သမ္မာကျမ်းစာ—တန်ဖိုးထားလည်းခံရ၊ ပိတ်ပင်မှုလည်းခံရ
သမ္မာကျမ်းစာ—တန်ဖိုးထားလည်းခံရ၊ ပိတ်ပင်မှုလည်းခံရ
“ကျွန်ုပ်အနေနှင့် မြင့်မြတ်သန့်ရှင်းသောစာစောင်များကို လူမျိုးအပေါင်းတို့၏ ဘာသာစကားအားလုံးသို့ ဘာသာပြန်စေလိုသည်” ဟု ၁၆ ရာစုနှစ်က ဒတ်ခ်ျပညာရှင် ဒါစီဒရပ်စ် အီရက်စ်မပ်စ်ကဆိုခဲ့သည်။
အီရက်စ်မပ်စ်၏အစွဲလမ်းဆုံးမျှော်လင့်ချက်မှာ သမ္မာကျမ်းစောင်များကို လူတိုင်းဖတ်ရှုနားလည်နိုင်စေရေးဖြစ်သည်။ သို့သော် သမ္မာကျမ်းစာကိုဆန့်ကျင်သူတို့က ထိုကဲ့သို့သောအကြံအစည်ကို အပြင်းအထန်ငြင်းပယ်ခဲ့ကြ၏။ အမှန်မှာ ထိုအချိန်က ဥရောပသည် သမ္မာကျမ်းစာ၌ပါဝင်သောအချက်အလက်ကို အနည်းငယ်သိလိုသည့် မည်သူ့အတွက်မဆို အလွန့်အလွန်အန္တရာယ်ရှိရာနေရာ ဖြစ်ခဲ့သည်။ အင်္ဂလန်နိုင်ငံ၌ ပါလီမန်လွှတ်တော်တွင်ပြဋ္ဌာန်းထားသောဥပဒေတစ်ရပ်က “အင်္ဂလိပ်ဘာသာဖြင့် ကျမ်းစောင်များကိုဖတ်ရှုသူ မည်သူမဆိုသည် မြေယာ၊ ရွှေ့ပြောင်းနိုင်သောနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများအသိမ်းခံရမည်၊ သေဒဏ်ချခံရမည် . . . ထိုမျှမက ပြစ်ဒဏ်မှလွတ်ပြီးနောက် သူတို့ဆက်ခေါင်းမာနေမည် သို့မဟုတ် ပြန်လုပ်မည်ဆိုလျှင် ရှင်ဘုရင်ကိုသစ္စာဖောက်မှုဖြင့် ဦးစွာ သူတို့ကို ကြိုးပေးကွပ်မျက်ပြီး ထို့နောက် ဘုရားသခင်ကိုဆန့်ကျင်သောအယူမှားမှုဖြင့် မီးရှို့ခံရမည်” ဟုအမိန့်ထုတ်ခဲ့သည်။
ဥရောပတိုက်ကုန်းမပိုင်းတွင် ကက်သလစ်တို့၏ ဘာသာရေးစစ်ကြောမေးမြန်းခန်းများက ပြင်သစ်ဝါလ်ဒင်းစ်ကဲ့သို့သော “အယူမှား” ဂိုဏ်းများကို ရက်စက်စွာရှာဖွေဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းရန်အတွက် ထိုသူတို့ကို ရွေးထုတ်ခဲ့ကြ၏၊ အကြောင်းမှာ “လူဝတ်ကြောင်များအား ဟောပြောခြင်းနှင့် သန့်ရှင်းသောကျမ်းစာစောင်များအား ရှင်းလင်းဖော်ပြခြင်းကို လုံးဝပိတ်ပင်တားဆီးထားခဲ့ရာ . . . ခရစ်ဝင်ကျမ်းများနှင့် တမန်တော်များ၏ဆုံးမစာများအပြင် မြင့်မြတ်သောကျမ်းစောင်များကို” သူတို့ ဟောပြောကြခြင်းအလေ့အထကြောင့် နှိပ်စက်ညှဉ်းပန်းခြင်းဖြစ်သည်။ မရေမတွက်နိုင်သောအမျိုးသား၊ အမျိုးသမီးများသည် သမ္မာကျမ်းစာကိုချစ်မြတ်နိုးခြင်းကြောင့် အပြင်းအထန်ညှဉ်းဆဲခြင်း
နှင့် အသေသတ်ခြင်းတို့ကို ခံခဲ့ရ၏။ သူတို့သည် သခင်အရှင်၏ဆုတောင်းချက် သို့မဟုတ် ပညတ်တော်ဆယ်ပါးကိုအလွတ်ရွတ်ဆိုခြင်းနှင့် မိမိတို့၏သားသမီးများကို သွန်သင်ပေးခြင်းပြုရုံမျှဖြင့် အပြင်းထန်ဆုံးအပြစ်ဒဏ်များပေးခံခဲ့ကြရသည်။ဘုရားသခင်၏နှုတ်မြွက်စကားတော်အား စွဲလမ်းလေးမြတ်မှုမှာ မြောက်အမေရိကသို့ ကိုလိုနီနိုင်ငံတည်ထောင်ဖို့ ရွက်လွှင့်ခဲ့ကြသော ခရီးသွားများ၏နှလုံးသားထဲတွင် ဆက်လက်ရှင်သန်နေခဲ့၏။ အစောပိုင်းအမေရိကတွင် “ဖတ်ရှုခြင်းနှင့် ဘာသာတရားတို့သည် ခွဲခြား၍မရလောက်အောင် ဆက်စပ်လျက်ရှိနေပြီး သမ္မာကျမ်းစာနှင့် အကျွမ်းဝင်မှုပေါ်တွင် လုံးလုံးအခြေပြုသော ယဉ်ကျေးမှုတစ်ခုကို သတ်မှတ်ပြဋ္ဌာန်းခဲ့သည်” ဟု သီးခြားဘဝ၏သမိုင်းတစ်ရပ်—စိတ်အဟုန် စာအုပ်ကဆိုသည်။ အမှန်မှာ ၁၇၆၇ ခုနှစ်တွင် ဘော်စတန်၌ထုတ်ဝေသောတရားစာတစ်စောင်က ဤသို့ဆိုခဲ့သည်– “သန့်ရှင်းသောကျမ်းစောင်ကိုဖတ်ရှုခြင်း၌ ဝီရိယရှိပါ။ နေ့စဉ် နံနက်တိုင်းနှင့် ညနေတိုင်းတွင် သင်၏သမ္မာကျမ်းစာမှ အခန်းကြီးတစ်ခန်းကို ဖတ်ရှုရမည်။”
ကယ်လီဖိုးနီးယာပြည်နယ်၊ ဗန်ချူးရားရှိ ဘာရ်နာသုတေသီအဖွဲ့အဆိုအရ အမေရိကန်နိုင်ငံသား ၉၀ ရာခိုင်နှုန်းကျော်သည် ပျမ်းမျှတစ်ဦးလျှင် သမ္မာကျမ်းစာသုံးအုပ်ပိုင်ဆိုင်ထားကြ၏။ သို့သော် မကြာသေးမီလေ့လာချက်တစ်ရပ်က ထိုတွင် သမ္မာကျမ်းစာကို ဆက်လက်ကြည်ညိုလေးစားကြဆဲဖြစ်သော်လည်း “ယင်းကိုဖတ်ရှုခြင်း၊ လေ့လာခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းတို့သည် . . . အတိတ်ကအရာတစ်ခုဖြစ်ခဲ့ပြီ” ဟုဖော်ပြသည်။ အများစုမှာ ယင်းတွင်ပါသည့်အရာများကို သာမန်ကာလျှံကာမျှသာသိထားကြ၏။ သတင်းစာပင်တိုင်ဆောင်းပါးရှင်တစ်ဦးက ဤသို့သတိပြုမိသည်– “[သမ္မာကျမ်းစာ] သည်လက်ရှိပြဿနာများ၊ စိုးရိမ်မကင်းဖြစ်စရာများနှင့် အရေးတကြီးဆက်စပ်မှုရှိနေသေးသည်ဟူသည့် သဘောထားမျိုး ရှားလှသည်။”
လောကအတွေးအခေါ်၏ဒီလှိုင်း
ခေတ်စားသောယူဆချက်မှာ မိမိတို့သည် ဆင်ခြင်တုံတရားနှင့် လူသားတို့ပူးပေါင်းလုပ်ဆောင်မှုနှစ်ရပ်တည်းဖြင့် ကိုယ့်ဘာသာကိုယ်လျှောက်လှမ်းနိုင်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာကို အဖြစ်မှန်များနှင့် အမှန်တရား၏စာအုပ်အဖြစ်မယူမှတ်ဘဲ ဘာသာရေးယူဆချက်များ၊ ကိုယ်ပိုင်တွေ့ကြုံမှုများနှင့်ပတ်သက်သော စာအုပ်များစွာထဲမှတစ်အုပ်မျှသာဖြစ်သည်ဟု ယူမှတ်ကြ၏။
သို့ဖြစ်၍ ဘဝတွင် တိုးသည်ထက်တိုးလာသည့် ရှုပ်ထွေးပွေလီပြီး ခက်ခဲကျပ်တည်းစေသောပြဿနာများကို လူအများစုက မည်သို့ဖြေရှင်းကြသနည်း။ သူတို့သည် ခိုင်မာသောကျင့်ဝတ်၊ ဘာသာရေးလမ်းညွှန်ချက်များနှင့် လမ်းပြပေးမှုတို့လုံးဝမရှိဘဲ ဝိညာဉ်ရေးရာလေဟာနယ်တွင် လှုပ်ရှားဆောင်ရွက်ကြသည်။ သူတို့သည် “လူပရိယာယ်နှင့် လိမ်လည်လှည့်ဖြားခြင်းဖြင့် . . . ခပ်သိမ်းသောသူတို့၏သွန်သင်ခြင်းလေတိုက်ခတ်၍ ရှေ့တိုးနောက်ဆုတ်လူးလှိမ့်နေသည့်” တက်မ မရှိသော သင်္ဘောများကဲ့သို့ဖြစ်လာကြသည်။—ဧဖက် ၄:၁၄၊ နှစ်ဆယ်ရာစုနှစ်ဓမ္မသစ်ကျမ်း။
သို့ဖြစ်လျှင် သမ္မာကျမ်းစာသည် နောက်ဘာသာရေးစာအုပ်တစ်အုပ်သက်သက်မျှသာလော။ သို့မဟုတ် ယင်းသည် လက်တွေ့ကျပြီး အရေးကြီးသောအချက်အလက်ပါဝင်သည့် ဘုရားသခင်၏နှုတ်မြွက်စကားတော် အမှန်ပင်လော။ (၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာကို ကျွန်ုပ်တို့ ဆင်ခြင်သုံးသပ်ထိုက်သလော။ နောက်ဆောင်းပါးက ဤမေးခွန်းများကို ဖြေရှင်းပေးလိမ့်မည်။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
ဒါစီဒရပ်စ် အီရက်စ်မပ်စ်
[Credit Line]
From the book Deutsche Kulturgeschichte
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဝါလ်ဒင်းစ်များသည် ကျမ်းစောင်များမှ သူတို့ဟောပြောကြခြင်းကြောင့် နှိပ်စက်ညှဉ်းပန်းရန်အတွက် ရွေးထုတ်ခံခဲ့ရ
[Credit Line]
Stichting Atlas van Stolk, Rotterdam