သင်မှတ်မိသလော
သင်မှတ်မိသလော
မကြာသေးမီကထုတ်ဝေခဲ့သော ကင်းမျှော်စင်စာစောင်များကို ဖတ်ရှုရ၍ တန်ဖိုးထားလေးမြတ်ခဲ့ပါသလော။ သို့ဖြစ်လျှင် အောက်ပါမေးခွန်းများကို သင်ဖြေဆိုနိုင်၊ မဖြေဆိုနိုင် စမ်းကြည့်ပါ–
• ရောမ ၅:၃-၅ တွင်တမန်တော်ပေါလုသည် မျှော်လင့်ခြင်းကို အစဉ်လိုက်စာရင်း၏အဆုံး၌ အဘယ်ကြောင့်ဖော်ပြခဲ့သနည်း။
ခက်ခဲဆင်းရဲခြင်း၊ ခံနိုင်ရည်၊ မျက်နှာသာရသောအခြေအနေနှင့် မျှော်လင့်ခြင်းစသော ခရစ်ယာန်များတွေ့ ကြုံရသည့်အရာများကို ပေါလု အစဉ်လိုက်ဖော်ပြခဲ့သည်။ ထို “မျှော်လင့်ခြင်း” သည် သမ္မာကျမ်းစာမှ တစ်စုံတစ်ယောက် အစဦးဆုံးကရရှိလာသည့်မျှော်လင့်ခြင်းကို မဆိုလိုဘဲ အချိန်ကြာလာသည်နှင့်အမျှ ခရစ်ယာန်တစ်ဦးရလာနိုင်သည့် ခိုင်ခံ့မြဲမြံ နက်ရှိုင်းပြီး စိမ့်ဝင်ပျံ့နှံ့သွားသော မျှော်လင့်ခြင်းဖြစ်သည်။—၁၂/၁၅၊ စာမျက်နှာ ၂၂-၃။
• မျက်မှောက်ခေတ်ခရစ်ယာန်တစ်ဦးသည် ရှေးဂရိနိုင်ငံတွင်ကျင်းပခဲ့သည့် အားကစားပွဲများကို အဘယ်ကြောင့်စိတ်ဝင်စားမည်နည်း။
ထိုအားကစားပွဲများ၏ သဘောသကန်နှင့် ထုံးစံများကိုနားလည်ထားခြင်းက ကျမ်းချက်အတော်များများကို ရှင်းပြပေးနိုင်သည်။ ယင်းတို့မှအချို့သည် ‘စည်းကမ်းအတိုင်းပြိုင်ခြင်း၊’ ‘ခပ်သိမ်းသောဝန်တို့ကိုပယ်ရှား၍ ယေရှုကိုစေ့စေ့ကြည့်ရှုခြင်း၊’ ‘အဆုံးတိုင်အောင်ပြေးခြင်း’ နှင့် သရဖူ သို့မဟုတ် ဆုရရှိခြင်းကိုရည်ညွှန်းသည်။ (၂ တိမောသေ ၂:၅; ၄:၇၊ ၈; ဟေဗြဲ ၁၂:၁၊ ၂; ၁ ကောရိန္သု ၉:၂၄၊ ၂၅; ၁ ပေတရု ၅:၄)—၁/၁၊ စာမျက်နှာ ၂၈-၃၀။
• ၁၉၁၄ ဇန်နဝါရီတွင် သတင်းကောင်းကြေညာရန် အဘယ်နည်းလမ်းသစ်တစ်ခု ပေါ်ထွက်လာခဲ့သနည်း။
ထိုအချိန်က “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုထုတ်ဝေခဲ့သည်။ ၎င်းတွင် အပိုင်းလေးပိုင်းရှိ ရုပ်ရှင်အပိုင်းများပါဝင်သော တင်ဆက်မှုတစ်ခုနှင့် ရာနှင့်ချီသော ရောင်စုံမှန်ဆလိုက်ပုံများပါရှိကာ ယင်းတို့အများစုကို ရှင်းလင်းဟောပြောချက်များ အသံသွင်းထားသောဓာတ်စက်နှင့် ကိုက်ညှိတင်ဆက်ပြသခဲ့ကြသည်။ ထိုပြဇာတ်အစုံနှစ်ဆယ်ကိုပြင်ဆင်ခဲ့၍ လူများအား သမ္မာကျမ်းစာသတင်းတရားသင်ကြားပေးရန် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့သည်။—၁/၁၅၊ စာမျက်နှာ ၈-၉။
• အုပ်ချုပ်ရေးအဖွဲ့ နှင့် တရားဝင်ကော်ပိုရေးရှင်း မည်သို့ကွာခြားသနည်း။
တရားဝင်ကော်ပိုရေးရှင်း၏ ဒါရိုက်တာများကို ၎င်း၏အဖွဲ့ဝင်များက မဲဆန္ဒပေး ရွေးကောက်ခဲ့ကြသော်လည်း အုပ်ချုပ်ရေးအဖွဲ့သည် မည်သည့်လူသားကမျှ ခန့်အပ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်က ခန့်အပ်ထားခြင်းဖြစ်သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ရန် ယေဟောဝါသက်သေများအသုံးပြုနေသော ကော်ပိုရေးရှင်းအသီးသီး၏ ဒါရိုက်တာများဖြစ်ဖို့ မလိုပေ။ ပဲင်စီလ်ဘေးနီးယား ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၏ မကြာသေးမီက နှစ်ပတ်လည်အစည်းအဝေး၌ အုပ်ချုပ်ရေးအဖွဲ့၏ ဒါရိုက်တာများနှင့် တာဝန်ခံများအဖြစ် အမှုဆောင်နေသည့် ယင်း၏အဖွဲ့ဝင်များသည် မိမိတို့ရာထူးကို ဆန္ဒအလျောက်စွန့်လွှတ်ခဲ့ကြသည်။ လစ်လပ်နေသောနေရာများကို “အခြားသိုး” မှ ရင့်ကျက်သောညီအစ်ကိုများက ဖြည့်စွက်ခဲ့ကြသည်။ (ယောဟန် ၁၀:၁၆) ယင်းကြောင့် အုပ်ချုပ်ရေးအဖွဲ့သည် ကမ္ဘာချီညီအစ်ကိုများ၏ ဝိညာဉ်အစာပြင်ဆင်ပေးခြင်းနှင့် ဝိညာဉ်ရေးလိုအပ်ရာများကို တစ်နည်းနည်းဖြင့် ကြည့်ရှုစောင့်ရှောက်ရာတွင် အချိန်ပို၍အသုံးပြုနိုင်ကြသည်။—၁/၁၅ စာမျက်နှာ ၂၉၊ ၃၁။
• စိတ်ပျက်အားလျော့မှုကို တွန်းလှန်တတ်ရန် အဘယ်ကျမ်းစာပုံနမူနာနှစ်ခုကို ကျွန်ုပ်တို့ဆန်းစစ်နိုင်သနည်း။
တစ်ဦးမှာ ရှမွေလ၏မိခင်ဟန္နဖြစ်သည်။ ဣသရေလယဇ်ပုရောဟိတ်မင်းဧလိက သူ့အားမှားယွင်းစွာဝေဖန်ခဲ့စဉ် သူသည် စိတ်ဓာတ်ကျသွားနိုင်သည်။ ယင်းအစား သူသည်ပွင့်ပွင့်လင်းလင်းဖြစ်သော်လည်း ရိုသေလေးစားမှုဖြင့် အဖြစ်မှန်ကိုပြောပြခဲ့သည်။ ထို့ပြင် ဟန္နသည် ဧလိအပေါ် အငြိုးသိုမထားခဲ့ချေ။ ဒုတိယတစ်ဦးမှာ မာကုဖြစ်သည်၊ တမန်တော်ပေါလုက သာသနာပြုခရီးစဉ်တွင် သူ့အားမလိုက်ပါစေလိုသောအခါ စိတ်ဓာတ်ကျခဲ့ပေမည်။ ထိုအခွင့်အရေးဆုံးရှုံးခဲ့သောကြောင့် စိတ်ဓာတ်ကျနေမည့်အစား သူသည် ဗာနဗနှင့်ခရီးသွား၍ အမှုတော်တွင်တက်ကြွစွာ ဆက်ပါဝင်ခဲ့သည်။—၂/၁၊ စာမျက်နှာ ၂၀-၂။
• ကွန်ပျူတာဆော့ဖ်ဝဲပရိုဂရမ်များကို မိတ္တူပွား၍ အခြားသူများအားပေးခြင်း သို့မဟုတ် သူတို့ထံမှလက်ခံယူခြင်းနှင့်ပတ်သက်၍ ခရစ်ယာန်များ အဘယ်ကြောင့်သတိပြုသင့်သနည်း။
(ကစားနည်းများအပါအဝင်) ကွန်ပျူတာပရိုဂရမ်အများစုသည် ကွန်ပျူတာတစ်လုံး၌သာ ပရိုဂရမ်ကို တပ်ဆင်အသုံးပြုရန် ပိုင်ရှင်/အသုံးပြုသူကို သတ်မှတ်ထားသည့် လိုင်စင်ပါရှိသည်။ ယေဘုယျအားဖြင့် အခြားသူများအတွက် မိတ္တူပွားကာ အခမဲ့ပေးသည့်တိုင်အောင် မူပိုင်ဥပဒေကိုချိုးဖောက်ရာရောက်သည်။ ခရစ်ယာန်များသည် ‘ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အားပေးကြလော့’ ဟူသည့်ပညတ်ကို လိုက်နာလိုကြသည်။ (မာကု ၁၂:၁၇)—၂/၁၅၊ စာမျက်နှာ ၂၈-၉။
• စိရယ်လ်နှင့် မီသိုဒီယက်စ်တို့သည် မည်သူများဖြစ်ပြီး ကျမ်းစာလေ့လာရန် အဘယ်အထောက်အကူကို သူတို့ပြုလုပ်ခဲ့ကြသနည်း။
သူတို့သည် ကိုးရာစုအတွင်း ဂရိနိုင်ငံ၊ သက်စလိုနီကာမြို့တွင် ဖွားမြင်ခဲ့ကြသည့် ညီနောင်နှစ်ဦးဖြစ်သည်။ သူတို့သည် ဆလာဗစ်ဘာသာစကားအတွက် အရေးအသားအက္ခရာကိုတီထွင်ပေးပြီး ကျမ်းစာမြောက်မြားစွာကို ဆလာဗိုနစ်စကားသို့ ဘာသာပြန်ဆိုပေးခဲ့ကြသည်။—၃/၁၊ စာမျက်နှာ ၂၈-၉။
• “ဝိညာဉ်ပကတိစိတ်သဘော” ၏ဆိုလိုချက်ကားအဘယ်နည်း။—ရောမ ၈:၆။
ယေဟောဝါ၏လှုပ်ရှားတတ်သောစွမ်းအားဖြင့် ထိန်းချုပ်မှု၊ လွှမ်းမိုးမှုနှင့် လှုံ့ဆော်မှုခံရခြင်းကိုဆိုလိုသည်။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာခြင်း၊ ဘုရားသခင့်ပညတ်တော်ကို စိတ်နှလုံးအကြွင်းမဲ့နာခံခြင်းနှင့် ဘုရားသခင့်ဝိညာဉ်တော်အတွက် ဆုတောင်းခြင်းအားဖြင့် ကျွန်ုပ်တို့အပေါ် ဘုရားသခင့်ဝိညာဉ်တော် သက်ရောက်စေနိုင်သည်။—၃/၁၅၊ စာမျက်နှာ ၁၅။
• နားလည်မှုလွဲမှားနေသည်ဟု ကျွန်ုပ်တို့ခံစားရလျှင် အဘယ်အရာပြုလုပ်နိုင်သနည်း။
မေတ္တာစိတ်ဖြင့် ထိုကိစ္စကိုဖြေရှင်းရန် ကြိုးစားအားထုတ်ဖို့အရေးကြီးသည်။ ယင်းသည် အောင်မြင်ပုံမရလျှင် စိတ်မပျက်ပါနှင့်။ “စိတ်နှလုံးတို့ကိုချိန်တော်မူ” သည့်ယေဟောဝါထံမှ နားလည်မှုနှင့်အကူအညီရဖို့အတွက် ဆုတောင်းပါ။ (သု. ၂၁:၂; ၁ ဓမ္မရာဇဝင် ၁၆:၇)—၄/၁၊ စာမျက်နှာ ၂၁-၃။