ချာ့ခ်ျဖခင်များ သမ္မာကျမ်းစာအမှန်တရားကို ထောက်ခံသူများလော
ချာ့ခ်ျဖခင်များ သမ္မာကျမ်းစာအမှန်တရားကို ထောက်ခံသူများလော
သင်သည် ခရစ်ယာန်တစ်ဦးဖြစ်ဖြစ်၊ မဖြစ်ဖြစ် သမ္မာကျမ်းစာတွင်ပါရှိသော ဘုရားသခင်၊ ယေရှုနှင့် ခရစ်ယာန်ဘာသာတရားတို့အပေါ် သင်၏သဘောထားသည် ထိုသူတို့၏ ဩဇာလွှမ်းမိုးမှုကောင်းစွာ ခံခဲ့ရပေမည်။ သူတို့ထဲမှ တစ်ဦးမှာ အာဝဇ္ဇန်းကောင်းသူ၊ အခြားတစ်ဦးမှာ မဟာ ဟူ၍အမည်တွင်ခဲ့သည်။ စုပေါင်း၍သူတို့ကို “ခရစ်တော်ဘဝအသက်တာ၏ အထွတ်အထိပ်ပြယုဂ်များ” ဟုဖော်ပြထားခဲ့ကြပြီ။ ဤသူတို့ကား မည်သူများနည်း။ သူတို့သည် ယနေ့ “ခရစ်ယာန်” တွေးခေါ်ပုံကို များစွာပုံသွင်းပေးခဲ့သော ရှေးခေတ် ဘာသာရေးဆိုင်ရာတွေးခေါ်ရှင်များ၊ စာရေးဆရာများ၊ ခရစ်ယာန်ဓမ္မဆရာများနှင့် အတွေးအခေါ်ပညာရှင်များဖြစ်ခဲ့ကြသော ချာ့ခ်ျဖခင်များဖြစ်၏။
“သမ္မာကျမ်းစာသည် ဘုရားသခင့်စကားတော် အကုန်အစင်မဟုတ်ချေ” ဟူ၍ ဘာသာရေးရာသုတေသနပြုချက်များ၏ ဂရိသြသဒေါက်ပါမောက္ခ ဒမီထရီအိုစ် ဂျေ. ကွန်စတန်တီလို့စ်က ပြောသည်။ “ဘုရားသခင့်စကားတော်ကို ဖော်ပြသည့် သန့်ရှင်းသောဝိညာဉ်တော်ကို စာအုပ်တစ်အုပ်၏စာမျက်နှာများပေါ်တွင် မကန့်သတ်ထားနိုင်ချေ။” ဘုရားသခင့်ဖော်ပြချက်များပါ အခြားယုံကြည်စိတ်ချလောက်သောရင်းမြစ်ကား အဘယ်အရာဖြစ်နိုင်သနည်း။ ကွန်စတန်တီလို့စ်က သူ၏ဂရိသြသဒေါက်ချာ့ခ်ျကို သဘောပေါက်နားလည်ခြင်းစာအုပ်တွင် ဤသို့အခိုင်အမာဆိုသည်– “သန့်ရှင်းသောထုံးတမ်းစဉ်လာနှင့် သန့်ရှင်းသောကျမ်းစာစောင်များကို ဒ င်္ဂါးပြားတစ်ပြားတည်း၏ မျက်နှာပြင်နှစ်ဖက်အဖြစ် ယူမှတ်ကြ၏။”
အဆိုပါ “သန့်ရှင်းသောထုံးတမ်းစဉ်လာ” ၏အခြေခံတွင် ချာ့ခ်ျဖခင်များ၏ သွန်သင်ချက်များနှင့် အရေးအသားများပါဝင်သည်။ သူတို့သည် စီ.အီး. ဒုတိယနှင့် ပဉ္စမရာစုအတွင်း အသက်ရှင်ခဲ့ကြသည့် ထင်ရှားကျော်ကြားသော ဓမ္မဆရာများနှင့် “ခရစ်ယာန်” အတွေးအခေါ်ရှင်များဖြစ်ကြ၏။ သူတို့သည် မျက်မှောက်ခေတ် “ခရစ်ယာန်” အယူအဆကို မည်မျှတိုင်သြဇာညောင်းခဲ့ကြပြီနည်း။ သူတို့သွန်သင်ပေးရာတွင် သမ္မာကျမ်းစာကို ကိုင်စွဲကြသလော။ ယေရှုခရစ်၏နောက်လိုက်တစ်ဦးအတွက် ခရစ်ယာန်အမှန်တရား၏ ခိုင်မာသောအခြေခံကား အဘယ်အရာဖြစ်သင့်သနည်း။
သမိုင်းကြောင်းနောက်ခံ
စီ.အီး. ဒုတိယရာစုနှစ်အလယ်ပိုင်းတွင် ခရစ်ယာန်အမည်ခံသူများသည် နှိပ်စက်ညှဉ်းပန်းသူရောမများနှင့် အယူလွဲမှားနေသူတို့ရှေ့ မိမိတို့၏ယုံကြည်ခြင်းကို ခုခံကာကွယ်နေခဲ့ကြ၏။ သို့သော် ၎င်းခေတ်သည် ဘာသာတရားဆိုင်ရာသဘောထားထင်မြင်ချက် များစွာရှိခဲ့သည့် ခေတ်တစ်ခေတ်ဖြစ်ခဲ့သည်။ ယေရှု၏ “ဘုရားအဖြစ်” နှင့် သန့်ရှင်းသောဝိညာဉ်တော်၏သဘောသဘာဝနှင့် လုပ်ဆောင်မှုများနှင့်ပတ်သက်၍ ဘာသာတရားဆိုင်ရာ အငြင်းပွားမှုများက ဉာဏ်ပညာပိုင်းတွင်သာ စိတ်ဝမ်းကွဲနေစေခဲ့ခြင်းမဟုတ်ပါ။ အယူဝါဒနှင့်ပတ်သက်၍ ခါးသီးသောသဘောထားကွဲလွဲမှုများနှင့် ပြန်လည်ညှိနှိုင်းမရသော စိတ်ဝမ်းကွဲမှုများသည် နိုင်ငံရေးနှင့် ယဉ်ကျေးမှုနယ်ပယ်များထဲ ဝင်ရောက်ပျံ့နှံ့သွားပြီး တစ်ခါတစ်ရံ အဓိကရုဏ်းများ၊ ပုန်ကန်မှုများနှင့် ပြည်တွင်းပဋိပက္ခများမက စစ်ပွဲပင်ဖြစ်ပွားစေခဲ့သည်။ သမိုင်းပညာရှင် ပေါလ်ဂျွန်ဆင်က ဤသို့ရေးသားခဲ့သည်– “[အယူဖောက်ပြန်သော] ခရစ်ယာန်ဘာသာတရားသည် ရှုပ်ထွေးမှု၊ အငြင်းပွားမှုနှင့် ကွဲလွဲမှုတို့ဖြင့် စတင်လာကာ ထိုသို့ပင်ဆက်လက်တည်ရှိလာလေသည်။ . . . အေဒီပထမနှင့် ဒုတိယရာစုတွင် မြေထဲပင်လယ်အလယ်ပိုင်းနှင့် အရှေ့ပိုင်း၌ မရေမတွက်နိုင်အောင်များပြားသော ဘာသာရေးယူဆချက်များ စုပြုံ၍ရှင်သန်ခဲ့ရာ ၎င်းတို့တိုးပွားပျံ့နှံ့လာစေရန် ခံယူသူတို့ကိုယ်တိုင်ကြိုးပမ်းခဲ့ကြသည်။ . . . ထို့
ကြောင့် အစကတည်းကပင် အသွင်မတူသော ခရစ်ယာန်ဘာသာတရား မျိုးပေါင်းစုံရှိလာခဲ့၏။”အဆိုပါခေတ်ကာလအတွင်းတွင် အတွေးအခေါ်ဆိုင်ရာအသုံးအနှုန်းများကို အသုံးပြု၍ “ခရစ်ယာန်” သွန်သင်ချက်များကို အနက်ဖွင့်ရန် လိုအပ်သည်ဟုယူမှတ်သူ စာရေးဆရာများနှင့် အတွေးအခေါ်ရှင်များ တိုးများလာခဲ့ကြသည်။ “ခရစ်ယာန်ဘာသာတရား” သို့ ဘာသာပြောင်းဝင်လာခါစ လူသစ်များဖြစ်ကြသော အယူမှားခဲ့သူတို့မှပညာတတ်တို့ကို ကျေနပ်ကြစေရန် ထိုဘာသာရေးဆိုင်ရာစာရေးဆရာများသည် အစောပိုင်းဂရိနှင့် ဂျူးစာပေတို့အပေါ် အလွန်အမင်းမှီခိုအားထားခဲ့ကြသည်။ ဂရိဘာသာစကားဖြင့် ရေးသားခဲ့သော ဂျတ်စ်တင်မာတာ (စီ.အီး. ၁၀၀-၁၆၅ ခန့်) မှအစပြုသော ခရစ်ယာန်အခေါ်ခံသူတို့သည် အတွေးအခေါ်ဆိုင်ရာ ဂရိယဉ်ကျေးမှုအမွေအနှစ်ကို လေ့လာရောယှက်မှုတွင် ပို၍ပို၍နက်နဲဆန်းပြားလာ၏။
အလက်ဇန္ဒြီးယားမြို့မှ ဂရိကလောင်ရှင်တစ်ဦးဖြစ်သော ဩရီဂျင် (စီ.အီး. ၁၈၅-၂၅၄ ခန့်) ၏အရေးအသားများတွင် ဤခေတ်ရေစီးကြောင်းအကောင်အထည်ပေါ်လာခဲ့သည်။ ပထမဦးဆုံးမူများပေါ် ဩရီဂျင်၏အကျယ်ဖွင့်ကျမ်းသည် ဂရိအတွေးအခေါ်၏ဘောင်အတွင်းမှနေ၍ “ခရစ်ယာန်” ဓမ္မပညာရပ်၏ အဓိကအယူဝါဒများကို ရှင်းပြရန် ဦးစွာစနစ်တကျကြိုးပမ်းအားထုတ်မှုဖြစ်သည်။ နိုင်စီယာကောင်စီ (စီ.အီး. ၃၂၅) သည် ခရစ်တော်၏ “ဘုရားဖြစ်ခြင်း” ကို ရှင်းပြကာ အတည်ပြုရန်ကြိုးပမ်းမှုကြောင့် တရားသေလက်ခံထားသော “ခရစ်ယာန်” အယူဝါဒ၏ အနက်ဖွင့်ဆိုချက်ကို အားသစ်လောင်းပေးသည့် သမိုင်းမှတ်တိုင်ဖြစ်ခဲ့၏။ ထိုကောင်စီသည် တရားသေလက်ခံထားသော “ခရစ်ယာန်” အယူဝါဒကို ပို၍ပင် တိတိကျကျအနက်ဖွင့်ဆိုရန် အထွေထွေကောင်စီတို့ ကြိုးပမ်းခဲ့ကြသည့် ခေတ်ကာလတစ်ခု၏ အစကိုမှတ်သားပေးခဲ့သည်။
စာရေးဆရာများနှင့် အဟောအပြောကောင်းသူများ
ပထမနိုင်စီယာကောင်စီခေတ်တွင် စာရေးသားခဲ့သော စီစရီအာမြို့နေ ယူစီဘီးယပ်စ်က ဧကရာဇ်ကွန်စတင်တိုင်းနှင့် မိမိကိုယ်ကိုဆက်စပ်ဖော်ပြခဲ့သည်။ နိုင်စီယာပြီးနောက် နှစ်ပေါင်း ၁၀၀ ကျော်ကျော်တွင် အများစုက ဂရိဘာသာစကားဖြင့်ရေးသားကြသော ဓမ္မပညာရှင်များသည် ခရစ်ယာန်ဘောင်၏ ထင်ရှားသောအယူဝါဒဖြစ်သည့် သုံးပါးပေါင်းတစ်ဆူနှင့်ပတ်သက်၍ ကြာမြင့်စွာ အကြိတ်အနယ်အငြင်းပွားခဲ့ကြ၏။ သူတို့ထဲမှ အကြီးအမှူးများမှာ အလက်ဇန္ဒြီးယားမြို့၏ဘိရှော့အဖြစ် မိမိကိုယ်ကိုဆိုသူ အာသန်နေစီယပ်စ်နှင့် အာရှမိုင်းနား ကပ္ပဒေါကိပြည်မှ ချာ့ခ်ျခေါင်းဆောင်သုံးဦးဖြစ်သည့် မဟာဗဲစဲလ်၊ သူ၏ညီအစ်ကိုတော်သူ နစ်စာ ဂရယ်ဂရီနှင့် သူ၏သူငယ်ချင်းဖြစ်သော နေဇီရန်းဇပ်စ် ဂရယ်ဂရီတို့ဖြစ်သည်။
ထိုခေတ်ကာလက စာရေးသူများနှင့် ဟောပြောသူတို့သည် အဟောအပြော အလွန်ကောင်းသည့်အဆင့်တွင်ရှိကြသည်။ ဂရိဘာသာစကားဖြင့် နေဇီရန်းဇပ်စ် ဂရယ်ဂရီနှင့် ဂျွန်ခရိုင်စိုစတော့မ် (အဓိပ္ပာယ်မှာ “အာဝဇ္ဇန်းကောင်းသော”) အပြင် လက်တင်ဘာသာစကားဖြင့် မီလန်မှအမ်ဘရို့စ်နှင့် ဟစ်ပိုမြို့မှ ဩဂတ်စ္စတင်းတို့သည် ဘက်စုံအပြောအဟောကောင်းသူများဖြစ်ကြပြီးသူတို့ခေတ်က ကြည်ညိုလေးစားမှုအခံရဆုံးနှင့် ရေပန်းစားသောအတတ်ပညာပုံစံ၏ အဓိပတိများဖြစ်ကြ၏။ ထိုခေတ်တွင် ဩဇာအလွှမ်းဆုံး စာရေးဆရာမှာ ဩဂတ်စ္စတင်းဖြစ်သည်။ သူ၏ဘာသာရေးဆိုင်ရာ အကျယ်ဖွင့်ကျမ်းသည် ယနေ့ “ခရစ်ယာန်” ယုံကြည်စွဲလမ်းမှုကို ထိုးဖောက်ပုံသွင်းပေးခဲ့သည်။ အဆိုပါကာလ၏ စာပေကျမ်းဂန်နှံ့စပ်မှု၌ ထင်ပေါ်ကျော်ကြားဆုံးသူဖြစ်သော ဂျရုမ်းသည် မူရင်းဘာသာစကားများမှ သမ္မာကျမ်းစာကို လက်တင်ဗားလ်ဂိတ်ကျမ်းအဖြစ် ဘာသာပြန်ဆိုခြင်းအတွက် အဓိကတာဝန်ရှိသူဖြစ်သည်။
သို့သော် အရေးကြီးသောမေးခွန်းများကား ဤသို့ဖြစ်သည်– “အဆိုပါချာ့ခ်ျဖခင်များသည် သမ္မာကျမ်းစာကို အနီးကပ်လိုက်လျှောက်ခဲ့ကြပါသလော။ သူတို့၏သွန်သင်ချက်တွင် မှုတ်သွင်းခံကျမ်းစောင်များကို ခိုင်ခိုင်မြဲမြဲစွဲကိုင်ထားခဲ့ပါသလော။ သူတို့၏အရေးအသားများသည် ဘုရားသခင်၏တိကျမှန်ကန်သောအသိပညာအတွက် စိတ်ချရသော လမ်းညွှန်ချက်တစ်ရပ်ဖြစ်သလော။
ဘုရားသခင်၏သွန်သင်ချက်လော၊ လူ့သွန်သင်ချက်လော
မကြာသေးမီက ပိသိဒိပြည်မှ ဂရိသြသဒေါက် မက်ထြိုပေါ်လတန် မီသိုဒီယပ်စ်သည် မျက်မှောက်ခေတ် “ခရစ်ယာန်” အယူအဆ၏ နောက်ခံအဆောက်အအုံကို ဂရိယဉ်ကျေးမှုနှင့် အတွေးအခေါ်တို့က ထောက်ပံ့ပေးခဲ့ကြောင်း ပြသနိုင်ရန် ခရစ်ယာန်ဘာသာ၏ ဟေလနစ်အုတ်မြစ် စာအုပ်ကိုရေးသားခဲ့သည်။ ထိုစာအုပ်တွင် သူက မဆိုင်းမတွပင် ဤသို့ဝန်ခံခဲ့သည်–
“ထင်ပေါ်ကျော်ကြားသော ချာ့ခ်ျဖခင်အားလုံးနီးပါးက ဂရိအခြေခံအယူအဆများကို အသုံးအဝင်ဆုံးဟုယူမှတ်ခဲ့ကြပြီး ဂရိဂန္ထဝင်မြောက်ရှေးဟောင်းအယူအဆထဲမှ ၎င်းတို့ကို ငှားယူခဲ့ကြကာ ခရစ်ယာန်အမှန်တရားများကို နားလည်ရန်နှင့် မှန်ကန်စွာဖော်ပြပေးရန် နည်းတစ်နည်းနည်းအဖြစ် ယင်းတို့ကို အသုံးပြုနေကြသည်။”ဥပမာအနေနှင့် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်သည် သုံးပါးပေါင်းတစ်ဆူဖြစ်သည်ဟူသော အယူအဆကို သုံးသပ်ကြည့်ပါ။ နိုင်စီယာကောင်စီပြီးနောက် ချာ့ခ်ျဖခင်များစွာသည် အခိုင်အမာ သုံးပါးပေါင်းတစ်ဆူဝါဒီများဖြစ်လာခဲ့ကြ၏။ သူတို့၏အရေးအသားများနှင့် အသေးစိတ်ရှင်းလင်းချက်များက သုံးပါးပေါင်းတစ်ဆူကို ခရစ်ယာန်ဘောင်အယူဝါဒ၏ အမှတ်လက္ခဏာတစ်ခုဖြစ်စေရန် အပြင်းအထန်ကြိုးစားနေသည်။ သို့သော် သုံးပါးပေါင်းတစ်ဆူကို သမ္မာကျမ်းစာ၌ တွေ့ရှိရသလော။ မတွေ့ရပါ။ သို့ဆိုလျှင် ချာ့ခ်ျဖခင်များသည် ယင်းကို မည်သည့်နေရာမှရရှိခဲ့ကြသနည်း။ လူများစွာတို့က သုံးပါးပေါင်းတစ်ဆူသည် “တိုင်းတစ်ပါးဘာသာတရားများမှ မွေးစားယူခဲ့ကြသည့် ရွေ့လျောဖောက်ပြန်မှုတစ်ခုဖြစ်ပြီး ခရစ်ယာန်တို့၏ယုံကြည်ခြင်း၌ ပေါင်းစပ်သွားခြင်းဖြစ်သည်” ဟု ပြောဆိုကြကြောင်း ဘာသာရေးအသိပညာဆိုင်ရာအဘိဓာန်ကျမ်းက ဖော်ပြသည်။ ထို့ပြင် ကျွန်ုပ်တို့၏ခရစ်ယာန်ဘာသာတရားရှိ အယူမှားဝါဒက ဤသို့အခိုင်အမာဆိုသည်– “[သုံးပါးပေါင်းတစ်ဆူ] ၏မူလအစသည် အယူမှားဝါဒီမှလုံးလုံးဖြစ်သည်။” *—ယောဟန် ၃:၁၆; ၁၄:၂၈။
သို့မဟုတ် ကိုယ်ခန္ဓာသေဆုံးသွားပြီးနောက် လူတစ်ဦး၏အစိတ်အပိုင်းအချို့သည် အသက်ရှင်လျက်ရှိသည်ဟူသော ယုံကြည်ချက်တစ်ရပ်ဖြစ်သည့် ဝိညာဉ်စိုးလ်မသေနိုင်ဟူသော သွန်သင်ချက်ကို သုံးသပ်ကြည့်ပါ။ တစ်ဖန် သေဆုံးချိန်တွင် စိုးလ်အသက်ရှင်ကျန်ရစ်ကြောင်းသွန်သင်ချက် လုံးဝမရှိသည့် ဘာသာတရားတစ်ခုနှင့် ဤအတွေးအခေါ်ကို မိတ်ဆက်ပေးရာတွင် ချာ့ခ်ျဖခင်များသည် အသုံးချခံရသူများဖြစ်ခဲ့ကြသည်။ သမ္မာကျမ်းစာက စိုးလ်သေနိုင်ကြောင်း ရှင်းလင်းစွာ ဤသို့ဖော်ပြထားသည်– “ပြစ်မှားသောစိုးလ်သည် သူကိုယ်တိုင်အသက်သေရမည်။” (ယေဇကျေလ ၁၈:၄၊ ကဘ) ချာ့ခ်ျဖခင်များအတွက် မသေနိုင်သောစိုးလ် ယုံကြည်ချက်နှင့်ပတ်သက်၍ အခြေခံကားအဘယ်နည်း။ “ဘုရားသခင်သည် ဝိညာဉ်စိုးလ်ကိုဖန်ဆင်းပြီး သန္ဓေတည်ချိန်တွင် ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်ခြင်းက လူတစ်ဦးကို လုံးလုံးလျားလျားအသက်ရှင်လာစေသည်ဟူသည့် ခရစ်ယာန်အယူအဆမှာ ခရစ်ယာန်အတွေးအခေါ်၌ ကာလကြာညောင်းစွာတဖြည်းဖြည်းတိုးတက်ဖြစ်ထွန်းလာသည့် အသီးအပွင့်တစ်ခုဖြစ်သည်။ အရှေ့ပိုင်းမှသြရီဂျင်နှင့် အနောက်ပိုင်းမှစိန့်သြဂတ်စ္စတင်းတို့အချိန်ကျမှသာ စိုးလ်ကို နာမ်ဝိညာဉ်အရာတစ်ခုအဖြစ် ပြဋ္ဌာန်းဖော်ပြခဲ့ကြပြီး ယင်း၏သဘောသဘာဝကို တွေးခေါ်မှုဆိုင်ရာအယူအဆဖြင့် ပုံဖော်ခဲ့ကြ၏။ [ဩဂတ်စ္စတင်း၏အယူဝါဒ] ကြောင့် . . . (ချွတ်ယွင်းချက်အချို့အပါအဝင်) လက်သစ်ပလေတိုဝါဒဖြစ်လာခဲ့သည်” ဟူ၍ ကက်သလစ်စွယ်စုံကျမ်းသစ်ကဆိုသည်။ ပရက်စ်ဘီတေးရီးယန်းအတ္ထုပ္ပတ္တိမဂ္ဂဇင်းက ဤသို့ဆိုသည်– “မသေနိုင်သောဝိညာဉ်စိုးလ်မှာ ရှေးခေတ်က ပဟေဠိဆန်သောဂိုဏ်းများတွင် ရုပ်လုံးဖော်ပြထားသော ဂရိအယူအဆတစ်ခုဖြစ်ပြီး အတွေးအခေါ်ပညာရှင်ပလေတိုက အသေးစိတ်အကျယ်ချဲ့ခဲ့ခြင်းဖြစ်သည်။” *
ခရစ်ယာန်အမှန်တရား၏ ခိုင်လုံသောအခြေအမြစ်
ချာ့ခ်ျဖခင်များနှင့်ပတ်သက်၍ သမိုင်းနောက်ကြောင်းနှင့် သူတို့သွန်သင်ချက်များ၏ မူလအစများကို ဤသို့ အကျဉ်းချုပ်မျှဆန်းစစ်လေ့လာမှုပြုပြီးနောက်ပင် စိတ်ရိုးမှန်သောခရစ်ယာန်တစ်ဦးသည် မိမိ၏ယုံကြည်ချက်များကို ချာ့ခ်ျဖခင်တို့၏သွန်သင်ချက်များအပေါ်တွင် အခြေပြုသင့်သလောဟု မေးမြန်းရန်လျောက်ပတ်ပေသည်။ သမ္မာကျမ်းစာက ဖြေဆိုပါစေ။
တစ်ချက်မှာ ယေရှုခရစ်ကိုယ်တော်တိုင် ဤသို့မိန့်တော်မူရာတွင် ဘာသာရေးဆိုင်ရာဘွဲ့ရာထူးဖြစ်သည့် “အဘ (Father)” ဟုအသုံးပြုခြင်းကို လက်မခံဖယ်ရှားပေးခဲ့သည်– “မြေကြီးပေါ်မှာ အဘယ်သူကိုမျှ အဘဟူ၍ မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘတစ်ပါးတည်းရှိတော်မူ၏။” (မဿဲ ၂၃:၉) ဘာသာရေးပုဂ္ဂိုလ်ကျော်တစ်ဦးဦးကို “အဘ” ဟူ၍ ခေါ်ဝေါ်အသုံးပြုခြင်းသည် ခရစ်ယာန်မဆန်သည့်အပြင် သမ္မာကျမ်းစာနှင့်မညီပါ။ ရေးသားထားသော ဘုရားသခင့်စကားတော်သည် စီ.အီး. ၉၈ ခန့်တွင် တမန်တော်ယောဟန်၏ရေးသားချက်များဖြင့်အပြီးသတ်ခဲ့သည်။ သို့ဖြစ်၍ စစ်မှန်သောခရစ်ယာန်များသည် မှုတ်သွင်းခံလှစ်ဟဖော်ပြချက်၏ ရင်းမြစ်အဖြစ် မည်သည့်လူသားကိုမဆို မျှော်ကိုးရန်မလိုအပ်ချေ။ သူတို့သည် လူတို့၏ထုံးတမ်းစဉ်လာများအားဖြင့် ‘ဘုရားသခင်၏စကားတော်ကို အချည်းနှီး’ မဖြစ်စေရန်ဂရုစိုက်နေကြသည်။ ဘုရားသခင့်စကားတော်နေရာတွင် လူတို့၏ထုံးတမ်းစဉ်လာကို အစားထိုးခြင်းက ဝိညာဉ်ရေးသေစေနိုင်သည်။ ယေရှုက ဤသို့သတိပေးသည်– “လူကန်းခြင်းတစ်ဦးကို တစ်ဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။”—မဿဲ ၁၅:၆၊ ၁၄။
ခရစ်ယာန်တစ်ဦးသည် ဘုရားသခင့်စကားတော်တွင်မပါသည့် လှစ်ဟဖော်ပြချက်တစ်ခုခုကို သမ္မာကျမ်းစာ၌ပါဝင်သောအရာတမျှ လိုအပ်ပါသလော။ မလိုအပ်ပါ။ ဗျာဒိတ်ကျမ်းစောင်က မှုတ်သွင်းခံမှတ်တမ်း၌ အသစ်တစ်ခုသွင်းခြင်းနှင့်ပတ်သက်ပြီး ဤသို့သတိပေးထားသည်– “အကြင်သူသည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။”—ဗျာဒိတ် ၂၂:၁၈။
ခရစ်ယာန်အမှန်တရားကို ရေးသားထားသော ဘုရားသခင့်စကားတော်တွင် ပေါင်းစည်းဖော်ပြထားသည်။ (ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆; ၂ ယောဟန် ၁-၄) ယင်း၏တိကျမှန်ကန်သောနားလည်မှုမှာ လောကအတွေးအခေါ်၌အခြေမပြုထားချေ။ ဘုရားသခင့်လှစ်ဟဖော်ပြချက်ကို ရှင်းပြရန် လူသားတို့၏အသိပညာကို အသုံးပြုသူတို့နှင့်စပ်လျဉ်း၍ တမန်တော်ပေါလု၏ ဤမေးခွန်းများကို ထပ်ကျော့ခြင်းမှာ လျောက်ပတ်ပေသည်– “ပညာရှိကား အဘယ်မှာရှိသနည်း။ ကျမ်းပြုဆရာကား အဘယ်မှာရှိသနည်း။ ပြဿနာ၌လေ့ကျက်သောဆရာကား အဘယ်မှာရှိသနည်း။ လောကီပညာကို ဘုရားသခင်သည် မိုက်စေတော်မူသည်မဟုတ်လော။”—၁ ကောရိန္သု ၁:၂၀။
ထိုထက်ကား စစ်မှန်သောခရစ်ယာန်အသင်းတော်သည် ‘အမှန်တရား၏အမှီတံကဲ နှင့် တည်ရာ’ ဖြစ်သည်။ (၁ တိမောသေ ၃:၁၅) ယင်း၏ကြီးကြပ်မှူးများသည် အသင်းတော်အတွင်း သူတို့၏သွန်သင်ချက်ကို စင်ကြယ်စေရန်ကာကွယ်ပေးပြီး မည်သည့်အယူဝါဒဆိုင်ရာညစ်ညမ်းမှုမဆို မသိမသာဝင်ရောက်လာခြင်းကို တားဆီးပေးကြ၏။ (၂ တိမောသေ ၂:၁၅-၁၈၊ ၂၅) သူတို့သည် အသင်းတော်တွင်းသို့ ‘ပရောဖက်အတုအယောင်များ၊ ဆရာအတုအယောင်များနှင့် ဖျက်ဆီးတတ်သောဂိုဏ်းများ’ ကိုဝင်ခွင့်မပေးကြပါ။ (၂ ပေတရု ၂:၁) တမန်တော်များသေဆုံးသွားပြီးနောက် ချာ့ခ်ျဖခင်များသည် “လှည့်ဖြားတတ်သောစိတ်ဝိညာဉ်တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သောသြဝါဒတို့၌လည်းကောင်း” ခရစ်ယာန်အသင်းတော်ထဲသို့ အမြစ်တွယ်လာစေရန် ခွင့်ပြုခဲ့ကြသည်။—၁ တိမောသေ ၄:၁၊ ၂။
ဤအယူဖောက်ပြန်ခြင်း၏အကျိုးဆက်များသည် ယနေ့ခရစ်ယာန်ဘောင်တွင်အထင်အရှားတွေ့နေရသည်။ ယင်း၏ယုံကြည်ချက်များနှင့် အကျင့်များသည် သမ္မာကျမ်းစာအမှန်တရားနှင့် တခြားစီဖြစ်၏။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 15 သုံးပါးပေါင်းတစ်ဆူအယူဝါ၏ ကျယ်ပြန့်စုံလင်စွာ ဆွေးနွေးတင်ပြထားချက်တစ်ရပ်ကို ယေဟောဝါသက်သေများထုတ်ဝေသော သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော [လိပ်] ဘရိုရှာတွင် တွေ့ရှိနိုင်သည်။
^ အပိုဒ်၊ 16 စိုးလ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏သွန်သင်ချက် အသေးစိတ်ဆွေးနွေးထားခြင်းကို သိရှိရန်အတွက် ယေဟောဝါသက်သေများထုတ်ဝေသည့် ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း စာမျက်နှာ ၉၈-၁၀၄ နှင့် ၃၇၅-၈၀ တို့ကိုရှု။
[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ကက်ပဒိုရှန်းဖခင်များ
“ဩသဒေါက်ချာ့ခ်ျသည် . . . စတုတ္ထရာစုနှစ် စာရေးဆရာများကို အထူးကြည်ညိုလေးစားခဲ့သည်၊ အထူးသဖြင့် ‘မဟာအဆင့်ရှိသူသုံးဦး’ ဟု ခေါ်ဆိုထားသော နေဇီရန်းဇပ်စ် ဂရယ်ဂရီ၊ မဟာဘယ်စဲလ်နှင့် ဂျွန်ခရစ္စပ်စ်တမ်တို့ဖြစ်သည်” ဟု ဘုန်းကြီးတစ်ဦးဖြစ်သော ကလောင်ရှင်ကယ်လီစတိုစ်ကဆိုသည်။ ဤချာ့ခ်ျဖခင်များသည် မိမိတို့၏သွန်သင်ချက်များကို မှုတ်သွင်းခံသမ္မာကျမ်းစာပေါ်တွင် အခြေခံထားကြသလော။ မဟာဘယ်စဲလ်နှင့်ပတ်သက်၍ ဂရိချာ့ခ်ျ၏ဖခင်များစာအုပ်တွင် ဤသို့ဖော်ပြသည်– “သူ့အရေးအသားများက သူသည် ပလေတို၊ ဟိုးမားအပြင် သမိုင်းပညာရှင်များနှင့် အာဝဇ္ဇန်းကောင်းသူတို့ဖြင့် ရာသက်ပန်ရင်းနှီးခြင်းကို ထိန်းထားခဲ့ကြောင်းနှင့် သူတို့သည် သူ၏စာဟန်ကို အမှန်ပင်လွှမ်းမိုးထားခဲ့ကြောင်း ဖော်ပြသည်။ . . . ဘယ်စဲလ်သည် ‘ဂရိ’ တစ်ဦးအဖြစ်နေခဲ့သည်။ နေဇီရန်းဇပ်စ် ဂရယ်ဂရီသည်လည်း ထူးမခြားနားပင်။ “သူ၏အမြင်တွင် ချာ့ခ်ျ၏အောင်မြင်မှုနှင့် မြင့်မားမှုကို ဂရိဂန္ထဝင်မြောက်သောယဉ်ကျေးမှု၏ ထုံးတမ်းစဉ်လာများအား လုံးဝမွေးစားယူခြင်းဖြင့် ဖော်ပြခြင်းသည်သာ အကောင်းဆုံးဖြစ်မည်။”
သူတို့သုံးဦးစလုံးနှင့်ပတ်သက်၍ ပါမောက္ခ ပန်နာဂျိုင်အိုတစ် ကေ. ခရိစတူက ဤသို့ရေးသားသည်– “သူတို့သည် ရံဖန်ရံခါ ဓမ္မသစ်ကျမ်း၏ပညတ်ချက်ဖြင့် ညီညွတ်မှုရှိစေရန်အလို့ငှာ ‘လောကပညာနှင့် အချည်းနှီးသောပရိယာယ်’ [ကောလောသဲ ၂:၈] ကိုဆန့်ကျင်ရန်သတိပေးစဉ် တစ်ကြိမ်တည်းတွင် သူတို့သည် အတွေးအခေါ်များနှင့် သက်ဆိုင်မှုရှိသောစည်းမျဉ်းများကို စိတ်အားထက်သန်စွာလေ့လာသည့်အပြင် အခြားသူတို့ကိုပင် ၎င်းတို့အား လေ့လာခြင်းအတွက် ထောက်ခံခဲ့ကြသည်။” ထိုသို့သောချာ့ခ်ျသွန်သင်သူများက မိမိတို့၏အယူအဆများကို ထောက်ပံ့ပေးရန် သမ္မာကျမ်းစာဖြင့်မလုံလောက်ကြောင်း ယူမှတ်ခဲ့ကြသည်မှာ ထင်ရှားနေပါသည်။ အခွင့်အာဏာဆိုင်ရာ အခြားအမှီသဟဲပြုချက်များကို သူတို့ ရှာဖွေနေခြင်းက သူတို့၏သွန်သင်ချက်များသည် သမ္မာကျမ်းစာနှင့် ကင်းကွာနေသည်ဟုဆိုနိုင်သလော။ ဟေဗြဲခရစ်ယာန်များကို တမန်တော်ပေါလုက ဤသို့သတိပေးခဲ့သည်– “အထူးထူးအပြားပြားသောအယူဝါဒသစ်ကိုလိုက်၍ မဖောက်ပြန်ကြနှင့်။”—ဟေဗြဲ ၁၃:၉။
[Credit Line]
© Archivo Iconografico, S.A./CORBIS
[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
အလက်ဇန္ဒြီးယားမြို့မှ စိရယ်လ်
အငြင်းအခုံသန်သောချာ့ခ်ျဖခင်တစ်ဦးချာ့ခ်ျဖခင်များထဲမှ ငြင်းခုံအသန်ဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ အလက်ဇန္ဒြီးယားမြို့မှ စိရယ်လ် (စီ.အီး. ၃၇၅-၄၄၄ ခန့်) ဖြစ်သည်။ ချာ့ခ်ျသမိုင်းပညာရှင် ဟန်း ဗို ကမ်ပန်ဟယူးဆန်က သူ့အား “တစ်ယူသန်ဆန်ပြီး အကြမ်းဖက်ကာ ဉာဏ်များ၍ မိမိ၏တာဝန်ခံယူထားမှုဆိုင်ရာ ကြီးမြင့်မှုနှင့် သူ၏ရာထူးဆိုင်ရာ ဂုဏ်သိက္ခာအားဖြင့် စိမ့်ဝင်ပျံ့နှံ့နေသူ” အဖြစ် ဖော်ပြကာ ထပ်ဆင့်၍ “မိမိ၏ တန်ခိုးဩဇာ၊ အခွင့်အာဏာတိုးရေးအတွက် အသုံးမဝင်လျှင် မည်သည့်အရာကိုမဆိုသင့်လျော်သည်ဟု ဘယ်သောအခါကမျှ သူမယူမှတ်ချေ” . . . သူ၏နည်းလမ်းများဖြစ်သော ကြမ်းကြုတ်မှုနှင့် လက်မရွံ့ယုတ်မာမှုတို့က သူ့အား မည်သည့်အခါမှ ဝမ်းမနည်းစေခဲ့ပါ” ဟုဆိုသည်။ အလက်ဇန္ဒြီးယားမြို့မှ ဘိရှော့တစ်ဦးဖြစ်စဉ်ပင် ကောန်စတန်တီနိုပဲလ်၏ဘိရှော့ကိုဖြုတ်ချနိုင်ရန် စိရယ်လ်သည် လာဘ်ပေးလာဘ်ယူမှု၊ အသရေဖျက်မှုနှင့် သားပုပ်လေလွင့်ပြောဆိုမှုကို အသုံးပြုခဲ့သည်။ သူသည် နာမည်ကျော်ကြားသည့် ဟိုက်ပေးရှာအမည်ရှိ အတွေးအခေါ်ရှင်တစ်ဦးကို စီ.အီး. ၄၁၅ ခုနှစ် တွင် ရက်ရက်စက်စက် သတ်ဖြတ်မှုအတွက် တာဝန်ရှိသူဟု ယူမှတ်ခံခဲ့ရသည်။ စိရယ်လ်၏ ဘာသာရေးဆိုင်ရာအရေးအသားနှင့်ပတ်သက်၍ ကမ်ပန်ဟယူးဆန်က ဤသို့ပြောခဲ့သည်– “ယုံကြည်ချက်ဆိုင်ရာ မေးခွန်းများအား ဆုံးဖြတ်ခြင်းအလေ့အထကို သမ္မာကျမ်းစာတစ်အုပ်တည်း၌သာ အခြေခံခြင်းမဟုတ်ဘဲ သင့်လျော်သောကိုးကားချက်များနှင့် အသိအမှတ်ပြုခြင်းခံရသည့် အခွင့်အာဏာရှိသူများထံမှ စုစည်းထားသောကိုးကားချက်များ၏အကူအညီဖြင့် ဆုံးဖြတ်ခြင်းကို သူက စတင်ခဲ့သည်။”
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ဂျရုမ်း
[Credit Line]
Garo Nalbandian