အကူအညီပေးရန် အသနားခံချက်
အကူအညီပေးရန် အသနားခံချက်
“ဘုရားသခင် ကျွန်မကိုမေ့သွားပြီ!” ဟုဘရာဇီးအမျိုးသမီးတစ်ဦး ဟစ်ကြွေးခဲ့သည်။ ခင်ပွန်းသည် ရုတ်တရက်သေဆုံးပြီးနောက် သူ့ဘဝ ဘာမျှအဓိပ္ပာယ်မရှိတော့ဟု ခံစားခဲ့ရသည်။ ထိုကဲ့သို့ စိတ်ဆင်းရဲနေသူ သို့မဟုတ် အကူညီပေးရန် အသနားခံနေဖွယ်ရှိသူတစ်ဦးဦးကို နှစ်သိမ့်ပေးဖို့ သင်ကြိုးစားဖူးပါသလော။
အချို့သည် အလွန်စိတ်ပျက်အားလျော့လာသောကြောင့် သူတို့ဘဝကို အဆုံးစီရင်ကြသည်—သူတို့အထဲမှအများစုမှာ လူငယ်များဖြစ်ကြသည်။ ဖိုလ်ယား ဒီ အက်စ်. ပေါလိုသတင်းစာအရ ဘရာဇီးတွင်လေ့လာချက်တစ်ခုက “လူငယ်များအလယ်တွင် ကိုယ့်ကိုယ်ကိုသတ်သေမှုသည် ၂၆ ရာခိုင်နှုန်းအထိ တိုးများလာခဲ့သည်” ဟုဖော်ပြသည်။ ဥပမာအနေနှင့် ဆောပေါလိုမှ လူငယ်ဗော်လ်တာ *၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် မိဘမရှိ၊ အိမ်မရှိ၊ လွတ်လပ်မှုမရှိ၊ အားထားနိုင်သည့် မိတ်ဆွေများမရှိချေ။ စိတ်ဆင်းရဲမှုကို အဆုံးသတ်ပစ်ရန် ဗော်လ်တာသည် တံတားတစ်ခုမှခုန်ချရန်ဆုံးဖြတ်ခဲ့သည်။
အခြားအမျိုးသားတစ်ဦးနှင့်ဆုံမိချိန်တွင် ကြင်ဖော်မဲ့မိခင်အက်ဒ်နာ၌ ကလေးနှစ်ယောက်ရှိပြီးဖြစ်သည်။ တစ်လသာကြာပြီးနောက် နတ်ဝိဇ္ဇာယောင်ယောင် အရက်စွဲနေသောမိခင်အိမ်တွင် လက်မထပ်ဘဲ စ၍ပေါင်းသင်းနေထိုင်ကြသည်။ အက်ဒ်နာသည် နောက်ထပ်ကလေးရပြီး အရက်ကို စတင်လွန်ကြူးစွာသောက်လာသည်၊ အလွန်စိတ်ဓာတ်ကျလာရာ ကိုယ့်ကိုယ်ကိုသတ်သေရန်ကြိုးစားသည့်အထိပင်။ နောက်ဆုံးတွင် သူသည် ကလေးများကိုထိန်းသိမ်းစောင့်ရှောက်ခွင့် ဆုံးရှုံးခဲ့ရသည်။
သက်ကြီးရွယ်အိုများကော အသို့နည်း။ မာရီးယားသည် ပျော်ပျော်နေတတ်ပြီး စကားပြောကောင်းသူဖြစ်သည်။ သို့သော် အသက်ကြီးလာသောအခါ သူနာပြုဖြစ်သော မိမိ၏အလုပ်တွင် အမှားအယွင်းပြုမိလေမည်ကို စတင်၍စိုးရိမ်လာသည်။ ယင်းကသူ့ကိုစိတ်ဓာတ်ကျစေခဲ့သည်။ မိမိကိုယ်ကို ဆေးပြန်ကုရန်ကြိုးစားပြီးနောက် ဆေးကုသမှုကို ကြိုးစားရှာဖွေခဲ့ပြီး အထောက်အကူပြုပုံရသည့်ကုသမှုခံခဲ့သည်။ သို့သော် အသက် ၅၇ နှစ်တွင် သူအလုပ်ပြုတ်သွားသောအခါ ဖြေရှင်းစရာနည်းလမ်းမရှိသည်ကို သိမြင်လာသောကြောင့် အကြီးအကျယ်စိတ်ဓာတ်ကျခဲ့ရပြန်သည်။ မာရီးယားသည် ကိုယ့်ကိုယ်ကိုသတ်သေရန် စတင်တွေးတောလာသည်။
“စိတ်ဓာတ်ကျသူများ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ကိုယ့်ကိုယ်ကိုသတ်သေရန် ကြိုးပမ်းကြသည်” ဟု ဆောပေါလိုတက္ကသိုလ်မှ ပါမောက္ခ ဇိုဇီး အယ်လ်ဗာတို ဒဲလ် ပေါတူး ကဆိုသည်။ “လူသတ်မှုထက် ကိုယ့်ကိုယ်ကိုသတ်သေမှုကြောင့် သေဆုံးသူပိုများနေခြင်းမှာ ယုံကြည်ဖို့ခက်ခဲသည်၊ သို့သော် ယင်းသည်ဝမ်းနည်းဖွယ်ဖြစ်ရပ်မှန်ဖြစ်သည်” ဟု ယူ. အက်စ်. အမေရိကန်သမားတော်ချုပ် ဒေါက်တာ ဒေးဗစ် စက်ချာက ဖော်ပြသည်။
တစ်ခါတစ်ရံ ကိုယ့်ကိုယ်ကိုသတ်သေရန်ကြိုးပမ်းမှုသည် တစ်နည်းအားဖြင့် အကူအညီပေးရန် အသနားခံခြင်းဖြစ်သည်။ မိသားစုဝင်များနှင့် မိတ်ဆွေများသည် မျှော်လင့်ချက်ပျောက်ဆုံးနေသူအတွက် မှန်ကန်ရာများကို လုပ်ဆောင်ပေးလိုကြသည်။ ဤကဲ့သို့သောစ
ကားများသည် အကူအညီဖြစ်စေမည်မဟုတ်ပေ– “ဝမ်းနည်းမနေစမ်းပါနဲ့၊” “တခြားသူတွေက မင်းထက်ပိုဆိုးတယ်” သို့မဟုတ် “ငါတို့အားလုံး တစ်ခါတလေတော့ စိတ်ဆင်းရဲရမှာပေါ့။” ယင်းအစား မိတ်ဆွေစစ်တစ်ဦးနှင့် ကောင်းစွာနားထောင်သူတစ်ဦး ဖြစ်ပါလေ။ မှန်ပါသည်၊ စိတ်ပျက်အားလျော့နေသူများကို ဘဝသည် အသက်ရှင်ရကျိုးနပ်ကြောင်းသိမြင်ရန် ကြိုးစားကူညီပါ။ပြင်သစ်စာရေးဆရာ ဗော်လ်တဲယားက– “အလွန်အမင်း စိတ်အားငယ်သောကြောင့် ယနေ့မိမိကိုယ်ကိုသတ်သေခဲ့သည့်လူတစ်ဦးသည် တစ်ပတ်လောက်စောင့်ခဲ့မည်ဆိုလျှင် အသက်ရှင်လိုသည့်ဆန္ဒ ရှိလာလိမ့်မည်” ဟုရေးသားခဲ့သည်။ လူများသည် စိတ်ပျက်အားလျော့မှုကြားမှာပင် အသက်ရှင်ရကျိုးနပ်ကြောင်း မည်သို့တွေ့ရှိနိုင်မည်နည်း။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 အမည်အချို့ကိုပြောင်းထားသည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ကိုယ့်ကိုယ်ကိုသတ်သေသည့် လူငယ်များနှင့် လူကြီးများ၏ အရေအတွက် တိုးများနေ
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
မျှော်လင့်ချက်ပျောက်ဆုံးနေသူကို သင်မည်သို့ကူညီပေးနိုင်သနည်း