ဘုရားသခင်ထံ သင်နီးကပ်လာနိုင်ပုံ
ဘုရားသခင်ထံ သင်နီးကပ်လာနိုင်ပုံ
“ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ ပြုလျှင်၊ သင်တို့ ၌ချဉ်းကပ်တော်မူလိမ့်မည်” ဟု ယာကုပ် ၄:၈ ကဆိုသည်။ ကျွန်ုပ်တို့အကျိုးအလို့ငှာ မိမိ၏သားတော်ကိုစွန့်တော်မူခြင်းဖြင့် လူသားများ မိမိနှင့်ရင်းနှီးသောဆက်ဆံရေးရှိရန် ယေဟောဝါဘုရားသခင် မည်မျှလိုလားကြောင်းဖော်ပြသည်။
ထိုမေတ္တာတင်ပြမှုကို တုံ့ပြန်သောအားဖြင့် တမန်တော်ယောဟန် ဤသို့ရေးခဲ့သည်– “ကိုယ်တော်သည် ငါတို့ကိုရှေ့ဦးစွာချစ်တော်မူသောကြောင့် ငါတို့သည် [ဘုရားသခင်] ကိုချစ်ကြ၏။” (၁ ယောဟန် ၄:၁၉၊ သမ္မာ) သို့သော် ဘုရားသခင်ထံ ကျွန်ုပ်တို့ကိုယ်တိုင်ချဉ်းကပ်ရန် ခြေလှမ်းအချို့ကို လှမ်းရမည်ဖြစ်သည်။ ယင်းတို့သည် ရှေ့ဆောင်းပါးတွင်ဖော်ပြခဲ့သကဲ့သို့ လူသားအချင်းချင်းနှင့် ကျွန်ုပ်တို့ရင်းနှီးစေသည့် အချက်လေးချက်နှင့်ဆင်တူမှုရှိသည်။ ယခု ယင်းတို့ကို ဆန်းစစ်ကြည့်ကြစို့။
ဘုရားသခင်၏အံ့ဖွယ်အရည်အချင်းများကို ဂရုပြုပါ
ဘုရားသခင်၌ အံ့ဖွယ်အရည်အချင်းများစွာရှိသည်။ အပေါ်လွင်ဆုံးထဲမှအချို့မှာ ကိုယ်တော်၏ မေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှုနှင့် တန်ခိုးတို့ဖြစ်သည်။ ကိုယ်တော်၏ဉာဏ်ပညာနှင့်တန်ခိုးတော်ကို အလှမ်းကွာဝေးသောစကြဝဠာနှင့် ကျွန်ုပ်တို့ဝန်းကျင်ရှိလောက၊ ကြီးမားသောဂလက်ဆီများမှသည် သေးနုပ်သောအဏုမြူများအထိ အလျှံပယ် ထင်ရှားပြလျက်ရှိသည်။ ဆာလံဆရာက “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏” ဟုရေးသားခဲ့သည်။—ဆာလံ ၁၉:၁; ရောမ ၁:၂၀။
ဖန်ဆင်းခြင်းသည်လည်း ဘုရားသခင်၏မေတ္တာတော်ကို ပေါ်လွင်စေသည်။ သာဓကအနေနှင့် ကျွန်ုပ်တို့အားဖန်ဆင်းထားပုံက ဘဝကိုမွေ့လျော်စေရန် ဘုရားသခင်လိုလားကြောင်း ဖော်ပြသည်။ အရောင်အသွေးများကိုမြင်နိုင်စွမ်း၊ အနံ့အရသာခံနိုင်စွမ်း၊ တေးဂီတကိုနှစ်သက်နိုင်စွမ်း၊ ရယ်မောပြီး အလှအပကိုခံစားနိုင်စွမ်း၊ အခြားမြောက်မြားစွာသောအရည်အချင်းများကိုလည်းပေးထားပြီး အသက်ရှင်ရန်မရှိမဖြစ်လိုအပ်ရာမဟုတ်သည့် ပင်ကိုစရိုက်များ အစရှိသည့် အရည်အသွေးများကို ကိုယ်တော်ပေးထားသည်။ မှန်ပါသည်၊ ဘုရားသခင်သည် အမှန်ပင် ရက်ရောကြင်နာပြီး မေတ္တာပြည့်ဝသောဘုရားဖြစ်ရာ၊ ဤအရည်အချင်းများက ကိုယ်တော်သည် “ပျော်ရွှင်သော ဘုရားသခင်” ဖြစ်ကြောင်း မလွဲမသွေထောက်ခံပေးသည်။—၁ တိမောသေ ၁:၁၁၊ ကဘ; တမန်တော် ၂၀:၃၅။
ကိုယ်တော်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကိုအသုံးပြုခြင်းနှင့် ယင်းကို အသိဉာဏ်ရှိသတ္တဝါများထောက်ခံကြခြင်းသည် ချစ်ခြင်းမေတ္တာပေါ်အဓိကအခြေခံခြင်းကို ယေဟောဝါဂုဏ်ယူတော်မူ၏။ (၁ ယောဟန် ၄:၈) ယေဟောဝါသည် စကြဝဠာပိုင်သအုပ်စိုးရှင်အမှန်ဖြစ်သော်လည်း လူသားများ၊ အထူးသဖြင့် ကိုယ်တော်၏သစ္စာရှိကျေးကျွန်များနှင့် ဆက်ဆံတော်မူသောအခါ မေတ္တာပြည့်ဝသောဖခင်တစ်ဦးက မိမိ၏ရင်သွေးများကိုဆက်ဆံသကဲ့သို့ ဆက်ဆံတော်မူသည်။ (မဿဲ ၅:၄၅) သူတို့ကောင်းကျိုးအတွက် အစွမ်းကုန်ဆောင်ရွက်တော်မူသည်။ (ရောမ ၈:၃၈၊ ၃၉) ဖော်ပြခဲ့သည့်အတိုင်း ကျွန်ုပ်တို့အကျိုးအလို့ငှာ မိမိ၏တစ်ပါးတည်းသောသားတော်၏အသက်ကိုပင် ကိုယ်တော်ပေးတော်မူခဲ့သည်။ မှန်ပါသည်၊ ဘုရားသခင်၏မေတ္တာတော်ကြောင့်သာ ကျွန်ုပ်တို့တည်ရှိနေပြီး ထာဝရအသက်မျှော်လင့်ချက်ရှိနေခြင်းဖြစ်သည်။—ယောဟန် ၃:၁၆။
ယေရှုသည် မိမိခမည်းတော်ကို လုံးလုံးလျားလျားတုပတော်မူခဲ့သောကြောင့် ကျွန်ုပ်တို့အား ဘုရားသခင်၏ကိုယ်ရည်ကိုယ်သွေးများဆိုင်ရာ နက်နဲသောထိုးထွင်းသိမြင်မှုကို ပေးတော်မူသည်။ (ယောဟန် ၁၄:၉-၁၁) ကိုယ်တော်သည် တစ်ကိုယ်ကောင်းစိတ်နှင့်လုံးဝကင်းစင်ကာ ထောက်ထားစာနာပြီး ဉာဏ်အမြော်အမြင်ကြီးမားတော်မူသည်။ တစ်ခါ၌ နားပင်း၍စကားအသောသူတစ်ဦး ယေရှုရှေ့တော်မှောက်တွင် ရောက်နေသည်။ လူအုပ်ထဲတွင် ထိုသူအနေရခက်မည်ကို သင်မြင်ယောင်ကြည့်နိုင်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ယေရှုသည် ထိုသူအား သီးသန့်နေရာတစ်ခုသို့ခေါ်သွားပြီး ထိုနေရာ၌ သူ့အားကုသပေးခဲ့သည်။ (မာကု ၇:၃၂-၃၅) သင့်ခံစားချက်များကိုနားလည်ပေးပြီး သင့်ဂုဏ်သိက္ခာကိုလေးစားသူကို သင်လေးမြတ်ပါသလော။ သို့ဖြစ်လျှင် ယေဟောဝါနှင့် ယေရှုအကြောင်းပိုမိုသိရှိလာလေလေ သူတို့ထံ သင်အမှန်ပင် ပို၍ချဉ်းကပ်လေလေဖြစ်မည်။
ဘုရားသခင်၏အရည်အချင်းများကို စဉ်းစားတွေးတောပါ
တစ်စုံတစ်ယောက်တွင် အံ့ဖွယ်အရည်အချင်းများရှိနိုင်သော်လည်း ထိုပုဂ္ဂိုလ်နှင့်နီးစပ်စေရန် သူ့အကြောင်းကိုစဉ်းစားတွေးတောဖို့လိုသည်။ ယေဟောဝါနှင့်စပ်လျဉ်း၍လည်း အလားတူပင်ဖြစ်သည်။ ကိုယ်တော့်အရည်အချင်းများကို စဉ်းစားဆင်ခြင်ခြင်းသည် နီးစပ်စေရန် ကိုယ်တော်ထံချဉ်းကပ်ခြင်းတွင် အရေးပါသည့်ဒုတိယခြေလှမ်းဖြစ်သည်။ ယေဟောဝါကိုအမှန်ချစ်ပြီး “[ယေဟောဝါ၏] စိတ်နှလုံးနှင့်ညီညွတ်” ခဲ့သူဘုရင်ဒါဝိဒ်က ဤသို့ဆိုသည်– “ရှေးလွန်လေပြီးသောကာလကိုအောက်မေ့၍ အလုံးစုံသောအမှုတော်တို့ကိုလည်းကောင်း၊ လက်တော်နှင့်ပြုပြင်သောအတမန်တော် ၁၃:၂၂; ဆာလံ ၁၄၃:၅။
ရာများကိုလည်းကောင်း ဆင်ခြင်ပါ၏။”—အံ့ချီးဖွယ်ဖန်ဆင်းရာများကို သင်တွေ့မြင်သည့်အခါ သို့မဟုတ် ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာကိုဖတ်သည့်အခါ ဒါဝိဒ်ကဲ့သို့ သင်မြင်ရ၊ ဖတ်ရသည့်အရာကို တွေးတောဆင်ခြင်ပါသလော။ သူအလွန်ချစ်ခင်တွယ်တာသောဖခင်ထံမှ ယခုပင်စာတစ်စောင်လက်ခံရရှိခဲ့သည့် သားတစ်ယောက်ကို စိတ်တွင်မြင်ယောင်ကြည့်ပါ။ ထိုစာကို သူမည်သို့ရှုမြင်မည်နည်း။ စာကို ဟိုလှန်ဒီလှန်ကြည့်ပြီး အံဆွဲအတွင်းပစ်ထားမည်မဟုတ်သည်မှာ သေချာပါသည်။ ယင်းအစား ၎င်းကိုသေချာစွာဖတ်ပြီး ယင်းမှအသေးစိတ်အချက်များနှင့် ခြားနားချက်တိုင်းကို ထုတ်နုတ်ကာဆင်ခြင်သုံးသပ်နေပေမည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်မြွက်တော်ကို ဆာလံဆရာကဲ့သို့ပင် တန်ဖိုးထားသင့်သည်။ သူဤသို့ဆိုသည်– “ကိုယ်တော်၏တရားကို အကျွန်ုပ်သည်အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏။”—ဆာလံ ၁၁၉:၉၇။
ဆက်သွယ်မှုကောင်းကိုထိန်းသိမ်းခြင်း
ဆက်သွယ်မှုကောင်းခြင်းသည် မည်သည့်ဆက်ဆံရေးမဆို၏ အသက်သွေးကြောဖြစ်သည်။ ၎င်းတွင် စိတ်ထဲကသာမက နှလုံးထဲကပါ ပြောဆိုခြင်းနှင့် နားထောင်ခြင်းပါဝင်ပတ်သက်သည်။ ဘုရားသခင်ထံ ဦးတိုက်သည့် ဆုတောင်းခြင်းအားဖြင့် ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့စကားပြောကြသည်။ ကိုယ်တော်ကိုချစ်မြတ်နိုးကာ အမှုတော်ကိုဆောင်ရွက်သူနှင့် ကိုယ်တော်၏ကိုယ်စားလှယ်ချုပ် ယေရှုခရစ်ကိုအသိအမှတ်ပြုသူများ၏ ဆုတောင်းချက်များကို ကိုယ်တော်နှစ်သက်တော်မူသည်။—ဆာလံ ၆၅:၂; ယောဟန် ၁၄:၆၊ ၁၄။
ရှေးအချိန်က အဆင်းအာရုံများ၊ အိပ်မက်များနှင့် ကောင်းကင်တမန်များအပါအဝင် နည်းအမျိုးမျိုးဖြင့် လူသားများကို ဘုရားသခင်စကားပြောခဲ့သည်။ သို့သော် ယခုအချိန်တွင် ကိုယ်တော်၏နှုတ်မြွက်စကားတော်ဖြစ်သည့် သန့်ရှင်းသောကျမ်းစာအားဖြင့် စကားပြောတော်မူသည်။ (၂ တိမောသေ ၃:၁၆) နှုတ်မြွက်စကားတော်သည် သာသည့်အရာများစွာရှိသည်။ မည်သည့်အချိန်၌မဆို ယင်းကိုရှာဖွေကြည့်ရှုနိုင်သည်။ စာတစ်စောင်ကဲ့သို့ပင် ယင်းကိုထပ်ခါထပ်ခါ ဖတ်ရှုခံစားနိုင်သည်။ ထို့ပြင် ၎င်းသည် အလွဲလွဲအမှားမှားဖြစ်မှုများတွေ့ရတတ်သည့် နှုတ်တိုက်လက်ဆင့်ကမ်းလာသော အကြောင်းအရာမဟုတ်ပေ။ ထို့ကြောင့် ကျမ်းစာကို သင်ချစ်မြတ်နိုးသည့် ကောင်းကင်ခမည်းတော်ထံမှလာသော စာစောင်ပေါင်းချုပ်၊ ယင်းစာများအားဖြင့် ကိုယ်တော်က သင့်အား နေ့စဉ်စကားပြောဆိုခွင့်ရစေသည့်အရာအဖြစ် ယူမှတ်ပါ။—မဿဲ ၄:၄။
သာဓကအနေဖြင့် ကျမ်းစာသည် အမှားအမှန်နှင့်ပတ်သက်သော ယေဟောဝါ၏သဘောတော်ကို ဖော်ပြထားသည်။ လူသားများနှင့် ကမ္ဘာကြီးအတွက် ကိုယ်တော့်ရည်ရွယ်ချက်ကို ယင်းတွင် ရှင်းလင်းဖော်ပြထားသည်။ ထို့အပြင် သစ္စာစောင့်သိသော ဝတ်ပြုသူများမှသည် အငြိုးကြီးရန်သူများအထိ အမျိုးမျိုးအဖုံဖုံသောလူများ၊ လူမျိုးများနှင့်ကိုယ်တော်ဆက်ဆံပုံကို ဖွင့်ပြသည်။ ဤနည်းဖြင့် လူသားများနှင့် ကိုယ်တော်၏အပြန်အလှန်သက်ရောက်မှုကို မှတ်တမ်းတင်ထားခြင်းဖြင့် ယေဟောဝါသည် ကျွန်ုပ်တို့အား ကိုယ်တော့်အရည်အသွေး၏သရုပ်သကန်ကို အသေးစိတ်ထူးခြားစွာ ဖော်ပြပေးထားသည်။ ကိုယ်တော်၏ သဘောထားများ၊ ခံစားချက်များနှင့် ယင်းနောက်ကွယ်ရှိအကြောင်းရင်းများဖြစ်သော ချစ်ခြင်း၊ ရွှင်လန်းခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်း၊ အမျက်ထွက်ခြင်း၊ သနားကြင်နာတတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်းများကို လူသားများ အလွယ်တကူနားလည်နိုင်သောနည်းဖြင့် ဖွင့်ပြထားသည်။—ဆာလံ ၇၈:၃-၇။
ဘုရားသခင့်နှုတ်မြွက်တော်၏ အပိုင်းတစ်ခုကိုဖတ်ရှုပြီးနောက် ဖတ်ရှုခြင်းမှ သင်မည်သို့အကျိုးရရှိနိုင်မည်နည်း။ အထူးသဖြင့် ဘုရားသခင်ထံ သင်မည်သို့ပို၍နီးကပ်လာနိုင်မည်နည်း။ ဦးစွာ သင်ဖတ်ရှုခဲ့သည့်အရာနှင့် ပုဂ္ဂိုလ်တစ်ပါးအဖြစ် ဘုရားသခင်အကြောင်း သိရှိခဲ့ရာများကို စဉ်းစားပါ။ အချက်အလက်များကို သင့်နှလုံးအထိ ရောက်စေပါ။ ထို့နောက် ဆင်ခြင်သုံးသပ်ခဲ့ရာများနှင့် ယင်းမှအကျိုးရရှိရန် မည်သို့ကြိုးစားမည်နှင့်စပ်လျဉ်း၍ သင်၏ထင်မြင်ယူဆချက်များနှင့် အတွင်းအကျဆုံးသောခံစားချက်များကို ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကိုပြောပြပါ။ ယင်းသည် ဆက်သွယ်ခြင်းဖြစ်သည်။ သင့်စိတ်တွင် အခြားအကြောင်းအရာများလည်း ရှိနေလျှင် သင်ဆုတောင်းရာတွင် ယင်းတို့ကိုပါ,ပါဝင်စေနိုင်သည်။
ဘုရားသခင်နှင့်အတူတကွလုပ်ဆောင်ပါ
ဘုရားသခင်နှင့်အတူ သို့မဟုတ် ဘုရားသခင့်မျက်မှောက်တော်၌ လျှောက်လှမ်းခဲ့သည့် တည်ကြည်မှုရှိသူအချို့အကြောင်း ကျမ်းစာထဲတွင် ဖော်ပြထားသည်။ (ကမ္ဘာဦး ၆:၉; ၃ ဓမ္မရာဇဝင် ၈:၂၅) ယင်းက အဘယ်အရာကိုဆိုလိုသနည်း။ အခြေခံအားဖြင့် သူတို့အနားတွင် ဘုရားသခင်ရှိနေသကဲ့သို့ နေ့စဉ်အသက်ရှင်နေထိုင်ခဲ့ကြသည်။ သူတို့သည် အပြစ်သားများဖြစ်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ပညတ်တော်များနှင့် မူများကို ချစ်မြတ်နိုးပြီး ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အညီ နေထိုင်ခဲ့ကြ သည်။ ယေဟောဝါသည် ထိုသို့သောသူများထံ ချဉ်းကပ်ပြီး ဆာလံ ၃၂:၈ တွင်– “သင့်ကိုငါသွန်သင်မည်။ သင်သွားရမည်လမ်းကိုပြညွှန်မည်။ သင့်ကိုကြည့်ရှုပြုစုမည်” ဟုဖော်ပြထားသည့်အတိုင်း သူတို့ကိုဂရုစိုက်တော်မူသည်။
သင့်အတွက်လည်း ယေဟောဝါသည် သင်နှင့်အတူလျှောက်လှမ်းသူ၊ သင့်ကိုဂရုစိုက်စောင့်ရှောက်သူနှင့် ဖခင်သဖွယ်အကြံဉာဏ်ပေးတတ်သော ရင်းနှီးသည့်မိတ်ဆွေတစ်ဦးကဲ့သို့ဖြစ်နိုင်သည်။ ပရောဖက်ဟေရှာယက ယေဟောဝါအား “သင်၏အကျိုးနှင့်ယှဉ်သောအရာကိုသွန်သင်၍ သင်သွားအပ်သောလမ်းဖြင့်ပို့ဆောင်သော” အရှင်အဖြစ်ဖော်ပြခဲ့သည်။ (ဟေရှာယ ၄၈:၁၇) ယင်းအကျိုးကျေးဇူးများကို တွေ့ကြုံခံစားရစဉ် ဘုရင်ဒါဝိဒ်ကဲ့သို့ပင် “[ကျွန်ုပ်တို့၏] လက်ယာဘက်၌” ယေဟောဝါရောက်ရှိနေဘိသကဲ့သို့ ကျွန်ုပ်တို့ခံစားကြရသည်။—ဆာလံ ၁၆:၈။
ဘုရားသခင်၏နာမတော် —ကိုယ်တော့်အရည်အချင်းများစူးစိုက်ရာ
မြောက်မြားစွာသောဘာသာတရားများနှင့် အရေအတွက်တိုးများလာနေသော ဘာသာပြန်သူများသည် ဘုရားသခင်၏ ကိုယ်ပိုင်နာမတော်ကို အသုံးပြုရန်နှင့် ဖော်ပြရန် ပျက်ကွက်ကြသည်။ (ဆာလံ ၈၃:၁၈) သို့တိုင် မူရင်းဟေဗြဲကျမ်းစာတွင် ယေဟောဝါဟူသည့်နာမတော်ကို အကြိမ်ပေါင်း ၇,၀၀၀ ခန့်တွေ့ရပါသည်တကား! (ဘုရားသခင့် နာမတော်ကို ထုတ်ပစ်နေစဉ် ကျမ်းစာဘာသာပြန်သူအများစုသည် မူရင်းကျမ်းစာတွင်ဖော်ပြထားသည့် ဗာလ၊ ဗေလ၊ မေရောဒပ်နှင့် စာတန်ကဲ့သို့သော မှားသောဘုရားများစွာ၏အမည်နာမများကို ထိန်းသိမ်းထားခြင်းမှာ ရှေ့နောက်မညီပေ!)
အချို့သူများက ဘုရားသခင့်နာမတော်ကို ချန်လှပ်ထားခြင်းသည် အသေးအဖွဲကိစ္စဖြစ်သည်ဟု ယူမှတ်ကြသည်။ သို့သော် စဉ်းစားကြည့်ပါ– နာမည်မရှိသောပုဂ္ဂိုလ်တစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်သောဆက်ဆံရေးရရှိရန် ပို၍ခက်ခဲမည်လော၊ လွယ်ကူမည်လော။ ဘုရား၊ သခင်ကဲ့သို့သောဂုဏ်ပုဒ်များ (ယင်းကို မှောက်မှားသည့်ဘုရားများ၌လည်းအသုံးပြု) သည်ယေဟောဝါ၏ တန်ခိုးတော်၊ အခွင့်အာဏာ သို့မဟုတ် အနေအထားများကို အာရုံစိုက်စေနိုင်သော်လည်း ကိုယ်တော်၏ကိုယ်ပိုင်နာမတော်ကသာ ကိုယ်တော်မည်သူမည်ဝါဖြစ်ကြောင်း တပ်အပ်သေချာစွာခွဲခြားပြသည်။ (ထွက်မြောက်ရာ ၃:၁၅; ၁ ကောရိန္သု ၈:၅၊ ၆) စစ်မှန်သောဘုရားသခင်၏ ကိုယ်ပိုင်နာမတော်က ကိုယ်တော်၏အရည်အချင်းများနှင့် ဂုဏ်ရည်တော်များကို ထိန်းချုပ်ထားသည်။ ကျမ်းပညာရှင် ဝေါလ်တာ လောင်ရီးက သင့်လျော်စွာဤသို့ဖော်ပြခဲ့သည်– “ဘုရားသခင်ကို အမည်နာမနှင့်မသိသူတစ်ဦးသည် ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ပါးအဖြစ် တကယ်တမ်းမသိ။”
ဩစတြေးလျတွင်နေထိုင်သော စိတ်ရင်းမှန်သည့်ကက်သလစ်တစ်ဦးဖြစ်သူ မာရီးယား၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ယေဟောဝါသက်သေများ သူနှင့်ပထမအကြိမ်တွေ့ဆုံချိန်တွင် မာရီးယားသည် ကျမ်းစာထဲမှ ဘုရားသခင်၏နာမတော်ကိုပြသရန် သက်သေခံများကို ခွင့်ပြုခဲ့သည်။ သူမည်သို့တုံ့ပြန်ခဲ့သနည်း။ “ကျမ်းစာထဲက ဘုရားသခင့်နာမတော်ကို ပထမဆုံးအကြိမ်မြင်တွေ့ရတဲ့အခါ ကျွန်မမျက်ရည်ကျခဲ့တယ်။ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို အမှန်တကယ်သိရှိပြီး အသုံးပြုနိုင်စေခဲ့တဲ့အသိပညာက ကျွန်မကိုအရမ်းလှုံ့ဆော်မှုဖြစ်စေခဲ့တယ်။” မာရီးယားသည် ကျမ်းစာသင်အံမှုကို ဆက်ပြုလုပ်ခဲ့သောကြောင့် သူ့ဘဝတွင် ပထမဆုံးအကြိမ် ပုဂ္ဂိုလ်တစ်ပါးအဖြစ် ယေဟောဝါကိုသိလာပြီး ကိုယ်တော်နှင့်တည်မြဲသောဆက်ဆံရေးကို ပျိုးထောင်နိုင်ခဲ့သည်။
မှန်ပါသည်၊ ကျွန်ုပ်တို့၏ပကတိမျက်စိဖြင့် ကိုယ်တော်ကိုမမြင်နိုင်သည့်တိုင် “ဘုရားသခင်ထံချဉ်းကပ်” နိုင်ပါသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် ကိုယ်တော်၏အလွန်လှပသောကိုယ်ရည်ကိုယ်သွေးများကို “မြင်” နိုင်ပြီး ယင်းကြောင့် ကိုယ်တော်ကို ချစ်ခင်မှုတိုးပွားလာမည်။ ထိုသို့သောချစ်ခြင်းသည် “စုံလင်ခြင်းအဖွဲ့အစည်း” ဖြစ်သတည်း။—ကောလောသဲ ၃:၁၄။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ယေဟောဝါကိုချစ်သည့်သင့်မေတ္တာကို ကိုယ်တော်တုံ့ပြန်
ပေါင်းသင်းဆက်ဆံရေးသည် နှစ်လမ်းသွားဖြစ်သည်။ ဘုရားသခင်ထံ ကျွန်ုပ်တို့နီးကပ်လာသည်နှင့်အမျှ ကျွန်ုပ်တို့ထံ ကိုယ်တော်ပို၍နီးကပ်လာခြင်းဖြင့် ကိုယ်တော်တုံ့ပြန်တော်မူသည်။ ကျမ်းစာပါအထူးမိန့်မှာချက်ကိုရရှိခဲ့သည့် အသက်အရွယ်ကြီးရင့်သူ ရှုမောင်နှင့် အန္နအပေါ်ထားရှိသော ကိုယ်တော်၏သဘောထားကို သုံးသပ်ကြည့်ပါ။ ခရစ်ဝင်ကျမ်းရေးသူလုကာက ရှုမောင်သည် မေရှိယကိုစောင့်မျှော်နေသည့် “ဖြောင့်မတ်သောသူ၊ ဘုရားတရားကြည်ညိုသောသူ” ဖြစ်သည်ဟုဆိုသည်။ ရှုမောင်တွင်ရှိသော ထိုအရည်အချင်းကောင်းများကို ယေဟောဝါသတိပြုမိခဲ့ပြီး ထိုအသက်ကြီးသူအား “သူသည် ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မီ မသေရ” ဟုဗျာဒိတ်ဖွင့်ပြခြင်းဖြင့် မေတ္တာတင်ပြခဲ့သည်။ ယေဟောဝါသည် ကတိတည်ကာ ယေရုရှလင်ရှိဝတ်ပြုရာအိမ်တော်သို့ သူငယ်ယေရှုကို သူ၏မိဘများခေါ်ဆောင်လာစေခဲ့ခြင်းဖြင့် ရှုမောင်ကို လမ်းညွှန်ခဲ့သည်။ ဝမ်းသာပီတိဖြစ်ပြီး အလွန်တန်ဖိုးထားလေးမြတ်စွာနှင့် ရှုမောင်သည် သူငယ်ကိုပွေ့ ပိုက်ကာ ဤသို့ဆုတောင်းခဲ့သည်– “အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ[သေဆုံး]ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူပြီ။ အကြောင်းမူကား . . ကယ်တင်သောအရှင်ကို အကျွန်ုပ်သည် ကိုယ့်မျက်စိနှင့်မြင်ရပါပြီ။”—လုကာ ၂:၂၅-၃၅၊ သမ္မာ။
“ထိုခဏခြင်းတွင်” ယေဟောဝါသည် ၈၄ နှစ်အရွယ်ရှိအန္နကိုလည်း ယေရှုကိုပြညွှန်ခြင်းဖြင့် မိမိ၏မေတ္တာတော်ကို ထင်ရှားပြခဲ့သည်။ မြတ်နိုးဖွယ်ကောင်းသော ထိုမုဆိုးမသည် ဝတ်ပြုရာအိမ်တော်၌အစဉ်အမြဲ ယေဟောဝါအား “ဘုရား[သခင်]ဝတ်ကိုပြု” လျက်နေသည်ဟု ကျမ်းစာကဖော်ပြသည်။ ရှုမောင်ကဲ့သို့ပင် ကျေးဇူးတင်လေးမြတ်စိတ်များပြည့်လျှံစွာဖြင့် ယေဟောဝါ၏အထူးတလည်ကြင်နာမှုပြခြင်းကို ကျေးဇူးတင်ခဲ့သည်။ ထို့နောက် “ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကိုမျှော်လင့်သောသူအပေါင်းတို့အား” သူငယ်အကြောင်းကို ပြောလေသည်။—လုကာ ၂:၃၆-၃၈။
မှန်ပါသည်၊ ယေဟောဝါသည် မိမိကို ရှုမောင်နှင့်အန္နတို့ နှစ်နှစ်ကာကာချစ်၍ကြောက်ရွံ့ခြင်းနှင့် မိမိ၏ရည် ရွယ်ချက်ပြီးမြောက်စေရေးနှင့်ပတ်သက်၍ သူတို့၏ အလွန်စိတ်ဝင်စားမှုတို့ကို ကိုယ်တော်သတိပြုမိခဲ့သည်။ ယင်းသို့သော ကျမ်းစာမှတ်တမ်းများက ယေဟောဝါနှင့် သင့်ကိုမနီးကပ်စေပေလော။
မိမိခမည်းတော်ကဲ့သို့ပင် ယေရှုသည်လည်း တကယ့်လူ့အတွင်းစိတ်ကို သိတော်မူသည်။ ဝတ်ပြုရာအိမ်တော်၌ ဟောပြောသွန်သင်နေစဉ် “ဆင်းရဲသောမုဆိုးမ” တစ်ဦး “ကြေးနီဒ င်္ဂါးနှစ်ပြား” မျှလှူဒါန်းသည်ကို ကိုယ်တော်သတိပြုမိခဲ့သည်။ အခြားသောသတိထားမိသူများအတွက် သူ၏ပေးကမ်းမှုသည် အသေးအဖွဲဟုထင်ခဲ့မည်ဖြစ်သော်လည်း ယေရှုအတွက်ထိုသို့မဟုတ်ခဲ့ချေ။ သူ၌ရှိသမျှကိုပေးကမ်းခဲ့သောကြောင့် ထိုအမျိုးသမီးကို ကိုယ်တော်ချီးမွမ်းခဲ့သည်။ (လုကာ ၂၁:၁-၄) ထို့ကြောင့် ကျွန်ုပ်တို့ပေးကမ်းမှုသည် များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ကျွန်ုပ်တို့တွင်ရှိသည့်အကောင်းဆုံးအရာကို ပေးဆက်မည်ဆိုလျှင် ယေဟောဝါနှင့် ယေရှုသည် တန်ဖိုးထားလေးမြတ်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်သည်။
ဘုရားသခင်သည် မိမိကိုချစ်မြတ်နိုးသူများကြောင့် ဝမ်းမြောက်ရွှင်လန်းသော်လည်း လူသားများ ကိုယ်တော်ထံမှသွေဖည်သွားခြင်းနှင့် မှားယွင်းသောလမ်းစဉ်ကိုလိုက်လျှောက်သောအခါ ကိုယ်တော်စိတ်နာတော်မူသည်။ နောဧခေတ် ရေလွှမ်းမိုးခြင်းမတိုင်မီ လူ့အပြစ်ကြီးသောကြောင့် ယေဟောဝါသည် “နှလုံး၌ နာကျင်တော်မူ” ကြောင်း ကမ္ဘာဦး ၆:၆ [ကဘ] တွင်ဖော်ပြသည်။ နောက်ပိုင်းတွင် နာခံမှုမရှိသောဣသရေလလူများသည် ကြိမ်ဖန်များစွာ “ဘုရားသခင်ကို စုံစမ်း၍ ဣသရေလအမျိုး၌ သန့်ရှင်းသောဘုရားကို ဆန့်ကျင်ဘက်ပြုကြ” သည်ဟုဆာလံ ၇၈:၄၁ တွင်ဆိုသည်။ မှန်ပါသည်၊ ဘုရားသခင်သည် ခံစားချက်ကင်းမဲ့သည့် ဘာသိဘာသာနေသော “ဦးဆုံးသောအကြောင်းတရား” မဟုတ်ချေ။ ကိုယ်တော်သည် အမှန်ပင် ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး ကျွန်ုပ်တို့ကဲ့သို့ မစုံလင်မှုကြောင့် စိတ်မတည်ငြိမ်၊ ထုံထိုင်းနေသူမဟုတ်ပေ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါ၏ဖန်ဆင်းခြင်းလက်ရာများကို စဉ်းစားသုံးသပ်ခြင်းသည် ကိုယ်တော်ထံနီးကပ်လာရန် နည်းတစ်နည်းဖြစ်