“သင်၏နှလုံးကို . . . စောင့်ရှောက်လော့”
“သင်၏နှလုံးကို . . . စောင့်ရှောက်လော့”
ပရောဖက်ရှမွေလကို ယေဟောဝါက ဤသို့မိန့်ဆိုခဲ့သည်– “ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည်။” (၁ ဓမ္မရာဇဝင် ၁၆:၇) ထို့ပြင် ပုံဆောင်နှလုံးကိုအာရုံပြုလျက် ဆာလံဆရာဒါဝိဒ်က ဤသို့သီဆိုခဲ့၏– ‘[ယေဟောဝါ] သည် အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါပြီ။ ညဉ့်အခါ အကြည့်အရှုကြွလာတော်မူပါပြီ။ အကျွန်ုပ်ကို စစ်ကြော၍ အဘယ်မကောင်းသောအကြံကိုမျှ တွေ့တော်မမူပါ။’—ဆာလံ ၁၇:၃၊ သမ္မာ။
မှန်ပါ၏၊ ယေဟောဝါသည် ကျွန်ုပ်တို့မည်သို့သောသူ စင်စစ်ဖြစ်ကြောင်းကိုပိုင်းဖြတ်ရန် နှလုံးကိုကြည့်ရှုတော်မူ၏။ (သု. ၁၇:၃) ထို့ကြောင့် ရှေးဣသရေလရှင်ဘုရင်ရှောလမုန်က အကြောင်းကောင်းရှိ၍ ဤသို့အကြံပေးခဲ့သည်– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။” (သု. ၄:၂၃) ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို မည်သို့စောင့်ရှောက်နိုင်သနည်း။ ထိုမေးခွန်းကို နယပုံပြင်ကျမ်းအခန်းကြီး ၄ ကဖြေဆိုပေးပါသည်။
အဘ၏နည်းဥပဒေသကိုနားထောင်လော့
ဤစကားများဖြင့် နယပုံပြင်ကျမ်းအခန်းကြီး ၄ ကိုအစပြုထားသည်– “ငါ့သားတို့ အဘ၏နည်းဥပဒေသကိုနားထောင်၍၊ ဉာဏ်သဘောကိုနားလည်ခြင်းငှာ စေ့စေ့မှတ်ကြလော့။ ကောင်းသော [ဆုံးမစကား] ကိုငါပေး၏။ ငါ့ပညတ်တရားကိုမပယ်ကြနှင့်။”—သု. ၄:၁၊ ၂။
လူငယ်များအတွက်အကြံပေးချက်မှာ မိမိတို့၏ဘုရားသခင်ရေးရာ၌မွေ့လျော်သောမိဘများ၊ အထူးသဖြင့် ဖခင်ဖြစ်သူ၏ ကျိုးကြောင်းခိုင်လုံသောသွန်သင်မှုကို နားထောင်ရန်ဖြစ်သည်။ သူသည် မိသားစု၏ကာယရေးနှင့် ဝိညာဉ်ရေးလိုအပ်ရာများကို စီစဉ်ပေးရန် ကျမ်းပေးတာဝန်ရရှိထားသည်။ (တရားဟောရာ ၆:၆၊ ၇; ၁ တိမောသေ ၅:၈) လူငယ်တစ်ဦးသည် ယင်းသို့သောလမ်းညွှန်မှုမရှိပါက ရင့်ကျက်သည့်အဖြစ်သို့ရောက်ရန် အမှန်ခဲယဉ်းလိုက်မည်ဖြစ်ခြင်း! သို့ဖြစ်သောကြောင့် ကလေးတစ်ဦးသည် ဖခင်ဖြစ်သူ၏ဆုံးမပဲ့ပြင်မှုကို လေးစားစွာလက်မခံသင့်ပေလော။
သို့သော် သွန်သင်ပေးမည့်ဖခင်မရှိသော လူငယ်တစ်ဦးဖြစ်လျှင်ကော အသို့နည်း။ ဥပမာ၊ အသက်ဆယ့်တစ်နှစ်ရှိဂျေစင်သည် လေးနှစ်သားအရွယ်တွင် ဖတဆိုးဖြစ်ခဲ့ရသည်။ * ခရစ်ယာန်အကြီးအကဲတစ်ဦးက သူ၏ဘဝတွင် စိတ်အနှောင့်အယှက်အဖြစ်ရဆုံးမှာ အဘယ်အရာဖြစ်သနည်းဟုမေးခဲ့ရာ ဂျေစင်က “ကျွန်တော့်မှာအဖေမရှိတာ ဝမ်းနည်းတယ်။ အဲဒါက တစ်ခါတလေကျွန်တော့်ကို တကယ်စိတ်ညှိုးငယ်စေတယ်” ဟုမဆိုင်းမတွဖြေဆိုခဲ့သည်။ သို့တိုင် မိဘအုပ်ထိန်းမှုကင်းမဲ့သည့်လူငယ်များအတွက် စိတ်ချမ်းမြေ့ဖွယ်အကြံပေးချက်ရရှိနိုင်ပါသည်။ ဂျေစင်နှင့် သူ့ကဲ့သို့သောသူများသည် ခရစ်ယာန်အသင်းတော်ရှိ အကြီးအကဲများနှင့် အခြားရင့်ကျက်သူများထံမှ ဖခင်သဖွယ်အကြံပေးချက်ကို ရှာယူ၍ ရရှိနိုင်ပါသည်။—ယာကုပ် ၁:၂၇။
သူ၏သင်ကြားတတ်မြောက်မှုနှင့်ပတ်သက်၍ ပြန်ပြောင်းပြောပြကာ ရှောလမုန်ကဤသို့ဆက်ပြောသည်– “ငါမူကား အဘ၏ရင်နှစ်၊ အမိရှေ့မှာနူးညံ့၍ အချစ်ဆုံးသော [“တစ်ဦးတည်းသော၊” ကဘ] သားဖြစ်၏။” (သု. ၄:၃) ထိုရှင်ဘုရင်သည် သူပြုစုပျိုးထောင်ခံခဲ့ရပုံကို ပီတိဖြင့်ပြန်အမှတ်ရသည်မှာထင်ရှားသည်။ ငယ်ရွယ်သောရှောလမုန်သည် ဖခင်၏အကြံပေးချက်ကိုနှလုံးသွင်းသည့် “ရင်နှစ်” အဖြစ် သူ့ဖခင်ဒါဝိဒ်နှင့် နွေးထွေး၍ရင်းနှီးသည့်ဆက်ဆံရေးရှိခဲ့ရပေမည်။ ထို့ပြင် ရှောလမုန်သည် “တစ်ဦးတည်းသော [ကဘ]၊” သို့မဟုတ် အလွန်ချစ်ခံရသူဖြစ်သည်။ ကလေးတစ်ဦးသည် နွေးထွေးသည့်ဝန်းကျင်၊ မိဘများနှင့်ဆက်သွယ်ရေးလမ်းကြောင်းပွင့်နေသည့် နေအိမ်တစ်လုံးတွင် ကြီးပြင်းလာဖို့ အလွန်အရေးကြီးလှသည်တကား!
ဉာဏ်ပညာနှင့် သိနားလည်မှုကို ဆည်းပူးလော့
ရှောလမုန်သည် သူ့ဖခင်၏မေတ္တာပါအကြံပေးချက်ကို အောက်မေ့သတိရကာ ဤသို့ပြန်ပြောင်းပြောဆိုသည်– “ငါ့အဘသွန်သင်၍ မြွက်ဆိုလေသည်ကား၊ ‘ငါ့စကားကိုသင်၏နှလုံး၌သွင်းမိ၍၊ ငါ့ပညတ်တို့ကိုစောင့်သဖြင့်အသက်ရှင်လော့။ ပညာ [“ဉာဏ်ပညာ၊” ကဘ] ကိုဆည်းပူးလော့။ ဉာဏ် [“သိနားလည်မှု၊” ကဘ] ကိုဆည်းပူးလော့။ သတိမလစ်စေနှင့်။ ငါ၏နှုတ်ထွက်စကားကို မလွှဲမရှောင်နှင့်။ ပညာကိုမစွန့်နှင့်။ သူသည် သင့်ကိုထိန်းသိမ်းလိမ့်မည်။ သူ့ကိုချစ်လော့။ သင့်ကိုစောင့်မလိမ့်မည်။ ပညာ [“ဉာဏ်ပညာ၊” ကဘ] သည် အမြတ်ဆုံးသောအရာဖြစ်၏။ ပညာကိုဆည်းပူးလော့။ ဆည်းပူးသမျှသောဥစ္စာတို့တွင် ဉာဏ် [“သိနားလည်မှု၊” ကဘ] ကိုဆည်းပူးလော့။”—သု. ၄:၄-၇။
ဉာဏ်ပညာသည် အဘယ်ကြောင့် “အမြတ်ဆုံးသောအရာ” ဖြစ်သနည်း။ ဉာဏ်ပညာဆိုသည်မှာ အသိပညာနှင့် သိနားလည်မှုကို ကောင်းကျိုးများဖြစ်ပေါ်စေသည့်နည်းဖြင့် အသုံးချခြင်းကိုဆိုလိုသည်။ အသိပညာ—ဂရုတစိုက်မှတ်သားမှုနှင့် အတွေ့အကြုံ သို့မဟုတ် ဖတ်ရှုခြင်းနှင့် လေ့လာခြင်းဖြင့်ရရှိသော အချက်အလက်များကို သိရှိနားလည်ခြင်း သို့မဟုတ် အကျွမ်းဝင်ခြင်း—သည် ဉာဏ်ပညာ၏အခြေခံပင်ဖြစ်သည်။ သို့သော် အသိပညာကိုကောင်းစွာအသုံးပြုနိုင်စွမ်း ကျွန်ုပ်တို့၌မရှိလျှင် ယင်းသည် တန်ဖိုးမရှိဖြစ်ပေမည်။ သမ္မာကျမ်းစာနှင့် “သစ္စာနှင့်သတိပညာရှိသောကျွန်” ပြင်ဆင်ပေးသော ကျမ်းစာအခြေပြုစာပေစာတမ်းများကို မှန်မှန်ဖတ်ရှုရုံမက ၎င်းတို့မှကျွန်ုပ်တို့သင်ယူခဲ့ရာများကို လက်တွေ့ကျင့်သုံးရန် ကြိုးစားကြရမည်။—မဿဲ ၂၄:၄၅၊ သမ။
သိနားလည်မှုကိုဆည်းပူးခြင်းသည်လည်း အရေးပါ၏။ ၎င်းမရှိဘဲနှင့် အကြောင်းအရာတစ်ခုနှင့်တစ်ခုသည် မည်သို့ဆက်စပ်ကြောင်း အမှန်သိရှိပြီး သုံးသပ်နေသည့်ကိစ္စရပ်တစ်ခုကို ဘက်စုံရှုမြင်နိုင်ပါမည်လော။ ကျွန်ုပ်တို့၌သိနားလည်မှုမရှိလျှင် ကိစ္စရပ်များ၏ အကြောင်းတရားများကိုသိမြင်ကာ ထိုးထွင်းသိမြင်မှုနှင့် ပိုင်းခြားသိမြင်မှုကို မည်သို့ရရှိနိုင်မည်နည်း။ မှန်ပါသည်၊ ကျိုးကြောင်းညီစွာဆုံးဖြတ်၍ မှန်သောဆုံးဖြတ်ချက်ချနိုင်ရန် သိနားလည်မှုလိုသည်။—ဒံယေလ ၉:၂၂၊ ၂၃။
ရှောလမုန်သည် သူ့ဖခင်၏ဤစကားများကို ဆက်၍ပြောပြသည်– “သူ့ [ဉာဏ်ပညာ] ကိုအမြတ်ထားလော့။ သူသည်သင့်ကိုချီးမြှောက်လိမ့်မည်။ သူ့ကိုဖက်ယမ်းလျှင်၊ ဂုဏ်အသရေကိုပေးလိမ့်မည်။ သင်၏ခေါင်းကို တင့်တယ်သောဦးရစ်နှင့်ပတ်ရစ်၍၊ ဘုန်းကြီးသောသရဖူကိုအပ်နှံလိမ့်မည်။” (သု. ၄:၈၊ ၉) ဘုရားသခင်ရေးရာဉာဏ်ပညာသည် ယင်းကိုအသုံးချသူတစ်ဦးကို ကာကွယ်ပေးသည်။ ထို့ပြင် ၎င်းသည် သူ့ကိုဂုဏ်တင်၍ တင့်တယ်စေသည်။ သို့ဖြစ်၍ အဘယ်နည်းဖြင့်မဆို ဉာဏ်ပညာကိုဆည်းပူးကြပါစို့။
“ဥပဒေသကိုကိုင်စွဲလော့”
သူ၏ဖခင်၊ ဣသရေလရှင်ဘုရင်၏ သွန်သင်ချက်ကို ဤသို့ပဲ့တင်ထပ်ပြောဆိုခဲ့သည်– “ငါ့သား၊ ငါ့စကားကိုနားထောင်နာယူလော့။ သို့ပြုလျှင်၊ သင့်အသက်နှစ်ပေါင်းများလိမ့်မည်။ ပညာလမ်းကိုငါပြသ၍၊ မှန်သောလမ်းခရီးတို့၌ သင့်ကိုငါပို့ဆောင်၏။ လျှောက်သွားလျှင် ကျဉ်းမြောင်းရာသို့မရောက်၊ ပြေးသောအခါ တိုက်မိ၍မလဲရ။ ဥပဒေသကိုကိုင်ဆွဲလော့။ မလွှတ်နှင့်။ စောင့်ထားလော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။”—သု. ၄:၁၀-၁၃။
ရှောလမုန်သည် ဖခင်၏ရင်နှစ်သားတစ်ဦးအဖြစ်ညွှန်ကြား၊ ပဲ့ပြင်ပေးသော မေတ္တာပါဆုံးမပဲ့ပြင်မှုကို တန်ဖိုးထားလေးမြတ်ခဲ့ရပေမည်။ မျှတသည့်ဆုံးမပဲ့ပြင်မှုမရှိဘဲ ဝိညာဉ်ရေးရာရင့်ကျက်သည့်အဖြစ်သို့တက်လှမ်းရန် သို့မဟုတ် ကျွန်ုပ်တို့၏ဘဝအရည်အသွေးကိုတိုးတက်စေရန် မည်သို့မျှော်လင့်နိုင်မည်နည်း။ ကျွန်ုပ်တို့၏အမှားများမှ မသင်ယူ မှားယွင်းသောအယူအဆများကို ပြုပြင်ဖို့ပျက်ကွက်ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ဝိညာဉ်ရေးတိုးတက်မှုသည် အမှန်ပင်မဖြစ်စလောက်ဖြစ်ပေမည်။ ကျိုးကြောင်းဆီလျော်သည့် ဆုံးမပဲ့ပြင်မှုသည် ဘုရားသခင်ရေးရာအမူအကျင့်ကိုကျင့်စေရာ ‘ဖြောင့်မှန်သောလမ်းခရီးများ၌ လျှောက်လှမ်း’ ရန်ကျွန်ုပ်တို့ကိုကူညီပေး၏။
ဆုံးမပဲ့ပြင်မှုနောက်တစ်မျိုးသည်လည်း ‘ကျွန်ုပ်တို့၏အသက်နှစ်ပေါင်းကိုများ’ စေ၏။ မည်သို့အားဖြင့်နည်း။ ယေရှုက “အနည်းငယ်သောအမှု၌သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်။ အနည်းငယ်သောအမှု၌သစ္စာမရှိသောသူသည် ကြီးသောအမှု၌လည်းသစ္စာမရှိ” ဟုဆိုခဲ့ပေသည်။ (လုကာ ၁၆:၁၀) သေးငယ်သောအရာများ၌ ကျွန်ုပ်တို့ကိုယ်ကိုဆုံးမပဲ့ပြင်ခြင်းသည် ကျွန်ုပ်တို့၏သေရေးရှင်ရေးပင်ဖြစ်နိုင်သည့် ကြီးသောအရာ၌ အလားတူပြုရန် မလွယ်ကူစေပေလော။ ဥပမာ၊ ‘ကိလေသာစိတ်နှင့် သူ့မယားကိုဆက်ကြည့်မနေ’ ရန် မျက်စိကိုလေ့ကျင့်ပေးခြင်းက အကျင့်ယိုယွင်းမှုကိုအလျော့ပေးဖို့ အကြောင်းရှိမည်မဟုတ်ပါ။ (မဿဲ ၅:၂၈) ဤမူသည် အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးနှင့် အမှန်ပင်သက်ဆိုင်သည်။ “ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထား” ရန် ကျွန်ုပ်တို့၏စိတ်ကိုဆုံးမပဲ့ပြင်မည်ဆိုလျှင် စကား သို့မဟုတ် အလုပ်အားဖြင့် အကြီးအကျယ်ပြစ်မှားမည့် အန္တရာယ်နည်းပါသည်။—၂ ကောရိန္သု ၁၀:၅။
မှန်ပါသည်၊ ဆုံးမပဲ့ပြင်ခြင်းကို ခံယူရန်ခက်ခဲလေ့ရှိပြီး ကန့်သတ်ချုပ်ချယ်ဟန်ရှိပေမည်။ (ဟေဗြဲ ၁၂:၁၁) သို့သော် ဆုံးမပဲ့ပြင်ခြင်းကို ကိုင်ဆွဲထားမည်ဆိုလျှင် ကျွန်ုပ်တို့လိုက်သောလမ်းစဉ်သည် တိုးတက်ရာလမ်းဖြစ်ဖို့အကြောင်းရှိပါလိမ့်မည်။ သင့်လျော်သည့်လေ့ကျင့်မှုသည် အပြေးသမားတစ်ဦးကို လဲကျခြင်း သို့မဟုတ် မိမိကိုယ်ကိုထိခိုက်နာကျင်စေခြင်းမရှိဘဲ အကောင်းဆုံးပြေးနှုန်းဖြင့် ရှေ့ဆက်ပြေးနိုင်စေသကဲ့သို့ ဆုံးမပဲ့ပြင်ခြင်းကို ကိုင်ဆွဲထားခြင်းသည် အသက်လမ်းပေါ်၌ ခလုတ်တိုက်မလဲဘဲ ပုံမှန်ဆက်လျှောက်စေသည်။ သို့သော် ကျွန်ုပ်တို့ရွေးချယ်သောလမ်းကို ဂရုပြုရမည်မှာအမှန်။
‘လူဆိုးတို့၏လမ်း’ ကို ရှောင်ပါ
အရေးတကြီးသဘောထားဖြင့် ရှောလမုန်ကဤသို့သတိပေးသည်– “[လူဆိုး] တို့လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ်သောသူတို့နှင့် အတူမလိုက်နှင့်။ သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။ သူတို့သည် သူတစ်ပါး၌အပြစ်မပြုရလျှင် မအိပ်တတ်။ တစ်စုံတစ်ယောက်သောသူကိုမလဲစေလျှင် အိပ်၍မပျော်တတ်။ [မကောင်းမှု] နှင့်ဆိုင်သောမုန့်ကိုစား၍ ညှဉ်းဆဲခြင်းနှင့်ဆိုင်သောစပျစ်ရည်ကို သောက်တတ်ကြ၏။”—သု. ၄:၁၄-၁၇။
ကျွန်ုပ်တို့အား ရှောလမုန်ရှောင်ကြဉ်စေလိုသည့် ဆိုးသွမ်းသူတို့သည် သူတို့၏ဆိုးညစ်သောလုပ်ရပ်များဖြင့် အသက်ရှင်ကြ၏။ ဆိုးသွမ်းမှုကိုပြုလုပ်ခြင်းသည် သူတို့အတွက် ထမင်းစားရေသောက်သကဲ့သို့ဖြစ်သည်။ အကြမ်းမဖက်ရလျှင် သူတို့အိပ်၍မပျော်နိုင်ကြချေ။ သူတို့၏ပင်ကိုစရိုက်မှာ ယိုယွင်းနေသည်တကား! ဤသို့သောသူတို့နှင့်ပေါင်းဖော်နေစဉ် ကျွန်ုပ်တို့၏နှလုံးကို အမှန်စောင့်ရှောက်နိုင်ကြပါမည်လော။ မျက်မှောက်ခေတ်လောက၏ ဖျော်ဖြေမှုအများစုတွင် တင်ဆက်ထားသည့်အကြမ်းဖက်မှုကိုရှုစားခြင်းဖြင့် “ဆိုးယုတ်သောသူတို့နှင့် အတူလိုက်” ခြင်းသည် မိုက်မဲလှသည်တကား! စာနာထောက်ထားတတ်ဖို့ကြိုးစားခြင်းသည် ရုပ်မြင်သံကြားဖန်သားပြင် သို့မဟုတ် ရုပ်ရှင်ပိတ်ကားပေါ် အာရုံခံစားမှု ထုံသွားစေသော ဆိုးသွမ်းသည့်ပြကွက်များကိုရှုစားခြင်းနှင့် လားလားမျှမအပ်စပ်ပါ။
အလင်းထဲ၌နေထိုင်ပါ
လူသွားလမ်းပုံဥပမာကို ဆက်အသုံးပြုလျက် ရှောလမုန်ကဤသို့ဆိုသည်– “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။” (သု. ၄:၁၈) သမ္မာကျမ်းစာကိုလေ့လာ၍ ကျမ်းစာပြောသည့်အရာကို ဘဝတွင်လက်တွေ့ကျင့်သုံးဖို့ကြိုးစားခြင်းကို နံနက်စောစောအမှောင်တွင် ခရီးစတင်ထွက်ခွာခြင်းနှင့်နှိုင်းယှဉ်နိုင်သည်။ ညကောင်းကင်ယံ၏အမှောင်ထုသည် အပြာရင့်ရောင်သို့ဖျော့တော့လာသော်လည်း ကျွန်ုပ်တို့ကောင်းစွာမမြင်နိုင်ကြချေ။ သို့သော် တဖြည်းဖြည်းမိုးသောက်လာသည်နှင့် ပတ်ဝန်းကျင်အခြေအနေကို တဖြည်းဖြည်းပို၍ ကွဲကွဲပြားပြားသိမြင်လာသည်။ နောက်ဆုံးတွင် နေပွင့်လာပြီး အရာရာကို ရှင်းလင်းပြတ်သားစွာ မြင်ရလေသည်။ မှန်ပါသည်၊ ကျမ်းစာကို ကျွန်ုပ်တို့စိတ်ရှည်စွာ လုံ့လရှိရှိဆက်လေ့လာသည်နှင့်အမျှ အမှန်တရားသည် တဖြည်းဖြည်းပို၍ရှင်းလင်းလာပါသည်။ မှားယွင်းသောကျိုးကြောင်းဆင်ခြင်မှုမှ ကျွန်ုပ်တို့နှလုံးကိုစောင့်ရှောက်ဖို့ဆိုလျှင် ဝိညာဉ်ရေးအာဟာရဖြင့် နှလုံးကိုထောက်ပံ့ရန်လိုသည်။
ကျမ်းစာပရောဖက်ပြုချက်များ၏ ဆိုလိုချက် သို့မဟုတ် အဓိပ္ပာယ်သည်လည်း အဆင့်ဆင့်ပေါ်လွင်ထင်ရှားလာသည်။ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်အလင်းဖြာစဉ်၊ ကမ္ဘာ့အဖြစ်အပျက်များ သို့မဟုတ် ဘုရားသခင့်လူမျိုးတော်တွေ့ကြုံခံစားရမှုများဖြင့် ပြည့်စုံလာစဉ် ပရောဖက်ပြုချက်များ ရှင်းလင်းလာလေသည်။ ယင်းတို့၏ပြည့်စုံချက်များနှင့်ပတ်သက်၍ စိတ်မရှည်စွာ ခန့်မှန်းတွေးတောမည့်အစား ‘အလင်းတိုးပွားထွန်းလင်း’ ရန်စောင့်ဆိုင်းဖို့လိုသည်။
အလင်းတွင်လျှောက်လှမ်းဖို့ငြင်းပယ်ခြင်းဖြင့် ဘုရားသခင့်လမ်းညွှန်မှုကို ပစ်ပယ်သူများကော အသို့နည်း။ “မတရားသောသူတို့၏လမ်းမူကား၊ မှောင်မိုက်ကဲ့သို့ဖြစ်၍၊ သူတို့သည်လဲသောအခါ၊ အဘယ်အရာကိုတိုက်မိသည်ဟုမသိရကြ” ဟုရှောလမုန်ကဆိုသည်။ (သု. ၄:၁၉) ဆိုးသွမ်းသူသည် အဘယ်အရာကိုတိုက်မိမှန်းမသိဘဲ မှောင်မိုက်တွင်လဲကျသူတစ်ဦးနှင့်တူသည်။ ဘုရားတရားမဲ့သူတို့သည် မိမိတို့၏မဖြောင့်မတ်မှုကြောင့် အောင်မြင်ကြီးပွားဟန်ရှိသည့်အခါ၌ပင် သူတို့၏အပေါ်ယံအောင်မြင်မှုသည် ခေတ္တယာယီသာဖြစ်သည်။ သူတို့နှင့်စပ်လျဉ်း၍ ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– “အကယ်စင်စစ် ကိုယ်တော်သည် သူတို့ကိုချောသောအရပ်၌ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ချတော်မူ၏။”—ဆာလံ ၇၃:၁၈။
သတိရှိနေပါ
ဣသရေလရှင်ဘုရင်က ဤသို့ဆက်ပြောသည်– “ငါ့သား၊ ငါ့စကားကိုနားထောင်လော့။ ငါဟောပြောချက်တို့ကိုနားသွင်းလော့။ သင့်မျက်မှောက်မှမကွာစေနှင့်။ နှလုံးတွင်း၌စောင့်ထားလော့။ အကြောင်းမူကား၊ ထိုတရားစကားကိုတွေ့သောသူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံးကျန်းမာခြင်းအကြောင်းကိုတွေ့ရပြီ။ နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကိုအထူးသဖြင့်စောင့်ရှောက်လော့။”—သု. ၄:၂၀-၂၃။
နှလုံးကိုစောင့်ရှောက်ရန် အကြံပေးချက်၏တန်ဖိုးကို ရှောလမုန်ကိုယ်တိုင်၏ပုံသက်သေက သက်သေထူသည်။ မှန်ပါ၏၊ သူသည် ငယ်စဉ်ကာလက သူ့ဖခင်၏ “ရင်နှစ် . . .ဖြစ်” ခဲ့ပြီး အရွယ်ရောက်ပြီးအတော်အတန်ကြာ ယေဟောဝါကို ဆက်၍သစ္စာရှိခဲ့သည်။ သို့တိုင် ကျမ်းစာကဤသို့ပြန်ပြောပြသည်– “ရှောလမုန်သည် အသက်ကြီးသောအခါ၊ [တိုင်းတစ်ပါး] မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတစ်ပါးသောဘုရားနောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော်ဒါဝိဒ်၏စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင်ထာဝရဘုရားရှေ့တော်၌ စုံလင်ခြင်းမရှိ။” (၃ ဓမ္မရာဇဝင် ၁၁:၄) အမြဲသတိမရှိပါက အကောင်းဆုံးနှလုံးများပင်လျှင် မကောင်းမှုကိုပြုလုပ်ရန် သွေးဆောင်ခံရနိုင်၏။ (ယေရမိ ၁၇:၉) ဘုရားသခင့်နှုတ်မြွက်စကားတော်ရှိ သတိပေးချက်များကို ကျွန်ုပ်တို့ “နှလုံးတွင်း၌”—ထည့်သိုထားရမည်။ ဤသတိပေးချက်များတွင် နယပုံပြင်ကျမ်းအခန်းကြီး ၄ ၌ဖော်ပြထားသော ညွှန်ကြားချက်ပါဝင်သည်။
သင့်နှလုံးအခြေအနေကို စစ်ဆေးပါ
ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို အောင်မြင်စွာစောင့်ရှောက်နေပါသလော။ အတွင်းလူ၏အခြေအနေကို ကျွန်ုပ်တို့မည်သို့သိနိုင်မည်နည်း။ “စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” ဟုယေရှုခရစ်ကဆိုသည်။ (မဿဲ ၁၂:၃၄) ကိုယ်တော်ကဤသို့လည်းဖော်ပြခဲ့သည်– “မကောင်းသောကြံစည်ခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကိုဖျက်ခြင်းအရာတို့သည် နှလုံးထဲကထွက်လာ . . . ၏။” (မဿဲ ၁၅:၁၉၊ ၂၀) မှန်ပါသည်၊ ကျွန်ုပ်တို့၏အပြောနှင့် အလုပ်တို့က နှလုံး၌ရှိသောအရာကို ထင်ရှားပေါ်လွင်စေသည်။
ကျွန်ုပ်တို့ကိုရှောလမုန်က သင့်လျော်စွာ ဤသို့သတိပေးဆုံးမထားသည်– “ကောက်သောစကားတို့ကိုလည်းကောင်း၊ ငြင်းဆန်တတ်သောနှုတ်ခမ်းတို့ကိုလည်းကောင်း ဝေးစွာပယ်ရှောင်လော့။ သင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့သည် တည့်တည့်အာရုံပြုစေလော့။ သင်သွားရာလမ်းကိုစူးစမ်း၍၊ သွားလေရာရာ၌တည်ကြည်ခြင်းရှိစေလော့။ လက်ယာဘက်၊ လက်ဝဲဘက်သို့မတိမ်းမလွှဲနှင့်။ [မကောင်းမှု] ပြုရာလမ်းကိုရှောင်လော့။”—သု. ၄:၂၄-၂၇။
ရှောလမုန်၏သတိပေးဆုံးမချက်ကိုကြည့်လျှင် ကျွန်ုပ်တို့၏အပြောနှင့်အလုပ်တို့ကို စစ်ဆေးဖို့လိုသည်။ ကျွန်ုပ်တို့၏နှလုံးကိုစောင့်ရှောက်၍ ဘုရားသခင့်စိတ်တော်နှင့်တွေ့လိုလျှင် ကောက်သောစကားနှင့် မရိုးဖြောင့်ခြင်းတို့ကို ကျွန်ုပ်တို့ရှောင်ရှားရပေမည်။ (သု. ၃:၃၂) ထို့ကြောင့် ကျွန်ုပ်တို့၏အပြောနှင့်အလုပ်တို့က ကျွန်ုပ်တို့အကြောင်း အဘယ်အရာဖော်ပြသည်ကို အလေးအနက်ပြန်လည်စဉ်းစားသင့်သည်။ ထို့နောက် ကျွန်ုပ်တို့တွေ့ရှိသည့် မည်သည့်အားနည်းချက်ကိုမဆို ပြုပြင်တည့်မတ်စေဖို့ ယေဟောဝါ၏အကူအညီကို ရှာယူကြပါစို့။—ဆာလံ ၁၃၉:၂၃၊ ၂၄။
ထို့ထက်ကား ‘ကျွန်ုပ်တို့၏မျက်စိသည် ရှေ့ရှုကြည့်’ နေပါစေ။ ကောင်းကင်ခမည်းတော်၏အမှုတော်ကို စိုးလ်အကြွင်းမဲ့ဆောင်ရွက်ခြင်းပန်းတိုင်အပေါ် ကျွန်ုပ်တို့၏မျက်စိကို စူးစိုက်ထားကြပါစို့။ (ကောလောသဲ ၃:၂၃) ဤသို့သောဖြောင့်မတ်သည့်လမ်းစဉ်ကို အသင်ကိုယ်တိုင်လိုက်လျှောက်နေစဉ် ယေဟောဝါသည် “သင် . . . သွားလေရာရာ၌” အောင်မြင်စေ၍ “နှလုံးကို . . . စောင့်ရှောက်” ရန် မှုတ်သွင်းခံအကြံပေးချက်ကို လိုက်နာသည့်အတွက် သင့်ကိုကြွယ်ဝစွာကောင်းချီးပေးပါလေစေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 7 သူ့အမည်ရင်းမဟုတ်ပါ။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အကြမ်းဖက်မှုတင်ဆက်သည့် ဖျော်ဖြေမှုကို သင်ရှောင်ကြဉ်ပါသလော
[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]
အတွေ့အကြုံရှိသူများ၏ အကြံပေးချက်မှ အကျိုးရယူပါ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဆုံးမပဲ့ပြင်ခြင်းက သင့်တိုးတက်မှုကို မနှေးကွေးစေပါ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ကျမ်းစာလေ့လာခြင်း၌ စွဲမြဲပါ