ခရစ်ဝင်ကျမ်းများ—အငြင်းပွား ခံနေရဆဲ
ခရစ်ဝင်ကျမ်းများ—အငြင်းပွား ခံနေရဆဲ
ယေရှုခရစ်ဖွားမြင်ခြင်းဆိုင်ရာ ခရစ်ဝင်ကျမ်းမှတ်တမ်းများမှာ မှန်ကန်ပါသလော။
တောင်ပေါ်တရားတော်ကို ကိုယ်တော်မိန့်ကြားတော်မူခဲ့သလော။
ယေရှု အမှန်ပင် ထမြောက်တော်မူခဲ့သလော။
“ငါသည်လမ်းခရီးဖြစ်၏။ [အမှန်] တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏” ဟူ၍ ကိုယ်တော် အမှန်ပင်မိန့်တော်မူခဲ့သလော။—ယောဟန် ၁၄:၆။
၁၉၈၅ ခုနှစ်ကတည်းက တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပခဲ့သော ယေရှုအကြောင်း နှီးနှောဖလှယ်ပွဲတွင် ပညာရှင် ၈၀ ခန့်သည် အထက်ပါကိစ္စရပ်မျိုးကို ဆွေးနွေးခဲ့ကြသည်။ ဤပညာရှင်အုပ်စုသည် ထိုသို့သောမေးခွန်းများကို အလွန်ထူးခြားစွာ ဖြေဆိုခဲ့ကြသည်။ နှီးနှောဖလှယ်ပွဲတွင်ပါဝင်သူများသည် ခရစ်ဝင်ကျမ်းများပါ ယေရှုမိန့်ဆိုခဲ့သည့်စကားတစ်ခုစီနှင့်ပတ်သက်၍ မဲများထည့်၍ဖြေဆိုခဲ့ကြသည်။ အနီရောင်မဲပြားက ထိုထွက်ဆိုချက်ကို ယေရှုအမှန်ပင်မိန့်ဆိုခဲ့ကြောင်း ထင်မြင်ချက်ကိုဖော်ပြသည်။ ပန်းနုရောင်မဲပြားက ထိုထွက်ဆိုချက်မှာ ယေရှု
မိန့်ဆိုခဲ့ကောင်းမိန့်ဆိုခဲ့မည့် စကားတစ်ခွန်းတလေနှင့် ဆင်တူသည်ဟု ဆိုလို၏။ မီးခိုးရောင်မဲပြားက အဆိုပါထင်မြင်ချက်များသည် ယေရှု၏မိန့်ဆိုချက်များနှင့်နီးစပ်ကြောင်း၊ သို့သော် ၎င်းထွက်ဆိုချက်သည် ကိုယ်တော်ထံမှ အရင်းခံခြင်းမဟုတ်ကြောင်း ဖော်ပြသည်။ အနက်ရောင်မဲပြားက အဆိုပါထွက်ဆိုချက်သည် ယေရှု၏စကားလုံးလုံးမဟုတ် နောက်ပိုင်းထုံးတမ်းစဉ်လာမှ ဆင်းသက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ဤနည်းကိုလိုက်ခဲ့ကြသော ယေရှုအကြောင်း နှီးနှောဖလှယ်ပွဲတွင်ပါဝင်သူများသည် အစပိုင်းတွင် မေးခွန်းပုံစံဖြင့်မေးထားသည့် အချက်လေးခုစလုံးကို ပလပ်ပစ်လိုက်ကြသည်။ အမှန်မှာ၊ ခရစ်ဝင်ကျမ်းများပါ ယေရှုပြောဆိုခဲ့သည့်စကား ၈၂ ရာခိုင်နှုန်းအတွက် အနက်ရောင်မဲပေးခဲ့ကြသည်။ ထိုသူတို့၏အဆိုအရ ခရစ်ဝင်ကျမ်းများပါ ယေရှုအကြောင်းနှင့်ပတ်သက်၍မှတ်တမ်းတင်ထားသော အဖြစ်အပျက်များနှင့် အခြားရေးသားချက်များမှ ၁၆ ရာခိုင်နှုန်းသာလျှင် ကျမ်းစစ်ကျမ်းမှန်ဖြစ်ပုံရသည်ဟူ၏။
ခရစ်ဝင်ကျမ်းများကို ထိုသို့အပြစ်တင်ဝေဖန်ခြင်းသည် အသစ်အဆန်းမဟုတ်ပါ။ ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့မှ အရှေ့တိုင်းဘာသာစကားပါမောက္ခ ဟဲရ်မန်းရီမားရုစ်ရေးသားခဲ့သော၊ သူသေဆုံးပြီးနောက်မှထုတ်ဝေခဲ့သည့် စာမျက်နှာ ၁,၄၀၀ ရှိစာမူတစ်ခုထွက်လာခဲ့သော ၁၇၇၄ ခုနှစ်တွင် ခရစ်ဝင်ကျမ်းများကို တိုက်ခိုက်မှုဖြစ်ပေါ်ခဲ့သည်။ ထိုတွင် ရီမားရုစ်သည် ခရစ်ဝင်ကျမ်းများ၏ သမိုင်းဝင်မှုကို ပြင်းပြစွာသံသယဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သူ၏ကောက်ချက်များသည် ဘာသာစကားသုတေသနပြုချက်များနှင့် ခရစ်ဝင်ကျမ်းလေးကျမ်းတို့တွင်တွေ့ရသော ယေရှု၏ဘဝအတ္ထုပ္ပတ္တိမှတ်တမ်းနှင့်ပတ်သက်၍ ရှေ့နောက်ညီညွတ်ဟန်မရှိမှုများအပေါ် အခြေပြုထားသည်။ ထိုအချိန်မှစ၍ ဝေဖန်ရေးသမားများက ခရစ်ဝင်ကျမ်းများ၏ ကျမ်းစစ်ကျမ်းမှန်ဖြစ်မှုကို သံသယရှိကြောင်း မကြာခဏ ဖော်ထုတ်ခဲ့ကြရာ ဤရေးသားချက်များအပေါ် လူတို့၏ယုံကြည်စိတ်ချမှုကို အတော်အတန်ဖျက်ဆီးခဲ့ကြပေပြီ။
ထိုသို့သောကျမ်းပညာရှင်အများ၏ သဘောထားကား ခရစ်ဝင်ကျမ်းမှတ်တမ်းများသည် လူအသီးသီးလက်ဆင့်ကမ်းခဲ့သော ဘာသာတရားထွင်လုံးမျှဖြစ်၏ဟု ယူမှတ်ကြခြင်းဖြစ်သည်။ သံသယဝင်ကြသော ပညာရှင်များမေးလေ့မေးထရှိသည့် မေးခွန်းများမှာ– သူတို့၏ယုံကြည်ချက်များကြောင့် ခရစ်ဝင်ကျမ်းလေးစောင်ကိုရေးသားသူများသည် အဖြစ်မှန်ကို ပုံကြီးချဲ့ခဲ့ခြင်းဖြစ်မည်လော။ ကနဦးခရစ်ယာန်အသိုင်းအဝိုင်း၏ ခံယူချက်များက ယေရှု၏ဘဝအတ္ထုပ္ပတ္တိကို တည်းဖြတ်၊ သို့မဟုတ် ဖြည့်စွက်စေခဲ့ပါသလော။ ခရစ်ဝင်ကျမ်းများ၏ မည်သည့်အပိုင်းက ဒဏ္ဍာရီဖွဲ့နွဲ့ခြင်းမဟုတ်ဘဲ ဖြောင့်မတ်မှန်ကန်သည့်အကြောင်းဖြစ်နိုင်သနည်း။
ဘုရားသခင်မဲ့ဝါဒီ သို့မဟုတ် လောကရေးသက်သက်ကိုသာ အမှုထားသောအသိုင်းအဝိုင်းတွင် ကြီးပြင်းလာသူများသည် သမ္မာကျမ်းစာ—ခရစ်ဝင်ကျမ်းများအပါအဝင်—ကို ယုံတမ်းစကားများနှင့် ဒဏ္ဍာရီပုံပြင်များ အပြည့်ပါဝင်သည့်စာအုပ်အဖြစ် ယူမှတ်ကြသည်။ အခြားသူများမှာမူ သမိုင်းတစ်လျှောက် ခရစ်ယာန်ဘောင်၏သမိုင်းတွင်သွေးသွန်းမှု၊ ဖိနှိပ်မှု၊ မစည်းလုံးမှုနှင့် ဘုရားသခင်ရေးရာမဆန်သော အပြုအမူများကြောင့် ထိတ်လန့်ကြပါသည်။ ထိုသို့သောသူများသည် ခရစ်ယာန်ဘောင်တွင် အထွတ်အမြတ်ထားကြသည့် ရေးသားချက်များကို ဂရုစိုက်စရာအကြောင်း လုံးဝမတွေ့နိုင်ကြချေ။ အရေခြုံဘာသာရေးကိုပေါ်ပေါက်စေခဲ့သော လုပ်ရပ်များကြောင့် အသုံးမဝင်သော စိတ်ကူးယဉ်ပုံပြင်များသာဖြစ်မည်ဟု သူတို့ယူမှတ်ကြသည်။
သင်မည်သို့ထင်မှတ်သနည်း။ ခရစ်ဝင်ကျမ်းများ၏ သမိုင်းဝင်မှုကို သံသယဝင်သူ ပညာရှင်အချို့တို့ကြောင့် သင့်စိတ်ထဲတွင် ထပ်တူသံသယများရှိခွင့်ပြုသင့်သလော။ ခရစ်ဝင်ကျမ်းရေးသူများက ဒဏ္ဍာရီဖွဲ့နွဲ့ရေးသားသည်ဟုဆိုသည့်စကားများကို သင်ကြားသောအခါ သူတို့၏ရေးသားချက်များအပေါ် သင်၏ယုံကြည်စိတ်ချမှုကို ပျက်ပြားစေသင့်သလော။ ခရစ်ယာန်ဘောင်၏ ဘုရားတရားမဆန်သောမှတ်တမ်းကြောင့် ခရစ်ဝင်ကျမ်းများ၏စစ်မှန်မှုကို သံသယဝင်စေသင့်သလော။ အဖြစ်မှန်များစွာအနက် အချို့ကိုဆန်းစစ်ကြည့်ဖို့ သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ခရစ်ဝင်ကျမ်းများတွင် ဒဏ္ဍာရီများ၊ သို့မဟုတ် ဖြစ်ရပ်မှန်များပါသလော
[Credit Line]
ယေရှုရေပေါ်လမ်းလျှောက်ခြင်း/The Doré Bible Illustrations/Dover Publications
[Picture Credit Line on page 3]
နောက်ခံ၊ စာမျက်နှာ ၃-၅ နှင့် ၈– Freer Gallery of Art, Smithsonian Institution, Washington, D.C. မှကျေးဇူးပြုသည်