ကျွန်မ၏ရှက်ကြောက်မှုကို အောင်မြင်ဖို့ကူညီပေးခံခဲ့ရ
ဘဝအတ္ထုပ္ပတ္တိ
ကျွန်မ၏ရှက်ကြောက်မှုကို အောင်မြင်ဖို့ကူညီပေးခံခဲ့ရ
ရုသ် အယ်လ်. အဲလ်ရစ်ခ် ပြောပြသည်
ခရစ်ယာန်ဓမ္မဆရာရဲ့ ဖိနပ်ချွတ်လှေကားထစ်မှာပဲ ကျွန်မစိတ်မထိန်းနိုင်လို့ ငိုချလိုက်တယ်။ ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းရဲ့ ပထမဆုံးဥက္ကဋ္ဌ ချားလ်စ် တီ. ရပ်စယ်လ်အကြောင်းကို မဟုတ်မမှန်စွပ်စွဲချက်တွေ သူတရစပ်ပြောခဲ့လို့ပေါ့။ ငယ်ရွယ်သူသာဖြစ်တဲ့ကျွန်မဟာ လူတွေဆီ အဲဒီလိုမျိုးဘယ်လိုလည်ပတ်သွားလာခဲ့သလဲဆိုတာကို ရှင်းပြပါရစေ။
၁၉၁၀ ပြည့်နှစ်မှာ ယူ.အက်စ်.အေ.၊ နာဘရက်စ်ခါမြို့ရဲ့ ယာတောတစ်ခုမှာနေတဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ မိသားစုကနေ ကျွန်မမွေးဖွားလာခဲ့တယ်။ မနက်နဲ့ ညနေထမင်းစားပြီးတိုင်း မိသားစုလိုက် ကျမ်းစာဖတ်ကြတယ်။ အဖေက ကျွန်မတို့ရဲ့ယာတောနဲ့ လေးမိုင်လောက်ဝေးတဲ့ ဝင်းဆိုက်ဒ်မြို့လေးက မက်သဒစ်ချာ့ခ်ျ ဥပုသ်ဘုရားရှိခိုးကျောင်းကြီးကြပ်ရေးမှူးဖြစ်တယ်။ ကျွန်မတို့မှာ ကန့်လန့်ကာပါတဲ့မြင်းရထားတစ်စီးရှိတော့ ရာသီဥတုကိုမမှုဘဲ တနင်္ဂနွေမနက်တိုင်း ချာ့ခ်ျသွားတက်နိုင်ခဲ့ကြတယ်။
ကျွန်မအသက်ရှစ်နှစ်လောက်မှာ ပိုလီယိုရောဂါနဲ့မောင်လေးဖျားလို့ ဆေးကုဖို့ အိုင်အိုဝါမြို့က ဆေးရုံကို အမေခေါ်သွားခဲ့တယ်။ ဂရုတစိုက်ပြုစုခဲ့ပေမဲ့ အဲဒီမှာပဲ မောင်လေးသေဆုံးသွားခဲ့တယ်။ ဒါပေမဲ့ အိုင်အိုဝါမှာရှိတုန်း ယေဟောဝါသက်သေတွေကို ဟိုတုန်းကခေါ်ကြတဲ့ ကျမ်းစာကျောင်းသားတစ်ယောက်နဲ့ အမေဆုံတွေ့ခဲ့တယ်။ သူတို့ စကားအများကြီးပြောဆိုခဲ့ကြတယ်၊ ကျမ်းစာကျောင်းသားတွေရဲ့ စည်းဝေးအချို့ကိုတောင် အဲဒီအမျိုးသမီးနဲ့အတူ အမေသွားတက်ခဲ့တယ်။
အမေအိမ်ပြန်လာတဲ့အခါ ကင်းမျှော်စင်အသင်းကထုတ်ဝေတဲ့ ကျမ်းစာစောင်များမှလေ့လာစရာများ အတွဲအချို့ကို ယူလာခဲ့တယ်။ ကျမ်းစာကျောင်းသားတွေ သင်ပေးတာအမှန်တရားဖြစ်ပြီး မသေနိုင်တဲ့လူ့ဝိညာဉ်စိုးလ်၊ ဆိုးသွမ်းသူတွေကို ထာဝရညှဉ်းဆဲခြင်းဆိုတဲ့ သွန်သင်ချက်တွေဟာ မမှန်ဘူးဆိုတာ မကြာခင်မှာပဲ အမေယုံကြည်ခဲ့တယ်။—ကမ္ဘာဦး ၂:၇; ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄။
ဒါပေမဲ့ အဖေက တော်တော်ကိုစိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး ကျမ်းစာကျောင်းသားတွေရဲ့ စည်းဝေးတွေကို တက်ရောက်ဖို့ အမေရဲ့ကြိုးစားမှုတွေကို ဆန့်ကျင်ခဲ့တယ်။ အဖေက ကျွန်မနဲ့အစ်ကို
ကလဲရင့်စ်ကို ချာ့ခ်ျခေါ်သွားတတ်တယ်။ ဒါပေမဲ့ အဖေအိမ်မှာမရှိတဲ့အခါ အမေက ကျွန်မတို့နဲ့ကျမ်းစာလေ့လာတယ်။ ဒါကြောင့် ကျွန်မတို့ကလေးတွေအနေနဲ့ ချာ့ခ်ျရဲ့သွန်သင်ချက်တွေနဲ့ ကျမ်းစာကျောင်းသားတွေရဲ့သွန်သင်ချက်တွေကို နှိုင်းယှဉ်နိုင်ခွင့်ရခဲ့ကြတယ်။ကလဲရင့်စ်နဲ့ ကျွန်မက ချာ့ခ်ျဥပုသ်ကျောင်းကို မှန်မှန်တက်ခဲ့ကြတယ်၊ ဆရာမကို အစ်ကိုက မေးခွန်းတွေအများကြီးမေးတဲ့အခါ ဆရာမအဖြေမပေးနိုင်ခဲ့ဘူး။ အိမ်ရောက်တော့ အမေ့ကိုပြောပြခဲ့ပြီး ဒီအကြောင်းတွေကို အကြာကြီးဆွေးနွေးခဲ့ကြတယ်။ နောက်ဆုံးတော့ ချာ့ခ်ျကနေ ကျွန်မနုတ်ထွက်လိုက်ပြီး အမေနဲ့အတူ ကျမ်းစာကျောင်းသားတွေရဲ့ စည်းဝေးတွေကို စတက်ခဲ့တယ်၊ သိပ်မကြာပါဘူး၊ ကလဲရင့်စ်လည်း အဲဒီအတိုင်းလိုက်လုပ်ခဲ့တယ်။
ရှက်ကြောက်မှုကိုအောင်မြင်ခြင်း
၁၉၂၂၊ စက်တင်ဘာလမှာ အိုဟိုင်အို၊ စီဒါပွိုင့်က ကျမ်းစာကျောင်းသားတွေရဲ့ အမှတ်ရလောက်တဲ့စည်းဝေးကြီးကို အမေနဲ့ကျွန်မတက်ခဲ့ကြတယ်။ အဲဒီတုန်းက ကင်းမျှော်စင်အသင်းဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က “ဘုရင်နှင့်ဘုရားသခင့်နိုင်ငံတော်ကို ကြေညာကြ” ဆိုတဲ့ စကားနဲ့ တက်ရောက်သူ ၁၈,၀၀၀ ကျော်ကို အားပေးတိုက်တွန်းနေတုန်း ဧရာမစာတန်းကြီးက တဖြည်းဖြည်းပေါ်လာတာကို ကျွန်မခုထိမြင်ယောင်နိုင်သေးတယ်။ အဲဒါက ကျွန်မကို တကယ်လှုံ့ဆော်ပေးခဲ့ပြီး တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း အရေးတကြီးပြောပြရမယ်ဆိုတဲ့စိတ်ဝင်လာတယ်။—မဿဲ ၆:၉၊ ၁၀; ၂၄:၁၄။
၁၉၂၂ ကနေ ၁၉၂၈ ခုနှစ်အထိ ကျင်းပတဲ့စည်းဝေးကြီးတွေမှာ အဓိဋ္ဌာန်ပြုချက် အတော်များများချခဲ့ကြတယ်၊ အဲဒီအကြောင်းတွေကို ဝေစာတွေမှာထည့်ပြီး သန်းနဲ့ချီ ကမ္ဘာအနှံ့လူတကာကို ကျမ်းစာကျောင်းသားတွေက ဝေငှခဲ့ကြတယ်။ ကျွန်မပုံစံက ပိန်ရှည်ရှည်နဲ့ကလန်ကလားဖြစ်နေလို့ ကျွန်မကိုဂရေးဟောင်းခွေးလို့ခေါ်ခဲ့ကြတယ်။ အဲဒီဝေစာတွေကို တစ်အိမ်ကတစ်အိမ် ကျွန်မအပြေးအလွှားလိုက်ဝေငှခဲ့တယ်။ ဒီအလုပ်ကိုလုပ်ရတာ တကယ်ပဲပျော်ခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အိမ်တွေမှာပြောဆိုတာနဲ့ တစ်ဦးချင်းစီကိုဟောပြောတာ တခြားစီပဲ။
ဒီလိုလေ၊ ကျွန်မကအရမ်းရှက်ကြောက်တတ်တာကိုး။ အမေက ဆွေမျိုးတွေကို နှစ်တိုင်း အုပ်စုလိုက်ဖိတ်ခေါ်တဲ့အခါ ကျွန်မထိတ်လန့်ခဲ့တဲ့အထိပဲ။ အိပ်ခန်းထဲပဲဝင်ပြီး ထွက်မလာတော့ဘူး။ တစ်ခါတော့ အမေက မိသားစုဓာတ်ပုံရိုက်ချင်လို့ ကျွန်မကိုအပြင်ထွက်လာဖို့ပြောတယ်။ အခန်းထဲကနေမထွက်ချင်လို့ ကျွန်မကို တရွတ်တိုက်ဆွဲခေါ်ထုတ်ခဲ့တဲ့အခါ ငယ်သံပါအောင် ကျွန်မအော်ငိုခဲ့ဖူးတယ်။
ဒါပေမဲ့ လွယ်အိတ်ထဲ ကျမ်းစာစာပေတွေကိုထည့်ပြီး ဆုံးဖြတ်ချက်ချခဲ့ရတဲ့နေ့ ရောက်လာခဲ့တယ်။ “မလုပ်ရဲဘူး” ဆိုပြီး ထပ်ခါထပ်ခါပြောမိပေမဲ့ နောက်အခိုက်အတန့်လေးမှာပဲ “လုပ်ကိုလုပ်ရမယ်” လို့ကိုယ့်ကိုယ်ကိုအားပေးခဲ့ရတယ်။ နောက်ဆုံးတော့ အမှုဆောင်ထွက်ခဲ့တယ်။ အဲဒီနောက် သတ္တိမွေးပြီး အားခဲလိုက်တာကို ကျွန်မအရမ်းပျော်မိခဲ့တယ်။ ကျွန်မအပျော်ဆုံးကတော့ အဲဒီအလုပ်ကို တကယ်ပါဝင်လုပ်ဆောင်နေခြင်းမှာမဟုတ်ဘဲ အလုပ်ပြီးအောင်လုပ်ဆောင်ခဲ့ခြင်းကြောင့်ပါပဲ။ အစပိုင်းမှာပြောပြခဲ့တဲ့ ခရစ်ယာန်ဓမ္မဆရာနဲ့ ကျွန်မတွေ့ခဲ့ပြီး ငိုခဲ့ရတာ အဲဒီအချိန်ကပေါ့။ အချိန်ကြာလာတော့ ယေဟောဝါရဲ့အကူအညီနဲ့ လူတွေကို သူတို့ရဲ့အိမ်တွေမှာ ပြောဆိုနိုင်ခဲ့ပြီး ပိုလည်းပျော်ရွှင်ခဲ့ရတယ်။ အဲဒီနောက် ၁၉၂၅ ခုနှစ်မှာ ကျွန်မနှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါထံအပ်နှံမှုကို တင်ပြခဲ့တယ်။
အချိန်ပြည့်အမှုဆောင်ခြင်းတွင် စတင်
အသက် ၁၈ နှစ်ရောက်တော့ အန်တီတစ်ယောက်ဆီက အမွေရလို့ ကားတစ်စီးဝယ်ပြီး အချိန်ပြည့်အမှုဆောင်လို့ခေါ်တဲ့ ရှေ့ဆောင်အလုပ်ကိုစလုပ်ခဲ့တယ်။ နောက်နှစ်နှစ် ၁၉၃၀ ပြည့်နှစ်မှာ ဟောပြောခြင်းတာဝန်တစ်ခုကို အဖော်တစ်ယောက်နဲ့အတူ ကျွန်မလက်ခံခဲ့တယ်။ အဲဒီအချိန်မှာ ကလဲရင့်စ်လည်း ရှေ့ဆောင်စလုပ်နေတယ်။ မကြာခင်မှာပဲ နယူးယောက်၊ ဘရွတ်ကလင်မြို့က ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်၊ ဗေသလမှာ အလုပ်လုပ်ဖို့ ဖိတ်ခေါ်ချက်ကို သူလက်ခံခဲ့တယ်။
အဲဒီအချိန်လောက်မှာပဲ ကျွန်မတို့မိဘတွေ လမ်းခွဲခဲ့ကြတဲ့အတွက် အမေနဲ့ကျွန်မဟာ နောက်တွဲယာဉ်အိမ်တစ်လုံးကို ဆောက်ပြီး နှစ်ယောက်အတူ ရှေ့ဆောင်စလုပ်ခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးကပ်ဆိုက်တဲ့အချိန်ကပေါ့။ ရှေ့ဆောင်ဆက်လုပ်ဖို့ စိန်ခေါ်ချက်ဖြစ်လာပေမဲ့ ဆက်လုပ်ဆောင်သွားဖို့ ကျွန်မတို့ဆုံးဖြတ်ချက်ချခဲ့ကြတယ်။ ကျမ်းစာစာပေတွေကို ကြက်တွေ၊ ဥတွေ၊ ခြံထွက်အသီးအနှံအပြင် ဘက်ထရီအဟောင်းတွေ၊ အသုံးမဝင်တော့တဲ့ဒန်သတ္တုစတဲ့ပစ္စည်းတွေနဲ့ ကျွန်မတို့လဲယူခဲ့ကြရတယ်။ ဓာတ်ဆီဝယ်ဖို့နဲ့ အခြားစရိတ်ရရှိဖို့ ဘက်ထရီအဟောင်းနဲ့ဒန်သတ္တုတွေကို ပြန်ရောင်းခဲ့ကြတယ်။ ပိုက်ဆံချွေတာဖို့ ချောဆီထိုးတာ၊ ဆီလဲတာတွေကိုလည်း ကျွန်မသင်ယူခဲ့တယ်။ အဟန့်အတားတွေကို ကျော်လွှားနိုင်တဲ့နည်းလမ်းတွေကို ဖွင့်ပေးမယ်ဆိုတဲ့ ယေဟောဝါရဲ့ကတိတော်ကို ကျွန်မတို့တကယ်ပဲမြင်ခဲ့ကြရပါတယ်။—မဿဲ ၆:၃၃။
ခရစ်ယာန်သာသနာပြု တာဝန်ခန့်အပ်ရာများသို့ ထွက်ခွာ
၁၉၄၆ ခုနှစ်မှာ နယူးယောက်၊ လန်စင်းတောင်ပိုင်းက ဂိလဒ်ကင်းမျှော်စင် ကျမ်းစာကျောင်းရဲ့ ခုနစ်ကြိမ်မြောက်သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ အဲဒီအချိန်မှာ အမေနဲ့ကျွန်မ ရှေ့ဆောင်လုပ်ခဲ့တာ ၁၅ နှစ်ကျော်သွားပေမဲ့ အမေက ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် လေ့ကျင့်မှုခံယူဖို့ ကျွန်မရဲ့အခွင့်အရေးကို မဟန့်တားလိုခဲ့ပါဘူး။ ဒါကြောင့် ဂိလဒ်ကျောင်းတက်ခွင့်ကို လက်ခံဖို့ အမေအားပေးခဲ့တယ်။ ကျောင်းဆင်းတော့ အီလီနွိုင်၊ ပီအော်ရီရာမြို့က မာသ ဟက်စ်နဲ့ ကျွန်မ တွဲဖက်ဖြစ်လာခဲ့တယ်။ ပင်လယ်ရပ်ခြားတာဝန်တစ်ခုကို စောင့်နေရတဲ့တစ်နှစ်အတောအတွင်း အခြားနှစ်ယောက်နဲ့အတူ ကျွန်မတို့အိုဟိုင်အို၊ ကလီဗ်လန်မြို့မှာ တာဝန်ထမ်းဆောင်ခဲ့ကြတယ်။
၁၉၄၇ ခုနှစ်မှာ အဲဒီတာဝန်ရရှိခဲ့တယ်။ နောက်တော့ မာသနဲ့ကျွန်မ ဟာဝိုင်ယီမှာ တာဝန်ကျခဲ့ကြတယ်။ ဒီကျွန်းတွေဆီ ဝင်ရောက်နေထိုင်ဖို့လွယ်ကူတဲ့အတွက် အမေက ကျွန်မတို့နဲ့နီးတဲ့ ဟိုနိုလူလူမြို့မှာ လာရောက်နေထိုင်ခဲ့တယ်။ အမေရဲ့ကျန်းမာရေးချို့ယွင်းလာတဲ့အတွက် ကျွန်မရဲ့ခရစ်ယာန်သာသနာပြုလုပ်ငန်းတွေကို လုပ်ရင်းနဲ့ အမေ့ကို ကူညီပေးခဲ့တယ်။ ဟာဝိုင်ယီမှာ ၁၉၅၆ ခုနှစ်၊ အမေအသက် ၇၇ နှစ်မှာမဆုံးခင်အထိ ကြည့်ရှုပြုစုပေးနိုင်ခဲ့တယ်။ ဟာဝိုင်ယီကို ကျွန်မတို့ရောက်တဲ့အချိန်က သက်သေခံ ၁၃၀ လောက်ပဲရှိပေမဲ့ အမေဆုံးတဲ့အချိန်မှာ တစ်ထောင်ကျော်သွားတဲ့အတွက် ခရစ်ယာန်သာသနာပြုတွေ နောက်ထပ်မလိုအပ်တော့ဘူး။
၁၉၅၇ ခုနှစ်မှာ ဂျပန်ပြည်ကိုသွားပြီး တာဝန်ထမ်းဆောင်ဖို့ ကင်းမျှော်စင်အသင်းကနေ စာတစ်စောင်ကို မာသနဲ့ကျွန်မရရှိခဲ့တယ်။ ကျွန်မတို့အသက်အရွယ်နဲ့ ဂျပန်ဘာသာစကားကို သင်ယူနိုင်မလားဆိုပြီး ဦးဆုံးစိတ်ပူခဲ့ကြတယ်။ အဲဒီအချိန်မှာ ကျွန်မအသက် ၄၈ နှစ်ရှိနေပြီး မာသက ကျွန်မထက် လေးနှစ်လောက်ပဲငယ်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့လက်ထဲမှာပဲအပ်ပြီး အဲဒီတာဝန်ကို လက်ခံခဲ့ကြတယ်။
နယူးယောက်မြို့ရဲ့ ရန်ကီးအားကစားကွင်းနဲ့ ပိုလိုကစားကွင်းမှာ ၁၉၅၈ ခုနှစ် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးပြီးတဲ့နောက် တိုကျိုကို သင်္ဘောနဲ့ကျွန်မတို့ထွက်ခွာလာခဲ့ကြတယ်။ ယိုကိုဟားမားဆိပ်ကမ်းကို ဆိုက်တဲ့အခါ တိုင်ဖုန်းမုန်တိုင်းမိခဲ့ကြတယ်၊ အဲဒီမှာ ဒေါန်နဲ့မေဘဲလ်ဟက်စ္စလက်၊ လွိုက်နဲ့မဲလ်ဘာဘယ်ရီ၊ အခြားခရစ်ယာန်သာသနာပြုတွေက ကျွန်မတို့ကို လာကြိုတယ်။ အဲဒီအချိန်တုန်းက ဂျပန်မှာ သက်သေခံ ၁,၁၂၄ ယောက်ပဲရှိတယ်။
ဂျပန်ဘာသာစကားကို ချက်ချင်းစလေ့လာပြီး တစ်အိမ်မှတစ်အိမ်အမှုဆောင်ထွက်ခဲ့ကြတယ်။ အင်္ဂလိပ်အက္ခရာနဲ့ ဂျပန်လိုဟောရမယ့် အကြောင်းကို ချရေးပြီး ဖတ်ပြခဲ့ကြတယ်။ “ကောင်းပါတယ်” လို့ဆိုလိုမှန်း ကျွန်မတို့သိထားတဲ့ “ယိုရိုရှီအီ ဒေဆူး” ဒါမှမဟုတ် “ကီကို ဒေဆူး” ဆိုပြီး အိမ်ရှင်တွေက ပြန်ပြောဆိုကြတယ်။ ဒါပေမဲ့ အဲဒီစကားတွေက မကြိုက်ဘူးလို့လည်း ဆိုလိုနိုင်တဲ့အတွက် အိမ်ရှင်က စိတ်ဝင်စားမှုရှိ၊ မရှိ ကျွန်မတို့အမြဲတမ်းမသိနိုင်ခဲ့ဘူး။ ဆိုလိုချက်က အသံနေအသံထား၊ ဒါမှမဟုတ် မျက်နှာထားပေါ်မူတည်တယ်။ အဲဒါတွေကိုသဘောပေါက်ဖို့ အတော်ကြာခဲ့တယ်။
ကျွန်မစိတ်နှလုံးကိုနွေးထွေးစေခဲ့သည့် အတွေ့အကြုံများ
ဘာသာစကားကို ကြိုးစားသင်ယူနေတုန်း တစ်နေ့မှာ မစ်စူဘီရှီကုမ္ပဏီစုပေါင်းအိပ်ဆောင်တစ်ခုကို ကျွန်မရောက်ခဲ့တဲ့အခါ အသက် ၂၀ အမျိုးသမီးတစ်ဦးနဲ့တွေ့ခဲ့တယ်။ သူက ကျမ်းစာအသိပညာ တော်တော်လေးတိုးတက်လာပြီး ၁၉၆၆ ခုနှစ်မှာ နှစ်ခြင်းခံခဲ့တယ်။ နောက်တစ်နှစ်မှာ ရှေ့ဆောင်စလုပ်ခဲ့ပြီးနောက် မကြာခင် အထူးရှေ့ဆောင်အဖြစ်ခန့်အပ်ခံခဲ့ရတယ်။ အဲဒီကတည်းက သူအထူးရှေ့ဆောင်လုပ်ခဲ့တာ အခုထိပဲ။ အချိန်ပြည့်လုပ်ငန်းမှာ သူရဲ့အချိန်နဲ့လူငယ်ခွန်အားတွေကို အသုံးပြုတာကိုကြည့်ပြီး ကျွန်မအတွက် အမြဲတမ်းစိတ်တက်ကြွမှုဖြစ်စေခဲ့တယ်။
အထူးသဖြင့် ခရစ်ယာန်မဟုတ်တဲ့အသိုင်းအဝိုင်းမှာ နေထိုင်ကြတဲ့သူတွေအတွက် ကျမ်းစာအမှန်တရားဘက်မှာရပ်တည်ဖို့ ကြီးမားတဲ့စိန်ခေါ်ချက်တစ်ရပ်ပဲ။ ဒါတောင် ကျွန်မကျမ်းစာသင်ပေးခဲ့တဲ့သူတွေအတော်များများအပါအဝင် ထောင်နဲ့ချီတဲ့သူတွေဟာ အဲဒီစိန်ခေါ်ချက်ကို ရင်ဆိုင်ခဲ့ကြတယ်။ ဂျပန်အိမ်တွေမှာ မိရိုးဖလာအရ တွေ့ရှိရတဲ့ တန်ဖိုးကြီး . . . စင်တွေကို သူတို့ရှင်းပစ်ခဲ့တမန်တော် ၁၉:၁၈-၂၀။
ကြရတယ်။ တစ်ခါတလေ ဆွေမျိုးတွေက ဒီလိုလုပ်တာဟာ ကွယ်လွန်သူဘိုးဘေးတွေကို မရိုမသေပြုမူတယ်ဆိုပြီး ထင်မှတ်ကြတဲ့အတွက် လူသစ်တွေအတွက် သတ္တိရှိခဲ့ကြရတယ်။ သူတို့ရဲ့သတ္တိရှိတဲ့လုပ်ရပ်တွေက . . . ဝတ်ပြုမှုနဲ့ဆက်နွှယ်နေတဲ့ ပစ္စည်းတွေကို ရှင်းပစ်ခဲ့ကြတဲ့ ကနဦးခရစ်ယာန်တွေကို ပြန်ပြီးအမှတ်ရစေပါတယ်။—မိသားစုလိုက် တိုကျိုကနေပြောင်းရွှေ့ဖို့ စီစဉ်နေတဲ့ ကျမ်းစာသင်သားအိမ်ရှင်မတစ်ယောက်ကို ကျွန်မသတိရမိတယ်။ အယူမှားဝတ်ပြုရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေမရှိတဲ့အိမ်အသစ်ကို သူပြောင်းရွှေ့ချင်တယ်။ ဒါကြောင့် သူ့ရဲ့ဆန္ဒကို ခင်ပွန်းကိုပြောပြတော့ သူကလည်း တလိုတလားသဘောတူခဲ့တယ်။ ဒီအကြောင်းကို အားရဝမ်းသာနဲ့ ကျွန်မကိုပြောပြနေတုန်းမှာပဲ အိမ်ကိုပျော်ရွှင်စေမယ်လို့ဆိုကြတဲ့အတွက် သူဝယ်ထားမိခဲ့တဲ့ တန်ဖိုးကြီးစကျင်ကျောက်ပန်းအိုးကြီးတစ်လုံးကို ထုပ်ပိုးထားတာ သွားသတိရလိုက်တယ်။ အဲဒီပန်းအိုးက . . . ဝတ်ပြုမှုနဲ့ ဆက်နွှယ်နေနိုင်မယ်အထင်ရှိလို့ တူနဲ့ရိုက်ခွဲပြီး လွှင့်ပစ်လိုက်တယ်။
. . . ဝတ်ပြုမှုနဲ့ ဆက်နွှယ်နေတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို တလိုတလားဖယ်ရှားပစ်ပြီး ယေဟောဝါရဲ့အမှုတော်ကိုထမ်းဆောင်ဖို့ ဘဝအသစ်ကို ရဲရဲရင့်ရင့်စတင်ခဲ့တဲ့ အဲဒီအမျိုးသမီးနဲ့ တခြားသူတွေလုပ်ခဲ့တာကို တွေ့မြင်ရတာ ကျွန်မအတွက် အားရကျေနပ်လောက်တဲ့အတွေ့အကြုံပါပဲ။ ဂျပန်နိုင်ငံမှာ အနှစ် ၄၀ ကျော်ခရစ်ယာန်သာသနာပြုလုပ်ငန်းလုပ်နိုင်ခဲ့တဲ့အတွက် ယေဟောဝါကို ကျွန်မအမြဲကျေးဇူးတင်တယ်။
မျက်မှောက်ခေတ် “အံ့ဖွယ်အမှုများ”
ကျွန်မရဲ့အနှစ် ၇၀ ကျော်အချိန်ပြည့်အမှုဆောင်ခြင်းကို ပြန်ပြောင်းကြည့်လိုက်တဲ့အခါ မျက်မှောက်ခေတ်အံ့ဖွယ်ရာလို့ ကျွန်မထင်တာတွေကို မယုံနိုင်လောက်အောင်အံ့သြမိတယ်။ ရှက်ကြောက်တတ်တဲ့ငယ်ရွယ်သူတစ်ယောက်အနေနဲ့ လူအများနားမထောင်ချင်တဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ကိုယ်ကအစပြုဟောပြောတဲ့အလုပ်ထဲ ဘဝတစ်ခုလုံးကိုမြှုပ်နှံလိမ့်မယ်လို့ တစ်ခါမှမထင်မိဘူး။ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်းမဟုတ်ပဲ ရာနဲ့ချီမက ထောင်နဲ့ချီပြီးတောင် ဒီအတိုင်းပဲလုပ်ကြတာကို ကျွန်မတွေ့ခဲ့ရပြီ။ ဒါကို သူတို့ဘယ်လောက်ထိထိရောက်ရောက်လုပ်ခဲ့တယ်ဆိုတာ ဂျပန်ကို ကျွန်မရောက်တဲ့အချိန် ၁၉၅၈ ခုနှစ်မှာ သက်သေခံတစ်ထောင်ကျော်လေးဟာ အခုဆိုရင် ၂၂၂,၀၀၀ ကျော်သွားတဲ့အထိပဲ!
မာသနဲ့ကျွန်မ ဂျပန်ကို ဦးဆုံးရောက်တုန်းက တိုကျိုဌာနခွဲရုံးမှာ နေခဲ့ကြရတယ်။ ၁၉၆၃ ခုနှစ်မှာ အဲဒီမြေနေရာပေါ်မှာ
ပဲ ခြောက်ထပ်ဌာနခွဲအဆောက်အအုံသစ်ကို ဆောက်ခဲ့ပြီး အဲဒီအချိန်ကတည်းက ဒီမှာပဲ ကျွန်မတို့နေကြတယ်။ ၁၉၆၃၊ နိုဝင်ဘာလမှာ ကျွန်မတို့ရဲ့ဌာနခွဲကြီးကြပ်ရေးမှူး လွိုက် ဘယ်ရီဟောတဲ့ အပ်နှံပွဲဟောပြောချက်ကိုကြားခဲ့ရတဲ့ ၁၆၃ ယောက်ထဲမှာ ကျွန်မတို့လည်းပါဝင်ခဲ့ကြတယ်။ အဲဒီအချိန်ကျတော့ ဂျပန်မှာ သက်သေခံ ၃,၀၀၀ ရှိနေပြီ။နူးမားဇူးမြို့မှာ တိုးချဲ့ခဲ့ရတဲ့ဌာနခွဲအသစ်ဆောက်ပြီးတဲ့ ၁၉၇၂ ခုနှစ်မှာ ၁၄,၀၀၀ ကျော်တဲ့အထိ ဘုရားသခင့်ရဲ့နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်း တစ်မုဟုတ်ချင်းတိုးတက်လာတာကို မြင်ရတာ ကြည်းနူးစရာပါပဲ။ ဒါပေမဲ့ ၁၉၈၂ ခုနှစ်လည်းရောက်ရော ဂျပန်မှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၆၈,၀၀၀ ကျော်သွားခဲ့ပြီး တိုကျိုကနေမိုင် ၅၀ လောက်ဝေးတဲ့ အဘီနာမြို့မှာ ပိုကြီးတဲ့ဌာနခွဲအဆောက်အအုံတစ်ခုကို ဆောက်လုပ်ခဲ့ရတယ်။
ဒီအချိန်အတွင်းမှာပဲ တိုကျိုမြို့လယ်ခေါင်က အရင်ဌာနခွဲဟောင်းကို ပြန်ပြုပြင်မွမ်းမံခဲ့ရတယ်။ ကြာလာတော့ ဒီအဆောက်အအုံဟာ ကျွန်မနဲ့နှစ်ကြာအဖော် မာသ ဟက်စ်အပါအဝင် အနှစ် ၄၀ ဒါမှမဟုတ် ၅၀ နဲ့ဒီထက်မက ဂျပန်မှာ အမှုဆောင်ခဲ့ကြတဲ့ ခရစ်ယာန်သာသနာပြုအယောက် ၂၀ ကျော်နေတဲ့ သာသနာပြုအိမ်ဖြစ်လာတယ်။ ဆရာဝန်တစ်ယောက်နဲ့ သူနာပြုဖြစ်တဲ့ သူ့ဇနီးလည်း ကျွန်မတို့အိမ်မှာ နေထိုင်ကြတယ်။ ကျွန်မတို့ရဲ့ကျန်းမာရေးကို သူတို့မေတ္တာနဲ့ဂရုစိုက်ကြည့်ရှုစောင့်ရှောက်ပေးတယ်။ မကြာခင် နောက်သူနာပြုတစ်ယောက် ရောက်လာပြီး ခရစ်ယာန်ညီအစ်မတွေလည်း နေ့အခါမှာ သူနာပြုအကူတွေအဖြစ်လာကူကြတယ်။ အဘီနာက ဗေသလမိသားစုဝင်နှစ်ယောက် အစားအသောက်တွေ ပြင်ဆင်ပေးဖို့၊ ကျွန်မတို့အိမ်ကိုသန့်ရှင်းရေးလုပ်ပေးဖို့ အလှည့်ကျလာကြတယ်။ ကျွန်မတို့အပေါ် ယေဟောဝါ တကယ်ပဲကောင်းမြတ်ခဲ့တယ်။—ဆာလံ ၃၄:၈၊ ၁၀။
နှစ်ကြာခရစ်ယာန်သာသနာပြုတွေ အခုနေထိုင်ကြတဲ့ အဆောက်အအုံကို အပ်နှံပြီးတဲ့ ၃၆ နှစ်အကြာ၊ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ကျွန်မရဲ့ခရစ်ယာန်သာသနာပြုအသက်တာမှာ ပေါ်လွင်တဲ့အရာတစ်ခုဖြစ်ပျက်ခဲ့တယ်။ ၁၉၉၉၊ နိုဝင်ဘာ ၁၃ ရက်နေ့မှာ အဘီနာက ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းရဲ့ ဂျပန်ဌာနခွဲ တိုးချဲ့အဆောက်အအုံ အပ်နှံပွဲကို တက်ရောက်ခဲ့ကြတဲ့ ၃၇ နိုင်ငံတွေကနေ နှစ်ကြာသက်သေခံရာချီအပါအဝင် ၄,၄၈၆ ထဲမှာ ကျွန်မလည်းပါဝင်ခဲ့တယ်။ လက်ရှိအချိန်မှာ အဲဒီဌာနခွဲမိသားစု အယောက် ၆၅၀ လောက်ရှိတယ်။
ကျမ်းစာသတင်းတရားတွေကို တစ်အိမ်မှတစ်အိမ် ရှက်ရှက်ကြောက်ကြောက်နဲ့ စဟောခဲ့ကတည်းက နှစ်ပေါင်း ၈၀ နီးပါးအတွင်းမှာ ယေဟောဝါဟာ ကျွန်မရဲ့ ခိုင်ခံ့တဲ့အကူအညီဖြစ်ခဲ့တယ်။ ကျွန်မရဲ့ရှက်ကြောက်စိတ်ကို အနိုင်ယူဖို့ ကိုယ်တော်ကူညီပေးခဲ့တယ်။ ယေဟောဝါကို ယုံကြည်ကိုးစားတဲ့ ကျွန်မလိုအရမ်းရှက်ကြောက်တတ်တဲ့ သူတွေကိုတောင်မှ ကိုယ်တော်အသုံးပြုနိုင်တယ်ဆိုတာ ကျွန်မအခိုင်အမာယုံကြည်တယ်။ ကျွန်မတို့ရဲ့ဘုရားသခင် ယေဟောဝါအကြောင်း သူစိမ်းတွေကိုပြောပြခဲ့ရတာ တကယ့်ကိုကျေနပ်ရောင့်ရဲတဲ့အသက်တာပါပဲ!
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အမေနှင့် ဗေသလမှ ကျွန်မတို့ထံ လည်ပတ်ရောက်ရှိလာသော ကလဲရင့်စ်တို့နှင့်အတူ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
နယူးယောက်၊ လန်စင်းတောင်ပိုင်းအနီး ဂိလဒ်ကျောင်းမြက်ခင်းပေါ်တွင် လေ့လာသင်ကြားနေကြသော ကျွန်မတို့၏အတန်းသားများ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
လက်ဝဲ– ဟာဝိုင်ယီတွင် ကျွန်မ၊ မာသ ဟက်စ်နှင့်အမေ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယာဘက်– ကျွန်မတို့၏ တိုကျိုခရစ်ယာန် သာသနာပြုအိမ်သားများ
[စာမျက်နှာ ၂၄ ပါရုပ်ပုံ]
အောက်– ကျွန်မ၏ နှစ်ကြာအဖော် မာသ ဟက်စ်နှင့်အတူ
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အဘီနာမှ ကျွန်မတို့၏ တိုးချဲ့ဆောက်ထားသောဌာနခွဲကို ပြီးခဲ့သည့်နိုဝင်ဘာလက အပ်နှံခဲ့