“မမြင်သာသော ပြည်သူ့ကျန်းမာရေးအန္တရာယ်”
“မမြင်သာသော ပြည်သူ့ကျန်းမာရေးအန္တရာယ်”
အမေရိကန်ပြည်ထောင်စုမှ အင်တာနက်အသုံးပြုသူ လူကြီးသုံးပုံတစ်ပုံသည် လိင်ဆိုင်ရာဆိုက် (sexual site) တစ်ခုခုကို ဝင်ရောက်ကြည့်ရှုကြခြင်းသည် အံ့ဩစရာပင်ဖြစ်ကြောင်း မကြာမီကပြုလုပ်သည့် လိင်ဆိုင်ရာ ကွန်ပျူတာဆက်သွယ်ရေးစနစ် (on-line sex) လေ့လာမှုတစ်ရပ်က ဖော်ပြခဲ့သည်။ လူများစွာသည် ယခု အင်တာနက်မှတစ်ဆင့် မိမိတို့၏သွေးသားဆန္ဒရမ္မက်ကို ဖြည့်စွက်နေကြသည်။ “ယင်းကို မမြင်သာသော ပြည်သူ့ကျန်းမာရေးအန္တရာယ်အဖြစ် အသိအမှတ်ပြုသူ သို့မဟုတ် အလေးအနက်သဘောထားသူ မရှိသလောက်ဖြစ်သောကြောင့် ယင်းအန္တရာယ် အတော်အတန်ပင်တိုးပွားနေသည်” ဟု၎င်းလေ့လာမှုကိုဦးစီးခဲ့သူ စိတ်ပညာရှင် ဒေါက်တာအဲလ်ကူပါကဆိုသည်။
အထူးသဖြင့် မည်သူတို့သည် ၎င်းဆိုင်ဗာစက်ဆ် (cybersex) ကို မခုခံနိုင်ကြသနည်း။ “မိမိတို့လိင်ကို တစ်သက်တာလုံးထိန်းချုပ်၊ ကန့်သတ်ထားခဲ့ကြရ၍” ယခုမူ အင်တာနက်ပေါ်တွင် “လိင်ဆိုင်ရာအခွင့်အရေးများကို အကန့်အသတ်မဲ့ ရုတ်တရက်ရရှိကြသူများသည် အသုံးပြုသူများဖြစ်သည်” ဟု ဒေါက်တာကူပါကဆိုသည်။
လိင်ဆိုင်ရာဆိုက်များတွင် မကြာခဏဝင်ကြည့်ရှုသူအများစုက ထိုသို့ပြုခြင်းကို အန္တရာယ်ကင်းသည်ဟု ယူမှတ်ကြသည်။ မှန်ပါသလော။ မူးယစ်ဆေးစွဲသူတစ်ဦးသည် သူစွဲနေသည့်မူးယစ်ဆေးကို တိုး၍သုံးစွဲလာသကဲ့သို့ ဆိုင်ဗာစက်ဆ်စွဲသူများသည် မိမိတို့၏လိင်ဆိုင်ရာဆန္ဒကို “အတိုင်းအတာ” တိုးခံစားရရန် အင်တာနက်ပေါ်တွင် ရှာယူကြသည်။ ယင်းကြောင့် သူတို့အလုပ်အကိုင်နှင့် အိမ်ထောင်ဆက်ဆံရေးကိုပင် ထိခိုက်စေနိုင်သည်!
သို့ရာတွင် ဘုရားသခင့်အလိုတော်နှင့်တွေ့လိုသူများသည် အင်တာနက်တွင် လိင်ဆိုင်ရာဆိုက်များသို့ ဝင်ရောက်ကြည့်ရှုခြင်းကိုရှောင်ရှားရန် ထပ်ဆင့်အကြောင်းရှိပါသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့သတိပေးသည်– “မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ [သွေးသားလိုအင်]ပူပန်ခြင်း၊ ဆိုးညစ်သောတပ်မက်ခြင်း၊ . . . ကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော မြေကြီးပေါ်မှာရှိသော သင်တို့၏ကိုယ်အင်္ဂါတို့ကို သေစေကြလော့။ ထိုအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် ငြင်းဆန်သောသူတို့အပေါ်၌ သင့်ရောက်ပေ၏။” (ကောလောသဲ ၃:၅၊ ၆) လူတစ်ဦးသည် ညစ်ညူးသောသွေးသားတပ်မက်ခြင်းနှင့်စပ်လျဉ်း၍ ‘သူ၏ကိုယ်ခန္ဓာကိုသေစေ’ ရန် ယေဟောဝါဘုရားသခင်အား နှစ်နှစ်ကာကာချစ်သည့်မေတ္တာကို ပြုစုပျိုးထောင်ရန်လိုသည်။ (ဆာလံ ၉၇:၁၀) ပြည်သူ့ကျန်းမာရေးအန္တရာယ်ဖြစ်သည့် ဆိုင်ဗာစက်ဆ်၏သွေးဆောင်မှုခံနေရလျှင် ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကိုလေ့လာခြင်းဖြင့် ယေဟောဝါကိုချစ်သည့်မေတ္တာကို တိုးပွားစေသင့်သည်။ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ယေဟောဝါသက်သေများနှင့် အကျိုးရှိရှိပေါင်းသင်းခြင်းသည် ဘုရားသခင့်အလိုတော်နှင့်တွေ့ရန် လူတစ်ဦး၏စိတ်ပိုင်းဖြတ်ချက်ကို ခိုင်မာလာစေဖို့ များစွာအကူအညီပေးသည်။