သင်အမှန်တကယ်ယုံကြည်နိုင်
သင်အမှန်တကယ်ယုံကြည်နိုင်
ဆယ်ရာဂျေန်းသည် အသက် ၁၉ နှစ်အရွယ်တွင် သားအိမ်ကင်ဆာရှိကြောင်း သိရှိခဲ့၏။ ခွဲစိတ်ကုသမှုခံယူပြီးနောက် ကောင်းမွန်လာပြီး အနာဂတ်အတွက် သူ့မှာအပြုသဘောရှိခဲ့သည်။ သူသည် မည်မျှအပြုသဘောရှိသနည်းဟူမူ အသက် ၂၀ တွင်လက်ထပ်ရန်စေ့စပ်ခဲ့ပြီး ထိမ်းမြားဖို့ အစီအစဉ်များပြုလုပ်ခဲ့၏။ ထိုနှစ်တွင်ပင် ကင်ဆာပြန်ပေါ်လာပြီး အပတ်အနည်းငယ်သာ အသက်ရှင်ရတော့မည်ဖြစ်ကြောင်း သိရှိခဲ့သည်။ အသက် ၂၁ နှစ်မပြည့်မီလေး ဇွန် ၂၀၀၀ တွင် ဆယ်ရာဂျေန်းသေဆုံးခဲ့သည်။
ဆေးရုံတက်နေသူ ဆယ်ရာဂျေန်းထံ လာရောက်လည်ပတ်ကြသူများ စွဲမှတ်စရာဖြစ်သွားသည်မှာ အနာဂတ်နှင့်ပတ်သက်၍ သူ၏တည်ငြိမ်သောယုံကြည်စိတ်ချမှုအပြင် ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်မြွက်တော် သမ္မာကျမ်းစာကို သူအလွန်ယုံကြည်အားထားမှုတို့ဖြစ်သည်။ ဝမ်းနည်းကြေကွဲဖွယ်အဖြစ်ဆိုးကို သူရင်ဆိုင်နေရသော်လည်း သူ့သူငယ်ချင်းအားလုံးကို ပြန်မြင်တွေ့ရမည်ဟူသော ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို သူယုံကြည်စိတ်ချခဲ့သည်။ (ယောဟန် ၅:၂၈၊ ၂၉) “ဘုရားသခင့်ကမ္ဘာသစ်မှာ ရှင်တို့အားလုံးကို ကျွန်မပြန်တွေ့မှာပါ” ဟုသူပြောခဲ့သည်။
ထိုသို့သော ယုံကြည်ခြင်းမျိုးကို လှည့်စားသောအရာအဖြစ် တချို့ကပလပ်လိုက်ကြသည်။ “တမလွန်ဘဝဆိုတာ စိတ်အားငယ်သူတို့ရဲ့ ခံယူချက်တစ်ခု၊ နောက်ဆုံးတံပိုးမှုတ်တဲ့အခါ အစားအသောက်ကောင်းတွေနဲ့ ပျော်ရွှင်မြူးထူးရမယ့်အချိန်ရှိမယ်၊ အရွက်တွေဝေဆာတဲ့ ဧဒင်ဥယျာဉ်တစ်နေရာရာမှာ ကိုယ့်ထက်အရင်ရောက်သွားတဲ့သူတွေ၊ ကိုယ့်နောက်မှရောက်လာမယ့်သူတွေနဲ့အတူ ရှိကြရလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုပါပဲ” ဟုလူဒိုဗစ်ခ်ကနေဒီက ဆို၏။ ယင်းစကားကို ကျွန်ုပ်တို့တန်ပြန်မေးလိုပါသည်။ ကနေဒီအကြံပေးသကဲ့သို့ “ဒီဘဝက ဒီလောက်ပဲဆိုတော့ ဒီဘဝမှာ အကျိုးအများဆုံးရဖို့လုပ်ကြ” ခြင်းသည် ပို၍သင့်တော်သလော၊ သို့မဟုတ် ဘုရားသခင်နှင့် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ကတိတော်ကို ယုံကြည်ခြင်းသည် ပို၍သင့်တော်သလော ဟူ၍ဖြစ်သည်။ ဆယ်ရာဂျေန်းက ဒုတိယအချက်ကို ရွေးချယ်ခဲ့သည်။ အဆိုပါယုံကြည်စိတ်ချမှုကို သူမည်သို့မွေးမြူခဲ့သနည်း။
‘ဘုရားသခင်ကိုရှာသဖြင့် ဧကန်အမှန်တွေ့လိမ့်မည်’
တစ်စုံတစ်ယောက်ကို ယုံကြည်ကိုးစားမှုတိုးပွားလာစေရန် ထိုသူကိုသိကျွမ်းလာပြီး သူတွေးခေါ်ပြုမူပုံတို့ကို သိရှိလာဖို့လိုသည်။ ဤတွင် စိတ်နှင့်နှလုံး ပါဝင်ပတ်သက်သည်။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်မှု တိုးပွားလာစေခြင်းသည်လည်း အလားတူပင်ဖြစ်၏။ ကိုယ်တော်ကိုသိကျွမ်းလာဖို့၊ ကိုယ်တော့်အရည်အသွေးများနှင့် ကိုယ်တော့်ဥပဓိရုပ်အကြောင်းကို သိရှိလာဖို့၊ ကိုယ်တော်ပြောဆိုလုပ်ကိုင်ခဲ့သမျှသည် မည်မျှပင်ကိုးစားအားထားနိုင်ကြောင်းကို သိရှိလာရန် လေ့လာဖို့လိုသည်။—ဆာလံ ၉:၁၀; ၁၄၅:၁-၂၁။
ထိုသို့မဖြစ်နိုင်ဟု အချို့ကယူဆကြသည်။ ဘုရားသခင်သည် အမှန်တကယ်တည်ရှိမည်ဆိုလျှင်ပင် အလှမ်းကွာလွန်းလှသည်၊ လျှို့ဝှက်နက်နဲလွန်းလှသည်ဟု သူတို့ပြောကြသည်။ “ဘုရားသခင်ဟာ ဆယ်ရာဂျေန်းတို့လို ခရစ်ယာန်တွေအတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင် ကျန်တဲ့ကျွန်တော်တို့ကိုကျတော့ ဘာကြောင့် မသိရှိစေတာလဲ” ဟုလက်မခံနိုင်သူက မေးမည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အမှန်တကယ်ပင် အလှမ်းကွာ၍ဝေးလွန်းလှပြီး ရှာမတွေ့နိုင်သူဖြစ်ပါသလော။ အေသင်မြို့ရှိ အတွေးအခေါ်ပညာရှင်များနှင့် ပညာတတ်များအား စကားပြောဆိုရာ၌ တမန်တော်ပေါလုက ‘လောကနှင့် လောက၌ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောဘုရားသခင်သည် . . . [ကိုယ်တော်ကို] ရှာ၍ ဧကန်အမှန်တွေ့’ ရှိနိုင်စေဖို့ လိုအပ်သည့်အရာအားလုံးကိုလည်း ပေးသနားတော်မူပြီဟု ပြောခဲ့သည်။ မှန်ပါသည်၊ ပေါလုက ဤသို့ဆိုခဲ့သည်– “ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။—တမန်တော် ၁၇:၂၄-၂၇။
သို့ဆိုလျှင် သင်သည် မည်သို့မည်ပုံ ‘ဘုရားသခင်ကိုရှာ၍ ဧကန်အမှန်တွေ့’ နိုင်မည်နည်း။ တချို့က မိမိတို့ပတ်ဝန်းကျင်ရှိ စကြဝဠာကိုသတိထားမိရုံမျှဖြင့် ဘုရားသခင်ကိုရှာတွေ့ခဲ့ကြပြီ။ လူအများအတွက် စကြဝဠာတစ်ခုတည်းကပင် ဖန်ဆင်းရှင်တစ်ပါးရှိရမည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစေသည့် ခိုင်လုံသောအထောက်အထားဖြစ်သည်။ * (ဆာလံ ၁၉:၁; ဟေရှာယ ၄၀:၂၆; တမန်တော် ၁၄:၁၆၊ ၁၇) “ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏” ဟုဆိုခဲ့သော တမန်တော်ပေါလုကဲ့သို့ သူတို့ခံယူကြသည်။—ရောမ ၁:၂၀; ဆာလံ ၁၀၄:၂၄။
သမ္မာကျမ်းစာကို သင်လိုအပ်
သို့ရာတွင် ဖန်ဆင်းရှင်ကို အမှန်တကယ်ယုံကြည်ရန် ကိုယ်တော်ပြင်ဆင်ပေးသည့် အခြားအရာတစ်ခု လိုပါသေးသည်။ ယင်းကား အဘယ်အရာနည်း။ ဘုရားသခင့်အလိုတော်နှင့် ရည်ရွယ်ချက်ကို ဖော်ပြပေးသည့် ကိုယ်တော့်မှုတ်သွင်းခံနှုတ်မြွက်တော် သမ္မာကျမ်းစာဖြစ်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) “ဒါနဲ့နေပါဦး၊ သမ္မာကျမ်းစာကို လိုက်လျှောက်တယ်ဆိုတဲ့ လူတွေလုပ်နေကြတဲ့ ထိတ်လန့်စရာတွေကိုကြည့်ပြီး ကျမ်းစာပြောတာကို ဘယ်လိုယုံကြည်မှာလဲ” ဟုတချို့ကဆိုပါလိမ့်မည်။ မှန်ပါသည်၊ ခရစ်ယာန်ဘောင်သည် အရေခြုံမှု၊ ကြမ်းကြုတ်မှုနှင့် အကျင့်ယိုယွင်းမှုဆိုင်ရာ မှတ်တမ်းဆိုးကြီးရှိသည်။ သို့သော် ခရစ်ယာန်ဘောင်သည် ကျမ်းစာမူများကို ဟန်ဆောင်လိုက်လျှောက်နေကြောင်းကို ကျိုးကြောင်းဆင်ခြင်တတ်သူတိုင်း သိမြင်နိုင်ပါသည်။—မဿဲ ၁၅:၈။
လူများစွာသည် ဘုရားသခင်ကို ကိုးကွယ်ပါသည်ဟုဆိုကြသော်လည်း စင်စစ်အားဖြင့် “မိမိတို့ကိုဝယ်တော်မူသောအရှင်ကို ငြင်းပယ်” ကြမည်ဖြစ်ကြောင်း သမ္မာကျမ်းစာကိုယ်နှိုက်က သတိပေးထားသည်။ ဤသို့သောသူများကြောင့် “[အမှန်] တရားလမ်းအသရေသည် ပျက်စီးလိမ့်မည်” ဟုတမန်တော်ပေတရုက ပြောခဲ့သည်။ (၂ ပေတရု ၂:၁၊ ၂) ဤသူတို့၏လုပ်ရပ်ဆိုးများအားဖြင့် သူတို့သည် “အဓမ္မအမှုကိုပြုသောသူတို့” ဖြစ်ကြောင်း ရှင်းလင်းစွာခွဲခြားသိမြင်နိုင်မည်ဟု ယေရှုခရစ်ပြောခဲ့သည်။ (မဿဲ ၇:၁၅-၂၃) ခရစ်ယာန်ဘောင်မှတ်တမ်းကြောင့် ဘုရားသခင်၏နှုတ်မြွက်စကားတော်ကို ငြင်းပယ်ခြင်းသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေတစ်ဦးထံမှ စာတစ်စောင်ကို နာမည်ပျက်သူတစ်ဦး သယ်ဆောင်လာသောကြောင့် ထိုစာကိုပစ်လိုက်ခြင်းနှင့်တူသည်။
ဘုရားသခင့်နှုတ်မြွက်တော်မပါဘဲ စစ်မှန်သောယုံကြည်ခြင်းကို တည်ဆောက်ပေးဖို့မဖြစ်နိုင်ပါ။ ယေဟောဝါသည် မိမိနှင့်သက်ဆိုင်သည့်အရာများကို သမ္မာကျမ်းစာအားဖြင့်သာ ပြောပြ၏။ ဆင်းရဲခြင်းနှင့် နာကျင်မှုတို့ကို ကိုယ်တော် အဘယ်ကြောင့်ခွင့်ပြုခဲ့ရ၍ အခြေအနေကို ကိုယ်တော်မည်သို့ပြုတော်မူမည့်အကြောင်းစသည့် အစဉ်သဖြင့်မေးမြန်းသောမေးခွန်းများကို ကိုယ်တော်အလင်းဖြာပေးခဲ့သည်။ (ဆာလံ ၁၁၉:၁၀၅; ရောမ ၁၅:၄) သမ္မာကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော်ဖြစ်ကြောင်း ဆယ်ရာဂျေန်းယုံကြည်လာခဲ့၏။ (၁ သက်သာလောနိတ် ၂:၁၃; ၂ ပေတရု ၁:၁၉-၂၁) မည်သို့အားဖြင့်နည်း။ သူ၏မိဘများပြောပြရုံမျှဖြင့် မဟုတ်ပါ၊ သမ္မာကျမ်းစာသည် ဘုရားသခင့်ထံတော်မှ ထူးခြားသောဖွင့်ပြချက်ဖြစ်ကြောင်း ဖော်ပြသည့် အထောက်အထားအားလုံးကို သူရိုးရိုးသားသား အချိန်ယူအကဲဖြတ်ခဲ့သောကြောင့်ဖြစ်သည်။ (ရောမ ၁၂:၂) ဥပမာ၊ သမ္မာကျမ်းစာမူများကို လိုက်လျှောက်သူတို့၏အသက်တာတွင် ယင်းသည် တန်ခိုးပါပါသြဇာလွှမ်းမိုးကြောင်း သူသတိပြုမိခဲ့သည်။ သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်တော်လော၊ လူ့နှုတ်ထွက်လော * အစရှိသည့် စာအုပ်စာတမ်းများ အကူအညီဖြင့် ဘုရားသခင့်မှုတ်သွင်းခံဖြစ်ကြောင်း သက်သေထူသည့် အတွင်းအထောက်အထားများစွာကိုလည်း ဂရုတစိုက်ဆန်းစစ်ခဲ့သည်။
“ယုံကြည်ခြင်းသည် ကြားနာသောအားဖြင့်ဖြစ်၏”
သို့ရာတွင် သမ္မာကျမ်းစာတစ်အုပ် ပိုင်ဆိုင်ထားရုံ သို့မဟုတ် ယင်းသည် မှုတ်သွင်းခံဖြစ်ကြောင်း ယုံကြည်ရုံမျှဖြင့် မလုံလောက်ပါ။ “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” ဟုတမန်တော်ပေါလုရေးသားခဲ့၏။ (ရောမ ၁၀:၁၇) ယုံကြည်ခြင်းကို ပြုစုပျိုးထောင်ပေးသည်မှာ သမ္မာကျမ်းစာ ပိုင်ဆိုင်ခြင်းမျှမဟုတ်ဘဲ ယင်းကိုကြားနာခြင်းဖြစ်သည်။ ဘုရားသခင့်နှုတ်မြွက်တော်ကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ကိုယ်တော်မိန့်ဆိုရာကို သင် “ကြားနာ” ရ၏။ ငယ်ရွယ်သူများပင် ယင်းကိုပြုလုပ်နိုင်သည်။ တိမောသေသည် ‘သမ္မာကျမ်းစာ’ ကို ‘နို့စို့အရွယ်မှစ၍’ သွန်သင်ပေးခံခဲ့ရသည်ဟု ပေါလုကဆိုသည်။ ယင်းကြောင့် ဦးနှောက်ဆေးခြင်းတစ်မျိုးမျိုးကို ခံခဲ့ရ၏ဟုဆိုလိုသလော။ မဟုတ်ပါ! တိမောသေသည် အဘယ်နည်းဖြင့်မျှ ကြိုးကိုင်ခြင်း သို့မဟုတ် လှည့်ဖြားခြင်းမခံခဲ့ရပါ။ သူသည် ကြားခဲ့ဖတ်ခဲ့သည့်အရာကို “ယုံကြည်ရန်သွေးဆောင် [ကဘ]” ခံခဲ့ရသည်။—၂ တိမောသေ ၁:၅; ၃:၁၄၊ ၁၅။
ဆယ်ရာဂျေန်းသည် ထိုနည်းအတိုင်းပင် သွေးဆောင်ခံခဲ့ရ၏။ ပထမရာစုမှ ဗေရိမြို့သားများနည်းတူ သူသည် “အလွန်ကြည်ညိုသောစေတနာစိတ်နှင့် [မိဘများ၊ အခြားသွန်သင်သူများထံမှ] နှုတ်[မြွက်]တော်ကိုခံယူ” ခဲ့သည်။ သူသည် ငယ်ရွယ်သည့်ကလေးတစ်ဦးဖြစ်ခဲ့စဉ်က မိဘများပြောသမျှကို အလိုလိုယုံကြည်ခဲ့မည်မှာ သံသယရှိစရာမလိုပါ။ နောက်ပိုင်း သူကြီးပြင်းလာသည့်အခါ သွန်သင်ခံရသမျှကို မျက်စိစုံမှိတ် အမြဲလက်ခံခဲ့လိမ့်မည်မဟုတ်ချေ။ သူသည် ‘ကျမ်းစာ မှန်မမှန်သိနိုင်ဖို့ နေ့တိုင်းစေ့စေ့လေ့လာခဲ့’ ပေမည်။—တမန်တော် ၁၇:၁၁။
အမှန်တကယ်ယုံကြည်မှုကို သင်ပျိုးထောင်ပေးနိုင်
ဟေဗြဲခရစ်ယာန်များထံ တမန်တော်ပေါလုရေးသားဖော်ပြခဲ့သည့် ယုံကြည်ခြင်းမျိုး၊ အမှန်တကယ်ယုံကြည်မှုကို သင်လည်း ပျိုးထောင်ပေးနိုင်သည်။ ထိုသို့သောယုံကြည်ခြင်းသည် “မျှော်လင့်သောအရာတို့ကို စိတ်ချစွာစောင့်မျှော်ခြင်း၊ မမြင်ရသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏” ဟုသူပြောခဲ့သည်။ (ဟေဗြဲ ၁၁:၁၊ ကဘ) ထိုသို့သောယုံကြည်မှုရှိခြင်းဖြင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ဘုရားသခင့်ကတိတော်အပါအဝင် သင်မျှော်လင့်စောင့်စားသောအရာအားလုံး ဧကန်ဖြစ်လာလိမ့်မည်ဟု လုံးဝစိတ်ချပါလိမ့်မည်။ အဆိုပါမျှော်လင့်ချက်များသည် ဆန္ဒအတွေးအပေါ်မတည်ဘဲ သေချာသောအာမခံချက်များအပေါ် အခြေပြုကြောင်း သင်ယုံကြည်စိတ်ချပါလိမ့်မည်။ ယေဟောဝါသည် တစ်ခါမျှကတိမပျက်ကွက်ခဲ့ကြောင်း သင်သိရှိလာပါလိမ့်မည်။ (ယောရှု ၂၁:၄၅; ၂၃:၁၄; ဟေရှာယ ၅၅:၁၀၊ ၁၁; ဟေဗြဲ ၆:၁၈) ဘုရားသခင်ကတိထားရာ ကမ္ဘာသစ်သည် ရောက်ရှိနေဘိသကဲ့သို့ သင့်အတွက် တကယ်ဖြစ်ပါလိမ့်မည်။ (၂ ပေတရု ၃:၁၃) သို့နှင့် ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နှင့် ဘုရားသခင့်နိုင်ငံတော်တို့သည် လှည့်စားမှုများမဟုတ်ဘဲ တကယ်ရှိကြောင်းကို ယုံကြည်ခြင်းမျက်စိဖြင့် ရှင်းလင်းစွာ သင်မြင်တွေ့ရပါလိမ့်မည်။
အမှန်တကယ်ယုံကြည်မှုကို မိမိဘာသာ ပြုစုပျိုးထောင်ရမည်မဟုတ်ပါ။ ယေဟောဝါသည် ကိုယ်တော့်နှုတ်မြွက်တော်ကို အလွယ်တကူရရှိစေသည့်အပြင် စိတ်နှလုံးရိုးဖြောင့်သူများ ဘုရားသခင်ကိုယုံကြည်လာစေဖို့ ကူညီပေးရန် မိမိတို့ကိုယ်ကိုအပ်နှံထားသော ကမ္ဘာချီယောဟန် ၁၇:၂၀; ရောမ ၁၀:၁၄၊ ၁၅) ယင်းအဖွဲ့အစည်းမှတစ်ဆင့် ယေဟောဝါပြင်ဆင်ပေးသော အကူအညီအားလုံးကို လက်ခံပါ။ (တမန်တော် ၈:၃၀၊ ၃၁) ယုံကြည်ခြင်းသည် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော် အသီးတစ်လုံးဖြစ်သောကြောင့် စစ်မှန်သောယုံကြည်ခြင်းတိုးပွားစေရန် သန့်ရှင်းသောဝိညာဉ်တော်အကူအညီရဖို့အတွက် မခြားမလပ်ဆုတောင်းပါ။—ဂလာတိ ၅:၂၂။
ခရစ်ယာန်အသင်းတော်တစ်ခု ပြင်ဆင်ပေးခဲ့ပြီ။ (ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်မြွက်တော်ကို ယုံကြည်ပါသည်ဟုဆိုသူ မည်သူမဆိုကို ပြောင်လှောင်သရော်သူများကြောင့် စိတ်အနှောင့်အယှက်မဖြစ်ပါနှင့်။ (၁ ကောရိန္သု ၁:၁၈-၂၁; ၂ ပေတရု ၃:၃၊ ၄) အမှန်မှာ၊ စစ်မှန်သောယုံကြည်ခြင်းသည် ထိုသို့သောတိုက်ခိုက်မှုများကို ဆန့်ကျင်ခုခံနိုင်ဖို့ အတိုင်းမသိတန်ဖိုးရှိသည်။ (ဧဖက် ၆:၁၆) ယင်းသည် မှန်ကန်ကြောင်း ဆယ်ရာဂျေန်းသိရှိခဲ့၍ ဆေးရုံတွင် သူ့ထံလာလည်ပတ်သူတို့အား ယုံကြည်ခြင်းကို ပြုစုပျိုးထောင်ပေးကြဖို့ သူအမြဲအားပေးတိုက်တွန်းခဲ့သည်။ “[အမှန်] တရားကို ကိုယ်ပိုင်ဖြစ်စေပါ။ ဘုရားသခင့်နှုတ်မြွက်တော်ကို လေ့လာပါ။ ဘုရားသခင့်အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ။ မပြတ်ဆုတောင်းပါ။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ တက်ကြွနေပါ” ဟုသူပြောလေ့ရှိသည်။—ယာကုပ် ၂:၁၇၊ ၂၆။
ဘုရားသခင်နှင့် ရှင်ပြန်ထမြောက်ခြင်းကို သူယုံကြည်ကြောင်း သတိပြုမိသည့် သူနာပြုတစ်ဦးက ဤသို့ပြောခဲ့သည်– “ဒါကို ဆယ်ရာတကယ်ယုံကြည်တယ်နော်။” သူ၏စမ်းသပ်မှုများကြား သူ့ကို အဘယ်အရာက ထိုသို့သောအပြုသဘောရှိစေသနည်းဟု မေးမြန်းခံရသောအခါ သူက ဤသို့တုံ့ပြန်ခဲ့သည်– “ယေဟောဝါကို ယုံကြည်လို့ဖြစ်တယ်။ ကိုယ်တော်ဟာ ကျွန်မရဲ့ မိတ်ဆွေစစ်တစ်ယောက်ဖြစ်ပြီး ကိုယ်တော့်ကို ကျွန်မတကယ်ချစ်မြတ်နိုးတယ်။”
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 8 ယေဟောဝါသက်သေများထုတ်ဝေသည့် သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော စာအုပ်ကိုရှု။
^ အပိုဒ်၊ 12 ယေဟောဝါသက်သေများထုတ်ဝေသည်။
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
တိမောသေသည် “နို့စို့အရွယ်မှစ၍” သူ၏မိခင်နှင့် အဘွားတို့၏ “သမ္မာကျမ်းစာ” သွန်သင်ပေးမှုကိုခံခဲ့ရ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဗေရိမြို့သားများသည် ကျမ်းစာကို နေ့တိုင်း စေ့စေ့ကြည့်ရှုကြသောကြောင့် ချီးမွမ်းခံခဲ့ကြရ
[Credit Line]
From “Photo-Drama of Creation,” 1914
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယုံကြည်ခြင်းကို တည်ဆောက်သောအရာမှာ သမ္မာကျမ်းစာ ပိုင်ဆိုင်ခြင်းမျှသာမဟုတ်၊ ယင်းကိုကြားနာခြင်းနှင့် လိုက်နာခြင်းဖြစ်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
“ဘုရားသခင့်ကမ္ဘာသစ်မှာ ရှင်တို့အားလုံးကို ကျွန်မပြန်တွေ့မှာပါ”