စာတန် ရှိသလော
စာတန် ရှိသလော
“ယနေ့ လျော့နည်းလာလျက်ရှိသည့် လူအနည်းငယ်အတွက် ‘ဘုရားသခင်’ အမှန်တကယ်တည်ရှိသည့်နည်းတူ ခရစ်ယာန်ချာ့ခ်ျ၏သမိုင်းတွင် ဗေလဇေဗုလ သို့မဟုတ် စာတန်၊ နတ်ဆိုးမင်း အမှန်တကယ်တည်ရှိ၏ဟု တစ်ချိန်တစ်ခါက ယုံကြည်ခဲ့ကြသည်; ဂျူးတို့နှင့် အစောပိုင်းခရစ်ယာန်တို့၏ဝန်းကျင်ရှိ ဆိုးညစ်မှုကိုအကောင်အထည်ဖော်ရန် သူတို့လုပ်ကြံဖန်တီးခဲ့ကြသည့် လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းသတ္တဝါဖြစ်သည်။ နောက်ပိုင်းတွင် ခရစ်ယာန်များက ယင်းသည် အမှန်တကယ်ခြေမြစ်မှုမရှိသော ဒဏ္ဍာရီအဖြစ် အသိအမှတ်ပြုလာကြကာ ၎င်းကို မသိမသာပထုတ်လိုက်ကြသည်။” —လူဒိုဗစ် ကနေဒီရေးသားသည့်—“စိတ်ကူးတွင်သာ—ဘုရားသခင်အား နှုတ်ဆက်ခဲ့ခြင်း” စာအုပ်။
စာရေးဆရာနှင့် အသံလွှင့်သူ လူဒိုဗစ် ကနေဒီပြောသည့်အတိုင်း စာတန်အမှန်တည်ရှိမှုကို ခရစ်ယာန်ဘောင်ရှိ မည်သူတစ်ဦးကမျှ ရာစုနှစ်ချီ၍ သံသယမဝင်ခဲ့ချေ။ ယင်းအစား ပါမောက္ခ နော်မန်ကော်န်းဆိုသကဲ့သို့ ခရစ်ယာန်များသည် ရံဖန်ရံခါ “စာတန်နှင့် သူ့နတ်ဆိုးများ၏သြဇာကို စိတ်စွဲလမ်းခဲ့ကြ၏။” (ဥရောပ၏နတ်ဆိုးစိတ်) ဤစိတ်စွဲလမ်းမှုသည် ပညာမတတ်သော တောသူတောင်သားများ၌သာ ရှိသည်မဟုတ်။ ဥပမာပေးရလျှင် ဆိုးညစ်၍ ညစ်ညမ်းသောထုံးတမ်းစဉ်လာများကိုပြုမူရာတွင် တိရစ္ဆာန်တစ်ကောင်ပုံစံဖြင့် ကိုယ်ယောင်ပြောင်းကာ စာတန်ဦးစီးသည် ဟူသောယုံကြည်ချက်မှာ “မိရိုးဖလာကိုဆက်ခံသူ စာပေမတတ်သည့်လူအများစုသာမဟုတ်၊ အထက်တန်းလွှာပညာတတ်တို့၏ လောကအမြင်နှင့်လည်းသက်ဆိုင်သည်။” ဥရောပတွင် ချာ့ခ်ျနှင့် ပြည်တွင်းအာဏာပိုင်များက စုန်းများဖြစ်သည်ဟုစွပ်စွဲကာ ၅၀,၀၀၀ ခန့်ကို နှိပ်စက်ကလူပြု၍ အသေသတ်ခဲ့သော ၁၅ ရာစုမှ ၁၇ ရာစုတစ်လျှောက်အတွင်း အရှိန်အဟုန်ပြင်းစွာ စုန်းကဝေနှင်ထုတ်ခဲ့ချိန်တွင် ပညာတတ်ခရစ်ယာန်ဘုန်းကြီးများအပါအဝင် ဤ “အထက်တန်းလွှာပညာတတ်တို့” သည် တာဝန်မကင်းခဲ့ကြချေ။
ယင်းကြောင့် လူအများက စာတန်နှင့်ပတ်သက်၍ စိတ်လှုပ်ရှားဖွယ် အယူသီးသောစိတ်ကူးစိတ်သန်းများအဖြစ် ငြင်းပယ်ခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ ၁၇၂၆ ခုနှစ်၌ပင် ဒဲန်နီရယ်လ် ဒီဖိုဆိုသူက စာတန်သည် “လင်းနို့တောင်ပံများ၊ ချိုများ၊ နှစ်မြွှာကွဲနေသောခြေဖဝါး၊ အမြီးရှည်၊ ခွပုံရှိလျှာ အစရှိသည့် ထူးခြားသောဂုဏ်ရည်ရှိ” ကြောက်စရာ ဧရာမသတ္တဝါကြီးဖြစ်၏ဟု လူတို့ယူဆကြခြင်းကို လှောင်ပြောင်ခဲ့၏။ ထိုသို့သောယူဆချက်များမှာ “စာတန်ကိုတီထွင်၍ အသိပညာကင်းမဲ့သော လူ့လောကကို လှည့်စား” ကြသည့် “စာတန်ဖြစ်ပေါ်စေသူနှင့် စာတန်ဖန်တီးသူတို့” ၏ “အသိဉာဏ်မဲ့သည့် မရေရာသော စိတ်ကူးစိတ်သန်းများ” ဖြစ်သည်။
ဤသို့သင်ယူဆသလော။ “စာတန်ဟူသည် လူတို့က မိမိတို့၏အပြစ်ကို ပုံချရန် လူ့ဖန်တီးမှုမျှ” ဖြစ်၏ဟု သင်သဘောတူသလော။ ထိုဖော်ပြချက်သည် ဇော်န်ဒဗယ်န်သမ္မာကျမ်းစာရုပ်ပြစွယ်စုံကျမ်းတွင်ပါရှိပြီး ခရစ်ယာန်အမည်ခံသူများစွာက ထိုသို့ပင်ယူမှတ်ကြသည်။ ဂျက်ဖရီ ဘာတင် ရပ်စဲလ်က ခရစ်ယာန်ဘောင်၏ဘာသာဗေဒပညာရှင်များသည် များသောအားဖြင့် “စာတန်နှင့် နတ်ဆိုးများကို ရှေးခေတ်မှကျန်ကြွင်းသည့်အယူသီးမှုအဖြစ် ပယ်ရှားခဲ့ကြပြီ” ဟုဆိုသည်။ သို့တိုင် အချို့သူတို့အတွက်မူ စာတန် အမှန်တကယ်တည်ရှိ၏။ လူ့သမိုင်းတစ်လျှောက် ဆိုးညစ်မှုများ
ထပ်တလဲလဲပေါ်လာခြင်း နောက်ဝယ်တွင် လူထက်အင်အားကြီးမား၍ ဆိုးသွမ်းသောစွမ်းအားတန်ခိုး တစ်စုံတစ်ရာရှိရမည်ဟု သူတို့ကျိုးကြောင်ဆင်ခြင်ကြ၏။ “စာတန်ရှိသည်ဟူသောယုံကြည်ချက် သိသိသာသာကျဆင်းသွားပြီးနောက်မှ လျင်မြန်စွာ ပြန်ပေါ်လာရခြင်း” အကြောင်းရင်းတစ်ရပ်ကား “နှစ်ဆယ်ရာစုတွင် ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာများ ဖြစ်ခဲ့ခြင်း” ကြောင့်ဖြစ်သည်ဟုရပ်စဲလ်ကဆိုသည်။ စာရေးဆရာ ဒေါန် လူဝစ္စအရ “ရိုးအသောဘိုးဘေးများ” ၏ အယူသီးမှုများနှင့် စိုးရိမ်ပူပန်မှုများကို “အထင်မကြီး သရော်ပြုံးပြုံးခဲ့” ကြသူ ခေတ်ပညာတတ်အတော်များများသည် “တစ်ခါပြန်၍ သဘာဝထက်လွန်သော ဆိုးညစ်မှုကို စိတ်ဝင်စားလာကြပြီ။”—ခေတ်ကာလများတစ်လျှောက် ဘာသာရေးအယူသီးမှု။သို့ဆိုလျှင် ထိုကိစ္စနှင့်ပတ်သက်၍ အမှန်တရားကား အဘယ်နည်း။ စာတန်ဟူသည် အဓိပ္ပာယ်မရှိသော အယူသီးမှုမျှသာလော။ သို့မဟုတ် ဤ ၂၁ ရာစု၌ပင် အလေးအနက်ထားရမည့် ပုဂ္ဂိုလ်တစ်ဦးလော။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဂွတ်စ်တာဗ် ဒိုရီ ထွင်းထုသည့်ဤပုံတွင် ဖော်ပြထားသကဲ့သို့ ရှေးခေတ်အယူသီးမှုများက စာတန်ကို လူတစ်ပိုင်း၊ တိရစ္ဆာန်တစ်ပိုင်းအဖြစ် သရုပ်ဖော်ထား
[Credit Line]
The Judecca—Lucifer/The Doré Illustrations For Dante’s Divine Comedy/Dover Publications Inc.