သွေးမဲ့ခွဲစိတ်ကုသမှု “အရေးပါ လူကြိုက်များကုထုံး”
သွေးမဲ့ခွဲစိတ်ကုသမှု “အရေးပါ လူကြိုက်များကုထုံး”
ကနေဒါနိုင်ငံတစ်ဝန်းမှ ဆရာဝန်များသည် “လွန်ခဲ့သောငါးနှစ်ကျော်က သွေးမဲ့ခွဲစိတ်ကုသမှုဟုခေါ်ဝေါ်သောကုထုံးကို အရေးပါစေခဲ့ပြီဖြစ်ကြောင်း” မက္ခလီးန်စ်မဂ္ဂဇင်းက “‘သွေးမဲ့’ ခွဲစိတ်ကုသမှု” ခေါင်းစဉ်အောက်တွင်တင်ပြခဲ့သည်။ ဝင်နီပက်ကျန်းမာရေးသိပ္ပံပညာရပ်ဌာန၏ မေ့ဆေးဆရာဝန် ဘရိုင်ယန် မြူရ်ဟက်ဒ်သည် ထိုဆရာဝန်များထဲမှတစ်ဦးဖြစ်သည်။ သွေးမဲ့ကုသမှုအစီအစဉ်ကို စူးစမ်းရှာဖွေရန် သူ့ကိုအဘယ်အရာက လှုံ့ဆော်ပေးခဲ့သနည်း။
၁၉၈၆ တွင် ယေဟောဝါသက်သေတစ်ဦးအနေနှင့် ကျမ်းစာအခြေပြုယုံကြည်ချက်များကြောင့် သွေးမသွင်းဘဲကုသခံလိုသူ သွေးမတိတ်အနာခွက်ရောဂါရှင် အသက် ၇၀ ရှိသက်ကြီးရွယ်အိုတစ်ဦးကို ခွဲစိတ်ကုသရသော ခက်ခဲသည့်တာဝန်ကို ဒေါက်တာမြူရ်ဟက်ဒ် ယူခဲ့ရသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ဒေါက်တာမြူရ်ဟက်ဒ်သည် “သွေးအားတက်လာစေဖို့ အသုံးနည်းသည့်နည်းလမ်းဖြစ်သော လူနာကိုဆားပျော်ရည်သွင်းပေးသည့်နည်းကို အသုံးပြုခဲ့သည်” ဟုမက္ခလီးန်စ်၌ဖော်ပြသည်။ “ထိုကုထုံးသည်အောင်မြင်ခဲ့ရာ ‘ကျွန်တော်တို့ဟာ သွေးကိုပဲအရမ်းသွင်းနေကြတာ။ တခြားနည်းတွေ စမ်းကြည့်ဖို့ အချိန်တန်ပြီလို့ထင်တယ်’ ဟူသည့် မြူရ်ဟက်ဒ်၏ခံယူချက်ကို ပိုခိုင်လုံစေခဲ့သည်။”
သွေးမဲ့ခွဲစိတ်ကုသမှုကိုစမ်းကြည့်လိုကြခြင်းသည် “လှူဒါန်းကြမည့်သွေးကို မသင်္ကာဖြစ်ကြခြင်းနှင့် သွေးသွင်းခြင်းမှ ရောဂါပိုးကူးစက်မည်ကို လူနာအများက စိုးရိမ်ကြခြင်းတို့ကြောင့်ဖြစ်သည်။” အသစ်ပြောင်းလဲတီထွင်တတ်သောဆရာဝန်များ၏ သုတေသနပြုချက်ကြောင့် ယေဟောဝါသက်သေများသာမက အခြားသူများစွာလည်း အကျိုးခံစားခဲ့ကြရသည်။ “သွေးသွင်းဖို့လိုသည့်အခြေအနေများ မပေါ်စေသည့်အပြင် သွေးမဲ့ခွဲစိတ်ကုသမှုသည် မသန့်သောသွေးမှ ရောဂါကူးစက်ခြင်းအန္တရာယ် မဆိုစလောက်ရှိစေကာမူ ၎င်းကိုလျော့နည်းစေသည်” ဟုမက္ခလီးန်စ်ကဆို၏။ “သန့်သော” သွေးပင်လျှင် လူနာ၏ရောဂါပြီးစနစ်ကို ခေတ္တကျဆင်းစေခြင်းဖြင့် ရောဂါကူးစက်မှုအန္တရာယ်ရှိစေနိုင်သည်။
သွေးမဲ့ကုသမှုအစီအစဉ်နှင့်ပတ်သက်၍ ယေဟောဝါသက်သေများ၏ ခိုင်မာသည့်ယုံကြည်ချက်နောက်ဝယ်တွင် အဘယ်အရာရှိသနည်း။ သွေးသည် သင့်အသက်ကိုမည်သို့ကယ်တင်နိုင်မည်နည်း အင်္ဂလိပ်ဘရိုရှာကို သင်ဖတ်ရှုလိုပေမည်။ ၎င်းကို သင့်အားဝေမျှရန် ယေဟောဝါသက်သေများ အသင့်ရှိပါသည်။