သင်၏တိုးတက်မှုအတွက် အခက်အခဲများကို ကျော်လွှား!
သင်၏တိုးတက်မှုအတွက် အခက်အခဲများကို ကျော်လွှား!
သင်၏ကားသည် ဂီယာဝင်နေသည်၊ စက်နိုးနေသည်၊ သို့သော် ရှေ့ကိုရွှေ့မသွားချေ။ စက်ချို့ယွင်းနေသလော။ မချို့ယွင်းပါ၊ ကျောက်တုံးကြီးတစ်တုံး ဘီးရှေ့တွင်ခံနေသည်။ ကားရွေ့ရှားနိုင်ရန် ယင်းကျောက်တုံးကို ထုတ်ပစ်ဖို့သာလိုသည်။
အလားတူပင် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေကြသူအချို့သည် သူတို့၏ဝိညာဉ်ရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သည့် အခက်အခဲများရှိကြသည်။ ဥပမာ၊ “လော[က]အမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏လှည့်စားခြင်းသည်” အမှန် “တရားစကားကို လွှမ်းမိုးညှဉ်းဆဲ” ပြီးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သည်ဟု ယေရှုသတိပေးခဲ့၏။—မဿဲ ၁၃:၂၂။
အခြားသူများအတွက် အမြစ်စွဲနေပြီဖြစ်သောအကျင့်များ သို့မဟုတ် အားနည်းချက်များသည် သူတို့၏တိုးတက်မှုကို ဟန့်တားလျက်ရှိသည်။ ဂျပန်အမျိုးသားယူးတာကာသည် ကျမ်းစာသတင်းတရားကို ကြိုက်နှစ်သက်သော်လည်း သူ့အခက်အခဲမှာ လောင်းကစားတတ်ခြင်းဖြစ်သည်။ ဤအကျင့်ဆိုးကို သူကြိုးစားနှိပ်ကွပ်သော်လည်း မအောင်မြင်ခဲ့ချေ။ လောင်းကစားသည့် သူ့အကျင့်ကြောင့် ငွေကြေးမြောက်မြားစွာကုန်ခန်း၊ အိမ်သုံးလုံးနှင့် သူ့မိသားစု၏လေးစားမှုဆုံးရှုံး၊ သူ၏ဂုဏ်သိက္ခာ ထိပါးခဲ့ရသည်။ ဤခလုတ်တံသင်းကို သူဖယ်ရှားပြီး ခရစ်ယာန်တစ်ဦးဖြစ်လာနိုင်ပါသလော။
ကေကိုဆိုသူ အမျိုးသမီးတစ်ဦးကိုလည်း သုံးသပ်ကြည့်ပါ။ သူသည် ကျမ်းစာအကူအညီဖြင့် ရုပ်ပုံကိုးကွယ်ခြင်း၊ အကျင့်ယိုယွင်းခြင်းနှင့် ဗေဒင်ဟောခြင်းအစရှိသည့် အကျင့်ဆိုးများကို ဖျောက်ဖျက်ခဲ့
သည်။ သို့တိုင် ကေကိုက “ကျွန်မအတွက် အကြီးမားဆုံးအခက်အခဲကတော့ ဆေးလိပ်သောက်တာပဲ။ ဆေးလိပ်ဖြတ်ဖို့ ခဏခဏကြိုးစားပေမဲ့ မဖြတ်နိုင်ခဲ့ဘူး” ဟုဝန်ခံခဲ့သည်။ထိုနည်းတူ သင်၏တိုးတက်မှုတွင် ဖယ်ရှား၍မရသော အမြစ်စွဲနေပုံရသည့် အခက်အခဲတစ်ခုရှိနေပေမည်။ မည်သည့်အခက်အခဲပင်ရှိပါစေ ဘုရားသခင်၏အကူအညီဖြင့် အောင်မြင်ကျော်လွှားနိုင်မည်ကို စိတ်ချပါ။
ယေရှု၏တပည့်တော်များသည် ဝက်ရူးပြန်သူမှ နတ်ဆိုးမနှင်ထုတ်ပေးနိုင်သောကြောင့် သူတို့ကို ကိုယ်တော်ဆုံးမခဲ့သည့်စကားကို ပြန်အမှတ်ရပါ။ သူတို့မနှင်ထုတ်ပေးနိုင်ရာကို ယေရှုနှင်ထုတ်လိုက်ပြီးနောက် တပည့်တော်များကို ဤသို့မိန့်ခဲ့သည်– “သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုတောင်ကို နေရာမှရွေ့လော့ဆိုကြသော် နေရာမှရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင် သင်တို့မတတ်နိုင်သောအမှုမရှိ။” (မဿဲ ၁၇:၁၄-၂၀; မာကု ၉:၁၇-၂၉) မှန်ပါသည်၊ ကျွန်ုပ်တို့အတွက် တောင်ကြီးတမျှ ကြီးမားသောအခက်အခဲတစ်ခုသည် တန်ခိုးအရှိဆုံးဖန်ဆင်းရှင်အတွက် သေးငယ်ပြီး ဘာမျှမဟုတ်ချေ။—ကမ္ဘာဦး ၁၈:၁၄; မာကု ၁၀:၂၇။
တိုးတက်မှုကိုဟန့်တားသည့်အရာများအား ခွဲခြားသိမြင်ခြင်း
သင်၏အခက်အခဲများကို မကျော်လွှားနိုင်မီ အဆိုပါအခက်အခဲများ၏အမျိုးအစားကို ခွဲခြားသတ်မှတ်ရမည်။ သင်မည်သို့ပြုလုပ်နိုင်မည်နည်း။ တစ်ခါတစ်ရံ အကြီးအကဲ သို့မဟုတ် သင်နှင့်ကျမ်းစာလေ့လာနေသူ အသင်းသားတစ်ဦးသည် သင့်အား တစ်စုံတစ်ရာကို အာရုံစိုက်စေပါလိမ့်မည်။ ဤမေတ္တာပါဆုံးမစကားကို မခံချိမခံသာဖြစ်မည့်အစား နှိမ့်ချစွာဖြင့် ‘နားထောင်၍ ပညာရှိ’ ကြောင်းတင်ပြသင့်သည်။ (သု. ၈:၃၃) အခြားအချိန်များ၌ ကျမ်းစာလေ့လာဖတ်ရှုစဉ် သင်၏အားနည်းချက်များကို သတိပြုမိလာပေမည်။ မှန်၏၊ ဘုရားသခင့်စကားတော်သည် ‘အသက်ရှင်ပြီး တန်ခိုးနှင့်ပြုပြင်’ တတ်သည်။ (ဟေဗြဲ ၄:၁၂) သမ္မာကျမ်းစာနှင့် ကျမ်းစာအခြေပြုစာပေများကို ဖတ်ရှုခြင်းဖြင့် သင်၏အတွင်းအကျဆုံး အတွေးအခေါ်များ၊ ခံစားချက်များနှင့် စေ့ဆော်မှုများကို လှစ်ဟဖော်ပြနိုင်၏။ ၎င်းသည် ယေဟောဝါ၏မြင့်မားသောစံနှုန်းများနှင့်အညီ သင့်ကိုသင်ချင့်ချိန်ကြည့်ရန် ထောက်ကူပေးသည်။ ထို့ပြင် သင်၏ဝိညာဉ်ရေးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေသည့်အရာများကိုခွဲခြားဖော်ပြ၏။—ယာကုပ် ၁:၂၃-၂၅။
ဥပမာ၊ ကျမ်းစာသင်သားတစ်ဦးသည် အကျင့်ယိုယွင်းသောအတွေးအခေါ်များကို တနုံ့နုံ့တွေးတတ်သည့်အကျင့်ရှိသည်ဆိုပါစို့။ သူသည် အမှားတစ်ခုခုပြုလုပ်နေသည်မဟုတ်သောကြောင့် ထိုသို့တွေးနေခြင်းသည် မမှားပါဟု သူဆင်ခြေပေးပေမည်။ ကျမ်းစာလေ့လာနေစဉ် ယာကုပ် ၁:၁၄၊ ၁၅ ပါ “မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ [မကောင်းမှု]ကိုဖွားတတ်၏။ [မကောင်းမှု]သည်လည်း ပြည့်စုံလျှင် သေခြင်းကိုဖွားတတ်၏” ဟူသောစကားကို အမှတ်မထင်တွေ့ရှိလိုက်ပေမည်။ ဤလမ်းစဉ်အတိုင်းဆက်လျှောက်နေလျှင် သူ၏တိုးတက်မှုကို ထိခိုက်စေမည်ဟု ယခု သူသိရှိလာမည်။ သူသည် ဤအဟန့်အတားကို မည်သို့ပယ်ဖျက်နိုင်မည်နည်း။—မာကု ၇:၂၁-၂၃။
အခက်အခဲများကို ကျော်လွှားအောင်မြင်ခြင်း
ရင့်ကျက်သောခရစ်ယာန်တစ်ဦး၏အကူအညီဖြင့် သင်သားသည် ကင်းမျှော်စင်စာအုပ်စာပေအညွှန်း * ကိုအသုံးပြု၍ သမ္မာကျမ်းစာကို ထပ်ဆင့်ရှာဖွေလေ့လာမှု ပြုလုပ်ပေမည်။ ပမာဆိုရသော် “အတွေးအခေါ်” ခေါင်းစဉ်က အန္တရာယ်ဖြစ်စေသောအတွေးများ ကျော်လွှားအောင်မြင်ခြင်းနှင့်ဆိုင်သည့် ဆောင်းပါးများကို စာရှုသူအား ညွှန်ပြပေးသည်။ ယင်းဆောင်းပါးများသည် ဖိလိပ္ပိ ၄:၈ ပါ “သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ . . . ကောင်းသောသတင်းတစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကိုလည်းကောင်း နှလုံးသွင်းကြလော့” အစရှိသည့် အကျိုးပြုသောကျမ်းချက်များကို ဖော်ပြသည်။ မှန်သည်၊ အကျင့်ယိုယွင်းသောအတွေးအခေါ်များကို သန့်ရှင်းစင်ကြယ်ပြီး တည်ဆောက်မှုပေးသော အတွေးအခေါ်များနှင့် အစားထိုးရမည်!
ရှာဖွေလေ့လာနေစဉ် သင်သား၏အခက်အခဲကို မကြီးမားလာစေရန် ထောက်ကူပေးမည့် အခြားကျမ်းစာမူများကိုလည်း အမှန်ပင်တွေ့ရှိလာပေမည်။ ဥပမာ၊ နယပုံပြင် ၆:၂၇ နှင့် မဿဲ ၅:၂၈ တို့က လိင်ကိုနှိုးဆွသည့်အရာ စိတ်ထဲသိုမှီးထားခြင်းကိုကာကွယ်ရန် သတိပေး၏။ “[အချည်းနှီး]ကိုပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ” ဟုဆာလံဆရာဆုတောင်းခဲ့သည်။ (ဆာလံ ၁၁၉:၃၇) ကျမ်းချက်များကို ဖတ်ရုံသက်သက်ဖြင့် မလုံလောက်သည်မှာအမှန်ပင်။ “ဖြောင့်မတ်သောသူသည် . . . စိတ်နှလုံးထဲမှာဆင်ခြင်တတ်၏” ဟုပညာရှိဆို၏။ (သု. ၁၅:၂၈) ယေဟောဝါ မည်သို့ပညတ်သည်ကို တွေးတောရုံသာမက ထိုသို့ပညတ်ရသည့်အကြောင်းရင်းကိုပါ ဆင်ခြင်သုံးသပ်ခြင်းဖြင့်လည်း သင်သားသည် ပညာပါ၍ အကျိုးသင့်အကြောင်းသင့်ဖြစ်သော ဘုရားသခင်၏နည်းလမ်းတော်များကို လေးလေးနက်နက်သဘောပေါက်လာနိုင်မည်ဖြစ်သည်။
နောက်ဆုံးအနေနှင့် မိမိတိုးတက်မှု၏အတားအဆီးကို အနိုင်ယူဆာလံ ၁၀၃:၁၄) ဘုရားသခင့်အကူအညီရဖို့အတွက် မပြတ်ဆုတောင်းခြင်း၊ အကျင့်ယိုယွင်းသောအတွေးအခေါ်များကို မတွေးမိစေရန် ကြိုးစားအားထုတ်ခြင်းဖြင့် နောက်ဆုံး၌ နှစ်လိုဖွယ်အကျိုးရလဒ်ဖြစ်သော ကြည်လင်သန့်ရှင်းသည့် ကိုယ်ကိုကိုယ်သိသောစိတ်ကို ရရှိလိမ့်မည်။—ဟေဗြဲ ၉:၁၄။
ကျော်လွှားရန် ကြိုးစားနေသူသည် ယေဟောဝါ၏အကူအညီတောင်းဆိုဖို့ အသင့်ရှိရမည်။ အမှန်မှာ ကျွန်ုပ်တို့သည် မစုံလင်၊ မြေမှုန့်မျှဖြစ်ကြောင်းကို ဘုရားသခင်ကောင်းစွာသိတော်မူသည်။ (လက်မလျှော့လိုက်ပါနှင့်
မည်သည့်အခက်အခဲနှင့်ပင် သင်လုံးပန်းနေရပါစေ တစ်ခါတစ်ရံ အကျင့်ဆိုးကိုပြန်ပြုလုပ်မိတတ်ကြောင်း သဘောပေါက်ပါ။ ထိုသို့ဖြစ်သောအခါ စိတ်အလိုမကျဘဲ စိတ်ပျက်လက်ပျက်ဖြစ်မည်မှာ ဓမ္မတာပင်။ သို့သော် ဂလာတိ ၆:၉ ပါ “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည်” ဟူသောစကားကို အမှတ်ရပါ။ ဘုရားသခင်၏သစ္စာရှိကျေးကျွန်များဖြစ်သည့် ဒါဝိဒ်နှင့်ပေတရုတို့ပင် အရှက်တကွဲဖြစ်ရသည့် အမှားအချို့ကိုပြုခဲ့ကြသည်။ သို့သော် သူတို့လက်မလျှော့ခဲ့ကြချေ။ ဆုံးမစကားကို သူတို့နှိမ့်ချစွာလက်ခံပြီး လိုအပ်သလိုပြုပြင်ပြောင်းလဲကာ ဘုရားသခင်၏ထူးခြားသောကျေးကျွန်များဖြစ်ကြောင်း ဆက်လက်၍သက်သေထူခဲ့ကြ၏။ (သု. ၂၄:၁၆) ဒါဝိဒ်သည် အမှားများပြုလုပ်ခဲ့သော်ငြား ယေဟောဝါက သူ့ကို “စိတ်နှလုံး၌ညီညွတ်သည်ဖြစ်၍ ငါ့အလိုကိုပြည့်စုံစေမည့်သူ” ဟုခေါ်ခဲ့သည်။ (တမန်တော် ၁၃:၂၂) ပေတရုသည်လည်း သူ၏အမှားများကို မေ့ပျောက်ပစ်ကာ ခရစ်ယာန်အသင်းတော်တွင် အားထားရသူတစ်ဦး ဖြစ်လာပါသည်။
ယနေ့ လူအများသည်လည်း အခက်အခဲအတားအဆီးများကို ထပ်တူပင် နိုင်နင်းကျော်လွှားနိုင်ခဲ့ကြပြီ။ အစပိုင်း၌ဖော်ပြထားသော ယူးတာကာသည် ကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။ သူဤသို့ပြောပြ၏– “တိုးတက်ဖို့ ကျွန်တော်ကြိုးစားလှမ်းတဲ့ခြေလှမ်းတိုင်းကို ယေဟောဝါထောက်မပေးပြီး ကောင်းချီးပေးလို့ ကျွန်တော့်ရဲ့လောင်းကစားအကျင့်ကို ဖြတ်နိုင်ခဲ့ပြီ။ ယုံကြည်ခြင်းရှိမယ်ဆိုရင် ‘တောင်တွေ’ ကိုရွေ့စေနိုင်တယ်ဆိုတဲ့ ယေရှုရဲ့စကား တကယ်မှန်မှန်းသိရလို့ ကျွန်တော်အတော်လေး စိတ်ရွှင်လန်းခဲ့ရတယ်။” အချိန်တန်သော် ယူးတာကာသည် အသင်းတော်တွင် ဓမ္မအမှုထမ်းတစ်ဦးဖြစ်လာသည်။
ဆေးလိပ်စွဲနေသော ကေကိုနှင့်ပတ်သက်၍ကော။ သူနှင့်ကျမ်းစာလေ့လာနေသည့် ညီအစ်မက ဆေးလိပ်စွဲခြင်းအကြောင်းနှင့်ဆိုင်သည့် နိုးလော့! ဆောင်းပါးများကိုဖတ်ရန် အကြံပေးခဲ့သည်။ ကေကိုသည် ယေဟောဝါ၏မျက်မှောက်တော်တွင် စင်ကြယ်စွာနေထိုင်နိုင်ရန် သူ့အတွက်နေ့စဉ်သတိပေးချက်အဖြစ် သူ၏ကားတွင် ၂ ကောရိန္သု ၇:၁ ပါစကားများကိုရေး၍ အထင်အရှားဖော်ပြထားသည်။ သို့တိုင် သူသည် ဆေးလိပ်မဖြတ်နိုင်ခဲ့ပေ။ ထိုအခါ ကေကိုက “ကိုယ့်ကိုယ်ကို အတော်စိတ်ပျက်ခဲ့တယ်။ ဒါနဲ့ ငါဘာလိုချင်သလဲ၊ ယေဟောဝါရဲ့အစေကိုခံချင်တာလား ဒါမှမဟုတ် စာတန်ရဲ့အစေကိုခံချင်တာလားလို့ ကိုယ့်ကိုယ်ကိုမေးခဲ့တယ်” ဟူ၍ပြောပြသည်။ သူသည် ယေဟောဝါ၏အစေကိုခံမည်ဟု ဆုံးဖြတ်ချက်ချပြီးသောအခါ အကူအညီရဖို့အတွက် ဇွဲရှိရှိဆုတောင်းခဲ့သည်။ “ကျွန်မ ဝေဒနာဒီလောက်မခံစားရဘဲ ဆေးလိပ်ဖြတ်နိုင်ခဲ့တာကို အံ့ဩမိတယ်။ စောစောကတည်းက ဒီလိုမလုပ်မိခဲ့တာကို ကျွန်မဝမ်းနည်းတယ်” ဟုကေကိုဆက်ပြောပြသည်။
အသင်သည်လည်း သင်၏တိုးတက်မှုကိုတားဆီးသော အခက်အခဲများကို အနိုင်ယူကျော်လွှားနိုင်ပါသည်။ သင်၏အတွေးအခေါ်၊ လိုအင်ဆန္ဒ၊ အပြောအဆိုနှင့် အပြုအမူတို့ကို ကျမ်းစာစံနှုန်းများနှင့်အညီ ပို၍လုပ်ဆောင်လာလေလေ၊ ကိုယ့်ကိုယ်ကိုလေးစားမှုနှင့် ယုံကြည်စိတ်ချမှု ပို၍တိုးပွားလာလေလေ ဖြစ်လိမ့်မည်။ သင်၏ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများသာမက မိသားစုကပါ သင်နှင့်ပေါင်းသင်းရသည့်အတွက် သူတို့ အားသစ်လောင်းပြီး အားတက်လာကြပါမည်။ အရေးတကာ့အရေးကြီးဆုံးကား ယေဟောဝါဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ပိုပြီးကောင်းလာစေပါလိမ့်မည်။ စာတန်၏ချုပ်ကိုင်မှုအောက်က အလွတ်ရုန်းထွက်ချိန်တွင် ‘ကိုယ်တော့်လူတို့၏လမ်းခရီး၌ အဆီးအတားရှိစေ’ မည်မဟုတ်ဟု ကိုယ်တော်ကတိပြုခဲ့သည်။ (ဟေရှာယ ၅၇:၁၄) ထို့ပြင် သင်သည် သင်၏ဝိညာဉ်ရေးတိုးတက်မှုကိုဟန့်တားစေသော အခက်အခဲများကို ဖယ်ရှား၍ အနိုင်ယူကျော်လွှားရန် ကြိုးစားအားထုတ်လျှင် ယေဟောဝါသည် သင့်အပေါ် ကြွယ်ဝစွာကောင်းချီးသွန်းလောင်းမည်ဟု စိတ်ချနိုင်၏။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 12 ယေဟောဝါသက်သေများက ဘာသာစကားများစွာဖြင့် ထုတ်ဝေထားသည်။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
တောင်ကြီးပမာ အခက်အခဲများကို ယုံကြည်ခြင်းဖြင့် ကျော်လွှားနိုင်လိမ့်မည်ဟု ယေရှုကတိပြုခဲ့
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ကျမ်းစာဖတ်ရှုခြင်းသည် ဝိညာဉ်ရေးအားနည်းချက်များကို ကျော်လွှားနိုင်ရန် ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုကိုခိုင်ခံ့စေ