ယေဟောဝါ၏လုပ်ငန်းတော်၌ ကြွယ်ဝသောဘဝ
ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါ၏လုပ်ငန်းတော်၌ ကြွယ်ဝသောဘဝ
ရပ်စယ်လ် ကပ်ဇန် ပြောပြသည်
ပထမကမ္ဘာစစ်စဖြစ်ခြင်းနဲ့အတူ အစပြုခဲ့တဲ့မှတ်သားလောက်တဲ့ခေတ်မတိုင်ခင် ခုနစ်နှစ်အလို ၁၉၀၇၊ စက်တင်ဘာ ၂၂ ရက်နေ့မှာ လောကထဲကို ကျွန်တော်ရောက်လာတယ်။ ကျွန်တော်တို့ရဲ့မိသားစုဟာ အရေးအကြီးဆုံးလမ်းစဉ်မှာ ပြည့်စုံကြွယ်ဝခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့အကြောင်းကို အသေးစိတ်သိပြီးတဲ့နောက်မှ သင်တို့သဘောတူပါလိမ့်မယ်။
အဘွားကပ်ဇန်ဟာ ငယ်စဉ်ကတည်းက ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားကို ရှာဖွေခဲ့တယ်။ အဘွားဟာ မြီးကောင်ပေါက်အရွယ်မရောက်ခင် ဆွစ်ဇလန်နိုင်ငံက အဘွားရဲ့ဇာတိမြို့ဖြစ်တဲ့ အရမ်းလှပတဲ့စပီဇ်မြို့ရှိ ချာ့ခ်ျတွေကို တက်ခဲ့တယ်။ အဘွားလက်ထပ်ပြီး နှစ်အနည်းငယ်အကြာ ၁၈၈၇ မှာအမေရိကန်ပြည်ထောင်စုကမ်းခြေကို ရောက်လာကြတဲ့ နိုင်ငံကူးပြောင်းလာသူတွေထဲမှာ ကပ်ဇန်မိသားစုလည်းပါတယ်။
အဲဒီမိသားစုဟာ အိုဟိုင်အိုမြို့မှာ အခြေချပြီး ၁၉၀၀ လောက်မှာ အဘွားရှာနေတဲ့ဘဏ္ဍာကို တွေ့ရှိခဲ့တယ်။ ဂျာမန်ဘာသာစကားနဲ့ ချားလ်စ် တေဇ် ရယ်စယ်လ်ရဲ့ အချိန်နီးပြီ စာအုပ်မှာတွေ့ရှိခဲ့တာ။ အဘွားဖတ်လိုက်တာနဲ့ ကျမ်းစာအမှန်တရားအလင်းပါတယ်ဆိုတာ ချက်ချင်းသတိပြုမိတယ်။ အင်္ဂလိပ်စာကို အဘွားမဖတ်တတ်ပေမဲ့ အင်္ဂလိပ် ကင်းမျှော်စင်ကို နှစ်စဉ်ကြေးယူခဲ့တယ်။ ဒီလိုနဲ့ အဘွားဟာ ကျမ်းစာအမှန်တရားကို ထပ်ဆင့်သိလာပြီး တစ်ချိန်တည်းမှာပဲ အင်္ဂလိပ်ဘာသာစကားကိုလည်း တတ်လာတယ်။ အဘိုးကတော့ သူ့ဇနီးလို ဝိညာဉ်ရေးရာတွေကို တစ်ခါမှစိတ်မဝင်စားခဲ့ဘူး။
အဘွားကပ်ဇန်ရဲ့သားသမီး ၁၁ ယောက်ထဲက သားနှစ်ယောက်ဖြစ်တဲ့ ဂျွန်နဲ့ အဒေါ့ဖ်တို့ပဲ အဘွားရှာတွေ့ထားတဲ့ ဝိညာဉ်ရေးဘဏ္ဍာကို တန်ဖိုးထားခဲ့ကြတယ်။ ဂျွန်က ကျွန်တော့်အဖေဖြစ်ပြီး ၁၉၀၄ မှာကျင်းပတဲ့ အဲဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ လူသိများတဲ့ ယေဟောဝါသက်သေတွေရဲ့ မစ္စဆူရီပြည်နယ်၊ စိန့်လူးဝစ္စစည်းဝေးကြီးမှာ အဖေနှစ်ခြင်းခံခဲ့တယ်။ ကျမ်းစာကျောင်းသားအများစုဟာ ငွေကြေးမချမ်းသာတဲ့အတွက် ရထားခအထူးနှုန်းစီစဉ်ထားတဲ့ ကမ္ဘာ့ပြပွဲကျင်းပတဲ့အချိန်မှာပဲ စိန့်လူးဝစ္စမြို့စည်းဝေးကြီးကို ကျင်းပခဲ့ကြတယ်။
နောက်ပိုင်း ၁၉၀၇ မှာကျွန်တော့်ဦးလေးအဒေါ့ဖ်လည်း နယူးယောက်မြို့၊ နိုင်အာဂရာရေတံခွန်ကြီးမှာကျင်းပတဲ့ စည်းဝေးကြီးတစ်ခုမှာ နှစ်ခြင်းခံခဲ့တယ်။ ကျွန်တော့်အဖေနဲ့ဦးလေးတို့ဟာ ကျမ်းစာကနေသိရှိခဲ့တဲ့အကြောင်းတွေကို ဇွဲရှိရှိဟောပြောခဲ့ကြပြီး နောက်ဆုံး နှစ်ယောက်စလုံး အချိန်ပြည့်အမှုဆောင် (အခုအခေါ်အရ ရှေ့ဆောင်) တွေဖြစ်လာကြတယ်။ဒါကြောင့် ကျွန်တော်မွေးလာတဲ့ ၁၉၀၇ မှာကျွန်တော့်မိသားစုဟာ ဝိညာဉ်ရေးအရ ချမ်းသာကြွယ်ဝနေကြပြီ။ (သု. ၁၀:၂၂) ကျွန်တော့်ရဲ့မိဘ ဂျွန်နဲ့အိုင်ဒါတို့ဟာ အိုဟိုင်အို၊ ပွတ်အင်ဘေမှာကျင်းပတဲ့ “အောင်ပွဲသို့” စည်းဝေးကြီးကို ကျွန်တော့်ကိုခေါ်သွားတဲ့အချိန် ၁၉၀၈ မှာကျွန်တော်ဟာ နို့စို့ကလေးပဲရှိသေးတယ်။ အဲဒီတုန်းက နယ်လှည့်ကြီးကြပ်မှူးဖြစ်နေတဲ့ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က စည်းဝေးကြီးသဘာပတိဖြစ်တယ်။ ဒီမတိုင်ခင် အပတ်အနည်းငယ်မှာ အိုဟိုင်အို၊ ဒေါ့လ်တန်မြို့ကို သူရောက်လာခဲ့ပြီး ကျွန်တော်တို့အိမ်ကို လာလည်သေးတယ်၊ ဒေသခံကျမ်းစာကျောင်းသားတွေကိုလည်း ဟောပြောချက်ပေးခဲ့တယ်။
တကယ်တော့ အဲဒီအဖြစ်အပျက်တွေကို ကျွန်တော်ကိုယ်တိုင်မမှတ်မိပေမဲ့ ၁၉၁၁ မှာမေရီလန်းပြည်နယ်၊ မောင်တိန်လိပ်ခ်မြို့မှာကျင်းပတဲ့ စည်းဝေးကြီးကိုတော့ ကျွန်တော်မှတ်မိတယ်။ အဲဒီမှာ ကျမ်းစာကျောင်းသားတွေရဲ့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ခဲ့တဲ့ ချားလ်စ် တေဇ် ရယ်စယ်လ်ကို ကျွန်တော့်ညီမအက်စ်တာနဲ့ ကျွန်တော် တွေ့ဆုံခဲ့ကြတယ်။
ဆာရာယေဗိုမြို့မှာ ဩစတြီးယားမင်းသား ဖာဒီနန်နဲ့ သူ့ဇနီးလုပ်ကြံခံရလို့ ကမ္ဘာစစ်ဖြစ်နေတဲ့ ၁၉၁၄၊ ဇွန် ၂၈ ရက်နေ့မှာ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မှာကျင်းပတဲ့ အေးဆေးငြိမ်သက်တဲ့စည်းဝေးကြီးကို ကျွန်တော့်မိသားစုနဲ့အတူ ကျွန်တော်တက်ရောက်ခဲ့တယ်။ အဲဒီအစောပိုင်းနှစ်တွေကတည်းက ယေဟောဝါလူမျိုးတွေကျင်းပတဲ့ စည်းဝေးကြီးအတော်များများကို ကျွန်တော်တက်ရောက်ခွင့်ရခဲ့တယ်။ တချို့စည်းဝေးကြီးတွေမှာ တစ်ရာ ဒါမှမဟုတ် တစ်ရာကျော်ကျော်လောက်ပဲရှိတာ။ တခြားစည်းဝေးကြီးတွေမှာတော့ ကမ္ဘာ့အကြီးဆုံးအားကစားကွင်းအချို့မှာ ထောင်သောင်းမက စည်းဝေးခဲ့ကြတယ်။
အရေးကြီးနေရာ၌ ကျွန်တော်တို့အိမ်
ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့နဲ့ အိုဟိုင်အိုပြည်နယ်၊ ကလီဗ်လန်မြို့ကြားမှာရှိတဲ့ ဒဲလ်တန်မြို့က ကျွန်တော်တို့အိမ်ဟာ ကျမ်းစာကျောင်းသားတွေရဲ့ အသင်းတော်ငယ် အစည်းအဝေးတွေကျင်းပတဲ့ နေရာဖြစ်ခဲ့တယ်။ ကျွန်တော်တို့အိမ်ဟာ နယ်လှည့်ဟောပြောသူအများကို ဧည့်ဝတ်ပြုတဲ့ဗဟိုအချက်အချာဖြစ်လာတယ်။ သူတို့ရဲ့မြင်းတွေနဲ့ လှည်းတွေကို ကျွန်တော်တို့ရဲ့သိုလှောင်ရုံနောက်ဘက်မှာ ချည်ထားကြပြီး စည်းဝေးတက်ရောက်သူတွေကို စိတ်လှုပ်ရှားစရာအတွေ့အကြုံတွေနဲ့ တခြားဝိညာဉ်ရေးတန်ဖိုးရှိရာတွေကို သူတို့ပြောပြခဲ့ကြတယ်။ အဲဒီအချိန်တွေဟာ တကယ့်ကိုအားရှိစရာအချိန်တွေပါပဲ!
အဖေဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ အမြင့်မြတ်ဆုံးသွန်သင်ခြင်းလုပ်ငန်းဖြစ်တဲ့
ခရစ်ယာန်ဓမ္မအမှုကိုပဲ အဖေစိတ်ဝင်စားတာ။ မိသားစုကို ယေဟောဝါအကြောင်း အဖေမပျက်မကွက်သင်ပေးပြီး ညနေတိုင်း မိသားစုလိုက် ဆုတောင်းခဲ့ကြတယ်။ ၁၉၁၉၊ နွေဦးပေါက်မှာ ကျွန်တော်တို့ရဲ့မြင်းနဲ့လှည်းကို အဖေရောင်းလိုက်ပြီး ဟောပြောခြင်းလုပ်ငန်းမှာ လူများများဆီ ရောက်နိုင်ဖို့ ၁၇၅ ဒေါ်လာနဲ့ ၁၉၁၄ ဖော့တ်ကားတစ်စီးကိုဝယ်ခဲ့တယ်။ ၁၉၁၉ နဲ့ ၁၉၂၂ မှာအဲဒီကားနဲ့ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မှာကျင်းပတဲ့ ကျမ်းစာကျောင်းသားတွေရဲ့ မှတ်သားထိုက်တဲ့စည်းဝေးကြီးတွေကို ကျွန်တော်တို့မိသားစုလိုက်တက်ခဲ့ကြတယ်။ကျွန်တော်တို့မိသားစုလိုက်—အမေ; အဖေ; အက်စ်တာ; ကျွန်တော်ညီဂျွန်နဲ့ ကျွန်တော်—လူထုဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ အိမ်ရှင်တစ်ယောက်က ကျွန်တော့်ကို ကျမ်းစာမေးခွန်းတစ်ခု ပထမဦးဆုံးအကြိမ်မေးတာ ကောင်းကောင်းမှတ်မိသေးတယ်။ ကျွန်တော် ခုနစ်နှစ်လောက်ပဲရှိသေးတယ်။ “လူလေး၊ အာမဂေဒုန်ဆိုတာ ဘာလဲ” လို့အဲဒီလူကမေးတယ်။ အဖေ့ရဲ့အကူအညီနဲ့ ကျမ်းစာအတိုင်း ဖြေနိုင်ခဲ့တယ်။
အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ခြင်း
၁၉၃၁ မှာအိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်စည်းဝေးကြီးကို ကျွန်တော်တို့မိသားစုလိုက် တက်ရောက်ခဲ့တယ်၊ အဲဒီမှာ ယေဟောဝါသက်သေများဆိုတဲ့ အမည်သစ်ကိုပါဝင်ခံယူရတာ ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်ခဲ့ကြရတယ်။ ဂျွန်က အရမ်းစိတ်လှုပ်ရှားခဲ့ပြီး သူနဲ့ကျွန်တော် ရှေ့ဆောင်လုပ်ငန်းမှာပါဝင်ရင်ကောင်းမယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ * ကျွန်တော်တို့ပါဝင်ခဲ့ကြသလို အမေ၊ အဖေနဲ့ အက်စ်တာတို့လည်း ပါဝင်ခဲ့ကြတယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းလုပ်ငန်းမှာ မိသားစုလိုက် စည်းစည်းလုံးလုံးပါဝင်ခဲ့ရတာ တန်ဖိုးရှိတဲ့ရတနာတစ်ခုပါပဲ! ဒီကောင်းချီးအတွက် ယေဟောဝါကို ကျေးဇူးတင်လို့မဆုံးပါဘူး။ ကျွန်တော်တို့အရမ်းပျော်ရွှင်ခဲ့ကြပေမဲ့ အဲဒါထက်ပိုပျော်စရာတွေက ရှိနေသေးတယ်။
၁၉၃၄၊ ဖေဖော်ဝါရီလမှာ နယူးယောက်၊ ဘရွတ်ကလင်က (ဗေသလလို့ခေါ်တဲ့) ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်မှာ ကျွန်တော်စပြီးအလုပ်လုပ်ခဲ့တယ်။ အပတ်အနည်းငယ်ကြာတော့ ဂျွန်လည်း ရောက်လာတယ်။ ၁၉၅၃ မှာသူ့ရဲ့ချစ်ဇနီး ဂျေစီနဲ့လက်မထပ်ခင်အထိ သူနဲ့အတူ ကျွန်တော်တစ်ခန်းတည်းနေခဲ့တယ်။
ဂျွန်နဲ့ကျွန်တော် ဗေသလကိုရောက်ပြီးတဲ့နောက် ကျွန်တော်တို့မိဘတွေက ဒေသအသီးသီးမှာ ရှေ့ဆောင်တာဝန်တွေကို လက်ခံယူခဲ့ကြတယ်၊ အက်စ်တာနဲ့ သူ့ခင်ပွန်းဂျော့ဂျ်ရီဒ်တို့လည်း အဖေအမေတို့နဲ့အတူ လိုက်ပါသွားကြတယ်။ ကျွန်တော်တို့ရဲ့မိဘတွေက ၁၉၆၃ မှာ သူတို့ရဲ့မြေကြီးအသက်တာမကုန်ဆုံးခင်အထိ ဆက်ပြီးရှေ့ဆောင်ခဲ့ကြတယ်။ အက်စတာနဲ့သူ့ခင်ပွန်းတို့က တကယ်ကောင်းတဲ့မိသားစုကို ပျိုးထောင်ခဲ့ကြလို့ ကျွန်တော့်မှာချစ်မြတ်နိုးရတဲ့ တူတွေ၊ တူမတွေရှိတဲ့ကောင်းချီးကို ခံစားရတယ်။
ဗေသလတွင် အလုပ်နှင့် ပေါင်းသင်းမှုများ
ဂျွန်ဟာ ဗေသလမှာ သူ့ရဲ့စက်မှုအတတ်ပညာကို အသုံးချပြီး သယ်ရလွယ်ကူတဲ့ ဓာတ်စက်တွေထုတ်လုပ်တဲ့စီမံကိန်းတွေမှာ တခြားဗေသလအိမ်သားတွေနဲ့ အတူတူအလုပ်လုပ်ခဲ့တယ်။ တစ်အိမ်မှတစ်အိမ်အမှုဆောင်တဲ့အချိန်မှာ အဲဒီစက်တွေကို ထောင်နဲ့ချီယေဟောဝါသက်သေတွေ အသုံးပြုခဲ့ကြတယ်။ နှစ်စဉ်ကြေးယူတဲ့သူတွေဆီ စာတိုက်ကနေ မဂ္ဂဇင်းတွေပို့ပေးဖို့ ထုပ်ပိုးပြီး တံဆိပ်ခေါင်းကပ်တဲ့စက်တွေကိုလည်း ပုံစံဆွဲပြီးပြုလုပ်တဲ့နေရာမှာလည်း ဂျွန်ပါဝင်ကူညီပေးခဲ့တယ်။
ကျွန်တော့်ရဲ့ဗေသလလုပ်ငန်းကို စာအုပ်ချုပ်ဌာနမှာ စခဲ့တာ။ အဲဒီတုန်းက စက်ရုံမှာအလုပ်လုပ်ခဲ့ကြတဲ့ တခြားလူငယ်တွေလည်း အခုထိ ဗေသလမှာ သစ္စာရှိရှိအမှုဆောင်နေတုန်းပဲ။ အဲဒီထဲမှာ ကယ်ရီ ဘာဘာနဲ့ ရောဘတ် ဟတ်စ်ဖဲ့လ်တ်တို့လည်းပါတယ်။ ကျွန်တော်သတိရနေသေးတဲ့ အခုတော့သေဆုံးသွားပြီဖြစ်ကြတဲ့ သူတွေထဲမှာ နေသန် နောရ်၊ ကားလ် ကလိန်း၊ လိုင်မယ်န် စွင်ဂယ်လ်၊ ကလောစ္စ ဂျင်စင်၊ ဂရန့်တ် စူတာ၊ ဂျော့ဂျ် ဂဲင်းဂက်စ်၊ အော့ရာန် ဟစ်ဘာတ်၊ ဂျွန် ဆီအောရ်စ်၊ ရောဘတ် ပဲန်၊ ချားလ်စ် ဖီကာလ်၊ ဘန်အို ဘွတ်ချက်ခ်နဲ့ ဂျွန် ပဲရီတို့လည်းပါတယ်။ သူတို့တွေဟာ မညည်းမညူ၊ “အခွင့်အရေး” ကိုတစ်ခါမှမမျှော်လင့်ဘဲ အလုပ်ကို ဇွဲနပဲနဲ့လုပ်ဆောင်ခဲ့ကြတယ်။ ဒါပေမဲ့ အဖွဲ့အစည်းကြီးလာတော့ အဲဒီတည်ကြည်တဲ့ ဝိညာဉ်တော်ဖွားခရစ်ယာန်တွေဟာ တာဝန်ကြီးကြီးတွေ ထမ်းခဲ့ကြရတယ်။ တချို့ဆိုရင် ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာတောင် အမှုထမ်းဆောင်ကြရတယ်။
ကိုယ်ကျိုးစွန့်တဲ့ ဒီညီအစ်ကိုတွေနဲ့အလုပ်လုပ်ရတာ အရေးကြီးသင်ခန်းစာတစ်ခုကို ကျွန်တော်ရရှိခဲ့တယ်။ လောကအလုပ်မှာ အလုပ်သမားတွေဟာ သူတို့လုပ်အားအတွက် လစာရကြတယ်။ အဲဒါက သူတို့ရဲ့ဆုငွေပဲ။ ဗေသလမှာအမှုဆောင်တဲ့အတွက် ဝိညာဉ်ရေးကောင်းချီးတွေ အများကြီးရတယ်၊ အဲဒီဆုကျေးဇူးတွေကို ဝိညာဉ်ရေးစိတ်ထားရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေပဲ တန်ဖိုးထားလေးမြတ်ကြတာ။—၁ ကောရိန္သု ၂:၆-၁၆။
၁၉၂၃ မှာဆယ်ကျော်သက်အရွယ်နဲ့ ဗေသလကိုရောက်လာ
တဲ့ နေသန် နောရ်ဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေမှာ စက်ရုံကြီးကြပ်မှူးဖြစ်လာတယ်။ စက်ရုံတစ်ရုံလုံးကို နေ့တိုင်း လမ်းလျှောက်ပြီး အလုပ်လုပ်တဲ့သူတစ်ယောက်ချင်းစီကို နှုတ်ဆက်ခဲ့တယ်။ ဗေသလကိုရောက်ခါစဖြစ်တဲ့ ကျွန်တော်တို့ဟာ ဒီလိုမျိုးပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြတဲ့အတွက် တကယ်ကျေးဇူးတင်ခဲ့ကြတယ်။ ၁၉၃၆ မှာဂျာမနီနိုင်ငံကနေ ပုံနှိပ်စက်အသစ်တစ်လုံးရောက်လာတယ်၊ လူငယ်ညီအစ်ကိုအချို့က အဲဒီစက်တပ်ဆင်ဖို့ အတော်လေးကြိုးစားခဲ့ကြရတယ်။ ဒါနဲ့ ညီအစ်ကိုနောရ်ဟာ အပေခံဝတ်စုံကိုဝတ်ပြီး စက်လည်ပတ်တဲ့အထိ တစ်လကျော်ကျော် သူတို့နဲ့အတူအလုပ်လုပ်ခဲ့တယ်။ညီအစ်ကိုနောရ်ဟာ တကယ်အလုပ်ကြိုးစားလုပ်တဲ့သူဖြစ်တယ်၊ ကျွန်တော်တို့အများစုက သူ့လိုမလုပ်နိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ဘယ်လိုအပန်းဖြေရမယ်ဆိုတာကိုလည်း သူသိတယ်။ ၁၉၄၂၊ ဇန်နဝါရီလမှာ ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ရတဲ့တာဝန်ကို သူရပြီးတဲ့နောက်မှာတောင် တစ်ခါတလေ နယူးယောက်၊ တောင်လန်စင်းအနားက ကျောင်းဝင်းထဲမှာ ဗေသလမိသားစုတွေနဲ့ ဂိလဒ်သာသနာပြုကျောင်းသားတွေနဲ့အတူ ဘေ့စ်ဘောကစားခဲ့တယ်။
၁၉၅၀၊ ဧပြီလမှာ နယူးယောက်၊ ဘရွတ်ကလင်၊ ၁၂၄ ကိုလံဘီယာ ဟိုက်စ်မှာရှိတဲ့ ဆောက်ပြီးခါစ ဆယ်ထပ်ရှိတဲ့ လူနေအိမ်အဆောက်အအုံကို ဗေသလမိသားစု ပြောင်းရွှေ့ခဲ့ကြတယ်။ ထမင်းစားခန်းအသစ်ထဲမှာ ကျွန်တော်တို့အားလုံး အတူတူအစာစားလို့ရပြီ။ အဲဒီအိမ်ကိုဆောက်နေတဲ့ သုံးနှစ်တာအချိန်မှာ နံနက်ဝတ်ပြုမှုအစီအစဉ်ကို မပြုလုပ်နိုင်ခဲ့ကြဘူး။ ဒီအစီအစဉ်ကိုပြန်စတင်နိုင်တဲ့အချိန်ဟာ တကယ်ကိုပျော်စရာကောင်းတဲ့အချိန်ပါ! ကျွန်တော်တို့မိသားစုရဲ့ လူသစ်တွေရဲ့နာမည်တွေကို ညီအစ်ကိုနောရ်မှတ်မိနိုင်အောင် ကူညီပေးဖို့ ကျွန်တော့်ကိုသဘာပတိစားပွဲ သူ့အနားမှာထိုင်ခိုင်းတယ်။ အနှစ် ၅၀ အထိ နံနက်ဝတ်ပြုမှုနဲ့မနက်စာစားဖို့ ဒီခုံမှာ ကျွန်တော်ထိုင်ခဲ့ရတယ်။ နောက်တော့ ၂၀၀၀၊ ဩဂုတ်လ ၄ ရက်မှာ ဒီထမင်းစားခန်းကို ပိတ်လိုက်ပြီး အရင်တာဝါစ်ဟိုတယ်ဟောင်းမှာ ပြုပြင်ထားတဲ့ထမင်းစားခန်းတစ်ခန်းမှာ ကျွန်တော့်ကိုတာဝန်ချခဲ့တယ်။
၁၉၅၀ ပြည့်လွန်နှစ်တွေမှာ စက်ရုံမှာရှိတဲ့ လိုင်နိုတိုက်ပ်စက်တပ်ထားတဲ့ စက်ရုံမှာ တစ်ခဏလောက် အလုပ်လုပ်ခဲ့ရတယ်၊ အဲဒီမှာ ပုံနှိပ်ပြားတွေပြုလုပ်တဲ့အပိုင်းအနေနဲ့ စာရွက်တွေပေါ်မှာစာစီရမယ့် ဗလာခဲပြားတွေကို ပြင်ဆင်ပေးခဲ့ရတယ်။ အဲဒီအလုပ်ကို ကျွန်တော်သိပ်မကြိုက်ပေမဲ့ စက်တွေကိုတာဝန်ယူရတဲ့ ဝီလျံ ပီတာဆန်က ကျွန်တော့်အပေါ် သိပ်ကောင်းတဲ့အတွက် အဲဒီမှာအလုပ်လုပ်ရတာ ဘာပဲဖြစ်ဖြစ်ကျွန်တော်ပျော်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၀ ကျတော့ ၁၀၇ ကိုလံဘီယာ ဟိုက်စ်မှာ ဆောက်ခါစအိမ်သစ်ကို ဆေးသုတ်ဖို့ စေတနာ့ဝန်ထမ်းတွေ လိုအပ်လာတယ်။ တိုးများလာတဲ့ ဗေသလအိမ်သားတွေအတွက် ဒီအဆောက်အအုံအသစ်ကို ပြင်ဆင်ပေးဖို့ လုပ်အားပေးရတာ ကျွန်တော်အရမ်းကိုပျော်တာပဲ။
၁၀၇ ကိုလံဘီယာ ဟိုက်စ်အဆောက်အအုံကို ဆေးသုတ်ပြီးလို့ မကြာခင်မှာ ဗေသလကိုအလည်လာတဲ့ ဧည့်သည်တွေကို ကြိုဆိုရမယ့် ကျွန်တော်ကြိုက်တဲ့တာဝန်ရတဲ့အတွက် အံ့အားသင့်သွားတယ်။ ဧည့်ကြိုအဖြစ် ကျွန်တော်အမှုဆောင်ခဲ့ရတဲ့ လွန်ခဲ့တဲ့အနှစ် ၄၀ ဟာလည်း ဗေသလမှာ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ ဘယ်အလုပ်မဆိုလိုပါပဲ တကယ်ပျော်စရာကောင်းတယ်။ ဗေသလကိုရောက်လာကြတဲ့ ဧည့်သည်တွေပဲဖြစ်ဖြစ်၊ ဗေသလအိမ်သားအသစ်တွေပဲဖြစ်ဖြစ် ဘုရားသခင့်နိုင်ငံတော်တိုးပွားမှုအတွက် ကျွန်တော်တို့စုပေါင်းကြိုးစားလုပ်ဆောင်ခြင်းရဲ့ရလဒ်ကို သုံးသပ်ရတာဟာ တကယ်ဝမ်းသာပီတိဖြစ်စရာပါပဲ။
စိတ်အားထက်သန်သော ကျမ်းစာကျောင်းသားများ
ကျွန်တော်တို့ရဲ့ဗေသလမိသားစုဟာ သမ္မာကျမ်းစာကို ချစ်မြတ်နိုးကြတဲ့အတွက် ဝိညာဉ်ရေးမှာကြွယ်ဝကြတယ်။ ဗေသလကို ကျွန်တော် စရောက်ချိန်က စာစိစစ်ဖတ်ရှုရတဲ့ အမ်မာ ဟမ်မင်တန်ကို ကျမ်းစာဖတ်တာ ဘယ်နှစ်ကြိမ်ရှိပြီလဲလို့ ကျွန်တော်မေးခဲ့တယ်။ “သုံးဆယ့်ငါးခါဖတ်ပြီးတဲ့နောက်မှာ မရေတွက်ထားတော့ဘူး” လို့သူပြန်ဖြေပါတယ်။ အဲဒီအချိန်မှာပဲ ဗေသလမှာအမှုဆောင်နေတဲ့ အန်တင် ကီရ်ဘာဆိုတဲ့ အမာခံခရစ်ယာန်နောက်တစ်ယောက်ကလည်း “လက်လှမ်းမီနိုင်တဲ့နေရာမှာ ကျမ်းစာအမြဲရှိနေပါစေ” လို့ပြောလေ့ရှိတယ်။
၁၉၁၆ မှာညီအစ်ကိုရပ်စယ်လ်ဆုံးပြီးတဲ့နောက် သူထမ်းဆောင်ခဲ့တဲ့အဖွဲ့အစည်းတာဝန်တွေကို ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်က တာဝန်ယူခဲ့တယ်။ ရှေ့နေဖြစ်တဲ့ရပ်သဖော့ဒ်ဟာ အမေရိကန်တရားရုံးချုပ်ရှေ့မှာ ယေဟောဝါသက်သေတွေရဲ့အမှုတွေကို လျှောက်လဲချက်တင်ခဲ့တဲ့ အားမာန်ပါပါ၊ ပိုင်ပိုင်နိုင်နိုင်နဲ့ ဟောပြောချက်ပေးနိုင်သူဖြစ်တယ်။ ၁၉၄၂ မှာရပ်သဖော့ဒ်ကွယ်လွန်ပြီးနောက် သူ့ရဲ့နေရာကို ညီအစ်ကိုနောရ်ယူခဲ့ပြီး လူထုဟောပြောချက်ပေးတဲ့ သူ့ရဲ့စွမ်းရည်တိုးတက်ဖို့ အပတ်တကုတ်ကြိုးစားခဲ့တယ်။ သူ့ရဲ့အခန်းနားမှာ ကျွန်တော်နေခဲ့တဲ့အတွက် သူ့ရဲ့ဟောပြောချက်တွေကို ထပ်ခါတလဲလဲလေ့ကျင့်နေတာကို ကျွန်တော် မကြာခဏကြားရတယ်။ ကြာလာတော့ ဒီလိုဇွဲရှိရှိကြိုးစားတဲ့အတွက် သူဟာ တကယ်တော်တဲ့ လူထုဟောပြောချက်ပေးသူတစ်ယောက်ဖြစ်လာတယ်။
၁၉၄၂၊ ဖေဖော်ဝါရီလမှာ သွန်သင်ခြင်းနဲ့ ဟောပြောခြင်းစွမ်းရည်တိုးတက်ဖို့ ဗေသလမှာရှိတဲ့ ညီအစ်ကိုတွေအားလုံးကို ကူညီပေးတဲ့အစီအစဉ်တစ်ခုကို
ညီအစ်ကိုနောရ်စီစဉ်ပေးခဲ့တယ်။ ဒီကျောင်းက ကျမ်းစာသုတေသနပြုလုပ်ဖို့နဲ့ လူထုဟောပြောချက်ပေးဖို့အတွက် အဓိကအာရုံစိုက်တယ်။ အဲဒီအစီအစဉ်ကိုစတဲ့အချိန်မှာ ကျမ်းစာဇာတ်ကောင်တွေအကြောင်း ကျွန်တော်တို့တစ်ယောက်ချင်းစီ ဟောပြောချက်ပေးဖို့ တာဝန်ရခဲ့တယ်။ ကျွန်တော်ဦးဆုံးဟောပြောရတာက မောရှေအကြောင်းပါပဲ။ ၁၉၄၃ မှာအလားတူကျောင်းမျိုးကို ယေဟောဝါသက်သေတွေရဲ့အသင်းတော်တွေမှာ စတင်ခဲ့ပြီး ဒီနေ့အထိ ဆက်ရှိနေတုန်းပါ။ ဗေသလမှာ ကျမ်းစာအသိပညာကို ဆည်းပူးလေ့လာဖို့နဲ့ ထိရောက်တဲ့သွန်သင်နည်းတွေ တိုးတက်ဖို့ အဓိကထားနေဆဲပါပဲ။၁၉၄၃၊ ဖေဖော်ဝါရီလမှာ ဂိလဒ်သာသနာပြုကျောင်းရဲ့ ပထမဦးဆုံးသင်တန်းဖွင့်ခဲ့တယ်။ အခုဆိုရင် ၁၁၁ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းဆင်းခါစပဲရှိသေးတယ်! အဲဒီကျောင်းကိုဖွင့်ခဲ့တဲ့ နှစ်ပေါင်း ၅၈ နှစ်ကျော်အတွင်း ကမ္ဘာအနှံ့မှာ ခရစ်ယာန်သာသနာပြုတွေအနေနဲ့ အမှုဆောင်ကြဖို့ သင်တန်းသား ၇,၀၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ပြီးပြီ။ ထူးခြားတာကတော့ အဲဒီကျောင်းဖွင့်တဲ့အချိန် ၁၉၄၃ မှာကမ္ဘာတစ်ဝန်း ယေဟောဝါသက်သေအရေအတွက်ဟာ ၁၀၀,၀၀၀ ကျော်လောက်ပဲရှိတာ။ အခုဆိုရင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာနေတဲ့သူ ၆,၀၀၀,၀၀၀ ကျော်သွားပါပြီ!
ကျွန်တော့်ရဲ့ဝိညာဉ်ရေးအမွေကို ကျေးဇူးတင်ခြင်း
ဂိလဒ်ကျောင်းမဖွင့်ခင်ကလေးမှာ အမေရိကန်ပြည်ထောင်စုတစ်နိုင်ငံလုံးမှာရှိတဲ့ အသင်းတော်တွေဆီ လည်ပတ်ဖို့ ဗေသလက ကျွန်တော်တို့သုံးယောက်ကို တာဝန်ပေးခဲ့တယ်။ အဲဒီအသင်းတော်တွေကို ဝိညာဉ်ရေးဘက် ကြိုးစားအားပေးဖို့ တစ်ရက်၊ ရက်အနည်းငယ် ဒါမှမဟုတ် တစ်ပတ်အထိ ကျွန်တော်တို့နေခဲ့ကြရတယ်။ နောက်ပိုင်းမှာ တိုက်နယ်အမှုထမ်း ဒါမှမဟုတ် တိုက်နယ်ကြီးကြပ်မှူးလို့ ပြောင်းလဲခေါ်ခဲ့တဲ့ ညီအစ်ကိုများ၏အမှုထမ်းများလို့ ကျွန်တော်တို့ကိုခေါ်ခဲ့ကြတယ်။ ဒါပေမဲ့ ဂိလဒ်ကျောင်းဖွင့်ပြီး မကြာခင်မှာ ဗေသလပြန်လာပြီး သင်တန်းပေးဖို့ ကျွန်တော့်ကိုပြန်ခေါ်ခဲ့တယ်။ သင်တန်းအမှတ်စဉ် ၂ ကနေ ၅ အထိတောက်လျှောက် နည်းပြအနေနဲ့ ကျွန်တော်အမှုဆောင်ခဲ့ပြီး ၁၄ ကြိမ်မြောက်သင်တန်းမှာ အမြဲတမ်းနည်းပြတစ်ယောက်အစား သင်ပေးခဲ့ရသေးတယ်။ ယေဟောဝါသက်သေတွေရဲ့ မျက်မှောက်ခေတ်သမိုင်းရဲ့ မှတ်သားလောက်တဲ့ အရင်အဖြစ်အပျက်တွေထဲက ကျွန်တော်ကိုယ်တိုင်တွေ့ကြုံခဲ့တာတွေကိုပါ ကျောင်း
သားတွေနဲ့ ပြန်ဆွေးနွေးနိုင်ခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ကြွယ်ဝတဲ့ ဝိညာဉ်ရေးအမွေကို ပိုလို့တောင်တန်ဖိုးထားမိပါတယ်။နှစ်တွေတစ်လျှောက်မှာ ကျွန်တော်ခံစားခဲ့ရတဲ့ အခွင့်အရေးကောင်းနောက်တစ်ခုကတော့ ယေဟောဝါလူမျိုးရဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွေကို တက်ရောက်ရတာဖြစ်တယ်။ ၁၉၆၃ မှာ “ထာဝရသတင်းကောင်း” စည်းဝေးကြီးတွေကို တက်ရောက်ဖို့ အခြားကိုယ်စားလှယ် ၅၀၀ ကျော်နဲ့အတူ ကမ္ဘာလှည့်ခဲ့တယ်။ ကျွန်တော်တက်ရောက်ခဲ့တဲ့ သမိုင်းဝင်အခြားစည်းဝေးကြီးတွေကတော့ ၁၉၈၉ မှာပိုလန်နိုင်ငံ၊ ဝါဆောမြို့; ၁၉၉၀ မှာဂျာမနီနိုင်ငံ၊ ဘာလင်မြို့; ၁၉၉၃ မှာရုရှားနိုင်ငံ၊ မော်စကိုမြို့တွေမှာ ကျင်းပတဲ့စည်းဝေးကြီးတွေပဲ။ အဲဒီစည်းဝေးကြီးတွေမှာ နာဇီအစိုးရ၊ ကွန်မြူနစ်အစိုးရ ဒါမှမဟုတ် အဲဒီအစိုးရနှစ်ခုစလုံးလက်အောက်မှာ ဆယ်စုနှစ်ချီ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ကျွန်တော်တို့ချစ်မြတ်နိုးရတဲ့ ညီအစ်ကို၊ ညီအစ်မတချို့နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ တကယ်ကိုယုံကြည်ခြင်းခိုင်ခံ့စေတဲ့ တွေ့ကြုံမှုတွေပါ!
ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်တော့်ရဲ့ဘဝဟာ တကယ်ပဲကြွယ်ဝချမ်းသာခဲ့ပါတယ်! ဝိညာဉ်ရေးကောင်းချီးတွေရရှိတာ တစ်ခါမှမပြတ်လပ်ခဲ့ပါဘူး။ ရုပ်ပစ္စည်းကြွယ်ဝမှုနဲ့မတူဘဲ အဲဒီတန်ဖိုးရှိရာတွေကို များများပေးကမ်းလေ၊ များများကောင်းကျိုးခံစားရလေပါပဲ။ ယေဟောဝါသက်သေအဖြစ် မကြီးပြင်းလာရင်ကောင်းသားလို့ တချို့ပြောသံကို ကျွန်တော်တစ်ခါတလေကြားရတယ်။ ဘုရားသခင့်အဖွဲ့အစည်းအပြင်ဘက်မှာ အရင်ကျင်လည်ခဲ့မယ်ဆိုရင် ကျမ်းစာအမှန်တရားကို ပိုပြီးမြတ်နိုးမှာပဲလို့ သူတို့ပြောကြတယ်။
လူငယ်တွေ အဲဒီလိုပြောတာကို ကြားရတဲ့အခါ ကျွန်တော် အမြဲတမ်းပဲ စိတ်အနှောင့်အယှက်ဖြစ်တယ်၊ တကယ်တော့ ယေဟောဝါရဲ့နည်းလမ်းတော်ကိုသိတဲ့ပညာနဲ့ ကြီးပြင်းလာတာမကောင်းဘူးလို့ ပြောနေတာနဲ့အတူတူပဲ။ တကယ်ဆိုရင် ဘဝနှောင်းပိုင်းမှ ကျမ်းစာအမှန်တရားကို တွေ့ရှိတဲ့သူတွေ ဖျောက်ဖျက်ရမယ့် အကျင့်ဆိုးတွေ၊ ယိုယွင်းတဲ့အတွေးအခေါ်တွေကို စဉ်းစားကြည့်ပါ။ ဖြောင့်မတ်တဲ့လမ်းစဉ်အတိုင်း သားသမီးသုံးယောက်စလုံးကို ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့အတွက် ကျွန်တော့်ရဲ့မိဘတွေကို ကျေးဇူးတင်မဆုံးဘူး။ ဂျွန်ဟာ သူသေဆုံးသွားတဲ့ ၁၉၈၀၊ ဇူလိုင်လအထိ ယေဟောဝါရဲ့သစ္စာရှိကျေးကျွန်တစ်ယောက်အဖြစ် ဆက်ရပ်တည်ခဲ့ပြီး အက်စ်တာလည်း အခုထိ သစ္စာရှိသက်သေခံတစ်ဦးအဖြစ် ရပ်တည်နေလျက်ပါ။
သစ္စာရှိခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေနဲ့ ပေါင်းဖော်ခဲ့ရတာကို ပြန်သတိရပြီး ပျော်မိတယ်။ အခုဆိုရင် ဗေသလမှာ ကျွန်တော်အမှုဆောင်တာ ၆၇ နှစ်ကျော်ရှိသွားပြီ။ ကျွန်တော် အိမ်ထောင်မပြုခဲ့ပေမဲ့ ကျွန်တော့်မှာ ဝိညာဉ်ရေးသားသမီးတွေအပြင် မြေးမြစ်တွေအများကြီးရှိတယ်။ နောက်ထပ်တွေ့ဆုံပေါင်းဖော်ရဦးမယ့် ကမ္ဘာချီဝိညာဉ်ရေးမိသားစုထဲက ချစ်ခင်စရာကောင်းတဲ့ လူသစ်တွေအကြောင်း စဉ်းစားလိုက်ရင် ကျွန်တော်ပျော်ရွှင်မိတယ်၊ သူတို့တစ်ယောက်စီလည်း အဖိုးထိုက်သူတွေပဲ။ ‘ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏’ ဆိုတဲ့စကားဟာ တကယ်ပဲမှန်လိုက်တာ!—သု. ၁၀:၂၂။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 16 ၁၉၃၂၊ မတ် ၈ ရက်နေ့မှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ ဒါကြောင့် ရှေ့ဆောင်မယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီးမှ နှစ်ခြင်းခံခဲ့တာ။
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
လက်ဝဲမှ လက်ယာဘက်သို့– အဖေ့ပေါင်ပေါ်မှာ ကျွန်တော့်ညီဂျွန်၊ အက်စ်တာ၊ ကျွန်တော်နဲ့ ကျွန်တော့်အမေ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၄၅ ခုနှစ်တွင် ဂိလဒ်သင်တန်းတစ်ခု၌ ပို့ချနေခြင်း
အထက်လက်ယာ– ဂိလဒ်ကျောင်းနည်းပြများ အဲဒ်ဝါးဒို ကယ်လာ၊ ဖရက် ဖရန့်ဇ်၊ ကျွန်တော်နဲ့ အဲလ်ဘတ် ရှရိုးဒါ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ယေဟောဝါ၏လုပ်ငန်းတော်တွင် ကျွန်တော်၏ကြွယ်ဝသောဘဝကို ပြန်လည်သုံးသပ်နေခြင်း