ စာများကိုစီရင်၍မကုန်နိုင်။ စာကိုကြိုးစား၍ကြည့်ရှုခြင်းအမှုသည်၊ ကိုယ်ကိုနှောင့်ယှက်သောအမှုဖြစ်၏။” (ဒေ. ၁၂:၁၂) ရာစုနှစ်များစွာကြာပြီးနောက် တမန်တော်ပေါလုက တိမောသေထံ ဤသို့ရေးသားခဲ့သည်– “သင်၌အပ်ထားသောအရာကိုစောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီးစကားပြောခြင်းကိုလည်းကောင်း၊ ‘သိပ္ပံအတတ်’ ဟူ၍အလွဲခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ယှက်ခြင်းကိုလည်းကောင်း ရှောင်လော့။ ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်းတရားလမ်းမှလွဲကြပြီ။” (၁ တိမောသေ ၆:၂၀၊ ၂၁) မှန်ပါသည်၊ ယနေ့ ခရစ်ယာန်တို့သည် ဘေးသင့်စေသည့်ထင်မြင်ယူဆချက်များကို မလိုအပ်ဘဲဆည်းပူးခြင်းကို ရှောင်ရန်လိုသည်။
၄။ ယေဟောဝါနှင့် ကိုယ်တော်၏သွန်သင်ချက်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချကြောင်း ထင်ရှားပြနိုင်သည့်နည်းတစ်နည်းကား အဘယ်နည်း။
၄ ယေဟောဝါ၏လူတို့သည် သု. ၃:၅၊ ၆ တွင်ဖော်ပြထားသော ဤစကားများကိုလည်း ဂရုစိုက်ရန်ကောင်းသည်– “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” ယေဟောဝါအား ယုံကြည်ကိုးစားခြင်းတွင် ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆင်ခြင်မှုမှဖြစ်စေ သို့မဟုတ် အခြားသူတို့၏ယူဆချက်မှဖြစ်စေ ပေါ်ထွက်လာသော သမ္မာကျမ်းစာနှင့်ဆန့်ကျင်သည့် မည်သည့်ယူဆချက်ကိုမဆိုငြင်းပယ်ခြင်း ပါဝင်၏။ ကျွန်ုပ်တို့ဝိညာဉ်ရေးကို ကာကွယ်ရန် ကျွန်ုပ်တို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးခြင်းသည် အရေးကြီး၏၊ ဘေးသင့်စေသောအချက်အလက်များကို ခွဲခြားသိကာ ယင်းကို ရှောင်ရှားနိုင်ရန်အလို့ငှာ ဖြစ်သည်။ (ဟေဗြဲ ၅:၁၄) ယင်းသို့သော သတင်းအချက်အလက်၏ရင်းမြစ်အချို့ကို သုံးသပ်ကြည့်ကြစို့။
စာတန်လွှမ်းမိုးသော လောက
၅။ ဘေးသင့်စေသောယူဆချက်များ၏ ရင်းမြစ်တစ်ခုကားအဘယ်နည်း၊ ယင်းနောက်ကွယ်၌ မည်သူရှိသနည်း။
၅ ဤလောကသည် ဘေးသင့်စေသောယူဆချက်မြောက်မြားစွာ ပေါ်ထွက်ရာရင်းမြစ်တစ်ခုဖြစ်သည်။ (၁ ကောရိန္သု ၃:၁၉) ယေရှုခရစ်က မိမိ၏တပည့်တော်များနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဤသို့ဆုတောင်းခဲ့သည်– “ဤသူတို့ကို ဤလောကမှနုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည်မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။” (ယောဟန် ၁၇:၁၅) တပည့်တော်များကို “မကောင်းသောအမှုအရာ” မှကာကွယ်ပေးရန် ယေရှုတောင်းဆိုခြင်းက ဤလောကကိုစာတန်လွှမ်းမိုးလျက်ရှိကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ခရစ်ယာန်များဖြစ်ကြခြင်းကြောင့် ဤလောက၏ဆိုးသွမ်းသောလွှမ်းမိုးမှုများမှ အလိုအလျောက်ကာကွယ်မှုရသည်မဟုတ်ပါ။ ယောဟန်က ဤသို့ရေးသားခဲ့သည်– “ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကိုလည်းကောင်း၊ လော[က]သားအပေါင်းတို့သည် [စာတန်]၏လက်၌ရှိကြသည်ကိုလည်းကောင်း ငါတို့သိကြ၏။” (၁ ယောဟန် ၅:၁၉) အထူးသဖြင့် နောက်ဆုံးနေ့ရက်များ၏ ဤအဆုံးပိုင်းတွင် စာတန်နှင့် သူ၏နတ်ဆိုးများသည် လောကကို ဘေးသင့်စေသောသတင်းအချက်အလက်များနှင့် ပြည့်နှက်စေမည်ဖြစ်ကြောင်း ကျွန်ုပ်တို့မျှော်လင့်ဖို့ဖြစ်သည်။
၆။ ဖျော်ဖြေမှုလောကသည် အကျင့်ဆိုင်ရာအရေထူမှုကို မည်သို့ဖြစ်ပေါ်စေနိုင်သနည်း။
၆ ဤဘေးသင့်စေသော သတင်းအချက်အလက်အချို့သည် ဘေးကင်းသည့်ပုံရှိမည်ကိုလည်း မျှော်လင့်နိုင်၏။ (၂ ကောရိန္သု ၁၁:၁၄) ဥပမာ၊ တီဗွီပြကွက်များ၊ ရုပ်ရှင်၊ တေးဂီတနှင့် ပုံနှိပ်စာပေတို့ဖြင့် ဖျော်ဖြေပေးသည့်လောကကိုသုံးသပ်ကြည့်ပါ။ ဖျော်ဖြေမှုပုံစံအချို့သည် အကျင့်ယိုယွင်းမှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးသုံးစွဲမှုအစရှိသော ယုတ်ညံ့သည့်အကျင့်များကို ပိုမိုတိုးမြှင့်ပေးနေကြောင်း လူများစွာသဘောတူကြပေမည်။ ယခင်ထက်ပိုအကျင့်ပျက်သည့် ဖျော်ဖြေမှုပုံစံတစ်ခုကို ဦးဆုံးတွေ့မြင်ရချိန်၌ ပရိသတ်များစွာသည် ထိတ်လန့်သွားပေမည်။ သို့သော် ယင်းကိုထပ်တလဲလဲတွေ့မြင်ရခြင်းက လူတစ်ဦးကိုအရေထူသွားစေနိုင်၏။ ဘေးသင့်စေသောယူဆချက်များကို တိုးမြှင့်ပေးသည့်ဖျော်ဖြေမှုကို လက်ခံဖွယ်ရာ၊ သို့မဟုတ် ဘေးအန္တရာယ်မရှိဟု ဘယ်သောအခါမျှ မရှုမြင်သင့်ချေ။—ဆာလံ ၁၁၉:၃၇။
၇။ သမ္မာကျမ်းစာ၌ ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုကို အဘယ်လူ့ပညာမျိုးက တိုက်စားသွားနိုင်သနည်း။
၇ သမ္မာကျမ်းစာ၏မှန်ကန်ခိုင်လုံမှုကို စိန်ခေါ်ကြသော သိပ္ပံပညာရှင်နှင့် ကျမ်းပညာရှင်အချို့ ပုံနှိပ်ထုတ်ဝေသည့် ယူဆချက်ဒုနှင့်ဒေးဖြစ်သော ထိခိုက်နိုင်သည့် သတင်းအချက်အလက်၏ရင်းမြစ် နောက်ထပ်တစ်ခုကိုသုံးသပ်ကြည့်ကြစို့။ (ယာကုပ် ၃:၁၅ နှိုင်းယှဉ်။) ယင်းသို့သောအကြောင်းသည် အဓိကမဂ္ဂဇင်းများနှင့် လူကြိုက်များသောစာအုပ်များတွင် မကြာခဏပါရှိပြီး ယင်းက သမ္မာကျမ်းစာ၌ ယုံကြည်စိတ်ချမှုကို တိုက်စားနိုင်၏။ အချို့သူတို့သည် မဆုံးနိုင်သော ဆင်ခြင်တွေးဆချက်များဖြင့် ဘုရားသခင်၏သမ္မာကျမ်းဆိုင်ရာ အခွင့်အာဏာကို ချည့်နဲ့သွားစေခြင်း၌ ဂုဏ်ယူဝင့်ကြွားတတ်ကြသည်။ တမန်တော်များခေတ်၌ အလားတူအန္တရာယ်ရှိခဲ့ကြောင်း တမန်တော်ပေါလု၏ ဤစကားများမှ ထင်ရှားပါသည်– “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လော[က]တရားနုကိုလိုက်၍၊ လော[က]ပညာနှင့်အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။”—ကောလောသဲ ၂:၈။
သမ္မာတရား၏ရန်သူများ
၈၊ ၉။ ယနေ့ အယူဖောက်ပြန်ခြင်း မည်သို့ပေါ်လွင်ထင်ရှားလျက်ရှိသနည်း။
၈ အယူဖောက်ပြန်သူများသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အခြားတစ်နည်းဖြင့်ခြိမ်းခြောက်နိုင်၏။ ခရစ်ယာန်အမည်ခံသူတို့တွင် အယူဖောက်ပြန်မှု ပေါ်ထွက်လာလိမ့်မည်ဟု တမန်တော်ပေါလုက တင်ကူးဟောခဲ့သည်။ (တမန်တော် ၂၀:၂၉၊ ၃၀; ၂ သက်သာလောနိတ် ၂:၃) တမန်တော်များသေဆုံးသွားပြီးနောက် ယုံကြည်ခြင်းဖောက်ပြန်မှုကြီးဖြစ်ခဲ့ရာ ခရစ်ယာန်ဘောင်ပေါ်ထွက်လာခြင်းဖြင့် သူ၏စကားပြည့်စုံလေသည်။ ယနေ့ ဘုရားသခင့်လူများအလယ်တွင် အယူဖောက်ပြန်မှုကြီးမရှိချေ။ သို့တိုင် ကျွန်ုပ်တို့အုပ်စုမှ လူအနည်းငယ်ထွက်ခွာသွားခဲ့ကြပြီး သူတို့ထဲမှအချို့တို့သည် လိမ်ညာမှုနှင့် မဟုတ်မမှန်သတင်းလွှင့်ခြင်း ဖြင့် ယေဟောဝါသက်သေများကို အသရေဖျက်ရန် ဆုံးဖြတ်ထားကြသည်။ အခြားသူအချို့မှာ အခြားအဖွဲ့များနှင့်ပေါင်းပြီး စစ်မှန်သောဝတ်ပြုရေးကိုဆန့်ကျင်နေကြသည်။ ထိုသို့ပြုခြင်းဖြင့် ဦးဆုံးဖောက်ပြန်ခဲ့သူ စာတန်ဘက်တွင် သူတို့ရှိကြ၏။
၉ အယူဖောက်ပြန်သူအချို့သည် အင်တာနက်အပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းပုံစံအမျိုးမျိုးကို တိုး၍တိုး၍အသုံးပြုပြီး ယေဟောဝါသက်သေများအကြောင်း လွဲမှားသောသတင်းများကို ဖြန့်ချိနေကြသည်။ ရလဒ်အနေဖြင့် စိတ်ရိုးမှန်သူတို့သည် ကျွန်ုပ်တို့၏ယုံကြည်ချက်များကို လေ့လာကြသည့်အခါ အယူဖောက်ပြန်သူများ၏ဝါဒဖြန့်မှုနှင့် တိုးမိကြပေမည်။ ယေဟောဝါသက်သေအချို့ပင် မထင်မှတ်ဘဲ ဤအန္တရာယ်ရှိသောအကြောင်းအရာတို့ကို ဖတ်မိခဲ့ကြသည်။ ထို့အပြင် အယူဖောက်ပြန်သူတို့သည် အခါအားလျော်စွာ ရုပ်မြင်သံကြား သို့မဟုတ် ရေဒီယိုအစီအစဉ်တို့တွင် ပါဝင်ကြသည်။ ယင်းကြောင့် ပညာရှိလမ်းစဉ်ကားအဘယ်နည်း။
၁၀။ အယူဖောက်ပြန်သောဝါဒဖြန့်မှုကို ပညာရှိစွာ တုံ့ပြန်မှုကားအဘယ်နည်း။
၁၀ အယူဖောက်ပြန်သူတို့ကို မိမိတို့၏အိမ်၌လက်မခံရန် တမန်တော်ယောဟန်က ခရစ်ယာန်များအား ညွှန်ကြားခဲ့သည်။ သူကဤသို့ရေးသားခဲ့သည်– “ထို[တရား]တော်မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကို သင့်အိမ်၌လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။ မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့်ဆက်ဆံရာသို့ရောက်၏။” (၂ ယောဟန် ၁၀၊ ၁၁) ဤဆန့်ကျင်သူများနှင့် ဆက်သွယ်ခြင်းမှန်သမျှကို ရှောင်ရှားခြင်းက သူတို့၏ပျက်ပြားသောတွေးခေါ်မှုများမှ အကာအကွယ်ရပေမည်။ ခေတ်မီဆက်သွယ်နည်းအမျိုးမျိုးဖြင့် အယူဖောက်ပြန်သောသွန်သင်ချက်များကို ကျွန်ုပ်တို့လက်ခံယူမိခြင်းက အယူဖောက်ပြန်သူကိုယ်နှိုက်ကို ကျွန်ုပ်တို့အိမ်များ၌ လက်ခံထားသကဲ့သို့ပင် အန္တရာယ်ရှိလှသည်။ စူးစမ်းလိုစိတ်ကြောင့် ယင်းသို့ ဘေးသင့်စေသည့်လမ်းစဉ်ပေါ်ရောက်ရန် ဆွဲဆောင်ခံရဖို့ ဘယ်သောအခါမျှခွင့်မပြုသင့်ချေ!—သု. ၂၂:၃။
အသင်းတော်အတွင်း
၁၁၊ ၁၂။ (က) ပထမရာစုနှစ်ရှိ အသင်းတော်၌ အန္တရာယ်ရှိသောသတင်းအချက်အလက်၏ ရင်းမြစ်ကားအဘယ်နည်း။ (ခ) ခရစ်ယာန်အချို့သည် ဘုရားသခင့်ရေးရာသွန်သင်ချက်များကို မည်သို့ခိုင်မြဲစွာ မစွဲကိုင်ခဲ့သနည်း။
၁၁ ဘေးသင့်စေသည့် ယူဆချက်များ၏ရင်းမြစ် နောက်ထပ်တစ်ခုကိုသုံးသပ်ကြည့်ပါ။ မှားယွင်းမှုများကို သွန်သင်ရန်မရည်ရွယ်သော်လည်း အပ်နှံပြီးသားခရစ်ယာန်တစ်ဦးသည် ဆင်ခြင်မှုကင်းမဲ့စွာ ပြောဆိုသည့်အလေ့အထ ရှိလာနိုင်၏။ (သု. ၁၂:၁၈) ကျွန်ုပ်တို့၏မစုံလင်မှု သဘောသဘာဝကြောင့် ကျွန်ုပ်တို့အားလုံးသည် တစ်ကြိမ်မဟုတ်တစ်ကြိမ် ကျွန်ုပ်တို့၏လျှာဖြင့် ပြစ်မှားမိပေလိမ့်မည်။ (သု. ၁၀:၁၉; ယာကုပ် ၃:၈) တမန်တော်ပေါလုအချိန်တွင် အသင်းတော်ရှိအချို့သူတို့သည် မိမိတို့၏လျှာကိုမထိန်းချုပ်ခဲ့ကြရာ စကားကြောင့် အချေအတင်ပြောဆိုငြင်းခုံခဲ့ကြဟန်တူသည်။ (၁ တိမောသေ ၂:၈) အခြားသူများမှာမူ မိမိတို့၏ယူဆချက်များကို အထင်ကြီးလွန်းပြီး ပေါလု၏အခွင့်အဏာကိုပင် စိန်ခေါ်ခဲ့သည့်အထိဖြစ်၏။ (၂ ကောရိန္သု ၁၀:၁၀-၁၂) ယင်းသို့သောစိတ်ထားသည် မလိုအပ်သောသဘောထားကွဲလွဲမှုများ ဖြစ်ပွားစေခဲ့သည်။
၁၂ တစ်ခါတစ်ရံ ဤသို့သောသဘောထားကွဲလွဲမှုများသည် “အချည်းနှီးဆွေးနွေးခြင်း” များဖြစ်ပေါ်စေပြီး အသင်းတော်၏ငြိမ်သက်မှုကို ဖျက်ဆီးလျက်ရှိသည်။ (၁ တိမောသေ ၆:၅; ဂလာတိ ၅:၁၅) ဤငြင်းခုံမှုများကို ဖြစ်ပေါ်စေသူတို့နှင့်ပတ်သက်၍ ပေါလုက ဤသို့ဖော်ပြသည်– “ခြားနားသော[သွန်သင်စကား]ကိုသင်ပေး၍၊ ငါတို့သခင်ယေရှုခရစ်၏စကားတည်းဟူသော စင်ကြယ်သောစကားကိုလည်းကောင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီဖြစ်သော[သွန်သင်စကား]ကိုလည်းကောင်း ဝန်မခံသောသူမည်သည်ကား၊ မာနနှင့်ယစ်မူး၍ အလျှင်းနားမလည်ဘဲ၊ ပုစ္ဆာအမေးကိုဆွေးနွေး၍ စကားကြောင့်သာငြင်းခုံသောအားဖြင့် စိတ်ပေါ့သောသူဖြစ်၏။ ထိုသို့ပြုလျှင်၊ ငြူစူခြင်း၊ ရန်တွေ့ခြင်း၊ သူ့အသရေကိုရှုတ်ချခြင်း၊ မနာလိုသောကြံစည်ခြင်း” တို့ဖြစ်တတ်၏။—၁ တိမောသေ ၆:၃၊ ၄။
၁၃။ ပထမရာစုနှစ်၌ ခရစ်ယာန်အများစု၏ အပြုအမူကားအဘယ်နည်း။
ယာကုပ် ၁:၂၇) သူတို့၏ဝိညာဉ်ရေးကို ကာကွယ်ရန် သူတို့သည် ခရစ်ယာန်အသင်းတော်၌ပင် “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်း” ကို ရှောင်ကြဉ်ခဲ့ကြသည်။—၁ ကောရိန္သု ၁၅:၃၃; ၂ တိမောသေ ၂:၂၀၊ ၂၁။
၁၃ ဝမ်းသာစရာကား တမန်တော်များအချိန်၌ ခရစ်ယာန်အများစုမှာ သစ္စာရှိခဲ့ကြပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြွေးကြော်ခြင်းလုပ်ငန်းအပေါ် အာရုံစူးစိုက်ခဲ့ကြသည်။ သူတို့သည် “မိဘမရှိသောသူငယ်တို့နှင့် မုဆိုးမတို့ ဆင်းရဲခံရသောအခါ” သူတို့ကို ကြည့်ရှုပြုစုခြင်း၌ အလုပ်များနေကြပြီး စကားကြောင့် အချည်းနှီးငြင်းခုံမှုများတွင် အချိန်မဖြုန်းဘဲ “လော[က]အညစ်အကြေးနှင့်ကင်းစင်အံ့သောငှာ” နေထိုင်ကြသည်။ (၁၄။ ကျွန်ုပ်တို့ဂရုမစိုက်လျှင် ထင်မြင်ချက်များကို သာမန်နှီးနှောဖလှယ်ခြင်းမှ အန္တရာယ်ရှိသည့်ငြင်းခုံမှုများ မည်သို့ဖြစ်လာနိုင်သနည်း။
၁၄ ယနေ့ ယေဟောဝါသက်သေများ၏အသင်းတော်များသည် အပိုဒ် ၁၁ တွင်ဖော်ပြခဲ့သည့် အခြေအနေများနှင့်မတူပေ။ သို့တိုင် ယင်းသို့သော အချည်းနှီးငြင်းခုံမှုဖြစ်နိုင်သည်ကို ကျွန်ုပ်တို့ ကောင်းစွာသိထားကြရမည်။ မှန်သည်၊ ကျမ်းစာမှတ်တမ်းများကို ဆွေးနွေးခြင်း သို့မဟုတ် မဖော်ပြသေးသည့် ကတိတော်ရှိရာကမ္ဘာသစ်၏ အသွင်များအကြောင်း သိလိုကြခြင်းမှာ သာမန်ဖြစ်သည်။ ထို့အပြင် ဝတ်စားဆင်ယင်မှု သို့မဟုတ် ဖျော်ဖြေမှုကိုရွေးချယ်ခြင်းအစရှိသော ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည့် ထင်မြင်ချက်များကို ဖလှယ်ကြခြင်းသည်အမှားမရှိချေ။ သို့သော် ကျွန်ုပ်တို့၏ထင်မြင်ချက်များနှင့်ပတ်သက်၍ တစ်ယူသန်ဆန်လာပြီး အခြားသူတို့က ကျွန်ုပ်တို့နှင့်သဘောမတူသောအခါ စိတ်ထိခိုက်မည်ဆိုလျှင် သေးငယ်သောကိစ္စများကြောင့် အသင်းတော်သည်စိတ်ဝမ်းကွဲသွားပေမည်။ အစတွင်ရိုးရိုးသားသားပြောဆိုရာမှ အမှန်ပင်အန္တရာယ်ဖြစ်သွားပေမည်။
ကျွန်ုပ်တို့ထံအပ်ထားရာကို စောင့်ရှောက်ခြင်း
၁၅။ ‘နတ်ဘုရားနှင့်စပ်ဆိုင်သောစကား’ က ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို အဘယ်မျှအထိ အန္တရာယ်ရှိစေနိုင်သနည်း၊ သမ္မာကျမ်းစာ၌ မည်သို့ဆုံးမထားသနည်း။
၁၅ တမန်တော်ပေါလုက ဤသို့သတိပေးသည်– “ဝိညာဉ်တော်သည် အတည့်အလင်းဗျာဒိတ်ထားတော်မူသည်ကား၊ နောင်ကာလ၌ . . . လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍၊ လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော [စကား] တို့၌လည်းကောင်း မှီဝဲဆည်းကပ်ကြလိမ့်မည်။” (၁ တိမောသေ ၄:၁၊ ၂) မှန်ပါသည်၊ အန္တရာယ်ရှိသောထင်မြင်ချက်များကား အမှန်ပင် ခြိမ်းခြောက်မှုဖြစ်သည်။ ပေါလုက မိမိချစ်လှသောအဆွေ တိမောသေအား ဤသို့တောင်းပန်ခဲ့ခြင်းကို နားလည်နိုင်ပါသည်– “အိုတိမောသေ၊ သင်၌အပ်ထားသောအရာကိုစောင့်ရှောက်လော့။ တရားမဲ့ဖြစ်သော အချည်းနှီးစကားပြောခြင်းကိုလည်းကောင်း၊ ‘သိပ္ပံအတတ်’ ဟူ၍အလွဲခေါ်ဝေါ်သော သိပ္ပံအတတ် ဆီးတားနှောင့်ယှက်ခြင်းကိုလည်းကောင်း ရှောင်လော့။ ထိုသိပ္ပံအတတ်ကို လူအချို့တို့သည် ဝန်ခံပြုစုသောအားဖြင့်၊ ယုံကြည်ခြင်းတရားလမ်းမှလွဲကြပြီ။”—၁ တိမောသေ ၆:၂၀၊ ၂၁။
၁၆၊ ၁၇။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အဘယ်အရာအပ်နှင်းထားသနည်း။ ယင်းကို ကျွန်ုပ်တို့ မည်သို့ကာကွယ်စောင့်ရှောက်သင့်သနည်း။
၁၆ ဤမေတ္တာပါသော သတိပေးချက်မှ ယနေ့ ကျွန်ုပ်တို့ မည်သည့်အကျိုးရရှိနိုင်သနည်း။ တိမောသေသည် တန်ဖိုးရှိသည့်အရာတစ်ခုကို စောင့်ရှောက်ကာကွယ်ရန် တာဝန်အပ်နှင်းခံခဲ့ရသည်။ ယင်းကားအဘယ်နည်း။ ပေါလုက ဤသို့ရှင်းပြသည်– “ငါ့ထံ၌ကြားရပြီးသော စင်ကြယ်သောတရားစကားအချုပ်အခြာကို ယေရှုခရစ်၌ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွစွဲလမ်းလော့။ သင်၌အပ်ထားသောအရာမြတ်ကို ငါတို့၌ကျိန်းဝပ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စောင့်ရှောက်လော့။” (၂ တိမောသေ ၁:၁၃၊ ၁၄) မှန်ပါသည်၊ တိမောသေထံအပ်ထားသောအရာတွင် “စင်ကြယ်သောစကား” အပါအဝင် “ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်အညီဖြစ်သော [ဆုံးမစကား]” ပါဝင်၏။ (၁ တိမောသေ ၆:၃) ဤစကားများနှင့်အညီ ယနေ့ ခရစ်ယာန်များသည် သူတို့အား အပ်နှင်းထားသော သူတို့၏ယုံကြည်ခြင်းနှင့် အမှန်တရားများစွာကို ကာကွယ်ရန် ဆုံးဖြတ်ထားခဲ့ကြပြီ။
၁၇ အပ်နှင်းထားရာကို စောင့်ရှောက်ခြင်းတွင် “ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အားကျေးဇူးပြု” စဉ် ကျမ်းစာလေ့လာမှုအလေ့အထကောင်းများရှိခြင်းနှင့် စွဲစွဲမြဲမြဲဆုတောင်းခြင်း အစရှိသည်တို့ကို ပြုစုပျိုးထောင်ခြင်းပါဝင်သည်။ (ဂလာတိ ၆:၁၀; ရောမ ၁၂:၁၁-၁၇) ပေါလုက ထပ်ဆင့်၍ ဤသို့သတိပေးသည်– “ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကိုမီအောင်လိုက်လော့။ ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့။ ထာဝရအသက်ကိုကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊ သင်သည် ခေါ်တော်မူခြင်းကိုခံရ၍၊ သက်သေအများတို့ရှေ့၌ကောင်းမွန်စွာဝန်ခံပြီ။” (၁ တိမောသေ ၆:၁၁၊ ၁၂) “ကောင်းစွာသောတိုက်လှန်ခြင်းကိုပြုလော့” နှင့် “ကိုင်ယူလော့” ကဲ့သို့သော စကားစုများကို ပေါလုအသုံးပြုခြင်းက ကျွန်ုပ်တို့သည် ဝိညာဉ်ရေးဆိုင်ရာ ဘေးသင့်စေသောလွှမ်းမိုးမှုများကို တက်တက်ကြွကြွနှင့် စွဲစွဲမြဲမြဲတွန်းလှန်ရမည်ဖြစ်ကြောင်း ထင်ရှားစေပါသည်။
ပိုင်းခြားသိမြင်မှုလိုအပ်ခြင်း
၁၈။ လောကသတင်းအချက်အလက်များနှင့်ပတ်သက်၍ ခရစ်ယာန်မျှတမှုကို ကျွန်ုပ်တို့မည်သို့ဖော်ပြနိုင်သနည်း။
၁၈ မှန်ပါသည်၊ ယုံကြည်ခြင်းအတွက် ကောင်းစွာတိုက်လှန်ရာတွင် ပိုင်းခြားသိမြင်မှုလိုအပ်ပါသည်။ (သု. ၂:၁၁; ဖိလိပ္ပိ ၁:၉) ဥပမာ၊ ဤလောက၏သတင်းအချက်အလက်အားလုံးကို ယုံကြည်စိတ်ချမှုကင်းမဲ့ခြင်းသည် ကျိုးကြောင်းညီညွတ်မည်မဟုတ်ချေ။ (ဖိလိပ္ပိ ၄:၅; ယာကုပ် ) လူ့အတွေးအခေါ်အားလုံးသည် ဘုရားသခင့်နှုတ်မြွက်စကားတော်နှင့် ဆန့်ကျင်သည်မဟုတ်။ ယေရှုက ဖျားနာသူတို့သည် လောကသက်မွေးလုပ်ငန်းတစ်ခုဖြစ်သော အရည်အချင်းရှိဆရာဝန်တစ်ဦးနှင့် နှီးနှောတိုင်ပင်ရန်လိုအပ်ကြောင်း ရည်စောင်၍မိန့်တော်မူခဲ့သည်။ ( ၃:၁၇လုကာ ၅:၃၁) ယေရှုအချိန်က ဆေးဘက်ဆိုင်ရာကုသမှုမှာ မတိုးတက်သေးသော်လည်း ဆေးဆရာတစ်ဦး၏အကူအညီမှ ရရှိသောအကျိုးကျေးဇူးအနည်းငယ်ကို ကိုယ်တော်အသိအမှတ်ပြုတော်မူခဲ့သည်။ ယနေ့ ခရစ်ယာန်များသည် လောကဆိုင်ရာသတင်းအချက်အလက်ကိစ္စတွင် မျှတမှုရှိရမည်ဖြစ်သော်လည်း သူတို့၏ဝိညာဉ်ရေးရာကို အန္တရာယ်ဖြစ်စေနိုင်သည့် မည်သည့်အရာကိုမဆို တွန်းလှန်ကြသည်။
၁၉၊ ၂၀။ (က) ပညာမဲ့စွာပြောဆိုသူတို့ကို ကူညီပေးရသောအခါ အကြီးအကဲများသည် ပိုင်းခြားသိမြင်မှုနှင့်အညီ မည်သို့ပြုမူသနည်း။ (ခ) မှားယွင်းသောသွန်သင်ချက်များကို ဆက်၍ဇွတ်တိုးမြှင့်သူတို့အား အသင်းတော်က မည်သို့ကိုင်တွယ်မည်နည်း။
၁၉ ပညာမဲ့စွာပြောဆိုသူတို့ကို ခေါ်ယူကူညီပေးရသောအခါ အကြီးအကဲများဘက်မှ ပိုင်းခြားသိမြင်မှုရှိခြင်းသည်လည်း အရေးကြီး၏။ (၂ တိမောသေ ၂:၇) တစ်ခါတစ်ရံ အသင်းသားများသည် အသေးအဖွဲကိစ္စများနှင့် မှန်းဆချက်များကိုငြင်းခုံပြောဆိုခြင်း၌ ကျော့မိသွားပေမည်။ အသင်းတော်၏စည်းလုံးမှုကို ကာကွယ်ရန် အကြီးအကဲများသည် ယင်းသို့သောပြဿနာများကို လျင်မြန်စွာကိုင်တွယ်သင့်သည်။ တစ်ကြိမ်တည်းတွင် သူတို့သည် မိမိတို့၏ညီအစ်ကိုများအား ရည်ရွယ်ချက်မှားသည်ဟု ယိုးစွပ်ခြင်းနှင့် သူတို့အား အယူဖောက်ပြန်သူများအဖြစ် အဆောတလျင်ရှုမြင်ခြင်းကို ရှောင်ရှားကြရသည်။
၂၀ ထောက်ပံ့ကူညီရန်သဘောထားကို ပေါလုက ဤသို့ဖော်ပြခဲ့သည်– “ညီအစ်ကိုတို့၊ လူသည်သတိလစ်၍ တစ်စုံတစ်ခုသော[မကောင်းမှု]ကိုပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကိုခံရသောသင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍၊ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့။” (ဂလာတိ ၆:၁) သံသယဖြစ်နေကြသော ခရစ်ယာန်များကိုအထူးရည်စူး၍ ယုဒက ဤသို့ရေးသားခဲ့သည်– “ပိုင်းခြား၍သိတတ်သောဉာဏ်ရှိ၍၊ အချို့တို့ကိုသနားကြလော့။ ကိုယ်ကာယနှင့်ညစ်ညူးစွန်းကွက်သောအဝတ်ကိုပင် စက်ဆုပ်ရွံရှာ၍ ကြောက်ရွံ့ခြင်းနှင့်တကွ၊ အချို့တို့ကိုမီးထဲမှဆယ်နုတ်ကယ်တင်ကြလော့။” (ယုဒ ၂၂၊ ၂၃) တစ်စုံတစ်ယောက်သည် အထပ်ထပ်သတိပေးခံရပြီးသည့်နောက် မှားယွင်းသောသွန်သင်ချက်များကို ဆက်၍ဇွတ်တိုးမြှင့်နေမည်ဆိုလျှင် အကြီးအကဲများသည် အသင်းတော်ကိုကာကွယ်ပေးရန် တိကျပြတ်သားစွာပြုလုပ်ရန်လိုအပ်ပေမည်။—၁ တိမောသေ ၁:၂၀; တိတု ၃:၁၀၊ ၁၁။
ချီးမွမ်းဖွယ်ရာများနှင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို ဖြည့်စွက်ခြင်း
၂၁၊ ၂၂။ ကျွန်ုပ်တို့သည် မည်သည့်အရာကိုရွေးအပ်ကာ အဘယ်အရာနှင့် ကျွန်ုပ်တို့၏စိတ်နှလုံးကိုဖြည့်ထားသင့်သနည်း။
၂၁ “ခူနာကဲ့သို့စား” သော အန္တရာယ်ရှိစကားများကို ခရစ်ယာန်အသင်းတော်ကရှောင်ရှားသည်။ (၂ တိမောသေ ၂:၁၆၊ ၁၇; တိတု ၃:၉) ထိုသို့သောစကားများသည် လှည့်ဖြားတတ်သော လောက “ပညာ၊” အယူဖောက်ပြန်သူတို့၏ဝါဒဖြန့်မှု၊ အသင်းတော်အတွင်း မစဉ်းစားဘဲပြောဆိုခြင်းတို့ကိုထင်ဟပ်ပုံရှိလျှင် ထိုသို့အမှန်ပြုကြသည်။ အသစ်အဆန်းများကို စိတ်ထားမှန်ဖြင့်သိလိုခြင်းသည် အကျိုးရှိနိုင်သော်လည်း အထိန်းအချုပ်မဲ့စူးစမ်းလိုစိတ်က ကျွန်ုပ်တို့ကိုဘေးဖြစ်စေသော ထင်မြင်ယူဆချက်များနှင့် ထိတွေ့စေနိုင်သည်။ စာတန်၏အကြံအစည်များကို ကျွန်ုပ်တို့မသိဘဲမနေကြပါ။ (၂ ကောရိန္သု ၂:၁၁) ဘုရားသခင့်အမှုတော်ထမ်းဆောင်ရာတွင် ကျွန်ုပ်တို့အရှိန်လျော့သွားစေရန် သူအကြီးအကျယ်ကြိုးစားအားထုတ်နေကြောင်း ကျွန်ုပ်တို့သိထားကြ၏။
၂၂ ကျန်းခံ့သောဘုရားသခင့်ဓမ္မအမှုဆောင်များအဖြစ် ဘုရားသခင့်ရေးရာသွန်သင်ချက်ကို ကျွန်ုပ်တို့စွဲမြဲစွာကိုင်စွဲကြပါစို့။ (၁ တိမောသေ ၄:၆) ကျွန်ုပ်တို့သည် သတင်းအချက်အလက်များကို ရွေးချယ်ဆည်းပူးခြင်းအားဖြင့် ကျွန်ုပ်တို့၏အချိန်ကို ပညာရှိရှိအသုံးပြုကြပါစို့။ ထိုအခါ ကျွန်ုပ်တို့သည် စာတန်လှုံ့ဆော်သောဝါဒဖြန့်မှုအားဖြင့် အလွယ်တကူ ယိမ်းယိုင်သွားလိမ့်မည်မဟုတ်ချေ။ မှန်ပါသည်၊ ကျွန်ုပ်တို့အနေဖြင့် “သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကိုလည်းကောင်း . . . ကောင်းသောသတင်းတစ်ပါးပါးနှင့်ဆိုင်သောအကျင့်တို့ကို” ဆက်၍ဆင်ခြင်သုံးသပ်ကြပါစို့။ ထိုသို့သောအရာများနှင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို ဖြည့်ထားမည်ဆိုလျှင် ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိလိမ့်မည်။—ဖိလိပ္ပိ ၄:၈၊ ၉။
ကျွန်ုပ်တို့ အဘယ်အရာများသိလာကြသနည်း
• လောကပညာသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကို မည်သို့ခြိမ်းခြောက်မှုဖြစ်စေမည်နည်း။
• ဘေးသင့်စေသော အယူဖောက်ပြန်သည့်သတင်းအချက်အလက်များမှ ကျွန်ုပ်တို့ကိုယ်ကိုကာကွယ်ရန် အဘယ်အရာပြုလုပ်နိုင်သနည်း။
• အသင်းတော်အတွင်း မည်သို့သောအပြောအဆိုမျိုးကို ရှောင်ရှားသင့်သနည်း။
• မြောက်မြားလှသောသတင်းအချက်အလက်များကို ကိုင်တွယ်ဖြေရှင်းကြရာ၌ ခရစ်ယာန်မျှတမှုကို မည်သို့တင်ပြကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
လူကြိုက်များသော မဂ္ဂဇင်းနှင့် စာအုပ်များစွာတို့သည် ကျွန်ုပ်တို့၏ခရစ်ယာန်တန်ဖိုးထားရာတို့နှင့် ဆန့်ကျင်နေ
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် တစ်ယူသန်မဆန်ဘဲ အကြံဉာဏ်များ ဖလှယ်နိုင်ကြ