အကျင့်ယိုယွင်းသောလောကတွင် သင်စင်ကြယ်စွာနေနိုင်
အကျင့်ယိုယွင်းသောလောကတွင် သင်စင်ကြယ်စွာနေနိုင်
သူသည် အသားညို၍ ရုပ်ဖြောင့်သည်။ အခြားသူတစ်ဦးမူ ပင်ကိုစွမ်းရည်ရှိပြီး လှပသောအမျိုးသမီးဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်ကြသည်။ အမျိုးသမီးသည် ထိုအမျိုးသားကို အရေးပေးလွန်း၏။ အမျိုးသားကလည်း ထိုအမျိုးသမီးကို ချီးမွမ်းမြှောက်ပင့်နေသည်။ တစ်ဦးကိုတစ်ဦး လက်ဆောင်များဝယ်ပေးကြသည်။ မကြာမီ သူတို့ချစ်ကြိုက်ခဲ့သည်။ ၎င်းနောက် ထိုအမျိုးသမီးကိုရရန် သူ့ဇနီးကိုစွန့်ခဲ့သည်။ နောက်ဆုံး၌ ၎င်းအမျိုးသမီးသည် မိမိခင်ပွန်းနှင့်ဆက်ပေါင်းပြီး ထိုချစ်ကြိုက်ရေးကိုရပ်တန့်ပစ်ရန် ဆုံးဖြတ်ခဲ့သည်။ အမျိုးသားမှာမူ သူ့ဇနီးနှင့် စိတ်မပါတပါ ကြိုးစား၍ပြန်ပေါင်း၏။ သို့သော် နောင်တစစ်မဟုတ်သည့်အတွက် သူ၏အိမ်ထောင်ရေး မအောင်မြင်ခဲ့ချေ။ ထိုအချစ်ရေးတွင်ပါဝင်ပတ်သက်သူအားလုံး ဘဝဆက်ခဲ့ကြသော်လည်း ဒဏ်ရာဒဏ်ချက်များရခဲ့ကြ၏။
လိင်ဆိုင်ရာအကျင့်ကောင်းမှုကို အကျင့်သီလကောင်းတစ်ခုအဖြစ် ဤလောကက မယူမှတ်တော့ချေ။ မချုပ်တည်းဘဲ အပျော်အပါးနှင့် စိတ်ကျေနပ်မှုတို့ကို လိုက်စားခြင်းသည် အစဉ်အလာဖြစ်နေသည်။ “သူ့မယားကိုပြစ်မှားခြင်းသည် နေရာတကာ၌ ဖြစ်ပျက်နေပုံရှိပြီး အချို့ဖြစ်ရပ်များတွင် အိမ်ထောင်ပြုသကဲ့သို့ပင် သာမန်ကိစ္စဖြစ်နေသည်” ဟုဗြိတဲန်နီကာစွယ်စုံကျမ်းက ဖော်ပြသည်။
သို့ရာတွင် ယေဟောဝါဘုရားသခင်သည် အိမ်ထောင်ပြုခြင်းအမှုကို “ခပ်သိမ်းသောသူတို့၌ . . . အသရေရှိစေ” လိုသည့်အပြင် သစ္စာသံဝါသပြုခြင်းအမှုကို “မညစ်ညူးစေ” လိုပါ။ (ဟေဗြဲ ၁၃:၄) သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အလွဲမယူကြနှင့်။ မတရားသောမေထုန်၌မှီဝဲသောသူ၊ . . . ကိုးကွယ်သောသူ၊ သူ့မယားကိုပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ ထိုအမှုကိုခံသောသူ . . . တို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြ။” (၁ ကောရိန္သု ၆:၉၊ ၁၀) ထို့ကြောင့် ဘုရားသခင်၏မျက်နှာသာတော်ရရှိရန် ဤအကျင့်ယိုယွင်းသောလောကတွင် ကျင့်ဝတ်ဆိုင်ရာသန့်ရှင်းမှုကို ထိန်းသိမ်းထားဖို့လိုသည်။
ကျွန်ုပ်တို့ကို ဝိုင်းရံနေသော ဖောက်ပြန်ယိုယွင်းသည့်သြဇာမှ ကိုယ့်ကိုယ်ကို မည်သို့ကာကွယ်နိုင်မည်နည်း။ ရှေးဣသရေလရှင်ဘုရင် ရှောလမုန်သည် နယပုံပြင်ကျမ်း၏ အခန်းကြီး ၅ တွင် အဖြေများပေးထားပါသည်။ အဘယ်သို့ပြောဆိုထားသည်ကို ဆန်းစစ်ကြည့်ကြစို့လေ။
သင့်ကိုကာကွယ်ရန် စဉ်းစားဆင်ခြင်နိုင်စွမ်း
“ငါ့သား၊ သင်သည် စဉ်းစားဆင်ခြင်နိုင်သော စွမ်းရည်ရှိ၍၊ သင်၏နှုတ်ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ဉာဏ်ပညာကိုမှတ်ကျုံး၍ ငါပေးသောပိုင်းခြားသိမြင်မှုသို့ သင့်နားကိုလှည့်လော့” ဟုဣသရေလရှင်ဘုရင်က စတင်ပြောဆိုသွားသည်။—သု. ၅:၁၊ ၂၊ ကဘ။
အကျင့်ယိုယွင်းရန် သွေးဆောင်ခံရခြင်းကို ငြင်းပယ်ဖို့ ဉာဏ်ပညာ—ကျမ်းစာအသိပညာကို အသုံးချနိုင်စွမ်း—နှင့် ပိုင်းခြားသိမြင်မှု သို့မဟုတ် ကောင်းမကောင်းကို ခွဲခြားသိမြင်ပြီး လမ်းမှန်ကိုရွေးချယ်နိုင်စွမ်း ရှိဖို့လိုသည်။ ကျွန်ုပ်တို့၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို စောင့်ထိန်းရန် ဉာဏ်ပညာနှင့် ပိုင်းခြားသိမြင်မှုကို ဂရုစိုက်ဖို့ တိုက်တွန်းထားပါသည်။ မည်သို့ဂရုစိုက်နိုင်မည်နည်း။ ဘုရားသခင်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို လေ့လာသည့်အခါ ကိစ္စရပ်များကို ယေဟောဝါမည်သို့ဆောင်ရွက်သည်ကို မှတ်သားထားပြီး ကိုယ်တော်၏အလိုတော်နှင့် ရည်ရွယ်တော်မူချက်များကို နားစိုက်ရန်လိုသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် နည်းလမ်းမှန်အတိုင်း ကျွန်ုပ်တို့စဉ်းစားတတ်လာပေမည်။ ဤသို့ပြု၍ရသော စဉ်းစားဆင်ခြင်နိုင်စွမ်းသည် ဘုရားသခင်ရေးရာဉာဏ်ပညာ၊ အသိပညာတို့နှင့် ကိုက်ညီပေမည်။ ၎င်းကိုသင့်လျော်စွာလက်တွေ့ကျင့်သုံးပါက အဆိုပါစွမ်းရည်သည် ကိုယ်ကျင့်တရားပျက်ပြားရန် သွေးဆောင်မှုထောင်ချောက်များမှ ကျွန်ုပ်တို့ကို ကာကွယ်ပေးပါသည်။
ချောမွတ်သောစကားကိုသတိပြု
မသန့်ရှင်းသောလောကတွင် စင်ကြယ်သောကိုယ်ကျင့်တရားကို ထိန်းထားရန် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိမဖြစ်လိုအပ်ရသည့် အသု. ၅:၃၊ ၄။
ကြောင်းရင်းမှာ အကျင့်ယိုယွင်းသူတို့၏နည်းလမ်းများသည် သွေးဆောင်တတ်သောကြောင့်ဖြစ်သည်။ “အမျိုးပျက်သောမိန်းမ၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍ သူပြောသောစကားသည် ဆီထက်ချောသော်လည်း၊ အဆုံး၌ကား သူသည် ဘင်းခါးရွက်ကဲ့သို့ခါး၍ သန်လျက်နှင့်အမျှထက်၏” ဟူ၍ ရှောလမုန်သတိပေးသည်။—ဤနယပုံပြင်တွင် ထင်ရာစိုင်းလုပ်တတ်သူကို “အမျိုးပျက်သောမိန်းမ”—ပြည့်တန်ဆာ—အဖြစ်သရုပ်ဖော်ထားသည်။ * သူ၏သားကောင်ကိုသွေးဆောင်ရန် သူအသုံးပြုသည့်စကားများသည် ပျားလပို့ထက်မကချိုပြီး သံလွင်ဆီထက် ချောမွတ်သည်။ အကျင့်ယိုယွင်းသောလိင်ဆွဲဆောင်မှုအများသည် ဤနည်းဖြင့် စတင်တတ်သည်မဟုတ်ပေလော။ ဥပမာ၊ ချစ်စရာကောင်းသော ၂၇ နှစ်အရွယ်ရှိ အတွင်းရေးမှူးအေမီ၏ အတွေ့အကြုံကို သုံးသပ်ကြည့်ပါ။ သူက ဤသို့ပြောပြသည်– “အလုပ်က ဒီအမျိုးသားတစ်ယောက်ဟာ ကျွန်မကို အတော်လေးဂရုစိုက်ပြီး အခွင့်အရေးရတိုင်း ချီးမွမ်းတယ်။ ကိုယ့်ကိုဂရုစိုက်တာကိုတော့ ကြိုက်တာပေါ့။ ဒါပေမဲ့ သူ့ရဲ့စိတ်ဝင်စားမှုက လိင်အတွက်သက်သက်ပဲဆိုတာကို ကျွန်မကောင်းကောင်းသိတယ်။ သူ့ရဲ့သွေးဆောင်မှုတွေကို ကျွန်မသတိထားနေမှာပါ။” သွေးဆောင်သူတို့၏ သဘောသကာယမှန်ကို မသိရှိမီ သူတို့၏ မြှောက်ပင့်စကားများသည် တကယ်ဆွဲဆောင်မှုဖြစ်သည်။ ယင်းကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကျင့်သုံးရန်လို၏။
အကျင့်ယိုယွင်းမှု၏ အကျိုးဆက်များမှာ ဘင်းခါးရွက်ကဲ့သို့ခါး၍ သန်လျက်နှင့်အမျှထက်—နာကျင်ထိခိုက်နိုင်ပြီး သေစေနိုင်—သည်။ ထိုသို့အကျင့်ပျက်ခြင်း၏ ကြေကွဲဖွယ်အကျိုးဆက်များမှာ ကိုယ်ကိုကိုယ်သိသောစိတ် နှောင့်ယှက်ခံရခြင်း၊ မလိုလားဖွယ်ကိုယ်ဝန်ရခြင်း၊ သို့မဟုတ် လိင်ဆက်ဆံ၍ ကူးစက်ရောဂါရခြင်းတို့ဖြစ်၏။ ဖောက်ပြန်သူ၏အိမ်ထောင်ဖက် ခံစားရမည့် အလွန်စိတ်ထိခိုက်မှုကိုလည်း ထည့်စဉ်းစားကြည့်ပါ။ တစ်ကြိမ်တည်းသော သစ္စာဖောက်မှုက တစ်သက်တာလုံး စိတ်ထိခိုက်စရာဖြစ်နိုင်သည်။ မှန်၏၊ အကျင့်ယိုယွင်းမှုသည် နာကျင်စေသည်။
ထင်ရာစိုင်းလုပ်တတ်သောမိန်းမ၏ ဘဝပုံစံနှင့်ပတ်သက်၍ ပညာရှိရှင်ဘုရင်က ဤသို့ဆက်ပြောသည်– “သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍ သူသွားရာလမ်းသည် မရဏာနိုင်ငံသို့ရောက်တတ်၏။ သင်သည် အသက်လမ်းကို မဆင်ခြင်ရအောင် သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့် သင်သည် နားမလည်နိုင်ရ။” (သု. ၅:၅၊ ၆) အကျင့်ယိုယွင်းသောမိန်းမ၏လမ်းစဉ်များသည် သေခြင်း—သူသွားရာလမ်းမှာ သင်္ချိုင်းဖြစ်သည့် ရှီးအိုးလ်—သို့ပို့ဆောင်သည်။ လိင်ဆက်ဆံ၍ရသောကူးစက်ရောဂါများတွင် အထူးသဖြင့် အေအိုင်ဒီအက်စ်သည် အလွန်ပြန့်ပွားနေသောကြောင့် အဆိုပါစကားများသည် တကယ်ကိုမှန်လိုက်လေခြင်း! သူ၏အကျိုးရလဒ်မှာ သူ၏မှားယွင်းသောလမ်းစဉ်များ၌ လိုက်ပါသူများနှင့် အတူတူပင်ဖြစ်သည်။
စိုးရိမ်ပူပန်စိတ်ဖြင့် ရှင်ဘုရင်သည် ဤသို့တိုက်တွန်းလေသည်– “သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်။ ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာတံခါးဝသို့ မချဉ်းနှင့်။”—သု. ၅:၇၊ ၈။
အကျင့်ယိုယွင်းသူများ၏ဩဇာအောက်မှ ဝေးနိုင်သမျှ ဝေးဝေးနေဖို့လိုသည်။ ယုတ်ညံ့သောတေးဂီတကိုနားထောင်ခြင်း၊ အကျင့်ပျက်ပြားသော ဖျော်ဖြေမှုကိုရှုစားခြင်း၊ သို့မဟုတ် ညစ်ညမ်းသောရုပ်ပုံ၊ စာပေများကို ကြည့်ခြင်းတို့ဖြင့် သူတို့၏လမ်းစဉ်ကိုလိုက်ဖို့ ကိုယ့်ကိုယ်ကို အဘယ်ကြောင့်ခွင့်ပြုရမှာနည်း။ (သု. ၆:၂၇; ၁ ကောရိန္သု ၁၅:၃၃; ဧဖက် ၅:၃-၅) ပရောပရည်ပြုလုပ်ခြင်း၊ သို့မဟုတ် ဣန္ဒြေကင်းမဲ့စွာ ဝတ်စားဖြီးလိမ်းခြင်းဖြင့် သူတို့၏အာရုံစိုက်စရာဖြစ်လိုခြင်းသည် တကယ်မိုက်မဲလိုက်လေခြင်း!—၁ တိမောသေ ၄:၈; ၁ ပေတရု ၃:၃၊ ၄။
ကြီးမားလွန်းသော ဆုံးရှုံးနစ်နာမှု
ထင်ရာစိုင်းပြုလုပ်တတ်သူကို ဝေးဝေးမှရှောင်သင့်သည့် အခြားအကြောင်းရင်းတစ်ခုကား အဘယ်နည်း။ ရှောလမုန်က ဤသို့ဖြေဆိုသည်– “သင်သည် ကိုယ်ဂုဏ်အသရေကို သူတစ်ပါး၌လည်းကောင်း၊ ကိုယ်အသက်ကို ကြမ်းတမ်းသောသူတို့၌လည်းကောင်း အပ်လိမ့်မည်။ တစ်ပါးအမျိုးသားတို့သည် သင်၏စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်။ သင်လုပ်၍ရသောဥစ္စာသည် တစ်ပါးအမျိုးသားအိမ်သို့ ရောက်လိမ့်မည်။ နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယဆွေးမြေ့” သွားမည်ဖြစ်သည်။—သု. ၅:၉-၁၁။
ထိုသို့ဖြင့် ရှောလမုန်သည် အကျင့်ယိုယွင်းမှုနောက်ပါသွားခြင်း၏ ဆုံးရှုံးနစ်နာမှုကြီးကို အလေးအနက်ဖော်ပြထားသည်။ သူ့သားအိမ်ရာပြစ်မှားခြင်းနှင့် ဂုဏ်သိက္ခာပျက်ပြားခြင်း၊ သို့မဟုတ် ကိုယ့်ကိုယ်ကိုလေးစားမှုကင်းမဲ့ခြင်းတို့သည် ဒွန်တွဲနေသည်။ ကိုယ်ကိုယ်တိုင်၊ သို့မဟုတ် အခြားသူတစ်ဦး၏ယိုယွင်းသော သွေးသားတပ်မက်စိတ်ဖြေစရာဖြစ်ခြင်းသည် အမှန်တကယ်ပင် အသရေပျက်စရာဖြစ်သည်မဟုတ်လော။ မိမိအိမ်ထောင်ဖက်မဟုတ်သူနှင့် လိင်ဘက်ရင်းနှီးခြင်းသည် ကိုယ့်ကိုယ်ကိုလေးစားမှုမရှိကြောင်း ဖော်ပြရာမကျပေလော။
‘ကျွန်ုပ်တို့အသက်၊ ကျွန်ုပ်တို့အစွမ်း၊ ကျွန်ုပ်တို့လုပ်ကိုင်၍ရသော ပစ္စည်းဥစ္စာကို သူစိမ်းများ သို့မဟုတ် တစ်ပါးအမျိုးသားအိမ်သို့ ရောက်’ စေခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ကိုးကားချက်တစ်ခုက ဤသို့ဆိုသည်– “အဆိုပါအခန်းငယ်များ၏ လိုရင်းချက်ထင်ရှားသည်– သစ္စာမဲ့ခြင်း၏ ဆုံးရှုံးနစ်နာမှု ကြီးမားပေသည်; အကြောင်းမှာ ရာထူး၊ ဩဇာ၊ စည်းစိမ်ဥစ္စာအစရှိသည့် ကျွန်ုပ်တို့ကြိုးစားစုဆောင်းထားသမျှသည် ထိုသို့သောမိန်းမ၏ ဥစ္စာတပ်မက်မှုကြောင့်ဖြစ်စေ၊ ရပ်ရွာသိက္ခာကျမှုအတွက် နစ်နာကြေးပေးရန် တောင်းဆိုခြင်းကြောင့်ဖြစ်စေ ဆုံးရှုံးသွားနိုင်သည်။” မတရားမေထုန်ပြုခြင်းသည် များစွာနစ်နာနိုင်ပါသည်တကား!
မိမိ၏ဂုဏ်သိက္ခာဆုံးရှုံးကာ ဥစ္စာပစ္စည်းများလည်း ကုန်ခန်းသွားပြီဖြစ်ရာ မိုက်မဲသူတစ်ဦးသည် ဤသို့ညည်းညူပေမည်– “ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီတကား။ ငါ့ဆရာတို့၏စကားကို နားမထောင်ဘဲ၊ ငါ့အားသွန်သင်သောသူတို့၏စကားကို နားမခံဘဲ နေလေပြီတကား။ စည်းဝေးသောပရိသတ်များအလယ်၌ [မကောင်းမှု] မျိုးကို ကုန်စင်လုသည်တိုင်အောင် ငါပြုလေပြီတကား။”—အချိန်တန်လေသော် အပြစ်ပြုသူသည် ကျမ်းပညာရှင်တစ်ဦး ဆိုခဲ့သည့်အတိုင်း ‘အကယ်၍သာ’ ကို ထပ်ခါတလဲ ဤသို့ရွတ်ဆိုပေလိမ့်မည်– “အကယ်၍သာ အဖေ့စကား နားထောင်ခဲ့ရင်; အကယ်၍သာ ကိုယ့်နည်းကိုယ့်ဟန် မလုပ်ခဲ့ရင်; အကယ်၍သာ တခြားသူတွေရဲ့ အကြံပေးချက်ကို ခံယူခဲ့ရင် ကောင်းမှာပဲ။” သို့ရာတွင် ဤသို့သဘောပေါက်နားလည်ခြင်းသည် လွန်စွာနောက်ကျလေပြီ။ ယခု မစင်ကြယ်သူ၏ဘဝသည် ပျက်စီးသွားသည့်အပြင် နာမည်လည်းပျက်နေပြီ။ အကျင့်ယိုယွင်းမှု၏ ဝါးမျိုခြင်းမခံရမီ ထိုသို့ပြုခြင်း၏ဆုံးရှုံးနစ်နာမှုကြီးကို ဆင်ခြင်သုံးသပ်ရန် အမှန်တကယ်အရေးကြီးလှပါသည်တကား!
“ကိုယ်ဆိုင်သောရေအိုးကိုသုံး”
လိင်ဆက်ဆံခြင်းအကြောင်းကို သမ္မာကျမ်းစာက နှုတ်ဆိတ်နေသလော။ လုံးဝမဟုတ်ပါ။ ယောက်ျားတစ်ဦးနှင့်မိန်းမတစ်ဦး ချစ်ခြင်း၏စိတ်လှုပ်ရှားမှုနှင့်ပီတိသည် ဘုရားသခင်ထံမှ ဆုကျေးဇူးများဖြစ်သည်။ သို့တိုင် အဆိုပါဆက်ဆံမှုမျိုးကို အိမ်ထောင်ဖက်များသာ ခံစားကြရဖို့ဖြစ်၏။ ထို့ကြောင့် အိမ်ထောင်သည်အမျိုးသားတစ်ဦးကို ရှောလမုန်က ဤသို့တိုက်တွန်းသည်– “ကိုယ်ဆိုင်သောရေအိုးကိုသုံး၍ ကိုယ်ရေတွင်းထဲကထွက်သော စမ်းရေကိုသောက်လော့။ သင်၏စမ်းရေများပြား၍ လမ်းများအနားမှာစီးသော မြစ်များဖြစ်စေလော့။ တစ်ပါးအမျိုးသားနှင့်ပေါင်းဖက်၍ မဆိုင်စေဘဲ၊ ကိုယ်တစ်ပါးတည်းသာဆိုင်စေလော့။”—သု. ၅:၁၅-၁၇။
ချစ်မြတ်နိုးရသောဇနီးကို “ကိုယ်ဆိုင်သောရေအိုး၊” “ကိုယ်ရေတွင်း” ဟူ၍ ကဗျာဆန်ဆန်ဖော်ပြထားသည်။ သူနှင့်လိင်ဆက်ဆံခြင်းသည် လန်းဆန်းစေသောရေကို သောက်သုံးရခြင်းနှင့် ပုံနှိုင်းထားသည်။ လူထုသုံးဆောင်ရန်နေရာများတွင်ရှိသည့် ရေနှင့်မတူဘဲ ရေအိုးတစ်အိုး၊ သို့မဟုတ် ရေတွင်းတစ်တွင်းကို ကိုယ်ပိုင်ဆိုင်ရာအဖြစ် ယူမှတ်ကြသည်။ ထို့ပြင် အခြားမိန်းမများကိုဆိုလိုသည့် လူအများနေရာတို့၌ မျိုးစေ့ကြဲမည့်အစား မိမိအိမ်တွင်ရှိသော မိမိဇနီးနှင့် ကလေးများဖွားရန် ယောက်ျားကိုအကြံပြုထားသည်။ ယောက်ျားကို အကြံပြုသည်မှာ သူ၏ဇနီးအပေါ် သစ္စာရှိရမည်ဟူ၍ဖြစ်ကြောင်း ထင်ရှားပါသည်။
ပညာရှိက ဆက်၍ဤသို့ဆိုသည်– “သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍ အသက်အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လိုဖွယ်သောဒရယ်မကဲ့သို့ဖြစ်၍ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။”—သု. ၅:၁၈၊ ၁၉။
“စမ်းရေတွင်း” သည်ကာမဆန္ဒဖြည့်စွက်ရာရင်းမြစ်ကို ရည်ညွှန်း၏။ မိမိအိမ်ထောင်ဖက်နှင့် လိင်ဆိုင်ရာသာယာမှုရခြင်းသည် ဘုရားသခင်ပေးသော “မင်္ဂလာ” ဖြစ်သည်။ ထို့ကြောင့် အသက်အရွယ်ပျိုစဉ်ကာလတွင် ပေါင်းဖော်သောဇနီးနှင့်အတူ ပျော်မွေ့ရန် ယောက်ျားကို တိုက်တွန်း၏။ သူ့အတွက် ဇနီးဖြစ်သူသည် စုံမက်စရာ လှပသောသမင်မ၊ နှစ်လိုဖွယ်ကောင်း၍ ကျက်သရေရှိသော ဒရယ်မပမာဖြစ်သည်။
ရှောလမုန်သည် အဖြေမလိုသော နောက်ထပ်မေးခွန်းနှစ်ခုကို ဤသို့ထုတ်ခဲ့သည်– “ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့်ယစ်မူးသနည်း။ ပြည့်တန်ဆာမ၏ရင်ပတ်ကို အဘယ်ကြောင့်ဖက်ယမ်းသနည်း။” (သု. ၅:၂၀) မှန်ပါသည်၊ အိမ်ထောင်သည်တစ်ဦးသည် အလုပ်ခွင်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ၊ အခြားမည်သည့်နေရာ၌ဖြစ်စေ တွေ့ဆုံရသော မိမိအိမ်ထောင်ဖက်မဟုတ်သူများနှင့် လိင်ဆက်ဆံရန် အဘယ်ကြောင့်သွေးဆောင်မှုခံသင့်မှာနည်း။
အိမ်ထောင်သည် ခရစ်ယာန်များကို တမန်တော်ပေါလုက ဤသို့အကြံပေးသည်– “ညီအစ်ကိုတို့၊ ငါဆိုသည်ကား ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်သည်ဖြစ်၍ မယားရှိသောသူသည် မယားမရှိသကဲ့သို့ဖြစ်ရမည်။” ၁ ကောရိန္သု ၇:၂၉) ၎င်းတွင် အဘယ်အရာပါဝင်သနည်း။ ယေရှုခရစ်၏နောက်လိုက်များသည် ‘ဘုရားသခင့်နိုင်ငံတော်ကို ရှေ့ဦးစွာရှာ’ ကြရမည်ဖြစ်သည်။ (မဿဲ ၆:၃၃) ထို့ကြောင့် လက်ထပ်ပြီးသောဇနီးမောင်နှံများသည် သူတို့၏အသက်တာတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ဒုတိယနေရာတွင်ထားရှိရသည့်အထိ တစ်ဦးကိုတစ်ဦး အလွန်အရေးပေးလွန်းနေကြဖို့မဟုတ်ပါ။။
(စိတ်ချုပ်တည်းခြင်းလိုအပ်
သွေးသားတပ်မက်သည့် စိတ်ဆန္ဒများကို ထိန်းချုပ်နိုင်၏။ ယေဟောဝါ၏မျက်နှာသာ ရလိုသူများ ထိုသို့ပြုကြရမည်။ “ဘုရားသခင်၏အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသောမေထုန်ကိုကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှာ . . . သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကိုမိမိထိန်းတတ်စေခြင်း” ငှာဖြစ်သည်ဟု တမန်တော်ပေါလုက သတိပေးဆုံးမခဲ့သည်။—၁ သက်သာလောနိတ် ၄:၃-၅။
သို့ဆိုလျှင် လူငယ်များသည် သွေးသားဆန္ဒများ ဦးဆုံးပေါ်ပေါက်လာသည်နှင့် အလျင်စလိုအိမ်ထောင်မပြုသင့်ပါ။ အိမ်ထောင်ပြုရာတွင် ကတိကဝတ်ပြုဖို့လိုသည့်အပြင် ယင်းကတိနှင့်အညီနေထိုင်နိုင်ရန် ရင့်ကျက်ဖို့လိုသည်။ (ကမ္ဘာဦး ၂:၂၄) သွေးသားတပ်မက်စိတ်ပြင်းထန်ကာ ချင့်ချိန်နိုင်စွမ်း လွဲမှားနိုင်ချိန်ဖြစ်သော “လူငယ့်ပွင့်လန်းစအရွယ်ကိုကျော်လွန်” သည့်အထိ စောင့်နေခြင်းသည် သာ၍ကောင်းသည်။ (၁ ကောရိန္သု ၇:၃၆၊ ကဘ) အိမ်ထောင်ပြုလိုသော အရွယ်ရောက်သူတစ်ဦးသည် အိမ်ထောင်ပြုနိုင်မည့်သူ မရရှိနိုင်သောကြောင့်သာ မတရားသောမေထုန်ပြုခြင်းသည် တကယ့်ကိုပညာမဲ့ပြီး အပြစ်ရှိလိုက်လေခြင်း!
‘မိမိပြုသော [မကောင်းမှု] အပြစ်ဖြင့် ဖမ်းမိခြင်း . . . ကိုခံရလိမ့်မည်’
လိင်ဆိုင်ရာအကျင့်ယိုယွင်းမှု မှားယွင်းရသည့် အခြေခံအကြောင်းရင်းမှာ အသက်ပေးရှင်၊ လူသားများကို လိင်ဆက်ဆံခြင်းသတ္တိ ပေးသနားသောအရှင် ယေဟောဝါသည် ယင်းကိုမကြိုက်နှစ်သက်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျင့်တရားစင်ကြယ်ဖို့အတွက် အထက်သန်ဆုံးလှုံ့ဆော်ပေးချက်ကို ဘုရင်ရှောလမုန် ဤသို့ဖော်ပြသည်– “လူသွားလာသမျှသောလမ်းတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ရှိကြ၍ သွားလာသမျှသောအခြင်းအရာတို့ကို စူးစမ်းတော်မူ၏။” (သု. ၅:၂၁) မှန်သည်၊ “ငါတို့ကို စစ်ကြောစီရင်တော်မူသော” ဘုရားသခင်ရှေ့တော်၌ မည်သည့်အရာကိုမျှ ဖုံးကွယ်၍မရပါ။ (ဟေဗြဲ ၄:၁၃) မည်သည့်လိင်ဆိုင်ရာမသန့်ရှင်းမှုကိုမဆို၊ မည်သို့ပင်လျှို့ဝှက်ထားပါစေ၊ ၎င်း၏ကာယရေးနှင့်၊ လူမှုရေးအကျိုးဆက်များသည် မည်သို့ပင်ရှိပါစေ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို အမှန်ပျက်ပြားစေပါမည်။ တရားမဝင်သာယာမှုကို အခိုက်အတန့်ခံစားရန်အတွက် ဘုရားသခင်နှင့်သင့်မြတ်မှုကို လက်လွတ်ဆုံးရှုံးခံခြင်းသည် တကယ်မိုက်မဲလိုက်လေခြင်း!
အရှက်အကြောက်မဲ့စွာ အကျင့်ယိုယွင်းသူအချို့သည် ပြစ်ဒဏ်မခံရပုံပေါက်နိုင်သည်—သို့ရာတွင် ကြာမည်မဟုတ်ပါ။ “အဓမ္မ[တရားမဲ့] လူသည် မိမိပြုသော [မကောင်းမှု] အပြစ်ဖြင့် ဖမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရလိမ့်မည်။ သူသည် အလွန်မိုက်သောကြောင့် မှားယွင်း၍ သွန်သင်ခြင်းကိုမခံရဘဲ သေသွားရလိမ့်မည်” ဟုရှောလမုန်ဆိုသည်။—သု. ၅:၂၂၊ ၂၃။
ကျွန်ုပ်တို့မှ မည်သူမဆိုသည် အဘယ်ကြောင့်မှားယွင်းရမည်နည်း။ အမှန်ဆိုရလျှင် နယပုံပြင်ကျမ်းက ဤလောက၏ ဖြားယောင်းသွေးဆောင်နည်းများကို ကြိုတင်သတိပေးထားပါသည်။ ထို့ပြင် လိင်ဆိုင်ရာအကျင့်ယိုယွင်းမှုက ကျွန်ုပ်တို့၏ကျန်းမာရေး၊ စည်းစိမ်ဥစ္စာ၊ ခွန်အားနှင့် ဂုဏ်သိက္ခာစသည်တို့မှ ပေးဆက်ရလေ့ရှိသည့်အခကိုလည်း ဖော်ပြထားသည်။ ရှင်းလင်းစွာ ဤသို့ကြိုတင်မြော်မြင်ထားရာ “အကယ်၍သာ” ဟူသောစကားကို ထပ်ခါတလဲရွတ်ဆိုရသည့် အခြေအနေမျိုး ပေါ်ပေါက်စရာအကြောင်းမရှိချေ။ မှန်၏၊ ယေဟောဝါ၏မှုတ်သွင်းခံနှုတ်မြွက်စကားတော်၌ ဖော်ပြပေးထားသော ကိုယ်တော်၏ဆုံးမစကားကို လိုက်လျှောက်ခြင်းဖြင့် အကျင့်ယိုယွင်းသောလောကတွင် စင်ကြယ်သောကိုယ်ကျင့်တရားကို ကျွန်ုပ်တို့ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 11 “အမျိုးပျက်” ဟူသောစကားလုံးကို ပညတ်တော်မှသွေဖည်သွားသဖြင့် ယေဟောဝါထံတော်မှ ဝေးကွာသွားသူတို့နှင့်ပတ်သက်၍ အသုံးပြုခဲ့သည်။ ထို့ကြောင့် ပြည့်တန်ဆာကို “အမျိုးပျက်သောမိန်းမ” ဟုဖော်ညွှန်း၏။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
အကျင့်ယိုယွင်းမှု၏ နောက်ဆက်တွဲအကျိုးများမှာ ဘင်းခါးရွက်ကဲ့သို့ခါး၏
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
“အသက်အရွယ်ပျိုစဉ်ကာလ၊ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့”