“ဖြောင့်သောလမ်း၌” လျှောက်လှမ်းလော့
“ဖြောင့်သောလမ်း၌” လျှောက်လှမ်းလော့
“ဖြောင့်မတ်သောသူသည် မင်္ဂလာရှိ၏ . . . အကြောင်းမူကား သူသည် မိမိအကျင့်တို့၏အကျိုးကို ခံစားရလိမ့်မည်” ဟုပရောဖက်ဟေရှာယက ကြေညာခဲ့သည်။ “ဖြောင့်မတ်သောသူသည် ဖြောင့်သောလမ်း၌ သွားတတ်၏” ဟူ၍လည်း ဟေရှာယဆိုသည်။ (ဟေရှာယ ၃:၁၀; ၂၆:၇) ကျွန်ုပ်တို့ပြုမူရာများမှ အကျိုးကောင်းများထွက်ပေါ်စေဖို့ဆိုလျှင် ဘုရားသခင်၏မျက်မှောက်တော်၌ ဖြောင့်မတ်ရာကို လုပ်ဆောင်ရမည်မှာ ရှင်းနေပါသည်။
သို့သော် ဖြောင့်သောလမ်း၌ ကျွန်ုပ်တို့ မည်သို့လျှောက်လှမ်းနိုင်မည်နည်း။ ထိုသို့လျှောက်လှမ်းခြင်းမှ မည်သည့်ကောင်းကျိုးများကို မျှော်လင့်နိုင်မည်နည်း။ ဘုရားသခင်၏ဖြောင့်မတ်သောစံနှုန်းများနှင့်အညီ ကျွန်ုပ်တို့လိုက်လျှောက်ခြင်းအားဖြင့် အခြားသူများသည် မည်သို့အကျိုးကျေးဇူးများခံစားရမည်နည်း။ နယပုံပြင်ကျမ်းအခန်းကြီး ၁၀ တွင်ရှေးဣသရေလရှင်ဘုရင် ရှောလမုန်သည် ဆိုးညစ်မှုနှင့် ဖြောင့်မတ်မှုကို နှိုင်းယှဉ်ဖော်ပြစဉ် အဆိုပါမေးခွန်းများကို ဖြေဆိုပေးသည်။ ထိုသို့ဖြေဆိုရာတွင် “ဖြောင့်မတ်သောသူ[များ]” အသုံးအနှုန်းကို ၁၃ ကြိမ်အသုံးပြုခဲ့၏။ အခန်းငယ် ၁၅ မှ ၃၂ တွင်ဤအသုံးအနှုန်းကို ကိုးကြိမ်တွေ့ရသည်။ သို့ဖြစ်၍ နယပုံပြင် ၁၀:၁၅-၃၂ ကိုသုံးသပ်ခြင်းဖြင့် အားရှိလာပါလိမ့်မည်။ *
ဆုံးမပဲ့ပြင်မှုကို စွဲကိုင်ထားလော့
ရှောလမုန်သည် ဖြောင့်မတ်ခြင်း၏အရေးပါမှုကို ထောက်ပြခဲ့သည်။ သူက “ငွေရတတ်သောသူ၏စည်းစိမ်သည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား သူတို့၏အကျိုးနည်းကြောင်းဖြစ်၏။ ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်လည်းကောင်း၊ မတရားသောသူ၏အကျိုးစီးပွားသည် အပြစ်နှင့်လည်းကောင်းယှဉ်၏” ဟုပြောသည်။—သု. ၁၀:၁၅၊ ၁၆။
ခိုင်ခံ့သောမြို့သည် ၎င်းတွင်နေထိုင်ကြသူများကို လုံခြုံမှုအနည်းအကျဉ်းပေးသည့်နည်းတူ စည်းစိမ်ဥစ္စာသည် ဘဝတွင် ကြုံတွေ့ရသည့် မရေရာမှုအချို့မှ ကာကွယ်ပေးသည်။ မမျှော်လင့်သောအဖြစ်အပျက်များ ဖြစ်ပေါ်လာသောအခါ ဆင်းရဲခြင်းသည် အခြေအနေပိုဆိုးဝါးစေနိုင်သည်။ (ဒေ. ၇:၁၂) သို့သော် ချမ်းသာခြင်းနှင့် ဆင်းရဲခြင်း နှစ်ခုစလုံးနှင့်ပတ်သက်၍ အန္တရာယ်ရှိနိုင်ကြောင်းကိုလည်း ထိုပညာရှိရှင်ဘုရင်က အရိပ်အမြွက်ပြောဆိုနေခြင်းဖြစ်မည်။ ဥစ္စာရှိသူသည် မိမိ၏စည်းစိမ်ကို “မြင့်သောမြို့ရိုးနှင့်တူ” သည်ဟု ယူမှတ်ကာ သူ၏ဥစ္စာကို လုံးလုံးလျားလျား အားကိုးနေပေမည်။ (သု. ၁၈:၁၁) ဆင်းရဲသားမူကား မိမိဆင်းရဲသောကြောင့် အနာဂတ်တွင် အဘယ်မျှော်လင့်ချက်မျှမရှိဟု တလွဲယူမှတ်နိုင်ပေသည်။ ဤနည်းဖြင့် ထိုသူနှစ်ဦးစလုံးသည် ဘုရားသခင့်ရှေ့တွင် နာမည်ကောင်းမရရှိကြချေ။
တစ်ဖက်တွင်မူ ဖြောင့်မတ်သူ၌ စည်းစိမ်ဥစ္စာ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ သူ၏ဖြောင့်မတ်သောလုပ်ရပ်က သူ့ကိုအသက်ရှင်စေ၏။ မည်သို့အားဖြင့်နည်း။ သူ့တွင်ရှိသမျှနှင့် ကျေနပ်ရောင့်ရဲသောကြောင့်ဖြစ်သည်။ သူ၏ငွေကြေးအခြေအနေကြောင့် ဘုရားသခင်ရှေ့မှောက် သူ၏မျက်နှာသာရသောအနေအထားကို အဟန့်အတားဖြစ်စေမည်မဟုတ်ချေ။ ဖြောင့်မတ်သောသူသည် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ သူ၏ဘဝလမ်းစဉ်က ယခုပင် သူ့အားပျော်ရွှင်မှုကိုရရှိစေပြီး အနာဂတ်တွင် ထာဝရအသက်ရရန် မျှော်လင့်ချက်ပေးသည်။ (ယောဘ ၄၂:၁၀-၁၃) မတရားသောသူသည် ချမ်းသာကြွယ်ဝလျှင်ပင် အကျိုးမခံစားရပေ။ သူသည် စည်းစိမ်၏ကာကွယ်မှုကိုတန်ဖိုးထားပြီး ဘုရားသခင့်အလိုတော်နှင့်အညီ အသက်ရှင်မည့်အစား အပြစ်ပြုရန် သူ၏စည်းစိမ်ကို အသုံးပြုလေသည်။
“နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့လိုက်တတ်၏။ ဆုံးမခြင်းကိုငြင်းပယ်သောသူမူကား လမ်းလွဲတတ်၏” ဟူ၍ ဣသရေလရှင်ဘုရင်ဆက်ဆိုသည်။ (သု. ၁၀:၁၇) ဤအခန်းငယ်ကို အဓိပ္ပာယ်နှစ်မျိုးဖြင့် နားလည်နိုင်သည်ဟု ကျမ်းပညာရှင်တစ်ဦးက ဖော်ပြသည်။ ဖြစ်နိုင်ခြေတစ်ခုမှာ ဆုံးမပဲ့ပြင်မှုကိုလက်ခံပြီး ဖြောင့်မတ်ခြင်းကိုလိုက်စားသူသည် အသက်လမ်းစဉ်ပေါ်တွင်ရှိပြီး ဆုံးမမှုကိုငြင်းပယ်သူမူကား ထိုလမ်းမှသွေဖည်သွား၏။ ဤအခန်းငယ်သည် ဤသို့လည်းဆိုလိုနိုင်သည်– “ဆုံးမပဲ့ပြင်မှုကို အလေးထားသူသည် အသက်လမ်းကိုပြသသည်၊ [သူ၏ပုံသက်သေကောင်းသည် အခြားသူများကို အကျိုးပြုသောကြောင့်ဖြစ်၏] သို့သော် ပဲ့ပြင်မှုကို လျစ်လျူရှုသူမည်သူမဆိုသည် အခြားသူတို့ကို လမ်းမှားစေသည်။” (သု. ၁၀:၁၇၊ အပြည်ပြည်ဆိုင်ရာဘာသာပြန်ကျမ်း) မည်သို့ပင်ဆိုစေ ကျွန်ုပ်တို့သည် ပဲ့ပြင်မှုကိုစွဲကိုင်ထားပြီး ဆုံးမခြင်းကိုမစွန့်ခွာရန် တကယ်အရေးကြီးပါသည်တကား!
မုန်းတီးခြင်းကို ချစ်ခြင်းမေတ္တာဖြင့်အစားထိုးပါလေ
ရှောလမုန်သည် ဆက်၍ထပ်တူသဘောမျိုးဆောင်သည့် အပိုင်းနှစ်ပိုင်းပါ နယပုံပြင်တစ်ခုကို တင်ဆက်ကာ ယင်း၏ဒုတိယအပိုင်းသည် ပထမအပိုင်းကို ထောက်ခံသည်။ သူဤသို့ပြောသည်– “မုန်းထားခြင်းသဘောကို လျှို့ဝှက်သောသူသည် မုသာနှုတ်ကိုပိုင်၏။” လူတစ်ဦးသည် အခြားသူတစ်ဦးအား မုန်းတီးစိတ်ရှိ၍ ယင်းကို ချိုသာသောစကားများ သို့မဟုတ် မြှောက်ပင့်ပြောဆိုမှုဖြင့် ဖုံးအုပ်ထားမည်ဆိုလျှင် သူသည် မရိုးသားချေ၊ သူ့မှာ “မုသာနှုတ်” ရှိ၏။ ပညာရှိရှင်ဘုရင်က ဤသို့ထပ်ဆင့်ဖြည့်စွက်သည်– “အသရေယုတ်လျော့အောင် ပြောတတ်သူကား လူမိုက်ဖြစ်၏။” (သု. ၁၀:၁၈၊ သမ) လူအချို့မူကား သူတို့၏မုန်းတီးမှုကို လျှို့ဝှက်ထားမည့်အစား မုန်းတီးသူအကြောင်း မဟုတ်မမှန်ရာများပြောဆိုစွပ်စွဲ၍ ကဲ့ရဲ့ဝေဖန်တတ်ကြသည်။ ဤသို့ပြုခြင်းသည် မိုက်မဲရာကျ၏၊ အကြောင်းမှာ ထိုသို့သွားပုပ်လေလွင့်သတင်းဖြန့်ခြင်းဖြင့် ထိုသူအား အမှန်ပြုပြင်ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ပိုင်းခြားသိမြင်မှုဖြင့် နားထောင်တတ်သူသည် မလိုတမာစိတ်ထားကိုသိမြင်ပြီး သွားပုပ်လေလွင့်ပြောသူကိုပင် အထင်သေးပေမည်။ သို့ဖြင့် မကောင်းသတင်းဖြန့်သူသည် မိမိကိုယ်ကို အကျိုးယုတ်စေသည်။
ဖြောင့်မတ်သောလမ်းစဉ်မှာ လှည့်ဖြားခြင်းကိုလည်းကောင်း၊ သွားပုပ်လေလွင့်ပြောဆိုခြင်းကိုလည်းကောင်း မပြုလုပ်ခြင်းဖြစ်သည်။ ဘုရားသခင်က ဣသရေလလူတို့အား “ညီအစ်ကိုချင်းကို မုန်းထားစိတ်မရှိရ” ဟုမိန့်တော်မူခဲ့သည်။ (ဝတ်ပြုရာ ၁၉:၁၇၊ သမ) ထို့ပြင် ယေရှုကလည်း တရားနာသူများကို ဤသို့ဆုံးမခဲ့၏– “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှာ သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ သင်တို့ကိုကျိန်ဆိုသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။” (မဿဲ ၅:၄၄၊ ၄၅) ကျွန်ုပ်တို့နှလုံးတွင် မုန်းတီးခြင်းအစား ချစ်ခြင်းမေတ္တာ ပြည့်လျှံနေခြင်းသည် မည်မျှကောင်းလိုက်လေခြင်း!
“နှုတ်ကိုချုပ်တည်း” လော့
လျှာကိုချုပ်တည်းရန် လိုကြောင်းကို အလေးအနက်ထားကာ ပညာရှိရှင်ဘုရင် ဤသို့ဆိုသည်– “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသူမူကား ပညာရှိ၏။”—သု. ၁၀:၁၉။
“မိုက်သောသူသည် စကားများတတ်၏။” (ဒေ. ၁၀:၁၄) သူ၏နှုတ်သည် “မိုက်သောအရာကို သွန်းလောင်းတတ်၏။” (သု. ၁၅:၂) ယင်းကြောင့် စကားများလွန်းသူတိုင်း မိုက်မဲသည်ဟု ဆိုလိုနေခြင်းမဟုတ်ပေ။ သို့ရာတွင် စကားများလွန်းသူသည် အန္တရာယ်ရှိသောအတင်းအဖျင်း သို့မဟုတ် ကောလာဟလသတင်းဖြန့်ရန် မည်မျှလွယ်ကူလှလေခြင်း! မိုက်မဲသောစကားကြောင့် နာမည်ပျက်ခြင်း၊ နာကြည်းစရာများ၊ ဆက်ဆံရေးတင်းမာမှုများနှင့် ကာယရေးထိခိုက်မှုတို့ပင် ဖြစ်ပေါ်ခဲ့သည်။ “စကားများများပြောသော် အပြစ်ပါလိမ့်မည်။” (သု. ၁၀:၁၉၊ အမေရိကန်ဘာသာပြန်ကျမ်း) ထို့ပြင် ကိစ္စရပ်တိုင်းတွင် ပြောစရာတစ်စုံတစ်ရာရှိသူတစ်ဦးနှင့်နေရခြင်းသည် ဒေါသထွက်စရာဖြစ်သည်။ ထိုကြောင့် စကားများလွန်းသူမဖြစ်ကြပါလေနှင့်။
မုသာစကားကို မပြောဘဲနေရုံမျှမက မိမိ၏နှုတ်ကိုချုပ်တည်းသောသူသည် ပညာရှိ၏။ သူသည် စကားမပြောမီ စဉ်းစားတတ်၏။ ယေဟောဝါ၏နည်းလမ်းတော်များကို ချစ်မြတ်နိုးပြီး လူသားချင်းကို တကယ်ကူညီလိုစိတ်၏လှုံ့ဆော်မှုကိုခံရရာ သူ၏စကားသည် သူတစ်ပါးအား မည်သို့ထိခိုက်မည်ကို ထည့်သွင်းစဉ်းစားလိမ့်မည်။ သူ၏စကားသည် မေတ္တာပါပြီး ကြင်နာမှုရှိသည်။ မိမိ၏စကားသည် နှစ်လိုဖွယ်ဖြစ်ပြီး အကူအညီဖြစ်စေရန် မည်သို့ပြောဆိုရမည်ကို သူစဉ်းစားဆင်ခြင်၏။ သူ၏စကားများသည် အချိန်တိုင်းတွင် လိမ္မာပါးနပ်မှုရှိပြီး ဂုဏ်အသရေရှိရာ “ငွေအပြောက်မှာစီခြယ်သော ရွှေရှောက်ချိုသီးနှင့်တူ၏။”—သု. ၂၅:၁၁။
“လူအများကို ကျွေးတတ်၏”
ရှောလမုန်က ဤသို့ဆက်ဆိုသည်– “ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ၏။ ဆိုးသောသူ၏နှလုံးမူကား အဖိုးမထိုက်။” (သု. ၁၀:၂၀) ဖြောင့်မတ်သူ၏စကားသည် စင်ကြယ်၍ အရည်အသွေးမြင့်မားသည့် ငွေစင်နှင့်တူသည်။ ယင်းသည် သမ္မာကျမ်းစာပါ အသက်ကယ်သောအသိပညာကို အခြားသူတို့အား ပြောကြားသည့် ယေဟောဝါ၏ကျေးကျွန်များနှင့် အမှန်ပင်သက်ဆိုင်သည်။ သူတို့၏ကြီးမြတ်သောသွန်သင်ပေးရှင် ယေဟောဝါဘုရားသခင်သည် သူတို့ကို သင်ကြားပေးခဲ့ပြီး ‘ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း လူတတ်၏နှုတ်သတ္တိကို သူတို့အားပေးတော်မူပြီ။’ (ဟေရှာယ ၃၀:၂၀; ၅၀:၄) အမှန်ဆိုရလျှင် ကျမ်းစာအမှန်တရားကို သူတို့ပြောဆိုကြသောအခါ သူတို့၏လျှာသည် ငွေစင်နှင့်တူ၏။ သူတို့၏စကားများသည် မတရားသောသူ၏ရည်ရွယ်ချက်များထက် စိတ်နှလုံးရိုးဖြောင့်သူများအတွက် အဖိုးမဖြတ်နိုင်ပါတကား! ဘုရားသခင့်နိုင်ငံတော်နှင့် ဘုရားသခင်၏အံ့ဖွယ်အမှုများကို စိတ်အားထက်သန်စွာပြောဆိုကြပါစို့လေ။
ဖြောင့်မတ်သောသူသည် သူ၏ဝန်းကျင်ရှိသူတို့အတွက် ကောင်းချီးတစ်ရပ်ဖြစ်၏။ “ဖြောင့်မတ်သောသူ၏နှုတ်ခမ်းတို့သည် လူအများကိုကျွေးတတ်၏။ မိုက်သောသူတို့မူကား ဉာဏ်မရှိသောကြောင့် သေကြလိမ့်မည်” ဟုရှောလမုန်က ဆက်၍ဆိုသည်။—သု. ၁၀:၂၁။
အဘယ်နည်းဖြင့် ‘ဖြောင့်မတ်သောသူသည် လူအများကိုကျွေး’ သနည်း။ ဤတွင်အသုံးပြုထားသည့် ဟေဗြဲစကားလုံးသည် “သိုးထိန်းခြင်း” သဘောဆောင်သည်။ (သု. ၁၀:၂၁၊ အောက်ခြေမှတ်ချက်) ရှေးခေတ်က သိုးထိန်းတစ်ဦးသည် သူ၏သိုးကို ကြည့်ရှုစောင့်ရှောက်သကဲ့သို့ပင် လမ်းညွှန်ပေးခြင်းသာမက ကျွေးမွေးပြုစုခြင်းသဘောမျိုးလည်း ဆောင်သည်။ (၁ ဓမ္မရာဇဝင် ၁၆:၁၁; ဆာလံ ၂၃:၁-၃; ရှောလမုန်သီချင်း ၁:၇) ဖြောင့်မတ်သောသူသည် ဖြောင့်မတ်သောလမ်းသို့ အခြားသူများကို ညွှန်ပြ၏၊ သို့မဟုတ် ပို့ဆောင်ပေးသည့်အပြင် သူ့စကားကိုနားထောင်သူတို့အား အားရှိစေသည်။ ရလဒ်ကား၊ သူတို့သည် သာ၍ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းသော အသက်တာများရှိသည့်အပြင် ထာဝရအသက်ကိုပင် ရရှိနိုင်ကြပေမည်။
သို့သော် မိုက်မဲသောသူနှင့်ပတ်သက်၍ကော အသို့နည်း။ သူသည် နှလုံးလိုအပ်ချက်ရှိနေသောကြောင့် သူ့မှာ ရည်ရွယ်ချက်ကောင်းမရှိ၊ သူ့လမ်းစဉ်၏ ဆိုးကျိုးများနှင့်ပတ်သက်၍လည်း စိုးရိမ်စိတ်မရှိကြောင်း ဖော်ပြသည်။ ဤသို့သောသူသည် အဘယ်အကျိုးဆက်ကိုမျှ ဂရုမစိုက်ဘဲ သူလိုချင်ရာကို ပြုလုပ်တတ်၏။ ထို့ကြောင့် သူ့လုပ်ရပ်များ၏ဒဏ်ကို သူခံရသည်။ ဖြောင့်မတ်သောသူသည် အခြားသူများကို အသက်ဆက်ရှင်စေရန် ကူညီပေး၏၊ နှလုံးလိုအပ်ချက်ရှိသူမူကား မိမိကိုယ်ကိုပင် အသက်မရှင်စေနိုင်ပေ။
လျော့ရဲသောအကျင့်ကို ရှောင်လော့
လူတစ်ဦး၏ နှစ်သက်ရာနှင့် မနှစ်သက်ရာများက သူ၏ဥပဓိရုပ်ကို ဖော်ပြလေ့ရှိသည်။ ဣသရေလရှင်ဘုရင်သည် အဆိုပါအချက်ကိုဖော်ပြကာ ဤသို့ဆို၏– “မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့တတ်၏။ ဉာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။”—သု. ၁၀:၂၃။
အကျင့်လျော့ရဲမှုကို ပျော်စရာ သို့မဟုတ် ကစားစရာအဖြစ် အချို့က ယူမှတ်ကြပြီး “ပျော်စေပြက်စေ” ပြုလုပ်တတ်ကြသည်။ ဤသို့သောသူတို့သည် ဘုရားသခင်ရှေ့ စာရင်းရှင်းရမည်ကို ဂရုမစိုက်၊ သူတို့လမ်းစဉ်မှားကြောင်းကို မသိဟန်ဆောင်နေကြသည်။ (ရောမ ၁၄:၁၂) သူတို့အပြစ်ကို ဘုရားသခင်မြင်တော်မူမည်မဟုတ်ဟု ယူမှတ်သည့်အထိ အတွေးချော်နေကြသည်။ သူတို့၏အပြု အမူအားဖြင့် သူတို့က “ဘုရားသခင်မရှိ” ဟုတစ်နည်းအားဖြင့် ဆိုနေကြသည်။ (ဆာလံ ၁၄:၁-၃; ဟေရှာယ ၂၉:၁၅၊ ၁၆) တကယ့်ကိုမိုက်မဲလိုက်လေခြင်း!
ပိုင်းခြားသိမြင်သူမူကား အကျင့်လျော့ရဲခြင်းသည် ကစားစရာမဟုတ်ကြောင်း သဘောပေါက်သည်။ ယင်းသည် ဘုရားသခင့်အလိုတော်နှင့်မတွေ့သည့်အပြင် ကိုယ်တော်နှင့်ဆက်ဆံရေးကိုပါ ပျက်ပြားစေနိုင်ကြောင်း သူသိရှိ၏။ ဤသို့သောအကျင့်သည် မိုက်မဲ၏၊ အကြောင်းမှာ ယင်းသည် ကိုယ့်ကိုယ်ကိုလေးစားမှုဆုံးရှုံးစေ၏၊ အိမ်ထောင်ရေးကိုပျက်စီးစေ၏၊ စိတ်ဓာတ်ရေးနှင့်ကိုယ်ခန္ဓာကိုပါ ထိခိုက်စေပြီး ဝိညာဉ်ရေးဆုံးရှုံးစေ၏။ ကျွန်ုပ်တို့သည် အကျင့်လျော့ရဲမှုကိုရှောင်ရှားပြီး ဉာဏ်ပညာကို ချစ်မြတ်နိုးရသောနှမအဖြစ် နှစ်သက်မြတ်နိုးစိတ် ပြုစုပျိုးထောင်ပေးလျှင် ပညာရှိရာရောက်မည်။—သု. ၇:၄။
အုတ်မြစ်မှန်အပေါ် တည်ဆောက်လော့
လူတစ်ဦး၏အသက်တာကို အုတ်မြစ်ကောင်းအပေါ် တည်ဆောက်ခြင်း၏တန်ဖိုးကို ထောက်ပြ၍ ရှောလမုန်က ဤသို့ဆိုသည်– “မတရားသောသူ ကြောက်တတ်သောအမှုသည် သူ့အပေါ်သို့ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသောအကျိုးကိုကား ဘုရားသခင်ပေးတော်မူ၏။ မတရားသောသူသည် လွန်သွားသောလေပွေကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား မြဲမြံသောတိုက်မြစ်ဖြစ်၏။”—သု. ၁၀:၂၄၊ ၂၅။
မတရားသောသူသည် သူတစ်ပါးအား လွန်စွာကြောက်လန့်စေပေမည်။ သို့သော် အဆုံး၌မူ သူကြောက်ရွံ့ရာသည် သူ့အပေါ်ရောက်ရှိလာမည်။ သူသည် ဖြောင့်မတ်သောမူများအပေါ် အုတ်မြစ်မချထားခြင်းကြောင့် လေပြင်းမုန်တိုင်းကျသောအခါ ပြိုကျသွားသည့် ခိုင်ခံ့မှုမရှိသောအဆောက်အဦနှင့်တူသည်။ သူသည် အခက်အခဲနှင့်ကြုံရသောအခါ အညံ့ခံအရှုံးပေးလိုက်ရသည်။ အခြားတစ်ဖက်တွင်မူ ဖြောင့်မတ်သောသူသည် ယေရှု၏မိန့်တော်မူချက်များနှင့်အညီ ပြုမူလုပ်ဆောင်သူနှင့်တူသည်။ သူသည် “ကျောက်ပေါ်မှာအိမ်ဆောက်သောပညာရှိ” ဖြစ်သည်။ “မိုးရွာ၍ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော် ကျောက်ပေါ်မှာတည်သောကြောင့် မပြိုမလဲနေ၏” ဟူ၍ ယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၇:၂၄၊ ၂၅) ဤသူသည် ကြံ့ခိုင်၏၊ သူ့အတွေးအခေါ်နှင့် အပြုအမူများသည် ဘုရားသခင့်မူများအပေါ် ခိုင်ခံ့စွာတည်ဆောက်ထားသည်။
မတရားသောသူနှင့် ဖြောင့်မတ်သောသူတို့ကို ဆက်၍မနှိုင်းယှဉ်မီ တိုတုတ်သော်လည်း အရေးကြီးသောသတိပေးချက်တစ်ခုကို ပညာရှိရှင်ဘုရင်ကဖော်ပြသည်။ သူဤသို့ဆို၏– “ပုံးရည် [“ရှလကာရည်၊” ကဘ] သည်သွား၌လည်းကောင်း၊ မီးခိုးသည် မျက်စိ၌လည်းကောင်းဖြစ်သကဲ့သို့ ပျင်းရိသောသူသည် စေလွှတ်သောသူ၌ဖြစ်၏။” (သု. ၁၀:၂၆) ရှလကာရည်သည် သွားများကို နာကျင်စေသည်။ ယင်းတွင်ပါရှိသော အက်ဆစ်တစ်အက်ဆစ်သည် ပါးစပ်ထဲတွင် ချဉ်ပြီး သွားကျိန်းစေနိုင်သည်။ မီးခိုးသည် မျက်စိကိုကျိန်းစပ်စေ၏။ ထို့ကြောင့် ပျင်းရိသူကို အငှားလုပ်ခိုင်းမည်၊ သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးအဖြစ် အသုံးပြုမည်ဆိုလျှင် စိတ်ဆင်းရဲရပြီး ဆုံးရှုံးလိမ့်မည်။
‘ယေဟောဝါ၏တရားလမ်းသည် ခိုင်ခံ့၏’
ဣသရေလရှင်ဘုရင်က ဤသို့ဆက်ဆိုသည်– “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသောသူ၏နှစ်ပေါင်းကာလမူကား တိုတတ်၏။ ဖြောင့်မတ်သောသူ၏ မျှော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏မျှော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။”—သု. ၁၀:၂၇၊ ၂၈။
ဖြောင့်မတ်သောသူသည် ဘုရားသခင်ရေးရာကြောက်ရွံ့မှုဖြင့် လမ်းညွှန်ခံပြီး သူ၏အတွေးအခေါ်များ၊ စကားများနှင့် အပြုအမူများဖြင့် ယေဟောဝါ၏အလိုတော်နှင့်တွေ့ရန် ကြိုးစားသည်။ သူ့ကို ဘုရားသခင်ကြည့်ရှုစောင့်ရှောက်ပြီး သူ၏ဖြောင့်မတ်သောမျှော်လင့်ချက်များကို ဖြည့်ဆည်းပေးသည်။ သို့သော် မတရားသောသူသည် ဘုရားတရားမဲ့ အသက်ရှင်နေထိုင်၏။ သူ၏မျှော်လင့်ချက်များသည် တစ်ခါတစ်ရံ ပြည့်စုံသယောင်ရှိသော်လည်း ခေတ္တမျှသာဖြစ်သည်၊ အကြောင်းမှာ သူ၏ဘဝပုံစံကြောင့် အကြမ်းဖက်မှု သို့မဟုတ် ဖျားနာမှုဖြင့် သူ၏နေ့ရက်ကာလသည် တိုတတ်၏။ သူကွယ်လွန်သည့်နေ့တွင် သူ၏မျှော်လင့်ချက်ရှိသမျှသည် ပျက်ပြားသွားလေသည်။—သု. ၁၁:၇။
“ထာဝရဘုရား၏တရားလမ်းသည် ဖြောင့်မတ်သောသူ ခိုင်ခံ့ခြင်းအကြောင်းဖြစ်၏။ မတရားသဖြင့်ကျင့်သောသူတို့မူကား ပျက်စီးခြင်းသို့ရောက်ရကြလိမ့်မည်” ဟူ၍ ရှောလမုန်ကပြောပြသည်။ (သု. ၁၀:၂၉) ဤတွင် ယေဟောဝါ၏လမ်းသည် ကျွန်ုပ်တို့လိုက် လျှောက်သင့်သည့် ဘဝလမ်းစဉ်မဟုတ်ဘဲ လူသားနှင့် ဘုရားသခင်ဆက်သွယ်သည့် လမ်းစဉ်ကို ရည်ညွှန်းနေခြင်းဖြစ်သည်။ “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍ အမှုတော်သည် စုံလင်ပေ၏” ဟူ၍ မောရှေပြောခဲ့သည်။ (တရားဟောရာ ၃၂:၄) ဘုရားသခင်၏ဖြောင့်မတ်သောလမ်းစဉ်သည် ဖြောင့်မတ်သူအတွက်လုံခြုံပြီး မတရားသောသူအတွက် ပျက်စီးသို့ပို့ဆောင်သည်။
ယေဟောဝါသည် မိမိလူတို့အတွက် တကယ်ခိုင်ခံ့သည်တကား! “ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှမရွေ့ရ။ မတရားသောသူမူကား မြေပေါ်မှာ အတည်မကျရ။ ဖြောင့်မတ်သောသူ၏နှုတ်မှ ပညာစကားထွက်တတ်၏။ ကောက်လိမ်သောလျှာမူကား အဖြတ်ခံရလိမ့်မည်။ ဖြောင့်မတ်သောသူ၏နှုတ်ခမ်းတို့သည် နှစ်သက်ဖွယ်သောအရာကို သိကျွမ်းတတ်၏။ မတရားသောသူတို့မူကား ဆန့်ကျင်သောစကားကိုပြောတတ်၏။”—သု. ၁၀:၃၀-၃၂။
ဖြောင့်မတ်သူတို့သည် ဖြောင့်မတ်သောလမ်းစဉ်၌ လျှောက်လှမ်းကြသောကြောင့် အမှန်ပင်ကောင်းစားပြီး ကောင်းချီးခံစားကြရ၏။ မှန်ပါသည်၊ “ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ။” (သု. ၁၀:၂၂) သို့ဖြစ်၍ ဘုရားသခင့်မူများနှင့်အညီ ပြုမူလုပ်ဆောင်ရန် အမြဲသတိထားကြပါလေ။ ကျွန်ုပ်တို့၏နှုတ်ကိုလည်း ချုပ်တည်းကာ လျှာကို သမ္မာကျမ်းစာပါ အသက်ကယ်သောအမှန်တရားကို ပြောဆိုဖို့ အသုံးပြုပြီး အခြားသူများအား ဖြောင့်မတ်ခြင်းလမ်းအတိုင်း လိုက်လျှောက်ကြရန် လမ်းညွှန်ပေးကြစို့လေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 နယပုံပြင် ၁၀:၁-၁၄ ၏အသေးစိတ်ဆွေးနွေးချက်ကို ၂၀၀၁၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၄-၇ ကိုရှု။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
လျှာသည် “ငွေစင်” ကဲ့သို့ဖြစ်နိုင်