လေ့ကျင့်ထားသည့် သိစိတ် အသင်လိုအပ်
လေ့ကျင့်ထားသည့် သိစိတ် အသင်လိုအပ်
အန္တာတိကတိုက်သို့ ပျံသန်းသည့် နယူးဇီလန်လေကြောင်းမှ လေယာဉ်အမှတ် ၉၀၁ တွင် စီးနင်းလိုက်ပါလာကြသော ခရီးသည်များနှင့် လေယာဉ်အမှုထမ်းတို့သည် မှတ်မှတ်ရရဖြစ်မည့် နေ့တစ်နေ့ကို စောင့်မျှော်ခဲ့သည်။ ဒီစီ-၁၀ လေယာဉ်ကြီးသည် ဖြူလှပ်လှပ်တိုက်ကြီးပေါ်သို့ဆင်းလာစဉ် အပေါ်စီးမှ ခံ့ညားထည်ဝါသောမြင်ကွင်းကို အနီးကပ်ရိုက်ယူရန် ကင်မရာများ အသင့်ချိန်ထားသော စီးနင်းလိုက်ပါလာသူလူအုပ်သည် ပျော်ရွှင်နေကြ၏။
ကပ္ပတိန်ဖြစ်သူ၊ လုပ်သက် ၁၅ နှစ်ရှိလေယာဉ်မှူးသည် စုစုပေါင်းပျံသန်းချိန် နာရီ ၁၁,၀၀၀ ကျော် ရှိလေပြီ။ သူသည် မပျံသန်းမီ ပျံသန်းမည့်ခရီးစဉ်ကို လေယာဉ်ပေါ်ရှိကွန်ပျူတာထဲ ဂရုစိုက်ထည့်သွင်းခဲ့သည်၊ သို့သော် သူ့အားပေးခဲ့သော တည်နေရာပြကိန်းဂဏန်းများမှာ မမှန်ကန်ကြောင်း သူသတိမပြုမိချေ။ အမြင့်ပေ ၂,၀၀၀ အောက်သာရှိသော မိုးတိမ်တိုက်တစ်ခုထဲ ဖြတ်သန်းခဲ့ရာ ၎င်းဒီစီ-၁၀ သည် အာရဘတ်စ်တောင်၏ အနိမ့်ပိုင်းဆင်ခြေလျှောကို ဝင်တိုက်လိုက်ရာ စီးနင်းလိုက်ပါလာသူ ၂၅၇ ဦးစလုံး အသက်ဆုံးရှုံးရကြလေသည်။
ယနေ့ လေယာဉ်ပျံများသည် ဝေဟင်တွင်ပျံသန်းဖို့ လမ်းညွှန်ပေးရန် ကွန်ပျူတာများကို အားထားကြရသကဲ့သို့ လူသားတို့၏ဘဝခရီးစဉ်တစ်လျှောက် လမ်းညွှန်မှုရရှိရန် သိစိတ်ကို ပေးထားသည်။ အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာ လေယာဉ်အမှတ် ၉၀၁ ၏အဖြစ်သနစ်က ကျွန်ုပ်တို့၏သိစိတ်နှင့်ပတ်သက်၍ လေးနက်သောသင်ခန်းစာအချို့ကို ကျွန်ုပ်တို့အား ရရှိစေသည်။ ဥပမာ၊ စိတ်ချရသောအဆိုပါပျံသန်းမှုသည် လျောက်ပတ်စွာလည်ပတ်နေသည့် လေကြောင်းပြစနစ်နှင့် တိကျသောအညွှန်းများအပေါ် မူတည်သည့်နည်းတူ ကျွန်ုပ်တို့၏ ဝိညာဉ်ရေး၊ ကိုယ်ကျင့်တရားနှင့် ကာယရေးကောင်းကျိုးပင်လျှင် ကိုယ်ကျင့်တရားဆိုင်ရာ မှန်ကန်သောအညွှန်းများဖြင့် လမ်းညွှန်ပေးခံရသော တုံ့ပြန်သည့်သိစိတ်အပေါ် မူတည်၏။
ဝမ်းနည်းစရာကား ယနေ့ဤလောကတွင် ထိုသို့သောအညွှန်းများ အလျင်အမြန်ပျောက်ကွယ်သွားလျက်ရှိသည်၊ သို့မဟုတ် ၎င်းတို့ကို လုံးဝလျစ်လျူရှုကြ၏။ အမေရိကန်ဆရာမတစ်ဦးက “ယနေ့ အမေရိကန်နိုင်ငံရှိ သာမန်ကျောင်းသားတစ်ဦးသည် စာမဖတ်နိုင်၊ မရေးနိုင်၊ မြေပုံပေါ်တွင် ပြင်သစ်နိုင်ငံကို ရှာရန် အခက်အခဲတွေ့ကြောင်း ကျွန်မတို့အတော်ပင်ကြားသိကြရသည်” ဟု ဆိုသည်။ “အဆိုပါကျောင်းသားသည် အမှားနှင့်အမှန်ကို ဝေခွဲရန်လည်း အမှန်ပင်ခဲယဉ်း၏။ မရေးတတ်မဖတ်တတ်ခြင်း၊ သင်္ချာမတွက်တတ်ခြင်းနှင့်အတူ ပညာရေးဆိုင်ရာပြဿနာများစာရင်းတွင် ကိုယ်ကျင့်တရားနှင့်စပ်လျဉ်း၍ အလွန်ရှုပ်ထွေးမှုကိုပါ ထည့်သွင်းရမည်။” သူက “ယနေ့ လူငယ်များသည် မရေရာသောကိုယ်ကျင့်တရားဖြင့် အသက်ရှင်နေထိုင်ကြသည်။ သူတို့ထဲမှတစ်ဦးဦးကို ‘အမှားနှင့် အမှန်’ ဟူ၍ရှိ၊ မရှိ မေးမြန်းခဲ့လျှင် စိတ်ရှုပ်ထွေးသွားကာ၊ အာစေးမိ ရင်တုန်ပန်းတုန်နှင့် ဇဝေဇဝါဖြစ်သွားသည်ကို သင်ရုတ်တရက်ရင်ဆိုင်ရပေလိမ့်မည်၊ . . . ဤသူတို့သည် ကောလိပ်တက်သောအခါ ဤရှုပ်ထွေးမှု လျော့နည်းသွားမည့်အစား ပို၍ပင်ဆိုးရွားလာလေသည်” ဟုပြောပြခဲ့သည်။
ဤသို့ရှုပ်ထွေးရခြင်း၏ အကြောင်းတစ်ခုမှာ တစ်ဦးစီ သို့မဟုတ် ယဉ်ကျေးမှုအကြိုက်အလိုက် စံနှုန်းများ ကွဲလွဲသည်ဟု အနှံ့အပြားလက်ခံယုံကြည်ကြသည့် ကိုယ်ကျင့်တရားဆိုင်ရာ ဆက်နွှယ်ခြင်းပြဝါဒကြောင့်ဖြစ်သည်။ လေယာဉ်မှူးများသည် လေကြောင်းခရီးကို သတ်မှတ်ထားသောအညွှန်းများအတိုင်းမဟုတ်ဘဲ မှန်းဆ၍မရနိုင်အောင် ရွေ့လျားနေသည့်အပြင် တစ်ခါတစ်ရံလုံးဝပျောက်ကွယ်သွားတတ်သော အချက်ပြမီးများကို အားကိုးမောင်းနှင်ခဲ့ကြမည်ဆိုလျှင် မည်သို့ဖြစ်မည်ကို စဉ်းစားကြည့်ပါလေ! အာရဘတ်စ်တောင်တွင်ဖြစ်ခဲ့သော ဘေးအန္တရာယ်မျိုး မကြာခဏကြုံတွေ့ရမည်မှာ သေချာသည်။ အလားတူစွာ သတ်မှတ်ထားသောကိုယ်ကျင့်တရားစံနှုန်းများကို မလိုက်နာခြင်းကြောင့် ဤကမ္ဘာကြီးသည် အိမ်ထောင်ရေးဖောက်ပြန်မှုဖြင့် မိသားစုများပြိုကွဲကာ အေအိုင်ဒီအက်စ် သို့မဟုတ် အခြားလိင်ဆိုင်ရာကူးစက်ရောဂါများရသူ သန်းနှင့်ချီရှိသဖြင့် စိတ်ဆင်းရဲမှုနှင့် သေခြင်းကို တိုး၍ရိတ်သိမ်းလာနေကြရ၏။
ကိုယ်ကျင့်တရားဆိုင်ရာ ဆက်နွှယ်ခြင်းပြဝါဒဟုဆိုသော် ခေတ်မီသယောင်ရှိသော်လည်း အမှန်စင်စစ် ယင်းကို လိုက်စားသူတို့သည် “ကိုယ့်လက်ယာလက်နှင့်လက်ဝဲလက်ကို” ပိုင်းခြား၍မသိခဲ့ကြသော ရှေးနိနေဝေမြို့သားများနှင့်တူသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ဆက်နွှယ်ခြင်းပြဝါဒီများသည် “မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်း” ဟုပြောဆိုခဲ့ကြသော အယူဖောက်ပြန်သူဣသရေလများနှင့် အတူတူပင်ဖြစ်သည်။—ယောန ၄:၁၁; ဟေရှာယ ၅:၂၀။
သို့ဖြစ်၍ ကျွန်ုပ်တို့၏သိစိတ်သည် စိတ်ချရသောလမ်းညွှန်ဖြစ်စေဖို့ ၎င်းကိုလေ့ကျင့်ပေးရန် ရှင်းလင်းပြတ်သား၍ ဒွိဟကင်းသောပညတ်များနှင့် မူများကို အဘယ်နေရာမှ ရရှိနိုင်မည်နည်း။ သမ္မာကျမ်းစာက ၂ တိမောသေ ၃:၁၆၊ ၁၇) သမ္မာကျမ်းစာကို ယုံကြည်စိတ်ချနိုင်ကြောင်း ရာစုနှစ်ချီထင်ရှားခဲ့ပြီ။ သမ္မာကျမ်းစာ၏ကိုယ်ကျင့်တရားစံနှုန်းများကို အမြင့်မားဆုံးသောအာဏာပိုင်၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကိုယ်တော်တိုင် ပြဋ္ဌာန်းထားခဲ့သောကြောင့် ၎င်းတို့သည် လူသားအားလုံးနှင့် သက်ဆိုင်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် မသေချာမရေရာသောကိုယ်ကျင့်တရားဖြင့် အသက်ရှင်နေထိုင်ရန်အကြောင်း မရှိချေ။
ထိုလိုအပ်ရာကိုကျေနပ်လောက်အောင် ဖြည့်ဆည်းပေးကြောင်း သန်းပေါင်းများစွာသောသူတို့ တွေ့ရှိခဲ့ကြပြီ။ ကိုယ်ကျင့်တရားမှသည် အလုပ်ကျင့်ဝတ်အထိနှင့် ကလေးကိုလေ့ကျင့်ပေးခြင်းမှသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအထိ အရေးကြီးသောအဘယ်အချက်အလက်ကိုမျှ သမ္မာကျမ်းစာ၌ မချန်လှပ်ထားချေ။ (သို့သော် ယနေ့ သင်၏သိစိတ်သည် တစ်ကြိမ်တစ်ခါနှင့်မျှမတူအောင် ထိုးနှက်ခံနေရသည်။ ယင်းသည် မည်သို့ဖြစ်နိုင်မည်နည်း။ ထို့အပြင် သင်၏သိစိတ်ကို မည်သို့စောင့်ရှောက်နိုင်မည်နည်း။ ထိုးနှက်မှုလာရာပင်ရင်းနှင့် သူ၏နည်းဗျူဟာကို သိရှိခြင်းက ပညာရှိလမ်းစဉ်ဖြစ်သည်။ ယင်းတို့ကို နောက်ဆောင်းပါးတွင် ဆွေးနွေးတင်ပြပါမည်။