မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ ယုံကြည်ခြင်း စမ်းသပ်ခံခဲ့ရစဉ် ထီးထီးကြီးမဟုတ်

ကျွန်ုပ်တို့၏ ယုံကြည်ခြင်း စမ်းသပ်ခံခဲ့ရစဉ် ထီးထီးကြီးမဟုတ်

ကျွန်ုပ်​တို့၏ ယုံကြည်ခြင်း စမ်းသပ်ခံ​ခဲ့​ရ​စဉ် ထီး​ထီး​ကြီး​မဟုတ်

ဗစ်ကီ​သည် ချစ်စရာ​ကောင်းပြီး ကျန်းမာ​သွက်လက်​ချက်​ချာ​သော သမီးလေး​ဖြစ်သည်။ မှန်​၏၊ သမီးလေးကို ၁၉၉၃၊ နွေဦး​ပေါက်​တွင် မွေးဖွားချိန်​၌ ကျွန်ုပ်​တို့ အတိုင်းမသိ​ပျော်ရွှင်​ခဲ့​ကြသည်။ ဆွီဒင်​တောင်ပိုင်း​မှ မြို့လေး​တစ်မြို့​တွင် ကျွန်ုပ်​တို့​နေထိုင်ကြ​ပြီး ဘဝ​သည် ဖြောင့်ဖြူး​သာယာ​ခဲ့​၏။

သို့သော် ဗစ်ကီ​အသက်​တစ်နှစ်​ခွဲ​တွင် ကျွန်ုပ်​တို့​ကမ္ဘာ​လေး​သည် ပျက်စီး​သွား​ပုံ​ရသည်။ သမီးလေး​သည် အတန်ကြာ​ကျန်းမာ​ရေး​ချူချာ​လာ​ရာ ဆေးရုံ​သို့​ခေါ်သွား​ခဲ့​သည်။ သမီးလေး​သည် သွေး​ဖြူ​ဆဲလ်​များ​ကို​ထိခိုက်​စေသည့် ကလေး​ကင်ဆာ​မျိုး​ဖြစ်သော ပြန်ရည်ဆဲလ်​လျာ​သွေးကင်ဆာ ခံစား​နေရ​သည်​ဟု ဆရာဝန်​ပြောပြ​ချိန်​ကို ဘယ်တော့မှ​မေ့​မည်​မဟုတ်ပါ။

ကျွန်ုပ်​တို့၏​သမီးလေး ဤ​ကြောက်မက်​ဖွယ်​ရောဂါ ခံစား​နေရ​သည်ကို လက်ခံရ​ခက်​နေသည်။ သမီးလေး​သည် လောကကြီး​ကို​သတိပြုမိ​ခါ​စ​ပင်​ရှိသေး​သည်၊ ယခု သေရ​တော့​မည်​ပုံ​ဖြစ်သည်။ ထို​အခါ ဆရာဝန်​က ကျွန်ုပ်​တို့ကို ကြိုးစား​နှစ်သိမ့်​ပေး​လို​၍ သွေး​အနည်းငယ်​သွင်း​ပြီး ဓာတု​ကုထုံး​ဖြင့်​ကုသ​ပါ​က အတော်အတန်​အောင်မြင်​နိုင်​သည်​ဟု ပြော​လေ​သည်။ ယင်းသည် ကျွန်ုပ်​တို့အတွက် နောက်ထပ်​ချောက်ချား​စ​ရာ​ပင်။

ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း စမ်းသပ်ခံ​ရ

သမီးလေးကို ကျွန်ုပ်​တို့​တကယ့်ကို​ချစ်​ကြ​ရာ အကောင်းဆုံး​ဆေး​ကုသမှု​ကို လိုလား​ခဲ့​ကြသည်။ သို့​တိုင် သွေးသွင်း​ခြင်း​ကို လုံးဝ​လက်မခံနိုင်​ခဲ့​ချေ။ ခရစ်ယာန်​များသည် ‘အသွေးကို​ကြ​ဉ်​ရှောင်’ ရမည်ဟု ရှင်းလင်းစွာ​ဖော်ပြ​ထားသော ဘုရားသခင့်​စကားတော် သမ္မာကျမ်းစာ​ကို ကျွန်ုပ်​တို့​အခိုင်အမာ​ယုံကြည်​ကြသည်။ (တမန်​တော် ၁၅:၂၈၊ ၂၉) သွေးသွင်း​ခြင်း​ကိုယ်နှိုက်​သည်လည်း အန္တရာယ်​ရှိကြောင်း ကျွန်ုပ်​တို့​သိထားကြသည်။ သွေးသွင်း​ခြင်း​မှ ရောဂါ​များ​ရရှိ​သူ ထောင်နှင့်ချီ​၍​သေဆုံး​ခဲ့​ကြပြီ။ အစားထိုး​ကုသမှု​သာ​လျှင် သွေးမသွင်း​ဘဲ အဆင့်မြင့်​ကုသ​နည်း​ဖြစ်သည်။ ဤကိစ္စနှင့်​ပတ်သက်​၍ ယခု ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​တိုက်ပွဲ စတင်​တော့​သည်။

ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ယေဟောဝါသက်သေ​များ​၏ ဆွီဒင်​ဌာနခွဲရုံး​မှ ဆေးရုံ​အချက်အလက်​ဝန်ဆောင်​လုပ်ငန်း​နှင့် ဆက်သွယ်​ကာ အကူအညီ​တောင်း​ခဲ့​ကြသည်။ * ချက်ချင်း​ပင် သွေးမသွင်း​ဘဲ ဓာတု​ကုထုံး​ဖြင့် ကုသ​ပေး​လို​သော ဆေးရုံ​နှင့်​ဆရာဝန်​ကို​ရှာဖွေ​နေကြောင်း ဥရောပ​တစ်ခွင်​ရှိ ဆေးရုံ​အသီးသီး​ထံ ဖက်စ်​များ ပို့​ခဲ့​ကြသည်။ ကျွန်ုပ်​တို့ကို ကြိုးစား​ကူညီပေး​ရာ​တွင် ခရစ်ယာန်​ညီအစ်ကို​များ​ပြသ​ကြသော စိတ်​ထက်သန်မှု​နှင့်​မေတ္တာသည် အလွန်​အားရှိစရာ​ဖြစ်​ခဲ့​သည်။ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​တိုက်ပွဲ​တွင် ကျွန်ုပ်​တို့​ချည်း​သာ​တိုက်ခိုက်​ရခြင်း​မဟုတ်ပါ။

နာရီ​ပိုင်း​အတွင်း ဆေးရုံ​တစ်ရုံ​နှင့် ဆရာဝန်​တစ်ဦး​ကို ဂျာမနီ​နိုင်ငံ၊ ဟ​မ်း​ဘတ်/ဆာရ်​မြို့တွင် တွေ့ရှိ​ခဲ့​သည်။ နောက်​တစ်နေ့​တွင် ဗစ်ကီ​ကို​ဆေးစစ်​ဖို့ ကျွန်ုပ်​တို့​ခရီးထွက်​ရန် အစီအစဉ်များ​ပြုလုပ်​ခဲ့​ကြသည်။ ဟ​မ်း​ဘတ်​မြို့​သို့ ကျွန်ုပ်​တို့​ရောက်​သောအခါ ယေဟောဝါသက်သေ​များ​၏ ဒေသခံ​အသင်းတော်​မှ ခရစ်ယာန်​ညီအစ်ကို​များ​သာမက ဆွေမျိုး​အချို့​လည်း ကြိုဆို​ခဲ့​ကြသည်။ ထို့​ပြင် ဒေသခံ​ဆေးရုံ​ဆက်သွယ်ရေး​ကော်မတီ​မှ ကိုယ်စားလှယ်​တစ်ဦး​က​လည်း လှိုက်လှိုက်လှဲလှဲ​ကြိုဆို​ခဲ့​၏။ သူသည် ကျွန်ုပ်​တို့​နှင့်အတူ ဆေးရုံ​သို့​လိုက်​လာ​ကာ အတတ်နိုင်ဆုံး​ကူညီပေး​ခဲ့​သည်။ တိုင်းတစ်ပါး​နိုင်ငံ​၌​ပင် ကျွန်ုပ်​တို့ကို​ကူညီပေး​မည့် ဝိညာဉ်​ရေး​ညီအစ်ကို​များ​ကို တွေ့ရ​ခြင်း​က ကျွန်ုပ်​တို့ကို​စိတ်အားတက်​စေ​ခဲ့​သည်။

ဆေးရုံ​တွင် ဒေါက်တာ​ဂ​ရာ​ဖ်​နှင့်​တွေ့ဆုံ​သောအခါ တစ်ဖန် စိတ်အားတက်​ခဲ့​ရ​ပြန်​သည်။ သူသည် ကျွန်ုပ်​တို့​အပေါ် နားလည်မှု​အပြည့်​ရှိသည့်​အပြင် ဗစ်ကီ​ကို သွေးမသွင်း​ဘဲ အတတ်နိုင်ဆုံး​ကုသ​ပေး​မည်​ဟု​လည်း အာမခံခဲ့​သည်။ ဗစ်ကီ​၏​ဟီ​မို​ဂ​လို​ဗင်​အဆင့် ၅ g/dl အထိ​လျှော့​ကျ​သွား​လျှင်​ပင် သွေးမသွင်း​ဘဲ ဆက်​ကုသ​ပေး​ရန် တလိုတလား​ရှိသည်။ ဗစ်ကီ​၏​ရောဂါ​ကို စောစော​သိ​ရှိခဲ့​ပြီး သူ့​အား​ချက်ချင်း​ဆေးရုံတင်​ခဲ့​လျှင် ကုသမှု​အောင်မြင်​ဖို့ အခွင့်ကောင်း​ရှိသည်​ဟု သူက​ပြောပြ​ခဲ့​သည်။ ဗစ်ကီ​၏​ရောဂါ​မျိုးကို သွေးမသွင်း​ဘဲ ဓာတု​ကုထုံး​ဖြင့် ကုသ​ပေးခြင်း​သည် သူ့​အတွက် ပထမ​ဆုံး​အကြိမ်​ဖြစ်​မည်​ဟု သူ​ဝန်ခံခဲ့​သည်။ ဒေါက်တာ​ဂ​ရာ​ဖ်​၏​သတ္တိ​နှင့် ကူညီ​ပေးဖို့​သန္နိ​ဋ္ဌာန်​ကို ကျွန်ုပ်​တို့​ကျေးဇူး​တင်ပြီး ချီးမွမ်း​ခဲ့​သည်။

ငွေကြေး​ပြဿနာ​များ

ယခု မေးစရာ​ကား ဗစ်ကီ​၏​ကုသ​စရိတ်​ကို ကျွန်ုပ်​တို့​မည်သို့​ပေး​ဆပ်​မည်​နည်း ဟူ၍​ဖြစ်သည်။ နှစ်နှစ်​စာ​ကုသ​စရိတ် ဒုရှ်​မာ​ခ် ၁၅၀,၀၀၀ ခန့်​ကုန်ကျ​မည်​ဟု သိရ​သောအခါ ကျွန်ုပ်​တို့​အံ့အားသင့်​ခဲ့​ရသည်။ ကျွန်ုပ်​တို့​တွင် ထို​ငွေ​ပမာဏ​အလုံးအရင်း အမှန်​မရှိ​သော်လည်း ဗစ်ကီ​ကို မဖြစ်​မနေ​ချက်ချင်း​စတင်​ကုသ​ရ​ပေမည်။ ဂျာမနီ​တွင်​ဆေး​ကုသ​ရန် ဆွီဒင်​မှ​ထွက်​လာ​ခဲ့​ကြသော​ကြောင့် ပြည်​သူ့​ကျန်းမာ​ရေး​အာမခံကြေး တစ်ပြား​မှ​မရနိုင်​တော့​ချေ။ ယခု ကျွန်ုပ်​တို့သည် ဆေးရုံ​တွင် အလွန်​မမာ​မ​ကျန်း​ဖြစ်နေ​သော​သမီးလေး​နှင့် ကူညီပေး​ရန်​အသင့်ရှိနေ​သော ဆေး​ဘက်​ဆိုင်ရာ​ကျွမ်းကျင်​သူတို့ရှေ့ ရောက်ရှိ​နေကြ၏၊ သို့သော်လည်း ကျွန်ုပ်​တို့​မှာ ငွေ​အလုံအလောက်​မရှိကြ​ချေ။

ဆေးရုံ​အမှုထမ်းများ​က ကျွန်ုပ်​တို့သည် မာ​ခ် ၂၀,၀၀၀ စ​ရန်​ပေး​ကာ ကျန်​ငွေ​ကို​ပေး​ဆပ်ပါ​မည်​ဟု လက်မှတ်ထိုး​အာမခံ​လျှင် ကုသမှု​ကို ချက်ချင်း​စတင်​နိုင်​မည်​ဟု​ပြော​ကာ ကျွန်​ပ်​တို့ကို​ကယ်မ​ခဲ့​သည်။ ကျွန်ုပ်​တို့​မှာ စုဆောင်း​ထားသော​ငွေ​အချို့​ရှိပြီး မိတ်ဆွေများ​နှင့်​ဆွေမျိုး​များ​၏ မေတ္တာပါ​အကူအညီ​ဖြင့် မာ​ခ် ၂၀,၀၀၀ ကို​ပေး​နိုင်​ခဲ့​ကြသော်လည်း ကျန်​ငွေ​နှင့်​ပတ်သက်​၍​ကော အသို့နည်း။

တစ်ဖန် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​တိုက်ပွဲ​တွင် ကျွန်ုပ်​တို့​ချည်း​သာ​မဟုတ်​ကြောင်းကို သိရှိ​ခဲ့​ရ​ပြန်​သည်။ ထို​စဉ်​က ကျွန်ုပ်​တို့​မသိ​သေး​သော ဝိညာဉ်​ရေး​ညီအစ်ကို​တစ်ဦး​သည် လက်ကျန်ငွေ​ကို တလိုတလား​တာဝန်​ယူ​ပေး​ခဲ့​သည်။ သို့သော် ကျွန်ုပ်​တို့သည် တခြား​အစီအစဉ်များ​ပြုလုပ်​နိုင်​ခဲ့​သောကြောင့် သူ၏​စေတနာ​ရှိ​ရှိ​ပေးကမ်းမှု​ကို လက်ခံ​ယူ​စ​ရာ မလို​အပ်​ခဲ့​တော့​ချေ။

ဆေး​ဘက်​ဆိုင်ရာ​ကျွမ်းကျင်​မှု အကျိုး​သက်ရောက်

ဓာတု​ကုထုံး စတင်​လေ​သည်။ ရက်​များ၊ အပတ်​များ​ကုန်လွန်​ခဲ့​၏။ တစ်ခါတစ်ရံ သမီးလေး​ရော ကျွန်ုပ်​တို့​ပါ အလွန်​စိတ်​ဆင်းရဲ​ခက်ခဲ​ပင်ပန်း​ခဲ့​ကြ​ရသည်။ တစ်ဖက်​တွင်​မူ၊ သမီးလေး​၏​အခြေအနေ တိုးတက်​ကောင်းမွန်​လာ​သည်ကို​တွေ့ရှိ​ရ​တိုင်း ကျွန်ုပ်​တို့​အကြီးအကျယ်​ပျော်ရွှင်​ပြီး ကျေးဇူး​တင်​ခဲ့​ကြ​ရသည်။ ဓာတု​ကုထုံး​ဖြင့် ရှစ်​လ​တိုင်​ကုသ​ခဲ့​၏။ ဗစ်ကီ​၏​ဟီမိုကလိုဗင် နောက်ဆုံး​အဆင့် ၆ g/dl ရောက်​ခဲ့​ပြီး ဒေါက်တာ​ဂ​ရာ​ဖ်​သည် သူ့​ကတိ​အတိုင်း ဆက်​ကုသ​ပေး​ခဲ့​သည်။

ခြောက်​နှစ်​ကျော်​ကြာပြီးနောက် သမီးလေး​၏​ကျောရိုး​အရည်​ကို နောက်ဆုံး​စစ်ဆေး​ရာ​တွင် သွေးကင်ဆာ​လုံးဝ​မရှိတော့​ချေ။ ယခု မည်သည့်​ရောဂါ​လက္ခဏာ​မျှ​မရှိတော့​သည့် ပျော်ရွှင်သော​သမီးလေး​ဖြစ်နေ​ပြီ။ မှန်သည်၊ ဗစ်ကီ လုံးဝ​ကျန်းမာ​လာ​ခြင်း​ကား အံ့ဖွယ်​တစ်ပါး​ပ​မာ​ပင်။ အလားတူ​ရောဂါ​မျိုး​ရှိကြသော ကလေးငယ်​များစွာ​သည် ဓာတု​ကုထုံး​ဖြင့်​ကုသ​ကာ သွေးသွင်း​ကြသော်လည်း သေဆုံး​ခဲ့​ကြသည်​ကို ကျွန်ုပ်​တို့​သိ​ကြသည်။

ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​တိုက်ပွဲ အောင်မြင်​ခဲ့ပြီ၊ သို့သော် ကျွန်ုပ်​တို့၏​ဆွေမျိုး​များ၊ ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​များနှင့် ဆေး​ဘက်​ဆိုင်ရာ​ကျွမ်းကျင်​သူများ​၏ အကူအညီလည်း​ပါ​သည်။ ဆေးရုံ​အချက်အလက်​ဝန်ဆောင်​လုပ်ငန်း​က တစ်နေ့​လျှင် ၂၄ နာရီ​လုံးလုံး ကူညီပေး​ခဲ့​သည်။ ဒေါက်တာ​ဂ​ရာ​ဖ်​နှင့် သူ၏​လုပ်ဖော်ကိုင်ဖက်​များသည် ဗစ်ကီ​အား ပြန်​ကျန်းမာ​လာ​စေရန် သူတို့၏​အစွမ်းအစ​များ​ကို အသုံးချ​ခဲ့​ကြ​၏။ ယင်း​တို့အားလုံး​အတွက် ကျွန်ုပ်​တို့​အမှန်ပင် ကျေးဇူး​တင်​ကြ​ပါ​သည်။

ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ခိုင်ခံ့​လာ

သို့သော် ထို့​ထက်​ကား ယေဟောဝါ​ဘုရားသခင်​၏ မေတ္တာပါ​ဂရုစိုက်​မှု​နှင့် ကိုယ်တော်​၏​စကားတော် သမ္မာကျမ်းစာ​မှ​တစ်ဆင့် ရရှိခဲ့​သည့်​ခွန်အား​အတွက် ဘုရားသခင်​ကို ကျွန်ုပ်​တို့​ကျေးဇူး​တင်​မဆုံး​ပါ။ နောက်ကြောင်းပြန်​ကြည့်​သော် ဘဝတွင်​ကြုံတွေ့​ခဲ့​ရသည့် ဤ​ပူ​ပင်​သောက​မှ ကျွန်ုပ်​တို့​များစွာ​သင်ယူ​ခဲ့​ရပြီး ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ပိုမို​ခိုင်ခံ့​လာ​ခဲ့​ကြောင်း သဘောပေါက်​ကြ​ပါ​သည်။

ယခု ကျွန်ုပ်​တို့၏​အဖြစ်ချင်ဆုံး​ဆန္ဒ​မှာ ယေဟောဝါ​ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​ရင်းနှီးသော​ဆက်ဆံ​ရေး​ကို ထိန်းသိမ်း​ထားပြီး သမီးလေးကို ကိုယ်တော်​၏​တောင်းဆိုချက်​များနှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​၏​တန်ဖိုး​ကို သွန်သင်​ပေးခြင်း​တို့​ဖြစ်သည်။ မှန်ပါသည်၊ ကျွန်ုပ်​တို့၏ သမီးလေး​အား လာ​မည့်​မြေကြီး​ပရဒိသု​တွင် ထာဝရ​အသက်​၏​ဝိညာဉ်​ရေး​အမွေအနှစ်​မွန်​ကို ပေး​လို​ကြ​ပါ​သည်။—ဆောင်းပါး​ရှင်​ရေးသား​ပေး​ပို့​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဆေးရုံ​အချက်အလက်​ဝန်ဆောင်​လုပ်ငန်း​သည် ဆေးရုံ​ဆက်သွယ်ရေး​ကော်မတီ​များ​၏ အပြည်ပြည်ဆိုင်ရာ​ကွန်ရက်​ကို ကြီးကြပ်​ပေး​သည်။ တစ်ဖန် ယင်း​အဖွဲ့​များသည် ဆရာဝန်​များနှင့် သူတို့၏​သက်သေခံ​လူနာများ​စပ်ကြား ပူးပေါင်း​ဆောင်ရွက်မှု​ရှိစေရန် ကူညီ​ပေးဖို့​အသင့်ရှိ​သော ခရစ်ယာန်​စေတနာ့​ဝန်ထမ်း​များ​ဖြင့် ဖွဲ့စည်းထား​သည်။ နိုင်ငံ​ပေါင်း ၂၀၀ ကျော်​မှ လူနာများ​ကို ကူညီပေး​နေသော ဆေးရုံ​ဆက်သွယ်ရေး​ကော်မတီ​ပေါင်း ၁,၄၀၀ မ​က​ရှိ၏။