‘ဖြောင့်မတ်သူအတွက် ကောင်းချီးများ’
‘ဖြောင့်မတ်သူအတွက် ကောင်းချီးများ’
“ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး” ဟူ၍ ဆာလံဆရာဒါဝိဒ်က သူ၏ဇရာပိုင်းတွင်ပြောခဲ့သည်။ (ဆာလံ ၃၇:၂၅) ယေဟောဝါဘုရားသခင်သည် ဖြောင့်မတ်သူကို ချစ်ပြီး အလွန်ဂရုစိုက်ကြည့်ရှုတော်မူ၏။ ကိုယ်တော်၏စကားတော် သမ္မာကျမ်းစာတွင် ကိုယ်တော်က ဖြောင့်မတ်ခြင်းကိုရှာကြရန် စစ်မှန်သောဝတ်ပြုသူများကို တိုက်တွန်းသည်။—ဇေဖနိ ၂:၃။
ဖြောင့်မတ်ခြင်းဟူသည် ဘုရားသခင်၏အကောင်းအဆိုးစံနှုန်းများကို လိုက်နာကျင့်သုံးခြင်းမည်၏။ နယပုံပြင်ကျမ်းအခန်းကြီး ၁၀ ခုမြောက်တွင် ဘုရားသခင့်အလိုတော်နှင့်အညီလုပ်ဆောင်ရန် အားပေးပြီး ထိုသို့လုပ်ဆောင်သူများသည် ဝိညာဉ်ရေးကောင်းချီးများ ကြွယ်ဝစွာခံစားရမည်ဟုဖော်ပြသည်။ ယင်းကောင်းချီးများတွင် ဝိညာဉ်ရေးအာဟာရ ဖောဖောသီသီရရှိခြင်း၊ အကျိုးနပ်ပြီးကျေနပ်ဖွယ်အလုပ်ရှိခြင်း၊ ဘုရားသခင်နှင့်လည်းကောင်း၊ လူတို့နှင့်လည်းကောင်း ဆက်ဆံရေးကောင်းရှိခြင်းတို့ပါဝင်သည်။ သို့ဖြစ်သောကြောင့် နယပုံပြင် ၁၀:၁-၁၄ ကိုအလေးအနက်သုံးသပ်ကြည့်ကြစို့။
ထူးမြတ်သောတိုက်တွန်းချက်တစ်ခု
ဤအခန်းကြီး၏အဖွင့်စကားများက နယပုံပြင်ကျမ်း၏နောက်အပိုင်းရေးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း သံသယမဖြစ်စေပါ။ ‘ရှောလမုန်မင်း၏နယပုံပြင်များ’ ဟူ၍ဖတ်ရသည်။ ရှေးဣသရေလဘုရင်ရှောလမုန်သည် ဖြောင့်မတ်သောလမ်းစဉ်ကိုလိုက်လျှောက်ရန် ထူးမြတ်သောတိုက်တွန်းချက်ကို ဤသို့ဖော်ပြသည်– “ပညာရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက်သောသားမူကား အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။”—သု. ၁၀:၁။
စစ်မှန်သောဝတ်ပြုရေးနှင့် အသက်ရှင်တော်မူသောဘုရားသခင်ကို သားသမီးတစ်ဦးက စွန့်ခွာသွားခြင်းကို ကြုံတွေ့ရသောမိဘများအတွက် ဝမ်းနည်းစရာပင်! ပညာရှိရှင်ဘုရင်သည် မိခင်၏ဝမ်းနည်းမှုကိုဖော်ပြရခြင်းမှာ မိခင်သည် ဖြေမဆည်နိုင်အောင်ကြေကွဲတတ်ခြင်းကြောင့် ဖြစ်ပေမည်။ ၎င်းသည် ဒေါရစ္စအတွက် မှန်ကန်ခဲ့၏။ * သူဤသို့ပြောပြ၏– “၂၁ နှစ်အရွယ်သား အမှန်တရားကိုစွန့်သွားတဲ့အခါ ကျွန်မခင်ပွန်းဖရန့်ခ်နဲ့ကျွန်မ ရင်ကျိုးခဲ့ရပါတယ်။ ကျွန်မက ဖရန့်ခ်ထက်ပိုပြီးစိတ်ထိခိုက်ခဲ့တယ်။ ၁၂ နှစ်ကျော်သွားတာတောင် စိတ်ထိခိုက်နေတုန်းပါပဲ။”
သားသမီးများသည် ဖခင်၏ပျော်ရွှင်မှုကို ထိခိုက်စေနိုင်ပြီး မိခင်ကို စိတ်ဆင်းရဲစေနိုင်၏။ ကျွန်ုပ်တို့သည် ဉာဏ်ပညာကိုပြသ၍ မိဘများကိုပျော်ရွှင်စေနိုင်ကြပါစေ။ ထို့ထက်ကား ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ယေဟောဝါ၏စိတ်နှလုံးကို ရွှင်လန်းစေကြစို့။
‘ဖြောင့်မတ်သူ၏စိုးလ်သည် ကျေနပ်ရောင့်ရဲ၏’
“မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား သေခြင်းမှကယ်တင်တတ်၏” ဟုထိုရှင်ဘုရင်ကဆိုသည်။ (သု. ၁၀:၂) ဆုံးခန်းကာလတွင် အသက်ရှင်နေကြရသော ခရစ်ယာန်စစ်များအတွက် အဆိုပါစကားသည် အမှန်ပင်တန်ဖိုးရှိသည်။ (ဒံယေလ ၁၂:၄) ဘုရားတရားမဲ့လောကကို ဖျက်ဆီးမည့်အချိန်သည် နီးကပ်လာလျက်ရှိသည်။ လူတို့ဖန်တီးသည့်လုံခြုံမှုနည်းလမ်း—ပစ္စည်းဥစ္စာ၊ ငွေရေးကြေးရေး သို့မဟုတ် စစ်ရေး—များသည် ရောက်ရှိတော့မည့် “ကြီးစွာသောဆင်းရဲ” ခြင်းအတွင်း ကာကွယ်ပေးနိုင်မည်မဟုတ်ပေ။ (ဗျာဒိတ် ၇:၉၊ ၁၀၊ ၁၃၊ ၁၄) “ဖြောင့်မတ်သောသူတို့” သာလျှင် “ပြည်တော်၌နေ၍ စုံလင်သောသူတို့သည် နေရာကျကြလိမ့်မည်။” (သု. ၂:၂၁) သို့ဖြစ်၍ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို” ရှေးဦးစွာရှာကြပါစို့လေ။—မဿဲ ၆:၃၃။
ယေဟောဝါကျေးကျွန်များသည် ဘုရားသခင်၏ကောင်းချီးများကိုခံစားရရန် ကတိထားရာကမ္ဘာသစ်တိုင်အောင် စောင့်နေစရာမလိုချေ။ “ဖြောင့်မတ်သောသူကိုငတ်၍ သေစေခြင်းငှာ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသောသူတို့၏ [မကောင်းမှု]ကိုကား ဖျက်ဆီးတော်မူ၏။” (သု. ၁၀:၃) ယေဟောဝါသည် ‘သစ္စာနှင့်သတိပညာရှိကျွန်’ မှတစ်ဆင့် ဝိညာဉ်အစာကို ပေါကြွယ်ဝစွာကျွေးမွေးလျက်ရှိသည်။ (မဿဲ ၂၄:၄၅) ဖြောင့်မတ်သူသည် “ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုကြ” ရန်အမှန်ပင်အကြောင်းရှိသည်။ (ဟေရှာယ ၆၅:၁၄) အသိပညာသည် သူ၏စိုးလ်အတွက် နှစ်သက်ဖွယ်ဖြစ်သည်။ သူ၏ပျော်မွေ့ရာမှာ ဝိညာဉ်ရေးဘဏ္ဍာများ ရှာဖွေခြင်းဖြစ်၏။ မတရားသောသူသည် ဤသို့သောနှစ်သက်ဖွယ်ရာများကို မသိရှိပေ။
“လုံ့လဝီရိယရှိသောသူသည် ကြွယ်ဝ” ၏
ဖြောင့်မတ်သူသည် နောက်တစ်နည်းဖြင့် ကောင်းချီးခံစားရ၏။ “ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝီရိယရှိသောသူသည် ကြွယ်ဝခြင်းသို့ရောက်တတ်၏။ အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသားဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ်တတ်သောသူမူကား အရှက်ခွဲတတ်သောသားဖြစ်၏။”—သု. ၁၀:၄၊ ၅။
အထူးသဖြင့် ရှင်ဘုရင်၏စကားသည် ရိတ်သိမ်းချိန်အတွင်း အလုပ်သမားများအတွက် ပို၍အဓိပ္ပာယ်ရှိသည်။ ရိတ်သိမ်းရာသီသည် အိပ်ပျော်နေရမည့်အချိန်မဟုတ်ချေ။ ယင်းအချိန်သည် လုံ့လဝီရိယနှင့် နာရီပေါင်းများစွာလုပ်ဆောင်ရမည့် အချိန်ဖြစ်သည်။ အရေးတကြီးဆောင်ရွက်ရမည့်အချိန်ဖြစ်သည်။
အသီးအနှံများကိုမဟုတ်ဘဲ လူတို့အားရိတ်သိမ်းခြင်းကို စိတ်တွင်စွဲမှတ်ကာ ယေရှုက မိမိ၏တပည့်တော်များကို ဤသို့မိန့်ကြားခဲ့သည်– “စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်ခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင် [ယေဟောဝါဘုရားသခင်] ကိုဆုတောင်းကြလော့။” (မဿဲ ၉:၃၅-၃၈) ၂၀၀၀ ပြည့်နှစ်တွင် ယေရှု၏သေခြင်းအောက်မေ့ရာပွဲတော်ကို ၁၄ သန်း—ယေဟောဝါသက်သေအရေအတွက်၏နှစ်ဆ—ကျော်တက်ရောက်ခဲ့သည်။ သို့ဖြင့် “စပါးရိတ်ခြင်းအလိုငှာ လယ်ပြင်တို့သည် ယခုဝင်းဝင်းရှိသည်ကို” မည်သူငြင်းနိုင်မည်နည်း။ (ယောဟန် ၄:၃၅) စစ်မှန်သောဝတ်ပြုသူများသည် မိမိတို့၏ဆုတောင်းချက်များနှင့်အညီ တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ အကြီးအကျယ်ကြိုးစားနေကြစဉ် အလုပ်သမားများများရရှိရန် သခင်ထံတောင်းဆိုကြသည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယေဟောဝါသည် သူတို့၏ကြိုးစားအားထုတ်မှုများကို အထူးကောင်းချီးပေးခဲ့ပါသည်တကား! ၂၀၀၀ ပြည့်နှစ် လုပ်ငန်းတော်နှစ်အတွင်း လူသစ် ၂၈၀,၀၀၀ ကျော် နှစ်ခြင်းခံခဲ့ကြသည်။ သူတို့သည်လည်း ဘုရားသခင့်စကားတော်သွန်သင်သူများဖြစ်လာရန် ကြိုးစားလျက်ရှိကြသည်။ တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ အပြည့်အဝပါဝင်ခြင်းဖြင့် ဤရိတ်သိမ်းရာသီတွင် ရွှင်လန်းမှုနှင့်ကျေနပ်ရောင့်ရဲမှု ခံစားနိုင်ကြပါစေ။
‘သူ၏ခေါင်းပေါ်မှာ ကောင်းချီးများ သက်ရောက်တတ်၏’
‘ဖြောင့်မတ်သူ၏ခေါင်းပေါ်မှာ ကောင်းချီးသက်ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ကြမ်းကြုတ်ခြင်းဖုံးအုပ်လေ၏’ ဟုရှောလမုန်က ဆက်၍ဆိုသည်။—သု. ၁၀:၆။
ဖြူစင်ဖြောင့်မတ်သောနှလုံးရှိသူသည် မိမိ၏ဖြောင့်မတ်မှုကို အထောက်အထားများစွာဖြင့်ဖော်ပြသည်။ သူသည် သနားညှာတာ၊ တည်ဆောက်မှုဖြစ်စေရာများကို ပြောဆို၍ အပြုသဘောပါပါ၊ စေတနာရှိရှိလုပ်ဆောင်သည်။ အခြားသူများက သူ့ကို တလိုတလားလက်ခံကြသည်။ ဤသို့သောသူသည် ခင်မင်စွာပြောဆိုခြင်းဖြင့် သူတို့၏လေးစားခြင်း—ကောင်းချီးများ—ကိုရရှိသည်။
အခြားတစ်ဖက်တွင်မူ၊ မတရားသောသူသည် ရန်လိုမုန်းတီး သို့မဟုတ် မလိုတမာစိတ်ရှိပြီး သူ၏အရင်းခံရည်ရွယ်ချက်မှာ သူတစ်ပါးကိုထိခိုက်နစ်နာစေရန်ဖြစ်သည်။ ချိုသာစွာပြောဆိုပြီး သူ့နှလုံးတွင် “ကြမ်းကြုတ်ခြင်းဖုံးအုပ်” ထားနိုင်မည်ဖြစ်သော်လည်း နောက်ဆုံး၌ သူသည် အပြောနှင့် အလုပ်ဖြင့် ထိုးစစ်ဆင်လေတော့သည်။ (မဿဲ ၁၂:၃၄၊ ၃၅) သို့မဟုတ် တစ်ဖက်ကကြည့်လျှင် “ကြမ်းကြုတ်မှုက မတရားသောသူ၏နှုတ်ကို ဖုံးအုပ် [သို့မဟုတ် ပိတ်] လိမ့်မည်။” (သု. ၁၀:၆၊ အောက်ခြေမှတ်ချက်) မတရားသောသူသည် မိမိတင်ပြလေ့ရှိသော ရန်လိုမှုကို သူတစ်ပါးထံမှခံရတတ်ကြောင်း ယင်းကဖော်ပြ၏။ သူ့နှုတ်နှင့် သူ့ကိုရေငုံနှုတ်ပိတ်စေသကဲ့သို့ ဖုံးအုပ် သို့မဟုတ် နှုတ်ပိတ်သွားမည်။ ဤသူသည် သူတစ်ပါးထံမှ အဘယ်ကောင်းချီးများ မျှော်လင့်နိုင်မည်နည်း။
သု. ၁၀:၇) ဖြောင့်မတ်သူကို အခြားသူများသည် နှစ်ခြိုက်စွာသတိရကြ၏၊ အရေးကြီးဆုံးကား ယေဟောဝါဘုရားသခင် သတိရခြင်းဖြစ်၏။ ယေရှုသည် သေသည့်တိုင်သစ္စာရှိခဲ့သောကြောင့် ကောင်းကင်တမန်တို့ရသောဘွဲ့နာမထက် “ထူးမြတ်သောဘွဲ့နာမတော်ကိုခံရသည်။” (ဟေဗြဲ ၁:၃၊ ၄) ယနေ့ ခရစ်ယာန်စစ်များသည် ခရစ်ယာန်ခေတ်မတိုင်မီက သစ္စာရှိအမျိုးသား၊ အမျိုးသမီးများကို တုပထိုက်သောပုံနမူနာရှင်များအဖြစ် သတိရကြသည်။ (ဟေဗြဲ ၁၂:၁၊ ၂) စက်ဆုပ်ဖွယ်၊ နာကြည်းဖွယ်ဖြစ်လာသော မတရားသောသူ၏အမည်နှင့် တကယ့်ကိုကွာခြားလိုက်လေခြင်း! မှန်သည်၊ “ကောင်းသောအသရေကို များစွာသောဥစ္စာထက် သာ၍ရွေးစရာကောင်း၏။ သူတစ်ပါးစုံမက်ခြင်းကျေးဇူးသည် ရွှေငွေထက်သာ၍ကောင်း၏။” (သု. ၂၂:၁) ကျွန်ုပ်တို့သည် ယေဟောဝါနှင့် လူသားချင်းရှေ့တွင် နာမည်ကောင်းရရှိနိုင်ကြပါစေ။
‘ဖြောင့်မတ်သူကို အောက်မေ့သောအခါ ကောင်းချီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏’ ဟုဣသရေလရှင်ဘုရင် ရေးသားခဲ့သည်။ (‘ဖြောင့်မတ်သူသည် အနင်းမှန်လိမ့်မည်’
လိမ္မာသောသူနှင့် လူမိုက်ကို နှိုင်းယှဉ်ကာ ရှောလမုန်က ဤသို့ဆိုသည်– “လိမ္မာသောသူသည် ပညာတရားကိုခံတတ်၏။ စကားများသောလူမိုက်မူကား ဆုံးရှုံးတတ်၏။” (သု. ၁၀:၈) “သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်သည်ကို” လိမ္မာသောသူကောင်းစွာသိသည်။ (ယေရမိ ၁၀:၂၃) သူသည် ယေဟောဝါထံမှလမ်းညွှန်ချက်ကိုရှာဖို့နှင့် ဘုရားသခင့်ပညတ်တော်များကိုလက်ခံရန်အသင့်ရှိဖို့ လိုအပ်သည်ကို အသိအမှတ်ပြုသည်။ အခြားတစ်ဖက်တွင် စကားများသောလူမိုက်မှာမူ ဤအခြေခံအချက်ကို နားလည်သဘောပေါက်ခြင်းမရှိချေ။ သူ၏မိုက်မဲစွာပြောသောစကားသည် သူ့ကိုပျက်စီးခြင်းသို့ရောက်စေသည်။
ဖြောင့်မတ်သူသည် မတရားသောသူရှာမတွေ့သော လုံခြုံမှုမျိုးရှိသည်။ “ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သောသူမူကား သဘောထင်ရှားလိမ့်မည်။ မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ်၏။ စကားများသောလူမိုက်မူကား ဆုံးရှုံးတတ်၏။”—သု. ၁၀:၉၊ ၁၀။
ဖြောင့်မတ်သူသည် သူ၏ပေါင်းသင်းဆက်ဆံမှုတွင် ရိုးသား၏။ သူတစ်ပါး၏လေးစားမှုနှင့် ယုံကြည်စိတ်ချမှုကိုရရှိသည်။ ရိုးသားသူတစ်ဦးသည် တန်ဖိုးထားခံရသောလုပ်သားဖြစ်ရာ သာ၍ကြီးမားသောတာဝန်ပေးအပ်ခံရတတ်သည်။ သူ၏ရိုးသားမှုကြောင့် အလုပ်ရှားပါးလျှင်ပင် အလုပ်ရရှိနိုင်သည်။ ထို့ပြင် သူ၏ရိုးသားမှုသည် အိမ်၌ ပျော်ရွှင်ငြိမ်သက်သောဝန်းကျင်ကို ဖြစ်ပေါ်စေသည်။ (ဆာလံ ၃၄:၁၃၊ ၁၄) သူ၏အိမ်သားများနှင့်ဆက်ဆံမှုတွင် လုံခြုံမှုခံစားရသည်။ လုံခြုံမှုသည် ဖြောင့်မတ်ခြင်းအသီးတစ်သီး အမှန်ပင်ဖြစ်၏။
ကိုယ်ကျိုးရှာသော မရိုးသားသူ၏အခြေအနေမှာမူ ၎င်းနှင့်မတူပေ။ လှည့်ဖြားသူသည် ကောက်လိမ်သောစကား သို့မဟုတ် ကိုယ်အမူအရာဖြင့် မိမိ၏လိမ်ညာမှုကိုဖုံးကွယ်ရန် ကြိုးစားပေမည်။ (သု. ၆:၁၂-၁၄) မလိုတမာစိတ် သို့မဟုတ် လှည့်ဖြားလိုစိတ်ဖြင့် မျက်စိမှိတ်ပြခြင်းသည် လှည့်စားခံရသူအဖို့ အကြီးအကျယ်စိတ်ဆင်းရဲမှုဖြစ်စေနိုင်သည်။ သို့သော် ဤသူ၏ကောက်လိမ်သောသဘောသည် အနှေးနှင့်အမြန် ပေါ်သွား၏။ “အချို့သောသူတို့၏ဒုစရိုက်သည် ရှေ့မဆွကထင်ရှား၍ အပြစ်စီရင်ခြင်းသို့အရင်အဦးသွားတတ်၏။ အချို့သောသူတို့၏ဒုစရိုက်သည် နောက်သို့လိုက်တတ်၏။ ထိုနည်းတူ အချို့သောသူတို့၏သုစရိုက် [ကောင်းသောအကျင့်]သည် ထင်ရှားနှင့်တတ်၏။ မထင်ရှားသေးသောသုစရိုက် [ကောင်းသောအကျင့်]ကိုလည်း ဝှက်၍မထားနိုင်” ဟူ၍ တမန်တော်ပေါလုရေးသားခဲ့သည်။ (၁ တိမောသေ ၅:၂၄၊ ၂၅) မိဘဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ အိမ်ထောင်ဘက်ဖြစ်စေ သို့မဟုတ် အသိဖြစ်စေ မည်သူမဆို မရိုးသားပါက နောက်ဆုံး၌ ဘူးပေါ်သလိုပေါ်လာသည်။ မရိုးသားဟုနာမည်ရထားသူကို မည်သူယုံကြည်စိတ်ချနိုင်မည်နည်း။
“သူ၏နှုတ်သည် အသက်ရေတွင်းဖြစ်၏”
“ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေတွင်းဖြစ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲခြင်းအပြစ်သည် ပိတ်လိမ့်မည်” ဟုရှောလမုန်ဆိုသည်။ (သု. ၁၀:၁၁) နှုတ်ထွက်စကားသည် ကုစားနိုင်သည် သို့မဟုတ် နာကျင်စေနိုင်သည်။ ယင်းတို့သည် လူတစ်ဦးကို ပြန်လည်လန်းဆန်းတက်ကြွစေနိုင်သည်၊ သို့မဟုတ် စိတ်ပျက်အားလျော့စေနိုင်သည်။
သု. ၁၀:၁၂) မုန်းတီးမှုသည် လူ့ဘောင်အဖွဲ့အစည်းတွင် ပြိုင်ဆိုင်မှုများဖြစ်ပေါ်စေရန်၊ ငြင်းခုံမှုများဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးသည်။ ယေဟောဝါကိုချစ်မြတ်နိုးသူများသည် မိမိတို့၏အသက်တာမှ မုန်းတီးမှုကို အမြစ်ပါမကျန်နုတ်ပစ်ရမည်။ မည်သို့အားဖြင့်နည်း။ မေတ္တာအစားထိုးခြင်းအားဖြင့်ဖြစ်သည်။ “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။” (၁ ပေတရု ၄:၈) “ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်” သောမေတ္တာသည် “ခပ်သိမ်းသောအရာကို သည်းခံတတ်၏။” (၁ ကောရိန္သု ၁၃:၇; နိုင်ငံတော်စာကြောင်းကြားညှပ်ကျမ်း) ဘုရားသခင်ရေးရာချစ်ခြင်းမေတ္တာသည် မစုံလင်သူများထံမှ စုံလင်မှုကိုမမျှော်လင့်ချေ။ သူတစ်ပါး၏အမှားများကို လူသိအောင်လုပ်မည့်အစား ဤသို့သောမေတ္တာသည် ကြီးလေးသောအပြစ်မဟုတ်လျှင် သူတို့၏အမှားများကို ဗွေမယူဖို့ ထောက်ကူပေးသည်။ ချစ်ခြင်းမေတ္တာသည် လယ်ကွင်းဓမ္မအမှု၌ဖြစ်စေ၊ အလုပ်ခွင်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ နှိပ်စက်ညှဉ်းပန်းမှုကိုပင် ခံရပ်နိုင်စေသည်။
ပြောဆိုသည့်စကား၏နောက်ကွယ်မှ လှုံ့ဆော်ချက်ကိုဖော်ပြကာ ဣသရေလရှင်ဘုရင်က ဤသို့မိန့်ဆိုသည်– “မုန်းသောစိတ်သည် ရန်တွေ့ရာသို့တိုက်တွန်းတတ်၏။ ချစ်သောစိတ်မူကား ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။” (ပညာရှိရှင်ဘုရင်က ဤသို့ဆက်ဆိုသည်– “ဉာဏ်ကောင်းသောသူသည် ပညာစကားကိုပြောတတ်၏။ ဉာဏ်မဲ့သောသူ၏ကျောအဖို့မူကား ကြိမ်လုံးရှိ၏။” (သု. ၁၀:၁၃) ဉာဏ်ကောင်းသောသူသည် သူ၏ခြေလှမ်းများကို စီရင်ပြုပြင်သည်။ သူ၏တည်ဆောက်စရာစကားများက အခြားသူများကို ဖြောင့်မတ်သောလမ်းစဉ်၌လျှောက်လှမ်းရန် ကူညီပေးသည်။ သူ သို့မဟုတ် သူ့စကားကိုနားထောင်သူများသည် အတင်းအကျပ်—ကြိမ်လုံးနှင့်ဆုံးမခံရခြင်းဖြင့်—လမ်းမှန်ပေါ်ရောက်လာကြရသည်မဟုတ်ချေ။
‘အသိပညာကို သိမ်းထားတတ်၏’
ကျွန်ုပ်တို့၏စကားများသည် မရေမရာတို့ကိုဖော်ပြသော မပြတ်ညည်းသံပြုသည့်ချောင်းငယ်နှင့်တူမည့်အစား ‘ပညာရေစီးနေသောမြစ်’ နှင့် အဘယ်အရာက တူစေမည်နည်း။ (သု. ၁၈:၄) ရှောလမုန်က ဤသို့ဖြေဆိုသည်– ‘ပညာရှိသောသူတို့သည် အသိပညာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား အကျိုးနည်းခြင်းနှင့်နီးစပ်၏။’—သု. ၁၀:၁၄။
ဦးစွာလိုအပ်ရာမှာ ကျွန်ုပ်တို့၏စိတ်တွင် တည်ဆောက်မှုဖြစ်စေသည့် ဘုရားသခင့်အသိပညာနှင့် ပြည့်လျှံနေသင့်သည်။ အဆိုပါအသိပညာ၏ရင်းမြစ်တစ်ခုတည်းသာရှိ၏။ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည်အကြောင်း [ဆုံးမ]ခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏” ဟူ၍ တမန်တော်ပေါလုရေးသားခဲ့သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ကျွန်ုပ်တို့သည် အသိပညာကိုသိမ်းဆည်းကာ ဝှက်ထားသောဘဏ္ဍာကိုရှာဖွေသကဲ့သို့ ဘုရားသခင့်စကားတော်ကို ရှာဖွေဆန်းစစ်ရမည်ဖြစ်သည်။ ၎င်းကိုရှာဖွေခြင်းသည် တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလေစွ!
ကျွန်ုပ်တို့နှလုံးထဲတွင် ကျမ်းစာအသိပညာရှိမှသာ ပညာစကားကို ကျွန်ုပ်တို့ပြောဆိုနိုင်မည်ဖြစ်သည်။ ယေရှုက မိမိစကားနားထောင်သူများအား ဤသို့မိန့်မြွက်ခဲ့သည်– “ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကိုထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကိုထုတ်ဖော်တတ်၏။ အကြောင်းမူကား စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။” (လုကာ ၆:၄၅) ထို့ကြောင့် ကျွန်ုပ်တို့တတ်သိလာရာများကို အမြဲတွေးတောဆင်ခြင်ရမည်။ မှန်ပါသည်၊ လေ့လာမှု၊ တွေးတောဆင်ခြင်မှုပြုရန် ကြိုးစားအားထုတ်ဖို့လိုသော်လည်း ဤသို့သောလေ့လာမှုသည် ဝိညာဉ်ရေးအရ တကယ်ကိုကြွယ်ဝချမ်းသာစေပါသည်တကား! မဆင်မခြင်အရမ်းကာရောပြောဆိုခြင်း၏ ယိုယွင်းသည့်လမ်းစဉ်ကို မည်သူမျှလိုက်လျှောက်ဖို့အကြောင်းမရှိချေ။
မှန်၏၊ ပညာရှိသူသည် ဘုရားသခင်ရှေ့မှောက်တွင် မှန်ကန်ရာကိုပြုလုပ်ပြီး အခြားသူများအပေါ် ကောင်းစွာသြဇာလွှမ်းမိုးသည်။ သူသည် ဝိညာဉ်အစာ ပေါများစွာစားသုံးရလျက်၊ အရှင်သခင်၏အလွန်အကျိုးဖြစ်ထွန်းသောလုပ်ငန်းတော်တွင် အလုပ်များလျက်ရှိသည်။ (၁ ကောရိန္သု ၁၅:၅၈) သူသည် တည်ကြည်မှုရှိသူဖြစ်ရာ လုံခြုံစိတ်ချရသောလမ်းပေါ် လျှောက်လှမ်းပြီး ဘုရားသခင်၏မျက်နှာသာရ၏။ မှန်ပါသည်၊ ဖြောင့်မတ်သူ၏ကောင်းချီး များစွာရှိသည်။ ဘုရားသခင်၏အကောင်းအဆိုးစံနှုန်းများနှင့်အညီ အသက်ရှင်နေထိုင်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ရှာဖွေနိုင်ကြပါစေ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 6 အမည်ပြောင်းထားသည်။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ရိုးသားမှုက ပျော်ရွှင်ဖွယ်မိသားစုဘဝကိုဖြစ်ပေါ်စေ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
‘ပညာရှိသောသူတို့သည် အသိပညာကို သိမ်းဆည်းထား၏’