ခရစ်ယာန်သိုးထိန်းများ—‘သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့’!
ခရစ်ယာန်သိုးထိန်းများ—‘သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့’!
“ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။” ဤစကားများဖြင့် ဘုရားသခင်အား အကြွင်းမဲ့ယုံကြည်စိတ်ချကြောင်း ဒါဝိဒ်ဖော်ပြခဲ့သည်။ ယေဟောဝါသည် ဝိညာဉ်ရေးအရ “စိမ်းလန်းသောကျက်စားရာအရပ်” နှင့် “သာယာသောမြစ်နားသို့” သူ့ကိုခေါ်ဆောင်သွားပြီး “တရားလမ်းထဲ” သို့လမ်းညွှန်ပေးသည်။ ဆန့်ကျင်သူများဝန်းရံနေသည့်အခါ ထောက်မမှုနှင့် အားပေးမှုကို ဒါဝိဒ်ရရှိသောကြောင့် ယေဟောဝါအား ဤသို့ပြောဆိုရန် လှုံ့ဆော်ခံခဲ့ရသည်– ‘ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍ ဘေးအန္တရာယ်ကိုမကြောက်ပါ။’ ဤကဲ့သို့သော အကြီးမြတ်ဆုံးသိုးထိန်းရှင်ရှိခြင်းကြောင့် ဒါဝိဒ်သည် “ထာဝရဘုရား၏အိမ်တော်မှာ အစဉ်အမြဲနေ” ရန်ဆုံးဖြတ်ခဲ့သည်။—ဆာလံ ၂၃:၁-၆။
ဘုရားသခင်၏တစ်ပါးတည်းသောသားတော်သည်လည်း ယေဟောဝါ၏မေတ္တာပါဂရုစိုက်မှုကို ခံစားခဲ့ရပြီး ကမ္ဘာပေါ်ခဏတာနေထိုင်စဉ်အတွင်း မိမိ၏တပည့်တော်များနှင့်ဆက်ဆံရာတွင် ဤဂရုစိုက်မှုကို ကိုယ်တော်အပြည့်အဝတင်ပြခဲ့သည်။ ထို့ကြောင့် ကျမ်းစာက ကိုယ်တော်ကို “ကောင်းသောသိုးထိန်း၊” “သိုးထိန်းကြီး၊” “သိုးထိန်းအကြီး၊” ဟုရည်ညွှန်းခေါ်ဆိုထားသည်။—ယောဟန် ၁၀:၁၁; ဟေဗြဲ ၁၃:၂၀; ၁ ပေတရု ၅:၂-၄။
ယေဟောဝါနှင့် ယေရှုခရစ်သည် မိမိတို့အားချစ်မြတ်နိုးသူများကို ဆက်၍ထိန်းကျောင်းနေကြပါသည်။ ကိုယ်တော်၏ထိန်းကျောင်းမှုကို အသင်းတော်အတွင်းရှိ လက်ထောက်သိုးထိန်းများ၏ မေတ္တာပါသောအစီအစဉ်က တင်ပြသည်။ ဤလက်ထောက်သိုးထိန်းများကို ပေါလုကဤသို့ပြောခဲ့သည်– “သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိ [သားတော်] အသွေးနှင့်ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေးစေခြင်းငှာ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ်ခန့်ထားတော်မူသော သိုးစုတစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။”—တမန်တော် ၂၀:၂၈။
ယေဟောဝါနှင့် ခရစ်တော်ယေရှုချမှတ်သောပုံစံနှင့်အညီ သိုးတော်စုကိုထိန်းကျောင်းခြင်းသည် လွယ်ကူသည့်လုပ်ငန်းမဟုတ်သော်လည်း ယခင်ကထက် ယခု ပို၍အရေးကြီးနေသည်။ လွန်ခဲ့သောသုံးနှစ်အတွင်း နှစ်ခြင်းခံခဲ့သူ သက်သေခံတစ်သန်းကျော်ကို သတိရပါလေ! ထိုလူသစ်များသည် နှစ်ပေါင်းများစွာလုပ်ဆောင်ရာမှရရှိသည့် ဝိညာဉ်ရေးနောက်ခံရှိသူများ မဟုတ်ကြပါ။ ကလေးအရွယ် သို့မဟုတ် ဆယ်ကျော်သက်အရွယ်သာရှိနေသေးသည့် သက်သေခံများကိုလည်း သတိရပါ။ သူတို့သည် မိဘ၏ဂရုစိုက်မှုသာမက အသင်းတော်၏လက်ထောက်သိုးထိန်းများ၏ ဂရုစိုက်မှုကိုလည်း ရရှိဖို့လိုနေကြသည်။
မှန်၏၊ ခရစ်ယာန်တိုင်းသည် ရွယ်တူချင်းဖိအားအပါအဝင် ပြင်ပဖိစီးမှုများကို ခံနေရကြသည်။ စိတ်အလိုလိုက်လွန်းခြင်းဖြစ်သည့် လောကလမ်းစဉ်နောက်လိုက်ရန် ပြင်းထန်သည့်ဆွဲအားများကို အားလုံးခုခံတိုက်လှန်ကြရမည်ဖြစ်သည်။ အချို့သောနိုင်ငံများတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူများသည် သူတို့၏သတင်းစကားကို တုံ့ပြန်မှုမရှိကြခြင်းကြောင့် စိတ်ဓာတ်ကျနိုင်သည်။ ကြေညာသူများစွာတွင် ဆိုးရွားသည့်ကျန်းမာရေးပြဿနာများ ရှိကြသည်။ အခြားသူများမှာမူ ငွေကြေးအခက်အခဲများကြောင့် ဘုရားသခင့်နိုင်ငံတော်ကိုရှေးဦးရှာရန်စိတ်ဆန္ဒ ကင်းမဲ့နေနိုင်သည်။ အမှန်ဆိုလျှင် အမှန်တရားတွင် သက်တမ်းရင့်သူများအပါအဝင် ကျွန်ုပ်တို့အားလုံးသည် မေတ္တာပြည့်ဝသောသိုးထိန်းများ၏ အကူအညီလိုအပ်၍၊ ရထိုက်ကြပါသည်။
လျောက်ပတ်သောလှုံ့ဆော်မှု
ပထမရာစုခရစ်ယာန်များကို ဤသို့တိုက်တွန်းခဲ့သည်– ‘သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့’! (၂ ကောရိန္သု ၆:၁၁-၁၃) ခရစ်ယာန်အကြီးအကဲများသည် သူတို့၏သိုးထိန်းခြင်းတာဝန်များကို ဂရုစိုက်ဆောင်ရွက်ရာတွင် ဤအကြံပေးချက်ကိုလိုက်နာသင့်ပေသည်။ မည်သို့ပြုလုပ်နိုင်သနည်း။ သိုးထိန်းများဖြစ်လာရန် အလားအလာရှိ ဓမ္မအမှုထမ်းများကော အသို့နည်း။
ခရစ်ယာန်အကြီးအကဲများသည် သိုးတော်စုအတွက် ကောင်းချီးတစ်ရပ်ဖြစ်ကြရမည်ဆိုလျှင် သူတို့သည် တာဝန်သိတတ်သည်ထက် ပိုမိုလှုံ့ဆော်ခံရရန်လိုသည်။ သူတို့ ဤသို့ညွှန်ကြားခံရ၏– “ဘုရားသခင်၏သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။” (၁ ပေတရု ၅:၂) ထို့ကြောင့် ထိရောက်စွာသိုးထိန်းခြင်းတွင် အခြားသူများအကျိုးကို တလိုတလား၊ စိတ်အားထက်သန်စွာ လုပ်ဆောင်ပေးခြင်းပါဝင်သည်။ (ယောဟန် ၂၁:၁၅-၁၇) သိုးများ၏လိုအပ်ရာများကို တွေ့မြင်တတ်ပြီး အလျင်အမြန်တုံ့ပြန်ပေးခြင်းကို ဆိုလိုသည်။ အခြားသူများနှင့်ဆက်ဆံသည့်အခါ ဘုရားသခင့်ဝိညာဉ်တော်အသီးများဖြစ်သည့် ခရစ်ယာန် အရည်အသွေးကောင်းများ တင်ပြခြင်းကိုဆိုလိုသည်။—ဂလာတိ ၅:၂၂၊ ၂၃။
သိုးထိန်းခြင်းလုပ်ငန်းတွင် တစ်ခါတစ်ရံ ညီအစ်ကိုများ၏အိမ်များသို့သွားရောက်လည်ပတ်ခြင်း ပါဝင်သည်။ * သို့သော် ‘သူတို့၏စိတ်နှလုံးကို ကျယ်ဝန်းစေသော’ သိုးထိန်းများသည် အသုံးတော်ခံကြသည်။ ဆိုလိုသည်မှာ တစ်ခါတစ်ရံ သိုးထိန်းလည်ပတ်မှုပြုခြင်းထက် ပို၍လုပ်ဆောင်ကြခြင်းဖြစ်သည်။ သိုးအုပ်ရှိသူများကိုထိန်းကျောင်းရန် အခွင့်အရေးတိုင်း သူတို့ယူတတ်ကြသည်။
အခြားသူများကို သိုးထိန်းများဖြစ်လာရန် လေ့ကျင့်ပေးခြင်း
“ကြီးကြပ်မှူးအရာကို လှမ်းယူနေသောသူ” အသက်အရွယ်အမျိုးမျိုးရှိနိုင်သည့် မည်သည့်ညီအစ်ကိုမဆိုသည် “ကောင်းသောအမှုအရာကိုတောင့်တ” သူဖြစ်သည်။ (၁ တိမောသေ ၃:၁၊ ကဘ) ဓမ္မအမှုထမ်းများစွာသည် ထပ်ဆင့်အခွင့်အရေးများကိုလက်လှမ်းယူရန် လိုလိုလားလားရှိကြောင်း တင်ပြခဲ့ကြသည်။ ထို့ကြောင့် “ကြီးကြပ်မှူးအရာကို လှမ်းယူ” ရာတွင် အရေးကြီးသည့်ဤခြေလှမ်းကိုယူရန် ဆန္ဒရှိသည့် ထိုညီအစ်ကိုများကို အကြီးအကဲများသည် ဝမ်းမြောက်စွာအကူအညီပေးကြသည်။ ယင်းက ထိရောက်သောသိုးထိန်းများဖြစ်လာရန် သူတို့ကိုလေ့ကျင့်ပေးခြင်းဖြစ်သည်။
ဘုရားသခင်၏ မြင့်မားသောစံနှုန်းများကို ထက်ကြပ်မကွာလိုက်လျှောက်ခြင်းကြောင့် ယေဟောဝါ၏ခရစ်ယာန်အသင်းတော်သည် ယေဇကျေလ ၃၄:၂-၆ တွင်ဖော်ပြထားသော သိုးထိန်းအတုအယောင်များအတွက်နှင့် အားနည်းမသွားခဲ့ပါ။ ဤသိုးထိန်းအတုအယောင်များသည် ယေဟောဝါမျက်မှောက်တော်တွင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်ပြီး ထိုသို့ရွံရှာထိုက်ပေသည်။ သိုးများကိုကျွေးမွေးမည့်အစား သူတို့ချည်း စားသောက်ခဲ့ကြသည်။ သူတို့သည် အားနည်းသောသိုးတို့ကိုမစရန်၊ ဖျားနာသောသိုးတို့ကို ဆေးကုရန်၊ အရိုးကျိုးသောသိုးတို့ကို အဝတ်နှင့်စည်းရန် သို့မဟုတ် ပျောက်သောသိုးတို့ကို တစ်ဖန်ဆောင်ခဲ့ကြရန် ပျက်ကွက်ကြသည်။ သူတို့သည် သိုးထိန်းများအစား ဝံပုလွေများနှင့်ပိုတူကြပြီး သိုးများအပေါ် နိုင်ထက်စီးနင်းပြုမူခဲ့ကြသည်။ ဂရုစိုက်မခံရသောသိုးများသည် ကွဲလွင့်သွားပြီး သူတို့ကိုဂရုစိုက်မည့်သူမရှိ ဦးတည်ရာမဲ့ လှည့်လည်သွားလျက်နေကြသည်။—ယေရမိ ၂၃:၁၊ ၂; နာဟုံ ၃:၁၈; မဿဲ ၉:၃၆။
ထိုသစ္စာမရှိသောသိုးထိန်းများနှင့်မတူဘဲ ခရစ်ယာန်သိုးထိန်းများသည် ယေဟောဝါ၏ပုံနမူနာကို လိုက်လျှောက်ကြသည်။ သူတို့သည် ဝိညာဉ်ရေးအရ “စိမ်းလန်းသောကျက်စားရာအရပ်” နှင့် “သာယာသောမြစ်နားသို့” သိုးတို့ကိုပို့ဆောင်ပေးရန် ကူညီနေကြသည်။ ယေဟောဝါ၏နှုတ်မြွက်စကားတော်ကို တော်မှန်စွာနားလည်သဘောပေါက်ရန်နှင့် ယင်းကိုလက်တွေ့ကျင့်သုံးရန် အကူအညီပေးခြင်းအားဖြင့် ‘ဖြောင့်မတ်ခြင်းတရားလမ်းထဲ’ သို့ပြညွှန်ပေးရန် ကြိုးစားအားထုတ်နေကြသည်။ ယင်းကို သူတို့အကျိုးဖြစ်ထွန်းစွာလုပ်ဆောင်နိုင်ကြသည်၊ အကြောင်းမှာ သူတို့သည် “ဆုံးမ . . . ပေးတတ်သောသူ” များဖြစ်ကြသည်။—၁ တိမောသေ ၃:၂။
အကြီးအကဲများ၏သွန်သင်ခြင်းကို အသင်းတော်အစည်းအဝေးများအတွင်း စင်မြင့်ပေါ်မှ အများအားဖြင့်ပေးလေ့ရှိသည်။ သို့ရာတွင် အကြီးအကဲများသည် တစ်ဦးချင်းစီအနေဖြင့်လည်း သွန်သင်ပေးသည်။ အချို့သူများသည် တစ်ဦးချင်းစီကိုသွန်သင်ပေးရာ၌ ပို၍တော်ကြပြီး အခြားသူများမှာမူ ဟောပြောချက်များပေးရာတွင် ပို၍အာစလျှာစရှိသည်။ သို့သော် သွန်သင်ပုံတစ်မျိုးတွင် စွမ်းရည်နည်းခြင်းသည် သွန်သင်သူတစ်ဦးအဖြစ် အရည်အချင်းမရှိဟု မဆိုနိုင်ပါ။ အကြီးအကဲများသည် သိုးထိန်းခြင်းအပါအဝင် နည်းလမ်းအားလုံးကိုအသုံးပြုပြီး သွန်သင်ကြသည်။ သိုးထိန်းလုပ်ငန်းအချို့ကို ဖွဲ့စည်းထားသည့်လည်ပတ်မှုများပြုချိန်မှာကဲ့သို့ သမားရိုးကျနည်းအတိုင်းပြုလုပ်ကြသည်။ သို့သော် အကျိုးများစွာဖြစ်ထွန်းသော အလွတ်သဘောနည်းလမ်းများဖြင့်လည်း သိုးထိန်းလုပ်ငန်းကို များစွာပြုလုပ်နိုင်ပါသည်။
တစ်ချိန်လုံးသိုးထိန်းများနှင့် သွန်သင်သူများ
ဆရာဝန်တစ်ဦးသည် သူ၏အလုပ်ကိုဆောင်ရွက်ရန် အသိပညာနှင့် အတွေ့အကြုံလိုသည်။ သို့သော် ကြင်နာမှု၊ ထောက်ထားစာနာမှု၊ ဂရုစိုက်မှု၊ စိတ်ရင်းမှန်နှင့် စိတ်ဝင်စားမှုကို တင်ပြသည့်အခါ သူ၏လူနာများသည် ယင်းကိုတန်ဖိုးထားလေးမြတ်တတ်ကြသည်။ ဤအရည်အချင်းများသည် သူ၏ပင်ကိုစရိုက်တွင် ပါဝင်ရပေမည်။ အလားတူအရည်အချင်းများသည် ကောင်းသောသွန်သင်သူ၊ သိုးထိန်း၏ ပင်ကိုအရည်အသွေးတွင် ရှိလာရမည်ဖြစ်ပြီး သူ၏နေ့စဉ်ဘဝပုံစံ၏ အစိတ်အပိုင်းဖြစ်ရပေမည်။ သွန်သင်သူအစစ်အမှန်တစ်ဦးသည် မိမိဝန်းကျင်ရှိသူများကို သွန်သင်ပေးရန်လိုအပ်တိုင်း သွန်သင်ဖို့ အသင့်ရှိနေပေမည်။ “အချိန်တန်၍ပြောသောစကားသည်လည်း အလွန်လျောက်ပတ်ပေ၏” ဟုနယပုံပြင် ၁၅:၂၃ ကဆိုသည်။ “အချိန်တန်” အချိန်သည် စင်မြင့်ပေါ်မှဟောပြောချိန်၊ တစ်အိမ်မှတစ်အိမ်ဟောပြောချိန် သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် စကားအပြန်အလှန်ပြောဆိုချိန် သို့မဟုတ် တယ်လီဖုန်းဖြင့် စကားပြောချိန်တို့ ဖြစ်နိုင်ပါသည်။ ထိုနည်းတူ သိုးထိန်းကောင်းတစ်ဦးသည် သိုးထိန်းလည်ပတ်မှုပြုချိန်လောက်သာမဟုတ်ဘဲ အချိန်တိုင်း ဂရုစိုက်တတ်သောအရည်အသွေးများကို တင်ပြရန် ကြိုးစားအားထုတ်၏။ ‘သူ၏စိတ်နှလုံးကိုကျယ်ဝန်း’ စေခဲ့ပြီဖြစ်ရာ သိုးများကိုထိန်းကျောင်းရန် အခွင့်အရေးတိုင်းကိုယူပြီး အခန့်သင့်အချိန်တွင် သူတို့လိုအပ်သည့် ဂရုစိုက်မှုကိုပေးမည်ဖြစ်သည်။ ယင်းသို့ပြုခြင်းက သူ့ကို သိုးများ ချစ်ခင်မြတ်နိုးစေသည်။—မာကု ၁၀:၄၃။
ယခု အကြီးအကဲတစ်ဦးဖြစ်နေသူ ဝတ်လ်ဖ်ဂဲန်သည် သူ၏မိသားစုထံသို့ အလည်အပတ်လာသော ဓမ္မအမှုထမ်းနှင့် သူ၏ဇနီးတို့ကို ပြန်၍အမှတ်ရသည်။ သူကဤသို့ပြောပြသည်– “ကျွန်တော်တို့ရဲ့ကလေးတွေဟာ သူတို့ရဲ့ဂရုစိုက်မှုကိုခံခဲ့ရပြီး အတူတူပေါင်းသင်းခဲ့ရတဲ့ ပျော်စရာအချိန်အတွက် အရမ်းကျေနပ်အားရခဲ့ကြတယ်။ အခုထိဒီအကြောင်းတွေကို ပြောနေကြတုန်းပဲ။” မှန်ပါသည်၊ ဤဓမ္မအမှုထမ်းက ဂရုစိုက်မှုကို တင်ပြခဲ့၏; ‘သူ၏စိတ်နှလုံးကို ကျယ်ဝန်းစေ’ ခဲ့သည်။
‘စိတ်နှလုံးကျယ်ဝန်း’ စေရန်အခြားအခွင့်အရေးတစ်ခုမှာ ဖျားနာသူများထံလည်ပတ်ခြင်း၊ အားပေးစာတိုလေးပေးပို့ခြင်း သို့မဟုတ် တယ်လီဖုန်းဆက်ခြင်း၊ သင့်ဂရုစိုက်မှုကို သူတို့သိစေရန် တစ်နည်းနည်းဖြင့်တင်ပြခြင်းဖြင့်ဖြစ်သည်! လိုအပ်သည့်အချိန်တွင် အကူအညီပေးပါ။ သူတို့စကားပြောဆိုလိုပါက ဂရုတစိုက်နားထောင်ပေးပါ။ ဒေသခံအသင်းတော်တွင်နှင့် အခြားနေရာများတွင် အပြုသဘောဆောင်ကာ လှုံ့ဆော်မှုဖြစ်စေသည့် သီအိုကရက်တစ်လုပ်ဆောင်မှုများအကြောင်းပြောပြပါ။ ယေဟောဝါအားချစ်မြတ်နိုးသူများရရှိမည့် ဘုန်းကျက်သရေရှိသော အနာဂတ်ကို အာရုံစူးစိုက်နေစေရန် သူတို့အားကူညီပေးပါ။—၂ ကောရိန္သု ၄:၁၆-၁၈။
သိုးထိန်းလည်ပတ်မှုများအပြင်
သိုးထိန်းလုပ်ငန်း၏ရည်ရွယ်ချက်ကို စိတ်ထဲစွဲမှတ်ထားကာ ညီအစ်ကိုများ၏အိမ်သို့ သမားရိုးကျသိုးထိန်းလည်ပတ်မှု ပြုလုပ်ခြင်းသည် အရေးကြီးသည်မှန်သော်လည်း ပြုလုပ်ရမည့်အရာများတွင် တစ်ပိုင်းမျှသာဖြစ်ကြောင်း ထင်ရှားပါသည်။ မေတ္တာပြည့်ဝသောသိုးထိန်းတစ်ဦးသည် အခြေအနေအမျိုးမျိုးအောက်နှင့် အချိန်အခါတိုင်းတွင် ချဉ်းကပ်ရလွယ်သူဖြစ်ခြင်းအားဖြင့် ‘သူ၏စိတ်နှလုံးကို ကျယ်ဝန်းစေ’ သည်။ ညီအစ်ကိုများနှင့် နွေးထွေးသည့်ဆက်ဆံရေးပြုစုခဲ့ခြင်းက အန္တရာယ်ကြုံတွေ့ရသည့်အချိန်အခါများတွင် သူတို့၏မေတ္တာပြည့်ဝဆာလံ ၂၃:၄။
သည့်ညီအစ်ကို၊ ခရစ်ယာန်သိုးထိန်းသည် သူတို့ကိုကြည့်ရှုစောင့်ရှောက်လိမ့်မည်ဟု သိထား၍ အဘယ်ဘေးအန္တရာယ်ကိုမျှကြောက်စရာမလိုကြောင်း စိတ်ချစေသည်။—မှန်ပါသည်၊ ခရစ်ယာန်သိုးထိန်းအားလုံးတို့ ‘သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေ’ ကြပါ။ သင့်ညီအစ်ကိုများကို စိတ်ရင်းစေတနာမှန်ဖြင့် ချစ်မြတ်နိုးကြောင်း တင်ပြကြပါ—သူတို့ကိုအားပေးပါ၊ လန်းဆန်းမှုရရှိစေပါ၊ သင်တတ်နိုင်သည့်နည်းအမျိုးမျိုးဖြင့် ဝိညာဉ်ရေးဘက် သူတို့ကိုတည်ဆောက်ပေးပါ။ ယုံကြည်ခြင်းတွင်ခိုင်ခံ့မြဲမြံနေကြရန် သူတို့ကိုကူညီပေးပါ။ (ကောလောသဲ ၁:၂၃) ‘သူတို့၏စိတ်နှလုံးကို ကျယ်ဝန်းစေ’ ကြသော ခရစ်ယာန်သိုးထိန်းများရရှိထားသည့် ကောင်းချီးခံစားရသောသိုးများသည် လိုလေသေးရှိကြမည်မဟုတ်ပါ။ သူတို့သည် ဒါဝိဒ်ကဲ့သို့ ယေဟောဝါ၏အိမ်တော်တွင် အစဉ်အမြဲနေရန် ဆုံးဖြတ်ချက်ချကြပါလိမ့်မည်။ (ဆာလံ ၂၃:၁၊ ၆) မေတ္တာပြည့်ဝသောသိုးထိန်းတစ်ဦးအနေနှင့် အခြားထပ်၍လိုလားရာရှိပါဦးမည်လော။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 10 သိုးထိန်းလည်ပတ်မှုပြုလုပ်ရန်အတွက် အကြံပြုချက်များကို ကင်းမျှော်စင်၊ စက်တင်ဘာ ၁၅၊ ၁၉၉၃ စာမျက်နှာ ၂၀-၃ နှင့် မတ် ၁၅၊ ၁၉၉၆၊ စာမျက်နှာ ၂၄-၇ တွင်တွေ့နိုင်ပါသည်။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ခရစ်ယာန်သိုးထိန်းများ
• စိတ်အားထက်သန်စွာနှင့် တလိုတလားဆောင်ရွက်ကြ
• သိုးအုပ်ကို ကျွေးမွေးစောင့်ရှောက်ကြ
• အခြားသူများလည်း သိုးထိန်းများဖြစ်လာရန် တက်လှမ်းဖို့ ကူညီပေးကြ
• ဖျားနာသူများထံလည်ပတ်ပြီး ဂရုစိုက်စောင့်ရှောက်ကြ
• ညီအစ်ကိုများကို အချိန်တိုင်း အကူအညီပေးရန် နိုးနိုးကြားကြားရှိကြ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
လယ်ကွင်းလုပ်ငန်းတွင်ဖြစ်စေ၊ အစည်းအဝေးများတွင်ဖြစ်စေ၊ ပေါင်းဖော်ချိန်များတွင်ဖြစ်စေ
အကြီးအကဲများသည် သိုးထိန်းများအမြဲဖြစ်ကြ