ယေဟောဝါအား ဂုဏ်တင်သည့် ရွှင်လန်းဖွယ်မင်္ဂလာပွဲများ
ယေဟောဝါအား ဂုဏ်တင်သည့် ရွှင်လန်းဖွယ်မင်္ဂလာပွဲများ
ဝဲ့လ်ရှ်နှင့်အဲလ်သီယာတို့သည် တောင်အာဖရိကနိုင်ငံ၊ ဆိုဝီတိုမြို့၌ ၁၉၈၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။ အခါအားလျော်စွာ သမီးဇီန်ဇီးနှင့်အတူ သူတို့၏မင်္ဂလာပွဲအယ်လဘမ်ကို ကြည့်ကြပြီး ပျော်ရွှင်ဖွယ်ထိုနေ့ရက်ကို ပြန်လည်ခံစားကြသည်။ မင်္ဂလာပွဲဧည့်သည်များမှာ မည်သူမည်ဝါဖြစ်ကြောင်းပြောပြရန် ဇီန်ဇီးကြိုက်နှစ်သက်ပြီး အထူးသဖြင့် အလွန်လှပစွာဝတ်ဆင်ထားသော သူ့မိခင်ပုံများကိုသဘောကျ၏။
ထိုမင်္ဂလာပွဲကို ဆိုဝီတိုမြို့ရှိ စည်းဝေးခန်းမတစ်ခုတွင် ထိမ်းမြားမင်္ဂလာဟောပြောချက်ဖြင့် စတင်ခဲ့သည်။ ထို့နောက် ခရစ်ယာန်လူငယ်တေးသံစုံအဖွဲ့က အသံလေးသံဖြင့် ဘုရားသခင်အားချီးမွမ်းသီချင်းများကို သီဆိုခဲ့ကြသည်။ ၎င်းနောက် ဘုရားသခင့်နိုင်ငံတော်တေးသံသာကို နောက်ခံအဖြစ် ဖြည်းညင်းစွာဖွင့်ထားစဉ် ဧည့်သည်များသည် အစားအသောက်များသုံးဆောင်ခဲ့ကြ၏။ အရက်ယမကာများ မတည်ခင်း၊ ကျယ်လောင်သောတေးသီချင်းများ၊ သို့မဟုတ် ကခုန်ခြင်းတို့မရှိခဲ့ချေ။ ယင်းအစား၊ ဧည့်သည်များသည် အတူတကွပေါင်းသင်းခြင်းနှင့် ထိုဇနီးမောင်နှံကို အားပေးစကားပြောခြင်းဖြင့် ပျော်မွေ့ခဲ့ကြသည်။ အစီအစဉ်အစအဆုံး သုံးနာရီခန့်ကြာခဲ့သည်။ “ကျွန်တော်အမြဲအမှတ်ရနေမယ့် ထိမ်းမြားမင်္ဂလာပွဲပဲ” ဟုခရစ်ယာန်အကြီးအကဲရေမဲန်က ပြန်ပြောပြခဲ့သည်။
ဝဲ့လ်ရှ်နှင့်အဲလ်သီယာတို့သည် မင်္ဂလာဆောင်ချိန်၌ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၏ တောင်အာဖရိကဌာနခွဲတွင် စေတနာ့ဝန်ထမ်းများဖြစ်ခဲ့ကြသည်။ သူတို့သည် တော်သင့်သောမင်္ဂလာပွဲထက် ပိုပြီးမတတ်နိုင်ခဲ့ကြချေ။ ခရစ်ယာန်အချို့သည် ကြီးကျယ်ခမ်းနားသောမင်္ဂလာပွဲစရိတ်ကာမိစေရန် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှနုတ်ထွက်ပြီး လောကအလုပ်လုပ်ဖို့ ရွေးချယ်ခဲ့ကြ၏။ သို့ရာတွင် ဝဲ့လ်ရှ်နှင့်အဲလ်သီယာတို့သည် ဇီန်ဇီးမွေးသည့်အထိ အချိန်ပြည့်အမှုဆောင်များအဖြစ် ဘုရားသခင့်အမှုတော်ကို ဆက်ဆောင်ရွက်ခွင့်ရခဲ့သောကြောင့် တော်သင့်သောမင်္ဂလာပွဲကျင်းပခဲ့ရခြင်းကို သူတို့နောင်တမရခဲ့ကြချေ။
သို့သော် ဇနီးမောင်နှံသည် သူတို့၏မင်္ဂလာပွဲတွင် လောကတေးသီချင်းဖွင့်ပြီးကခုန်ရန် ရွေးချယ်ခဲ့လျှင်ကောအသို့နည်း။ ဝိုင် သို့မဟုတ် အခြားအရက်ယမကာများကို တည်ခင်းရန် ဆုံးဖြတ်လျှင်ကော။ သူတို့သည် ကြီးကျယ်ခမ်းနားသောမင်္ဂလာပွဲကျင်းပရန် တတ်နိုင်လျှင်ကော။ ထိုပွဲသည် ဘုရားသခင်၏ဝတ်ပြုသူများနှင့်တော်သင့်သည့် ပျော်ရွှင်ဖွယ်သမယ အသေအချာဖြစ်စေရန် မည်သို့ပြုလုပ်နိုင်မည်နည်း။ သမ္မာကျမ်းစာက “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့” ဟူ၍မိန့်မှာထားသောကြောင့် ထိုမေးခွန်းများကို သေချာစွာဆင်ခြင်သုံးသပ်ဖို့လိုသည်။—၁ ကောရိန္သု ၁၀:၃၁။
ပရမ်းပတာကခုန်စားသောက်ပွဲကို ရှောင်ခြင်း
ရွှင်လန်းမှုမဲ့သောမင်္ဂလာပွဲကို တွေးရခက်သည်။ တစ်ဖက်စွန်းရောက်သွားလျှင် ပို၍အန္တရာယ်ကြီးမားပြီး အလွန်ထိန်းရခက်သော ပရမ်းပတာကခုန်စားသောက်ပွဲဖြစ်သွားမည်။ သက်သေခံမဟုတ်သောမင်္ဂလာပွဲများစွာတွင် ဘုရားသခင်ကို ဂုဏ်ပျက်စေသည့်အမှုများ ဖြစ်ပျက်လေ့ရှိသည်။ ဥပမာ၊ မူးသည့်အထိ အရက်သောက်ခြင်းသည် သမားရိုးကျဖြစ်သည်။ ဝမ်းနည်းစရာကား၊ ခရစ်ယာန်မင်္ဂလာပွဲအချို့၌ပင် ယင်းသို့ဖြစ်ပျက်ခဲ့ပါသည်။
“သေရည်သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ်” သည်ဟု သမ္မာကျမ်းစာက သတိပေးထားသည်။ (သု. ၂၀:၁) “ရုန်းရင်းခတ်ပြုခြင်း” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံး၏အဓိပ္ပာယ်မှာ “ကျယ်လောင်ဆူညံသံကိုဖြစ်စေသည်” ဟူ၍ဖြစ်၏။ အရက်ယမကာသည် လူတစ်ဦးကို ဆူညံစေနိုင်လျှင် ဝိုင်းဖွဲ့၍သောက်ကြူးကြသည့် လူအုပ်အား အဘယ်သို့ဖြစ်စေနိုင်မည်ကို စဉ်းစားကြည့်လိုက်ပါ! ရှင်းနေသည်မှာ၊ ဤသို့သောအခါသမယများတွင် “ဇာတိပကတိအကျင့်” များအဖြစ် ကျမ်းစာတွင် စာရင်းတင်ပြထားသော “ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်” တို့ကိုအလွယ်တကူကျင့်သွားနိုင်သည်။ ထိုသို့သောအကျင့်များကျင့်ကာ နောင်တမယူသူမည်သူမဆိုသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် အမွေဆက်ခံရမည့်ထာဝရအသက်ကို ရရှိရန် အရည်အချင်းပြည့်မီမည်မဟုတ်ချေ။—ဂလာတိ ၅:၁၉-၂၁။
“ပွဲလုပ်ခြင်း” ဟုပြန်ဆိုသည့် ဂရိစကားလုံးကို သီဆို၊ ကခုန်၊ တီးမှုတ်နေကြသော မမူးတမူးလူငယ်များ စီတန်းလျှောက်သွားနေသည့်
ဆူညံနေသောလမ်းတစ်ခုကိုဖော်ပြရာတွင် အသုံးပြုခဲ့သည်။ မင်္ဂလာပွဲတစ်ခုတွင် အရက်ယမကာသောက်ကြူးပြီး ကျယ်လောင်စွာသီချင်းဖွင့်ကာ ပရမ်းပတာကခုန်ကြလျှင် ထိုအချိန်သည် ပွဲလုပ်ခြင်းကဲ့သို့ဖြစ်သွားနိုင်သည့်အန္တရာယ် အမှန်ပင်ရှိ၏။ ဤသို့သောဝန်းကျင်အခြေအနေမျိုးတွင် အားနည်းသူများသည် အလွယ်တကူသွေးဆောင်ခံရနိုင်ပြီး “မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ [သို့မဟုတ် အညံ့ခံအရှုံးပေးခြင်း] အမျက်ထွက်ခြင်း” စသော နောက်ထပ်ဇာတိပကတိအကျင့်များကို ကျူးလွန်မိပေမည်။ ခရစ်ယာန်မင်္ဂလာပွဲတစ်ခု၏ရွှင်လန်းမှုပျောက်စေမည့် ဤသို့သောဇာတိပကတိအကျင့်များကိုတားဆီးရန် မည်သို့ပြုလုပ်ပေးနိုင်သနည်း။ ၎င်းမေးခွန်း၏အဖြေအတွက် မင်္ဂလာပွဲတစ်ခုနှင့်ပတ်သက်၍ ကျမ်းစာက မည်သို့ပြောပြထားသည်ကို သုံးသပ်ကြည့်ကြစို့။ယေရှုတက်ရောက်ခဲ့သောမင်္ဂလာပွဲတစ်ပွဲ
ယေရှုနှင့်ကိုယ်တော်၏တပည့်များသည် ဂါလိလဲပြည်၊ ကာနမြို့တွင် မင်္ဂလာဆောင်ပွဲတစ်ခုကို တက်ရောက်ရန် ဖိတ်ခေါ်ခံခဲ့ကြရသည်။ ထိုဖိတ်ကြားချက်ကို သူတို့လက်ခံခဲ့ကြပြီး ယင်းသမယ၌ရွှင်လန်းမှုပိုရှိစေရန်ပင် ယေရှုပြုလုပ်ပေးခဲ့သည်။ စပျစ်ရည်ကုန်သွားသောအခါ ကိုယ်တော်သည် အံ့ဖွယ်နည်းဖြင့် အကောင်းဆုံးစပျစ်ရည်ကို ဖြည့်စွက်ပေးခဲ့၏။ မင်္ဂလာပွဲပြီးနောက် ကျန်ကြွင်းသောစပျစ်ရည်ကို အတန်ကြာသည့်အထိပင် ဆက်သုံးဆောင်ရသောကြောင့် သတို့သားနှင့်သူ၏မိသားစုသည် ကျေးဇူးတင်ခဲ့ကြမည်မှာ သေချာသည်။—ယောဟန် ၂:၃-၁၁။
ယေရှုတက်ရောက်ခဲ့သည့် မင်္ဂလာပွဲမှ ကျွန်ုပ်တို့သင်ယူနိုင်သည့် သင်ခန်းစာအချို့ရှိသည်။ ဦးစွာ၊ ယေရှုနှင့်ကိုယ်တော်၏တပည့်များသည် မင်္ဂလာဆောင်ပွဲကို ဖိတ်ခေါ်မခံရဘဲနှင့် တက်ရောက်ခဲ့ကြသည်မဟုတ်ပါ။ သူတို့ဖိတ်ခေါ်ခံရသည်ဟု သမ္မာကျမ်းစာက တိကျစွာဖော်ပြထားသည်။ (ယောဟန် ၂:၁၊ ၂) ထိုနည်းတူ၊ မင်္ဂလာဆောင်ပွဲပုံဥပမာနှစ်ခုတွင် ဖိတ်ခေါ်ခံရသောကြောင့် ဧည့်သည်များရောက်ရှိနေကြကြောင်း ယေရှုထပ်ခါတလဲလဲပြောဆိုခဲ့သည်။—မဿဲ ၂၂:၂-၄၊ ၈၊ ၉; လုကာ ၁၄:၈-၁၀။
နိုင်ငံအချို့တွင် ဖိတ်သည်ဖြစ်စေ၊ မဖိတ်သည်ဖြစ်စေ မင်္ဂလာဆောင်ပွဲတစ်ခုကို ရပ်ကွက်ရှိလူတိုင်း လွတ်လပ်စွာတက်ရောက်ကြသောထုံးစံရှိသည်။ သို့သော် ဤသို့ပြုခြင်းသည် ငွေကြေးအခက်အခဲ ဖြစ်ပေါ်စေနိုင်သည်။ မချမ်းသာသောဇနီးမောင်နှံသည် အကန့်အသတ်မရှိလူအုပ်အတွက် အစားအသောက်လောက်ငစေရန် အကြွေးတင်သွားနိုင်ပေမည်။ ထို့ကြောင့် ခရစ်ယာန်မောင်နှံစုံသည် ဧည့်သည်အရေအတွက်ကိုကန့်သတ်၍ တော်သင့်သောဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်လျှင် ဖိတ်ခေါ်မခံရသော ခရစ်ယာန်ချင်းများက နားလည်ထောက်ထားသင့်သည်။ တောင်အာဖရိက၊ ကိပ်တောင်းမြို့မှ အိမ်ထောင်ပြုခဲ့သူ အမျိုးသားတစ်ဦးသည် သူ၏မင်္ဂလာပွဲသို့ဧည့်သည် ၂၀၀ ဖိတ်ခေါ်ခဲ့သည်ကို ပြန်အမှတ်ရသည်။ သို့ရာတွင် ၆၀၀ ရောက်ရှိလာရာ အစားအစာများ စောစီးစွာကုန်သွားခဲ့၏။ ရောက်လာသောမဖိတ်ခေါ်သူများတွင် မင်္ဂလာပွဲခံရာရက်သတ္တပတ်အဆုံးတွင် ကိပ်တောင်းမြို့သို့ ခရီးလှည့်လည်နေကြသော ဘတ်စကားတစ်စီးစာဧည့်သည်များပါဝင်သည်။ ဤလေ့လာရေးခရီးသည်ဘတ်စကား၏ ဧည့်လမ်းညွှန်သည် သတို့သမီးနှင့်ဆွေမျိုးတော်စပ်ပုံရှိရာ သတို့သမီးသော်လည်းကောင်း၊ သတို့သားသော်လည်းကောင်းမမေးမမြန်းဘဲ အုပ်စုတစ်စုလုံးကို သူခေါ်လာခွင့်ရှိသည်ဟု ထင်မှတ်ခဲ့သည်တကား!
ဧည့်ခံပွဲကို လူတိုင်းတက်ရောက်ခွင့်ရှိသည်ဟုမပြောလျှင် ယေရှု၏စစ်မှန်သောနောက်လိုက်တစ်ဦးသည် ဖိတ်ခေါ်မခံရဘဲ မင်္ဂလာဧည့်ခံပွဲကို တက်ရောက်ခြင်း၊ ဖိတ်ခေါ်ထားသောဧည့်သည်များအတွက် တည်ခင်းထားသောအစားအသောက်များကို ပါဝင်စားသုံးခြင်းတို့ကို ရှောင်လိမ့်မည်ဖြစ်သည်။ ဖိတ်ခေါ်မခံရဘဲ တက်ရောက်လိုသူများက ‘ဤမင်္ဂလာဆောင်ပွဲကို ကျွန်ုပ်တက်ရောက်ခြင်းသည် ကြင်စဦးမောင်နှံအတွက် မေတ္တာမဲ့ရာကျမည်မဟုတ်လော။ အကျွန်ုပ်သည် အနှောင့်အယှက်ပေးရာကျပြီး ၎င်းသမယ၏ပျော်ရွှင်မှုကို ထိခိုက်စေမည်မဟုတ်လော’ ဟူ၍ကိုယ့်ကိုယ်ကိုမေးသင့်သည်။ ဖိတ်ခေါ်မခံရခြင်းကို ဗွေယူမည့်အစား နားလည်မှုရှိသောခရစ်ယာန်တစ်ဦးသည် ထိုဇနီးမောင်နှံထံ ဝမ်းသာကြောင်းနှင့် ယေဟောဝါကောင်းချီးသက်ရောက်စေဖို့ ဆန္ဒပြုကြောင်း စာလွှာတစ်စောင်ကို မေတ္တာရှိစွာပေးပို့သင့်သည်။ သူသည် အဆိုပါဇနီးမောင်နှံ၏မင်္ဂလာနေ့ရက်တွင် ပျော်ရွှင်မှုထပ်ဆင့်ရစေရန် လက်ဆောင်ပို့ပေးခြင်းအားဖြင့် ကူညီဖို့ပင် စဉ်းစားသင့်ပေသည်။—ဒေ. ၇:၉; ဧဖက် ၄:၂၈။
မည်သူတာဝန်ယူသနည်း
အာဖရိကမှ ဒေသအချို့တွင် အသက်ကြီးသောဆွေမျိုးများသည် မင်္ဂလာပွဲအစီအစဉ်များကို တာဝန်ယူသည့်ထုံးစံရှိကြသည်။ ငွေကြေးတာဝန်လျော့သွားသောကြောင့် ဇနီးမောင်နှံများသည် ၎င်းအတွက် ကျေးဇူးတင်ကြပေမည်။ ဖြစ်ပျက်မည့်အဘယ်အရာကိုမဆို သူတို့တာဝန်ယူစရာမလိုသည့်အတွက်လည်း ထိုဇနီးမောင်နှံများသည် စိတ်သက်သာကြပေမည်။ သို့သော် စိတ်ရင်းကောင်းသောဆွေမျိုးများမှ မည်သည့်အကူအညီကိုမဆို လက်မခံမီ ဇနီးမောင်နှံတစ်စုံသည် မိမိတို့၏ကိုယ်ပိုင်လိုအင်ဆန္ဒများကို ထောက်ထားလိမ့်မည်ဟု သေချာစွာသိထားသင့်၏။
ယေရှုသည် ဘုရားသခင်၏ “ကောင်းကင်မှဆင်းသက်သော” သားတော်ဖြစ်သော်လည်း ကာနမြို့မှ မင်္ဂလာပွဲတွင် ကိစ္စရပ်အများစုကို တာဝန်ယူညွှန်ကြားသည့် လက္ခဏာမပြချေ။ (ယောဟန် ၆:၄၁) ယင်းအစား၊ “ပွဲအုပ်” အဖြစ် ဆောင်ရွက်ရန် အခြားတစ်ဦးကို ခန့်အပ်ထားကြောင်း သမ္မာကျမ်းစာမှတ်တမ်းက ပြောပြသည်။ (ယောဟန် ၂:၈) တစ်ဖန် ဤသူသည် အိမ်ထောင်ဦးစီးအသစ်ဖြစ်သော သတို့သား၏ညွှန်ကြားမှုကိုခံယူရသည်။—ယောဟန် ၂:၉၊ ၁၀။
ကောလောသဲ ၃:၁၈-၂၀) သူသည် မိမိ၏မင်္ဂလာပွဲတွင် ဖြစ်ပျက်လာမည့်အရာအတွက် တာဝန်ယူသင့်သူဖြစ်၏။ ဖြစ်နိုင်မည်ဆိုလျှင် သတို့သားသည် အကျိုးသင့်အကြောင်းသင့်ရှိသင့်ပြီး သတို့သမီးနှင့် နှစ်ဦးနှစ်ဖက်မိဘများ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးသင့်သည်။ သို့သော် ဆွေမျိုးများ၏အစီအစဉ်များသည် ဇနီးမောင်နှံ၏အလိုဆန္ဒနှင့် ဆန့်ကျင်လျှင် ထိုဇနီးမောင်နှံသည် သူတို့၏ကူညီထောက်ပံ့မှုကို ယဉ်ကျေးစွာငြင်းပယ်ကြပြီး မိမိတို့၏မင်္ဂလာပွဲကို ကိုယ်တိုင်သာ တော်သင့်ရုံကျင်းပကြရပေမည်။ ၎င်းနည်းဖြင့် ဤဇနီးမောင်နှံအတွက် မနှစ်မြို့ဖွယ်အမှတ်ရနေမှုများ ရှိမည်မဟုတ်ချေ။ ဥပမာ၊ အာဖရိကမှ ခရစ်ယာန်မင်္ဂလာပွဲတစ်ပွဲ၌ အခမ်းအနားမှူးအဖြစ်ဆောင်ရွက်သော မယုံကြည်သူဆွေမျိုးတစ်ဦးသည် ကွယ်လွန်သူဘိုးဘေးများကိုအမည်တပ်ဂုဏ်ပြုခဲ့သည်တကား!
ခရစ်ယာန်ဆွေမျိုးများသည် ဘုရားသခင်ခန့်အပ်ခံ အိမ်ထောင်ဦးစီးအသစ်ကို လေးစားသင့်သည်။ (တစ်ခါတစ်ရံ လက်ထပ်ပြီးသောဇနီးမောင်နှံသည် မင်္ဂလာပွဲအခမ်းအနားမပြီးဆုံးမီ ပျားရည်ဆမ်းခရီးထွက်သွားကြသည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် သတို့သားသည် ကျမ်းစာစံနှုန်းများကို ဆက်ထိန်းထားရန်နှင့် အခမ်းအနားကို တော်သင့်သောအချိန်တွင် ရပ်တန့်စေရန် တာဝန်ယူမည့်သူများကို စီစဉ်ထားသင့်သည်။
သေချာစွာစီစဉ်ခြင်းနှင့် မျှတမှုရှိခြင်း
ယေရှုတက်ရောက်ခဲ့သည့် မင်္ဂလာဆောင်ကို သမ္မာကျမ်းစာက ပွဲအဖြစ် ဖော်ပြထားသောကြောင့် စားကောင်းသောက်ဖွယ်များစွာရှိမည်မှာ ထင်ရှားပါသည်။ ရှေ့တွင်ဖော်ပြထားသည့်အတိုင်း စပျစ်ရည်များစွာလည်းရှိခဲ့သည်။ သင့်လျော်သောတေးသီချင်းနှင့် အသရေရှိသောအကတို့သည် ဂျူးလူမှုရေး၏သာမန်ကဏ္ဍတစ်ခုဖြစ်သောကြောင့် ယင်းတို့ရှိကြမည်မှာ သေချာသည်။ ယေရှုသည် ၎င်းကို မိမိ၏ကျော်ကြားသည့် အသုံးအဖြုန်းကြီးသောသားပုံဥပမာတွင် ဖော်ပြခဲ့၏။ ထိုပုံပြင်မှ ချမ်းသာသောဖခင်သည် သူ၏နောင်တရသောသား ပြန်လာသည့်အတွက် အလွန်ဝမ်းသာပြီး “ငါတို့သည် စားကြကုန်အံ့။ ပျော်မွေ့ခြင်းကို ပြုကြကုန်အံ့” ဟုပြောခဲ့သည်။ ယေရှု၏အဆိုအရ အခမ်းအနားတွင် “ကခြင်း၊ တီးမှုတ်ခြင်း” တို့ပါဝင်ခဲ့သည်။—လုကာ ၁၅:၂၃၊ ၂၅။
သို့သော် သမ္မာကျမ်းစာ၌ ကာနမြို့မှမင်္ဂလာပွဲတွင် တီးမှုတ်ခြင်းနှင့်ကခုန်ခြင်းတို့ရှိသည်ဟု အတိအကျမဖော်ပြထားသည်မှာ စိတ်ဝင်စားစရာကောင်းသည်။ အမှန်ဆိုရလျှင် ကခုန်ခြင်းကို မင်္ဂလာပွဲနှင့်ပတ်သက်သော မည်သည့်ကျမ်းစာမှတ်တမ်းများ၌မျှ မဖော်ပြထားချေ။ ကျမ်းစာခေတ်မှ ဘုရားသခင်၏သစ္စာရှိကျေးကျွန်များတွင် ကခုန်ခြင်းသည် အခါအားလျော်စွာပြုခြင်းဖြစ်ပြီး သူတို့မင်္ဂလာပွဲများ၏ အဓိကအသွင်အပြင်မဟုတ်ပါ။ ၎င်းမှ အဘယ်အရာကို ကျွန်ုပ်တို့သိရှိနိုင်သနည်း။
အာဖရိကမှ ခရစ်ယာန်မင်္ဂလာပွဲအချို့တွင် လျှပ်စစ်အသံချဲ့စက်များကို အသုံးပြုကြ၏။ ဧည့်သည်များ သက်သောင့်သက်သာစကားမပြောနိုင်သည့်အထိ တေးသီချင်းသည် ကျယ်လွန်းနိုင်သည်။ တစ်ခါတစ်ရံ အစားအစာကုန်သွားသော်လည်း ထိန်းရခက်လာသောကခုန်ခြင်းသည် မပြီးပြတ်သေးချေ။ မင်္ဂလာဆောင်ပွဲဖြစ်မည့်အစား ဤသို့သောသမယသည် အကပါတီမျှသာဖြစ်သွားပေမည်။ ထို့ပြင် ကျယ်လောင်သောသီချင်းသည် နှောင့်ယှက်သူများ၊ ဖိတ်ခေါ်မခံရဘဲလာသည့် သူစိမ်းများကို ဆွဲဆောင်တတ်သည်။
မင်္ဂလာပွဲနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာမှတ်တမ်းက သီဆိုခြင်းနှင့်ကခုန်ခြင်းတို့ကို အလေးထားမပြောသောကြောင့် ယင်းသည် ယေဟောဝါအား ဂုဏ်တင်စေမည့်မင်္ဂလာပွဲကို စီစဉ်သော ဇနီးမောင်နှံအတွက် လမ်းညွှန်ချက်ဖြစ်သည်မဟုတ်ပေလော။ သို့တိုင် အာဖရိကတောင်ပိုင်းတွင် မကြာသေးမီကကျင်းပသော မင်္ဂလာပွဲအချို့ကို ကြိုတင်ပြင်ဆင်ရာ၌ ထိမ်းမြားမင်္ဂလာအဖွဲ့ဝင်ဖြစ်ရန် ရွေးချယ်ခံရသူ ခရစ်ယာန်လူငယ်များသည် ခက်ခဲရှုပ်ထွေးသောကကွက်များကို လေ့ကျင့်ရာတွင် အချိန်ပေါင်းများစွာအကုန်ခံခဲ့ကြသည်။ ဤနည်းဖြင့် လနှင့်ချီ၍ သူတို့၏အချိန်ကိုအသုံးပြုခဲ့ကြသည်။ သို့ရာတွင် ခရစ်ယာန်များသည် ဧဝံဂေလိလုပ်ငန်း၊ ကိုယ်ပိုင်လေ့လာမှုနှင့် ခရစ်ယာန်အစည်းအဝေးများတက်ရောက်ခြင်းဖြစ်သော “သာ၍အရေးကြီးသောအရာများ” အတွက် “အချိန်ကိုဝယ်ယူ” ဖို့လိုသည်။—ဖိလိပ္ပိ ၁:၁၀၊ ကဘ; ဧဖက် ၅:၁၆၊ ကဘ။
ယေရှုပြုလုပ်ပေးခဲ့သည့် စပျစ်ရည်ပမာဏအရ ကာနမြို့မှမင်္ဂလာပွဲသည် ကြီးကျယ်ခမ်းနားကြောင်းထင်ရှားသည်။ သို့သော် ဤသမယသည် ဆူညံသောင်းကျန်းချိန်မဟုတ်သည့်အပြင် ဧည့်သည်များသည် အချို့သောဂျူးမင်္ဂလာပွဲများမှာကဲ့သို့ အရက်သောက်ကြူးခြင်းမရှိသည်မှာ စိတ်ချနိုင်သည်။ (ယောဟန် ၂:၁၀) ယင်းကို ကျွန်ုပ်တို့မည်သို့စိတ်ချနိုင်သနည်း။ သခင်ယေရှုခရစ်တက်ရောက်ခဲ့သောကြောင့်ဖြစ်သည်။ ယေရှုသည် မကောင်းသောအပေါင်းအသင်းနှင့်ပတ်သက်၍ “စပျစ်ရည်သောက်ကြူးသောသူ . . . တို့ကို အပေါင်းအဖော်မလုပ်နှင့်” ဟူသော ဘုရားသခင်၏မိန့်မှာချက်ကို နာခံရာတွင် လူအပေါင်းတို့ထက် ဂရုအစိုက်ဆုံးသူဖြစ်လိမ့်မည်။—သု. ၂၃:၂၀။
ထို့ကြောင့် ဇနီးမောင်နှံတစ်စုံသည် မိမိတို့၏မင်္ဂလာပွဲတွင် ဝိုင် သို့ရောမ ၁၄:၂၁။
မဟုတ် အခြားအရက်ယမကာများကို တည်ခင်းရန် ဆုံးဖြတ်လျှင် တာဝန်သိတတ်သူများ၏ ကြပ်မတ်သောထိန်းချုပ်မှုအောက်ဖြစ်စေရန် စီစဉ်သင့်၏။ ထို့ပြင် တေးသီချင်းဖွင့်ရန် ဆုံးဖြတ်လျှင် လျောက်ပတ်သောတေးသံသာများကို ရွေးချယ်သင့်ပြီး အသံအတိုးအကျယ်ကိုဂရုစိုက်ရန် တစ်ဦးတစ်ယောက်ကိုတာဝန်ပေးထားသင့်သည်။ သံသယဖြစ်ဖွယ်တေးသီချင်းများဖွင့်ခြင်း သို့မဟုတ် မတန်တဆအသံကျယ်စေခြင်းတို့ကို ဧည့်သည်များအား ခွင့်မပြုသင့်ချေ။ ကကြမည်ဆိုပါက ဣန္ဒြေရရထိန်းထိန်းသိမ်းသိမ်းဖြင့် ကနိုင်ကြပေမည်။ အကယ်၍ မယုံကြည်သူဆွေမျိုးများ သို့မဟုတ် မရင့်ကျက်သောခရစ်ယာန်များသည် ရိုင်းပျသော သို့မဟုတ် ရာဂစိတ်နိုးကြွစေသော ကကွက်များဖြင့်ကခုန်မည်ဆိုပါက သတို့သားသည် တေးသီချင်းကိုပြောင်းလိုက်ရန် သို့မဟုတ် ကခုန်ခြင်းကိုရပ်တန့်ပစ်ရန် လိမ္မာပါးနပ်စွာတောင်းပန်ရပေမည်။ သို့မဟုတ်လျှင် ထိုမင်္ဂလာပွဲသည် ထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်ပြီး ထိမိ၍လဲစေနိုင်သည်။—ခေတ်မီသောအကအချို့၊ ကျယ်လောင်သောတေးသီချင်းနှင့် အရက်ယမကာပေါများခြင်းတို့၏ အန္တရာယ်များကြောင့် ခရစ်ယာန်သတို့သားအများသည် သူတို့၏မင်္ဂလာပွဲတွင် ၎င်းတို့ကိုမပါစေရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်းကြောင့် အချို့သည် ပြစ်တင်ဝေဖန်ခံခဲ့ကြရသော်လည်း ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်စေမည့် မည်သည့်အမှုကိုမဆို ရှောင်ရှားလိုသော သူတို့၏ဆန္ဒကိုချီးမွမ်းသင့်သည်။ တစ်ဖက်တွင်မူ၊ သတို့သားအချို့သည် လျောက်ပတ်သောတေးသီချင်းကိုတီးရန်၊ ကကြမည့်အချိန်နှင့် အရက်ယမကာတို့ကို တော်သင့်စွာတည်ခင်းရန် စီစဉ်ကြသည်။ မည်သို့ပင်ဆိုစေ သတို့သားသည် သူ၏မင်္ဂလာပွဲတွင် ခွင့်ပြုသမျှအတွက် တာဝန်ယူရမည်။
အာဖရိကမှ အချို့သောမရင့်ကျက်သူများသည် ဂုဏ်ကျက်သရေရှိခရစ်ယာန်မင်္ဂလာပွဲများကို အထင်သေးကာ အသုဘကိုသွားရခြင်းနှင့်တူသည်ဟု ပြောကြ၏။ သို့ရာတွင် ၎င်းသည် မျှတသောအမြင်မဟုတ်ချေ။ အပြစ်ရှိသောဇာတိအကျင့်များက တဒင်္ဂစိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေနိုင်သော်လည်း ယင်းတို့သည် ခရစ်ယာန်များအား ကိုယ်ကိုကိုယ်သိသောစိတ်မကြည်မလင်ဖြစ်စေပြီး ဘုရားသခင့်နာမတော်ကိုလည်း ကဲ့ရဲ့ရှုတ်ချစရာဖြစ်စေသည်။ (ရောမ ၂:၂၄) အခြားတစ်ဖက်တွင်မူ၊ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် စစ်မှန်သောရွှင်လန်းမှုကိုဖြစ်ပေါ်စေသည်။ (ဂလာတိ ၅:၂၂) ခရစ်ယာန်ဇနီးမောင်နှံများစွာတို့သည် သူတို့၏မင်္ဂလာနေ့ရက်မှာ ပျော်ရွှင်ဖွယ်သမယဖြစ်ခဲ့ပြီး “ထိမိ၍လဲစရာအကြောင်း” တစ်ခုမဟုတ်ခဲ့ကြောင်းကိုသိရှိကာ အားရကျေနပ်စွာ ဂုဏ်ယူကာ ပြန်လည်စဉ်းစားကြသည်။—၂ ကောရိန္သု ၆:၃။
ဝဲ့လ်ရှ်နှင့်အဲလ်သီယာတို့သည် သူတို့၏မင်္ဂလာပွဲကို တက်ရောက်ခဲ့ကြသည့် မယုံကြည်သူဆွေမျိုးများ၏ ချီးမွမ်းစကားများစွာကို အမှတ်ရနေဆဲပင်။ “အခုတလောကျင်းပကြတဲ့ ဆူညံတဲ့မင်္ဂလာပွဲတွေကို စိတ်ကုန်တယ်။ အဲဒါတွေနဲ့မတူဘဲ တင့်တယ်လျောက်ပတ်တဲ့မင်္ဂလာပွဲတစ်ခုကို တက်ရောက်ခဲ့ရတာ တကယ့်ကိုကောင်းတယ်” ဟုတစ်ဦးကပြောခဲ့သည်။
အရေးအကြီးဆုံးမှာ၊ ရွှင်လန်းဖွယ်ကောင်းပြီး ကျက်သရေရှိသော ခရစ်ယာန်မင်္ဂလာပွဲများသည် အိမ်ထောင်မင်္ဂလာကိုအစပြုသူ ယေဟောဝါဘုရားသခင်အား ဂုဏ်တင်ရာရောက်ပေ၏။
[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
မင်္ဂလာဧည့်ခံပွဲ အစီအစဉ်စာရင်းကို စစ်ဆေးခြင်း
• သင်သည် မိန့်ခွန်းပြောကြားရန် မယုံကြည်သူဆွေမျိုးတစ်ဦးကို ဖိတ်ခေါ်မည်ဆိုပါက သူသည် ခရစ်ယာန်မဆန်သော ဓလေ့ထုံးစံအချို့ကို မထည့်သွင်းဖို့ အသေအချာစီစဉ်ပြီးပြီလော။
• တေးသီချင်းဖွင့်မည်ဆိုပါက လျောက်ပတ်သောသီချင်းများကိုသာ ရွေးချယ်ပြီးပြီလော။
• တေးသီချင်းကို တော်သင့်ရုံအသံဖြင့်ဖွင့်မည်လော။
• ကခုန်ခြင်းကို ခွင့်ပြုမည်ဆိုပါက ကျက်သရေရှိစွာ ကကြမည်လော။
• အရက်ယမကာများကို တော်သင့်ရုံသာ တည်ခင်းမည်လော။
• တာဝန်ရှိသူများသည် ယင်းကို ဝေငှရာတွင် ထိန်းချုပ်မည်လော။
• မင်္ဂလာဧည့်ခံပွဲကို တော်သင့်သောအချိန်တွင် အဆုံးသတ်ရန် သတ်မှတ်ပြီးပြီလော။
• အဆုံးတိုင်ငြိမ်သက်အေးချမ်းစေရန် တာဝန်ရှိသူများရှိနေမည်လော။