မွန်မြတ်သောအကျင့်ကို အဘယ်ကြောင့် ပြုစုပျိုးထောင်ရသနည်း
မွန်မြတ်သောအကျင့်ကို အဘယ်ကြောင့် ပြုစုပျိုးထောင်ရသနည်း
ကူနီဟီတိုအမည်ရှိ လူလတ်ပိုင်းအရွယ် ဂျပန်အမျိုးသားတစ်ယောက်သည် မကြာမီက အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ * သူရောက်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် သူ၏အလုပ်အကိုင်ကိုထိခိုက်စေနိုင်သည့် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရသည်။ ကူနီဟီတိုကပြန်ပြောပြသည်– “ကျွန်တော့်အထက်လူကြီးက ကျွန်တော့်ကို တာဝန်တစ်ခုယူနိုင်မလားလို့မေးတုန်းက အဲဒါကိုလက်ခံလိုက်ခြင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုလုံးဝယုံကြည်စိတ်ချနေတယ်။ ဒါပေမဲ့ ကျိုးနွံခြင်းကို မွန်မြတ်တဲ့အကျင့်တစ်ခုအဖြစ်ရှုမြင်ဖို့ ပြုစုပျိုးထောင်ခံလာရတဲ့အတွက် ‘အဲဒါကို ကျွန်တော်လုပ်နိုင်မယ်၊ မလုပ်နိုင်ဘူးဆိုတာ မသေချာသေးပါဘူး၊ ဒါပေမဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်’ လို့ပြန်ဖြေခဲ့တယ်။ ကျွန်တော့်ရဲ့ အမေရိကန်ကြီးကြပ်ရေးမှူးအတွက်တော့ အဲဒါက ကျွန်တော်ဟာအရည်အချင်းမပြည့်သူနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချမှုမရှိသူအဖြစ် ယူမှတ်ခဲ့တယ်။ ဒါကိုကျွန်တော်သိရတဲ့အခါ ပြုပြင်ပြောင်းလဲမှုတချို့လုပ်ဖို့လိုတယ်ဆိုတာ သိလာခဲ့တယ်။”
နယူးယောက်မြို့တွင်နေထိုင်သူ မာရီအာသည် ထူးချွန်သောကျောင်းသူတစ်ဦးဖြစ်ပြီး အတန်းဖော်များကိုကူညီရန် အမြဲအသင့်ရှိသူဖြစ်သည်။ ဝှမ်သည် အခါအားလျော်စွာ မာရီအာ၏ကူညီမှုကိုရရှိခဲ့သည့် အတန်းဖော်တစ်ဦးဖြစ်သည်။ သို့သော် သူသည် မာရီအာကိုစွဲလမ်းနေပြီး အထင်ကြီးခံရရန်ကြိုးစားခဲ့သည်။ မာရီအာသည် ကိုယ်ကျင့်တရားသန့်ရှင်းဖြူစင်စွာနေရန် ဆန္ဒရှိသော်လည်း ဝှမ်၏တောင်းဆိုမှုများကို လိုက်လျောကာ လိင်ဆိုင်ရာအကျင့်ပျက်သည့်အခြေအနေထိ အရောက်ခံခဲ့သည်။
မျက်မှောက်ခေတ်၏ ယဉ်ကျေးမှုအရ ကွဲပြားခြားနားပြီး ကိုယ်ကျင့်တရားအရ ဖောက်ပြန်ယိုယွင်းနေသည့်လောကတွင် မွန်မြတ်သောအကျင့်ကိုတင်ပြခြင်းသည် အမှန်ပင်စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ သို့ဖြစ်လျှင် မွန်မြတ်သောအကျင့်ကို အဘယ်ကြောင့်ပြုစုပျိုးထောင်ရသနည်း။ အကြောင်းမှာ မွန်မြတ်သောအကျင့်အကြံအပြုအမူသည် ဘုရားသခင့်စိတ်တော်နှင့်တွေ့စေပြီး ကျွန်ုပ်တို့အများစုသည် ကိုယ်တော်၏မျက်နှာသာကို အမှန်ရရှိလိုသောကြောင့်ဖြစ်သည်။
ဘုရားသခင့်နှုတ်မြွက်တော် သမ္မာကျမ်းစာက ၎င်းကိုဖတ်ရှုသူများအား မွန်မြတ်သောအကျင့်ကို ပြုစုပျိုးထောင်ရန် တိုက်တွန်းထားသည်။ ဥပမာ၊ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “မွန်မြတ်သောအကျင့်ရှိသမျှ၊ ချီးမွမ်းဖွယ်သောအရာရှိသမျှတို့ကို ဆက်လက်ဆင်ခြင်သုံးသပ်ကြလော့။” (ဖိလိပ္ပိ ၄:၈၊ ကဘ) ထို့ပြင် တမန်တော်ပေတရုက ‘ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မွန်မြတ်သောအကျင့်ဖြင့် ထပ်လောင်းဖြည့်စွက်ခြင်း၌ အလွန်ကြိုးစားအားထုတ်’ ကြရန်တိုက်တွန်းနှိုးဆော်ထားသည်။ (၂ ပေတရု ၁:၅) သို့သော် မွန်မြတ်သောအကျင့်ကားအဘယ်နည်း။ စာသင်ခန်းတွင် ယင်းကိုပို့ချပေးနိုင်သလော။ ယင်းကို ကျွန်ုပ်တို့မည်သို့ ပြုစုပျိုးထောင်နိုင်မည်နည်း။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 2 အမည်အချို့ကိုပြောင်းထားသည်။