မျက်မှန်ပြုလုပ်ရောင်းချသူ မျိုးစေ့တစ်ခုကြဲ
မျက်မှန်ပြုလုပ်ရောင်းချသူ မျိုးစေ့တစ်ခုကြဲ
မိုင်ပေါင်း ၁,၂၀၀ ခန့်ကွာဝေးကာ နိုင်ငံအတော်များများခြားသော အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ ယေဟောဝါသက်သေများ၏ ရုရှားဘာသာစကားပြောအသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ယူကရိန်းနိုင်ငံ၊ လဗီဖ်မြို့မှ မျက်မှန်ပြုလုပ်ရောင်းချသူ၏ ကြိုးစားအားထုတ်မှုများ မည်သို့ဆက်နွှယ်သနည်း။ ယင်းသည် ဒေ. ၁၁:၆ ပါကျမ်းစာ၏ဤဖော်ပြချက် ခိုင်လုံခြေမြစ်မှုကို ထင်ရှားပြသော အဖြစ်အပျက်တစ်ခုဖြစ်သည်– “နံနက်အချိန်၌ မျိုးစေ့ကိုကြဲလော့။ ညဦးအချိန်၌လည်း မကြဲဘဲမနေနှင့်။ အကြောင်းမူကား အဘယ်အရာသည် အကျိုးရှိမည်ကိုလည်းကောင်း . . . မသိနိုင်။”
ကျွန်ုပ်တို့၏ဇာတ်လမ်းမှာ ဂျူးနောက်ခံရှိသူ ငယ်ရွယ်သည့်အမျိုးသမီးအဲလ်လာသည် လဗီဖ်မြို့တွင်နေထိုင်စဉ် ၁၉၉၀ ပြည့်နှစ်တွင် စတင်လေသည်။ အဲလ်လာနှင့် သူ၏မိသားစုသည် အစ္စရေးနိုင်ငံသို့သွားရောက်နေထိုင်ရန် ပြင်ဆင်လျက်ရှိကြသည်။ သူတို့မထွက်ခွာမီအချိန်လေးတွင် အဲလ်လာသည် ယေဟောဝါသက်သေဖြစ်သူ မျက်မှန်ပြုလုပ်ရောင်းချသူနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်၌ ယေဟောဝါသက်သေများ၏လုပ်ငန်းကို ယူကရိန်းတွင် ပိတ်ပင်ထားသည်။ သို့ဖြစ်စေကာမူ မျက်မှန်ပြုလုပ်ရောင်းချသူသည် အဲလ်လာအား မိမိ၏ကျမ်းစာအခြေပြုယုံကြည်ချက်များကို အစပြုပြောဆိုခဲ့သည်။ ဘုရားသခင်တွင် ကိုယ်ပိုင်နာမရှိသည်ဟု ပြောပြခြင်းဖြင့် သူ့ကိုအံ့အားသင့်စေခဲ့၏။ ယင်းက အဲလ်လာ၏သိလိုစိတ်ကို နှိုးဆွပေးပြီး ကျမ်းစာဆွေးနွေးမှုကောင်းကို ဖြစ်ပေါ်စေခဲ့သည်။
အဲလ်လာသည် ဆွေးနွေးခန်းကို အလွန်နှစ်သက်အားရကာ လာမည့်အပတ်နှင့် ယင်းနောက်အပတ်တို့တွင်လည်း ထိုသို့ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ သူ၏စိတ်ဝင်စားမှု ကြီးထွားလာသော်လည်း အခက်အခဲတစ်ခုရှိခဲ့သည်။ မိသားစုလိုက် အစ္စရေးသို့ထွက်ခွာရမည့်အချိန် လျင်မြန်စွာနီးကပ်လာခြင်းဖြစ်သည်။ အဲလ်လာတွင် သင်ယူစရာများစွာရှိနေဆဲပင်! ကျန်ရှိသောအချိန်မှ အကျိုးအများဆုံးရရှိရန် သူ,မထွက်ခွာမချင်း ကျမ်းစာသင်အံမှုနေ့စဉ်ပြုလုပ်ပေးရန် တောင်းဆိုခဲ့၏။ အဲလ်လာသည် အစ္စရေးသို့ ဦးဆုံးရောက်ခဲ့ချိန်၌ သူ၏လေ့လာမှုကိုပြန်မလုပ်ဖြစ်သော်လည်း အမှန်တရားမျိုးစေ့သည် သူ၏နှလုံးတွင် အမြစ်စွဲခဲ့ချေပြီ။ နှစ်အကုန်ပိုင်းရောက်သော် သူသည် သမ္မာကျမ်းစာကို စိတ်အားထက်သန်စွာ တစ်ဖန်လေ့လာခဲ့၏။
ပါရှန်ပင်လယ်ကွေ့တွင် စစ်ဖြစ်ပွားခဲ့ပြီး အစ္စရေးသည် အီရတ်၏ဒုံးကျည်ဖြင့်တိုက်ခိုက်ခံခဲ့ရသည်။ ယင်းသည် မကြာခဏ စကားဖောင်ဖွဲ့ပြောဆိုစရာဖြစ်ခဲ့၏။ တစ်နေ့ ကုန်ပဒေသာဆိုင်တစ်ဆိုင်တွင် အဲလ်လာသည် တိုင်းတစ်ပါးမှလာရောက်နေထိုင်သော ရုရှားစကားပြောမိသားစုအသစ်၏စကားသံကို အမှတ်မထင်ကြားလိုက်သည်။ အဲလ်လာသည် မိမိဘာသာ ကျမ်းစာလေ့လာနေသော်လည်း ထိုမိသားစုအနား ချဉ်းကပ်ကာ ကျမ်းစာ၏ကတိပြုချက်ဖြစ်သော ငြိမ်းချမ်းသောကမ္ဘာအကြောင်းကို သူတို့အား ပြောပြခဲ့သည်။ ရလဒ်ကား အဘွားဂါလီနာ; မိခင်နာတာရှအာ; သားဖြစ်သူ ဆာရှာ (အေရီအဲလ်); သမီးဖြစ်သူ အီးလားနာတို့အားလုံးသည် အဲလ်လာ၏ကျမ်းစာလေ့လာမှု၌ ပါဝင်ခဲ့ကြသည်။
ဆာရှာသည် စုံစမ်းနှောင့်ယှက်မှုများကြားမှ နှစ်ခြင်းခံသည့်အဆင့်ထိရောက်လာသော မိသားစုမှပထမဦးဆုံးဖြစ်သည်။ သူသည် လူရည်ချွန်ကျောင်းသားတစ်ဦးဖြစ်သော်လည်း ကျောင်းသင်ရိုးညွှန်းတမ်းတွင်ပါသော အခြေခံစစ်ပညာသင်တန်းတွင်ပါဝင်ရန် သူ၏ခရစ်ယာန်ကိုယ်ကိုကိုယ်သိသောစိတ်က ခွင့်မပြုသောကြောင့် ကျောင်းထုတ်ခံရ၏။ (ဟေရှာယ ၂:၂-၄) ဆာရှာ၏အမှုသည် ဂျေရုဆလင်မြို့ရှိ အစ္စရေးအထက်တရားရုံးသို့ရောက်ခဲ့ပြီး ကျောင်းသင်ရိုးပြီးဆုံးနိုင်ရေးအတွက် ဆာရှာကိုကျောင်းပြန်တက်ရန်ဟူသော ချီးမွမ်းဖွယ်ကောင်းသည့် အမိန့်ကိုထုတ်ပြန်ခဲ့သည်။ ထိုအဖြစ်အပျက်သည် တစ်နိုင်ငံလုံးအနှံ့အပြား ကျော်ကြားခဲ့သည်။ အကျိုးဆက်အနေနှင့် အစ္စရေးလူအများသည် ယေဟောဝါသက်သေများ၏ယုံကြည်ချက်များကို သိရှိလာခဲ့ကြသည်။ *
အထက်တန်းကျောင်းအောင်ပြီးနောက် ဆာရှာသည် ယေဟောဝါသက်သေများ၏ အချိန်ပြည့်အမှုဆောင်တွင် ပါဝင်ခဲ့သည်။ ယနေ့ သူသည် အထူးရှေ့ဆောင်အနေနှင့်လည်းကောင်း၊ အသင်းတော်အကြီးအကဲအနေနှင့်လည်းကောင်း အမှုဆောင်လျက်ရှိသည်။ သူ၏ညီမအီးလားနာသည် သူနှင့်အတူ အချိန်ပြည့်အမှုဆောင်တွင်ပါဝင်ခဲ့သည်။ သူတို့၏မိခင်နှင့် အဘွားတို့သည်လည်း နှစ်ခြင်းခံပြီးသောသက်သေခံများဖြစ်ကြသည်။ မျက်မှန်ပြုလုပ်ရောင်းချသူကြဲလိုက်သော မျိုးစေ့သည် အသီးများသီးပွင့်လျက်ရှိနေဆဲပင်!
ထိုအတောအတွင်း အဲလ်လာသည် ဝိညာဉ်ရေးတွင်ဆက်လက်တိုးတက်လျက်ရှိပြီး မကြာမီ တစ်အိမ်မှတစ်အိမ်ဟောပြောခဲ့သည်။ အဲလ်လာ၏ဦးဆုံးအိမ်၌ ယူကရိန်းမှ မကြာသေးမီက ရောက်လာသော ဖအီးနာနှင့်တွေ့ဆုံခဲ့၏။ ဖအီးနာသည် စိတ်ကျဝေဒနာခံစားနေသူဖြစ်သည်။ ဖအီးနာ၏တံခါးကိုမခေါက်မီလေးတွင် စိတ်ဆင်းရဲနေသောအမျိုးသမီးက “ကိုယ်တော်ဘယ်သူလဲဆိုတာ ကျွန်မ မသိပါဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ဆုတောင်းချက်ကိုနားညောင်းမယ်ဆိုရင် ကျွန်မကိုကူညီပေးပါ” ဟုဆုတောင်းခဲ့ကြောင်းကို နောက်ပိုင်းမှအဲလ်လာသိရှိခဲ့သည်။ သူနှင့်အဲလ်လာသည် အားတက်စေသောဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။ ဖအီးနာသည် မေးခွန်းများစွာမေးခဲ့ပြီး အဲလ်လာပေးခဲ့သော အဖြေများကို သေချာစွာစဉ်းစားသုံးသပ်ခဲ့သည်။ အချိန်တန်သော် ယေဟောဝါသက်သေများသည် ကျမ်းစာမှအမှန်တရားကို သွန်သင်ပေးကြကြောင်း သူယုံကြည်စိတ်ချလာခဲ့သည်။ သူသည် အသင်းတော်နှင့်ဟောပြောခြင်းလုပ်ငန်းတွင် အချိန်ပိုသုံးနိုင်ရန်အတွက် တက္ကသိုလ်ပညာသင်ကြားမှုအစီအစဉ်ကို ပြုပြင်ပြောင်းလဲခဲ့သည်။ ၁၉၉၄၊ မေလတွင် ဖအီးနာသည် နှစ်ခြင်းခံခဲ့၏။ သူသည်လည်း ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်ကာ ကွန်ပျူတာလုပ်ငန်းတွင် အချိန်ပိုင်းအလုပ်လုပ်ခြင်းဖြင့် မိမိကိုယ်ကိုထောက်ပံ့သည်။
* ခွဲစိတ်ကုသမှုကို သွေးမသွင်းဘဲ အောင်မြင်စွာပြုလုပ်ခဲ့ပြီး အဲလ်လာသည် လုံးဝကျန်းမာရေးပြန်ကောင်းလာခဲ့သည်။—တမန်တော် ၁၅:၂၈၊ ၂၉။
၁၉၉၄၊ နိုဝင်ဘာလတွင် အဲလ်လာသည် ရှေ့ဆောင်လုပ်ငန်းတွင်ပါဝင်နေစဉ် ရုတ်တရက် အလွန်အားနည်းသည်ဟု ခံစားခဲ့သည်။ သူသည် ဆေးရုံသို့သွား၍ စမ်းသပ်ရာ အူသိမ်အနာခွက်တွင် သွေးယိုနေသည်ဟုသိရှိရသည်။ ညနေပိုင်းတွင် အဲလ်လာ၏ဟီမိုဂလိုဗင်အရေအတွက်သည် ၇.၂ သို့လျော့သွားသည်။ ဒေသခံဆေးရုံဆက်သွယ်ရေးကော်မတီ (ဆဆက) ၏သဘာပတိဖြစ်သူ အဲလ်လာ၏အသင်းတော်မှ အကြီးအကဲတစ်ဦးသည် သွေးအသုံးပြုရန်မလိုသည့် ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်သော သတင်းအချက်အလက်ကို ဆရာဝန်များအားပေးခဲ့သည်။ဂျာမန်ပြည်ဖွား ဂျူးဖြစ်သူ အဲလ်လာ၏သားဖွားမီးယပ်ပါရဂူ ကားလ်သည် အလွန်စိတ်စွဲမှတ်ခဲ့သည်။ ထိုအခါ မီးလောင်တိုက်သွင်းခြင်းမှလွတ်မြောက်လာသော သူ၏မိဘများသည် ချွေးတပ်စခန်းတွင် ယေဟောဝါသက်သေများကိုသိရှိခဲ့သည်ကို သူပြန်အမှတ်ရမိသည်။ ကားလ်သည် မေးခွန်းများစွာမေးခဲ့သည်။ ကားလ်သည် မိမိ၏ဆေးကုသခြင်းနှင့် အလွန်အလုပ်များနေသော်လည်း ကျမ်းစာသင်အံမှုမှန်မှန်ပြုလုပ်ရန် အချိန်ယူခဲ့သည်။ နောက်နှစ်တွင် သူသည် ပတ်စဉ်ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ခဲ့သည်။
မျက်မှန်ပြုလုပ်ရောင်းချသူ၏မျိုးစေ့ကြဲလိုက်ခြင်းမှ ရလဒ်ကားအဘယ်နည်း။ ဆာရှာနှင့်သူ၏မိသားစုအဖြစ်အပျက်ကို ကျွန်ုပ်တို့သိရှိခဲ့ပြီဖြစ်သည်။ အဲလ်လာမူကား အထူးရှေ့ဆောင်တစ်ဦးဖြစ်သည်။ သူ၏သမီးအီးနာသည် အထက်တန်းကျောင်းအောင်ပြီးနောက် ရှေ့ဆောင်တစ်ဦးအဖြစ် သူ၏ကိုယ်ပိုင်အလုပ်ကို လုပ်ကိုင်လျက်ရှိသည်။ ဖအီးနာသည်လည်း အထူးရှေ့ဆောင်အဖြစ် အမှုဆောင်လျက်ရှိသည်။ အဲလ်လာ၏သားဖွားမီးယပ်ပါရဂူ ကားလ်မူကား ယခု နှစ်ခြင်းခံပြီးသောသက်သေခံဖြစ်သည့်အပြင် ခရစ်ယာန်ဓမ္မအမှုထမ်းတစ်ဦးလည်းဖြစ်သည်၊ သူ၏လူနာများနှင့်အခြားသူများကို ကျမ်းစာအမှန်တရား၏ကုသနိုင်စွမ်းကို ပြောပြလျက်ရှိသည်။
ဟိုင်ဖာဟေဗြဲအသင်းတော်၏တစ်စိတ်တစ်ပိုင်းအဖြစ်စတင်ခဲ့သော ရုရှားစကားပြောတိုင်းတစ်ပါးမှဝင်ရောက်လာသူ အုပ်စုငယ်လေးသည် ယခုအခါ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၂၀ ကျော်ဖြင့် စိတ်အားထက်သန်သော ရုရှားအသင်းတော်တစ်ခု ဖြစ်လာခဲ့ချေပြီ။ ဤတိုးတက်မှုသည် လဗီဖ်မြို့မှ မျက်မှန်ပြုလုပ်ရောင်းချသူတစ်ဦးက မျိုးစေ့ကြဲရန် အခွင့်ကောင်းရှာယူခဲ့ခြင်းကြောင့်ပင်!
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 ထပ်ဆင့်အသေးစိတ်အချက်အလက်များအတွက် ၁၉၉၄၊ နိုဝင်ဘာ ၈ ရက်ထုတ် နိုးလော့! စာမျက်နှာ ၁၂-၁၅ [လိပ်] ကိုရှု။
^ အပိုဒ်၊ 9 ဆဆကသည် ကမ္ဘာအနှံ့ရှိယေဟောဝါသက်သေများကို ကိုယ်စားပြု၍ လူနာနှင့်ဆေးရုံအမှုထမ်းများအကြား ဆက်သွယ်မှုကို ကူညီပေးသည်။ ထို့ပြင် သူတို့သည် နောက်ဆုံးတွေ့ရှိသည့် ဆေးသုတေသနပြုမှုအပေါ်အခြေပြုသော အခြားဆေးကုသနည်းနှင့်ပတ်သက်သည့် အချက်အလက်ကိုလည်းပေးကြသည်။
[စာမျက်နှာ ၂၉ ပါ မြေပုံ]
(ကားချက်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ယူကရိန်း
အစ္စရေး
[Credit Line]
Mountain High Maps® Copyright © 1997 Digital Wisdom, Inc.
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
အဲလ်လာနှင့် သူ၏သမီး အီးနာ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဟိုင်ဖာမှ ပျော်ရွှင်နေကြသော ရုရှားစကားပြောသက်သေခံအုပ်စု။ လက်ဝဲမှလက်ယာသို့– ဆာရှာ၊ အီးလားနာ၊ နာတာရှအာ၊ ဂါလီနာ၊ ဖအီးနာ၊ အဲလ်လာ၊ အီးနာနှင့် ကားလ်