သင်သည် “အခွင့်သာသော အချိန်ကို ဝယ်ယူ” နေသလော
သင်သည် “အခွင့်သာသော အချိန်ကို ဝယ်ယူ” နေသလော
ပထမရာစု ဧဖက်မြို့ရှိခရစ်ယာန်များကို တမန်တော်ပေါလုက ဤသို့သွန်သင်ချက်ပေးခဲ့သည်– “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။ ယခုနေ့ရက်ကာလတို့သည် ဆိုးယုတ်သောကြောင့် ကာလ [“အခွင့်သာသော၊” ကဘ] အချိန်ကိုရွေးနုတ် [“ဝယ်ယူ၊” ကဘ] ကြလော့။” (ဧဖက် ၅:၁၅၊ ၁၆) ထိုသို့သွန်သင်ချက်ပေးရန် အဘယ်ကြောင့် လိုအပ်ခဲ့သနည်း။ ယင်းမေးခွန်း၏အဖြေရရန် ရှေးခေတ်ကထိုမြို့တွင် ခရစ်ယာန်များရင်ဆိုင်ခဲ့ရသည့် အခြေအနေများကို သိရှိရန်လိုသည်။
ဧဖက်မြို့သည် ၎င်း၏ထူးခြားထင်ရှားသည့် ကြွယ်ဝချမ်းသာမှု၊ အလွန်ဆိုးရွားသော အကျင့်ယိုယွင်းမှု၊ ပျံ့နှံ့နေသော ရာဇဝတ်မှုနှင့် အမျိုးမျိုးသော နတ်ဆိုးအယူဝါဒများအတွက် နာမည်ကြီး၏။ ထို့ပြင် ထိုတွင်ရှိ ခရစ်ယာန်များသည် အချိန်ကာလနှင့်ပတ်သက်သော အတွေးအခေါ်ပိုင်းဆိုင်ရာအယူဝါဒများကိုလည်း တိုက်လှန်ခဲ့ကြရသည်။ ဧဖက်မြို့ရှိ ခရစ်ယာန်မဟုတ်သော ဂရိတို့က အချိန်သည်တစ်သမတ်တည်းသွားသည်ဟု မယုံကြည်ကြချေ။ ဂရိအတွေးအခေါ်ပညာက ဘဝသည် အဆုံးမဲ့သံသရာလည်နေသည်ဟု သင်ကြားပေးခဲ့သည်။ တစ်ဘဝတွင် အချိန်ဖြုန်းခဲ့သူတစ်ဦးသည် အခြားတစ်ဘဝတွင် ယင်းအချိန်အားလုံးကိုပြန်ရနိုင်သည်။ ဤအတွေးအခေါ်ကြောင့် ဧဖက်ခရစ်ယာန်များသည် ယေဟောဝါ၏ မြင့်မြတ်သောတရားစီရင်ခြင်း အချိန်ဇယားအပါအဝင် ကိုယ်တော်၏အချိန်ဇယားကို ပေါ့ပေါ့တန်တန်သဘောထားခဲ့ပုံရှိနိုင်သည်။ ယင်းကြောင့် ‘အခွင့်သာချိန်ကိုဝယ်ယူ’ ရန် ပေါလုပေးခဲ့သည့်သွန်သင်ချက်သည် သင့်လျော်လှပါသည်။
တမန်တော်ပေါလုသည် ယေဘုယျသဘောအရသာ အချိန်အကြောင်းပြောဆိုနေခြင်းမဟုတ်ပါ။ သူအသုံးပြုခဲ့သည့် ဂရိစကားလုံးက အထူးရည်ရွယ်ချက်တစ်ခုအတွက် သတ်မှတ်ထားသောအချိန်၊ အခန့်သင့်အချိန်ကို ဖော်ပြသည်။ ပထမရာစုခရစ်ယာန်များ လက်ရှိခံစားနေရသည့် အခွင့်သာချိန်အဆုံးမတိုင်မီ၊ ဘုရားသခင့်ကြင်နာမှုနှင့် ကယ်တင်ခြင်းရခွင့် ရုပ်သိမ်းမခံရမီအချိန်ကို ပညာရှိစွာအသုံးပြုကြရန် ပေါလု သွန်သင်ပေးနေခြင်းဖြစ်သည်။—ရောမ ၁၃:၁၁-၁၃; ၁ သက်သာလောနိတ် ၅:၆-၁၁။
အလားတူ အခွင့်သာသောအချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြရသည်။ ခရစ်ယာန်များသည် လောက,ကကမ်းလှမ်းသည့် ယာယီပျော်ရွှင်မှုများကိုလိုက်စားနေခြင်းဖြင့် နောက်တစ်ဖန် ဘယ်သောအခါမျှ ပြန်မရနိုင်တော့သည့် မျက်နှာသာရချိန်ကို ဖြုန်းပစ်မည့်အစား မိမိတို့ရရှိထားသည့်အချိန်ကို “ဘုရား [သခင်] ဝတ်၌မွေ့လျော်” ဖို့အတွက်အသုံးပြု၍ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်နှင့် ဆက်ဆံရေးကောင်းကို ခိုင်မြဲစေမည်ဆိုလျှင် ပညာရှိရာရောက်မည်ဖြစ်သည်။—၂ ပေတရု ၃:၁၂; ဆာလံ ၇၃:၂၈; ဖိလိပ္ပိ ၁:၁၀၊ ၁၁။