မျက်မြင်မရသောအရှင်အား မြင်ရဘိသကဲ့သို့ ဆက်လက်စွဲမြဲပါ
မျက်မြင်မရသောအရှင်အား မြင်ရဘိသကဲ့သို့ ဆက်လက်စွဲမြဲပါ
“[မောရှေသည်] မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏။”—ဟေဗြဲ ၁၁:၂၇။
၁။ ယေရှု၏တောင်ပေါ်တရားတော်တွင် ကိုယ်တော်သည် ဘုရားသခင်နှင့်ပတ်သက်၍ အဘယ်မှတ်သားလောက်ဖွယ်ဖော်ပြချက်ကို မိန့်တော်မူခဲ့သနည်း။
ယေဟောဝါသည် မျက်မြင်မရသောဘုရားသခင်ဖြစ်တော်မူ၏။ ယေဟောဝါ၏ဘုန်းတော်ကို မိမိအားဖော်ပြရန် မောရှေတောင်းဆိုခဲ့သောအခါ ကိုယ်တော်ဤသို့တုံ့ပြန်ခဲ့သည်– “သင်သည်ငါ့မျက်နှာကိုမမြင်နိုင်ရာ။ ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိ။” (ထွက်မြောက်ရာ ၃၃:၂၀) ထို့ပြင် တမန်တော်ယောဟန်ကလည်း ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး။” (ယောဟန် ၁:၁၈) ယေရှုခရစ်သည် လူသားအဖြစ် မြေကြီးပေါ်ရှိစဉ် ကိုယ်တော်ပင် ဘုရားသခင်ကိုမမြင်နိုင်ခဲ့ချေ။ ကိုယ်တော်၏ တောင်ပေါ်တရားတော်တွင် ယေရှု ဤသို့မိန့်တော်မူသည်– “စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကိုမြင်ရကြလတ္တံ့။” (မဿဲ ၅:၈) ယေရှု အဘယ်အရာကိုဆိုလိုသနည်း။
၂။ ကျွန်ုပ်တို့၏ပကတိမျက်စိဖြင့် ဘုရားသခင်ကို အဘယ်ကြောင့်မမြင်နိုင်ကြသနည်း။
၂ သမ္မာကျမ်းစာက ယေဟောဝါအား မျက်မြင်မရသော . . . ဝိညာဉ်တစ်ပါးအဖြစ် ဖော်ပြထား၏။ ယောဟန် ၄:၂၄; ကောလောသဲ ၁:၁၅; ၁ တိမောသေ ၁:၁၇) ထို့ကြောင့် ကျွန်ုပ်တို့လူသားများသည် ယေဟောဝါအား ပကတိမျက်စိဖြင့် အမှန်တကယ်တွေ့မြင်နိုင်၏ဟု ယေရှုမိန့်တော်မူနေခြင်းမဟုတ်ချေ။ မှန်ပါသည်၊ ကောင်းကင်အတန်းအစား ခရစ်ယာန်များသည် . . . ဝိညာဉ်သတ္တဝါများအဖြစ် ထမြောက်ပြီးနောက် ကောင်းကင်တွင် ယေဟောဝါဘုရားသခင်ကို တွေ့မြင်ကြရလိမ့်မည်။ သို့သော် “စိတ်နှလုံးဖြူစင်” ၍ ကမ္ဘာမြေပေါ်တွင် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်သူတို့သည်လည်း ဘုရားသခင်ကို “မြင်” နိုင်ကြသည်။ ယင်းသို့ အဘယ်နည်းဖြင့်ဖြစ်နိုင်မည်နည်း။
(၃။ ဘုရားသခင်၏အရည်အသွေးအချို့ကို လူသားတို့ မည်သို့သိမြင်လာနိုင်သနည်း။
၃ ယေဟောဝါ၏ဖန်ဆင်းထားရာများကို ဂရုတစိုက်လေ့လာခြင်းဖြင့် ကိုယ်တော်အကြောင်း ကျွန်ုပ်တို့ပိုမိုသိရှိလာကြသည်။ သို့နှင့် ကိုယ်တော်၏တန်ခိုးတော်သည် ကျွန်ုပ်တို့အတွက် စိတ်စွဲမှတ်စရာဖြစ်ပြီး ကိုယ်တော်အား ဖန်ဆင်းရှင်ဘုရားသခင်အဖြစ် အသိအမှတ်ပြုရန် လှုံ့ဆော်ခံရကြ၏။ (ဟေဗြဲ ၁၁:၃; ဗျာဒိတ် ၄:၁၁) ယင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “[ဘုရားသခင်၏] ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။” (ရောမ ၁:၂၀) သို့ဖြစ်၍ ဘုရားသခင်အား တွေ့မြင်သည်ဟု ယေရှုပြောသောစကားတွင် ယေဟောဝါ၏အရည်အသွေးအချို့ကို သတိထားမိခြင်းပါဝင်သည်။ ထိုသို့တွေ့မြင်ခြင်းသည် တိကျသောအသိပညာပေါ်အခြေခံပြီး ‘စိတ်နှလုံး၏မျက်စိ’ ဖြင့်ဝိညာဉ်ရေးအရ သိမြင်လာသည်။ (ဧဖက် ၁:၁၉) ယေရှု၏စကားနှင့် ဆောင်ရွက်ချက်များက ဘုရားသခင်အကြောင်း များစွာဖော်ပြပေးသည်။ သို့ဖြစ်၍ ယေရှု ဤသို့မိန့်တော်မူသည်– “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။” (ယောဟန် ၁၄:၉) ယေရှုသည် ယေဟောဝါ၏ပင်ကိုစရိုက်ကို အပြည့်အဝရောင်ပြန်ဟပ်ခဲ့သည်။ သို့ဖြင့် ယေရှုအသက်တာနှင့် ကိုယ်တော်၏သွန်သင်ချက်များကိုသိကျွမ်းခြင်းက ဘုရားသခင်၏အရည်အသွေးအချို့ကို တွေ့မြင်ရန် သို့မဟုတ် သဘောပေါက်သိမြင်လာစေရန် ကူညီပေးနိုင်သည်။
ဝိညာဉ်ရေးရာမှာ အရေးကြီး
၄။ ယနေ့ လူများစွာသည် ဝိညာဉ်ရေးကင်းမဲ့ကြောင်း မည်သို့ဖော်ပြကြသနည်း။
၄ ယနေ့တွင် ယုံကြည်ခြင်းနှင့် စစ်မှန်သောဝိညာဉ်ရေးသည် အမှန်ပင်ရှားပါး၏။ “လူတိုင်း ယုံကြည်ခြင်း ရှိသည်မဟုတ်” ဟုပေါလုပြောခဲ့သည်။ (၂ သက်သာလောနိတ် ၃:၂၊ သမ္မာ) လူများစွာသည် ကိုယ်ရေးကိုယ်တာကိစ္စများ၌ လုံးလုံးအလုပ်များနေကြပြီး ဘုရားသခင်ကို မယုံကြည်ကြချေ။ သူတို့၏အပြစ်နှင့် ဝိညာဉ်ရေးသဘောကင်းမဲ့ခြင်းတို့က ကိုယ်တော်အား ဉာဏ်မျက်စိဖြင့်မတွေ့မြင်နိုင်ခြင်းမှာ တမန်တော်ယောဟန်ရေးသားခဲ့သည်အတိုင်း “မကောင်းသောအကျင့်ကိုကျင့်သောသူမူကား၊ ဘုရားသခင်ကိုမသိမမြင်ရ” ခြင်းကြောင့်ဖြစ်သည်။ (၃ ယောဟန် ၁၁) ထိုသို့သောသူတို့သည် ဘုရားသခင်အား ပကတိမျက်စိဖြင့်မမြင်ကြသောကြောင့် မိမိတို့ပြုမူသမျှကို ကိုယ်တော်မမြင်နိုင်ဘိသကဲ့သို့ သူတို့ပြုမူကြ၏။ (ယေဇကျေလ ၉:၉) ဝိညာဉ်ရေးရာများကို သူတို့အထင်သေးကြသဖြင့် သူတို့သည် “ဘုရားသခင်ကိုသိသောဉာဏ်” မရရှိနိုင်ကြချေ။ (သု. ၂:၅) သို့ဖြစ်၍ ပေါလုဤသို့ဆီလျော်စွာရေးသားခဲ့သည်– “ဇာတိပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။”—၁ ကောရိန္သု ၂:၁၄။
၅။ ဝိညာဉ်ရေးစိတ်ထားရှိသူတို့သည် အဘယ်အချက်ကို သိထားကြသနည်း။
၅ သို့သော် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးစိတ်ထားရှိမည်ဆိုလျှင် ယေဟောဝါသည် အပြစ်ရှာသောဘုရားသခင် မဟုတ်သော်လည်း ကျွန်ုပ်တို့သည် ဆိုးညစ်သောအကြံအစည်နှင့် အလိုဆန္ဒများအတိုင်း ဆောင်ရွက်ပြုမူသောအခါ ကိုယ်တော်သိတော်မူကြောင်း ကျွန်ုပ်တို့ အမြဲသိထားကြပေလိမ့်မည်။ အမှန်မှာ “လူသွားလာသမျှသောလမ်းတို့သည် ထာဝရဘုရားမျက်မှောက်တော်၌ရှိကြ၍ သွားလာသမျှသောအခြင်းအရာတို့ကို စူးစမ်းတော်မူ၏။” (သု. ၅:၂၁) ကျွန်ုပ်တို့သည် အပြစ်ပြုမိလျှင် ယေဟောဝါကို ချစ်မြတ်နိုး၍ ကိုယ်တော့်စိတ်တော် မနာစေလိုသောကြောင့် နောင်တယူပြီး ယေဟောဝါ၏ခွင့်လွှတ်မှုကိုရရှိရန်ကြိုးစားဖို့ လှုံ့ဆော်ခံရကြသည်။—ဆာလံ ၇၈:၄၁; ၁၃၀:၃။
ကျွန်ုပ်တို့အား အဘယ်အရာက တည်ကြည်စေသနည်း
၆။ တည်ကြည်ခြင်းဟူသည် အဘယ်နည်း။
၆ ယေဟောဝါကို ကျွန်ုပ်တို့မမြင်ကြရသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့ကိုတွေ့မြင်နိုင်ကြောင်း အမြဲသတိရကြစို့။ ကိုယ်တော်တည်ရှိတော်မူပြီး ကိုယ်တော့်အား ဆုတောင်းသူမှန်သမျှ၏အနီးတွင် ကိုယ်တော်ရှိတော်မူကြောင်း ယုံကြည်စိတ်ချခြင်းက ကျွန်ုပ်တို့ကို တည်ကြည်စေမည်၊ ကိုယ်တော်အားတည်ကြည်ခြင်းတွင် ယိမ်းယိုင်မှုမရှိ ခိုင်မြဲစေပါလိမ့်မည်။ (ဆာလံ ၁၄၅:၁၈) “ယုံကြည်ခြင်းအားဖြင့် ရှင်ဘုရင်အမျက်ကိုမကြောက်ဘဲ၊ အဲဂုတ္တုပြည်ကိုစွန့်သွား၏။ အကြောင်းမူကား၊ မျက်မြင်မရသောဘုရားသခင်ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏” ဟုပေါလုရေးသားဖော်ပြခဲ့သော မောရှေကဲ့သို့ပင် ကျွန်ုပ်တို့ဖြစ်နိုင်ကြသည်။—ဟေဗြဲ ၁၁:၂၇။
၇၊ ၈။ ဖာရောရှေ့မှောက်တွင် အဘယ်အရာက မောရှေကို သတ္တိရှိစေခဲ့သနည်း။
၇ အီဂျစ်တွင်ကျွန်ဘဝမှ ဣသရေလလူတို့ကို ခေါ်ထုတ်ရန် မိမိ၏ဘုရားသခင်ပေးတာဝန်ကို မောရှေဆောင်ရွက်ရာတွင် ဘာသာရေး
နှင့် စစ်ရေးသြဇာရှိသူတို့နှင့် ပြည့်နှက်နေသည့် နန်းတော်တွင်းရှိ မင်းဆိုးဖာရောရှေ့မှောက် မကြာခဏဝင်ရောက်ရလေ့ရှိ၏။ ဖြစ်နိုင်ဖွယ်ရာမှာ နန်းတော်နံရံများပေါ်တွင် ရုပ်ပုံများစီတန်းခဲ့ပေမည်။ အီဂျစ်တို့၏သက်မဲ့ဘုရားများကို ကိုယ်စားပြုသော ရုပ်ပုံအားလုံးနှင့်မတူသည့် ယေဟောဝါသည် မျက်မြင်မရဖြစ်သော်လည်း မောရှေအတွက်မှာမူ တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ ယင်းကြောင့် မောရှေကို ဖာရော ခြိမ်းခြောက်၍မရနိုင်ခြင်းမှာ အံ့အားသင့်စရာမဟုတ်ချေ!၈ ဖာရောရှေ့မှောက်သို့ အကြိမ်ကြိမ်ဝင်ရောက်ဝံ့ရန် အဘယ်အရာက မောရှေကို ခွန်အားပေးခဲ့သနည်း။ သမ္မာကျမ်းစာက “မောရှေသည် မြေကြီးပေါ်မှာရှိနေသောသူအပေါင်းတို့ထက် သာ၍နူးညံ့သိမ်မွေ့သောသဘောရှိ” ၏ဟုဖော်ပြထားသည်။ (တောလည်ရာ ၁၂:၃) ရှင်းနေသည်ကား မောရှေ၏ဝိညာဉ်ရေးစိတ်ထားခိုင်ခံ့မှုနှင့် ဘုရားသခင်သည် မိမိနှင့်အတူရှိသည်ဟူသော ယုံကြည်စိတ်ချမှုက ရက်စက်သည့်အီဂျစ်ပြည့်ရှင်မင်းရှေ့မှောက် ‘မျက်မြင်မရသောအရှင်’ အား ကိုယ်စားပြုရန် သူလိုအပ်သည့်ခွန်အားရှိစေခဲ့၏။ မျက်မြင်မရသောဘုရားသခင်ကို ‘တွေ့မြင်’ သူတို့သည် မိမိတို့၏ယုံကြည်ခြင်းကို ယနေ့ အဘယ်နည်းများဖြင့် ဖော်ပြကြသနည်း။
၉။ ကျွန်ုပ်တို့တည်ကြည်နေနိုင်သည့် နည်းလမ်းတစ်ရပ်ကား အဘယ်နည်း။
၉ မျက်မြင်မရသောအရှင်အား မြင်တွေ့ရဘိသကဲ့သို့ ယုံကြည်ခြင်းတင်ပြကာ ဆက်လက်၍တည်ကြည်နိုင်သည့်နည်းတစ်နည်းမှာ နှိပ်စက်ညှဉ်းပန်းမှုများကြားမှ ရဲရင့်စွာဟောပြောခြင်းဖြစ်၏။ တပည့်တော်များကို ယေရှုက “လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်” ဟုသတိပေးခဲ့သည်။ (လုကာ ၂၁:၁၇) သူတို့ကို ကိုယ်တော်ဤသို့မိန့်တော်မူခဲ့သေးသည်– “ကျွန်သည် မိမိသခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်။ . . . သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်။” (ယောဟန် ၁၅:၂၀) ယေရှုမိန့်တော်မူသည့်အတိုင်းပင် ကိုယ်တော်သေဆုံးပြီး များမကြာမီတွင် ကိုယ်တော်၏နောက်လိုက်များသည် ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် ရိုက်နှက်ခံရခြင်းပုံစံတို့ဖြင့် နှိပ်စက်ညှဉ်းပန်းမှုခံခဲ့ကြရ၏။ (တမန်တော် ၄:၁-၃၊ ၁၈-၂၁; ၅:၁၇၊ ၁၈၊ ၄၀) နှိပ်စက်ညှဉ်းပန်းမှုလှိုင်းလုံး လှိမ့်ဆင်းလာခဲ့သော်လည်း ယေရှု၏တမန်တော်များနှင့် အခြားတပည့်တော်တို့သည် သတင်းကောင်းကို ရဲရင့်စွာ ဟောပြောလျက်ရှိကြသည်။—တမန်တော် ၄:၂၉-၃၁။
၁၀။ ယေဟောဝါသည် ဂရုစိုက်ကာကွယ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချခြင်းက ခရစ်ယာန်ဓမ္မအမှုတွင် မည်သို့ကူညီပေးသနည်း။
၁၀ မောရှေကဲ့သို့ပင် ယေရှု၏အစောပိုင်းနောက်လိုက်များသည် သူတို့၏မျက်မြင်ရ ရန်သူများကို မကြောက်ရွံ့ခဲ့ချေ။ ယေရှု၏တပည့်များသည် ဘုရားသခင်၌ ယုံကြည်မှုရှိကြပြီး ရလဒ်အနေဖြင့် သူတို့သည် မိမိတို့ကြုံတွေ့ရသော ပြင်းထန်သည့်နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်နိုင်ခဲ့ကြ၏။ မျက်မြင်မရသောအရှင်အား မြင်ရဘိသကဲ့သို့ သူတို့ဆက်လက်တည်ကြည်ခဲ့ကြသည်။ ယနေ့ ကျွန်ုပ်တို့ကို ယေဟောဝါအမြဲဂရုစိုက်ကာကွယ်နေကြောင်း သိထားခြင်းက ဘုရားသခင့်နိုင်ငံတော်သတင်းကို ရဲရဲရင့်ရင့် ကြောက်ရွံ့မှုကင်းမဲ့စွာ ဟောပြောစေသည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က “လူကိုကြောက်ရွံ့ခြင်းသဘောသည် ကျော့ကွင်းကိုထောင်တတ်၏။ ထာဝရဘုရားကိုခိုလှုံသောသူမူကား လုံခြုံလိမ့်မည်” ဟုဆိုသည်။ (သု. ၂၉:၂၅) ထို့ကြောင့် နှိပ်စက်ညှဉ်းပန်းမှုခံရမည်ကိုကြောက်ရွံ့ပြီး ကျွန်ုပ်တို့မတွန့်ဆုတ်ကြသကဲ့သို့ ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုကြောင့်လည်း မရှက်ကြချေ။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းက အိမ်နီးချင်းများ၊ လုပ်ဖော်ဆောင်ဖက်များ၊ ကျောင်းနေဖက်များနှင့် အခြားသူတို့ကို ရဲစွမ်းသတ္တိရှိရှိသက်သေခံရန် ကျွန်ုပ်တို့အားလှုံ့ဆော်ပေးသည်။—ရောမ ၁:၁၄-၁၆။
မျက်မြင်မရသောအရှင်သည် မိမိ၏လူတို့ကို ညွှန်ကြားပေး
၁၁။ ပေတရုနှင့် ယုဒတို့၏ပြောဆိုချက်အရ ခရစ်ယာန်အသင်းတော်နှင့် ပေါင်းသင်းသူအချို့တို့သည် ဝိညာဉ်ရေးကင်းမဲ့ကြောင်း မည်သို့ဖော်ပြခဲ့ကြသနည်း။
၁၁ ယေဟောဝါသည် မိမိ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းကို ညွှန်ကြားနေကြောင်း ယုံကြည်ခြင်းကတွေ့မြင်စေ၏။ သို့ဖြစ်၍ အသင်းတော်၌ တာဝန်ထမ်းဆောင်နေသူတို့ကို အပြစ်ရှာတတ်သည့်သဘောမရှိရန် ကျွန်ုပ်တို့ရှောင်ရှားကြသည်။ ခရစ်ယာန်များကို ဦးဆောင်နေသူတို့အား ရင့်သီးစွာပြောဆိုကြသည်အထိ ဝိညာဉ်ရေးသဘောမရှိသူများအကြောင်း တမန်တော်ပေတရုနှင့် ယေရှု၏မိတူဖကွဲညီ ယုဒတို့က သတိပေးခဲ့သည်။ (၂ ပေတရု ၂:၉-၁၂; ယုဒ ၈) ယင်းသို့ အပြစ်ရှာသူတို့သည် အကယ်၍ယေဟောဝါအား တကယ်မြင်တွေ့ရလျှင် ကိုယ်တော်၏ရှေ့မှောက်တွင် ထိုအတိုင်းပြောဆိုကြပါမည်လော။ ဝေးလေစွ! သို့သော် ဘုရားသခင်သည် မျက်မြင်မရသောကြောင့် ထိုဇာတိပကတိလူတို့သည် ကိုယ်တော်ရှေ့ စာရင်းရှင်းရမည်ကို ထည့်မတွက်ခဲ့ကြချေ။
၁၂။ အသင်းတော်တွင် ဦးဆောင်သူတို့အား အဘယ်သဘောထားတင်ပြသင့်သနည်း။
၁၂ ခရစ်ယာန်အသင်းတော်သည် မစုံလင်သောလူသားတို့ဖြင့် ဖွဲ့စည်းထားသည်မှာမှန်၏။ အကြီးအကဲများအဖြစ် အမှုထမ်းဆောင်ကြသူတို့သည် အမှားများပြုမိတတ်ကြပြီး တစ်ခါတစ်ရံ ကျွန်ုပ်တို့ကိုထိခိုက်ပေမည်။ မည်သို့ပင်ဆိုစေ ယေဟောဝါသည် ထိုသူတို့ကို မိမိသိုးတော်စု၏သိုးထိန်းများအဖြစ် အသုံးပြုလျက်ရှိသည်။ (၁ ပေတရု ၅:၁၊ ၂) ယေဟောဝါသည် မိမိ၏လူတို့ကို ဤနည်းလမ်းဖြင့် ညွှန်ကြားနေကြောင်း ဝိညာဉ်ရေးစိတ်ထားရှိသော အမျိုးသား၊ အမျိုးသမီးတို့က အသိအမှတ်ပြုကြသည်။ သို့ဖြစ်၍ ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် အပြစ်တင်၊ ညည်းညူသည့်စိတ်ထားကိုရှောင်ရှားပြီး ဘုရားသခင်၏သီအိုကရက်တစ်အစီအစဉ်များကို လေးစားကြောင်းဖော်ပြကြသည်။ ကျွန်ုပ်တို့ကိုဦးဆောင်နေကြသူတို့အား နာခံမှုပြခြင်းဖြင့် မျက်မြင်မရသောအရှင်ကို ကျွန်ုပ်တို့တွေ့မြင်ကြောင်း ဖော်ပြကြသည်။—ဟေဗြဲ ၁၃:၁၇။
ဘုရားသခင်အား ကျွန်ုပ်တို့၏မဟာသွန်သင်ပေးရှင်အဖြစ် တွေ့မြင်ခြင်း
၁၃၊ ၁၄။ မဟာသွန်သင်ပေးရှင်အဖြစ် ယေဟောဝါအား တွေ့မြင်ခြင်းကား သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
၁၃ ဝိညာဉ်ရေးထိုးထွင်းသိမြင်မှု လိုအပ်သော အခြားနယ်ပယ်တစ်ခုရှိသေးသည်။ ဟေရှာယက ဤသို့ပရောဖက်ပြုခဲ့သည်– “သင့်မျက်စိများသည် ကြီးမြတ်သောညွှန်ကြားပေးရှင်ကိုမြင်ရသော မျက်စိဖြစ်လာရမည်။” (ဟေရှာယ ၃၀:၂၀၊ ကဘ) ယေဟောဝါသည် မိမိ၏မြေကြီးဆိုင်ရာအဖွဲ့အစည်းအားဖြင့် ကျွန်ုပ်တို့ကို သွန်သင်ပေးတော်မူကြောင်း အသိအမှတ်ပြုရန် ယုံကြည်ခြင်းရှိဖို့လိုသည်။ (မဿဲ ၂၄:၄၅-၄၇) ကျွန်ုပ်တို့၏ မဟာသွန်သင်ပေးရှင်အဖြစ် ဘုရားသခင်အား ရှုမြင်ခြင်းဟူသည် ကျမ်းစာလေ့လာခြင်းအလေ့အထကောင်းဆက်ရှိခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများကို ပုံမှန်တက်ရောက်ခြင်းထက်မက အဓိပ္ပာယ်ရှိသည်။ ယင်းက ဘုရားသခင်၏ဝိညာဉ်ရေးရာ ပြင်ဆင်ပေးချက်များကို အခွင့်အရေးအပြည့်အဝယူခြင်းလည်းဖြစ်၏။ ဥပမာ၊ ယေရှုမှတစ်ဆင့် ယေဟောဝါပေးသောညွှန်ကြားချက်ကို ကျွန်ုပ်တို့ခါတိုင်းထက်အာရုံစိုက်ရန် လိုအပ်သည်၊ သို့မှသာ ဝိညာဉ်ရေးတွင် ကျွန်ုပ်တို့ရွေ့လျော့သွားကြမည်မဟုတ်ချေ။—ဟေဗြဲ ၂:၁၊ ၂။
၁၄ တစ်ခါတစ်ရံ ဝိညာဉ်ရေးအစာမှ အကျိုးအပြည့်အဝရရှိဖို့ အထူးကြိုးပမ်းအားထုတ်ရန်လိုသည်။ ဥပမာ၊ နားလည်ရခက်သည်ဟု ကျွန်ုပ်တို့တွေ့ရှိသော သမ္မာကျမ်းစာမှတ်တမ်းအချို့ကို သာမန်ကာလျှံကာဖတ်သွားပေမည်။ ကင်းမျှော်စင်နှင့်နိုးလော့! မဂ္ဂဇင်းများကို ကျွန်ုပ်တို့ဖတ်ရှုကြသောအခါ အချို့ဆောင်းပါးများကို စိတ်ဝင်စားမှုမရှိသောကြောင့် မဖတ်ဘဲကျော်ပင်ကျော်သွားမည်။ သို့မဟုတ် ခရစ်ယာန်အစည်းအဝေးများတွင် ကျွန်ုပ်တို့၏စိတ်အာရုံပျံ့လွင့်ခွင့်ပြုပေမည်။ သို့သော် သုံးသပ်နေသောအချက်အလက်များကို ကျွန်ုပ်တို့ဂရုတစိုက်ဆင်ခြင်ကြမည်ဆိုလျှင် နိုးနိုးကြားကြားရှိနိုင်၏။ ကျွန်ုပ်တို့ရရှိသည့် ဝိညာဉ်ရေးရာသွန်သင်ချက်ကို အလွန်လေးမြတ်ခြင်းက ယေဟောဝါအား မဟာသွန်သင်ပေးရှင်အဖြစ် ကျွန်ုပ်တို့အသိအမှတ်ပြုကြောင်း ဖော်ပြသည်။
ကျွန်ုပ်တို့စစ်ကြောခံရကြမည်
၁၅။ ယေဟောဝါသည် သူတို့ကို မတွေ့နိုင်သည့်အလား အချို့ မည်သို့ပြုမူခဲ့ကြပြီနည်း။
၁၅ အထူးသဖြင့် “အမှုကုန်ရသည်ကာလ” ဖြစ်သည့် ဤအချိန်၌ ဆိုးညစ်မှုများပြားလွန်းရကား မျက်မြင်မရသောအရှင်၌ ယုံကြည်ခြင်းရှိရန် အလွန်အရေးကြီး၏။ (ဒံယေလ ၁၂:၄) မရိုးသားမှုနှင့် လိင်ဆိုင်ရာအကျင့်ယိုယွင်းမှုမှာ ပျံ့နှံ့လျက်ရှိ၏။ လူတို့သည် ကျွန်ုပ်တို့ကိုမတွေ့မမြင်နိုင်သော်လည်း ကျွန်ုပ်တို့၏လုပ်ရပ်များကို ယေဟောဝါမြင်တော်မူကြောင်း သတိရခြင်းသည် ပညာရှိပေသည်။ အချို့တို့သည် ယင်းကို မျက်ခြည်ပြတ်ကြသည်။ သူတို့ကို အခြားသူများမတွေ့သောအခါ ကျမ်းစာနှင့်မညီသောအမူအကျင့်တို့ကို သူတို့ပြုမူကြပေမည်။ ဥပမာ၊ အချို့တို့သည် အင်တာနက်၊ ရုပ်မြင်သံကြားနှင့် အခြားခေတ်ပေါ်နည်းပညာပိုင်းဆိုင်ရာ ပုံစံများမှ အန္တရာယ်ရှိသောဖျော်ဖြေမှုနှင့် အပြာပုံတို့ကိုကြည့်ရှုရန် သွေးဆောင်ခံရခြင်းကို တွန်းလှန်ဖို့ အင်အားမစိုက်ထုတ်ခဲ့ကြချေ။ ထိုသို့သောအရာများကို ဆိတ်ကွယ်ရာအရပ်၌ ပြုမူနိုင်သောကြောင့် အချို့တို့က သူတို့၏လုပ်ဆောင်ချက်ကို ယေဟောဝါမတွေ့နိုင်သည့်အလား ပြုမူခဲ့ကြပြီ။
၁၆။ ယေဟောဝါ၏မြင့်မြတ်သောစံနှုန်းများကို လိုက်လျှောက်ရန် အဘယ်အရာက ကျွန်ုပ်တို့ကိုကူညီပေးသင့်သနည်း။
၁၆ “ငါတို့ရှိသမျှသည် ဘုရားသခင်စစ်ကြောတော်မူခြင်းကို ခံရကြမည်” ဟူသောတမန်တော်ပေါလု၏စကားများကို စိတ်ထဲထားရှိခြင်းမှာ အမှန်ပင်ကောင်းပေသည်။ (ရောမ ၁၄:၁၂) ကျွန်ုပ်တို့အပြစ်ပြုတိုင်း ယေဟောဝါအားပြစ်မှားနေကြောင်း ကျွန်ုပ်တို့သတိပြုရန်လိုသည်။ ယင်းကို သိရှိထားခြင်းက ကိုယ်တော်၏မြင့်မြတ်သောစံနှုန်းများကို လိုက်လျှောက်ရန်နှင့် မသန့်ရှင်းသောအမူအကျင့်များကို ရှောင်ရှားရန် ကျွန်ုပ်တို့အတွက်အကူအညီဖြစ်သင့်၏။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေးသည်– “ငါတို့ကိုစစ်ကြောစီရင်တော်မူသောသူရှေ့၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ၏။” (ဟေဗြဲ ၄:၁၃) ကျွန်ုပ်တို့သည် ဘုရားသခင်ထံတော်၌ စာရင်းရှင်းရမည်မှန်၏၊ သို့သော် ယေဟောဝါအား ကျွန်ုပ်တို့နက်ရှိုင်းစွာချစ်ခြင်းကြောင့် ကိုယ်တော့်အလိုတော်ဆောင်ပြီး ကိုယ်တော်၏ဖြောင့်မတ်သောစံနှုန်းများကို လိုက်လျှောက်ခြင်းကား အဓိကအကြောင်းရင်းဖြစ်သည်။ သို့ဖြစ်၍ အပန်းဖြေမှုရွေးချယ်ခြင်းအပြင် ဆန့်ကျင်ဘက်လိင်ရှင်နှင့် ပြုမူကျင့်ကြံပုံကိစ္စတို့နှင့်ပတ်သက်၍ ပညာသတိရှိကြပါစို့။
၁၇။ ယေဟောဝါသည် အဘယ်စိတ်ဝင်စားမှုမျိုးဖြင့် ကျွန်ုပ်တို့ကိုသတိပြုနေတော်မူသနည်း။
၁၇ ယေဟောဝါသည် ကျွန်ုပ်တို့ကို လွန်စွာစိတ်ဝင်စားတော်မူ၏၊ သို့သော် ကျွန်ုပ်တို့ကို ကိုယ်တော်အပြစ်ပေးနိုင်ရန် ကျွန်ုပ်တို့အမှားကိုစောင့်ကြည့်နေသည်ဟု ဆိုလိုခြင်းမဟုတ်ချေ။ ယင်းအစား ကိုယ်တော်သည် နာခံမှုရှိသောကလေးများကို ဆုချလိုသည့်ဖခင်တစ်ဦးကဲ့သို့ မေတ္တာပါစွာ စိုးရိမ်တကြီးဖြင့် သတိပြုနေတော်မူသည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို နှစ်သက်တော်မူ၍ “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူ” ကြောင်း သိရှိရခြင်းက အမှန်ပင်စိတ်နှစ်သိမ့်မှုပေးသည်တကား! (ဟေဗြဲ ၁၁:၆) ကျွန်ုပ်တို့သည် ယေဟောဝါအားအပြည့်အဝယုံကြည်၍ “စုံလင်သောနှလုံး . . . နှင့်ဝတ်ပြု” နိုင်ကြပါစေ။—၁ ရာဇဝင်ချုပ် ၂၈:၉။
၁၈။ ယေဟောဝါသည် ကျွန်ုပ်တို့ကို သတိပြု၍ ကျွန်ုပ်တို့၏တည်ကြည်ခြင်းကို သတိမူနေခြင်းကြောင့် သမ္မာကျမ်းစာမှ အဘယ်အာမခံချက်ကို ကျွန်ုပ်တို့ရရှိကြသနည်း။
၁၈ နယပုံပြင် ၁၅:၃၊ [သမ္မာ] က ဤသို့ဆိုသည်– “ထာဝရဘုရား၏မျက်စိတော်သည် ခပ်သိမ်းသောအရပ်၌ရှိ၍ ဆိုးသူ၊ ကောင်းသူတို့ကိုကြည့်ရှုတော်မူ၏။” မှန်ပါသည်၊ ဘုရားသခင်သည် ဆိုးသောသူတို့ကို သတိပြုတော်မူပြီး သူတို့၏အပြုအမူနှင့်အညီ ဆက်ဆံတော်မူ၏။ သို့သော် ကျွန်ုပ်တို့သည် ‘ကောင်းသောသူတို့’ တွင်ပါဝင်မည်ဆိုလျှင် ကျွန်ုပ်တို့၏တည်ကြည်ခြင်းရှိသောလုပ်ဆောင်မှုများကို ယေဟောဝါသတိပြုကြောင်း ယုံကြည်စိတ်ချနိုင်သည်။ ‘ကျွန်ုပ်တို့သည် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်၍ အကျိုးကြီး’ ကြောင်းနှင့် မျက်မြင်မရသောအရှင်သည် ‘ကျွန်ုပ်တို့၏အလုပ်နှင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကို မေ့လျော့’ တော်မူလိမ့်မည်မဟုတ်ကြောင်း သိရှိထားရခြင်းက မည်မျှယုံကြည်ခြင်းခိုင်မာတိုးပွားစေသည်တကား!—၁ ကောရိန္သု ၁၅:၅၈; ဟေဗြဲ ၆:၁၀။
ကျွန်ုပ်တို့ကိုဆန်းစစ်တော်မူရန် ယေဟောဝါအား တောင်းခံခြင်း
၁၉။ ယေဟောဝါ၌ ခိုင်မြဲသောယုံကြည်ခြင်းရှိခြင်း၏ အကျိုးကျေးဇူးအချို့ကား အဘယ်နည်း။
၁၉ ယေဟောဝါ၏တည်ကြည်သော ကျေးကျွန်များအနေဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော့်အတွက်တန်ဖိုးရှိ၏။ (မဿဲ ၁၀:၂၉-၃၁) ကိုယ်တော်အား ကျွန်ုပ်တို့မမြင်နိုင်ကြသော်လည်း ကျွန်ုပ်တို့အတွက် ကိုယ်တော်သည် တကယ့်ပုဂ္ဂိုလ်ဖြစ်နိုင်ပြီး ကိုယ်တော်နှင့်တန်ဖိုးရှိလှသောဆက်ဆံရေးရှိနိုင်ခြင်းကို လေးမြတ်နိုင်ကြသည်။ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်အပေါ် ထိုသို့သောသဘောထားရှိခြင်းက အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေသည်။ ကျွန်ပ်တို့၏ခိုင်မာသောယုံကြည်ခြင်းက ယေဟောဝါရှေ့မှောက်တွင် ဖြူစင်သန့်ရှင်းသောနှလုံးနှင့် ကြည်လင်သောကိုယ်ကိုကိုယ်သိသည့်စိတ်ရှိစေရန် ကူညီပေး၏။ ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းသည် နှစ်ဘဝမစံစေပါ။ (၁ တိမောသေ ၁:၅၊ ၁၈၊ ၁၉) ဘုရားသခင်အားယုံကြည်ခြင်း၌ မယိမ်းယိုင်ခြင်းက ပုံသက်သေကောင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိသူတို့အတွက် အပြုသဘောပါသောအကျိုး သက်ရောက်စေနိုင်သည်။ (၁ တိမောသေ ၄:၁၂) ထိုထက်ကား ထိုသို့သောယုံကြည်ခြင်းသည် ဘုရားသခင်ရေးရာ အမူအကျင့်ကိုတိုးမြှင့်ပေးရာ ယေဟောဝါ၏စိတ်တော်ကို ရွှင်ပြုံးစေသည်။—သု. ၂၇:၁၁။
၂၀၊ ၂၁။ (က) ယေဟောဝါ၏သတိပြုမှုကို ကျွန်ုပ်တို့ခံရရန် အဘယ်ကြောင့်လိုလားသနည်း။ (ခ) ဆာလံ ၁၃၉:၂၃၊ ၂၄ ကို ကျွန်ုပ်တို့မည်သို့လက်တွေ့ကျင့်သုံးနိုင်မည်နည်း။
၂၀ ကျွန်ုပ်တို့သည် အမှန်ပင်ပညာရှိမည်ဆိုလျှင် ကျွန်ုပ်တို့ကို ယေဟောဝါသတိပြုသည့်အတွက် ဝမ်းမြောက်ကြသည်။ ကျွန်ုပ်တို့ကို ကိုယ်တော်မြင်စေရုံမက ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်ပုံနှင့် အပြုအမူကိုပါ စေ့စေ့ဆန်းစစ်ရန် အလိုရှိသည်။ မလျောက်ပတ်သော စိတ်တိမ်းညွှတ်မှုများ ကျွန်ုပ်တို့၌ရှိမရှိခွဲခြမ်းစိတ်ဖြာ ရှာဖွေစစ်ဆေးရန် ယေဟောဝါထံဆုတောင်းခြင်းဖြင့် တောင်းခံသင့်သည်။ ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းပေး၍ လိုအပ်သမျှပြုပြင်ညှိနှိုင်းမှုများကို ပြုလုပ်စေရန် ကိုယ်တော်အမှန်ပင်ကူညီပေးနိုင်၏။ သင့်လျော်စွာဖြင့် ဆာလံဆရာဒါဝိဒ်က ဤသို့သီဆိုခဲ့သည်– “အိုဘုရားသခင် အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်၊ မလိုက်သည်ကိုကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။”—၂၁ ဒါဝိဒ်သည် မိမိ၌ “ဆိုးသောလမ်း” တစ်မျိုးတစ်မည်ရှိမရှိ ရှာဖွေစစ်ဆေးရန် ယေဟောဝါထံဆုတောင်း အသနားခံခဲ့သည်။ ဆာလံဆရာကဲ့သို့ပင် ကျွန်ုပ်တို့တွင် မလျောက်ပတ်သောသဘောထားများရှိ၊ မရှိ ကျွန်ုပ်တို့၏စိတ်နှလုံးကို ရှာဖွေစစ်ဆေးစေလိုသည်မဟုတ်ပေလော။ သို့ဖြစ်လျှင် ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ကို ဆန်းစစ်ကြည့်ရန် ယေဟောဝါအား တောင်းဆိုကြပါစို့။ သို့သော် ကျွန်ုပ်တို့သည် အမှားတစ်ခုခုအတွက် စိုးရိမ်ပူပန်နေမည် သို့မဟုတ် ကျွန်ုပ်တို့တွင် နာကြည်းဖွယ်တစ်စုံတစ်ရာရှိမည်ဆိုလျှင် အသို့နည်း။ သို့ဆိုလျှင် ကျွန်ုပ်တို့၏မေတ္တာရှင် ယေဟောဝါထံ စိတ်ရင်းမှန်ဖြင့် ဆက်လက်ဆုတောင်းကြပြီး သန့်ရှင်းသောဝိညာဉ်တော်၏ညွှန်ကြားမှုနှင့် ကိုယ်တော့်နှုတ်မြွက်စကား၏အကြံဉာဏ်ကို နှိမ့်ချစွာ လက်ခံကြပါစို့။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုထောက်မပြီး ထာဝရအသက်လမ်းပေါ်လိုက်လျှောက်သွားရန် ကျွန်ုပ်တို့ကို ကူညီပေးမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချနိုင်ကြသည်။—ဆာလံ ၄၀:၁၁-၁၃။
၂၂။ မျက်မြင်မရသောအရှင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏စိတ်ပိုင်းဖြတ်ချက်ကား အဘယ်သို့ဖြစ်သင့်သနည်း။
၂၂ မှန်ပါသည်၊ ယေဟောဝါ၏တောင်းဆိုချက်များနှင့်အညီ ကျွန်ုပ်တို့လိုက်လျှောက်မည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့ကို ထာဝရအသက်ကောင်းချီးပေးတော်မူမည်။ “လောကဓာတ်တို့၏ဘုရင်တည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော၊ မျက်မြင်မရအရူပဖြစ်တော်မူထသော၊ တစ်ဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်” ဟုတမန်တော်ပေါလု အသိအမှတ်ပြုရေးသားခဲ့သကဲ့သို့ ကျွန်ုပ်တို့သည် ကိုယ်တော်၏တန်ခိုးတော်နှင့် အခွင့်အာဏာကို အသိအမှတ်ပြုကြရမည်။ (၁ တိမောသေ ၁:၁၇) ယေဟောဝါအား ယင်းသို့သောစိတ်နှလုံးအပြည့် ကြည်ညိုလေးမြတ်ကြောင်းကို ကျွန်ုပ်တို့အမြဲတင်ပြနိုင်ကြပါစေ။ ထို့အပြင် မည်သို့ပင်ဖြစ်စေကာမူ မျက်မြင်မရသောအရှင်အား မြင်ရဘိသကဲ့သို့ ဆက်တည်ကြည်ရန် ကျွန်ုပ်တို့၏စိတ်ဆုံးဖြတ်ချက်သည် ဘယ်သောအခါမျှမယိမ်းယိုင်ပါစေနှင့်။
သင်မည်သို့ဖြေဆိုမည်နည်း
• ဘုရားသခင်အား လူသားတို့တွေ့ မြင်ရန် မည်သို့ဖြစ်နိုင်သနည်း။
• ယေဟောဝါသည် ကျွန်ုပ်တို့အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်မည်ဆိုလျှင် နှိပ်စက်ညှဉ်းပန်းခံရသောအခါ ကျွန်ုပ်တို့မည်သို့ပြုမူကြမည်နည်း။
• ယေဟောဝါအား ကျွန်ုပ်တို့၏ မဟာသွန်သင်ပေးရှင်အဖြစ် တွေ့မြင်ခြင်းကား အဘယ်အရာကိုဆိုလိုသနည်း။
• ကျွန်ုပ်တို့ကို ယေဟောဝါ ဆန်းစစ်စေရန် အဘယ်ကြောင့်လိုလားသင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဖာရောကို မကြောက်ရွံ့ခဲ့သောမောရှေသည် မျက်မြင်မရသောဘုရားသခင် ယေဟောဝါအား တွေ့ မြင်ရဘိသကဲ့သို့ ပြုမူဆောင်ရွက်ခဲ့
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ယေဟောဝါသည် ကျွန်ုပ်တို့ ပြုမူရာကို မမြင်နိုင်သည့်အလား ဘယ်တော့မျှမလုပ်ဆောင်မိကြပါစေနှင့်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ဘုရားသခင်အား ကျွန်ုပ်တို့၏ မဟာသွန်သင်ပေးရှင်အဖြစ် ကျွန်ုပ်တို့တွေ့ မြင်ကြသောကြောင့် ကိုယ်တော့်အသိပညာကို ကျွန်ုပ်တို့စိတ်အားထက်သန်စွာဆည်းပူးကြ