ကျွန်တော့်ဘဝတစ်လျှောက်လုံး ယေဟောဝါရဲ့ထောက်မမှုခံရ
ဘဝအတ္ထုပ္ပတ္တိ
ကျွန်တော့်ဘဝတစ်လျှောက်လုံး ယေဟောဝါရဲ့ထောက်မမှုခံရ
ဖောရက်စ် လီ ပြောပြသည်
ရဲအဖွဲ့က ကျွန်တော်တို့ရဲ့ဓာတ်စက်နဲ့ ကျမ်းစာစာပေတွေကို သိမ်းယူပြီးခါစပဲရှိသေးတယ်။ ယေဟောဝါသက်သေတွေရဲ့ လုပ်ငန်း တရားမဝင်ကြောင်းကြေညာဖို့အတွက် ကနေဒါနိုင်ငံရဲ့ဘုရင်ခံချုပ်အသစ်ကိုတိုက်တွန်းဖို့ အတိုက်အခံပြုသူတွေအတွက် ဒုတိယကမ္ဘာစစ်ဟာ အကြောင်းပြချက်တစ်ခုဖြစ်ခဲ့တယ်။ အဲဒါက ၁၉၄၀၊ ဇူလိုင် ၄ ရက်နေ့ကဖြစ်ပျက်ခဲ့တာပါ။
တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်ကြောင့် ကြောက်ရွံ့မနေဘဲ စာအုပ်တွေကို သိုထားတဲ့နေရာကနေထပ်ယူလာပြီး ကျွန်တော်တို့ဆက်ဟောပြောခဲ့တယ်။ အဲဒီအချိန်ကအဖေရဲ့စကားတွေကို ကျွန်တော်အမြဲမှတ်မိနေမှာပဲ– “ဒီလောက်လေးနဲ့ ဒို့မရပ်နားဘူး။ ဟောပြောဖို့ ဒို့တွေကို ယေဟောဝါ အမိန့်ပေးထားတယ်။” အဲဒီအချိန်မှာ ကျွန်တော်ဟာ တက်ကြွတဲ့ဆယ်ကျော်သက်တစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုတောင် အဖေ့ရဲ့စိတ်ခိုင်မာမှုနဲ့ ခရစ်ယာန်ဓမ္မအမှုအတွက် သူ့ရဲ့ဇွဲက ကျွန်တော်တို့ရဲ့ဘုရားသခင်ယေဟောဝါဟာ ကိုယ်တော်ရဲ့သစ္စာစောင့်သိသူတွေကို ဘယ်လိုထောက်မကူညီတယ်ဆိုတာ အမြဲတမ်းသတိပေးနေဆဲပါပဲ။
နောက်တစ်ကြိမ် ရဲအဖွဲ့က ကျွန်တော်တို့ကိုတားဆီးတဲ့အခါ ကျွန်တော်တို့ရဲ့စာပေတွေကို သိမ်းယူသွားတာမကဘဲ အဖေ့ကိုပါခေါ်သွားပြီး ထောင်ချတယ်၊ အမေက ကလေးလေးယောက်နဲ့ကျန်ခဲ့တယ်။ အဲဒါက ၁၉၄၀ စက်တင်ဘာလမှာ စပ်စ်ကက်ချူဝမ်ပြည်နယ်မှာဖြစ်ခဲ့တာပါ။ အဲဒီလိုဖြစ်ပြီး မကြာခင်မှာ ကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကိုယ်ကိုကိုယ်သိတဲ့စိတ်အတိုင်းလိုက်လျှောက်ပြီး အလံအလေးမပြုတာကြောင့်နဲ့ နိုင်ငံတော်သီချင်းမဆိုတာကြောင့် ကျွန်တော်ကျောင်းထုတ်ခံခဲ့ရတယ်။ စာပေးစာယူနဲ့ ကျောင်းဆက်တက်တော့ အချိန်ဇယားကို ပြောင်းသာလွဲသာလုပ်နိုင်ခဲ့ပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပိုပြီးအပြည့်အဝပါဝင်ခဲ့တယ်။
၁၉၄၈ မှာကနေဒါအရှေ့ဘက်ကမ်းခြေကိုပြောင်းရွှေ့မယ့် ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်ဓမ္မအမှုဆောင် ရှေ့ဆောင်တွေလိုတယ်ဆိုတဲ့ ဖိတ်ခေါ်ချက်ထွက်လာတယ်။ ဒါနဲ့ နိုဗာစကိုးရှားပြည်နယ်၊ ဟယ်လီဖက်စ်မြို့နဲ့ ပရင့်စ်အက်ဝက်ဒ်ကျွန်း၊ ကိပ်ဝို့လ်ဖ်မြို့မှာ ရှေ့ဆောင်လုပ်ဖို့ထွက်ခွာခဲ့တယ်။ နောက်နှစ်ကျတော့ တိုရွန်တိုမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးမှာ နှစ်ပတ်ကြာ
အမှုဆောင်ဖို့ဖိတ်ခေါ်ချက်ကို ကျွန်တော်လက်ခံခဲ့တယ်။ အဲဒီနှစ်ပတ်က အကျိုးဖြစ်ထွန်းတဲ့ လုပ်ငန်းတော်နှစ်ခြောက်နှစ်ကျော်အထိ တိုးသွားခဲ့တယ်။ နောက်ဆုံးမှာ ယေဟောဝါကိုကျွန်တော်ချစ်သလိုချစ်တဲ့ မာရ်နာနဲ့တွေ့ပြီး ၁၉၅၅ ဒီဇင်ဘာလမှာ ကျွန်ုတော်တို့လက်ထပ်ခဲ့ကြတယ်။ အွန်တဲရီးယိုပြည်နယ်၊ မီလ်တန်မြို့မှာ ကျွန်တော်တို့အခြေချကြပြီး မကြာခင် အဲဒီမှာ အသင်းတော်သစ်တစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ကျွန်တော်တို့အိမ်ရဲ့မြေအောက်ခန်းက ဘုရားသခင့်နိုင်ငံတော်ခန်းမဖြစ်လာတယ်။ခရစ်ယာန်ဓမ္မအမှုကို တိုးချဲ့လိုသောဆန္ဒ
အဲဒီနောက်ပိုင်းနှစ်တွေမှာ ကျွန်တော်တို့ ကလေးခြောက်ယောက် ဆက်တိုက်ရခဲ့တယ်။ သမီးဦးက မိရိအမ်ဖြစ်တယ်။ အဲဒီနောက် ရှာမိန်း၊ မာ့ခ်၊ အဲနက်တ်၊ ဂရန့်တ်နဲ့ သားထွေး ဂလဲန်းတို့ကိုရခဲ့တယ်။ ကျွန်တော်အလုပ်ကနေ အိမ်ပြန်ရောက်တဲ့အခါ ကလေးတွေ မီးလင်းဖိုအနားကြမ်းပြင်ပေါ်မှာထိုင်နေပြီး မာရ်နာကသူတို့ကို ကျမ်းစာဖတ်ပြနေတာ၊ ကျမ်းစာမှတ်တမ်းတွေကိုရှင်းပြနေတာ၊ ယေဟောဝါကိုတကယ်ချစ်တဲ့စိတ် သူတို့နှလုံးထဲရှိအောင် သင်ပေးနေတာတွေကို တွေ့ရလေ့ရှိတယ်။ သူ့ရဲ့မေတ္တာပါတဲ့ထောက်မမှုကြောင့် ကျွန်တော်တို့ရဲ့ကလေးအားလုံး ငယ်ရွယ်စဉ်အချိန်မှာပဲ ကျမ်းစာအသိပညာ ကောင်းကောင်းရရှိခဲ့ကြတယ်။
ခရစ်ယာန်ဓမ္မအမှုအတွက် အဖေရဲ့ဇွဲက ကျွန်တော့်စိတ်နှလုံးထဲ ဖျောက်ဖျက်လို့မရအောင် စွဲထင်ကျန်ရစ်တယ်။ (သု. ၂၂:၆) အဲဒါကြောင့် ၁၉၆၈ မှာ ယေဟောဝါသက်သေမိသားစုတွေ ဟောပြောခြင်းလုပ်ငန်းမှာကူညီပေးဖို့ ဗဟိုနဲ့တောင်အမေရိကကို ရွှေ့ပြောင်းကြပါလို့ ဖိတ်ခေါ်တဲ့အခါ ကျွန်တော်တို့မိသားစုက ဖိတ်ခေါ်ချက်ကိုလက်ခံချင်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကလေးတွေက ၅ နှစ်ကနေ ၁၃ နှစ်အရွယ်သာရှိကြပြီး ကျွန်တော်တို့တစ်ယောက်မှ စပိန်စကားမပြောတတ်ကြဘူး။ ပေးတဲ့ညွှန်ကြားချက်အတိုင်း လူနေမှုအခြေအနေတွေကို လေ့လာကြည့်ဖို့ နိုင်ငံအသီးသီးကို ကျွန်တော်ခရီးထွက်ခဲ့တယ်။ ကျွန်တော်ပြန်ရောက်ပြီးနောက် မိသားစုလိုက် ကျွန်တော်တို့အကြိုက်ကို ဆုတောင်းရွေးချယ်ပြီး နီကာရာဂွာကိုပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
နီကာရာဂွာတွင် အမှုဆောင်ခြင်း
၁၉၇၀ အောက်တိုဘာလမှာ ကျွန်တော်တို့ရဲ့အိမ်သစ်ကိုရောက်သွားပြီး သုံးပတ်အတွင်း အသင်းတော်စည်းဝေးအစီအစဉ်မှာ တာဝန်ပေးအပ်ခံခဲ့ရတယ်။ စပိန်စကားမတောက်တခေါက်နဲ့ ကြိုးစားပမ်းစားပြောပြီး စနေနေ့မနက် ၉:၃၀ မှာ စာဗှေးဆားအတွက် အသင်းတော်တစ်ခုလုံး ကျွန်တော်တို့အိမ်ကိုလာကြဖို့ ဖိတ်ခေါ်ရင်းနဲ့ နိဂုံးချုပ်ခဲ့တယ်။ လယ်ကွင်းလုပ်ငန်းတော်အတွက်စကားလုံးဖြစ်တဲ့ စာဗှီးစီယိုကို ပြောချင်ပေမဲ့ ဘီယာသောက်ဖို့ဖိတ်ခေါ်လိုက်တာဖြစ်ခဲ့တယ်။ ဘာသာစကားသင်ယူရတာဟာ တကယ့်ကိုစိန်ခေါ်ချက်တစ်ခုပဲ!
အစပိုင်းမှာ ကျွန်တော်တင်ဆက်ဟောပြောမယ့်စကားကို လက်ဖဝါးပေါ်ရေးထားပြီး အိမ်ပေါက်ဝကိုသွားနေတုန်း လေ့ကျင့်တတ်တယ်။ ကျွန်တော်ဒီလိုပြောခဲ့တယ်– “ဒီစာအုပ်နဲ့အတူ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ရနိုင်တယ်။” အဲ့ဒါကိုလက်ခံခဲ့တဲ့လူတစ်ယောက်က ကျွန်တော်ကြိုးစားပြောပြနေတာကိုသိချင်လို့ ကျွန်တော်တို့ရဲ့စည်းဝေးတွေကို လာတက်ခဲ့ရတယ်လို့ နောက်ပိုင်းမှပြောပြတယ်။ အဲဒီပုဂ္ဂိုလ်ဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတယ်။ တမန်တော်ပေါလု အသိအမှတ်ပြုခဲ့သလိုပဲ နှိမ့်ချတဲ့နှလုံးတွေထဲမှာ အမှန်တရားမျိုးစေ့ ကြီးထွားစေသူက ဘုရားသခင်တစ်ပါး၁ ကောရိန္သု ၃:၇။
တည်းသာဖြစ်တယ်ဆိုတာ တကယ်ထင်ရှားတယ်!—မနက်ဂွာမြို့တော်မှာ နှစ်နှစ်လောက်နေပြီးနောက် နီကာရာဂွာတောင်ပိုင်းကိုပြောင်းရွှေ့ဖို့ တောင်းဆိုခံခဲ့ရတယ်။ အဲ့ဒီမှာ ရီဗာ့စ်အသင်းတော်နဲ့ အနီးအနားမှာရှိတဲ့ စိတ်ဝင်စားသူအုပ်စုတွေနဲ့အတူ ပူးပေါင်းအမှုဆောင်ခဲ့ရတယ်။ အဲဒီအုပ်စုတွေဆီ ကျွန်တော်လည်ပတ်သွားတဲ့အခါ သစ္စာရှိသက်ကြီးရွယ်အို သက်သေခံတစ်ယောက်ဖြစ်တဲ့ ပက်ဒရို ပန်ညာက ကျွန်တော်နဲ့အတူလိုက်တယ်။ အုပ်စုတစ်စုဟာ ယေဟောဝါသက်သေမိသားစုတစ်စုတည်းရှိတဲ့ နီကာရာဂွာကန်က မီးတောင်ကျွန်းမှာတည်ရှိတယ်။
အဲဒီမိသားစုဟာ သိပ်မပြည့်စုံပေမဲ့ ကျွန်တော်တို့လည်ပတ်လာတာကို တန်ဖိုးထားကြောင်း ကြိုးစားဖော်ပြခဲ့ကြတယ်။ ကျွန်တော်တို့ရောက်သွားတဲ့ညနေပိုင်းမှာ အစားအသောက်တွေ အသင့်ပြင်ဆင်ထားတယ်။ အဲ့ဒီမှာ ကျွန်တော်တို့တစ်ပတ်နေတယ်၊ သမ္မာကျမ်းစာကိုမြတ်နိုးတဲ့ ခင်မင်စရာကောင်းတဲ့ အဲ့ဒီလူတွေဟာ သူတို့စားစရာကို ကျွန်တော်တို့ကို ဝေမျှပေးခဲ့ကြတယ်။ တနင်္ဂနွေနေ့ ကျမ်းစာဆိုင်ရာလူထုဟောပြောပွဲကို ၁၀၁ ယောက်တက်ရောက်လို့ ကျွန်တော်တို့ပီတိဖြာခဲ့ရတယ်။
နောက်တစ်ကြိမ် ကော့စတာရီကိုနယ်စပ်အနီး တောင်တန်းတွေက စိတ်ဝင်စားသူအုပ်စုတစ်ခုဆီကိုလည်ပတ်တဲ့အခါ ယေဟောဝါရဲ့ထောက်မမှုတန်ခိုးခံခဲ့ရတာ ထင်ရှားတယ်။ ခရီးထွက်ရမယ့်နေ့မှာ ပက်ဒရိုလာခေါ်ပေမဲ့ ကျွန်တော်ငှက်ဖျားမိနေလို့ အိပ်ရာထဲမှာပေါ့။ “ကျွန်တော်မသွားနိုင်ဘူး၊ ပက်ဒရို” လို့ပြောလိုက်တယ်။ ကျွန်တော့်နဖူးပေါ် သူ့ရဲ့လက်ကိုတင်ပြီး “ဟုတ်တယ်၊ အရမ်းဖျားနေတယ်၊ ဒါပေမဲ့ သွားရမယ်! ညီအစ်ကိုတွေစောင့်နေကြတယ်” လို့ပြန်ပြောခဲ့တယ်။ အဲဒီနောက် ကျွန်တော်ကြားဖူးသမျှထဲမှာ လှိုက်လှိုက်လှဲလှဲအရှိဆုံး ဆုတောင်းချက်တစ်ခုကို သူတောင်းလျှောက်ခဲ့တယ်။
ပြီးတာနဲ့ ကျွန်တော်က “ဖရက်စကို (သစ်သီးဖျော်ရည်) သွားသောက်ပါ။ ကျွန်တော်ဆယ်မိနစ်ပဲ ကြာမယ်” လို့ပြောလိုက်တယ်။ ကျွန်တော်တို့လည်ပတ်တဲ့နေရာမှာ သက်သေခံမိသားစုနှစ်စုနေထိုင်ပြီး ကျွန်တော်တို့ကို အရမ်းဂရုစိုက်ကြတယ်။ နောက်တစ်နေ့မှာ အဖျားကြောင့်ကျွန်တော်အားနည်းနေသေးပေမဲ့ သူတို့နဲ့အတူ ဟောပြောခြင်းမှာပါဝင်ခဲ့တယ်။ တနင်္ဂနွေနေ့စည်းဝေးမှာ လူတစ်ရာကျော်တက်ရောက်တာကိုတွေ့ရတာ တကယ့်ကိုအားရှိတယ်!
တစ်ဖန်ပြောင်းရွှေ့ခြင်း
၁၉၇၅ မှာ ခုနစ်ယောက်မြောက်ကလေး ဗောန်ကိုဖွားမြင်ခဲ့တယ်။ နောက်တစ်နှစ်မှာ ငွေရေးကြေးရေးကြောင့် ကနေဒါကိုပြန်ခဲ့ရတယ်။ နီကာရာဂွာမှာ ကျွန်တော်တို့နေထိုင်ချိန်အတွင်း ယေဟောဝါရဲ့ထောက်မမှုအစွမ်းတန်ခိုးကို တကယ်ခံစားရလို့ အဲ့ဒီကနေထွက်ခွာရတာ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ထွက်လာချိန်မှာ ကျွန်တော်တို့အသင်းတော်ရပ်ကွက်မှာ လူ ၅၀၀ ကျော် စည်းဝေးတွေတက်နေကြပြီ။
ဒီအရင် သမီးမိရိအမ်နဲ့ ကျွန်တော်ဟာ နီကာရာဂွာမှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတုန်းက မိရိအမ်က ဒီလိုမေးခဲ့ဖူးတယ်– “ဖေဖေ၊ တကယ်လို့ ကနေဒါကိုပြန်ရမယ်ဆိုရင် သမီးဒီမှာနေခဲ့ဖို့ ခွင့်ပြုမလား။” ပြန်သွားဖို့လုံးဝမရည်ရွယ်တဲ့အတွက် “ခွင့်ပြုတာပေါ့!” လို့ကျွန်တော်ဖြေခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ပြန်လာတဲ့အခါ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုကိုဆက်ထမ်းဆောင်ဖို့ မိရိအမ်နေရစ်ခဲ့တယ်။ နောက်ပိုင်းမှာ အင်ဒရူးရိဒ်နဲ့ သူလက်ထပ်လိုက်တယ်။ ၁၉၈၄ မှာ နယူးယောက်၊ ဘရွတ်ကလင်က ယေဟောဝါသက်သေတွေရဲ့ ၇၇ ကြိမ်မြောက် သာသနာပြုဂိလဒ်သင်တန်းကျောင်းကို သူတို့တက်ရောက်ခဲ့ကြတယ်။ နီကာရာဂွာက အထူးကောင်းမွန်တဲ့သာသနာပြုတွေ ထည့်သွင်းပေးခဲ့တဲ့ဆန္ဒအတိုင်း အခုမိရိအမ်ဟာ သူ့ခင်ပွန်းနဲ့အတူ ဒိုမီနီကန်သမ္မတနိုင်ငံမှာအမှုဆောင်နေကြတယ်။
ဒီအတောအတွင်း “ဒီလောက်လေးနဲ့ ဒို့မရပ်နားဘူး” ဆိုတဲ့ အဖေ့ရဲ့စကားတွေက ကျွန်တော့်နှလုံးထဲမှာ တောက်လောင်နေဆဲပါပဲ။ ဒါကြောင့် ဗဟိုအမေရိကကိုပြန်သွားဖို့ ငွေကြေးအလုံအလောက်စုဆောင်းပြီးတာနဲ့ ၁၉၈၁ ခုလောက်မှာ တစ်ခါပြန်ပြောင်းရွှေ့ကြတယ်၊ ဒီတစ်ကြိမ်တော့ ကော့စတာရီကာကိုဖြစ်တယ်။ အဲဒီမှာအမှုဆောင်နေတုန်း သူတို့ရဲ့ဌာနခွဲရုံးအသစ်ဆောက်လုပ်ရေးမှာ ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ဒါပေမဲ့ ၁၉၈၅ မှာ ကျွန်တော်တို့သားလေး ဂရန့်တ်က ဆေးကုသဖို့လိုအပ်လာတဲ့အတွက် ကနေဒါကိုပြန်ခဲ့ရတယ်။ ဂလဲန်းက ဌာနခွဲဆောက်လုပ်ရေးစီမံကိန်းမှာလုပ်ဆောင်ဖို့ ကော့စတာရီကာမှာနေရစ်ခဲ့တယ်၊ အဲနက်တ်နဲ့ ရှာမိန်းတို့ကတော့ အထူးရှေ့ဆောင်တွေအနေနဲ့ အမှုဆောင်နေကြတယ်။ ကော့စတာရီကာကနေပြန်လာကြတဲ့အခါ ပြန်သွားနိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့တစ်ယောက်မှ မစဉ်းစားမိဘူး။
ဆင်းရဲခက်ခဲမှုကို ရင်ဆိုင်ဖြေရှင်းခြင်း
၁၉၉၃၊ စက်တင်ဘာ ၁၇ ရက်နေ့အစောပိုင်းဟာ အတော်နေသာတဲ့နေ့တစ်နေ့ပဲ။ သားကြီး မာ့ခ်နဲ့အတူ ကျွန်တော်အိမ်မိုးနေတယ်။ ဘေးချင်းယှဉ် အလုပ်လုပ်နေရင်း ထုံးစံအတိုင်း ဝိညာဉ်ရေးရာတွေကို ပြောဆိုနေခဲ့ကြတယ်။ ဘယ်လိုမှန်းမသိဘဲ ကျွန်တော်ဟန်ချက်ပျက်သွားပြီး ခေါင်မိုးပေါ်ကနေ လိမ့်ကျသွားတယ်။ ကျွန်တော်သတိပြန်ရတဲ့အခါ တောက်ပတဲ့အလင်းရောင်တွေနဲ့ အဖြူရောင်ဝတ်စုံတွေ ဝတ်ထားသူတွေကိုပဲတွေ့တယ်။ ကျွန်တော် ဆေးရုံအရေးပေါ်အခန်းမှာရောက်နေတာပါ။
သမ္မာကျမ်းစာမိန့်မှာထားတာကြောင့် ကျွန်တော်ပထမဆုံးပြောလိုက်တာက– “သွေးမသွင်းဘူး၊ သွေးမသွင်းဘူး!” (တမန်တော် ၁၅:၂၈၊ ၂၉) ရှာမိန်းက “မသွင်းပါဘူး၊ ဖေဖေ။ ကျွန်မတို့အားလုံး ဒီမှာရှိတယ်” လို့ပြောလိုက်တာကိုကြားရတော့ တကယ့်ကိုအားရှိသွားတယ်။ ဆရာဝန်တွေက ကျွန်တော့်ဆေးမှတ်တမ်းကိုတွေ့ထားပြီး သွေးအသုံးပြုစရာအကြောင်းမပေါ်ခဲ့ဘူးဆိုတာကို နောက်ပိုင်းမှကျွန်တော်သိခဲ့ရတယ်။ ကျွန်တော့်လည်တိုင်ကျိုးသွားပြီး တစ်ကိုယ်လုံးလေဖြတ်ထားလို့ ကိုယ့်ဘာသာကိုယ်အသက်ရှူလို့တောင်မရခဲ့ဘူး။
မလှုပ်ရှားနိုင်တော့တဲ့အတွက် ယေဟောဝါရဲ့ထောက်မမှုကို အရင်ကထက်ပိုပြီးလိုအပ်ခဲ့တယ်။ အသက်ရှူပြွန်တစ်ခုအစားသွင်းဖို့ လေပြွန်ခွဲတဲ့အခါ ကျွန်တော့်အသံကြိုးတွေဆီသွားတဲ့ လေလမ်းကြောင်းပိတ်သွားတယ်။ ဒါနဲ့ ကျွန်တော်စကားမပြောနိုင်တော့ဘူး။ ကျွန်တော်ကြိုးစားပြောသမျှကို နားလည်နိုင်ကြဖို့ ကျွန်တော့်နှုတ်ခမ်းကိုကြည့်ပြီး အကဲဖြတ်ကြရတယ်။
ကုန်ကျစရိတ်တွေ တိုးများလာတယ်။ ကျွန်တော့်ဇနီးနဲ့ ကလေးအများစုက အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တွေဖြစ်နေကြတော့ ဒီငွေတွေကိုပေးဆပ်ဖို့ အမှုဆောင်လုပ်ငန်းကနေထွက်ကြဖို့လိုမလားလို့ ကျွန်တော်စိုးရိမ်မိတယ်။ ဒါပေမဲ့ မာ့ခ်က သုံးလနဲ့ပဲ ဒီကုန်ကျစရိတ်တွေကိုကာမိနိုင်မယ့် အလုပ်ရခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ဇနီးနဲ့ကျွန်တော်ကလွဲလို့ အားလုံးအချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ဆက်လက်ပါဝင်နိုင်ခဲ့ကြတယ်။
ဆေးရုံကကျွန်တော့်အခန်းနံရံမှာ နိုင်ငံခြောက်နိုင်ငံက ရာနဲ့ချီတဲ့ ကတ်တွေ၊ စာတွေကိုကပ်ထားတယ်။ ယေဟောဝါဟာ ကျွန်တော့်ကို တကယ်ပဲထောက်မကူညီပေးခဲ့တယ်။ အထူးကုသဆောင်မှာနေခဲ့ရတဲ့ ငါးလခွဲအတွင်းမှာ အသင်းတော်ကလည်း အစားအသောက်စီမံပေးပြီး ကျွန်တော့်မိသားစုကိုကူညီပေးခဲ့တယ်။ ခရစ်ယာန်အကြီးအကဲတစ်ယောက်က ကျမ်းစာနဲ့ကျမ်းစာအခြေပြုစာပေတွေကို နေ့တိုင်း မွန်းလွဲပိုင်းမှာဖတ်ပြတဲ့အပြင် အားတက်စရာတွေ့ကြုံမှုတွေပြောပြတယ်။ ကျွန်တော့်မိသားစုထဲကနှစ်ယောက်ဟာ ပတ်စဉ်အသင်းတော်စည်းဝေးတွေအတွက် ကျွန်တော်နဲ့အတူပြင်ဆင်ကြတာကြောင့် အရေးပါဝိညာဉ်အစာတွေကို ကျွန်တော်တစ်ခါမှမလွတ်ခဲ့ဘူး။
ကျွန်တော်ဆေးရုံတက်နေတုန်းမှာ အထူးအစည်းအဝေးနေ့အစီအစဉ်ကို တက်ရောက်နိုင်ဖို့ စီစဉ်ပေးခဲ့ကြတယ်။ ဆေးရုံအမှုထမ်းအဖွဲ့က သူနာပြုဆရာမတစ်ယောက်နဲ့ အသက်ရှူကိရိယာထိန်းဆရာမတစ်ယောက်ကို ကျွန်တော်နဲ့အတူ တစ်နေ့လုံးနေဖို့ စီစဉ်ပေးခဲ့ကြတယ်။ ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ ပြန်ဆုံတွေ့ရတာ တကယ်အားရစရာကောင်းတယ်! ကျွန်တော့်ကို အလှည့်ကျနှုတ်ဆက်ဖို့ ရာနဲ့ချီတန်းစီစောင့်နေကြတာကို ဘယ်တော့မှမေ့နိုင်မှာမဟုတ်ဘူး။
ဝိညာဉ်ရေးရာကိုဆက်လက်ထိန်းသိမ်းခြင်း
အဲဒီမတော်တဆထိခိုက်မှုဖြစ်ပြီးနောက် တစ်နှစ်လောက်မှာ တစ်ရက်ကို ၂၄-နာရီ ဆက်ပြုစုစောင့်ရှောက်ခံနေရပေမဲ့ ကျွန်တော့်မိသားစုနဲ့အတူ အိမ်မှာပြန်နေနိုင်ခဲ့တယ်။ အထူးစီမံပြုလုပ်ထားတဲ့ ဗင်ကားတစ်စီးနဲ့ စည်းဝေးတွေကိုမပျက်သလောက် တက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တော်တော်ကြိုးစားသွားရတယ်။ အိမ်ပြန်ရောက်ကတည်းက ခရိုင်စည်းဝေးအားလုံးကို တက်နိုင်ခဲ့ပြီ။
နောက်ဆုံး ၁၉၉၇ ဖေဖော်ဝါရီလမှာ စကားအနည်းအကျဉ်းပြောနိုင်စွမ်း ပြန်ရခဲ့တယ်။ ကျမ်းစာအခြေပြုတဲ့ ကျွန်တော့်မျှော်လင့်ချက်ကိုပြောပြတဲ့အခါ သူနာပြုတချို့က ကောင်းကောင်းနားထောင်ကြတယ်။ သူနာပြုတစ်ယောက်ဆိုရင် ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများ စာအုပ်တစ်အုပ်လုံးနဲ့ ကင်းမျှော်စင်အသင်းထုတ် တခြားစာပေတွေကိုပါ ကျွန်တော့်ကိုဖတ်ပြပေးခဲ့တယ်။ ကွန်ပျူတာနှိပ်ဖို့ တုတ်တစ်ချောင်းကိုသုံးပြီး လူတွေဆီကို ကျွန်တော်စာရေးသက်သေခံတယ်။ ဒီလိုစာရေးရတာ အရမ်းပင်ပန်းပေမဲ့ ခရစ်ယာန်ဓမ္မအမှုမှာ ဆက်ပါဝင်နိုင်တာက ကျေနပ်မှုကိုဖြစ်စေတယ်။
အာရုံကြောဝေဒနာကို ကျွန်တော်အကြီးအကျယ်ခံစားနေရတယ်။ ဒါပေမဲ့ တခြားသူတွေကို ကျမ်းစာအမှန်တရားပြောပြနေတဲ့အခါ၊ ဒါမှမဟုတ် အဲဒါတွေကိုကျွန်တော့်ကိုဖတ်ပြနေတဲ့အခါ အတော်သက်သာပုံရတယ်။ တစ်ခါတလေတော့ ကျွန်တော့်ဇနီးအကူအညီနဲ့ လမ်းပေါ်မှာသက်သေခံတယ်။ အကူအညီလိုတဲ့အခါ သူရှင်းပြပေးတယ်။ အကြိမ်ကြိမ် အရန်ရှေ့ဆောင်လုပ်နိုင်ခဲ့တယ်။ ခရစ်ယာန်အကြီးအကဲတစ်ယောက်ဖြစ်ရတာ တကယ်ပျော်စရာကောင်းတယ်။ အထူးသဖြင့် အစည်းအဝေးတွေမှာ ညီအစ်ကိုတွေ ကျွန်တော့်ဆီကိုလာကြတဲ့အခါ၊ ဒါမှမဟုတ် ကျွန်တော့်အိမ်ကိုလာလည်တဲ့အခါ သူတို့ကို အားပေးကူညီနိုင်တဲ့အတွက်ပဲ။
စိတ်ဓာတ်ကျဖို့တော့ အတော်လွယ်တယ်လို့ ကျွန်တော်ဝန်ခံရမယ်။ ဒါကြောင့် စိတ်ဓာတ်ကျတဲ့အခါတိုင်း ရွှင်လန်းနိုင်ဖို့ ချက်ချင်းဆုတောင်းရတယ်။ ကျွန်တော့်ကို ယေဟောဝါဆက်ပြီးထောက်မကူညီပါစေလို့ နေ့ရောညပါ ဆုတောင်းရတယ်။ စာတစ်စောင်၊ ဒါမှမဟုတ် တစ်ယောက်ယောက်လာလည်လို့ရှိရင် ကျွန်တော်အမြဲပျော်တယ်။ ကင်းမျှော်စင်၊ နိုးလော့! မဂ္ဂဇင်းတွေကိုဖတ်တဲ့အခါလည်း တည်ဆောက်မှုရတယ်။ ဒီမဂ္ဂဇင်းတွေကို တစ်ခါတလေ သူနာပြုအတော်များများက ဖတ်ပြပေးတယ်။ အဲ့ဒီမတော်တဆထိခိုက်မှုဖြစ်ပြီးကတည်းက ကက်ဆက်ခွေနဲ့ ကျမ်းစာတစ်အုပ်လုံးဖတ်တာကို နားထောင်တာခုနစ်ကြိမ်ရှိပြီ။ ဒီလိုနည်းတွေနဲ့ ကျွန်တော့်ကိုယေဟောဝါထောက်မပေးခဲ့တယ်။—ဆာလံ ၄၁:၃။
ကျွန်တော့်အခြေအနေတွေပြောင်းလဲလာတဲ့အတွက် ကျွန်တော်တို့ရဲ့ကြီးမြတ်တဲ့သွန်သင်ရှင်ယေဟောဝါဟာ ဘဝအသက်တာအတွက် ဘယ်လောက်ညွှန်ကြားပေးတယ်ဆိုတာကို တွေးတောဆင်ခြင်ဖို့ အချိန်ပိုရလာတယ်။ ကိုယ်တော့်အလိုတော်နဲ့ရည်ရွယ်ချက်ကိုသိဖို့ တိကျမှန်ကန်တဲ့အသိပညာရယ်၊ အဓိပ္ပာယ်ပြည့်ဝတဲ့ခရစ်ယာန်ဓမ္မအမှု၊ မိသားစုပျော်ရွှင်ဖို့ လျှို့ဝှက်ချက်နဲ့စပ်လျဉ်းတဲ့ အကြံပေးချက်နဲ့ ဆင်းရဲခက်ခဲချိန်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကိုသိဖို့ ပိုင်းခြားသိမြင်တတ်တဲ့ဉာဏ်ကို ကိုယ်တော်ပေးထားတယ်။ ယေဟောဝါဟာ သစ္စာရှိပြီးအရမ်းကောင်းမွန်တဲ့ဇနီးနဲ့ ကျွန်တော့်ကိုကောင်းချီးပေးခဲ့တယ်။ ကလေးတွေကလည်း ကျွန်တော့်ကိုထောက်ပံ့ကူညီပေးကြပြီး သူတို့အားလုံး အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာပါဝင်ကြတဲ့အတွက် ကျွန်တော်တကယ်ပျော်တယ်။ ပြောပြရဦးမယ်၊ ၂၀၀၀၊ မတ် ၁၁ ရက်မှာ ကျွန်တော်တို့သားမာ့ခ်နဲ့ သူ့ဇနီးအယ်လီစန်တို့ဟာ ၁၀၈ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းဆင်းပြီး နီကာရာဂွာမှာ တာဝန်ကျကြတယ်။ သူတို့ရဲ့ကျောင်းဆင်းပွဲကို ကျွန်တော်တို့ဇနီးမောင်နှံ တက်ခွင့်ရခဲ့တယ်။ အခက်အခဲက ကျွန်တော့်ဘဝကိုပြောင်းလဲလိုက်ပေမဲ့ စိတ်နှလုံးကိုတော့မပြောင်းလဲနိုင်တာအမှန်ပဲ။—ဆာလံ ၁၂၇:၃၊ ၄။
ကျွန်တော်ရရှိထားတဲ့ ဝိညာဉ်ရေးအမွေအနှစ်ကို ကျွန်တော့်မိသားစုထံလက်ဆင့်ကမ်းပေးနိုင်ဖို့ ဉာဏ်စွမ်းကို ယေဟောဝါပေးတဲ့အတွက် ကိုယ်တော်ကိုကျေးဇူးတင်လိုက်တာ။ “ဒီလောက်လေးနဲ့ ဒို့မရပ်နားဘူး။ ဟောပြောဖို့ ဒို့တွေကို ယေဟောဝါအမိန့်ပေးထားတယ်” လို့ပြောခဲ့တဲ့ ကျွန်တော့်အဖေလိုသဘောထားမျိုးနဲ့ သူတို့ဖန်ဆင်းရှင်ရဲ့အမှုတော်ကို ကလေးတွေထမ်းဆောင်နေတာကိုတွေ့မြင်ရလို့ ကျွန်တော်ခွန်အားရှိပြီး အားပေးမှုလည်းရတယ်။ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုရဲ့ဘဝတစ်လျှောက်လုံးမှာ ယေဟောဝါ တကယ်ပဲထောက်မကူညီပေးခဲ့တယ်။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ရှေ့ဆောင်လုပ်ချိန်အတွင်း အသုံးပြုခဲ့တဲ့ ကားအိမ်ဘေးမှာ အဖေ၊ အစ်ကို၊ အစ်မတို့နဲ့အတူ။ ကျွန်တော်ကညာဘက်ကသူဖြစ်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီး မာရ်နာနဲ့အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်တော်တို့မိသားစု၏မကြာသေးမီကပုံ
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ကျွန်တော်စာတွေအားဖြင့်သက်သေခံနေဆဲ