ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်ပါ
ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်ပါ
“သင်တို့သည် ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် အဆုံးတွင်အပြည့်အဝရပ်တည်မည်အကြောင်း [သူသည်] သင်တို့အဖို့ကာလအစဉ် ကြိုးစား၍ဆုတောင်းတတ်၏။”—ကောလောသဲ. ၄:၁၂၊ ကဘ။
၁၊ ၂။ (က) ပြင်ပမှသူတို့သည် အစောပိုင်းခရစ်ယာန်များနှင့်ပတ်သက်၍ အဘယ်အရာကို သတိပြုမိခဲ့ကြသနည်း။ (ခ) ကောလောသဲကျမ်းစောင်သည် မေတ္တာပါသောစိတ်ဝင်စားမှုကို မည်သို့ထင်ဟပ်ပြသနည်း။
ယေရှု၏နောက်တော်လိုက်များသည် ယုံကြည်သူချင်းတို့ကို လွန်စွာစိတ်ဝင်စားခဲ့ကြ၏။ တာတူလျန် (စီ.အီး. ဒုတိယနှင့် တတိယရာစုမှစာရေးဆရာ) က မိဘမဲ့များ၊ ဆင်းရဲသားများနှင့် သက်ကြီးရွယ်အိုများအပေါ် သူတို့ပြသခဲ့ကြသည့်ကြင်နာမှုအကြောင်း ပြောပြခဲ့သည်။ မေတ္တာ၏ထင်ရှားသောလုပ်ရပ်များသည် မယုံကြည်သူတို့ကို အလွန်စိတ်စွဲမှတ်စေခဲ့ရာ ခရစ်ယာန်များနှင့်ပတ်သက်၍ အချို့က ‘ကြည့်စမ်း၊ သူတို့အချင်းချင်း ချစ်လိုက်ကြတာ’ ဟုပြောခဲ့ကြသည့်အထိပင်။
၂ ကောလောသဲကျမ်းစောင်က ကောလောသဲရှိ ညီအစ်ကို၊ ညီအစ်မများအတွက် တမန်တော်ပေါလုနှင့် သူ့အဖော်ဧပဖြတို့၏ ယင်းသို့သော မေတ္တာပါသည့်စိတ်ဝင်စားမှုကို ထင်ဟပ်ပြသည်။ သူတို့ထံ ပေါလု ဤသို့ရေးသားခဲ့သည်– ဧပဖြက “သင်တို့သည် ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် အဆုံးတွင်အပြည့်အဝရပ်တည်မည်အကြောင်း သင်တို့အဖို့ကာလအစဉ် ကြိုးစား၍ဆုတောင်းတတ်၏။” ၂၀၀၁ ခုနှစ်အတွင်း ယေဟောဝါသက်သေများသည် မိမိတို့၏နှစ်ချုပ်ကျမ်းချက်အဖြစ် ကောလော မှ ဤစကားများဖြစ်ပါလိမ့်မည်– ‘ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်လော့။’ သဲ ၄:၁၂
၃။ အဘယ်အရာနှစ်ခုအတွက် ဧပဖြဆုတောင်းပေးခဲ့သနည်း။
၃ မိမိချစ်ခင်သူတို့အတွက် ဧပဖြ၏ဆုတောင်းချက်များတွင် အပိုင်းနှစ်ပိုင်းပါရှိသည်ကို သင်တွေ့မြင်နိုင်သည်– (၁) သူတို့သည် “အဆုံးတွင်အပြည့်အဝရပ်တည်” နှင့် (၂) သူတို့သည် “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့်” ရပ်တည်ရန်တို့ဖြစ်သည်။ သမ္မာကျမ်းစာစောင်၌ ကျွန်ုပ်တို့၏အကျိုးအတွက် ဤအချက်ကို ထည့်သွင်းပေးခဲ့သည်။ သို့ဖြစ်၍ သင့်ကိုယ်ကို ‘ဘုရားသခင်ရဲ့အလိုတော်ရှိသမျှမှာ ခိုင်မြဲတဲ့စိတ်ချမှုနဲ့ အဆုံးတွင်အပြည့်အဝရပ်တည်ဖို့ ငါကိုယ်တိုင် ဘာလုပ်ဖို့လိုအပ်သလဲ၊ ဒါ့အပြင် အဲဒီအတိုင်းပြုလုပ်ရင် ဘာအကျိုးရှိလိမ့်မလဲ’ ဟုမေးမြန်းပါ။ ကျွန်ုပ်တို့ ကြည့်ကြစို့။
“အပြည့်အဝရပ်တည်” ရန်ကြိုးပမ်း
၄။ ကောလောသဲအသင်းသားများသည် အဘယ်သဘောမျိုးဖြင့် အပြည့်အဝဖြစ်ရန် လိုအပ်ခဲ့သနည်း။
၄ ကောလောသဲရှိ မိမိ၏ဝိညာဉ်ရေးရာညီအစ်ကို၊ ညီအစ်မများအနေဖြင့် “အဆုံးတွင်အပြည့်အဝရပ်တည်” ရန် ဧပဖြဆန္ဒပြင်းပြခဲ့၏။ ဤတွင် “အပြည့်အဝ” ဟူ၍ပြန်ဆိုထားသော ပေါလုအသုံးပြုသည့်ဝေါဟာရမှာ စုံလင်မှု၊ ကြီးရင့်မှု သို့မဟုတ် ရင့်ကျက်မှုဟူသောသဘောမျိုး ဆောင်နိုင်သည်။ (မဿဲ ၁၉:၂၁; ဟေဗြဲ ၅:၁၄; ယာကုပ် ၁:၄၊ ၂၅) ယေဟောဝါ၏ နှစ်ခြင်းခံထားသောသက်သေခံဖြစ်သွားသူတစ်ဦးမှာ ကြီးရင့်သည့်ခရစ်ယာန်တစ်ဦး အလိုအလျောက် ဖြစ်မသွားကြောင်း သင်သိထားပေမည်။ ပေါလုက ကောလောသဲမြို့အနောက်ဘက်တွင် နေထိုင်လျက်ရှိသော ဧဖက်အသင်းသားတို့ထံ သိုးထိန်းများနှင့် သွန်သင်ပေးသူတို့အနေဖြင့် “ရှိသမျှသည် ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်၏သားတော်ကို သိကျွမ်းခြင်းသို့လည်းကောင်း၊ တညီတညွတ်တည်းရောက်၍ ခရစ်တော်၏ပြည့်စုံခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက်ကြသည်တိုင်အောင်” ကြိုးစား၍ကူညီပေးရန် ရေးသားခဲ့သည်။ အခြားတစ်နေရာတွင် ပေါလုက ခရစ်ယာန်များသည် “ဉာဏ်အရာ၌ အသက်ကြီးသောသူဖြစ်” လာကြရန် တိုက်တွန်းခဲ့သည်။—ဧဖက် ၄:၈-၁၃; ၁ ကောရိန္သု ၁၄:၂၀။
၅။ ကျွန်ုပ်တို့သည် ‘ပြည့်ဝစုံလင်ခြင်း’ ကို အဓိကပန်းတိုင် မည်သို့ဖြစ်စေနိုင်သနည်း။
၅ ကောလောသဲရှိသူအချို့တို့သည် ဝိညာဉ်ရေးရာတွင် အပြည့်အဝမကြီးရင့် သို့မဟုတ် မရင့်ကျက်သေးသော် ယင်းသည် သူတို့၏ပန်းတိုင်ဖြစ်ရန် လိုအပ်ခဲ့သည်။ ယနေ့ ထပ်တူမဖြစ်သင့်ပေလော။ ကျွန်ုပ်တို့နှစ်ခြင်းခံခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီ၍ကြာခဲ့ပြီဖြစ်စေ၊ မကြာသေးမီကပင်ဖြစ်ပါစေ၊ ကျွန်ုပ်တို့၏ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ရှုမြင်ချက်များ၌ သိသိသာသာတိုးတက်လာနေကြောင်း မြင်သာသလော။ ဆုံးဖြတ်ချက်များမချမီ သမ္မာကျမ်းစာမူများကို ကျွန်ုပ်တို့ထည့်သွင်းစဉ်းစားကြသလော။ ဘုရားသခင်နှင့်ဆက်စပ်သည့် ကိစ္စရပ်များနှင့် အသင်းတော်အကျိုးစီးပွားတိုးတက်ရေးတို့သည် ကျွန်ုပ်တို့၏ဘဝတွင် အပယိကမဟုတ်ဘဲ ကြီးသည်ထက်ကြီးလာသော အခန်းကဏ္ဍတစ်ခုဖြစ်လာနေသလော။ ဤတွင် ယင်းသို့သောပြည့်စုံခြင်းဘက်သို့ကြီးရင့်မှု၌ ကျွန်ုပ်တို့ရောင်ပြန်ဟပ်နိုင်မည့် နည်းလမ်းအသွယ်သွယ်ကို ကျွန်ုပ်တို့ဖော်ပြ၍မကုန်နိုင်ပါ၊ သို့သော် ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။
၆။ ယေဟောဝါကဲ့သို့ စုံလင်ခြင်းအဖြစ်သို့ လူတစ်ဦး တိုးတက်နိုင်စေမည့် ကဏ္ဍတစ်ခုကား အဘယ်နည်း။
၆ ပထမဥပမာ– အခြားလူမျိုးနွယ်၊ နိုင်ငံသား သို့မဟုတ် ဒေသရှိသူတို့အပေါ် စိတ်စွန်းကွက်မှု သို့မဟုတ် ရန်ငြိုးထားမှုရှိသောဝန်းကျင်တစ်ခု၌ ကျွန်ုပ်တို့ ကြီးပြင်းလာကြသည်ဆိုပါစို့။ ဘုရားသခင်သည်မျက်နှာမလိုက်၊ ကျွန်ုပ်တို့လည်း မလိုက်သင့်ကြောင်း ယခု ကျွန်ုပ်တို့သိပြီ။ (တမန်တော် ၁၀:၁၄၊ ၁၅၊ ၃၄၊ ၃၅) ကျွန်ုပ်တို့၏အသင်းတော် သို့မဟုတ် တိုက်နယ်အတွင်း၌ အခြားနောက်ခံရှိသူများရှိကြရာ သူတို့သည် ကျွန်ုပ်တို့၏ပတ်လည်တွင် ရှိကြသည်။ သို့တိုင် ကျွန်ုပ်တို့သည် ထိုနောက်ခံရှိသူတို့အပေါ် အပျက်သဘောထားအချို့ သို့မဟုတ် မယုံသင်္ကာမှုအချို့ကို မည်သည့်အတိုင်းအတာအထိ စိတ်တွင် သိုမှီးထားပါသနည်း။ ထိုနောက်ခံမှလာသူတစ်ဦးက ကျွန်ုပ်တို့ကို တစ်နည်းနည်းဖြင့် အနည်းအကျဉ်းအမှားပြုမိလျှင် ‘ကြက်ခေါင်းဆိတ်မခံ’ ချက်ချင်းအဆိုးမြင်တတ်သူလော။ သင့်ကိုယ်ကို ‘ဘုရားသခင်၏မျက် နှာမလိုက်သော သဘောထားမျိုး ထားရန် ငါပိုပြီးတိုးတက်အောင်လုပ်ဖို့လိုအပ်သလော’ ဟုမေးမြန်းပါ။
၇။ ခရစ်ယာန်တစ်ဦးအနေဖြင့် ပြည့်ဝလာစေခြင်းတွင် အခြားသူတို့အပေါ် အဘယ်သို့ရှုမြင်တတ်ရန်ကြိုးစားခြင်း ပါဝင်မည်နည်း။
၇ ဒုတိယဥပမာ– ဖိလိပ္ပိ ၂:၃ အရ ကျွန်ုပ်တို့သည် ‘ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကိုတပ်မက်သောစိတ်မရှိဘဲ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်’ သင့်သည်။ ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့တိုးတက်စေနေသနည်း။ ယောက်တိုင်း၌ အားနည်းချက်များနှင့် အားသာချက်များရှိကြ၏။ ယခင်က ကျွန်ုပ်တို့သည် အခြားသူတို့၏အားနည်းချက်များကို မြင်တွေ့လွယ်သူဖြစ်ခဲ့သည့်အခြေအနေမှ တိုးတက်လာပြီဖြစ်ရာ သူတို့အားလုံးကို “စုံလင်” လုနီးပါးဖြစ်ရန် မမျှော်လင့်တော့ပေ။ (ယာကုပ် ၃:၂) ယခုတွင် ယခင်ထက်စာလျှင် ကျွန်ုပ်တို့သည် အခြားသူတို့၏ ကိုယ့်ထက်သာ၍ကောင်းမြတ်သည့်နည်းလမ်းများကို မြင်တွေ့လာနိုင်သလော—ရှာခြင်းပင်ပြုသလော။ ‘ဒီညီအစ်မဟာ စိတ်ရှည်တဲ့နေရာမှာ ငါထက်သာတယ်ဆိုတာကို ငါဝန်ခံရမယ်။’ ‘ဒီသူဟာ ပိုပြီးကောင်းမွန်သန်စွမ်းတဲ့ ယုံကြည်ခြင်းကို ရောင်ပြန်ဟပ်ပြတယ်။’ ‘ပွင့်ပွင့်လင်းလင်းပြောရရင် သင်ပြတဲ့နေရာမှာ သူဟာ ငါထက်ပိုတော်တယ်။’ ‘သူ့ရဲ့ဒေါသကို ထိန်းချုပ်တဲ့နေရာမှာ သူဟာ ငါထက်သာတယ်။’ ကောလောသဲအသင်းသားအချို့သည် ဤကိစ္စတွင် တိုးတက်ရန် လိုအပ်ခဲ့ပေမည်။ ကျွန်ုပ်တို့ကော။
၈၊ ၉။ (က) အဘယ်သဘောမျိုးဖြင့် ဧပဖြသည် ကောလောသဲအသင်းသားများ အပြည့်အဝ “ရပ်တည်” ရန်အတွက် ဆုတောင်းခဲ့သနည်း။ (ခ) ‘အပြည့်အဝရပ်တည်လျက်နေခြင်း’ တွင် အနာဂတ်နှင့်ပတ်သက်၍ အဘယ်အရာအကျုံးဝင်သနည်း။
၈ ကောလောသဲအသင်းသားတို့သည် “အပြည့်အဝရပ်တည်” မည့်အကြောင်း ဧပဖြကဆုတောင်းခဲ့သည်။ ကောလောသဲအသင်းသားတို့သည် အတတ်နိုင်ဆုံး ပြည့်ဝသော၊ ရင့်ကျက်သောနှင့် ကြီးရင့်သောခရစ်ယာန်များဖြစ်ကာ “ရပ်တည်” နေစေရန် သို့မဟုတ် ယင်းသို့ဆက်၍မြဲနေစေရန် ဧပဖြဆုတောင်းပေးခဲ့ကြောင်း ထင်ရှားသည်။
၉ ခရစ်ယာန်ဖြစ်လာသူတစ်ဦးချင်းစီ၊ ရင့်ကျက်သူတစ်ဦးသည်ပင် ထိုသို့ဆက်တည်မြဲမည်ဟု ကျွန်ုပ်တို့ မယူမှတ်နိုင်ချေ။ ယေရှုက ဘုရားသခင်၏ကောင်းကင်သားတစ်ဦးသည် ‘သစ္စာတရား၌မတည်မနေခဲ့’ ကြောင်း မိန့်တော်မူခဲ့သည်။ (ယောဟန် ၈:၄၄) ထို့ပြင် အတိတ်က ယေဟောဝါကို အတော်အတန်ကြာ ဝတ်ပြုကိုးကွယ်ခဲ့သော ကောရိန္သုအသင်းသားအချို့သည် နောက်ပိုင်းတွင် ပျက်ကွက်ခဲ့ကြကြောင်း ပေါလုအမှတ်ရစေခဲ့သည်။ ဝိညာဉ်တော်ဖွားကောင်းကင်အတန်းအစားညီအစ်ကိုများကို သူဤသို့သတိပေးခဲ့သည်– “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏၊ ထိုသူသည် မလဲခြင်းငှာသတိပြုစေ။” (၁ ကောရိန္သု ၁၀:၁၂) ဤသတိပေးချက်က ကောလောသဲအသင်းသားတို့ကို “အဆုံးတွင်အပြည့်အဝရပ်တည်” စေမည်အကြောင်း ဆုတောင်းချက်တွင် ထပ်၍အားဖြည့်ပေးသည်။ သူတို့သည် ပြည့်ဝ၊ ကြီးရင့်လာသောအခါ ရွေ့လျော့ခြင်း၊ ခြေကုန်လက်ပန်းကျခြင်း သို့မဟုတ် လွင့်မျောလမ်းလွဲသွားခြင်းမရှိဘဲ ဆက်လက်တည်မြဲရန် လိုအပ်ခဲ့သည်။ (ဟေဗြဲ ၂:၁; ၃:၁၂; ၆:၆; ၁၀:၃၉; ၁၂:၂၅) သို့ဖြင့် သူတို့အား စိစစ်ကာ နောက်ဆုံးမျက်နှာသာချမှတ်ရာနေ့ရက်တွင် သူတို့သည် “အပြည့်အဝ” ဖြစ်နေမည်။—၂ ကောရိန္သု ၅:၁၀; ၁ ပေတရု ၂:၁၂။
၁၀၊ ၁၁။ (က) ကျွန်ုပ်တို့အတွက် ဆုတောင်းခြင်းဆိုင်ရာ အဘယ်စံနမူနာကို ဧပဖြ ချမှတ်ပေးခဲ့သနည်း။ (ခ) ဧပဖြပြုလုပ်ခဲ့ရာနှင့်အညီ သင်အဘယ်အရာပြုလုပ်ဖို့ စိတ်ပိုင်းဖြတ်လိုမည်နည်း။
၁၀ အခြားသူတို့အတွက် အမည်ဖြင့်ဆုတောင်းပေးခြင်း၏အရေးပါမှု၊ သူတို့ကို ယေဟောဝါကူညီရန်၊ နှစ်သိမ့်မှုပေးရန်၊ ကောင်းချီးပေး၍ သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းပေးမည်အကြောင်း တောင်းလျှောက်ခြင်း၌ သတ်သတ်မှတ်မှတ်ရှိစေခြင်းတို့ကို ကျွန်ုပ်တို့ ဆွေးနွေးနှင့်ခဲ့ပြီးဖြစ်သည်။ ကောလောသဲအသင်းသားများအတွက် ဧပဖြ၏ဆုတောင်းချက်များမှာ ထိုသဘောမျိုးဖြစ်သည်။ ၎င်းပြင် ထိုစကားများထဲတွင် ယေဟောဝါထံဆုတောင်းချက်၌ ကျွန်ုပ်တို့ကိုယ်နှိုက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့တောင်းလျှောက်အပ်သော တန်ဖိုးရှိသည့်အကြံဉာဏ်ပေးချက်ကို ရှာတွေ့နိုင်သည်—အမှန်တွင် ရှာတွေ့သင့်သည်။ ကျွန်ုပ်တို့ယောက်တိုင်း “အဆုံးတွင်အပြည့်အဝရပ်တည်” မည့်ပန်းတိုင်ရောက်သည့်အထိ ယေဟောဝါကူညီရန်အတွက် ကျွန်ုပ်တို့တောင်းခံသင့်သည်မှာ စဉ်းစားစရာပင်မလိုချေ။ အသင်ကောတောင်းခံပါသလော။
၁၁ သင့်အခြေအနေကို ဆုတောင်းကာတင်ပြပါလေ။ “ပြည့်ဝ”၊ ကြီးရင့်၊ ရင့်ကျက်ခြင်းအဖြစ်သို့ သင်၏ရောက်ရှိမှုအတိုင်းအတာနှင့်ပတ်သက်၍ ဘုရားသခင်အား ပြောဆိုပါ။ ဝိညာဉ်ရေးဆိုင်ရာ ကြီးထွားရန်လိုအပ်သေးသည့်ကဏ္ဍများကို သင်သိရှိစေရန်ကူညီပေးဖို့ ကိုယ်တော်ထံ အသနားခံပါ။ (ဆာလံ ၁၇:၃; ၁၃၉:၂၃၊ ၂၄) ယင်းကဲ့သို့သော အပိုင်းကဏ္ဍအချို့ သင်၌ရှိနေမည်မှာ သေချာပါသည်။ ထိုအခါ ယင်းကြောင့် စိတ်အားလျော့လက်မှိုင်ချမည့်အစား တိုးတက်ရန်အကူအညီအတွက် ဘုရားသခင်ထံ ရှင်းလင်းတိကျစွာ တိုးလျှိုးအသနားခံပါ။ ယင်းကို တစ်ကြိမ်ထက်မက ပြုလုပ်ပါလေ။ အမှန်မှာ သင်သည် “အဆုံးတွင်အပြည့်အဝရပ်တည်” မည်အကြောင်း ဤလာမည့်ရက်သတ္တပတ်တွင် အတော်ပင်အသေးစိတ် သင်ဆုတောင်းမည်ဟု ဆုံးဖြတ်ထားပါလေ။ နှစ်ချုပ်ကျမ်းချက်ကို သင်သုံးသပ်ရင်း သာ၍ပြုလုပ်ရန် ကြံရွယ်ထားပါလေ။ သင့်ဆုတောင်းချက်များတွင် သင့်အား ဘုရားသခင်၏လုပ်ငန်းတော်မှ ရွေ့လျော့၊ ခြေကုန်လက်ပန်းကျ သို့မဟုတ် လွင့်မျောတိမ်းလွဲသွားစေနိုင်သည့် စိတ်တိမ်းညွှတ်စေနိုင်ရာများနှင့် ထိုသို့ဖြစ်ခြင်းကို မည်သို့ရှောင်ရှားနိုင်ပုံအား အာရုံစိုက်ပါလေ။—ဧဖက် ၆:၁၁၊ ၁၃၊ ၁၄၊ ၁၈။
ခိုင်မြဲသောစိတ်ချမှုအတွက် ဆုတောင်းပါ
၁၂။ ကောလောသဲအသင်းသားများသည် အထူးသဖြင့် “ခိုင်မြဲသောစိတ်ချမှု” အဘယ်ကြောင့် လိုအပ်ခဲ့သနည်း။
၁၂ ကောလောသဲအသင်းသားတို့သည် နောက်ဆုံးတွင် ဘုရားသခင့်လက်ခံဖွယ်ကောင်းသောရပ်တည်မှုကို တွေ့ရဖို့ အရေးပါခဲ့သည့် နောက်ထပ်အရာတစ်ခုအတွက်လည်း ဧပဖြကဆုတောင်းခဲ့သည်။ ယင်းသည် ကျွန်ုပ်တို့အတွက် ထပ်တူအရေးကြီးသည်။ ၎င်းကား အဘယ်နည်း။ သူက “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့်” သူတို့ရပ်တည်မည်အကြောင်း သူဆုတောင်းခဲ့သည်။ သူတို့၏ပတ်ပတ်လည်တွင် အယူလွဲသူများ၊ လှိုက်စားတတ်သောအတွေးအခေါ်များနှင့်ဝိုင်းပတ်လျက်ရှိပြီး၊ ယင်းတို့ထဲမှအချို့မှာ စစ်မှန်သောဝတ်ပြုရေးအယောင်ဆောင်ထား၏။ ဥပမာ၊ သူဂလာတိ ၃:၁၉; ကောလောသဲ ၂:၈၊ ၁၆-၁၈။
တို့သည် ဂျူးဘာသာရေး၌ တစ်ချိန်ကလိုအပ်ခဲ့သော အစာရှောင်ရာ သို့မဟုတ် ပွဲခံရာ အထူးနေ့ရက်များကို စောင့်ထိန်းရန်ဖိအားပေးခံခဲ့ရသည်။ အယူမှားဆရာတို့က မောရှေထံ ပညတ်တော် ပို့ဆောင်ရန် အသုံးပြုခံရလေ့ရှိသည့် တန်ခိုးရှိသောနာမ်ဝိညာဉ်သား ကောင်းကင်တမန်များထံ အာရုံရောက်နေကြ၏။ ၎င်းကဲ့သို့သော ဖိအားပေးမှုများခံနေရခြင်းကို စဉ်းစားကြည့်လိုက်ပါ! ဆန့်ကျင်ဘက် အယူအဆအမျိုးမျိုးဖြင့် ရှုပ်ထွေးနေသည်။—၁၃။ ကောလောသဲအသင်းသားများကို အဘယ်အချက်က အကူအညီပေးနိုင်ကြောင်း အသိအမှတ်ပြုလျက် ယင်းက ကျွန်ုပ်တို့ကို မည်သို့ကူညီပေးနိုင်သနည်း။
၁၃ ပေါလုက ယေရှုခရစ်၏အခန်းကဏ္ဍကို အလေးပေးဖော်ပြကာ တုံ့ပြန်ချေပခဲ့သည်။ “သင်တို့သည် သခင်ယေရှုခရစ်ကိုခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌ မြဲမြံစွာစွဲလမ်းလျက် . . . ထိုသခင်၌ကျင်လည်ကြလော့။” မှန်ပါသည်၊ ဘုရားသခင်၏ရည်ရွယ်တော်မူချက်နှင့် ကျွန်ုပ်တို့၏အသက်တာ၌ ခရစ်တော်၏အခန်းကဏ္ဍနှင့်ပတ်သက်၍ (ကောလောသဲအသင်းသားများနှင့် ကျွန်ုပ်တို့အတွက်ပါ) အပြည့်အဝယုံကြည်စိတ်ချမှုရှိဖို့လိုသည်။ ပေါလုက ဤသို့ရှင်းပြခဲ့သည်– “ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။ အထွတ်အမြတ်အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။”—ကောလောသဲ ၂:၆-၁၀။
၁၄။ ကောလောသဲရှိသူတို့အတွက် မျှော်လင့်ချက်သည် အဘယ်ကြောင့်တကယ့်အရာ ဖြစ်သနည်း။
၁၄ ကောလောသဲအသင်းသားများသည် ဝိညာဉ်တော်ဖွား-ကောင်းကင်အတန်းအစားခရစ်ယာန်များ ဖြစ်ကြသည်။ သူတို့တွင် ထင်ရှားသော ကောင်းကင်အသက်တာမျှော်လင့်ချက်ရှိထားကြပြီး အဆိုပါမျှော်လင့်ချက်ကို တောက်ပနေစေရန် ခိုင်လုံသောအကြောင်းရင်း သူတို့တွင်ရှိထား၏။ (ကောလောသဲ ၁:၅) သူတို့၏မျှော်လင့်ချက် သေချာမှုနှင့်ပတ်သက်၍ သူတို့တွင် ခိုင်မြဲသောစိတ်ချမှုရှိရန်မှာ “ဘုရားသခင်၏အလိုတော်” ဖြစ်သည်။ သူတို့ထဲမှတစ်ဦးဦးသည် အဆိုပါမျှော်လင့်ချက်အပေါ် သံသယဝင်သင့်သလော။ လုံးဝမဝင်သင့်ပါလေ! ယင်းသည် ယနေ့ ဘုရားသခင်ပေးထားသည့် မြေကြီးပရဒိသုတွင် အသက်ရရန် အလားအလာရှိသူအားလုံးအတွက်ကော ခြားနားသင့်သလော။ အမှန်ပင် မခြားနားသင့်ချေ! အဆိုပါခိုင်လုံသောမျှော်လင့်ချက်သည် “ဘုရားသခင်၏အလိုတော်” တွင်ပါဝင်သည်မှာ ထင်ရှားပါသည်။ ယခုတွင် ဤမေးခွန်းများကို သုံးသပ်ကြည့်ပါ– သင်သည် ‘ကြီးစွာသောဆင်းရဲခြင်း’ ကိုကပ်ကျော်မည့် “လူအုပ်ကြီး” ဝင်တစ်ဦးအဖြစ် ကြိုးစားအားထုတ်နေသူတစ်ဦးဖြစ်မည်ဆိုလျှင် သင်၏မျှော်လင့်ချက်သည် မည်မျှအမှန်တကယ်ဖြစ်သနည်း။ (ဗျာဒိတ် ၇:၉၊ ၁၄) ယင်းသည် သင်၏ “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှု” တစ်စိတ်တစ်ပိုင်းဖြစ်သလော။
၁၅။ မျှော်လင့်ခြင်းပါဝင်သည့် အဘယ်ဆက်တိုက်အစဉ်လိုက်ကို ပေါလုဖော်ပြခဲ့သနည်း။
၁၅ “မျှော်လင့်ခြင်း” ဟုဆိုသော် ယောင်ဝါးဝါးလိုအင်ဆန္ဒ သို့မဟုတ် စိတ်ကူးယဉ်မှုတစ်ခုဟု ဆိုလိုသည်မဟုတ်။ ယင်းသို့မဆိုလိုကြောင်း အစောပိုင်းက ရောမမြို့သို့ ပေါလုဖော်ပြခဲ့သော အစဉ်လိုက်အချက်အလက်များမှ ကျွန်ုပ်တို့တွေ့ရှိနိုင်သည်။ ထိုအစဉ်လိုက်တွင် ဖော်ပြထားသည့်အရာတစ်ခုစီသည် နောက်အချက်နှင့် ချိတ်ဆက်နေ သို့မဟုတ် နောက်အချက်ဆီသို့ဦးတည်ပေးသည်။ မိမိ၏သုံးသပ်မှုတွင် “မျှော်လင့်ခြင်း” ကို အဘယ်နေရာ၌ ပေါလုထားကြောင်း အာရုံစိုက်ပါ– “ဆင်းရဲခြင်းကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား၊ . . . ဆင်းရဲခြင်းသည် သည်းခံခြင်းကိုပြုစုတတ်၏။ သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကိုပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်းကိုပြုစုတတ်၏။ ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာအကြောင်းနှင့်ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ . . . သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွန်းလောင်းတော်မူ၏။”—ရောမ ၅:၃-၅။
၁၆။ သမ္မာကျမ်းစာအမှန်တရားကို သင်လေ့လာသည်နှင့်အမျှ အဘယ်မျှော်လင့်ချက် သင်၌ရှိလာသနည်း။
၁၆ ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာသတင်းစကားကို သင့်အား ဦးဆုံးအကြိမ်ဝေမျှခဲ့ချိန်တွင် လူသေတို့၏အခြေအနေ သို့မဟုတ် ရှင်ပြန်ထမြောက်ခြင်းကဲ့သို့သော အမှန်တရားတစ်ခုခုက သင့်အာရုံကို ဖမ်းစားခဲ့ပေမည်။ များစွာတို့အတွက် အဓိကအားဖြင့် နားလည်သဘောပေါက်မှုအသစ်မှာ သမ္မာကျမ်းစာ၌အခြေခံသော မြေကြီးပရဒိသုအသက်တာ အလားအလာဖြစ်၏။ အဆိုပါသွန်သင်ချက်အား သင်ဦးဆုံးကြားရသည့်အချိန်ကို ပြန်အမှတ်ရပါ။ မည်မျှအံ့ဖွယ်ကောင်းလိုက်သည့်မျှော်လင့်ချက်—ဖျားနာမှုနှင့် အသက်ကြီးရင့်မှုမရှိ၊ သင်လုပ်ဆောင်မှု၏အကျိုးကျေးဇူးများကို သင်မွေ့လျော်ခံစားနိုင်၊ တိရစ္ဆာန်များနှင့်သင့်မြတ်နေမည်တည်း! (ဒေ. ၉:၅၊ ၁၀; ဟေရှာယ ၆၅:၁၇-၂၅; ယောဟန် ၅:၂၈၊ ၂၉; ဗျာဒိတ် ၂၁:၃၊ ၄) ကောင်းမြတ်လှသောမျှော်လင့်ချက်ကို သင်ရယူလေပြီ!
၁၇၊ ၁၈။ (က) ရောမအသင်းတော်သို့ ပေါလုတင်ပြခဲ့သောအကြောင်းသည် မည်သို့မျှော်လင့်ခြင်းသို့ ဦးတည်သွားသနည်း။ (ခ) ရောမ ၅:၄-၅ ၌ အဘယ်မျှော်လင့်ချက်မျိုးကို ဆိုလိုခြင်းဖြစ်သနည်း၊ ယင်းမျှော်လင့်ချက်မျိုး သင်၌ရှိသလော။
၁၇ တဖြည်းဖြည်းနှင့် ဆန့်ကျင်မှု သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုအချို့ကို သင်ရင်ဆိုင်ရပေမည်။ (မဿဲ ၁၀:၃၄-၃၉; ၂၄:၉) မကြာသေးမီနှစ်များကပင် နိုင်ငံအသီးသီးရှိသက်သေခံများသည် သူတို့၏နေအိမ်များအသိမ်းခံခဲ့ရ၏ သို့မဟုတ် တစ်နေရာတွင် သွားရောက်ခိုလှုံရသည့်ဘဝရောက်ခဲ့ကြရသည်။ အချို့တို့မှာ ကိုယ်ထိလက်ရောက်စော်ကားခံခဲ့ရသည်၊ သူတို့၏ကျမ်းစာစာပေများမှာ အသိမ်းခံရ၏၊ သို့မဟုတ် ဆက်သွယ်ရေးသတင်းတွင် လိမ်ညာသတင်းလွှင့်ခံရသည့် အဓိကပစ်မှတ်ဖြစ်လာကြသည်။ မည်သည့် နှိပ်စက်ညှဉ်းပန်းမှုမျိုးကိုမဆို သင်ရင်ဆိုင်ရပါစေ၊ ရောမ ၅:၃ ၌ ဖော်ပြထားသကဲ့သို့ ခက်ခဲဆင်းရဲခြင်းကိုခံရသောအခါ သင်သည် ဝါကြွားဝမ်းမြောက်နိုင်၏၊ ယင်းက ကောင်းကျိုးရစေသည်။ ပေါလုရေးသားခဲ့သကဲ့သို့ပင် ခက်ခဲဆင်းရဲခြင်းက သင့်အား ခံနိုင်ရည်ရှိလာစေသည်။ သို့နှင့် ခံနိုင်ရည်က မျက်နှာသာရအခြေအနေကို ရရှိစေသည်။ မှန်ကန်ရာ၊ ဘုရားသခင့်အလိုတော်ရှိရာကို သင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိထားရာ သို့ဖြင့် ကိုယ်တော်၏မျက်နှာသာတော်ကို သင်ရရှိထားကြောင်း စိတ်ချနေ၏။ ပေါလု၏စကားအရ သင်သည် “မျက်နှာသာရသောအခြေအနေ” (ကဘ) တွင်ရှိနေကြောင်း သင်သိနားလည်သည်။ ပေါလုကဆက်၍ ‘မျက်နှာသာရသောအခြေအနေက တစ်ဖန် မျှော်လင့်ခြင်းကိုဖြစ်စေ’ ကြောင်းရေးသားခဲ့ သည်။ ယင်းသည် အနည်းငယ်ထူးဆန်းဖွယ်ရှိပေမည်။ ပေါလုသည် “မျှော်လင့်ခြင်း” ကို ဤနေရာရောက်မှအဘယ်ကြောင့်ဖော်ပြရသနည်း။ သတင်းကောင်းကို ဦးဆုံးအကြိမ်သင်ကြားသိခါစကဖြစ်သော သည့်မတိုင်မီက သင့်၌ မျှော်လင့်ချက်မရှိခဲ့၍လော။
၁၈ ထင်ရှားနေသည်ကား ဤတွင် ပေါလုသည် စုံလင်သောအသက်တာအတွက် မျှော်လင့်ချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဦးဦးဖျားဖျားခံစားချက်ကို ရည်ညွှန်းနေခြင်းမဟုတ်ချေ။ ယင်းထက်မက သူရည်ညွှန်းခြင်းဖြစ်သည်; ၎င်းသည် သာ၍နက်ရှိုင်းပြီး ပိုမိုလှုံ့ဆော်မှုပေးသည်။ ကျွန်ုပ်တို့သည် သစ္စာရှိရှိခံရပ်၍ သို့နှင့် ဘုရားသခင့်မျက်နှာသာတော်ကို ကျွန်ုပ်တို့ရရှိကြောင်း သိရှိသောအခါ ယင်းက ကျွန်ုပ်တို့၏မျှော်လင့်ချက်အပေါ် ထပ်၍နက်နက်ရှိုင်းရှိုင်းအကျိုးသက်ရောက်စေကာ ခိုင်မာစေသည်။ ကျွန်ုပ်တို့တွင်ရှိခဲ့သော ထိုဦးဦးဖျားဖျားမျှော်လင့်ချက်သည် ယခု သာ၍အမှန်တကယ်ဖြစ်လာကာ ပိုမိုခိုင်ခံ့ပြီး ပို၍ကိုယ်ပိုင်ဖြစ်လာသည်။ ဤနက်ရှိုင်းသောမျှော်လင့်ချက်သည် ပို၍တောက်ပစွာ ထိန်လင်းလာ၏။ ယင်းသည် ကျွန်ုပ်တို့၏အသွေးအသားထဲတွင် စိမ့်ဝင်ပျံ့နှံ့သွားလေသည်။ “ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာအကြောင်းနှင့်ကင်းလွတ်၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့အား
ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွန်းလောင်းတော်မူ၏။”၁၉။ သင်၏မျှော်လင့်ခြင်းသည် သင့်ပုံမှန်ဆုတောင်းချက်များ၏ တစ်စိတ်တစ်ပိုင်း မည်သို့ဖြစ်စေသင့်သနည်း။
၁၉ ကောလောသဲရှိ မိမိ၏ညီအစ်ကို၊ ညီအစ်မများ၏စိတ်နှလုံးကို ထိမိပြီး သူတို့၏ရှေ့၌ ချထားသောအရာကို ယုံကြည်စိတ်ချကာ “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှု” ရှိစေမည့်အကြောင်း ဧပဖြစိတ်ထက်သန်စွာဆုတောင်းခဲ့သည်။ ကျွန်ုပ်တို့၏အစအဦးမျှော်လင့်ချက်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ယောက်တိုင်း အလားတူ ဘုရားသခင်ထံ မှန်မှန်ချဉ်းကပ်ကြစို့။ သင်၏ကိုယ်ပိုင်ဆုတောင်းချက်များတွင် ကမ္ဘာသစ်နှင့်စပ်လျဉ်းသည့် သင်၏မျှော်လင့်ချက်ကို ထည့်တောင်းပါ။ ပြည့်စုံလာမည်ကို အပြည့်အဝယုံကြည်မှုစိတ်ချမှုဖြင့် ယင်းကို သင်မည်မျှတိုင် တောင့်တကြောင်း ယေဟောဝါထံဖွင့်ချပါ။ သင်၏ယုံကြည်စိတ်ချမှုကို နက်ရှိုင်း၍ ကျယ်ဝန်းလာစေရန် ကူမပေးဖို့ ကိုယ်တော်ထံ အသနားခံပါ။ ကောလောသဲအသင်းသားများသည် “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှု” ရှိစေမည့်အကြောင်း ဧပဖြဆုတောင်းခဲ့သကဲ့သို့ ဆုတောင်းပါလေ။ မကြာခဏ တောင်းလျှောက်ပါလေ။
၂၀။ ခရစ်ယာန်လမ်းစဉ်မှ လူအနည်းငယ် သွေဖည်သွားလျှင် ယင်းက စိတ်ဓာတ်ကျစရာအကြောင်း အဘယ်ကြောင့်မဟုတ်သနည်း။
၂၀ လူတိုင်း ခိုင်မြဲသောယုံကြည်စိတ်ချမှုနှင့် အပြည့်အဝရပ်တည်မှု မရှိသည့်အချက်ကြောင့် သင်သည် စိတ်လွင့်ပါးသွားခြင်း သို့မဟုတ် စိတ်ပျက်အားလျော့သွားခြင်း မဖြစ်သင့်ချေ။ အချို့မှာ ကျရှုံးသွားမည်၊ သွေဖည်သွားမည် သို့မဟုတ် လက်မြှောက်အရှုံးပေးလျှင် ပေးပေမည်။ ယင်းသည် ယေရှုနှင့်အရင်းနှီးဆုံးသော ကိုယ်တော်၏တမန်တော်များထဲ၌ပင် ဖြစ်ပျက်ခဲ့သည်။ သို့သော် ယုဒသစ္စာဖောက်သွားသောအခါ အခြားတမန်တော်များသည် အရှိန်လျော့နည်း သို့မဟုတ် ထွက်ခွာသွားခဲ့ကြသလော။ လုံးဝမဖြစ်ခဲ့ချေ! ယုဒ၏နေရာကို အခြားသူကယူမည့်အကြောင်း ဖော်ပြရန် ဆာလံ ၁၀၉:၈ ကို ပေတရုက ဆက်စပ်တင်ပြခဲ့သည်။ အစားထိုးသူတစ်ဦးကို ရွေးချယ်ခဲ့ပြီး ဘုရားသခင်၏သစ္စာရှိသူတို့သည် မိမိတို့၏ဟောပြောခြင်းတာဝန်ကို ဆက်လက်တက်ကြွစွာလုပ်ဆောင်ခဲ့ကြသည်။ (တမန်တော် ၁:၁၅-၂၆) ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်ရန် သူတို့စိတ်ပိုင်းဖြတ်ထားခဲ့ကြသည်။
၂၁၊ ၂၂။ ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် သင်သည် အပြည့်အဝရပ်တည်ကြောင်းကို အဘယ်သဘောမျိုးဖြင့် သတိပြုခြင်းခံရမည်နည်း။
၂၁ ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် သင်၏အပြည့်အဝရပ်တည်ခြင်းကို ဘုရားသခင်မသိမှတ်ဘဲနေမည်မဟုတ်ကြောင်း သင် အကြွင်းမဲ့ယုံကြည်စိတ်ချနိုင်ပါသည်။ ယင်းသည် သတိပြုခံရကာ လေးမြတ်တန်ဖိုးထားခံရမည်။ မည်သူတို့ကနည်း။
၂၂ သင့်အား သိရှိ၍ချစ်မြတ်နိုးကြသော သင်၏ညီအစ်ကို၊ ညီအစ်များက သတိပြုမိကြလိမ့်မည်။ အများစုမှာ ယင်းကို စကားအားဖြင့် မဖော်ပြကြလင့်ကစား အကျိုးသက်ရောက်မှုမှာ ၁ သက်သာလောနိတ် ၁:၂-၆ (သတင်းကောင်း) တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရှုမိကြရာနှင့် အလားတူပေလိမ့်မည်– “ငါတို့သည် သင်တို့အတွက် အဖထာဝရဘုရားထံတော်သို့ ဆုတောင်း . . . သည့်အခါတိုင်း သင်တို့သည် ခရစ်တော်ကိုယုံကြည်ခြင်းကြောင့် အဘယ်သို့ပြုမူကျင့်ကြံကြသည်ကိုလည်းကောင်း၊ ခရစ်တော်ကိုချစ်ခြင်းကြောင့် အဘယ်သို့ကြိုးစားလုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ငါတို့သခင် ယေရှုခရစ်အား အဘယ်သို့ယုံကြည်စိတ်ချစွာ မျှော်ကိုးကြသည်ကိုလည်းကောင်း သတိရသဖြင့် သင်တို့အတွက် အစဉ်ပင် ကျေးဇူးတော်ကိုချီးမွမ်း၍ ဆုတောင်း . . . ကြပါ၏။ အဘယ်ကြောင့်ဆိုသော် . . . သတင်းကောင်းကို စကားသက်သက်ဖြင့်သာမဟုတ်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးနှင့်လည်းကောင်း၊ ထိုသတင်းကောင်းမှန်ကန်ကြောင်းကို အကြွင်းမဲ့ယုံကြည်သောစိတ်နှင့်လည်းကောင်း သင်တို့အား ကြေညာဟောပြောသောကြောင့်ဖြစ်၏။ . . . သင်တို့သည် ငါတို့၏ပုံသက်သေနှင့် သခင်ဘုရား၏ပုံသက်သေအတိုင်း လိုက်လျှောက်ခဲ့ကြ၏။” သင့်ပတ်လည်ရှိ သစ္စာရှိသောခရစ်ယာန်များအနေဖြင့် သင်သည် “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်” ကြောင်း တွေ့မြင်ကြသည်နှင့် သူတို့လည်း အလားတူခံစားမိကြလိမ့်မည်။—ကောလောသဲ ၁:၂၃။
၂၃။ ဤလာမည့်နှစ်အတွင်း သင်၏စိတ်ပိုင်းဖြတ်ထားရာကား အဘယ်အရာဖြစ်သင့်သနည်း။
၂၃ အလားတူပင် သင်၏ကောင်းကင်ခမည်းတော်သည် သတိပြုမိကာ နှစ်သက်တော်မူမည်မှာ သေချာပါသည်။ ၎င်းကို ယုံကြည်စိတ်ချပါလေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် “ဘုရားသခင်၏အလိုတော်ရှိသမျှ၌” ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်သောကြောင့်တည်း။ ပေါလုသည် ကောလောသဲအသင်းသားတို့ထံ ‘အဆုံးအထိ စိတ်တော်နှင့်အပြည့်အဝတွေ့ခြင်းငှာ ယေဟောဝါနှင့်ထိုက်တန်စွာ’ သူတို့၏လျှောက်လှမ်းခြင်းနှင့်ပတ်သက်၍ အားပေးစာရေးသားခဲ့သည်။ (ကောလောသဲ ၁:၁၀၊ ကဘ) မှန်ပါသည်၊ မစုံလင်သောလူသားများသည် ကိုယ်တော်ကို အပြည့်အဝနှစ်သက်စေရန် လုပ်ဆောင်နိုင်ပါသည်။ သင်၏ကောလောသဲညီအစ်ကိုနှင့် ညီအစ်မများသည် ထိုသို့ပြုလုပ်ခဲ့ကြသည်။ ယခုတွင် သင့်ပတ်လည်ရှိခရစ်ယာန်များသည် ထိုသို့ပြုလုပ်နေကြ၏။ သင်လည်း ပြုလုပ်နိုင်သည်တကား! သို့ဖြစ်၍ ဤလာမည့်နှစ်အတောအတွင်း သင်၏နေ့စဉ်ဆုတောင်းချက်များနှင့် သင့်ပုံမှန်လုပ်ရပ်များက သင်သည် “ဘုရားသခင်၏အလိုတော်ရှိသမျှ၌ ခိုင်မြဲသောစိတ်ချမှုဖြင့် အဆုံးတွင်အပြည့်အဝရပ်တည်” ရန် စိတ်ပိုင်းဖြတ်ထားကြောင်း သက်သေထူပါစေ။
သင်မှတ်မိနိုင်သလော
• သင်၏ ‘အပြည့်အဝရပ်တည်ခြင်း’ ၌ အဘယ်အရာပါဝင်သနည်း။
• ဆုတောင်းချက်တွင် သင်ကိုယ်နှိုက်နှင့်ပတ်သက်၍ ထည့်တောင်းသင့်သည့်အရာများကား အဘယ်နည်း။
• ရောမ ၅:၄၊ ၅ တွင် အကြံပြုထားသည့်အတိုင်း အဘယ်ယုံကြည်ခြင်းမျိုး သင်ရှိလိုသနည်း။
• လာမည့်နှစ်တွင် အဘယ်ပန်းတိုင်ထားရှိရန် ကျွန်ုပ်တို့၏လေ့လာမှုက သင့်အား လှုံ့ဆော်ပေးခဲ့သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
မိမိ၏ညီအစ်ကိုများသည် ခရစ်တော်နှင့် သူတို့၏မျှော်လင့်ချက်နှင့်ပတ်သက်၍ ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်နိုင်စေရန် ဧပဖြဆုတောင်းပေးခဲ့
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အခြားသန်းပေါင်းများစွာတို့တွင်လည်း သင်၏စစ်မှန်သောမျှော်လင့်ချက်နှင့် ခိုင်မြဲသောစိတ်ချမှုမျိုးရှိကြ