“ပြင်သစ်နိုင်ငံ တွင် အဘယ်အရာ အစပျိုးနေသနည်း”
“ပြင်သစ်နိုင်ငံ တွင် အဘယ်အရာ အစပျိုးနေသနည်း”
“လွတ်လပ်မှု၊ ချစ်အပ်သောလွတ်လပ်မှု” ဟူသည် ပြင်သစ် အမျိုးသားသီချင်း “လာ မာရ်ဆဲယက်ဇ်” မှစာသားများဖြစ်သည်။ လွတ်လပ်မှုသည် အဖိုးမဖြတ်နိုင်သောအရာဖြစ်သည်မှာ သေချာသည်။ သို့တိုင် မကြာသေးမီက ပြင်သစ်နိုင်ငံ၏အဖြစ် အပျက်များကြောင့် အခြေခံလွတ်လပ်မှုများ လုံးပါးပါးနေသည်ဟု စိုးရိမ်နေကြသည်။ ယင်းကြောင့် ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာ ၃ ရက် သောကြာနေ့၌ “ပြင်သစ်နိုင်ငံတွင် အဘယ်အရာအစပျိုးနေသနည်း၊ လွတ်လပ်မှု ပျောက်သွားနိုင်သလော” ဟူသည့် အထူးဝေစာ စုစုပေါင်း ၁၂ သန်းကို ထောင်နှင့်ချီသော ယေဟောဝါသက်သေများက ဖြန့်ချိ ခဲ့ကြ၏။
ပြင်သစ်နိုင်ငံရှိ ယေဟောဝါသက်သေများသည် နိုင်ငံရေးသမားနှင့် ဂိုဏ်းဂဏဆန့်ကျင်ရေးအုပ်စုအသီးသီး၏ တိုက်ခိုက်မှုကို ယခု နှစ်ချီခံခဲ့ကြရပြီ။ ယင်းကြောင့် သက်သေခံများသည် တစ်ဦးချင်းလိုက်သော်လည်းကောင်း၊ အသင်းတော်လိုက်သော်လည်းကောင်း၊ နိုင်ငံလိုက်သော်လည်းကောင်း အခက်အခဲများကြုံတွေ့ခဲ့ကြရ၏။ သို့သော် ၂၀၀၀ ပြည့်နှစ် ဇွန် ၂၃ ရက်တွင် ပြင်သစ်နိုင်ငံ၏ စီမံအုပ်ချုပ်ရေးတရားရုံးချုပ် ကောင်စီ ဒေတာက အမှုပေါင်း ၁,၁၀၀ ကျော်တွင် အောက်တရားရုံး ၃၁ ရုံး၏ ရေပန်းစားနေသောထင်မြင်ချက်ကိုအတည်ပြုသည့် အရေးပါသောစီရင်ချက်တစ်ခုကိုချခဲ့သည်။ ယေဟောဝါသက်သေများ၏ဝတ်ပြုရေးသည် ပြင်သစ်ဥပဒေနှင့် လုံးဝကိုက်ညီပြီး သူတို့၏ဘုရားသခင့်နိုင်ငံတော်ခန်းမများကို အခြားဘာသာတရားများနည်းတူ အခွန်ကင်းလွတ်ခွင့်ပေးထိုက်သည်ဟု အထက်တရားရုံးက အတည်ပြုပြဋ္ဌာန်းခဲ့၏။
သို့သော် ဤဆုံးဖြတ်ချက်ကို လုံးလုံးလျစ်လျူရှုကာ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဘာသာရေးအဖွဲ့အစည်းများနှင့်ပတ်သက်၍ ဥပဒေကပြဋ္ဌာန်းထားသော အခွန်ကင်းလွတ်ခွင့်ကို ယေဟောဝါသက်သေများအားမပေးဘဲ ဆက်၍ငြင်းပယ်လျက်ရှိသည်။ ၎င်းဝန်ကြီးဌာနသည် ပြင်သစ်နိုင်ငံရှိ ဒေသခံအသင်းတော် ၁,၅၀၀ နှင့်ပူးပေါင်းလျက်ရှိသည့် သက်သေခံများနှင့် မိတ်ဆွေများ ထည့်ဝင်သောအလှူငွေအပေါ် ၆၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့သည်။ ဤကိစ္စကို ယခု အမှုဆိုင်နေရ၏။
အထက်ဖော်ပြပါကင်ပိန်း၏ ရည်ရွယ်ချက်မှာ အဆိုပါရှေ့နောက်မညီသောဖြစ်ရပ်ကို ဖော်ထုတ်၍ ဤသို့သောထင်ရာ *
စိုင်းအခွန်စည်းကြပ်မှုနှင့် အဆိုတင်သွင်းထားသောဥပဒေများက လူတိုင်း၏ ဘာသာရေးလွတ်လပ်မှုလုံးပါးပါးသွားနိုင်သည့် အန္တရာယ်များကို ပေါ်လွင်စေရန်ဖြစ်သည်။ရှည်လျားသောရက်တစ်ရက်
အသင်းတော်အချို့မှ သက်သေခံများသည် နံနက်နှစ်နာရီ၌ ဘူတာရုံများ၊ စက်ရုံများ၊ ထို့နောက် လေဆိပ်များ၏ပြင်ပတွင် အဆိုပါဝေစာဖြန့်ဝေခြင်းကိုစတင်ခဲ့ကြသည်။ ခြောက်နာရီတွင် ပါရီမြို့သည် အသက်ဝင်လှုပ်ရှားလာသည်။ စေတနာ့ဝန်ထမ်း ၆,၀၀၀ ခန့်ကို အလုပ်သွားသူများနှင့်တွေ့ဆုံရန် လမ်းဆုံလမ်းခွများတွင် နေရာချထားပေး၏။ အမျိုးသမီးငယ်တစ်ဦးက ဤသို့ပြောသည်– “ဘာသာရေးလွတ်လပ်မှုအတွက် ရှင်တို့လုပ်ဆောင်နေတာ ကောင်းတယ်။ ယေဟောဝါသက်သေတွေနဲ့ပဲ ပတ်သက်တာမဟုတ်ဘူး။” မာဆေးမြို့တွင် သက်သေခံ ၃၅၀ ကျော်သည် မြေအောက်ဘူတာရုံများနှင့် လမ်းပေါ်တို့တွင် ဝေစာများဖြန့်ဝေကြ၏။ တစ်နာရီအတွင်းပင် အမျိုးသားရေဒီယိုက ယေဟောဝါသက်သေများ သင်တို့ထံချဉ်းကပ်လာလျှင် မအံ့သြကြနှင့်ဟု နားဆင်နေသူများအား ထိုကင်ပိန်းအကြောင်း ကြေညာခဲ့သည်။ ဥရောပလူ့အခွင့်အရေးတရားရုံးချုပ်ရှိသော စထရာ့စ်ဘာ့ဂ်မြို့တွင် ဘူတာကြီးမှခရီးသည်များသည် ဝေစာကိုရရှိရန် စိတ်ရှည်စွာတန်းစီစောင့်ယူကြသည်။ ရှေ့နေတစ်ဦးကမူ ကျွန်ုပ်တို့၏ယုံကြည်ချက်များကို မခံယူသော်လည်း ကျွန်ုပ်တို့၏ကြိုးပမ်းမှုသည် အရေးကြီးပြီး လုပ်သင့်လုပ်ထိုက်ရာဖြစ်သောကြောင့် ဤအမှုကို စိတ်ဝင်တစားလေ့လာနေကြောင်း ပြောပြသည်။
ရှစ်နာရီတွင် မိုးသည်းထန်စွာရွာနေသည့်ကြားမှ ဂရင်နိုးဘယ်လ် အယ်လပတောင်တန်းမြို့မှ သက်သေခံ ၅၀၇ ဦးတို့သည် လမ်းအနှံ့သွား၍ဝေစာများကိုဝေပြီး၊ စာထည့်ပုံးများတွင် ထည့်ကြသည်။ ကားသမားများနှင့် ဓာတ်ရထားသမားများက တစ်ခုခုဖြစ်နေသည်ကိုမြင်၍ သူတို့၏ယာဉ်များကိုရပ်ကာ ဝေစာကိုတောင်းယူကြသည်။ အနောက်ပိုင်းပဝိုင်းတယားမြို့သို့ ကိုးနာရီတွင် ရထားဖြင့်ရောက်ရှိလာကြသော ခရီးသည်များသည် သူတို့ထွက်ခွာလာသည့်နေရာတွင် ဝေစာကိုရရှိနှင့်ပြီးဖြစ်သည်။ ဂျာမန်နယ်စပ်အနီးရှိ မြူးလ်ဟောက်စ်မြို့တွင် ဝေစာ ၄၀,၀၀၀ ဖြန့်ဝေခဲ့ပြီးပြီ။
ဆယ်နာရီတိုင်လေသော် အသင်းတော်များစွာသည် ၎င်းတို့၏ဝေစာတစ်ဝက်ကျော်ကို ဝေငှခဲ့ပြီဖြစ်သည်။ နံနက်လင်းလာသည်နှင့်အမျှ ၎င်းဝေစာကို လူအနည်းငယ်သာ လက်မခံသော်လည်း စိတ်ဝင်စားသူအတော်များများနှင့် စကားစမြည်ပြောဆိုခွင့် ရရှိခဲ့ကြသည်။ ဆွီစ္စနယ်စပ်မှမိုင် ၅၀ ကျော်သာဝေးသော ဘီဆန်ကောန်မှ လူငယ်တစ်ဦးသည် သမ္မာကျမ်းစာကိုစိတ်ဝင်စားခဲ့ပြီး ဆင်းရဲခြင်းကိုဘုရားသခင်ခွင့်ပြုထားရခြင်းအကြောင်း မေးမြန်းသည်။ သက်သေခံဖြစ်သူက အနီးအနားရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ဆက်ဆွေးနွေးကြရန် ဖိတ်ခေါ်လိုက်ရာ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း ဘရိုရှာနှင့် ကျမ်းစာသင်အံမှု ချက်ချင်းစတင်လိုက်၏။
မွန်းတည့်ချိန်တွင် သက်သေခံများစွာတို့သည် တစ်နာရီ၊ နှစ်နာရီခန့်ဟောပြောရန် နေ့လယ်စာစားချိန်ကိုအသုံးပြုကြသည်။ မွန်းလွဲပိုင်းတစ်လျှောက်လုံး ဝေစာကို ဆက်၍ဖြန့်ဝေခဲ့ကြရာ အသင်းတော်များစွာသည် ထိုနေ့ရက် မွန်းလွဲပိုင်း သုံးနာရီ၊ လေးနာရီအချိန်၌သာ ရပ်နားခဲ့ကြ၏။ ရှန်ပိန်းမြို့တော်ရီမ်းစ်တွင် ယခင်က ယေဟောဝါသက်သေများနှင့် သင်အံမှုပြုလုပ်ခဲ့သူ သို့မဟုတ် ပေါင်းသင်းခဲ့သူအချို့သည် အသင်းတော်နှင့် တစ်ဖန်ပြန်ပေါင်းသင်းလိုကြောင်း ပြောဆိုလာကြသည်။ ဘော့ရ်ဒိုမြို့တွင် အိမ်တွင်းကျမ်းစာသင်အံမှုသုံးခု စတင်ကျင်းပနိုင်ခဲ့၏။ ထိုမြို့၌ပင် သက်သေခံတစ်ဦးသည် သတင်းစာဝယ်ရန် ဆိုင်တစ်ဆိုင်ထဲဝင်သွားသောအခါ ကောင်တာပေါ်တွင် အဆိုပါဝေစာတစ်ပုံကို တွေ့လိုက်ရသည်။ ယခင်က သက်သေခံတစ်ဦးဖြစ်ခဲ့ဖူးသူ ဆိုင်ရှင်သည် ထိုဝေစာကိုရရှိပြီး ၎င်း၏အရေးပါမှုကို သဘောပေါက်နားလည်ကာ သူကိုယ်တိုင်ဖြန့်ဝေရန် မိတ္တူကူးခဲ့ခြင်းဖြစ်သည်။
နောမဲန်ဒီအရပ်ဒေသ၊ လာ ဟာဗာရ်မြို့ရှိ ပရိုတက်စတင့်အမျိုးသမီးတစ်ဦးသည် ယေဟောဝါသက်သေများ၏အလှူငွေကို အခွန်စည်းကြပ်ကြောင်း ရေဒီယိုမှကြားလိုက်ရသောအခါ မှင်တက်သွားမိသည်။ သူသည် ဝေစာကိုလှိုက်လှိုက်လှဲလှဲလက်ခံပြီး ဤသို့
သောမတရားမှုကို သတ္တိရှိရှိကန့်ကွက်ပြောဆိုသည့်အတွက် သက်သေခံများကို ချီးကျူးလေသည်။ ညနေ ၇:၂၀ တွင် လိုင်ယွန်မြို့ရှိ ဒေသတီဗွီသတင်းက ထိုဖြန့်ချိမှုအကြောင်း ဤသို့ကြေညာသည်– “ဒီနေ့မနက် ယေဟောဝါသက်သေတွေရဲ့ ဝေစာတွေကို ရှောင်ရတာထက် မိုးစက်တွေကိုရှောင်ရတာက ပိုလွယ်သေးတယ်။” သက်သေခံနှစ်ဦးကို လူတွေ့မေးမြန်းရာ ကင်ပိန်းအကြောင်းများကို ရှင်းပြကြသည်။ဝမ်းစာရှာအလုပ်ပြီးနောက် အဆိုပါဖြန့်ဝေခြင်းလုပ်ငန်းတွင်ပါဝင်လိုကြသူ သက်သေခံများသည် အလုပ်ပြန်သူတို့ကို ဝေစာအချို့ဝေငှကြပြီး အခြားသူများအတွက် စာထည့်ပုံများတွင်လည်း ဝေစာများထည့်ပေးကြသည်။ ကြွေထည်လုပ်ငန်းဖြင့်ကျော်ကြားသော ဘရက်စ်နှင့်လီမိုဇ် အစရှိသောမြို့များတွင်ည ၁၁:၀၀ နာရီ၌ ရုပ်ရှင်မှပြန်လာကြသူများသည် ထိုတစ်နေ့တာတွင် ဝေစာရရှိသူတို့အနက် နောက်ဆုံးသူများဖြစ်ကြသည်။ ကျန်ရှိသေးသောဝေစာများကိုမူ စုသိမ်းကာ နောက်နေ့နံနက်တွင် ဝေငှခဲ့ကြ၏။
ရလဒ်များ
“ကျွန်တော်တို့ကို စိတ်ဓာတ်ပျော့ညံ့တယ်လို့ ရန်လုပ်သူတွေကယူဆကြတယ်။ တကယ်တော့ တခြားစီပါပဲ” ဟုသက်သေခံတစ်ဦးက စာရေးခဲ့သည်။ အသင်းတော်အများစုမှ သက်သေခံ ၇၅ ရာခိုင်နှုန်းကျော်သည် ထိုနေ့ရက်တွင် အဆိုပါလှုပ်ရှားမှု၌ပါဝင်ခဲ့ကြရာ အချို့ဆိုလျှင် ၁၀၊ ၁၂ နာရီမက ၁၄ နာရီအထိ ပါဝင်ခဲ့ကြသည်။ ပြင်သစ်နိုင်ငံ၏မြောက်ဘက် အဲမ်မြို့မှ သက်သေခံတစ်ဦးသည် ညဆိုင်းအလုပ်ဆင်းပြီးနောက် နံနက်ငါးနာရီမှ မွန်းလွဲသုံးနာရီအထိ ဝေစာများဖြန့်ဝေခဲ့၏။ ၁၉၀၆ ခုနှစ်ကတည်းက အသင်းတော်ရှိခဲ့သော ၎င်းမြို့၏အနီးအနားရှိ ဒါနီန်မြို့မှ သက်သေခံ ၇၅ ဦးတို့သည် သောကြာနေ့တွင် ဝေစာများဝေငှခြင်းလုပ်ငန်း၌ နာရီပေါင်း ၂၀၀ ပါဝင်ခဲ့ကြသည်။ အခြားသူတို့မှာမူ အသက်ကြီးရင့်ပြီး မမာမကျန်းဖြစ်၍ ရာသီဥတုဆိုးရွားသည့်ကြားမှ ထိုလုပ်ငန်းတွင်ပါဝင်ရန် သန္နိဋ္ဌာန်ချခဲ့ကြသည်။ ဥပမာ၊ လာ မာန်စ်မြို့မှ အသက် ၈၀ ကျော်ရှိသူသုံးဦးသည် နှစ်နာရီကြာ စာထည့်ပုံးများတွင် ဝေစာများလိုက်ထည့်ခဲ့ကြပြီး ဘီးတပ်ကုလားထိုင်အသုံးပြုရသည့် သက်သေခံတစ်ဦးသည် ဘူတာရုံရှေ့တွင် ဝေစာများဖြန့်ဝေခဲ့သည်။ ယခင်က မလှုပ်မရှားဖြစ်ခဲ့ကြသော သက်သေခံများစွာလည်း ဤအထူးလုပ်ငန်းတော်တွင် ပါဝင်လာကြသည်ကို တွေ့မြင်ရခြင်းသည် တကယ်ကိုအားရှိစရာပင်!
ဤဖြန့်ချိခြင်းလုပ်ငန်းကြောင့် အကြီးအကျယ်သက်သေခံချက်ဖြစ်ခဲ့သည်မှာ သေချာပါသည်။ အိမ်များတွင်မတွေ့ရှိခဲ့ရသော ဘဝအတန်းအစားအမျိုးမျိုးမှ လူများစွာတို့သည် အဆိုပါဝေစာကိုရရှိခဲ့ကြ၏။ ဤသို့ပြုလုပ်ခဲ့ခြင်းသည် သက်သေခံများ၏အကျိုးစီးပွားကို ကာကွယ်ခြင်းထက် သာ၍အကျိုးထိရောက်သည်ဟု လူအများက ယုံကြည်ကြသည်။ ယင်းသည် ပြင်သစ်နိုင်ငံသားအားလုံး၏ ကိုယ်ကိုကိုယ်သိသောစိတ်နှင့် ဝတ်ပြုရေးလွတ်လပ်ခွင့်ကို ခုခံကာကွယ်မှုဖြစ်သည်ဟု အများကရှုမြင်ခဲ့ကြ၏။ လူများစွာတို့သည် သူတို့မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များ သို့မဟုတ် ဆွေမျိုးများအတွက် ဝေစာများ ထပ်၍တောင်းဆိုခဲ့ခြင်းက ယင်းကိုထင်ရှားစေသည်။
မှန်ပါ၏၊ ပြင်သစ်နိုင်ငံမှယေဟောဝါသက်သေများသည် ယေဟောဝါ၏နာမတော်ကိုထင်ရှားစေပြီး ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ပေးခွင့်ရခြင်းကို ဂုဏ်ယူကြသည်။ (၁ ပေတရု ၃:၁၅) သူတို့သည် “ဘုရား[သခင်]ဝတ်၌မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်း အမျိုးမျိုးကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာနေ” နိုင်ပြီး ထပ်၍ထောင်သောင်းချီလူတို့သည် သူတို့၏ကောင်းကင်ခမည်းတော်ယေဟောဝါအား မိမိတို့နှင့်အတူ ပါဝင်ချီးမွမ်းလာကြလိမ့်မည်ကို စိတ်ရင်းခံဖြင့်မျှော်လင့်ကြသည်။—၁ တိမောသေ ၂:၁၊ ၂။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 ဘာသာရေးခွဲခြားဆက်ဆံခြင်းကို ကန့်ကွက်ရန် အလားတူကင်ပိန်းတစ်ခုကို ၁၉၉၉၊ ဇန်နဝါရီလတွင် ဆောင်ရွက်ခဲ့သည်။ ၁၉၉၉၊ ဩဂုတ် ၁ ရက် ကင်းမျှော်စင် စာမျက်နှာ ၉ နှင့် ယေဟောဝါသက်သေများ၏ ၂၀၀၀ နှစ်ချုပ်စာအုပ် စာမျက်နှာ ၂၄-၆ တို့ကိုရှု။