ဖီဂျီကျွန်းများတွင် ဘုရားသခင့်နိုင်ငံတော်ကိုကြေညာခြင်း
ကျွန်ုပ်တို့သည် ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြ
ဖီဂျီကျွန်းများတွင် ဘုရားသခင့်နိုင်ငံတော်ကိုကြေညာခြင်း
ယေရှုခရစ်သည် တစ်ချိန်က လမ်းနှစ်လမ်းအကြောင်း မိန့်ဆိုခဲ့သည်။ တစ်လမ်းမှာ ကျယ်ဝန်းပြီး ပျက်စီးခြင်းသို့ရောက်၏။ နောက်တစ်လမ်းမှာ ကျဉ်းမြောင်းသော်လည်း အသက်ရှင်ခြင်းသို့ရောက်သည်။ (မဿဲ ၇:၁၃၊ ၁၄) မှန်သောလမ်းကို လူတို့ရွေးချယ်နိုင်ရန် ယေဟောဝါဘုရားသခင်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်းလုံးတွင် ဟောပြောရန် ရည် ရွယ်တော်မူခဲ့၏။ (မဿဲ ၂၄:၁၄) ထို့ကြောင့် နေရာတကာမှလူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကို နားထောင်လျက်ရှိပြီး အချို့သည် “စိုးလ်ဝိညာဉ်အသက်ရှင်အံ့သောငှာ ယုံကြည်ခြင်းရှိသောလူစား” ဖြစ်လာခြင်းဖြင့် အသက်ရှင်ခြင်းကို ရွေးချယ်နေကြသည်။ (ဟေဗြဲ ၁၀:၃၉၊ ကဘ) ဖီဂျီနှင့် အခြားအနီးအနားရှိ တောင်ပစိဖိတ်ကျွန်းများမှ အချို့သည် အသက်ရှင်ခြင်းကို ရွေးချယ်ခဲ့သည့်အကြောင်း ဖတ်ရှုရန် သင့်အား ဖိတ်ခေါ်ပါသည်။
သူတို့သည် ယေဟောဝါကို ယုံကြည်ကိုးစားခဲ့
မီရာသည် ၁၉၆၄ ခုနှစ်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဦးဆုံးကြားရချိန်၌ ကျောင်းသူအရွယ်သာရှိသေးသည်။ ဝေးခေါင်သောကျွန်းပေါ်တွင် သီးခြားဖြစ်နေသောကြောင့် သူသည် ယေဟောဝါသက်သေများနှင့် အဆက်အသွယ်မရှိခဲ့ချေ။ သို့သော် နောက်ဆုံး၌ သူသည် သမ္မာကျမ်းစာ၏ တိကျမှန်ကန်သောအသိပညာကို ရရှိနိုင်ခဲ့၏။ ထိုအချိန်၌ သူသည် ရွာမှရိုးရာတူလူစု၏ အကြီးအမှူးဖြစ်သူနှင့် အိမ်ထောင်ပြုခဲ့သည်။ ကျမ်းစာမူများနှင့်အညီ အသက်ရှင်ရန် မီရာရွေးချယ်မှုကြောင့် သူ၏ခင်ပွန်းနှင့်ဆွေမျိုးများက သူ့ကိုရက်စက်စွာဆက်ဆံပြုမူခဲ့ကြသည့်အပြင် ရွာသားချင်းများကလည်း အဖက်မတန်သလိုဆက်ဆံခဲ့ကြသည်။ သို့ဖြစ်စေကာမူ၊ သူသည် ၁၉၉၁ ခုနှစ်တွင် နှစ်ခြင်းခံခဲ့သည်။
များမကြာမီ မီရာ၏ခင်ပွန်းဂျော့ဆူးအာသည် စိတ်ထားပျော့ပျောင်းလာကာ ကလေးများနှင့်မီရာ ကျမ်းစာဆွေးနွေးမှုများပြုရာတွင် စ၍ပင်ထိုင်ခဲ့သည်။ ဂျော့ဆူးအာသည် မက်သဒစ်ချာ့ခ်ျကို မတက်တော့ချေ။ သို့သော် သူသည် အကြီးအမှူးတစ်ဦးအနေဖြင့် အပတ်စဉ်ကျင်းပသော ရွာအစည်းအဝေးများတွင် ဦးစီးနာယကလုပ်ရဆဲဖြစ်သည်။ မက်သဒစ်ချာ့ခ်ျသည် ဖီဂျီရွာ၏အသွေးအသားကဲ့သို့ဖြစ်သောကြောင့် ရွာသားများ၏အမြင်တွင် ဂျော့ဆူးအာသည် သစ္စာမရှိသူဖြစ်သည်။ ထို့ကြောင့် ဒေသခံပါစတာသည် ဂျော့ဆူးအာကို သူ၏ယခင်ဘာသာသို့ပြန်လာရန် တိုက်တွန်းခဲ့သည်။
ဂျော့ဆူးအာက သူနှင့်သူ့မိသားစုသည် ရွေးချယ်ခဲ့ပြီးပြီဟု သတ္တိရှိရှိပြောဆိုကာ ယေဟောဝါဘုရားသခင်ကို “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း” ကိုးကွယ်ရန်ဆုံးဖြတ်ခဲ့သည်။ (ယေဟန် ၄:၂၄) ရွာ၏ နောက်အစည်းအဝေးတစ်ခုတွင် စော်ဘွားက ဂျော့ဆူးအာနှင့်သူ့မိသားစုကို ဝိုင်းပယ်ထားသူများအဖြစ် ရွာမှထွက်သွားရန် အမိန့်ထုတ်ခဲ့သည်။ သူတို့ကို ကျွန်းမှထွက်သွားရန် ခုနစ်ရက်အချိန်ပေးခဲ့ပြီး သူတို့၏အိမ်၊ မြေနှင့် ကောက်ပဲသီးနှံတို့ကို ထားရစ်ခဲ့ရသည်—မှန်သည်၊ သူတို့၏အသက်မွေးမှုတစ်ခုလုံးကို ထားခဲ့ရ၏။
တခြားကျွန်းပေါ်မှ ဝိညာဉ်ရေးညီအစ်ကိုများသည် ဂျော့ဆူးအာနှင့်သူ့မိသားစုကို ကူညီပေးကာ သူတို့နေထိုင်မည့်နေရာနှင့် ကောက်ပဲသီးနှံများစိုက်ပျိုး၍ရမည့်မြေကို ကူညီရှာဖွေပေးခဲ့သည်။ ယခု ဂျော့ဆူးအာနှင့် အကြီးဆုံးသားသည် နှစ်ခြင်းခံပြီးဖြစ်၍ သားအငယ်သည် နှစ်ခြင်းမခံရသေးသော သတင်းကောင်းကြေညာသူတစ်ဦးဖြစ်နေပေပြီ။ မကြာမီတွင် မီရာသည် မှန်မှန်ရှေ့ဆောင် (အချိန်ပြည့်ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ) အဖြစ် စာရင်းသွင်းခဲ့၏။ ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ရန် သူတို့၏ရွေးချယ်မှုကြောင့် ရာထူးနှင့်ရုပ်ပစ္စည်းများဆုံးရှုံးခဲ့ရသော်လည်း တမန်တော်ပေါလုနည်းတူ ယင်းကို သူတို့ရရှိခဲ့ရာများသည် ဘာနှင့်မျှမနှိုင်းယှဉ်နိုင်ဟု ယူမှတ်ကြသည်။—ဖိလိပ္ပိ ၃:၈။
ကိုယ်ကိုကိုယ်သိသောစိတ်နှင့်ပတ်သက်နေသော ရွေးချယ်မှုတစ်ခု
ကျမ်းစာနှင့်အညီလေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိသောစိတ်ကို လိုက်နာရန်ရွေးချယ်ရာ၌ ယုံကြည်ခြင်းနှင့်သတ္တိရှိဖို့လိုသည်။ ကီရီဘာတီကျွန်းများမှ တာရဝါးကျွန်းပေါ်တွင် နေထိုင်သည့် နှစ်ခြင်းခံပြီးစအမျိုးသမီးငယ်ဆူရာအင်၏ဖြစ်ရပ်တွင် ယင်းသို့ပင်ဖြစ်ခဲ့သည်။ ဆူရာအင်သည် ဆေးရုံသူနာပြုတစ်ဦးအနေနှင့် သူ၏အလုပ်ထဲမှတစ်ခုကို မပြုလုပ်ပါရစေနှင့်ဟု တောင်းဆိုခဲ့သည်။ သူ၏တောင်းဆိုမှုကို တလိုတလားလက်မခံသည့်အပြင် ရလဒ်ကား သီးခြားကျွန်းပေါ်ရှိ ဆေးရုံငယ်တွင်အလုပ်လုပ်ရန် အပို့ခံရကာ သူ၏အခြားယုံကြည်သူများနှင့် အဆက်ဖြတ်ပစ်ခဲ့သည်။
ထိုကျွန်းပေါ်သို့ ရောက်လာသူလူသစ်အားလုံးသည် ကျွန်းစောင့် “နတ်” ကိုပူဇော်ပသရန် ထုံးတမ်းစဉ်လာရှိသည်။ ယင်းသို့မပြုလုပ်လျှင် သေရလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။ ဆူရာအင်သည် သူနှင့်သူ၏အဖွဲ့အတွက်လုပ်ပေးမည့် အဆိုပါအရုပ်ကိုးကွယ်မှုအပြုအမူကိုခွင့်ပြုရန် ငြင်းဆိုခဲ့သောကြောင့် မကျေမနပ်ဖြစ်နေသောနတ်က သူ့အားလည်ပင်းညှစ်သတ်မည်ကို ရွာသားများက စောင့်ကြည့်ခဲ့ကြသည်။ ဆူရာအင်တွင်ဖြစ်စေ၊ သူ၏အဖွဲ့တွင်ဖြစ်စေ မည်သည့်ဘေးမျှမဖြစ်သောအခါ သူ့အတွက် ကောင်းစွာသက်သေခံရန် အခွင့်အရေးများစွာ လမ်းပွင့်ခဲ့သည်။
သို့သော် ဆူရာအင်၏စမ်းသပ်မှုများသည် အဆုံးမသတ်သေးချေ။ ထိုကျွန်းပေါ်ရှိ လူငယ်အချို့သည် ရောက်ရှိလာသောအမျိုးသမီးငယ်များအား ဖြားယောင်းခြင်းကို စိန်ခေါ်ပွဲတစ်ခုအဖြစ် မှတ်ယူကြသည်။ သို့ရာတွင် ဆူရာအင်သည် သူတို့၏ချစ်ရေးဆိုမှုကို ငြင်းဆိုခဲ့ပြီး ဘုရားသခင်အပေါ် သမာဓိစောင့်သိခဲ့သည်။ အမှန်မှာ သူသည် တစ်ရက်လျှင် ၂၄ နာရီ အရေးပေါ်တာဝန်ကျ သူနာပြုဖြစ်သော်လည်း မှန်မှန်ရှေ့ဆောင်ပြုလုပ်နိုင်ခဲ့၏။
ဆူရာအင်သည် ဤကျွန်းမှထွက်ခွာရန် ပြင်ဆင်နေချိန် သူ၏ဂုဏ်ပြုပွဲ မကျင်းပမီ ရပ်မိရပ်ဖများက မိမိတို့ထံ လည်ပတ်ရောက်ရှိလာသည့် ပထမဆုံးခရစ်ယာန်သာသနာပြုအစစ်အမှန်ဖြစ်သည်ဟု ထုတ်ဖော်ပြောခဲ့သည်။ သူသည် ကျမ်းစာမူများအပေါ် ခိုင်မာစွာရပ်တည်သောကြောင့် ထိုကျွန်းပေါ်မှ အခြားသူများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို တလိုတလားတုံ့ပြန်ခဲ့ကြသည်။
ရုပ်ပိုင်းဆိုင်ရာစိန်ခေါ်ချက်များ
ကျေးရွာအချို့သည် သီးခြားဖြစ်နေသောကြောင့် ယေဟောဝါ၏လူမျိုးတို့သည် အမှုဆောင်တွင်ပါဝင်ရန်နှင့် ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ရန် အလွန်ကြိုးစားအားထုတ်ရသည်။ နာရီနှင့်ချီပြီး အစည်းအဝေးအသွားအပြန် ခရီးသွားရသည့် နှစ်ခြင်းခံပြီးသောသက်သေခံလေးဦး—အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦး—၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူတို့၏ခြေကျင်ခရီးစဉ်၌ ခရီးတစ်ခုစီတွင် မြစ်သုံးကြိမ်ဖြတ်ကူးရသည်။ ရေတက်လာသောအခါ ညီအစ်ကိုသည် မိမိတို့၏အိတ်များ၊ စာအုပ်များနှင့် အစည်းအဝေးအဝတ်အစားများထည့်ထားသော ချက်ပြုတ်အိုးကြီးကို ကြိုးဖြင့်ဆွဲကာ ဦးဆုံးကူးသွားသည်။ ပြီးနောက် သူသည် ညီအစ်မသုံးဦးကို ကူညီပေးရန် ပြန်ကူးလာသည်။
ကီရီဘာတီမှ ဝေးခေါင်သောနိုနိုနူးတီးကျွန်းပေါ်ရှိ အစည်းအဝေးများကို တက်ရောက်ကြသော အခြားအုပ်စုငယ်လေးသည် စိန်ခေါ်ချက်အမျိုးမျိုးကို ရင်ဆိုင်ရသည်။ အစည်းအဝေးကျင်းပသောအိမ်သည် ခုနစ်ယောက်၊ ရှစ်ယောက်သာဆံ့သည်။ တက်ရောက်လာသောအခြားသူများမှာမူ အပြင်ဘက်တွင်ထိုင်ကာ သံဇကာပေါက်မှကြည့်ခဲ့ကြရသည်။ အထင်ကြီးဖွယ်ချာ့ခ်ျများသို့ သွားလာနေကြသည့် အခြားရွာသားများသည် ဤအစည်းအဝေးနေရာကို အတိုင်းသားတွေ့နေရသည်။ မှန်သည်၊ ဘုရားသခင့်အမြင်တွင် နှစ်သက်ဖွယ်ရာမှာ အဆောက်အအုံများမဟုတ်ဘဲ လူတို့သာဖြစ်သည်ကို ယေဟောဝါ၏ကျေးကျွန်များ သဘောပေါက်ကြသည်။ (ဟဂ္ဂဲ ၂:၇) ထိုကျွန်းပေါ်ရှိ နှစ်ခြင်းခံပြီးသောညီအစ်မတစ်ဦးသည် အသက်ကြီးနေပြီဖြစ်သောကြောင့် ဝေးဝေးလမ်းမလျှောက်နိုင်ပေ။ သို့တိုင် နှစ်ခြင်းမခံရသေးသော ကြေညာသူအမျိုးသမီးငယ်တစ်ဦးသည် သူ့ကို လက်တွန်းလှည်းပေါ်တင်ကာ အမှုဆောင်သို့ခေါ်သွားပေးသည်။ အမှန်တရားအတွက် တကယ့်လေးမြတ်မှုပါတကား!
ဖီဂျီကျွန်းများတွင် အမှုဆောင်လျက်ရှိကြသော ကြေညာသူ ၂,၁၀၀ ကျော်တို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဆက်၍ကြေညာမည်ဟု သန္နိဋ္ဌာန်ချထားကြသည်။ ထို့ပြင် နောက်ထပ်များစွာသောသူတို့သည် “စိုးလ်ဝိညာဉ်အသက်ရှင်အံ့သောငှာ ယုံကြည်ခြင်းရှိသောလူစား” ဖြစ်လာမည်ဟု သူတို့ယုံကြည်စိတ်ချကြသည်။
[စာမျက်နှာ ၈ ပါမြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ဩစတြေးလျနိုင်ငံ
အဖီဂျီ