တစ်စုံတစ်ရာက လူတို့ကို အမှန်ပင်စည်းလုံးစေနိုင်မည်လော
တစ်စုံတစ်ရာက လူတို့ကို အမှန်ပင်စည်းလုံးစေနိုင်မည်လော
သင်၏ယုံကြည်ချက်များ မည်သို့ပင်ရှိပါစေ ဘာသာတရားအားလုံးနီးပါး၌ အမှန်တရားမြတ်နိုးကြသူများရှိရမည်ကို သင်သဘောတူပေမည်။ အမှန်တရားကို တကယ်တန်ဖိုးထားပြီး ယင်းကို တလိုတလားရှာဖွေလိုသူများသည် ဟိန္ဒူ၊ ကက်သလစ်၊ ဂျူးနှင့် အခြားဘာသာများတွင်ရှိကြ၏။ သို့တိုင် ဘာသာတရားသည် လူတို့ကို စိတ်ဝမ်းကွဲပြားစေပုံရသည်။ အချို့ဆိုလျှင် ဘာသာတရားကို ခုတုံးလုပ်၍ မကောင်းမှုပြုကြသည်။ ဘာသာတရားအားလုံးထဲမှ ဖြောင့်မတ်ခြင်းနှင့်အမှန်တရားကို မြတ်နိုးကြသော စိတ်ရင်းမှန်သူများအား စည်းလုံးစေနိုင်မည်လော။ သူတို့အားလုံးကို ရည်ရွယ်ချက်တစ်ခုတည်းအတွက် စုစည်းနိုင်မည်လော။
ဘာသာတရားကြောင့် ပိုမိုစိတ်ဝမ်းကွဲပြားလာသည်ကို တွေ့မြင်ရခြင်းမှာ အမှန်စိတ်ချောက်ချားစရာပင်! အဆိုပါစိတ်သဘောကွဲလွဲမှုအချို့ကို သုံးသပ်ကြည့်ပါ။ သီရိလင်္ကာနိုင်ငံ၌ . . . ဘာသာဝင်များနှင့် . . . ဘာသာဝင်များ တိုက်ပွဲဖြစ်နေကြသည်။ ပရိုတက်စတင့်၊ ကက်သလစ်နှင့် ဂျူးတို့သည် တိုက်ပွဲများစွာတွင် သွေးထွက်သံယိုဖြစ်စေခဲ့ပြီ။ “ခရစ်ယာန်များ” သည်ဘော့စနီးယား၊ ချေချင်းညှာ၊ အင်ဒိုနီးရှား၊ ကိုဆိုဗိုတို့တွင် မွတ်စလင်များနှင့် တိုက်ပွဲဖြစ်နေ၏။ ထို့ပြင် ၂၀၀၀၊ မတ်လတွင် ဘာသာရေးနှင့်ဆက်နွှယ်သည့် နှစ်ရက်ကြာပဋိပက္ခကြောင့် နိုင်ဂျီးရီးယားလူမျိုး ၃၀၀ သေဆုံးခဲ့ရသည်။ မှန်ပါသည်၊ ဘာသာရေးမုန်းတီးမှုသည် အဆိုပါရက်စက်သောပဋိပက္ခများကို ဖြစ်ပွားစေခဲ့သည်။
ဘာသာရေးအမည်ခံပြီး ပြုကျင့်သောမကောင်းမှုများက စိတ်ရင်းမှန်သူများကို မကြာခဏစိတ်ချောက်ချားစေခဲ့ပြီ။ ဥပမာ၊ ကလေးများကို လိင်ဆိုင်ရာမတရားပြုကျင့်ခဲ့သော ခရစ်ယာန်ဓမ္မဆရာများအား အချို့သောချာ့ခ်ျများက ဆက်ခွင့်ပြုထားသောကြောင့် ချာ့ခ်ျတက်သူများစွာသည် အလွန်အံ့သြကြသည်။ လိင်တူဆက်ဆံခြင်းနှင့် ကိုယ်ဝန်ဖျက်ချခြင်း စသောကိစ္စရပ်များကို ခရစ်ယာန်အမည်ခံ ဂိုဏ်းဂဏများစွာအတွင်း စိတ်ဝမ်းကွဲပြားနေကြသည့်အတွက် အခြားယုံကြည်သူများက အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်ကြ၏။ ဘာသာတရားသည် လူတို့ကို စည်းလုံးမှုမရှိစေခဲ့သည်မှာ ထင်ရှားပါသည်။ သို့တိုင် ဘာသာတရားများစွာတွင် အမှန်တရားကို အမှန်တကယ်မြတ်နိုးကြသူများရှိကြောင်း အောက်ပါတွေ့ကြုံမှုများကဖော်ပြသည်။
သူတို့ အမှန်တရားကိုတောင့်တခဲ့ကြ
ဖီဒေလ်ယားသည် ဘိုလီးဗီးယားနိုင်ငံ၊ လာပါဇ်မြို့ ဆန်ဖရန်စစ္စကို . . . ချာ့ခ်ျမှ စိတ်ရင်းမှန်ဖြင့် ဆည်းကပ်ဝတ်ပြုသူတစ်ဦးဖြစ်ခဲ့၏။ သူသည် မာရိပုံရှေ့တွင် ပျပ်ဝပ်ကိုးကွယ်ပြီး လက်ဝါးကားတိုင်ရှေ့တွင် အကောင်းဆုံးဖယောင်းတိုင်များ ထွန်းလေ့ရှိသည်။ ဆင်းရဲသားများကိုဝေမျှပေးရန် ခရစ်ယာန်ဘုန်းကြီးအား စားကောင်းသောက်ဖွယ်များစွာ အပတ်စဉ်လှူဒါန်းလေ့ရှိသည်။ သို့သော် ဖီဒေလ်ယား၏ကလေးငါးယောက်သည် နှစ်ခြင်းမခံနိုင်မီ သေဆုံးသွားခဲ့ကြသည်။ သူတို့အားလုံးသည် လင်ဘိုအမှောင်ထုထဲတွင် ဆင်းရဲခံနေကြရသည်ဟု ခရစ်ယာန်ဘုန်းကြီးက သူ့ကိုပြောသောအခါ ‘ဘုရားသခင်ဟာ သနားကြင်နာတတ်တယ်ဆိုရင် ဒါဘယ်လိုဖြစ်နိုင်မလဲ’ ဟူ၍ ဖီဒေလ်ယားစဉ်းစားမိသည်။
ဆရာဝန်တာရာသည် နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့မှ ဟိန္ဒူဘာသာဝင်အဖြစ် ကြီးပြင်းလာခဲ့သူဖြစ်သည်။ သူသည် ဘိုးဘေးများ၏ ရာစုနှစ်ချီဓလေ့ထုံးစံများကိုလိုက်ကာ ဟိန္ဒူဘုရားကျောင်းများမှဘုရားများကို ကိုးကွယ်၍ သူ၏အိမ်တွင်လည်း ရုပ်ပုံများထားခဲ့သည်။ သို့သော် ဘာကြောင့် ဤမျှလောက်ဆင်းရဲခြင်းများနေရသနည်း၊ ဘာကြောင့် လူများသေရသနည်း အစရှိသောမေးခွန်းများက တာရာကို စိတ်ရှုပ်ထွေးစေခဲ့သည်။ သူ၏ဘာသာတရားမှ စိတ်ကျေနပ်လောက်သည့်အဖြေများ မရရှိခဲ့ချေ။
အခြားတစ်ဖက်တွင်မူ ပါန်ယာသည် ယိုးဒယားနိုင်ငံ၊ ဘန်ကောက်မြို့ တူးမြောင်းဘေးမှအိမ်တစ်လုံးတွင် . . . ကြီးပြင်းလာခဲ့၏။ အရင်ဘဝကလုပ်ရပ်များကြောင့် ဆင်းရဲခံနေရပြီး မိမိကိုယ်နှိုက်မှ တပ်မက်မှုရှိသမျှကို ဖယ်ရှားခြင်းဖြင့် ဆင်းရဲခြင်းမှလွတ်ကင်းနိုင်မည်ဟု သွန်သင်ခံခဲ့ရသည်။ စိတ်ရင်းမှန်သော . . . ဘုန်းကြီးများ၏ဉာဏ်ပညာကို အလွန်လေးစားဖို့လည်း သွန်သင်ခံရသည်။ သူသည် . . . ပုံများက အကာအကွယ်ပေးသည်ဟု ယုံကြည်ချက်ဖြင့် ယင်းတို့ကိုစုဆောင်းခဲ့၏။ သို့သော် ပါန်ယာသည် ဆိုးဝါးသောမတော်တဆမှုတစ်ခုကြောင့် အောက်ပိုင်းသေသွားပြီးနောက် အံ့ဖွယ်နည်းဖြင့်ကုသမှုခံယူရရန် မျှော်လင့်ချက်ဖြင့် . . . ဘုရားကျောင်းများစွာသို့သွားခဲ့သည်။ ကုသမှုလည်းမရ၊ ဝိညာဉ်ရေးဉာဏ်အလင်းကိုလည်း သူမရရှိခဲ့ပေ။ ယင်းအစား၊ နတ်ဆိုးပညာကိုတွေ့ရှိရပြီး ယင်းကို အပေါ်ယံစလေ့လာလေသည်။
ဗာရ်ဂျာလ်သည် အမေရိကန်ပြည်ထောင်စုတွင်မွေးပြီး ကောလိပ်တွင် . . . အဖွဲ့ထဲဝင်ခဲ့သည်။ လူဖြူများသည် နတ်ဆိုးများဖြစ်ကြသည်ဟုရေးထားသော ၎င်းတို့၏စာပေများကို ဇွဲရှိရှိ သူဖြန့်ဝေခဲ့သည်။ ယင်းကြောင့်သာ လူမဲများကို လူဖြူများက ရက်စက်ကြမ်းကြုတ်မှုများစွာ ပြုကြသည်ဟု သူတို့ယူဆခဲ့ကြသည်။ ဗာရ်ဂျာလ်သည် စိတ်ရင်းမှန်ဖြင့် ထိုသို့ယုံကြည်ခဲ့သော်လည်း လူဖြူအားလုံး မည်သို့လူဆိုးများဖြစ်နိုင်မည်နည်း။ တရားဟောပြောခြင်းသည် များသောအားဖြင့် ငွေကြေးနှင့် အဘယ်ကြောင့်ဆက်နွှယ်နေရသနည်း အစရှိသောမေးခွန်းများကြောင့် သူစိတ်ရှုပ်ထွေးနေသည်။
ချာရိုသည် ကက်သလစ်ကြီးစိုးသော တောင်အမေရိကတွင် ကြီးပြင်းခဲ့သော်လည်း သူသည် စိတ်ရင်းမှန်သည့် ပရိုတက်စတင့်တစ်ဦးဖြစ်သည်။ သူ၏ဝန်းကျင်ရှိ . . . ကိုးကွယ်ခြင်းနှင့် မပတ်သက်သောကြောင့် အကျေနပ်ကြီးကျေနပ်ခဲ့သည်။ ချာရိုသည် တနင်္ဂနွေအပတ်စဉ် ချာ့ခ်ျမှာ စိတ်လှုပ်ရှားဖွယ်ဝတ်ပြုဆုတောင်းပြီး ထိုတွင် “ဟာလေလုယ” ဟုဟစ်ကြွေးကာ ဘာသာရေးသီချင်းဆို၊ ကခဲ့ရခြင်းကို ပျော်မွေ့သည်။ မိမိသည် ကယ်တင်ခံရပြီး ဒုတိယမွေးဖွားခြင်းခံခဲ့ရပြီဟု စိတ်ရင်းမှန်စွာ ချာရိုယုံကြည်ခဲ့သည်။ ချာ့ခ်ျကို သူ၏ဝင်ငွေဆယ်ပုံတစ်ပုံလှူဒါန်းပြီး သူအနှစ်သက်ဆုံး တီဗွီဧဝံဂေလိသတင်းဟောပြောသူက အလှူငွေတောင်းခံသောအခါ အာဖရိကမှကလေးများအတွက် ငွေပို့ပေးခဲ့၏။ သို့သော် မေတ္တာရှင်ဘုရားသခင်က ငရဲတွင် ဝိညာဉ်များကို အဘယ်ကြောင့်ညှဉ်းဆဲရကြောင်းကို သူ၏ပါစတာအားမေးသောအခါ အဓိပ္ပာယ်ရှိရှိအဖြေမပေးနိုင်ကြောင်း သူတွေ့ရှိခဲ့၏။ သူ၏အလှူငွေများကို အာဖရိကမှကလေးများအတွက် အသုံးမပြုကြောင်း နောက်ပိုင်းတွင်သိရှိလာခဲ့သည်။
အဆိုပါလူငါးဦးသည် နောက်ခံအမျိုးမျိုးမှဖြစ်ကြသော်လည်း တူညီချက်တစ်ခုရှိသည်။ သူတို့သည် အမှန်တရားကို ချစ်မြတ်နိုးကြပြီး သူတို့၏မေးခွန်းများအတွက် မှန်ကန်သောအဖြေများကို စိတ်ရင်းမှန်စွာ ကြိုးစားရှာဖွေခဲ့ကြသည်။ သို့ရာတွင် သူတို့သည် စစ်မှန်သောဝတ်ပြုရေးတွင် အမှန်ပင်စည်းလုံးလာနိုင်ကြမည်လော။ နောက်ဆောင်းပါးက ထိုမေးခွန်းကို ဖြေဆိုပါလိမ့်မည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
နောက်ခံအမျိုးမျိုးမှလူတို့ကို အမှန်ပင်စည်းလုံးစေနိုင်မည်လော
[Picture Credit Line on page 3]
G.P.O., Jerusalem