မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏”

“ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏”

“ဉာဏ်ပညာ​ကို ရှာ၍​ရသော​သူသည် မင်္ဂလာ​ရှိ၏”

သူသည် ကဗျာ​ဆရာ၊ ဗိသုကာ​ဆရာ၊ ဘုရင်​တစ်ပါး​ဖြစ်​ခဲ့​သည်။ သူသည် နှစ်စဉ်​ဝင်ငွေ​ဒေါ်လာ​သန်းပေါင်း ၂၀၀ ကျော်​ရှိရာ ကမ္ဘာ​ပေါ်​တွင် အခြား​မည်သည့်​ဘုရင်​ထက်​မဆို သာ၍​ချမ်းသာ​ကြွယ်ဝ​ခဲ့​သည်။ ထို​သူသည် သူ၏​ဉာဏ်ပညာ​ကြောင့်​လည်း ထင်ပေါ်​ကျော်ကြား​ခဲ့​၏။ လည်ပတ်​ရောက်ရှိ​လာသော​ဘုရင်မ​တစ်ပါး​သည် အလွန်​ဘဝင်ခိုက်​သွား​ကာ ဤသို့​ဆို​ခဲ့​သည်– “ယခု​မူ​ကား အရင်​ကြား​သော​စကား​သည် တစ်ဝက်​ကို​မျှ​မမီ။ ကိုယ်တော်​၏​ပညာ​နှင့် ကိုယ်တော်​၏​စည်းစိမ်​သည် အကျွန်ုပ်​ကြား​ရသော​သတင်းကို လွန်ကဲ​ပါ​၏။” (၃ ဓမ္မ​ရာဇဝင် ၁၀:၄-၉) ဤ​သည်​ကား ရှေး​ဣသရေလ​ရှင်ဘုရင်​ရှောလမုန်​၏ အနေအထား​ဖြစ်​ခဲ့​သည်။

ရှောလမုန်​တွင် ပစ္စည်းဥစ္စာ​ရော ဉာဏ်ပညာ​ပါရှိ​ခဲ့​သည်။ ထို​အရာ​နှစ်ခု​အနက် အဘယ်အရာ​သည် အမှန်ပင်​မရှိမဖြစ်​လိုအပ်​သည်ကို သူ​စီရင်​ဆုံးဖြတ်​ရန် ထူးခြားသော​စွမ်းရည်​ရှိသည်။ သူက ဤသို့​ရေးသားခဲ့​သည်– “ဉာဏ်ပညာ​ကို​ရှာ၍​ရသော​သူသည် မင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား ပညာ​ကုန်သွယ်​ခြင်း​သည် ငွေ​ကုန်သွယ်​ခြင်း​ထက် သာ၍​ကောင်း​၏။ ပညာ​ကုန်သွယ်​၍​ရသော​အမြတ်​လည်း ရွှေ​စင်​ထက်​သာ၍​ကောင်း​၏။ ပညာ​သည် ပတ္တမြား​ထက်​သာ၍ အဖိုးထိုက်​ပေ​၏။ နှစ်သက်ဖွယ်​သမျှ​သော​အရာ​တို့သည် ထို​ရတနာ​ကို​မ​ပြိုင်​နိုင်​ကြ။”—သု. ၃:၁၃-၁၅

သို့သော် ဉာဏ်ပညာ​ကို အဘယ်​နေရာတွင် တွေ့ရှိ​နိုင်​မည်​နည်း။ ယင်းသည် ပစ္စည်းဥစ္စာ​ထက် အဘယ်ကြောင့်​သာ၍​အဖိုးထိုက်​ရသနည်း။ ၎င်း​၏​နှစ်သက်ဖွယ်​ကောင်းသော ထူးခြားချက်​များ​ကား အဘယ်နည်း။ ရှောလမုန်​ရေး​သော နယပုံပြင်​ကျမ်း​၏ ၈ ခု​မြောက်​အခန်းကြီး​တွင် စိတ်ဝင်စားဖွယ်​နည်းဖြင့် အဆိုပါ​မေးခွန်းများကို ဖြေဆို​ပေး​သည်။ ထို​တွင် ဉာဏ်ပညာ​ကို စကားပြော​ဆို​ပြုမူ​နိုင်​ဘိ​သကဲ့သို့ သရုပ်ဖော်​ထား​သည်။ ထို့​ပြင် ဉာဏ်ပညာ​ကိုယ်နှိုက်​က ၎င်း​၏​မေတ္တာ​ရပ်ခံ​ချက်​ကို​သာမက တန်ဖိုး​ကို​ပါ ဖော်ပြ​သည်။

‘ကြွေးကြော်​လျက်​ရှိ၏’

နယပုံပြင်​အခန်းကြီး ၈ [သမ္မာ] သည်​အဖြေ​မလို​သော ဤ​မေးခွန်း​ဖြင့်​စတင်​ခဲ့​သည်– “ပညာ [“ဉာဏ်ပညာ၊” က​ဘ] သည်​ခေါ်​၍ ဉာဏ် [“ပိုင်းခြား​သိမြင်မှု၊” က​ဘ] သည်​မိမိ​အသံကို လွှင့်​သည်မဟုတ်​လော။” * မှန်သည်၊ ဉာဏ်ပညာ​နှင့်​ပိုင်းခြား​သိမြင်မှု​သည် ဟစ်ခေါ်​နေ​၏၊ သို့သော် မှောင်​သော​နေရာများ​တွင် ချောင်းမြောင်း​စောင့်​နေပြီး တစ်ကိုယ်ရည်​မ​နူး​မ​နပ်​လူငယ်​တစ်ဦး​ကို သွေးဆောင်​စကား​များ​တီးတိုး​ပြောဆို​သည့် အကျင့်ပျက်​အမျိုးသမီးနှင့်​လုံးဝ​မတူ​ချေ။ (သု. ၇:၁၂) “လမ်း​နား၊ မြင့်​ရာ​အရပ်​များ​၌​လည်းကောင်း၊ လမ်းဆုံ​၌​လည်းကောင်း​ရပ်နေ​၏။ မြို့​ဝင်​ရာ​တံခါး၊ တံခါးဝ​များ​၌ ကြွေးကြော်” လျက်​ရှိ၏။ (သု. ၈:၁-၃သမ္မာ) အသံ​အောင်​ပြီး,ပြတ်သား​သော ဉာဏ်ပညာ​၏​အသံကို လူအများ​ရှိရာ ဂိတ်​များ၊ လမ်းဆုံ​များ၊ မြို့​အဝင်ဝ​များ​တို့​တွင် ကျယ်လောင်​စွာ​ပီပီပြင်ပြင်​ကြား​ရသည်။ လူတို့သည် ထို​အသံကို အလွယ်တကူ​ကြား​ပြီး တုံ့ပြန်​နိုင်​ကြသည်။

မှုတ်သွင်းခံ​ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထားသော ဘုရားရေးရာ​ဉာဏ်ပညာ​ကို​ရရှိ​လို​သူ ကမ္ဘာ​ပေါ်​မှ​လူတိုင်း​နီးပါး ရနိုင်​သည်ကို မည်သူ​ငြင်း​နိုင်​မည်​နည်း။ “သမ္မာကျမ်းစာ​သည် သမိုင်း​တွင် အကျယ်ပြန့်ဆုံး​ဖတ်ရှု​သည့် စာအုပ်​တစ်အုပ်​ဖြစ်သည်” ဟု​ကမ္ဘာ့​စာအုပ်​စွယ်စုံ​ကျမ်း​က​ဆို​သည်။ ယင်းက​ဤသို့​ထပ်လောင်း​ဆို​သည်– “အခြား​မည်သည့်​စာအုပ်​ထက်​မဆို သမ္မာကျမ်းစာ​၏​မိတ္တူများ​စွာ​ကို ဖြန့်ချိ​ခဲ့ပြီ။ သမ္မာကျမ်းစာ​ကို အခြား​မည်သည့်​စာအုပ်​ထက်​မဆို အကြိမ်ရေ​ပို​၍၊ ဘာသာ​စကား​ပို​၍​လည်း ဘာသာ​ပြန်ဆို​ခဲ့ပြီ။” သမ္မာကျမ်းစာ​တစ်အုပ်လုံး သို့​မဟုတ် ၎င်း​၏​အစိတ်အပိုင်း​များ​ကို ဘာသာ​စကား​နှင့်​လူမျိုးစု​ငယ်​ဘာသာ​စကား ၂,၁၀၀ ကျော်​ဖြင့်​ရရှိနိုင်သော​ကြောင့် လူ့​မိသားစု ၉၀ ရာခိုင်နှုန်း​ကျော်​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော် အနည်းဆုံး​တစ်စိတ်​တစ်ပိုင်း​ကို သူတို့၏​ကိုယ်ပိုင်​ဘာသာ​စကား​ဖြင့် ရရှိနိုင်​ကြပြီ​ဖြစ်သည်။

ယေဟောဝါသက်သေ​များသည် ကျမ်းစာ​သတင်းတရားကို နေရာတိုင်း​တွင် လူသိရှင်ကြား​ကြေညာ​လျက်​ရှိကြသည်။ နိုင်ငံ​ပေါင်း ၂၃၅ နိုင်ငံ​တွင် သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်းကို တက်ကြွ​စွာ​ဟောပြော​ကာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​တွင် တွေ့ရှိ​ရသည့် အမှန်တရားကို လူ​တို့အား သွန်သင်ပေး​လျက်​ရှိသည်။ သူတို့၏​ကျမ်းစာ​အခြေပြု​ဂျာနယ်​များ​ဖြစ်သော ဘာသာ​စကား​ပေါင်း ၁၄၀ ဖြင့်​ထုတ်ဝေ​သည့် ကင်းမျှော်စင် နှင့်​ဘာသာ​စကား​ပေါင်း ၈၃ ဘာသာ​ဖြင့်​ပုံနှိပ်​သည့် နိုးလော့! အသီးသီး​တို့ကို သန်းပေါင်း ၂၀ ကျော် ဖြန့်ချိ​လျက်​ရှိကြသည်။ ဉာဏ်ပညာ​သည် လူအများ​ရှိရာ​နေရာများ​တွင် အမှန်ပင်​ကျယ်လောင်​စွာ​ကြွေးကြော်​နေပါ​သည်​တကား!

“လူသားတို့အား အသံကို​ငါ​လွှင့်​၏”

တင်စား​ထားသော​ဉာဏ်ပညာ​သည် ဤသို့​စတင်​ဆို​သည်– “အချင်း​လူ​တို့ သင်တို့အား​ငါ​ခေါ်​၏။ လူသားတို့အား အသံကို​ငါ​လွှင့်​၏။ ဉာဏ်​တိမ်​သော​သူတို့ ပညာ​တရား [“အလိမ္မာ​ဉာဏ်”၊ က​ဘ] ကို​နားလည်​ကြလော့။ လူ​မိုက်​တို့ ထိုးထွင်း​သော​ဉာဏ်​ရှိကြလော့။”—သု. ၈:၄၊ ၅

ဉာဏ်ပညာ​၏​ခေါ်သံ​သည် လူသားထု​တစ်ရပ်လုံး​ထံ​သို့​ဖြစ်၏။ ၎င်း​၏​ဖိတ်ခေါ်ချက်​သည် လူ​ခပ်သိမ်း​နှင့်​သက်ဆိုင်​သည်။ မ​လိမ္မာ​သူများကို​ပင် အလိမ္မာ​ဉာဏ် သို့​မဟုတ် အမြော်အမြင်​ရရှိဖို့​နှင့် မိုက်မဲ​သူတို့သည် နားလည်​သော​စိတ်​ရရှိဖို့ ဖိတ်ခေါ်​လျက်​ရှိ၏။ အမှန်​မှာ၊ သမ္မာကျမ်းစာ​သည် လူ​ခပ်သိမ်း​အတွက်​စာအုပ်​တစ်အုပ်​ဖြစ်သည်​ကို ယေဟောဝါသက်သေ​များ ယုံကြည်​ကြသော​ကြောင့် ကျမ်းစာ​တွင်​ပါရှိ​သည့် ဉာဏ်ပညာ​စကား​များ​ကို​ရှာဖွေကြ​ရန် သူတို့​တွေ့ဆုံ​သမျှ​လူတိုင်းကို မျက်နှာမလိုက်​ဘဲ​ကြိုးစား​အားပေး​ကြသည်။

‘ငါ့​နှုတ်ထွက်​စကား​သည် အမှန်တရား​ဖြစ်’

ဉာဏ်ပညာ​က ၎င်း​၏​မေတ္တာ​ရပ်ခံ​ချက်​ကို ဤသို့​ကမ်း​လှမ်း​သည်– “နားထောင်​ကြ။ မြတ်သော​စကား​ကို ငါ​ပြော​မည်။ မှန်သော​တရား​စကား​ကို ငါ​နှုတ်မြွက်​မည်။ ငါ့​နှုတ်ထွက်​စကား​သည် [အမှန်] တရား​နှင့်​သာ​ဆိုင်၍ ငါ့​နှုတ်ခမ်း​တို့သည် [မကောင်းမှု]ကို​စက်ဆုပ်​ရွံရှာ​၏။ ငါ​ဟောပြော​သမျှ​သော​စကား​တို့သည် ဖြောင့်မတ်​၍ ကောက်​သော​သဘော၊ ဖောက်ပြန်သော​သဘော​နှင့်​ကင်းစင်​ကြ​၏။” မှန်ပါသည်၊ ဉာဏ်ပညာ​၏​သွန်သင်ချက်​များသည် အလွန်​ကောင်းမွန်​မှန်ကန်​ကာ ဖြောင့်မတ်​တည်ကြည်​၏။ ယင်း​တို့​တွင် မရိုးမသား သို့​မဟုတ် ကောက်ကျစ်​မှု လုံးလုံး​မရှိ​ချေ။ “နားလည် [“ပိုင်းခြား​သိမြင်၊” က​ဘ] သော​သူ၌ အလုံးစုံ​ရှင်းလင်း​၍ ပညာ​ကို​ရသော​သူတို့အား ဟုတ်မှန်​ကြ​၏။”—သု. ၈:၆-၉

ဉာဏ်ပညာ​က ဤသို့​တိုက်တွန်း​သည်​မှာ သင့်လျော်​လှ​၏– “ငွေ​အရင် ငါ့​နည်း [“ဆုံးမ​သွန်သင်ခြင်း၊” က​ဘ] ကိုလည်း​ကောင်း၊ မြတ်သော​ရွှေ​အရင် ပညာ​အတတ်ကို​လည်းကောင်း​ခံယူ​ကြလော့။” ဤသို့​မေတ္တာ​ရပ်ခံ​ခြင်း​သည် ဆီလျော်​လှ​၏၊ “အကြောင်း​မူ​ကား ပညာ [“ဉာဏ်ပညာ၊” က​ဘ] သည်​ပတ္တမြား​ထက်​သာ၍​မြတ်​၏။ နှစ်သက်ဖွယ်​သမျှ​သော​အရာ​တို့သည် ထို​ရတနာ​ကို​မ​ပြိုင်​နိုင်​ကြ” ချေ။ (သု. ၈:၁၀၊ ၁၁) အဘယ်ကြောင့်​နည်း။ အဘယ်အရာက ဉာဏ်ပညာ​ကို ပစ္စည်းဥစ္စာ​ထက် သာ၍​အဖိုးထိုက်​စေ​သနည်း။

“ငါ​ပေး​သော​အကျိုး​သည် ရွှေ​ထက်မက . . . မြတ်​၏”

နားထောင်သူ​ကို ဉာဏ်ပညာ​က​ပေးသနား​သော ဆုကျေးဇူး​များ​ကား ရွှေ၊ ငွေ၊ သို့​မဟုတ် ပတ္တမြား​တို့​ထက် သာ၍​အဖိုးထိုက်​ပေ​သည်။ အဆိုပါ​ဆုကျေးဇူး​များ​ကို​ဖော်ပြ​ကာ ဉာဏ်ပညာ​က ဤသို့​ဆို​သည်– “ငါ့​ဉာဏ်ပညာ​သည် [ကောင်းသော]သတိ [“အလိမ္မာ​ဉာဏ်၊” က​ဘ] နှင့်​ပေါင်း​၍ လိမ္မာ​သော​သိပ္ပံ​အတတ်​များ [“စဉ်းစား​ဆင်ခြင်​နိုင်စွမ်း​အသိပညာ၊” က​ဘ] ကို​ဖော်​တတ်၏။ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သဘော​ကား [မကောင်းမှု]ကို​မုန်း​သော​သဘော​တည်း။ မာန​ထောင်လွှား​ခြင်း၊ စော်ကားခြင်း၊ မကောင်းသော​လမ်း​သို့​လိုက်ခြင်း၊ ကောက်​သော​စကား​ဖြင့်​ပြောဆိုခြင်း​တို့ကို ငါ​မုန်း​၏။”—သု. ၈:၁၂၊ ၁၃

ဉာဏ်ပညာ​သည် မိမိကို​ပိုင်ဆိုင်သူ​အား အလိမ္မာ​ဉာဏ်​နှင့်​ထိုးထွင်း​နိုင်စွမ်း​ကို ပေး​သည်။ “ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သဘော​သည် ပညာ [“ဉာဏ်ပညာ၊” က​ဘ] ၏​မူလအမြစ်​ဖြစ်” သောကြောင့် ဘုရားရေးရာ​ဉာဏ်ပညာ​ရှိသူ​သည် ဘုရားသခင်​ကို ရိုသေ​လေးစား​ကျိုးနွံ​တတ်၏။ (သု. ၉:၁၀) ထို့​ကြောင့် သူသည် ယေဟောဝါ​မုန်း​ရာ​များ​ကို မုန်းသည်။ မာနကြီး​ခြင်း၊ မောက်မာ​ခြင်း၊ မကောင်းသော​အကျင့်​နှင့် ကောက်ကျစ်​သော​နှုတ်​သည် ကိုယ်တော်​နှင့်​အလှမ်း​ကွာဝေး​လှ​သည်။ မကောင်းမှုကို​မုန်းတီးခြင်း​သည် အခွင့်အာဏာ​၏​ပျက်စီး​စေသော​အကျိုးဆက်​မှ ကာကွယ်​ပေး​သည်။ ခရစ်ယာန်​အသင်းတော်တွင် တာဝန်​ရှိ​သူများ​သာမက အိမ်ထောင်ဦးစီး​များသည် ဉာဏ်ပညာ​ကို​ကြိုးစား​ရှာဖွေ​ရန် မည်မျှ​အရေးကြီး​လေ​စွ!

“အကြံပေး​နိုင်သော​အခွင့်​နှင့် ပညာ​ရတနာ [“လက်တွေ့ကျ​ဉာဏ်ပညာ၊” က​ဘ] သည်​ငါ​၌​ရှိ၏။ ငါသည် ဉာဏ်​ဖြစ်၍ အစွမ်း​သတ္တိ​နှင့်​ပြည့်စုံ​၏။ ငါ့​အားဖြင့် ရှင်ဘုရင်​တို့သည် စိုးစံ​ရသော​အခွင့်၊ မင်း​အရာရှိ​တို့သည် ဆုံးဖြတ်​ရသော​အခွင့်​ရှိကြ​၏။ ငါ့​အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီး​အပေါင်းတို့သည် အစိုးရ​သော​အခွင့်​ရှိကြ​၏” ဟု​ဉာဏ်ပညာ​က​ဆက်၍​ဆို​သည်။ (သု. ၈:၁၄-၁၆) ဉာဏ်ပညာ​၏​အသီး​တွင် ရှင်ဘုရင်များ၊ အထက်အရာရှိ​များနှင့် မှူးမတ်များ အလွန်​လိုအပ်သော​အရာများ​ဖြစ်သည့် ထိုးထွင်း​သိမြင်မှု၊ သိနားလည်မှု​နှင့် အစွမ်း​သတ္တိ​တို့​ပါဝင်​သည်။ အခွင့်အာဏာ​ရရှိ​ထား​သူများ​နှင့် သူတစ်ပါးကို​ဆုံးမ​ရသူ​များ​အတွက် ဉာဏ်ပညာ​သည် မရှိမဖြစ်​လိုအပ်​သည်။

စစ်မှန်သော​ဉာဏ်ပညာ​ကို အားလုံး​အလွယ်တကူ​ရရှိနိုင်​သော်လည်း ယင်းကို လူတိုင်း​မ​တွေ့ရှိ​ချေ။ အချို့​ဆိုလျှင် သူတို့ရှေ့​တွင်​မြင်​နေရ​လျက်​ပင် ယင်းကို​ငြင်းပယ်​ကြသည် သို့​မဟုတ် ရှောင်ဖယ်​သွား​ကြသည်။ “ငါ့ကို​ချစ်သော​သူတို့ကို ငါ​ချစ်​၏။ ငါ့ကို​ကြိုး​စား၍​ရှာ​သော​သူတို့သည် တွေ့​တတ်ကြ​၏။” (သု. ၈:၁၇) ဉာဏ်ပညာ​ကို စိတ်အား​ထက်သန်​စွာ ရှာဖွေသူ​များ​သာ ၎င်းကို​တွေ့ခွင့်​ရသည်။

ဉာဏ်ပညာ​၏​လမ်းစဉ်​များသည် ဖြောင့်မတ်​မှန်ကန်​ပေ​၏။ ယင်းကို​ကြိုးစား​ရှာဖွေသူ​များ​အား အကျိုးပေး​၏။ ဉာဏ်ပညာ​က ဤသို့​ဆို​သည်– “ငါ​၌​စည်းစိမ်​နှင့် ဂုဏ်​အသရေ​ရှိ၏။ မြဲ​သော​စည်းစိမ်​နှင့် ဖြောင့်မတ်ခြင်း . . . ရှိ၏။ ငါ​ပေး​သော​အကျိုး​သည် ရွှေ​ထက်မက ရွှေ​စင်​ထက်​သာ၍​မြတ်​၏။ ငါ​ကြောင့်​ရသော​အခွန်​ဘဏ္ဍာ​သည် ငွေ​တော်​ထက်​သာ၍​မြတ်​၏။ ငါသည် ဖြောင့်မတ်ခြင်း​လမ်း၊ တရား​သဖြင့်​စီရင်ခြင်း​လမ်း​အလယ်​၌ လျှောက်​သွား​သည်​ဖြစ်၍ ငါ့ကို​ချစ်သော​သူတို့သည် အမွေခံ​ရသော​အခွင့်​နှင့် သူတို့​ဘဏ္ဍာတိုက်​ပြည့်ဝ​စေသော​အခွင့်​ကို ငါ​ပေး​တတ်၏။”—သု. ၈:၁၈-၂၁

ဉာဏ်ပညာ​၏ အလွန်​ထူးမြတ်​သော​အရည်အချင်းများ​နှင့် ဉာဉ်​များ​ဖြစ်သည့် ပညာသတိ၊ စဉ်းစား​တွေးခေါ်​နိုင်စွမ်း၊ နှိမ့်ချမှု၊ ထိုးထွင်း​သိမြင်မှု၊ လက်တွေ့ကျ​အသိပညာနှင့် သိနားလည်မှု​အပြင် စည်းစိမ်ဥစ္စာ​များနှင့်​ဂုဏ်​အသရေ ဆုကျေးဇူး​များ​ပါဝင်​သည်။ ပညာရှိ​တစ်ဦး​သည် ဖြောင့်မတ်​သော​နည်းဖြင့် ချမ်းသာ​ကြွယ်ဝ​လာ​ကာ ဝိညာဉ်​ရေး​အရ​လည်း ချမ်းသာ​ပေမည်။ (၃ ယောဟန် ၂) ဉာဏ်ပညာ​သည် လူတစ်ဦးကို ဂုဏ်​အသရေ​လည်း​ရှိစေသည်။ ထို့​ပြင် သူသည် ဆည်းပူး​လေ့လာ​ရာ​မှ စိတ်​ကျေနပ်မှု​ကို​ရရှိ​ပြီး စိတ်​ငြိမ်သက်မှု​နှင့် ဘုရားသခင်​ရှေ့တွင် ကြည်လင်​သော​ကိုယ်ကို​ကိုယ်​သိသောစိတ်​လည်း​ရှိသည်။ မှန်ပါသည်၊ ဉာဏ်ပညာ​ကို​တွေ့ရှိ​သူ၌ ပျော်ရွှင်မှု​ရှိ၏။ ဉာဏ်ပညာ​၏​အသီး​သည် ရွှေ​စင်​နှင့်​လက်ရွေးစင်​ငွေ​တို့​ထက် အမှန်ပင်​သာ၍​မြတ်​ပေ​သည်။

မည်သည့်​နည်း၊ မည်သည့်​စရိတ်​ဖြင့်​မဆို ချမ်းသာ​ကြွယ်ဝခြင်း​ကို အလေးပေး​နေကြ​သည့် ရုပ်​ဝါဒ​ဆန်​သော ဤ​လောကတွင် ကျွန်ုပ်​တို့​နေထိုင်​နေသော​ကြောင့် ဤ​အကြံဉာဏ်​သည် တကယ်​ပင်​အချိန်သင့်​အခါသင့်​ပါ​တကား! ဉာဏ်ပညာ​သည် တကယ်​ပင်​အဖိုးထိုက်​သည်​ဟူသော​အမြင်မျိုး​ကို မပျောက်ဆုံး​စေ​ကြ​စို့​နှင့်၊ ပစ္စည်းဥစ္စာ​ရရှိဖို့​အတွက် မဖြောင့်မတ်​သော​နည်း​များ​ကို အသုံး​မချ​ကြ​စို့​နှင့်။ စည်းစိမ်​ရရှိ​ရေး​အတွက်သာ​ဖြစ်သော ဉာဏ်ပညာ​ပေး​ရာ​ပြင်ဆင်​ပေး​ချက်​များ​ဖြစ်သည့် ‘သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်’ စီမံ​ပေး​သော ကျွန်ုပ်​တို့၏​ခရစ်ယာန်​အစည်းအဝေးများနှင့် သမ္မာကျမ်းစာ​နှင့်​စာပေ​များ​ကို ကိုယ်ပိုင်​လေ့လာခြင်း​တို့ကို လျစ်လျူ​မ​ရှု​ကြ​စို့​နှင့်။—မဿဲ ၂၄:၄၅-၄၇

“[အဆုံးမဲ့]ကာလ​မှ​စ၍ ငါသည် [တင်မြှောက်] ခံ​ပြီ”

နယပုံပြင်​ကျမ်း​၏ ၈ ခု​မြောက်​အခန်းကြီး​တွင် တွေ့ရ​သည့်​ဉာဏ်ပညာ​၏​ပြယုဂ်​သည် အကောင်အထည်ဖော်​၍​မရ​သော​ဂုဏ်အင်္ဂါ​ရပ်​၏ ထူးခြားချက်​များ​ကို ရှင်းပြ​ရုံ​မျှ​မဟုတ်ပါ။ ယင်းသည် ယေဟောဝါ​၏​အရေးပါဆုံး​ဖန်ဆင်း​ခြင်း​ကို ပုံဆောင်​သဘော​အရ​လည်း ရည်ညွှန်း​သည်။ ဉာဏ်ပညာ​က ဤသို့​ဆက်၍​ဆို​သည်– “ထာဝရ​ဘုရား​သည် ရှေး​အမှုတော်ကို​မပြု​မီ ထွက်ကြွ​တော်​မူ​စ​က​ပင် ငါ့ကို​ပိုင်တော်မူ​၏။ မြေကြီး​မဖြစ်မီ ရှေ့​ဦးစွာ​သော​ကာလ [အဆုံးမဲ့]ကာလ​မှ​စ၍ ငါသည် [တင်မြှောက်] ခံ​ပြီ။ နက်နဲ​သော​ပင်လယ်​မဖြစ်၊ ရေ​နှင့်​ကြွယ်ဝသော​စမ်းရေ​တွင်း​မဖြစ်မီ ငါ့ကို​ဖြစ်ပွား​စေတော်မူ​၏။ တောင်ကြီး​မတည်၊ တောင်​ငယ်​မဖြစ်မီ၊ မြေကြီး​နှင့်​လယ်တော​များ​ကို​မဖန်ဆင်း၊ အဦးဆုံး​သော​မြေမှုန့်​ကို​မျှ​မဖန်ဆင်းမီ ငါ့ကို​ဖြစ်​ဖွား​စေတော်မူ​၏။”—သု. ၈:၂၂-၂၆

အထက်တွင်​ဖော်ပြ​ထားသော​ဉာဏ်ပညာ​၏​ပြယုဂ်​သည် ကျမ်းစာ​တွင် ‘နှုတ်မြွက်​စကားတော်” နှင့်​စပ်လျဉ်း၍​ဖော်ပြ​ထား​ချက်​နှင့် အမှန်ပင်​ကိုက်ညီ​ပါ​သည်​တကား! ‘အစအဦး​၌ နှုတ်မြွက်​စကားတော်​ရှိ၏။ နှုတ်မြွက်​စကားတော်​သည် ဘုရားသခင်​နှင့်အတူ​ရှိ၏။ နှုတ်မြွက်​စကားတော်​သည်လည်း ဘုရားသခင်​တစ်ပါး​ဖြစ်​တော်​မူ​၏’ ဟူ၍ တမန်​တော်​ယောဟန်​ရေးခဲ့​သည်။ (ယောဟန် ၁:၁) တင်စား​ထား​သည့်​ဉာဏ်ပညာ​သည် ဘုရားသခင်​၏​သားတော် ယေရှု​ခရစ်​၏​လူသား​ဘဝ​မတိုင်မီ​အသက်တာကို ပုံဆောင်​သဘော​အရ​ကိုယ်စား​ပြု​သည်။ *

ယေရှု​ခရစ်​သည် “ဝေနေယျ​သတ္တဝါ​အပေါင်းတို့တွင်​လည်း သားဦး​ဖြစ်​တော်​မူ​၏။ အကြောင်း​မူ​ကား ထို​သားတော်​သည် ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ​ရှိသမျှ​သော ရူပ​အရာ၊ အ​ရူပ​အရာ၊ . . . ခပ်သိမ်း​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​၏။” (ကောလောသဲ ၁:၁၅၊ ၁၆) ဉာဏ်ပညာ​၏​ပြယုဂ်​က ဤသို့​ဆက်၍​ဆို​သည်– “[ယေဟောဝါ​သည်] မိုးကောင်းကင်ကို​ပြင်​တော်​မူ​သောအခါ ငါ​ရှိ၏။ သမုဒ္ဒရာ​မျက်နှာကို ကန့်ကွက်​သော​အမှု၊ အထက်​မိုးတိမ်​ကို​တည်စေ​သော​အမှု၊ နက်နဲ​သော​အရပ်၌ စမ်းရေ​ပေါက်​တို့ကို ခိုင်ခံ့​စေသော​အမှု၊ သမုဒ္ဒရာ​၌​ကန့်ကွက်​သော​အပိုင်းအခြား​ကို ရေ​မ​လွှမ်း​ရမည်​အကြောင်း စီရင်​သော​အမှု၊ မြေကြီး​တိုက်မြစ်​တည်​သော​အမှုတို့​ကို ပြီးစီး​စေတော်မူ​သောအခါ ငါသည် ကျွေးမွေး​တော်​မူ​သော​သား​ကဲ့သို့ အထံတော်ပါး​တွင်​နေ၍ အစဉ်မပြတ်​မွေ့လျော်​တော်​မူ​ရာ​ဖြစ်၏။ ရှေ့တော်၌ အစဉ်မပြတ်​ကစား​လျက်၊ ဖန်ဆင်း​တော်​မူ​သော​မြေကြီး​တစ်ပြင်လုံး​တွင် ရွှင်လန်း​လျက် လူသား​တို့​နှင့်​ပေါင်းဖော်​၍ ပျော်ပါး​လျက်​နေ​၏။” (သု. ၈:၂၇-၃၁) ယေဟောဝါ​၏​သားဦး​သည် မိမိ​ခမည်းတော်​ဘေး​တွင်​ရှိပြီး ကောင်းကင်၊ မြေကြီးကို​ဖန်ဆင်း​သည့် ပြိုင်ဘက်​ကင်း​ဖန်ဆင်း​ရှင် ကိုယ်တော်​နှင့်အတူ တက်ကြွ​စွာ​အလုပ်လုပ်​ခဲ့​သည်။ ယေဟောဝါ​ဘုရားသခင်​သည် ဦးဆုံး​လူကို​ဖန်ဆင်း​သောအခါ ကိုယ်တော်​၏​သားတော်​သည် လုပ်သား​ချုပ်​အဖြစ် ထို​စီမံချက်​တွင် ကိုယ်တော်​နှင့်အတူ တွဲဖက်​လုပ်ဆောင်ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၆) ယင်းကြောင့် ဘုရားသခင်​၏​သားတော်​သည် လူသား​တို့ကို အလွန်​စိတ်ဝင်စား​ပြီး ချစ်ခင်​ခြင်း​ကို​ပင် အံ့ဩစရာ​မဟုတ်ပေ!

“ငါ့​စကား​ကို​ကြား . . . သော​သူသည် မင်္ဂလာ​ရှိ [ပျော်ရွှင်]၏”

ဉာဏ်ပညာ​၏​ပြယုဂ်​အဖြစ် ဘုရားသခင်​၏​သားတော်​သည် ဤသို့​မိန့်ဆို​သည်– “သို့​ဖြစ်၍ ငါ့​သားတို့ ငါ့​စကား​ကို​နားထောင်​ကြလော့။ ငါ​၏​လမ်းများ​ကို စောင့်ရှောက်သော​သူတို့သည် မင်္ဂလာ​ရှိ [ပျော်ရွှင်]ကြ​၏။ ငါ​ဆုံးမခြင်း​ကို​မ​ပယ်​ကြ​နှင့်။ နားထောင်​၍​ပညာရှိ​ကြလော့။ ငါ့​စကား​ကို​ကြား​၍ ငါ့​တံခါး​နား​မှာ နေ့တိုင်း​စောင့်​လျက်၊ တံခါး​တိုင်​နား​မှာ မျှော်လင့်​လျက်​နေသော​သူသည် မင်္ဂလာ​ရှိ၏။ ငါ့ကို​ရှာ၍​တွေ့သော​သူသည် အသက်ကို​တွေ့​၏။ ထာဝရ​ဘုရား​၏​ကျေးဇူးတော်​ကိုလည်း​ခံရ​၏။ ငါ့ကို​ပြစ်မှား​သော​သူ​မူ​ကား မိမိ​အသက်​ဝိညာဉ်​ကို​ပြစ်မှား​၏။ ငါ့ကို​မုန်း​သော​သူအပေါင်း​တို့သည် သေခြင်းကို​ချစ်​ကြ​၏။”—သု. ၈:၃၂-၃၆

ယေရှု​ခရစ်​သည် ဘုရားသခင့်​ဉာဏ်ပညာ​၏​ပြယုဂ်​ဖြစ်သည်။ “ထို​နက်နဲ​သော​အရာ​၌ ပညာ​ဘဏ္ဍာ၊ ဉာဏ်​ဘဏ္ဍာ​ရှိသမျှ​တို့သည် ဝှက်ထား​လျက်​ရှိကြ​၏။” (ကောလောသဲ ၂:၃) ထို့​ကြောင့် ကိုယ်တော့်​စကား​ကို ဂရုတစိုက်​နားထောင်ပြီး ကိုယ်တော်​၏​ခြေရာ​ကို အနီးကပ်​လိုက်လျှောက်​ကြ​စို့​လေ။ (၁ ပေတရု ၂:၂၁) ‘ထို​သခင်​မှတစ်ပါး ငါ​တို့ကို​ကယ်တင်​နိုင်သော​သူ တစ်စုံ​တစ်ယောက်မျှ​မ​ပေါ်​မရှိ’ သောကြောင့် ကိုယ်တော်​ကို​ငြင်းပယ်​ခြင်း​သည် ကျွန်ုပ်​တို့၏​စိုးလ်​ဝိညာဉ်​ကို​ပြစ်မှား​ပြီး သေခြင်းကို​ချစ်ခြင်း​ပင်​ဖြစ်သည်။ (တမန်​တော် ၄:၁၂) မှန်သည်၊ ကျွန်ုပ်​တို့၏​ကယ်တင်ခြင်း​အတွက် ဘုရားသခင်​ပေးသနား​ထား​သူ​အဖြစ် ယေရှုကို​လက်ခံ​ကြ​စို့​လေ။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) သို့ဖြင့် ‘အသက်ကို​ရှာတွေ့​ပြီး ယေဟောဝါ​၏​ကျေးဇူးတော်​ကို​ခံရ​ခြင်း’ မှ​ရရှိ​မည့်​ပျော်ရွှင်မှု​ကို ကျွန်ုပ်​တို့​ခံစား​ကြ​ရ​လိမ့်​မည်​ဖြစ်သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 “ဉာဏ်ပညာ” အတွက်​ဟေဗြဲ​စကားလုံး​မှာ ဣတ္ထိလိင်​ဖြစ်သည်။ ထို့​ကြောင့် ဘာသာပြန်​ကျမ်း​အချို့​က ဉာဏ်ပညာ​ကို​ညွှန်း​သောအခါ ဣတ္ထိလိင်​နာမ်စား​ကို အသုံးပြု​ကြသည်။

^ အပိုဒ်၊ 25 “ဉာဏ်ပညာ” အတွက် ဟေဗြဲ​စကားလုံး​မှာ အမြဲတမ်း​ဣတ္ထိလိင်​ဖြစ်​ခြင်း​သည် ဘုရားသခင့်​သားတော်ကို​ဖော်ပြ​ရန် ဉာဏ်ပညာ​ကို​အသုံးပြုခြင်း​နှင့် မဆန့်ကျင်​ပါ။ “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏” ဟူသော​ဖော်ပြချက်​တွင် “ချစ်ခြင်း​မေတ္တာ” အတွက် ဂရိ​စကားလုံး​သည်လည်း ဣတ္ထိလိင်​ပင်​ဖြစ်သည်။ (၁ ယောဟန် ၄:၈) သို့​တိုင် ဘုရားသခင်​အား​ရည်ညွှန်းရာ​တွင် ယင်းကို​အသုံးပြု​သည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဉာဏ်ပညာ​သည် တာဝန်​ရှိ​အဆင့် ရရှိ​ထား​သူများ​အတွက် မရှိမဖြစ်​လိုအပ်

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ဉာဏ်ပညာ​ပေး​သည့် ပြင်ဆင်​ပေး​မှုများ​ကို လျစ်လျူ​မ​ရှု​ပါ​နှင့်