ရဲရင့်စွာတည်ကြည်သူများ နာဇီနှိပ်စက်ညှဉ်းပန်းမှုကို အောင်မြင်ကြ
ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝရပ်တည်
ရဲရင့်စွာတည်ကြည်သူများ နာဇီနှိပ်စက်ညှဉ်းပန်းမှုကို အောင်မြင်ကြ
“ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။” (သု. ၂၇:၁၁) ယေဟောဝါဘုရားသခင်ဖန်ဆင်းထားသည့် အသိဉာဏ်ရှိသူ လူသားများသည် ကိုယ်တော်အားသစ္စာစောင့်သိခြင်းဖြင့် ကိုယ်တော့်စိတ်နှလုံးကိုရွှင်လန်းစေနိုင်ကြောင်း ဤလှိုက်လှဲသောမေတ္တာရပ်ခံချက်ကဖော်ပြသည်။ (ဇေဖနိ ၃:၁၇) သို့ရာတွင် ကဲ့ရဲ့ရှုတ်ချသူစာတန်သည် ယေဟောဝါအားဝတ်ပြုသူများ၏ တည်ကြည်မှုကိုချိုးဖျက်ရန် စိတ်ပိုင်းဖြတ်ထားသည်။—ယောဘ ၁:၁၀၊ ၁၁။
အထူးသဖြင့် ကောင်းကင်မှ မြေကြီးဝန်းကျင်သို့နှင်ချခံရသော ၂၀ ရာစုအစောပိုင်းအချိန်ကတည်းက စာတန်သည် ယေဟောဝါ၏လူမျိုးတော်ကို အကြီးအကျယ်ဒေါသအမျက်ထွက်ခဲ့သည်။ (ဗျာဒိတ် ၁၂:၁၀၊ ၁၂) သို့ဖြစ်စေကာမူ စစ်မှန်သောခရစ်ယာန်များသည် “ခိုင်မြဲသောစိတ်ချမှုဖြင့် အပြည့်အဝ” ရပ်တည်ကာ ဘုရားသခင်အပေါ် သစ္စာတည်ကြည်ခဲ့ကြပြီ။ (ကောလောသဲ ၄:၁၂၊ ကဘ) ဒုတိယကမ္ဘာစစ်မတိုင်မီနှင့် ၎င်းအချိန်အတောအတွင်း ဂျာမနီရှိယေဟောဝါသက်သေများ၏ သစ္စာတည်ကြည်မှုနှင့်ပတ်သက်၍ ထင်ရှားသောစံနမူနာတစ်ရပ်ကို အကျဉ်းချုပ်သုံးသပ်ကြည့်ကြစို့။
ဇွဲရှိရှိလုပ်ဆောင်မှုက တည်ကြည်ခြင်းစမ်းသပ်မှုများဖြစ်ပွားစေ
၁၉၂၀ ပြည့်လွန်နှစ်များနှင့် ၁၉၃၀ ပြည့်လွန်နှစ်များ၏အစောပိုင်းတွင် ထိုအချိန်က ဂျာမနီ၌ ဘီဘဲလ်ဖောရှယ်ဟု လူအများသိခဲ့သည့် ယေဟောဝါသက်သေများသည် ကျမ်းစာစာပေအမြောက်အမြားကို ဖြန့်ဝေခဲ့ကြသည်။ ၁၉၁၉ နှင့် ၁၉၃၃ စပ်ကြားကာလတွင် ပျမ်းမျှအနေနှင့် ဂျာမနီရှိမိသားစုတိုင်းကို စာအုပ်ကြီး၊ စာအုပ်ငယ်များ သို့မဟုတ် မဂ္ဂဇင်းရှစ်အုပ်စီ ဝေငှခဲ့ကြသည်။
ထိုအချိန်တွင် ဂျာမနီ၌ ခရစ်တော်၏ကောင်းကင်အတန်းအစားနောက်တော်လိုက် အများဆုံးရှိသည်။ အမှန်မှာ ၁၉၃၃ ၌သခင့်ညစာစားပွဲတွင် ပါဝင်စားသုံးသူ ကမ္ဘာတစ်ဝန်း ၈၃,၉၄၁ ယောက်ရှိသည့်အနက် ၃၀ ရာခိုင်နှုန်းနီးပါးသည် ဂျာမနီတွင်နေထိုင်ကြသည်။ မကြာမီပင် ဤဂျာမန်သက်သေခံများသည် တည်ကြည်မှုနှင့်ပတ်သက်၍ အပြင်းအထန်စမ်းသပ် ခံခဲ့ကြရသည်။ (ဗျာဒိတ် ၁၂:၁၇; ၁၄:၁၂) အလုပ်ဖြုတ်ပစ်ခြင်း၊ အိမ်များကိုရုတ်တရက်ဝင်ရောက်ရှာဖွေခြင်းနှင့် ကျောင်းထုတ်ခြင်းတို့မှတစ်ဆင့် ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းနှင့် ထောင်ချခြင်းတို့ဖြစ်ပွားလာတော့သည်။ (ပုံ ၁) သို့ဖြစ်၍ ဒုတိယကမ္ဘာစစ်မဖြစ်မီနှစ်များအတွင်း ချွေးတပ်စခန်းများတွင် ချုပ်ထားခံရသူအားလုံးအနက် ၅ မှ ၁၀ ရာခိုင်နှုန်းမှာ ယေဟောဝါသက်သေများဖြစ်လာသည်။
သက်သေခံများကို နာဇီတို့နှိပ်စက်ညှဉ်းပန်းကြသည့်အကြောင်းရင်း
သို့သော် ယေဟောဝါသက်သေများသည် နာဇီအစိုးရ၏အမျက်ဒေါသကို အဘယ်ကြောင့်ထွက်စေခဲ့သနည်း။ သမိုင်းပါမောက္ခ အီယန် ခက်ရ်ရှာက သူ၏စာအုပ် ဟစ်တလာ—၁၈၈၉-၁၉၃၆– ဟရူဘရိစ် တွင် သက်သေခံများသည် “နာဇီအစိုးရ၏ လုံးလုံးလျားလျားလက်အောက်ခံဖို့ တောင်းဆိုချက်ကိုငြင်းဆန်ခြင်း” ကြောင့် နှိပ်စက်ညှဉ်းပန်းမှု၏ ပစ်မှတ်ဖြစ်လာခဲ့သည်ဟု သတိပြုစေသည်။
သမိုင်းပါမောက္ခ ရောဘတ် ပီ. အဲရစ်ခ်စင်နှင့် ဂျူးအကြောင်းလေ့လာသူပါမောက္ခ ဇူဇဲနာ ဟက်ရှဲလ် တို့တည်းဖြတ်ခဲ့သော သစ္စာဖောက်ခြင်း—ဂျာမန်ချာ့ခ်ျများနှင့် မီးလောင်တိုက်သွင်းခြင်း စာအုပ်က သက်သေခံများသည် “အကြမ်းဖက်မှုတွင်ပါဝင်ရန်နှင့် စစ်အင်အားအသုံးပြုခြင်းတွင်ပါဝင်ရန်
ငြင်းဆန်ခဲ့ကြသည်။ . . . သက်သေခံများသည် နိုင်ငံရေးကြားနေမှုကိုခံယူကြသည့်အတွက် ဟစ်တလာကိုမဲမပေးကြရုံသာမက အလေးလည်းမပြုကြချေ” ဟုရှင်းပြထားသည်။ အဆိုပါစာအုပ်ကထပ်ဆင့်ဖော်ပြသည်မှာ ယင်းကြောင့် နာဇီအဖွဲ့အမျက်ဒေါသထွက်ကာ “အမျိုးသားဆိုရှယ်လစ်ဝါဒသည် ဤသို့သောငြင်းဆန်မှုကိုသည်းမခံနိုင်” သည့်အတွက် သက်သေခံများကိုထိခိုက်ဖို့အကြောင်းရှာခဲ့သည်။ကမ္ဘာချီကန့်ကွက်ခြင်းနှင့် မီးကုန်ယမ်းကုန်တိုက်ခိုက်ခြင်း
၁၉၃၄၊ ဖေဖော်ဝါရီ ၉ ရက်တွင် ထိုအချိန်က လုပ်ငန်းတော်၏ရှေ့တန်း၌အမှုဆောင်နေသူ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်သည် နာဇီ၏သည်းမခံခြင်းကိုတုံ့ပြန်သည့်အနေဖြင့် ကန့်ကွက်စာတစ်စောင်ကို အထူးစေတမန်နှင့် ဟစ်တလာထံပေးပို့ခဲ့သည်။ (ပုံ ၂) ရပ်သဖော့ဒ်၏စာနောက်ပိုင်း ၁၉၃၄၊ အောက်တိုဘာ ၇ ရက်တွင် ဂျာမနီအပါအဝင် နိုင်ငံ ၅၀ မှယေဟောဝါသက်သေများက ဟစ်တလာထံ ကန့်ကွက်စာပေါင်း ၂၀,၀၀၀ ခန့်နှင့်ကြေးနန်းများကို ဆက်တိုက်ပို့ပေးခဲ့သည်။
နာဇီတို့သည် သူတို့၏နှိပ်စက်ညှဉ်းပန်းမှုကို တိုးမြှင့်ခြင်းဖြင့်တုံ့ပြန်ခဲ့သည်။ ၁၉၃၅၊ ဧပြီ ၁ ရက်တွင် သက်သေခံများသည် နိုင်ငံတစ်ဝန်းတွင် ပိတ်ပင်ခံခဲ့ရသည်။ ထို့ပြင် ၁၉၃၆၊ ဩဂုတ် ၂၈ ရက်တွင် ဂက်စတာပိုအဖွဲ့က သူတို့ကို မီးကုန်ယမ်းကုန်ဆန့်ကျင်တိုက်ခိုက်လေသည်။ သို့တိုင် သက်သေခံများသည် “ဝေစာများဆက်ဝေငှပြီး သူတို့၏ယုံကြည်ခြင်းကို အခြားနည်းများဖြင့် ထိန်းသိမ်းခဲ့ကြသည်” ဟု သစ္စာဖောက်ခြင်း—ဂျာမန်ချာ့ခ်ျများနှင့် မီးလောင်တိုက်သွင်းခြင်းစာအုပ်က မှတ်တမ်းတင်ထားသည်။
သာဓကအနေနှင့် ၁၉၃၆၊ ဒီဇင်ဘာ ၁၂ ရက်တွင် သက်သေခံ ၃,၅၀၀ ခန့်သည် မိမိတို့ခံစားနေကြရသည့် နှိပ်စက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းချက်တစ်ခုကိုပုံနှိပ်ပြီး ဂက်စတာပိုများမျက်မှောက်တွင် ထောင်နှင့်ချီဝေငှခဲ့ကြသည်။ ထိုကင်ပိန်းနှင့်စပ်လျဉ်း၍ ကင်းမျှော်စင်က ဤသို့ဖော်ပြခဲ့သည်– “၎င်းသည် အကြီးအကျယ်အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး ရန်သူကိုထိုးနှက်မှုတစ်ခုဖြစ်ခဲ့ရာ တည်ကြည်သောလုပ်သားများအတွက် မဖော်ပြနိုင်သည့်ရွှင်လန်းမှုဖြစ်ခဲ့သည်။”—ရောမ ၉:၁၇။
နှိပ်စက်ညှဉ်းပန်းမှု မအောင်မြင်!
နာဇီများသည် ယေဟောဝါသက်သေများကို ဆက်၍ရှာဖွေခဲ့ကြသည်။ ၁၉၃၉ တွင် သူတို့အနက် ခြောက်ထောင်ခန့်ထောင်ကျနေကြပြီး ထောင်နှင့်ချီသောသူတို့ကို ချွေးတပ်စခန်းများသို့ပို့ခဲ့ပေပြီ။ (ပုံ ၃) ဒုတိယကမ္ဘာစစ်အပြီးတွင် အခြေအနေမည်သို့ရှိသနည်း။ ထောင်ချခံရသောသက်သေခံ ၂,၀၀၀ ခန့် သေဆုံးခဲ့ကြပြီး ၂၅၀ ကျော်သည် ကွပ်မျက်ခြင်းဖြင့်ဖြစ်သည်။ သို့သော်လည်း “ယေဟောဝါသက်သေများသည် ညှဉ်းပန်းမှုကြား သူတို့၏ယုံကြည်ခြင်းကို အများအားဖြင့်စောင့်ထိန်းခဲ့ကြသည်” ဟုပါမောက္ခအဲရစ်ခ်စင်နှင့် ဟက်ရှဲလ်တို့ကရေးသားခဲ့သည်။ ရလဒ်အနေနှင့် ဟစ်တလာအစိုးရကျသွားသည့်အခါ သက်သေခံတစ်ထောင်ကျော်သည် အကျဉ်းစခန်းများမှ အောင်မြင်စွာထွက်လာခဲ့ကြသည်။—ပုံ ၄; တမန်တော် ၅:၃၈၊ ၃၉; ရောမ ၈:၃၅-၃၇။
နှိပ်စက်ညှဉ်းပန်းမှုကိုခံရပ်နိုင်ရန် ယေဟောဝါ၏လူများကို အဘယ်အရာကခွန်အား ပေးခဲ့သနည်း။ ချွေးတပ်စခန်းမှထွက်လာခဲ့သူ အဒေါ့ဖ် အာနိုးက ဤသို့ ရှင်းပြခဲ့သည်– “အကယ်၍ သင်ဟာ အနိမ့်ကျဆုံးအခြေအနေမှာရှိနေရင်တောင် သင့်ကိုယေဟောဝါ မြင်တော်မူတယ်၊ သင်ခံနေရတာတွေကိုသိတယ်၊ အခြေအနေကိုကျော်လွှားနိုင်ပြီး တည်ကြည်နိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ကိုယ်တော်ပေးသနားတော်မူမယ်။ ကိုယ်တော့်လက်တော်ဟာ မတိုပါဘူး။”
ပရောဖက်ဇေဖနိ၏စကားများသည် ထိုသစ္စာရှိခရစ်ယာန်များနှင့် သက်ဆိုင်လိုက်လေခြင်း! သူကဤသို့ကြေညာခဲ့သည်– “သင်၏ဘုရားသခင်ယေဟောဝါသည် သင့်အလယ်၌ရှိ၍ တန်ခိုးကြီးသောဘုရားသည် သင့်ကိုကယ်တင်တော်မူလိမ့်မည်။ သင်၌အားရ၍ ဝမ်းမြောက်တော်မူလိမ့်မည်။” (ဇေဖနိ ၃:၁၇) စစ်မှန်သောဘုရားသခင်ကို ယနေ့ဝတ်ပြုနေသူများသည် နာဇီနှိပ်စက်ညှဉ်းပန်းမှုများကြား တည်ကြည်ခဲ့ကြသည့် ထိုသစ္စာရှိသက်သေခံများ၏ ယုံကြည်ခြင်းကိုတုပကာ ယေဟောဝါ၏စိတ်နှလုံးကို အလားတူရွှင်လန်းနိုင်ကြပါစေ။—ဖိလိပ္ပိ ၁:၁၂-၁၄။
[Picture Credit Line on page 8]
Państwowe Muzeum Oświȩcim-Brzezinka, courtesy of the USHMM Photo Archives