မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ကိုယ်တော်၏အချိန် မစေ့မရောက်သေး”

“ကိုယ်တော်၏အချိန် မစေ့မရောက်သေး”

“ကိုယ်တော်​၏​အချိန် မစေ့​မ​ရောက်​သေး”

“ကိုယ်တော်​၏​အချိန် မစေ့​မ​ရောက်​သေး​သောကြောင့် အဘယ်သူမျှ​မ​ဖမ်း​မ​ဆီး​ကြ။”—ယောဟန် ၇:၃၀

၁။ အဘယ်​အကြောင်းရင်း​နှစ်ခု​က ယေရှု၏​လုပ်ဆောင်မှု​အစီအစဉ်ကို ထိန်းချုပ်​ခဲ့​သနည်း။

ယေရှု​ခရစ်​က “လူသား​သည် သူတစ်ပါးကို​စေ​စားခြင်း​ငှာ​မလာ၊ သူတစ်ပါး​အစေ​ကို​ခံ​ခြင်း​ငှာ​လည်းကောင်း၊ မိမိ​အသက်ကို​စွန့်​၍ လူများ​ကို​ရွေးခြင်း​ငှာ​လည်းကောင်း ကြွလာ​သည်” ဟူ၍​မိမိ၏​တမန်​တော်​များ​ကို မိန့်တော်မူ​ခဲ့​၏။ (မဿဲ ၂၀:၂၇၊ ၂၈) ရောမ​ဘုရင်ခံ ပုန္တိပိလတ်​ကို ကိုယ်တော်​ဤသို့​ဆို​ခဲ့​သည်– “[အမှန်] တရား​ဘက်၌​သက်သေခံခြင်း​ငှာ ငါသည်​မွေးဖွားခြင်း​ကို​ခံ​၍ ဤ​လောက​သို့​ကြွလာ​ပြီ။” (ယောဟန် ၁၈:၃၇) ယေရှုသည် မိမိ​အဘယ်​အတွက် အသေခံ​ရမည်​ဖြစ်​ကြောင်း​နှင့် မသေဆုံးမီ အဘယ်​လုပ်ငန်း​ကို မိမိ​လုပ်ဆောင်ဖို့​လို​ကြောင်း သိထား​တော်​မူ​၏။ မိမိ၏​တာဝန်​ကို အချိန်​မည်မျှ​ကြာကြာ ထမ်းဆောင်​ရမည်ကို​လည်း ကိုယ်တော်​သိတော်မူ၏။ မေရှိယ​အဖြစ် ကမ္ဘာ​ပေါ်​တွင်​ကိုယ်တော်​၏​အမှု​ဆောင်​ချိန်မှာ သုံးနှစ်ခွဲ​သာ​ကြာ​ဖို့​ဖြစ်သည်။ ထို​အမှုဆောင်ချိန်​သည် ကြိုတင်​ဟောထား​သော ၇၀ ခု​မြောက် ပုံဆောင်​သီတင်းပတ်​၏​အစ (စီ.အီး. ၂၉ ၌) ယော်ဒန်​မြစ်​တွင် ရေနှစ်ခြင်း​ခံ​ခြင်း​ဖြင့်​စ​ခဲ့​ပြီး ထို​သီတင်းပတ်​အလယ်ပိုင်း (စီ.အီး. ၃၃ ၌) ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ်​သေဆုံး​ခြင်း​ဖြင့် ကုန်ဆုံး​ခဲ့​သည်။ (ဒံယေလ ၉:၂၄-၂၇; မဿဲ ၃:၁၆၊ ၁၇; ၂၀:၁၇-၁၉) ထို့​ကြောင့် ယေရှု၏ မြေကြီးပေါ်​လုပ်ဆောင်မှု​အစီအစဉ်​တစ်ရပ်လုံး​ကို အကြောင်းရင်း​နှစ်ခု​က အဓိက ထိန်းချုပ်​ခဲ့​သည်– ကိုယ်တော်​ကြွလာ​ရသည့်​ရည်ရွယ်ချက်​နှင့် အသင့်တော်ဆုံး​အချိန်ကို​ရွေးခြင်း​ဖြစ်သည်။

၂။ ခရစ်ဝင်​ကျမ်း​များ​တွင် ယေရှု​ခရစ်​ကို မည်သို့​ပုံဖော်​ခဲ့​သနည်း၊ မိမိ၏​တာဝန်​ကို​သိ​ရှိကြောင်း ကိုယ်တော်​မည်သို့​တင်ပြ​ခဲ့​သနည်း။

ခရစ်ဝင်​ကျမ်း​မှတ်တမ်းများ​က ယေရှု​ခရစ်​ကို ပါလက်စတိုင်း​အနှံ့ ခရီးဆန့်​ကာ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို​ကြေညာ​လျက် တန်ခိုး​ကြီးသော​အမှု​များ​ပြုလုပ်​ခဲ့​သည့် တက်ကြွ​စွာ​လှုပ်ရှား​သူ​အဖြစ် ရေးသား​ဖော်ပြ​ခဲ့​ကြသည်။ ယေရှု၏ အစောပိုင်း အင်တိုက်အားတိုက် အမှုဆောင်ချိန်​အတောအတွင်း ကိုယ်တော်​နှင့်​ပတ်သက်​၍​ဤသို့​ဆို​၏– “ကိုယ်တော်​၏​အချိန် မစေ့​မ​ရောက်သေး။” ယေရှု​ကိုယ်တော်တိုင်​က “ငါ့​အချိန်​မပြည့်စုံ​သေး” ဟု​မိန့်ဆိုခဲ့သည်။ မိမိ၏​အမှုဆောင်ချိန်​ပြီးဆုံး​ခါနီး​တွင် “အချိန်​ရောက်လာ​ပြီ” ဟူသော​အသုံးအနှုန်း​ကို ကိုယ်တော်​အသုံးပြု​ခဲ့​သည်။ (ယောဟန် ၇:၉၊ ၃၀; ၁၂:၂၃) ကိုယ်တော်​၏​ယဇ်​သကာ​သေခြင်း​အပါအဝင် ကိုယ်တော်​ရထား​သည့် အလုပ်​တာဝန်​အတွက် အချိန်နာရီ​နှင့်​ပတ်သက်ပြီး ယေရှု​သိရှိ​ထားမှု​က ကိုယ်တော်​မိန့်ဆို၊ လုပ်ဆောင်ခဲ့​ရာ​တို့ကို အကျိုး​သက်ရောက်မှု​ရှိ​ရမည်။ ယင်းကို သိ​နားလည်​ထားခြင်း​က ကိုယ်တော်​၏​ကိုယ်​ရည်​ကိုယ်​သွေး​နှင့် စဉ်းစား​တွေးခေါ်ပုံ​တို့ကို ထိုးထွင်း​သိ​မြင်နိုင်​ပြီး ‘ခြေရာ​ကို’ ပို​၍​နီးကပ်​စွာ “လျှောက်လိုက်” ရန် အထောက်အကူ​ရနိုင်​သည်။—၁ ပေတရု ၂:၂၁

ဘုရားသခင့်​အလိုတော်ကို​ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်​ထား

၃၊ ၄။ (က) ကာန​ရွာ​ရှိ မင်္ဂလာပွဲ​တွင် အဘယ်အရာ​ဖြစ်ပျက်​သနည်း။ (ခ) ဘုရားသခင်​၏​သားတော်​သည် စပျစ်​ရည်​မလောက်မင​ဖြစ်သွား​၍ တစ်စုံတစ်ရာ​ပြုလုပ်​သင့်​သည်​ဟူသော မာရိ​၏​အကြံပေး​ချက်​ကို အဘယ်ကြောင့်​ကန့်ကွက်​ခဲ့​သနည်း၊ ယင်း​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။

အချိန်​ကား စီ.အီး. ၂၉ ဖြစ်သည်။ ယေရှုသည် တပည့်​ဦး​များ​ကို ကိုယ်တိုင်​ရွေးချယ်​ပြီး​သည်​မှာ ရက်​အနည်းငယ်​သာ​ရှိသေး​သည်။ ယခု​သူတို့​အားလုံး မင်္ဂလာပွဲ​တစ်ခု​ကို​တက်ရောက်​ဖို့ ဂါလိလဲ​ခရိုင်​ရှိ ကာန​ရွာ​သို့​လာ​ကြသည်။ ယေရှု၏​မိခင်​မာရိလည်း ထို​တွင်​ရှိ​နေသည်။ စပျစ်​ရည်​မလောက်မင​ဖြစ်လာ​သည်။ ကိုယ်တော်​တစ်စုံတစ်ရာ​ပြုလုပ်​သင့်​သည်​ဟု​ယူဆ​လျက် မာရိက ‘သူတို့၌​စပျစ်​ရည်​မရှိ’ ဟု သားဖြစ်သူကို​ပြော​လေ​၏။ သို့သော် ယေရှု​က​ဤသို့​ဖြေကြား​သည်– “အချင်း​မိန်းမ၊ သင်သည် ငါ​နှင့်​အဘယ်​သို့​ဆိုင်​သနည်း။ ငါ့​အချိန်​မ​ရောက်​သေး။”—ယောဟန် ၁:၃၅-၅၁; ၂:၁-၄

“အချင်း​မိန်းမ၊ သင်သည် ငါ​နှင့်​အဘယ်​သို့​ဆိုင်​သနည်း” ဟူသော ယေရှု၏​တုံ့ပြန်မှု​သည် အကြံပေး သို့​မဟုတ် အဆိုပြု​သည့်​အရာ​ကို ကန့်ကွက်​ကြောင်း​ဖော်ပြ​သည့် ရှေးခေတ်​မေးခွန်း​ပုံစံ​တစ်မျိုး​ဖြစ်သည်။ မာရိ​၏​စကား​ကို ယေရှု​အဘယ်ကြောင့်​ကန့်ကွက်​ရသနည်း။ မှန်ပါသည်၊ ယခု​ကိုယ်တော့်​အသက် ၃၀ ရှိပြီ။ လွန်​ခဲ့​သည့်​သီတင်းပတ်​အနည်းငယ်​က​ပင် ကိုယ်တော်​နှစ်ခြင်း​ယူ​ခဲ့​ပြီး သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ဘိသိက်ပေး​ခံရ​ကာ “ဤ​လောက​၏​အပြစ်ကို​ဆောင်​သွားသော ဘုရားသခင်​၏​သိုးသငယ်” အဖြစ် နှစ်ခြင်း​ဆရာ​ယောဟန်​က မိတ်ဆက်​ပေး​ခဲ့​သည်။ (ယောဟန် ၁:၂၉-၃၄; လုကာ ၃:၂၁-၂၃) ယခု ကိုယ်တော်​အား ညွှန်ကြားချက်​သည် စေလွှတ်​ရှင် အမြင့်မြတ်ဆုံး​အာဏာပိုင်​ထံ​မှ​သာ လာ​ရမည်။ (၁ ကောရိန္သု ၁၁:၃) ယေရှု​မြေကြီးပေါ် ကြွလာ​ကာ လုပ်ဆောင်​ရမည့်​အလုပ်ကို ဆွေမျိုး​အရင်း​ခေါက်​ခေါက်​ပင်​ဖြစ်ပါစေ မည်သူ​တစ်ဦး​တစ်ယောက်ကို​မျှ ဝင်စွက်​ခွင့်​မပြု​နိုင်​ပါ။ မာရိ​ကို​အဖြေပေး​ရာ​၌ ခမည်းတော်​၏​အလိုတော်ကို​ဆောင်ရန်​ဟူသော မိမိ၏​စိတ်ပိုင်းဖြတ်​ချက်​ကို ယေရှု​ဖော်ပြ​ခဲ့​သည်! ကျွန်ုပ်​တို့​လည်း ဘုရားသခင်​ထံ မိမိတို့၏ ‘ရှိသမျှ​တာဝန်’ ကို​ကျေပွန်​ရန် အလားတူ​စိတ်ပိုင်းဖြတ်​နိုင်​ကြ​ပါစေ။—ဒေ. ၁၂:၁၃

၅။ ယေရှု​ခရစ်​သည် ကာန​တွင် အဘယ်​အံ့ဖွယ်အမှု​ပြု​တော်​မူ​သနည်း၊ ၎င်း​က အခြားသူများ​အပေါ် အဘယ်​အကျိုး​သက်ရောက်​သနည်း။

သား​ဖြစ်သူ​၏​ဆိုလိုချက်​ကို သဘောပေါက်​လျက် မာရိသည် ချက်ချင်း​စကား​ရုပ်သိမ်း​လိုက်ပြီး အစေခံ​တို့အား “သူ​ခိုင်းသမျှ​ကို​ပြု​ကြလော့” ဟူ၍ ညွှန်ကြား​လေ​သည်။ ထို့နောက် ယေရှုသည် ၎င်း​အခက်အခဲ​ကို​ဖြေရှင်း​ခဲ့​သည်။ ကိုယ်တော်​သည် အိုး​စ​ရည်း​များ​ကို​ရေဖြည့်​ရန် အစေခံများ​ကို​ခိုင်းစေ​လိုက်ပြီး ရေ​ကို အကောင်းဆုံး​စပျစ်​ရည်​ဖြစ်စေ​သည်။ ယင်းသည် ကိုယ်တော်​အပေါ်​၌ ဘုရားသခင့်​ဝိညာဉ်​တော်​ရှိကြောင်း အရိပ်​ပြ​သည့် ယေရှု၏​အံ့ဖွယ်​တန်ခိုး​လုပ်ဆောင်မှု​နိဒါန်း​ဖြစ်သည်။ ဤ​အံ့ဖွယ်​အမှုကို တပည့်​သစ်​များ​မြင်တွေ့​ကြသောအခါ သူတို့၏​ယုံကြည်ခြင်း​ခိုင်ခံ့​လာ​လေ​သည်။—ယောဟန် ၂:၅-၁၁

ယေဟောဝါ​၏​အိမ်တော်​အတွက် စိတ်အား​ထက်သန်ခြင်း

၆။ ယေရှုသည် ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်၌ တွေ့မြင်​ရသည့်​အရာ​ကို အဘယ်ကြောင့် ခံပြင်း​ဒေါသ​ထွက်​သနည်း၊ ကိုယ်တော်​အဘယ်​သို့ အရေးယူ​လုပ်ဆောင်​သနည်း။

မကြာမီ စီ.အီး. ၃၀ နွေဦး​ရာသီ​ရောက်လာ​ပြီး ယေရှု​နှင့် ကိုယ်တော်​၏​အပေါင်းပါ​တို့သည် ပသခါပွဲ​ဆင်နွှဲ​ရန် ယေရုရှလင်​မြို့​သို့​သွား​နေကြ​သည်။ ယေရုရှလင်​မြို့တွင် ယခင်​က​မိမိတို့​တစ်ခါမျှ တွေ့မြင်​ဖူး​ဟန်​မတူ​သော​နည်းဖြင့် မိမိတို့​ခေါင်းဆောင်​ပြုမူ​နေသည်​ကို တပည့်တော်​များ​တွေ့မြင်​ကြသည်။ လောဘ​ကြီးသော ဂျူး​ကုန်သည်​များသည် ယဇ်​ပူဇော်​ဖို့​တိရစ္ဆာန်​များနှင့် ငှက်​များ​ကို ဗိမာန်တော်​အတွင်း​တွင်​ပင် ရောင်းချ​နေကြ​သည်။ သူတို့သည် သစ္စာရှိ​ဝတ်ပြုသူ ဂျူး​များ​ကို မတန်တဆ​ဈေး​တင်​ရော​င်း​နေကြ​သည်။ ယေရှုသည် ခံပြင်း​ဒေါသ​ထွက်​ကာ တက်ကြွ​စွာ​အရေးယူ​လုပ်ဆောင်​လေ​သည်။ ကြိုး​မြွား​နှင်​တံ​ပြုလုပ်​ပြီး​လျှင် ရောင်းချ​သူတို့ကို ပြင်​သို့​နှင်ထုတ်​တော်​မူ​၏။ ငွေကြေး​လဲလှယ်​သူတို့၏ ဒ င်္ဂါး​များ​ကို​သွန်​ချ​၍ သူတို့​စားပွဲ​များ​ကိုလည်း မှောက်လှန်​ပစ်​တော်​မူ​၏။ “ဤ​ဥစ္စာ​ကို​ယူသွား​ကြ” ဟူ၍ ချိုးငှက်​ရောင်းသူ​တို့အား​မိန့်တော်မူ၏။ ဤသို့​စိတ်အား​ထက်သန်​စွာ ယေရှု​ပြု​တော်​မူ​သည်ကို တပည့်တော်​များ​တွေ့မြင်​ကြသောအခါ “ကိုယ်တော်​၏​အိမ်တော်၌ စွဲလမ်း​ပူပန်ခြင်း​စိတ် [“စိတ်​စေတနာ​ထက်သန်ခြင်း၊” က​ဘ] သည် အကျွန်ုပ်​ကို​စား​ပါ​၏” ဟူသော ဘုရားသခင့်​သားတော်​နှင့်​ပတ်သက်သော ပရောဖက်ပြုချက်​ကို သတိရ​ကြ​၏။ (ယောဟန် ၂:၁၃-၁၇; ဆာလံ ၆၉:၉) ကျွန်ုပ်​တို့​လည်း လောကလို​အင်​ဆန္ဒ​များ​က ကျွန်ုပ်​တို့၏​ဝတ်ပြု​ကိုးကွယ်​မှု​ကို ညစ်ညမ်း​စေရန် ခွင့်​မပြုမိ​ဖို့ စိတ်အား​ထက်သန်​စွာ သတိပြု​ရှောင်ရှား​ရ​ပေမည်။

၇။ (က) မေရှိယ​ထံ​သွား​ရန် နိကောဒင်​အား အဘယ်အရာက​လှုံ့ဆော်ပေး​သနည်း။ (ခ) ရှမာရိ​အမျိုးသမီး​တစ်ဦး​ကို ယေရှု​သက်သေခံခြင်း​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​ရသနည်း။

ယေရုရှလင်​မြို့၌​ရှိ​စဉ် ယေရှုသည် အံ့ဖွယ်​နိမိတ်​လက္ခဏာများ​ပြု​တော်​မူ​ရာ များစွာသော​သူတို့သည် ကိုယ်တော်၌​ယုံကြည်​လာ​ကြသည်။ ဆဲန်ဟီဒရင်​ခေါ် ဂျူး​အထက်​တရားရုံး​အဖွဲ့ဝင်​တစ်ဦး​ဖြစ်သူ နိကောဒ​င်​ပင်​လျှင် ယေရှုကို​စိတ်စွဲ​မှတ်​သွား​ရာ ပို​၍​သိရှိဖို့ ကိုယ်တော်​ထံ ည​အချိန်​လာ​လေ​သည်။ ထို့နောက် ယေရှု​နှင့်​တပည့်တော်​များသည် “ယုဒပြည်​၏​ကျေးလက်” များ​တွင် ရှစ်​လ​မျှ​နေထိုင်​ကာ ဟောပြော​၍ တပည့်​ဖြစ်စေ​ကြ​၏။ သို့သော် နှစ်ခြင်း​ဆရာ​ယောဟန် အကျဉ်း​ချ​ခံရ​ပြီး​နောက် သူတို့သည် ယုဒပြည်​မှ​ထွက်၍ ဂါလိလဲ​သို့​သွား​ကြ​၏။ ရှမာရိ​နယ်​ကို​ဖြတ်သွား​ကြ​စဉ် ယေရှုသည် အခွင့်အရေး​ကို အမိ​အရ​ယူ​ကာ ရှမာရိ​အမျိုးသမီး​တစ်ဦး​ကို စေ့စေ့စပ်စပ်​သက်သေခံ​လေ​၏။ ယင်းက များစွာသော​ရှမာရိ​လူ​တို့ ယုံကြည်သူများ​ဖြစ်လာ​ရန် လမ်းဖွင့်​ပေး​သည်။ ကျွန်ုပ်​တို့​လည်း ဘုရားသခင့်​နိုင်ငံတော်​အကြောင်း အခွင့်အရေး​ယူ​ပြောဆို​ဖို့ နိုးကြား​နေကြပါ​စို့။—ယောဟန် ၂:၂၃; ၃:၁-၂၂; ၄:၁-၄၂; မာကု ၁:၁၄

ဂါလိလဲ​နယ်တွင် ကျယ်ကျယ်ပြန့်ပြန့်​သွန်သင်ခြင်း

၈။ ယေရှုသည် ဂါလိလဲ​နယ်တွင် အဘယ်​လုပ်ငန်း​ကို အစပြု​လုပ်ဆောင်​သနည်း။

ယေရှု​သေဆုံး​သည့် “အချိန်” မရောက်မီ ကိုယ်တော်၌ ကောင်းကင်​ခမည်းတော်​၏​အမှုတော်ကို ဆောင်ရွက်စရာ​များစွာ​ရှိသည်။ ယေရှုသည် သာ၍​ကြီးမားသော​အမှုဆောင်ခြင်းကို ယုဒပြည်​နှင့် ယေရုရှလင်​မြို့မှာ​ထက် ဂါလိလဲ​နယ်တွင်​စတင်​လေ​သည်။ ကိုယ်တော်​သည် “တရား​ဇရပ်​တို့​၌ ဆုံးမ [စကား] ပေး​လျက်၊ [ဘုရားသခင့်] နိုင်ငံတော်​နှင့်ယှဉ်သော ဧဝံဂေလိတရား​ကို​ဟော​လျက်၊ လူ​တို့​တွင် အနာ​ရောဂါ​အမျိုးမျိုး​တို့ကို ငြိမ်း​စေ​လျက်၊ ဂါလိလဲ​ပြည်​တစ်ပြည်လုံး​ကို . . . လှည့်လည်​တော်​မူ​၏။” (မဿဲ ၄:၂၃) “နောင်တ​ရ​ကြလော့။ ကောင်းကင်​နိုင်ငံတော်​သည် တည်​လု​နီးပြီ” ဟူသော ကိုယ်တော်​၏ အားမာန်​အပြည့်​ပါ​သည့်​စကားသံ​များသည် ဂါလိလဲ​နယ်​တစ်ခွင်လုံး ရိုက်ခတ်​သွားခဲ့သည်။ (မဿဲ ၄:၁၇) လအနည်းငယ်​အတွင်း နှစ်ခြင်း​ဆရာ​ယောဟန်​၏ တပည့်​နှစ်ဦး​သည် ယေရှု​အကြောင်း ကိုယ်တွေ့​မှတ်တမ်း​ယူဖို့ လာ​ကြသောအခါ ကိုယ်တော်​ဤသို့​ဆို​သည်– “သင်တို့သည် ကြား​ရ​သမျှ၊ မြင်ရ​သမျှ​တို့ကို သွား​၍ ယောဟန်​အား​ကြားလျှောက်​ကြလော့။ မျက်စိကန်း​သော​သူတို့သည် မျက်စိ​မြင်ရ​ကြ​၏။ ခြေမစွမ်း​သော​သူတို့သည် လှမ်း​သွား​ရ​ကြ​၏။ နူနာ​စွဲ​သော​သူတို့သည် သန့်ရှင်းခြင်း​သို့​ရောက်​ရ​ကြ​၏။ နားပင်း​သော​သူတို့သည် နား​ကြား​ရ​ကြ​၏၊ သေ​သော​သူတို့သည် ထမြောက်ခြင်း​သို့​ရောက်​ရ​ကြ​၏။ ဆင်းရဲသား​တို့သည်​လည်း ဝမ်းမြောက်စရာ​သတင်းကို​ကြား​ရ​ကြ​၏။ ငါ့​ကြောင့်​စိတ်မပျက်​သော​သူသည် မင်္ဂလာ​ရှိ၏​ဟု ပြန်​ပြော​တော်​မူ​၏။”—လုကာ ၇:၂၂၊ ၂၃

၉။ ယေရှု​ခရစ်​ထံ​သို့ အဘယ်ကြောင့် အုပ်​လိုက်​လာရောက်​ကြ​သနည်း၊ ဤ​အချက်​မှ အဘယ်​သင်ခန်းစာ ထုတ်ယူ​နိုင်​သနည်း။

‘ယေရှု​နှင့်​ပတ်သက်သော သတင်း​တော်​သည် ပတ်ဝန်းကျင်​အရပ်​တို့​၌ အနှံ့အပြား​ကျော်စော’ ၍​ဂါလိလဲ​ပြည်၊ ဒေ​ကာ​ပေါလိ​ပြည်၊ ယေရုရှလင်​မြို့၊ ယုဒပြည်​နှင့် ယော်ဒန်​မြစ်​တစ်ဖက်​ကမ်း​တို့​မှ ကိုယ်တော်​ထံ​သို့ အုပ်​လိုက်​ရောက်ရှိ​လာ​ကြသည်။ (လုကာ ၄:၁၄၊ ၁၅; မဿဲ ၄:၂၄၊ ၂၅) သူတို့သည် ကိုယ်တော်​၏​အံ့ဖွယ်​ကုသမှု​များ​ကြောင့်​သာမက​ဘဲ အံ့ဖွယ်ကောင်း​သည့်​သွန်သင်ချက်​များ​ကြောင့်​ပါ ကိုယ်တော်​ထံ​လာ​ကြ​ခြင်း​ဖြစ်သည်။ ကိုယ်တော်​၏​သတင်း​သည် စိတ်ဝင်စားဖွယ်​ကောင်းပြီး အားတက်စေ​သည်။ (မဿဲ ၅:၁–၇:၂၇) ကိုယ်တော်​၏​စကား​များသည် တင့်တယ်​လျောက်ပတ်​၍ နှစ်လိုဖွယ်​ဖြစ်သည်။ (လုကာ ၄:၂၂) ကိုယ်တော်​သည် ကျမ်းစာ​ထဲ​မှ အခွင့်အာဏာ​ရှိ​ရှိ​ဖြင့်​ဟော​တော်​မူ​သောကြောင့် ပရိသတ်​တို့သည် ‘ကိုယ်တော်​၏​သွန်သင်ပုံ​ကို လွန်​စွာ​အံ့သြ​ကြ​ကုန်​၏။’ (မဿဲ ၇:၂၈၊ ၂၉; လုကာ ၄:၃၂) ထိုသို့​သော​ပုဂ္ဂိုလ်​တစ်ဦးထံ မည်သူ​ဆွဲဆောင်​မခံရ​ဘဲ​နေ​မည်​နည်း။ စိတ်နှလုံး​ရိုး​ဖြောင့်​သူများ အမှန်တရား​သို့ ဆွဲဆောင်​ခံရ​မည်​အကြောင်း ကျွန်ုပ်​တို့​လည်း သွန်သင်ခြင်း​အတတ်ပညာ​ကို ပြုစု​ပျိုးထောင်​နိုင်​ပါစေ။

၁၀။ နာဇရက်​မြို့သား​များသည် ယေရှုကို​သတ်ပစ်ဖို့ အဘယ်ကြောင့်​ကြိုးပမ်း​ကြ​သနည်း၊ သူတို့​အဘယ်ကြောင့် မအောင်မြင်​သနည်း။

၁၀ သို့သော် ယေရှု​အား ကြားနာသူ​အားလုံး ခံယူ​တတ်​သူများ​မဟုတ်​ကြ​ပါ။ အစောပိုင်း​အမှုဆောင်ချိန်​တွင်​ပင် မိမိ၏​နေရင်း​မြို့​ဖြစ်သည့် နာဇရက်​မြို့ တရား​ဇရပ်​၌​သွန်သင်သော​အခါ ကိုယ်တော်​ကို​သတ်​ဖို့​ကြိုးစား​ကြသည်။ မြို့သား​များသည် ကိုယ်တော်​၏ “တင့်တယ်​လျောက်ပတ်​သော နှုတ်ထွက်​စကား” ကို​အံ့သြ​ကြသော်လည်း အံ့ဖွယ်အမှု​များ​ကို သူတို့​မြင်တွေ့​လို​ကြသည်။ သို့သော် ယေရှုသည် တန်ခိုး​ကြီးသော​အမှု​များစွာကို ထို​မြို့တွင်​ပြုလုပ်​မည့်​အစား သူတို့၏​အတ္တဆန်​မှု​နှင့် ယုံကြည်ခြင်း​ကင်းမဲ့မှု​ကို ဖော်ထုတ်ပြ​ခဲ့​သည်။ တရား​ဇရပ်​၌​ရှိသူ​အပေါင်းတို့သည် ဒေါသ​အမျက်ထွက်​လျက် ယေရှုကို​ကိုင်​ဖမ်း​ကာ တောင်စောင်း​မှ ဇောက်ထိုး​တွန်း​ချပစ်​ဖို့ ခေါ်ဆောင်​သွား​ကြသည်။ သို့သော် ကိုယ်တော်​သည် သူတို့​လက်​မှ​လွတ်​၍ ဘေးကင်း​စွာ​ကြွသွား​တော်​မူ​၏။ ကိုယ်တော်​သေဆုံး​ရမည့် “အချိန်” မ​ရောက်​သေး​ပါ။—လုကာ ၄:၁၆-၃၀

၁၁။ (က) ဘာသာရေး​ခေါင်းဆောင်​အချို့​သည် ယေရှု​ထံ​လာ၍ အဘယ်ကြောင့်​နားထောင်​ကြ​သနည်း။ (ခ) ယေရှု​ဥပုသ်​ချိုးဖောက်​သည်​ဟု အဘယ်ကြောင့်​စွပ်စွဲ​ခံရ​သနည်း။

၁၁ ယေရှု​ဟောပြော​ရာ​သို့ ဘာသာရေး​ခေါင်းဆောင်​များ—ကျမ်းတတ်​များ၊ ဖာရိရှဲ​များ၊ ဇဒ္ဒုကဲ​များနှင့် အခြားသူများ—လည်း​လာလေ့​ရှိကြသည်။ သူတို့​အထဲ​မှ များစွာသော​သူတို့မှာ နားထောင်​၍ သင်ယူဖို့​မဟုတ်ဘဲ အမှား​ရှာ၍ ကိုယ်တော်​အား ထောင်ချောက်​ဆင်​ရန် ကြိုးပမ်း​လျက် ထို​တွင်​ရောက်နေ​ကြသည်။ (မဿဲ ၁၂:၃၈; ၁၆:၁; လုကာ ၅:၁၇; ၆:၁၊ ၂) သာဓက​အနေ​နှင့် စီ.အီး. ၃၁၊ ပသခါပွဲ​အတွက် ယေရုရှလင်​မြို့​သို့ ကိုယ်တော်​လည်ပတ်​စဉ် ၃၈ နှစ်​တိုင် ဖျားနာသူ​တစ်ဦး​ကို ကုသ​ပေး​သည်။ ဥပုသ်​ချိုးဖောက်​သည်​ဟု ဂျူး​ဘာသာရေး​ခေါင်းဆောင်​တို့​က ယေရှု​အား​စွပ်စွဲ​ကြသည်။ ကိုယ်တော်​က “ငါ့​ခမည်းတော်​သည် ယခု​တိုင်အောင်​အလုပ်လုပ်​တော်​မူ​သည်​ဖြစ်၍၊ ငါသည်​လည်း​လုပ်​၏“ ဟု​ဖြေကြား​သည်။ ယခု ကိုယ်တော်​သည် ဘုရားသခင်​အား ခမည်းတော်​ဟု​ခေါ်ဆို​ခြင်း​ဖြင့် မိမိကိုယ်ကို ဘုရားသခင့်​သားတော်​ဟု​ဆို​ခြင်း​အတွက် ဘုရားသခင်​ကို​စော်ကား​သည်​ဟု ဂျူး​တို့​က​စွပ်စွဲ​ကြ​၏။ ယေရှုကို​သတ်​ရန်​ကြံစည်​ကြ​၏၊ သို့သော် ကိုယ်တော်​နှင့် တပည့်တော်​များသည် ယေရုရှလင်​မြို့မှ​ထွက်၍ ဂါလိလဲ​သို့​သွား​ကြ​၏။ ထို​နည်းတူ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​အတွက် ကျွန်ုပ်​တို့၏​ခွန်အား​ကို​ပေးဆက်​ကြ​စဉ် ဆန့်ကျင်သူ​များနှင့် မလိုအပ်ဘဲ ထိပ်တိုက်​ရင်ဆိုင်​ခြင်း​ကို ရှောင်ရှား​ခြင်း​သည် ပညာရှိရာ​ကျ​၏။—ယောဟန် ၅:၁-၁၈; ၆:၁

၁၂။ ယေရှုသည် ဂါလိလဲ​နယ်တွင် မည်မျှ​ကျယ်ပြန့်​စွာ ခရီး​ပေါက်​ခဲ့​သနည်း။

၁၂ ယေရှုသည် နောက်ထပ်​တစ်နှစ်​ခွဲခန့် မိမိ၏​အမှုဆောင်ခြင်း​အများစုကို ဂါလိလဲ​နယ်​၌ လုပ်ဆောင်​ပြီး ဂျူး​တို့၏​နှစ်ပတ်လည်​ပွဲ​သုံးခု​ကို တက်ရောက်​ဖို့​အတွက်သာ ယေရုရှလင်​မြို့​သို့ လာရောက်​သည်။ ကိုယ်တော်​သည် ဂါလိလဲ​နယ်တွင် စုစုပေါင်း​သုံးကြိမ် လှည့်လည်​ဟောပြော​သည်– ပထမ​အကြိမ်​တွင် တပည့်​သစ် ၄ ဦး​နှင့်၊ ဒုတိယ​အကြိမ်​တွင် တမန်​တော် ၁၂ ပါး​နှင့်​ဖြစ်​ပြီး တိုးချဲ့​ခရီးစဉ်​တွင် စေလွှတ်​ခံရ​သော လေ့ကျင့်​ပြီး​သား​တမန်​တော်​များနှင့်​အတူ​ဖြစ်သည်။ ဂါလိလဲ​နယ်​၌ အမှန်တရားကို ကျယ်ကျယ်ပြန့်ပြန့်​သက်သေခံ​ရခြင်း​ပါ​တကား!—မဿဲ ၄:၁၈-၂၅; လုကာ ၈:၁-၃; ၉:၁-၆

ယုဒ​နှင့် ပေရိယ​နယ်​တို့​တွင် ရဲရင့်စွာ​သက်သေခံခြင်း

၁၃၊ ၁၄။ (က) ဂျူး​တို့သည် အဘယ်အခါ​သမယ​တွင် ယေရှုကို​ဖမ်းဆီး​ဖို့ ရှာကြံ​နေကြ​သနည်း။ (ခ) တပ်မှူး​တို့သည် ယေရှုကို​ဖမ်းဆီး​ဖို့ အဘယ်ကြောင့်​ပျက်ကွက်​ကြ​သနည်း။

၁၃ စီ.အီး. ၃၂ ဆောင်းဦး​ချိန်​ဖြစ်​ပြီး ယေရှု၏ “အချိန်” ရောက်​မလာ​သေး​ပါ။ သကေနေပွဲ​ခံ​ချိန်​နီးပြီ။ ယေရှု၏​မိတူဖကွဲ​ညီ​များ​က “ဤ​အရပ်မှ​ထွက်၍ ယုဒပြည်​သို့​ကြွပါ” ဟု​တိုက်တွန်း​ကြ​၏။ သူတို့က ယေရှုကို ယေရုရှလင်​မြို့ရှိ ပွဲတော်​သို့​စုရုံး​လာ​သူများ​အား အံ့ဖွယ်​တန်ခိုး​များ ပြ​စေ​လို​ကြသည်။ သို့ရာတွင် အန္တရာယ်ကို ယေရှု​ကြိုမြင်​သည်။ ထို့​ကြောင့် “ငါ​မသွား​သေး၊ ငါ့​အချိန်​မပြည့်စုံ​သေး” ဟု​ညီ​များ​ကို​ပြော​သည်။—ယောဟန် ၇:၁-၉

၁၄ ယေရှုသည် ဂါလိလဲ​နယ်တွင် အတန်ကြာ အချိန်ဆွဲ​နေပြီး ယေရုရှလင်​မြို့​သို့ “မထင်မရှား​ကြွတော်မူ​၏။” ဂျူး​တို့​က ‘ထို​သူသည် အဘယ်​မှာ​ရှိ​သနည်း’ ဟု​ဆို​လျက် ပွဲတော်​၌ ကိုယ်တော်​အား အမှန်ပင်​ရှာဖွေ​နေကြ​သည်။ ပွဲတော်​တစ်ဝက်​တိုင်​သောအခါ ယေရှုသည် ဝတ်ပြုရာ​အိမ်တော်​သို့​သွား​၍ ရဲရင့်စွာ​စတင်​သွန်သင်​တော့​သည်။ ဤ​တွင် ကိုယ်တော်​ကို​ထောင်​သွင်း​ရန် သို့​မဟုတ် သတ်ပစ်​ရန်​အကြံ​နှင့် ဖမ်းဆီး​ဖို့​အခွင့်ရှာ​ကြသည်။ သို့သော် “ကိုယ်တော်​၏​အချိန် မစေ့​မ​ရောက်​သေး” သဖြင့် သူတို့​မအောင်မြင်ကြ​ပါ။ ယခု များစွာသော​သူတို့သည် ယေရှုကို​ယုံကြည်​လာ​ကြသည်။ ကိုယ်တော်​အား​ဖမ်းဆီး​ရန် ဖာရိရှဲ​များ​စေလွှတ်​လိုက်​သော တပ်မှူး​များ​က “ထို​သူ​ဟောပြော​သကဲ့သို့ အဘယ်သူ​မျှ​မ​ဟော​စ​ဖူး​ပါ” ဟု​ဆို​လျက် လက်​ချည်း​သက်​သက်​ပြန်လာ​ကြ​၏။—ယောဟန် ၇:၉-၁၄၊ ၃၀-၄၆

၁၅။ ဂျူး​တို့သည် အဘယ်ကြောင့် ယေရှုကို​ပစ်​ဖို့ ကျောက်ခဲ​များ​ကောက်ကြ​သနည်း၊ နောက်ထပ် အဘယ်​ဟောပြောခြင်း​ကင်ပိန်း​ကို ကိုယ်တော်​စတင်​လုပ်ဆောင်​သနည်း။

၁၅ ပွဲတော်​အတွင်း ဝတ်ပြုရာ​အိမ်တော်၌ ကိုယ်တော်​၏​ခမည်းတော်​အကြောင်း​သွန်သင်​နေစဉ် ယေရှု​နှင့် အတိုက်အခံပြု​သည့်​ဂျူး​များ​အကြား ပဋိပက္ခ​ဆက်​ဖြစ်နေ​သည်။ ပွဲတော်​နောက်ဆုံး​နေ့တွင် လူသား​ဘဝ​မတိုင်မီ​အသက်တာ​နှင့်​ပတ်သက်သော ယေရှု၏​ဖော်ပြချက်​ကို ဂျူး​များ​အမျက်ထွက်​ကာ ကိုယ်တော့်​ကို​ပစ်​ဖို့ ကျောက်ခဲ​များ​ကို​ကောက်ယူ​ကြ​၏။ သို့သော် ကိုယ်တော်​တိမ်းရှောင်​ကာ အနာတရ​မဖြစ်​ဘဲ​လွတ်မြောက်သွား​သည်။ (ယောဟန် ၈:၁၂-၅၉) ယေရှုသည် ယေရုရှလင်​မြို့ပြင်​၌​နေထိုင်​ကာ ယုဒပြည်​တွင် သက်သေခံခြင်း​ကင်ပိန်း​ကို ကြပ်ကြပ်မတ်မတ်​စတင် လုပ်ဆောင်​တော်​မူ​၏။ တပည့်တော် ၇၀ ကို​ရွေးချယ်​၍ သွန်သင်ပေး​ပြီး​နောက် ရပ်ကွက်​သို့ နှစ်ယောက်​တစ်တွဲ​စီ​စေလွှတ်​လိုက်​သည်။ သူတို့သည် ယေရှု​နှင့်​တမန်​တော်​များ သွား​မည့်​နေရာတိုင်း၊ မြို့​တိုင်း​သို့ ကြို၍​သွား​ကြ​၏။—လုကာ ၁၀:၁-၂၄

၁၆။ အပ်နှံ​ပွဲ​ကျင်းပ​စဉ်​အတွင်း အဘယ်​အန္တရာယ်​မှ ယေရှု​လွတ်မြောက်​ခဲ့​ပြီး အဘယ်​လုပ်ငန်း​ဖြင့် တစ်ဖန်​အလုပ်များ​ပြန်​သနည်း။

၁၆ စီ.အီး. ၃၂ ဆောင်းဦး​ရာသီ​တွင် ယေရှု၏ “အချိန်” နီးကပ်​လာ​သည်။ အပ်နှံ​ပွဲ​အတွက် ယေရုရှလင်​မြို့​သို့ ကိုယ်တော်​ကြွလာ​သည်။ ကိုယ်တော်​ကို​သတ်ပစ်ဖို့ ဂျူး​များ​ရှာကြံ​နေဆဲ​ပင်။ ဝတ်ပြုရာ​အိမ်တော်​က​နား​ပြင်​၌ ယေရှု​လမ်းလျှောက်​နေစဉ် ကိုယ်တော်​ကို​ဝိုင်းရံ​လိုက်​ကြသည်။ ဘုရားသခင်​ကို​စော်ကား​သည်​ဟု တစ်ဖန်​စွပ်စွဲ​လျက် ကိုယ်တော်​ကို​သတ်​ရန် ကျောက်ခဲ​များ​ကောက်ကြ​၏။ သို့သော် ယခင်​အကြိမ်​မှာ​ကဲ့သို့ ယေရှု​လွတ်မြောက်သွား​သည်။ မကြာမီ ကိုယ်တော်​ခရီးထွက်​ကာ ယုဒပြည်​မှ ယော်ဒန်​မြစ်​တစ်ဖက် ပေရိယ​ခရိုင်​တွင် တစ်မြို့​မှ​တစ်မြို့၊ တစ်ရွာ​မှ​တစ်ရွာ သွန်သင်​လျက်​ရှိသည်။ ကိုယ်တော်​အား လူများစွာ​ယုံကြည်​လာ​ကြသည်။ သို့ရာတွင် ကိုယ်တော်​ချစ်​မြတ်နိုးသော​မိတ်ဆွေ လာဇရု​နှင့်​ပတ်သက်သော​သတင်းက ယုဒပြည်​သို့​ပြန်​ခေါ်​နေသည်။—လုကာ ၁၃:၃၃; ယောဟန် ၁၀:၂၀-၄၂

၁၇။ (က) ပေရိယ​နယ်​၌​ဟောပြော​နေစဉ် အဘယ်​အရေးပေါ်​သတင်းကို ယေရှု​ရရှိ​သနည်း။ (ခ) ကိုယ်တော့်​လုပ်ရပ်​၏​ရည်ရွယ်ချက်​နှင့် ဖြစ်ရပ်​များ​အတွက် အသင့်တော်ဆုံး​အချိန်​တို့ကို ယေရှု​သိထား​ကြောင်း အဘယ်အရာက​ပြသ​နည်း။

၁၇ အရေးပေါ်​သတင်းမှာ ယုဒပြည် ဗေသနိ​ရွာ​၌​နေထိုင်သူ လာဇရု​၏​အစ်မ မာရိနှင့်​မာသ​တို့​ထံ​မှ​ဖြစ်၏။ သတင်းပို့​သူက “သခင်၊ ကိုယ်တော်​ချစ်တော်မူ​သော​သူသည် နာ​လျက်​နေပါ​သည်” ဟု​ဆို​၏။ ယေရှု​က “ထို​အနာ​သည် သေ​နာမ​ဟုတ်။ ဘုရားသခင်​၏​ဘုန်းတော်​ကို ထင်ရှားစေ​သော​အနာ​ဖြစ်၏။ ထို​အနာ​ကြောင့် ဘုရားသခင်​၏​သားတော်​သည် ဘုန်းထင်ရှား​ခြင်း​ရှိ​လိမ့်​မည်” ဟု​မိန့်ဆို​သည်။ ၎င်း​ရည်ရွယ်ချက်​ဖြစ်မြောက်​ရန် ယေရှုသည် ထို​အရပ်၌​တမင် နှစ်​ရက်​ဆက်နေ​သည်။ ထို့နောက် “ယုဒပြည်​သို့ တစ်ဖန်​သွား​ကြ​ကုန်​အံ့” ဟု​တပည့်တော်​များ​ကို​ဆို​၏။ မယုံကြည်​စွာ​ဖြင့် “အရှင်​ဘုရား၊ ယုဒ​လူတို့သည် ယခု​ပင် ကိုယ်တော်​ကို​ခဲ​နှင့်​ပစ်​ခြင်း​ငှာ ရှာကြံ​လျက်​ပင် ထို​အရပ်သို့​တစ်ဖန်​ကြွတော်မူ​ဦး​မည်​လော” ဟု​သူတို့​တုံ့ပြန်​ကြသည်။ သို့သော် ကျန်ရှိ​သော “နေ့​အချိန်” သို့​မဟုတ် မြေကြီး​အမှုဆောင်ခြင်း​အတွက် ဘုရားသခင်​ကန့်သတ်​ထားချိန် တိုတောင်း​သည်ကို ယေရှု​သိထား​သည်။ မိမိ​အဘယ်အရာကို အဘယ်ကြောင့်​ပြုလုပ်​ရမည်​ဖြစ်​ကြောင်း ကိုယ်တော်​အတိအကျ​သိရှိ​ထား​သည်။—ယောဟန် ၁၁:၁-၁၀

မည်သူမျှ​လျစ်လျူ​မ​ရှု​နိုင်သော အံ့ဖွယ်အမှု​တစ်ခု

၁၈။ ဗေသနိ​ရွာ​သို့ ယေရှု​ရောက်​သောအခါ ထို​တွင်​အဘယ်​အခြေအနေ​ရှိ​သနည်း၊ ကိုယ်တော်​ရောက်ရှိ​ပြီး​နောက် အဘယ်အရာ​ဖြစ်ပျက်​သနည်း။

၁၈ ဗေသနိ​ရွာတွင် ယေရှုကို​ဦးဆုံး​လာ​တွေ့​သူ မာသက “သခင်၊ ကိုယ်တော်​ရှိတော်မူလျှင် ကျွန်မ​၏​မောင်​မသေ​ပါ” ဟု​ဆို​၏။ မာရိနှင့် သူတို့​အိမ်​၌​ရောက်နေ​သူများ လိုက်​လာ​ကြသည်။ သူတို့​အားလုံး​ငို​နေကြ​သည်။ “အလောင်းကို​အဘယ်​မှာ​ထား​ကြ​သနည်း” ဟု​ယေရှု​မေး​သည်။ “သခင် ကြွ​၍​ကြည့်​တော်​မူ​ပါ” ဟု​သူတို့​ဖြေ​ကြ​၏။ အောက်မေ့​ရာ​ဂူ—အဝ​တွင် ကျောက်တုံး​ဖြင့်​ပိတ်​ထားသော​ဂူ—သို့ သူတို့​ရောက်​ကြသောအခါ ယေရှု​က “ကျောက်​ကို ရွှေ့​ကြလော့” ဟု​ဆို​သည်။ ယေရှု​အဘယ်အရာ​ပြု​မည်​ကို နားမလည်​၍ မာသက “သခင်၊ ယခု​ဖြစ်​လျှင် နံ​လိမ့်​မည်။ လေး​ရက်​ရှိပါ​ပြီ” ဟု​ကန့်ကွက်​၏။ သို့သော် ယေရှု​က “သင်သည်​ယုံ​လျှင် ဘုရားသခင်​၏​ဘုန်း . . . တော်​ကို မြင်ရ​လိမ့်​မည်၊ ငါ​ပြော​ပြီ​မဟုတ်လော” ဟု​မေး​တော်​မူ​၏။—ယောဟန် ၁၁:၁၇-၄၀

၁၉။ လာဇရု​ကို မထမြောက်​စေ​မီ လူအများရှေ့ ယေရှု​အဘယ်ကြောင့် ဆုတောင်း​သနည်း။

၁၉ လာဇရု​၏​သင်္ချိုင်းဂူ​အဝင်ဝ​တွင် ပိတ်​ထားသော​ကျောက်တုံး​ကို​ရွှေ့​စဉ် ယေရှုသည် အသံ​ကျယ်ကျယ်​ဖြင့် ဆုတောင်း​လေ​သည်၊ ယခု​ကိုယ်တော်​ပြု​တော့​မည့်​အမှုသည် ဘုရားသခင်​၏​တန်ခိုးတော်​အားဖြင့်​ဖြစ်​ကြောင်း လူ​တို့ကို​သိစေဖို့​ဖြစ်သည်။ ထို့နောက် အသံ​ကျယ်​စွာ​ဖြင့် “လာဇရု ထွက်၍​လာ​လော့” ဟု​ဟစ်ခေါ်​သည်။ သူ၏​ခြေလက်တို့သည် အဝတ်​ဖြင့်​ရစ်ပတ်​လျက် မျက်နှာကို​လည်း ပဝါ​ဖြင့်​စည်း​လျက်​သား လာဇရု​ထွက်​လာ​လေ​သည်။ ယေရှု​က “သူ့ကို​ဖြေ​၍​လွှတ်​ကြလော့” ဟု​မိန့်တော်မူ၏။—ယောဟန် ၁၁:၄၁-၄၄

၂၀။ လာဇရု​အား ယေရှု​ရှင်ပြန်ထမြောက်​စေ​သည်ကို တွေ့မြင်​သူများ​က မည်သို့​တုံ့ပြန်​ကြ​သနည်း။

၂၀ ဤ​အံ့ဖွယ်ရာ​ကို​မြင်​သောအခါ မာသ​နှင့် မာရိ​ကို​နှစ်သိမ့်​ရန် ရောက်နေ​ကြ​သူ ဂျူး​များစွာတို့သည် ယေရှုကို ယုံကြည်​လာ​ကြ​လေ​သည်။ အခြားသူများ​မူ ဖြစ်ပျက်​သမျှ​ကို ဖာရိရှဲ​များ​ထံ သွား​ပြောပြ​ကြသည်။ သူတို့၏​တုံ့ပြန်မှု​ကော။ သူတို့နှင့်​အတူ ယဇ်ပုရောဟိတ်​အကြီး​တို့သည် ချက်ချင်း ဆဲန်ဟီဒရင်​တွင် အရေးပေါ်​အစည်းအဝေး​ခေါ်​လိုက်​သည်။ မျက်​က​လဲ​ဆန်​ပျာ​ဖြစ်​ကာ သူတို့​ဤသို့​ညည်းတွား​ကြသည်– “ငါ​တို့သည် အဘယ်​သို့​ပြုလျက်​နေကြ​သနည်း။ ထို​သူသည် များစွာသော​နိမိတ်​လက္ခဏာ​တို့ကို​ပြ​၏။ သူ့ကို​ဤသို့​အလွတ်​ထား​လျှင် လူ​ခပ်သိမ်း​တို့သည် ယုံကြည်​ကြလိမ့်မည်။ ရောမ​လူတို့သည်​လည်း​လာ၍ ငါ​တို့​အရပ်ဌာန​ကိုလည်း​ကောင်း၊ ငါ​တို့​အမျိုး​ကိုလည်း​ကောင်း သုတ်သင်​ပယ်ရှင်း​ကြလိမ့်မည်။” သို့သော်​ယဇ်ပုရောဟိတ်မင်း​ကယာဖ​က “သင်တို့သည် အလျှင်း​မသိကြ။ ယုဒ​လူမျိုး​အကုန်အစင်​ပျက်စီး​သည်ထက်၊ လူတစ်ယောက်​သည် လူများ​တို့အတွက်​သေ​သော် သာ၍​ကောင်း​သည်ကို သင်တို့သည်​မဆင်​ခြင်​ပါ​တကား” ဟု​သူတို့ကို​ပြော​သည်။ ထို့​ကြောင့် ထို​နေ့​မှ​စ၍ ယေရှုကို​သတ်ပစ်​ရန် တိုင်ပင်​ကြံစည်​ကြ​၏။—ယောဟန် ၁၁:၄၅-၅၃

၂၁။ လာဇရု​ရှင်ပြန်ထမြောက်ခြင်း​ဆိုင်ရာ အံ့ဖွယ်အမှု​သည် အဘယ်အရာ၏​ရှေ့ပြေး​နိမိတ်​ဖြစ်သနည်း။

၂၁ ထိုသို့​ယေရှုသည် ဗေသနိ​ရွာ​သို့ နောက်ကျ​မှ​ရောက်သွား​ခြင်း​ဖြင့် မည်သူမျှ​လျစ်လျူ​မ​ရှု​နိုင်သော အံ့ဖွယ်​အမှုကို ပြုလုပ်​နိုင်​လေ​သည်။ လေး​ရက်​ကြာ​သေနေ​သူ​တစ်ဦး​ကို ဘုရားသခင်​ထံ​မှ​တန်ခိုး​ဖြင့် ယေရှု​ရှင်ပြန်ထမြောက်​ပေး​ခဲ့​သည်။ ဂုဏ်​ရှိသော​ဆဲန်ဟီဒရင်​ပင် သတိပြု​မှတ်သား​ကာ အံ့ဖွယ်အမှု​ပြုသူ​အား သေဒဏ်​စီရင်​ဖို့ ဖိအား​ပေး​ခံရ​လေ​သည်! သို့ဖြင့် ၎င်း​အံ့ဖွယ်အမှု​သည် ယေရှု၏​အမှုဆောင်ခြင်း​၌ အရေးပါသော​အလှည့်အပြောင်း​၏​ရှေ့ပြေး​နိမိတ်—“ကိုယ်တော်​၏​အချိန် မစေ့​မ​ရောက်​သေး” သော​ကာလ​မှ “အချိန်​ရောက်လာ” သည့်​ကာလ​သို့ ပြောင်းလဲခြင်း​ဖြစ်​လေ​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေရှုသည် ဘုရားသခင်​ခန့်အပ်​ထားသော​အလုပ်ကို သိရှိ​ထား​ကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။

• စပျစ်​ရည်​နှင့်​ပတ်သက်သော မိခင်၏​အကြံပေး​ချက်​ကို ယေရှု​အဘယ်ကြောင့်​ကန့်ကွက်​ခဲ့​သနည်း။

• ဆန့်ကျင်သူ​များနှင့် ယေရှု​ဆက်ဆံ​လေ့​ရှိ​ပုံ​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

• လာဇရု​၏​ဖျားနာ​မှု​ကို တုံ့ပြန်​ဆောင်ရွက်​ရာ​၌ ယေရှု​အဘယ်ကြောင့် အချိန်ဆွဲ​ထား​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ယေရှုသည် ဘုရားသခင် ခန့်အပ်​ထားသော​တာဝန်​၌ မိမိ၏​ခွန်အား​ကို ပေးဆက်​ခဲ့