ယေဟောဝါ၏ကောင်းချီးမင်္ဂလာ သင့်နောက်လိုက်မီမည်လော
ယေဟောဝါ၏ကောင်းချီးမင်္ဂလာ သင့်နောက်လိုက်မီမည်လော
‘သင်၏ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင် [လျက်နေသောကြောင့်] သင့်နောက်ကလိုက်၍မီသဖြင့် သင့်အပေါ်သို့ ကောင်းချီးမင်္ဂလာများ သက်ရောက်လတ္တံ့။’—တရားဟောရာ ၂၈:၂၊ သမ္မာ။
၁။ ဣသရေလလူမျိုးသည် ကောင်းချီးရမည်၊ သို့မဟုတ် ကျိန်ခြင်းခံရမည်ကို အဘယ်အရာမှ ပိုင်းဖြတ်ပေးသနည်း။
တောကန္တာရထဲ၌ နှစ်ပေါင်း ၄၀ လှည့်လည်ချိန် ကုန်ဆုံးခါနီးတွင် ဣသရေလလူတို့သည် မောဘလွင်ပြင်၌ တပ်စခန်းချခဲ့ကြ၏။ သူတို့ရှေ့၌ ကတိထားရာပြည်ရှိသည်။ ယခု မောရှေသည် ကောင်းချီးများနှင့် ကျိန်ခြင်းများ အစဉ်လိုက်ဖော်ပြထားသည့် တရားဟောရာကျမ်းကို ရေးသားလေသည်။ ဣသရေလလူတို့သည် ကိုယ်တော်အား နာခံမှုပြပြီး ‘ယေဟောဝါ၏စကားတော်ကိုနားထောင်လျက်နေ’ ကြမည်ဆိုလျှင် သူတို့နောက် ကောင်းချီးများ ‘လိုက်မီ’ လိမ့်မည်။ ယေဟောဝါသည် သူတို့ကို ‘အထူးပိုင်ဆိုင်ရာ လူမျိုး’ အဖြစ် ချစ်မြတ်နိုးတော်မူပြီး သူတို့အတွက်အကျိုးဆောင်ရန် မိမိ၏အစွမ်းတန်ခိုးကို တင်ပြလိုခဲ့သည်။ သို့သော် ကိုယ်တော့်စကားကို သူတို့ ဆက်၍နားမထောင်ခဲ့လျှင် သူတို့အပေါ်သို့ ကျိန်ခြင်းများ မုချဧကန် လိုက်မီပေမည်။—တရားဟောရာ ၈:၁၀-၁၄; ၂၆:၁၈; ၂၈:၂၊ ၁၅။
၂။ တရားဟောရာ ၂၈:၂ ပါ ‘နားထောင်လျက်နေ’ နှင့် ‘လိုက်မီ’ ဟူ၍ဘာသာပြန်ဆိုထားသော ဟေဗြဲကြိယာများနောက်ကွယ်ရှိ အဓိပ္ပာယ်ကား အဘယ်နည်း။
၂ တရားဟောရာ ၂၈:၂ ၌ ‘နားထောင်လျက်နေ’ ဟုပြန်ဆိုထားသော ဟေဗြဲကြိယာမှာ ဆက်တိုက်ဆောင်ရွက်ချက်ကိုဆိုလိုသည်။ ယေဟောဝါ၏လူတို့သည် အခါအားလျော်စွာသာ နားထောင်ကြရမည်မဟုတ်; ဘဝလမ်းစဉ်အဖြစ် သူတို့ဆက်နားထောင်သွားရမည်ဖြစ်သည်။ သို့မှသာ သူတို့နောက် ဘုရားသခင့်ကောင်းချီးများ လိုက်မီလိမ့်မည်။ “လိုက်မီ” ဟု ဘာသာပြန်ဆိုထားသော ဟေဗြဲကြိယာမှာ အမဲလိုက်ရာတွင် အသုံးပြုသည့်အသုံးအနှုန်းနှင့်ဆက်စပ်ပြီး များသောအားဖြင့် “လိုက်မီရန်” သို့မဟုတ် “လှမ်းယူရန်” အဓိပ္ပာယ်ရှိသည်။
၃။ ကျွန်ုပ်တို့သည် ယောရှုနည်းတူ မည်သို့ဖြစ်နိုင်မည်နည်း၊ ယင်းသည် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။
၃ ဣသရေလခေါင်းဆောင် ယောရှုသည် ယေဟောဝါစကား နားထောင်ရန်ရွေးချယ်ခဲ့သဖြင့် ကောင်းချီးများခံစားခဲ့ရသည်။ ယောရှုက “အဘယ်မည်သောဘုရားတို့အား ဝတ်ပြုမည်အရာကို ယနေ့ရွေးကြလော့။ ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာဝတ်ပြုမည်” ဟုဆိုခဲ့သည်။ ထိုအခါ လူတို့က “အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုခြင်းငှာ ထာဝရဘုရားကိုစွန့်သောအမှုသည် အကျွန်ုပ်တို့နှင့်ဝေးပါစေသော” ဟုပြန်ဖြေခဲ့ကြသည်။ (ယောရှု ၂၄:၁၅၊ ၁၆) ယောရှု၏အထူးကောင်းမွန်သောသဘောထားကြောင့် ကတိထားရာပြည်သို့ဝင်ရန် သူ၏လူမျိုးဆက်မှ အနည်းငယ်သောသူတို့တွင် ပါဝင်ခွင့်ရရှိခဲ့သည်။ ယနေ့ ကျွန်ုပ်တို့သည် များစွာသာလွန်ကောင်းမွန်သော ကတိထားရာပြည်၏အဝင်ဝတွင် ရပ်နေကြ၏၊ ၎င်းကား ဘုရားသခင်၏မျက်နှာသာရသူအားလုံး စောင့်မျှော်နေကြသည့် ယောရှုအချိန်ကထက် သာ၍ကြွယ်ဝသော ကောင်းချီးမင်္ဂလာများရရှိမည့် မြေကြီးပရဒိသုဖြစ်သည်။ ယင်းသို့သောကောင်းချီးများ သင့်နောက် လိုက်မီမည်လော။ သင်သည် ယေဟောဝါ၏စကားကို နားထောင်လျက်နေမည်ဆိုလျှင် လိုက်မီလိမ့်မည်။ ထိုသို့ပြုရန် သင့်စိတ်ပိုင်းဖြတ်ထားချက်ကို ပိုအားရှိစေရန် ရှေးဣသရေလလူမျိုး၏ သမိုင်းအပြင် မှတ်သားလောက်ဖွယ်ရာ တစ်ဦးချင်းစီ၏ စံနမူနာများကိုပါ သုံးသပ်ကြည့်ကြစို့။—ရောမ ၁၅:၄။
ကောင်းချီးလော၊ ကျိန်ခြင်းလော
၄။ ရှောလမုန်၏ဆုတောင်းချက်ကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ဘုရားသခင်သည် သူ့အား အဘယ်အရာကို ပေးသနားတော်မူခဲ့သနည်း၊ ယင်းသို့သော ကောင်းချီးများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မည်သို့ခံစားသင့်သနည်း။
၄ ရှောလမုန်ဘုရင်အုပ်ချုပ်ချိန်အတွင်း ဣသရေလလူတို့သည် ယေဟောဝါထံတော်မှ များသောအားဖြင့် အံ့မခန်းဖွယ်ကောင်းချီးများ ခံစားခဲ့ရသည်။ သူတို့သည် လုံခြုံမှုနှင့် ကောင်းမွန်ရာမြောက်မြားစွာတို့ကို မွေ့လျော်စံစားခဲ့ကြရသည်။ (၃ ဓမ္မရာဇဝင် ၄:၂၅) ရှောလမုန်သည် ဘုရားသခင်ထံတော်မှ စည်းစိမ်ဥစ္စာကို မတောင်းဆိုခဲ့သော်လည်း သူ၏စည်းစိမ်ချမ်းသာသည် အလွန်ကျော်ကြားလာခဲ့သည်။ ယင်းအစား အသက်ငယ်သေး၍ အတွေ့အကြုံမရှိစဉ်တွင် နာခံမှုရှိသောစိတ်နှလုံးရှိဖို့အတွက် ဆုတောင်းခဲ့သည်၊ ယေဟောဝါက သူ့ကိုဉာဏ်ပညာနှင့် သိနားလည်မှုရှိစေခြင်းဖြင့် ဆုတောင်းပြည့်စေခဲ့၏။ ယင်းကြောင့် ရှောလမုန်သည် လူတို့ကို သင့်တော်လျောက်ပတ်စွာ၊ အကောင်းနှင့် အဆိုးကို ပိုင်းခြားသိမြင်၍ တရားစီရင်နိုင်ခဲ့သည်။ လူငယ်တစ်ဦးဖြစ်နေစဉ် သူ့အား ကြွယ်ဝချမ်းသာမှုနှင့် ဘုန်းထွန်းတောက်မှုကိုပါ ယေဟောဝါပေးသနားခဲ့သော်လည်း ရှောလမုန်သည် ဝိညာဉ်ရေးရာကြွယ်ဝချမ်းသာမှု၏ သာလွန်ထူးကဲသောတန်ဖိုးကို အလွန်လေးမြတ်၏။ (၃ ဓမ္မရာဇဝင် ၃:၉-၁၃) ကျွန်ုပ်တို့၌ ဥစ္စာပစ္စည်း နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ယေဟောဝါ၏ကောင်းချီးကိုခံစားရပြီး ဝိညာဉ်ရေးဘက်ကြွယ်ဝချမ်းသာနေမည်ဆိုလျှင် မည်မျှကျေးဇူးတင်နိုင်ကြသည်တကား!
၅။ ဣသရေလနှင့် ယုဒနိုင်ငံသားတို့သည် ယေဟောဝါ၏စကားကို နားမထောင်ကြသောအခါ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။
၅ ဣသရေလလူတို့သည် ယေဟောဝါ၏ကောင်းချီးမင်္ဂလာများကို တန်ဖိုးမထားခဲ့ကြချေ။ သူတို့သည် ကိုယ်တော်၏စကားကို ဆက်နားမထောင်ကြသောကြောင့် တင်ကူးမိန့်တော်မူခဲ့သည့် ကျိန်ခြင်းများ သူတို့နောက်လိုက်မီခဲ့၏။ ယင်းကြောင့် သူတို့ကို ရန်သူများ အနိုင်ယူခဲ့ကြပြီး ဣသရေလနှင့် ယုဒပြည်သားများသည် ပြည်နှင်ဒဏ်ခံခဲ့ရသည်။ (တရားဟောရာ ၂၈:၃၆; ၄ ဓမ္မရာဇဝင် ၁၇:၂၂၊ ၂၃; ၂ ရာဇဝင်ချုပ် ၃၆:၁၇-၂၀) ဘုရားသခင့်ကောင်းချီးမင်္ဂလာများသည် ယေဟောဝါ၏စကားကို နားထောင်သူတို့နောက်သာ လိုက်မီကြောင်း ထိုသို့ဆင်းရဲခံရပြီးနောက် ယေဟောဝါ၏လူမျိုး သင်ခန်းစာရခဲ့ကြသလော။ ဘီ.စီ.အီး. ၅၃၇ တွင် မိမိတို့၏နေရင်းပြည်သို့ ပြန်လာခဲ့ကြသည့် ကျန်ကြွင်းသောဂျူးတို့သည် သူတို့လိုအပ်ခဲ့ကြသော “ဉာဏ်နှင့်ယှဉ်သောစိတ်နှလုံး” ရမရ ဖော်ပြရန် အခွင့်အလမ်းရခဲ့ကြပြီး ယခုမူ ဘုရားသခင်၏စကားကို နားထောင်လျက်နေကြဖို့လိုကြောင်း သိမြင်လာကြသည်။—ဆာလံ ၉၀:၁၂၊ သမ။
၆။ (က) ယေဟောဝါသည် မိမိလူတို့အား ပရောဖက်ပြုရန် ဟဂ္ဂဲနှင့် ဇာခရိတို့ကို အဘယ်ကြောင့်စေလွှတ်ခဲ့သနည်း။ (ခ) ဟဂ္ဂဲမှတစ်ဆင့်ပေးသော ဘုရားသခင်၏သတင်းစကားက အဘယ်မူကို ရှင်းလင်းဖော်ပြသနည်း။
၆ ပြည်တော်ပြန်ဂျူးများသည် ယဇ်ပလ္လင်တစ်ခုတည်၍ ယေရုရှလင်မြို့ရှိ ဗိမာန်တော်ကို စတင်ပြုပြင်ကြလေသည်။ သို့သော် အတိုက်အခံအကြီးအကျယ် ပေါ်ထွက်လာသောအခါ သူတို့ဇွဲလျော့သွားပြီး ဆောက်လုပ်ရေး ရပ်တန့်သွားလေသည်။ (ဧဇရ ၃:၁-၃၊ ၁၀; ၄:၁-၄၊ ၂၃၊ ၂၄) ထိုအခါ သူတို့သည် ကိုယ်ကိုယ်တိုင်ဇိမ်ရှိကြဖို့ ဦးစားပေးစပြုလာကြသည်။ သို့နှင့် ဘုရားသခင်သည် စစ်မှန်သောဝတ်ပြုရေးအပေါ် ဇွဲပြန်ရှိလာစေရန် ပရောဖက်ဟဂ္ဂဲနှင့် ဇာခရိတို့ကို စေလွှတ်ခဲ့သည်။ ဟဂ္ဂဲမှတစ်ဆင့် ယေဟောဝါ ဤသို့မိန့်တော်မူခဲ့သည်– “အချင်းလူတို့ သင်တို့သည် အမိုးနှစ်ထပ်နှင့်ပြည့်စုံသောအိမ်၌ နေချိန်ရှိလျက်ပင် [ဝတ်ပြုရာ] အိမ်တော်ပျက်လျက်နေရမည်လော။ . . . ကိုယ်ကျင့်သောအကျင့်တို့ကို ဆင်ခြင်ကြလော့။ သင်တို့သည် များစွာသောမျိုးစေ့ကိုကြဲသော်လည်း အသီးအနှံနည်းပါးရ၏။ စားရသော်လည်း ဝစွာမစားရကြ။ . . . အလုပ်လုပ်၍အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာ သိုထားရကြ၏။” (ဟဂ္ဂဲ ၁:၄-၆) စည်းစိမ်ဥစ္စာရှိဖို့အတွက် ဝိညာဉ်ရေးရာကို စွန့်လွှတ်ခြင်းက ယေဟောဝါ၏ကောင်းချီးရမည်မဟုတ်ပါ။—လုကာ ၁၂:၁၅-၂၁။
၇။ ယေဟောဝါက ဂျူးတို့အား “ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့” ဟု အဘယ်ကြောင့်မိန့်တော်မူခဲ့သနည်း။
၇ အဆိုပါဂျူးတို့သည် နေ့စဉ်ပူပန်မှုများကိုသာ အာရုံစိုက်နေကြသောကြောင့် အတိုက်အခံကြား၌ပင် ဘုရားသခင်အား နာခံမှုရှိရှိ ခံရပ်တည်ကြည်မှသာ မိုးရွာခြင်း၊ ရာသီအလိုက်သစ်သီးဝလံအမျိုးမျိုးရှိခြင်း ကောင်းချီးများကို ရမည်ဖြစ်ကြောင်း မေ့လျော့ခဲ့ကြသည်။ (ဟဂ္ဂဲ ၁:၉-၁၁) သို့ဖြစ်၍ “ကိုယ်အကျင့်တို့ကို ဆင်ခြင်ကြလော့” ဟူသော ဤနှိုးဆော်ချက်သည် ဆီလျော်လိုက်လေခြင်း! (ဟဂ္ဂဲ ၁:၇) တစ်နည်းအားဖြင့် ယေဟောဝါက သူတို့ကို ဤသို့မိန့်တော်မူခြင်းဖြစ်သည်– ‘စဉ်းစားကြည့်! လယ်ယာမြေထဲမှာ မင်းတို့ အချည်းနှီးကြိုးစားလုပ်ကိုင်ခဲ့ကြတာဟာ ငါ့ဝတ်ပြုရာအိမ်တော်ရဲ့ ပျက်စီးနေတဲ့အခြေအနေနဲ့ ဘယ်လိုဆက်နွှယ်တာကို ကြည့်ကြ။’ ယေဟောဝါပရောဖက်များ၏ မှုတ်သွင်းခံစကားများသည် နောက်ဆုံးတွင် ကြားနာသူတို့၏နှလုံးကို ထိမိခဲ့ရာ လူတို့သည် ဗိမာန်တော်လုပ်ငန်းကို ပြန်လည်စတင်ခဲ့ကြပြီး ဘီ.စီ.အီး. ၅၁၅ တွင် ပြီးစီးလေသည်။
၈။ ယေဟောဝါသည် မာလခိအချိန်က ဂျူးများကို အဘယ်နှိုးဆော်စကား မိန့်တော်မူခဲ့သနည်း၊ အဘယ်ကြောင့်နည်း။
၈ နောက်ပိုင်း ပရောဖက်မာလခိအချိန်၌ ဂျူးတို့သည် ဝိညာဉ်ရေးတွင် ထပ်မံယိမ်းယိုင်လာသည်၊ လက်သင့်မခံဖွယ်ယဇ်သကာများကိုပင် ဘုရားသခင်ထံ ပူဇော်နေကြ၏။ (မာလခိ ၁:၆-၈) သို့နှင့် ယေဟောဝါသည် သူတို့၏အသီးအနှံမှ ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်၏အိမ်တော်ထဲ ယူဆောင်လာကြပြီး မိုးကောင်းကင်ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းချီးမင်္ဂလာများ အကုန်အစင်သွန်းလောင်းမည်၊ မသွန်းလောင်းမည်ကို စမ်းကြည့်ရန် သူတို့အား နှိုးဆော်ခဲ့သည်။ (မာလခိ ၃:၁၀) ဘုရားသခင်၏စကားကို သူတို့သာ နားထောင်ကြမည်ဆိုလျှင် ဘုရားသခင် အလျှံပယ်ပေးသနားတော်မူမည်ဖြစ်သည့်အရာများကို ဂျူးတို့ က အပင်ပန်းခံကြိုးစားရှာဖွေနေကြခြင်းသည် တကယ်မိုက်မဲလှသည်တကား!—၂ ရာဇဝင်ချုပ် ၃၁:၁၀။
၉။ သမ္မာကျမ်းစာမှတ်တမ်းမှ အဘယ်သူသုံးဦး၏အကြောင်းကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်ကြမည်နည်း။
၉ ဣသရေလလူမျိုး၏ သမိုင်းကြောင်းအပြင် ယေဟောဝါ၏စကားကို နားထောင်သည်၊ နားမထောင်သည်အပေါ်မူတည်၍ ဘုရားသခင်၏ကောင်းချီးမင်္ဂလာများ သို့မဟုတ် ကျိန်ခြင်းများ ခံခဲ့ကြရသူများစွာအကြောင်းကိုလည်း သမ္မာကျမ်းစာက မှတ်တမ်းတင်ထားသည်။ သူတို့ထဲက ဗောဇ၊ နာဗလနှင့် ဟန္နတို့သုံးဦးထံမှ အဘယ်အရာကို သင်ယူနိုင်ကြောင်း ကျွန်ုပ်တို့ကြည့်ကြစို့။ ယင်းနှင့်ပတ်သက်၍ ရုသကျမ်းအပြင် ၁ ဓမ္မရာဇဝင် ၁:၁–၂:၂၁ နှင့် ၁ ဓမ္မရာဇဝင် ၂၅:၂-၄၂ ကိုလည်း သင်ဖတ်လိုပေမည်။
ဗောဇသည် ဘုရားသခင့်စကားကိုနားထောင်ခဲ့
၁၀။ ဗောဇနှင့် နာဗလတို့၌ အဘယ်တူညီချက်များရှိသနည်း။
၁၀ ဗောဇနှင့် နာဗလတို့သည် ခေတ်ပြိုင်အသက်ရှင်ခဲ့သူများ မဟုတ်ကြသော်လည်း သူတို့တွင် တူညီသည့်အရာအချို့ရှိ၏။ ဥပမာ၊ နှစ်ဦးစလုံးသည် ယုဒနယ်တွင် နေထိုင်ခဲ့ကြသည်။ သူတို့သည် ကြွယ်ဝချမ်းသာသော မြေပိုင်ရှင်များဖြစ်ကြပြီး နှစ်ဦးစလုံးသည် လိုအပ်နေသူတစ်စုံတစ်ဦးအား ချစ်ခင်ကြင်နာမှုပြခွင့်ရခဲ့ကြသည်။ သို့သော် တူညီချက်များမှာ ဤတွင် အဆုံးသတ်သွား၏။
၁၁။ ဗောဇသည် ယေဟောဝါ၏စကားကိုနားထောင်လျက်နေကြောင်း မည်သို့ဖော်ပြခဲ့သနည်း။
၁၁ ဗောဇသည် ဣသရေလလူတို့၏တရားသူကြီးများ ခေတ်တွင် အသက်ရှင်ခဲ့သည်။ သူသည် သူတစ်ပါးကို တလေးတစားဆက်ဆံသဖြင့် သူ၏ကောက်ရိတ်သိမ်းသူတို့သည် သူ့ကို အလွန်ကြည်ညိုခဲ့ကြသည်။ (ရုသ ၂:၄) ပညတ်တော်ကိုနာခံသည့်အနေဖြင့် ဗောဇသည် သူ၏လယ်ကွက်တွင် ကျန်ကြွင်းသောအရာများကို အခက်အခဲရှိသူတို့နှင့် ဆင်းရဲသားတို့အတွက် ချန်ထားပေးဖို့ အသေအချာစစ်ဆေးခဲ့၏။ (ဝတ်ပြုရာ ၁၉:၉၊ ၁၀) ရုသနှင့် နောမိအကြောင်း သူကြားသိခဲ့၍ အိုမင်းနေပြီဖြစ်သော ယောက္ခမဖြစ်သူ၏လိုအပ်ရာကို ဝီရိယရှိရှိ ရုသဖြည့်ဆည်းပေးကြောင်း တွေ့မြင်သောအခါ ဗောဇအဘယ်အရာပြုလုပ်ခဲ့သနည်း။ သူသည် အထူးထောက်ထားစာနာမှုပြ၍ ရုသကို သူ၏လယ်ကွက်တွင် ကောက်သင်းကောက်ခွင့်ပေးဖို့ မိမိလူတို့ကို အမိန့်ပေးခဲ့၏။ သူ၏စကားများနှင့် မေတ္တာပါအပြုအမူများကြောင့် ဗောဇသည် ယေဟောဝါစကားကိုနားထောင်သည့် ဝိညာဉ်ရေးရှိသူတစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် သူသည် ဘုရားသခင်၏မျက်နှာသာရ၍ ကောင်းချီးမင်္ဂလာများခံစားခဲ့ရသည်။—ဝတ်ပြုရာ ၁၉:၁၈; ရုသ ၂:၅-၁၆။
၁၂၊ ၁၃။ (က) ယေဟောဝါ၏ရွေးယူခြင်းပညတ်ကို အလွန်အလေးထားကြောင်း ဗောဇမည်သို့ဖော်ပြခဲ့သနည်း။ (ခ) ဗောဇနောက် ဘုရားသခင်၏အဘယ်ကောင်းချီး လိုက်မီခဲ့သနည်း။
၁၂ ယေဟောဝါ၏စကားကို ဗောဇနားထောင်လျက်နေကြောင်း အထင်ရှားဆုံးသာဓကမှာ ဘုရားသခင်၏ရွေးယူခြင်းပညတ်ကို ကိုယ်ကျိုးမဖက်ဘဲ ကိုင်တွယ်ခဲ့ပုံဖြစ်၏။ ဗောဇသည် သူ၏ဆွေမျိုး—သေဆုံးပြီဖြစ်သော နောမိ၏ခင်ပွန်းဧလိမလက်—၏မိသားစုတွင် အမွေခံပစ္စည်းကျန်ရစ်စေရန် သူတတ်နိုင်သမျှကြိုးစားပြုလုပ်ခဲ့သည်။ တရားဟောရာ ၂၅:၅-၁၀; ဝတ်ပြုရာ ၂၅:၄၇-၄၉) သားဖွားဖို့အရွယ်လွန်ပြီဖြစ်သော နောမိအစား ရုသသည် အိမ်ထောင်ပြုရန် အစားထိုးခံခဲ့သည်။ ဧလိမလက်၏ အရင်းနှီးဆုံးဆွေမျိုးက နောမိကိုကူညီရန် ငြင်းပယ်ပြီးနောက် ဗောဇသည် ရုသကို မိမိ၏ဇနီးအဖြစ် သိမ်းယူခဲ့သည်။ သူတို့၏သား ဩဗက်ကို နောမိ၏သားနှင့် ဧလိမလက်၏တရားဝင်အမွေခံအဖြစ် ရှုမှတ်ခဲ့ကြသည်။—ရုသ ၂:၁၉၊ ၂၀; ၄:၁၊ ၆၊ ၉၊ ၁၃-၁၆။
“မယားမတ်ယူခြင်း” အစီအစဉ်အရ မုဆိုးမတစ်ဦးသည် ကွယ်လွန်ပြီဖြစ်သော မိမိခင်ပွန်း၏ဆွေမျိုးအရင်းအချာကို လက်ထပ်ယူရန်ဖြစ်ပြီး ဤသို့အားဖြင့် သူတို့မှ မွေးလာသောသားယောက်ျားသည် အမွေကိုဆက်ခံပေမည်။ (၁၃ ဗောဇသည် ဘုရားသခင့်ပညတ်ကို ကိုယ်ကျိုးမဖက် လိုက်လျှောက်ခဲ့သောကြောင့် ကောင်းချီးများစွာ သူ့ကိုလိုက်မီခဲ့သည်။ သူတို့၏သားသြဗက်မှတစ်ဆင့် သူနှင့် ရုသသည် ယေရှု၏ဘိုးဘေးများဖြစ်ခွင့်ရသည့် ကောင်းချီးကို ခံစားခဲ့ကြရသည်။ (ရုသ ၂:၁၂; ၄:၁၃၊ ၂၁၊ ၂၂; မဿဲ ၁:၁၊ ၅၊ ၆) ဗောဇ၏ကိုယ်ကျိုးမဖက်သောအပြုအမူများမှ ကျွန်ုပ်တို့သိရှိရသည်မှာ သူတစ်ပါးကို မေတ္တာပြ၍ ဘုရားသခင်၏တောင်းဆိုချက်များနှင့်အညီ ဆောင်ရွက်ပြုမူသူတို့နောက် ကောင်းချီးများလိုက်မီကြောင်း ဖြစ်သည်။
နာဗလသည် နားမထောင်ခဲ့
၁၄။ နာဗလသည် မည်သို့သောလူစားမျိုးဖြစ်သနည်း။
၁၄ ဗောဇနှင့်ခြားနားလျက် နာဗလသည် ယေဟောဝါစကား နားမထောင်ခဲ့ပါ။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူသော ဘုရားသခင့်ပညတ်ကို သူချိုးဖောက်ခဲ့သည်။ (ဝတ်ပြုရာ ၁၉:၁၈) နာဗလသည် ဝိညာဉ်ရေးရှိသူတစ်ဦးမဟုတ်ချေ; သူသည် “ခက်ထန်သောသဘောရှိ၏။ ဆိုးသောအမှုကိုလည်းပြုတတ်၏။” သူ၏ကျေးကျွန်များကပင် သူ့ကို “အသုံးမကျသောသူ” အဖြစ်ရှုမြင်ခဲ့ကြသည်။ နာဗလဟူသည့် သူ့အမည်၏အဓိပ္ပာယ်မှာ “ဉာဏ်မရှိခြင်း၊” သို့မဟုတ် “မိုက်မဲခြင်း” ကားဆီလျော်လှပေသည်။ (၁ ဓမ္မရာဇဝင် ၂၅:၃၊ ၁၇၊ ၂၅) သို့ဖြစ်၍ လိုအပ်နေသူ—ယေဟောဝါ၏ဘိသိက်ခံဒါဝိဒ်—အား စာနာထောက်ထားမှုပြရန် အခွင့်ကောင်းရရှိသောအခါ နာဗလ မည်သို့တုံ့ပြန်မည်နည်း။—၁ ဓမ္မရာဇဝင် ၁၆:၁၃။
၁၅။ နာဗလသည် ဒါဝိဒ်ကို မည်သို့ဆက်ဆံခဲ့သနည်း၊ ယင်းကိစ္စတွင် အဘိဂဲလသည် သူ၏ခင်ပွန်းနှင့် မည်သို့ကွာခြားသနည်း။
၁၅ ဒါဝိဒ်နှင့် သူ၏လူတို့သည် နာဗလ၏သိုးအုပ်များအနီးတွင် တပ်စခန်းချခဲ့သောအခါ မည်သည့်အဖိုးအခကိုမျှမယူဘဲ လှည့်လည်၍လုယူတတ်ကြသောလူစုရန်မှ ကာကွယ်ပေးခဲ့သည်။ “သူတို့နှင့်ပေါင်းဖော်သောကာလပတ်လုံး သူတို့သည် နေ့ညအစဉ်ကွယ်ကာလျက်နေကြပါ၏” ဟု နာဗလ၏သိုးထိန်းတစ်ဦးက ပြောခဲ့သည်။ သို့သော် ဒါဝိဒ်၏စေတမန်များသည် အစားအစာအနည်းငယ် လာတောင်းခံခဲ့သောခါ နာဗလက “သူတို့ကိုဆဲ” ၍ အဘယ်အရာမျှမပေးဘဲ လက်ချည်းလွှတ်လိုက်လေသည်။ (၁ ဓမ္မရာဇဝင် ၂၅:၂-၁၆) နာဗလ၏ဇနီး အဘိဂဲလသည် ဒါဝိဒ်အတွက် စားနပ်ရိက္ခာများ ချက်ချင်းပို့ပေးခဲ့သည်။ ဒေါသအရှိန်ဖြင့် ဒါဝိဒ်သည် နာဗလနှင့် သူ၏လူတို့ကို လက်စတုံးပစ်လုနီးပါးဖြစ်နေသည်။ သို့ဖြစ်၍ အဘိဂဲလ၏အစပြုဆောင်ရွက်ချက်က များစွာသောသူတို့၏အသက်ကို ကယ်ဆယ်ပေးခဲ့ပြီး ဒါဝိဒ်လည်း သွေးပြစ်ကျူးလွန်မိခြင်းမှ ကာကွယ်ခံခဲ့ရသည်။ သို့သော် နာဗလ၏တပ်မက်မှုနှင့် ခက်ထန်မှုမှာ လွန်စွာကြီးမားခဲ့သည်။ ဆယ်ရက်ကြာလေသော် “ထာဝရဘုရားသည် ဒဏ်ခတ်တော်မူသဖြင့် နာဗလသေ၏။”—၁ ဓမ္မရာဇဝင် ၂၅:၁၈-၃၈။
၁၆။ ကျွန်ုပ်တို့သည် ဗောဇကို မည်သို့အတုယူနိုင်၍ နာဗလ၏လမ်းစဉ်များကို မည်သို့ငြင်းပယ်နိုင်သနည်း။
၁၆ ဗောဇနှင့် နာဗလတို့သည် ခြားနားလိုက်လေခြင်း! ကျွန်ုပ်တို့သည် နာဗလ၏ခက်ထန်မှုနှင့် တစ်ကိုယ်ကောင်းဆန်သည့်နည်းလမ်းများကို တစ်ဖက်ကငြင်းပယ်သင့်စဉ် ဗောဇ၏ ညှာတာထောက်ထားမှုနှင့် ကိုယ်ကျိုးမဖက်မှုကို အတုယုကြစို့လေ။ (ဟေဗြဲ ၁၃:၁၆) တမန်တော်ပေါလု၏ ဤဆုံးမစကားကို လိုက်လျှောက်ခြင်းဖြင့် ထိုသို့ ကျွန်ုပ်တို့ပြုလုပ်နိုင်ကြသည်– “ငါတို့သည်အဆင်သင့်သည်အတိုင်း ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့၌ အထူးသဖြင့်ကျေးဇူးပြုလျက်၊ ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုကြကုန်အံ့။” (ဂလာတိ ၆:၁၀) ယနေ့ ယေရှု၏ “အခြားသိုး” ဖြစ်ကြသော မြေကြီးမျှော်လင့်ချက်ရှိသည့် ခရစ်ယာန်များသည် ယေဟောဝါ၏ကောင်းကင်အတန်းစားများ၊ ကောင်းကင်တွင် မသေနိုင်သောအဖြစ်ကို ပေးအပ်ခြင်းခံရမည့် ၁၄၄,၀၀၀ သောသူတို့မှ အကြွင်းအကျန်တို့အား ကောင်းမှုပြုရန် အခွင့်အရေးရရှိထားသည်။ (ယောဟန် ၁၀:၁၆; ၁ ကောရိန္သု ၁၅:၅၀-၅၃; ဗျာဒိတ် ၁၄:၁၊ ၄) ယေရှုက ယင်းသို့သောမေတ္တာပါအကျင့်များကို မိမိကိုယ်တိုင်အား ပြုလုပ်ဘိသကဲ့သို့ရှုမြင်၍ ဤကောင်းမှုများကို ပြုလုပ်ခြင်းက ယေဟောဝါ၏ကောင်းချီးများစွာကို ခံစားစရာအကြောင်းရှိစေသည်။—မဿဲ ၂၅:၃၄-၄၀; ၁ ယောဟန် ၃:၁၈။
ဟန္န၏စုံစမ်းခြင်းများနှင့် ကောင်းချီးများ
၁၇။ ဟန္နသည် အဘယ်စုံစမ်းခြင်းများကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရသနည်း၊ အဘယ်သဘောထားမျိုးကို သူတင်ပြခဲ့သနည်း။
၁၇ ယေဟောဝါ၏ကောင်းချီးများသည် ဘုရားတရားကြည်ညိုသောအမျိုးသမီး ဟန္နနောက်သို့လည်း လိုက်မီခဲ့သည်။ သူသည် လေဝိအမျိုးသား ခင်ပွန်းဧလကာနနှင့်အတူ ဧဖရိမ်တောင်ပေါ်တွင် နေထိုင်ခဲ့သည်။ ပညတ်တော်၏ခွင့်ပြုချက်နှင့် စည်းမျဉ်းအတိုင်း သူ၌ ပေနိန္နဟူသည့် နောက်ထပ်ဇနီးတစ်ဦးရှိခဲ့သည်။ ပေနိန္နတွင် သားသမီးများစွာရှိသော်လည်း ဟန္နမှာမူ မြုံလျက်ရှိရာ ဣသရေလအမျိုးသမီးတစ်ဦးအတွက် အပြစ်တင်စရာဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁:၁-၃; ၁ ရာဇဝင်ချုပ် ၆:၁၆၊ ၃၃၊ ၃၄) သို့သော် ပေနိန္နသည် ဟန္နအား နှစ်သိမ့်မှုပေးမည့်အစား မေတ္တာမဲ့သောနည်းလမ်းဖြင့် ပြုမူဆက်ဆံခဲ့ရာ ဟန္နသည် အစာမစားနိုင်၊ ငိုလျက်နေရသည့်အထိ စိတ်ညစ်ခဲ့ သည်။ သာ၍ဆိုးသည်မှာ ရှိလောမြို့ရှိ ယေဟောဝါ၏အိမ်တော်သို့ မိသားစုလိုက် “နှစ်စဉ်မပြတ်” သွားရောက်သည့်အခါတိုင်း ဤသို့ဖြစ်ခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁:၄-၈) ပေနိန္နသည် ချစ်ခင်ကြင်နာမှုတကယ်ကင်းမဲ့၏၊ ဟန္နအတွက်မူ စမ်းသပ်မှုကြီးပါတကား! သို့တိုင် ဟန္နသည် ယေဟောဝါကို တစ်ခါမျှ အပြစ်မတင်ခဲ့ချေ; ရှိလောသို့ ခင်ပွန်းသွားသောအခါ အိမ်တွင် သူဘယ်တော့မျှမနေခဲ့ချေ။ ထို့ကြောင့် နောက်ဆုံးတွင် သူ့နောက် ကောင်းချီးများလိုက်မီမည်မှာ သေချာပါသည်။
၁၈။ ဟန္နသည် အဘယ်စံနမူနာကို ချမှတ်ပေးခဲ့သနည်း။
၁၈ ဟန္နသည် ယနေ့ ယေဟောဝါ၏လူတို့အတွက်၊ အထူးသဖြင့် အခြားသူတို့၏ထောက်ထားစာနာမှုမရှိသော ဝေဖန်ချက်များကြောင့် စိတ်ထိခိုက်သူတို့အတွက် အထူးကောင်းမွန်သောစံနမူနာကို ချမှတ်ပေးခဲ့၏။ ထိုသို့သောအခြေအနေမျိုးများ၌ ထီးတည်းနေခြင်းသည် အဖြေမဟုတ်ချေ။ (သု. ၁၈:၁၊ သမ) ဟန္နသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို သွန်သင်ပေး၍ ဝတ်ပြုကိုးကွယ်ရန်အတွက် ကိုယ်တော်၏လူတို့ စုရုံးကြသောနေရာ၌ရှိနေဖို့ သူ၏အလိုဆန္ဒကို မိမိ၏စုံစမ်းခြင်းများကြောင့် ပျောက်ဆုံးမသွားစေခဲ့ပါ။ သို့နှင့် သူသည် ဝိညာဉ်ရေးဘက် စိတ်ထက်သန်လျက်ရှိခဲ့သည်။ သူ၏ဝိညာဉ်ရေးအတိမ်အနက်ကို ၁ ဓမ္မရာဇဝင် ၂:၁-၁၀ ၌မှတ်တမ်းတင်ထားသည့် ထူးခြားကောင်းမွန်သော သူ၏ဆုတောင်းချက်က ဖော်ပြပေးသည်။ *
၁၉။ ဝိညာဉ်ရေးရာများကို ကျွန်ုပ်တို့ကျေးဇူးတင်လေးမြတ်ကြောင်း မည်သို့ဖော်ပြနိုင်ကြသနည်း။
၁၉ ယေဟောဝါ၏မျက်မှောက်ခေတ် ကျေးကျွန်များအနေဖြင့် ကျွန်ုပ်တို့သည် တဲတော်တစ်ခု၌ ဝတ်ပြုကိုးကွယ်ကြသည်မဟုတ်ပါ။ သို့ဖြစ်စေကာမူ ဟန္နကဲ့သို့ပင် ဝိညာဉ်ရေးရာများအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့ဖော်ပြနိုင်ကြသည်။ ဥပမာ၊ ခရစ်ယာန်အစည်းအဝေးများ၊ စည်းဝေးများနှင့် စည်းဝေးကြီးများကို မှန်မှန်တက်ရောက်ခြင်းအားဖြင့် ဝိညာဉ်ရေးရာဘဏ္ဍာများကို ကျွန်ုပ်တို့ အလွန်တန်ဖိုးထားလေးမြတ်ကြောင်း ဖော်ပြနိုင်ကြသည်။ “သစ္စာနှင့်ဖြောင့်မတ်ခြင်းအားဖြင့် ရဲရင့်စွာဘုရား[သခင်]ဝတ်ကိုပြုရသောအခွင့်” ပေးမည်ဟု ကျွန်ုပ်တို့အား ကတိခံထားတော်မူသည့် ယေဟောဝါ၏စစ်မှန်သောဝတ်ပြုကိုးကွယ်မှု၌ တစ်ဦးကိုတစ်ဦး အားပေးရန် ဤအခါသမများကို ကျွန်ုပ်တို့အသုံးပြုကြစို့လေ။—လုကာ ၁:၇၄၊ ၇၅၊ ကဘ; ဟေဗြဲ ၁၀:၂၄၊ ၂၅။
၂၀၊ ၂၁။ ဟန္နသည် သူ၏ဘုရားသခင်ရေးရာဆက်ကပ်အပ်နှံခြင်းအတွက် မည်သို့ဆုချခံခဲ့ရသနည်း။
၂၀ ယေဟောဝါသည် ဟန္န၏ဘုရားသခင်ရေးရာဆက်ကပ်အပ်နှံခြင်းကို သတိပြုမိတော်မူပြီး မြောက်မြားစွာသောဆုကျေးဇူး ပေးသနားခဲ့သည်။ ရှိလောသို့ မိသားစုလိုက် နှစ်စဉ်သွားသည့် ခရီးတစ်ခေါက်တွင် ငိုကြွေးနေသောဟန္နသည် ဘုရားသခင်ထံ ဤသို့စိတ်ထက်သန်စွာဆုတောင်း၍ ကတိပြုခဲ့သည်– “အိုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ကျွန်မကိုမေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကိုပေးသနားတော်မူလျှင် . . . တစ်သက်လုံးထာဝရဘုရား၏ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်။” (၁ ဓမ္မရာဇဝင် ၁:၉-၁၁) ဘုရားသခင်သည် ဟန္န၏အသနားခံချက်ကို ကြားတော်မူ၍ ရှမွေလဟု သူအမည်ပေးခဲ့သော သားယောက်ျားရစေ၍ ကောင်းချီးပေးတော်မူခဲ့သည်။ ထိုသားကိုနို့ဖြတ်သောအခါ ရှိလောသို့ သူခေါ်ဆောင်သွားခဲ့ပြီး တဲတော်တွင် အမှုတော်ထမ်းစေခဲ့သည်။—၁ ဓမ္မရာဇဝင် ၁:၂၀၊ ၂၄-၂၈။
၂၁ ဟန္နသည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို ဖော်ပြခဲ့ပြီး ရှမွေလနှင့်ပတ်သက်၍ ကိုယ်တော်ထံ သူပြုခဲ့သောကတိကဝတ်ကို ဖြည့်စွက်ခဲ့သည်။ ထို့ပြင် ယေဟောဝါ၏တဲတော်တွင် သူတို့၏ချစ်မြတ်နိုးရသောသား အမှုထမ်းဆောင်ခဲ့ရသောကြောင့် သူနှင့် ဧလကာနတို့ ခံစားခဲ့ရသည့် ကြွယ်ဝသောကောင်းချီးကို စဉ်းစားကြည့်ပါ! ခရစ်ယာန်မိဘများစွာသည်လည်း သူတို့၏သားသမီးများမှာ အချိန်ပြည့်ရှေ့ဆောင်အမှုထမ်းများဖြစ်ကြခြင်း၊ ဗေသလမိသားစုဝင်များဖြစ်ခြင်းနှင့် အခြားနည်းလမ်းများဖြင့် ယေဟောဝါအား ဂုဏ်တင်နေကြသောကြောင့် အလားတူပျော်ရွှင်မှုနှင့် ကောင်းချီးများကို ခံစားနေကြရသည်။
ယေဟောဝါ၏စကားကို နားထောင်လျက်နေလော့!
၂၂၊ ၂၃။ (က) ယေဟောဝါ၏စကားတော်ကို ကျွန်ုပ်တို့ နားထောင်လျက်နေမည်ဆိုလျှင် အဘယ်အရာကျိန်းသေသနည်း။ (ခ) နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့ အဘယ်အကြောင်းကို သုံးသပ်ကြမည်နည်း။
၂၂ ယေဟောဝါစကားကို နားထောင်လျက်နေလျှင် ကျွန်ုပ်တို့ အဘယ်အရာကို သေချာနိုင်သနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိုးလ်အကြွင်းမဲ့ချစ်ပြီး ကိုယ်တော့်ထံ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုကို ဖြည့်စွက်မည်ဆိုလျှင် ဝိညာဉ်ရေးဘက် ကြွယ်ဝချမ်းသာပေမည်။ ဆာလံ ၃၇:၄; ဟေဗြဲ ၆:၁၀။
ထိုသို့သော လမ်းစဉ်ကိုလိုက်လျှောက်ခြင်းက ပြင်းထန်သောစုံစမ်းခြင်းများ ခံရရန်အကြောင်းရှိဦးတော့ ယေဟောဝါ၏ကောင်းချီးများသည် ကျွန်ုပ်တို့နောက် မလွဲဧကန်လိုက်မီပေမည်၊ အများအားဖြင့် ကျွန်ုပ်တို့စဉ်းစား၍မရနိုင်သည့် သာ၍ကြီးမားသောနည်းလမ်းဖြင့် ဖြစ်လိမ့်မည်။—၂၃ အနာဂတ်တွင် ဘုရားသခင်၏လူတို့အပေါ် ကောင်းချီးများစွာ သွန်းလောင်းလိမ့်မည်။ ယေဟောဝါ၏စကားကို နာခံမှုရှိရှိလိုက်နာခြင်းကြောင့် ‘လူအုပ်ကြီး’ သည် “ကြီးစွာသောဆင်းရဲ” ခြင်း တစ်လျှောက် ကာကွယ်စောင့်ရှောက်ခံရမည်ဖြစ်ပြီး ဘုရားသခင့်ကမ္ဘာသစ်တွင် အသက်တာပျော်ရွှင်မှုများစွာခံစားရမည်။ (ဗျာဒိတ် ၇:၉-၁၄; ၂ ပေတရု ၃:၁၃) ထိုတွင် ယေဟောဝါသည် မိမိလူတို့၏ဖြောင့်မတ်သောဆန္ဒများကို အပြည့်အဝကျေနပ်ရောင့်ရဲစေလိမ့်မည်။ (ဆာလံ ၁၄၅:၁၆) သို့သော် နောက်ဆောင်းပါးက ဖော်ပြမည့်အတိုင်း ယေဟောဝါ၏စကားတော်ကို နားထောင်လျက်နေသူတို့သည် ယခုပင်လျှင် ‘အထက်အရပ်မှလာသော ကောင်းမြတ်စုံလင်သည့် ဆုကျေးဇူးရှိသမျှတို့’ ကိုခံစားကြရသည်။—ယာကုပ် ၁:၁၇။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 18 ဟန္န၏ဖော်ပြချက်များသည် မေရှိယ၏မိခင်ဖြစ်တော့မည့်အကြောင်း ကြားသိရပြီးနောက် များမကြာမီတွင် အပျိုစင်မာရိ ပြောဆိုခဲ့သောစကားအချို့နှင့် တူညီမှုရှိ၏။—လုကာ ၁:၄၆-၅၅။
သင်မှတ်မိသလော
• ဣသရေလလူမျိုး၏သမိုင်းက ဘုရားသခင်ထံတော်မှ ကောင်းချီးများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို အဘယ်အရာ သွန်သင်ပေးနိုင်သနည်း။
• ဗောဇနှင့် နာဗလတို့သည် မည်သို့ကွာခြားသနည်း။
• ဟန္နကို ကျွန်ုပ်တို့ မည်သို့အတုယူနိုင်သနည်း။
• ယေဟောဝါ၏စကားကို ကျွန်ုပ်တို့ အဘယ်ကြောင့် နားထောင်လျက်နေသင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ရှောလမုန်ဘုရင်သည် နာခံမှုရှိသော စိတ်နှလုံးရှိဖို့အတွက် ဆုတောင်းခဲ့၏၊ ယေဟောဝါသည် သူ့အား ဉာဏ်ပညာဖြင့်ကောင်းချီးပေးခဲ့၏
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဗောဇသည် အခြားသူတို့ကို ထောက်ထားညှာတာ၍ သနားကြင်နာစွာ ဆက်ဆံခဲ့
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဟန္နသည် ယေဟောဝါကို မှီခိုအားထားခြင်းကြောင့် ကြွယ်ဝစွာ ကောင်းချီး ခံစားခဲ့ရ