ရွှေပညတ် ယင်းသည် လက်တွေ့ကျ
ရွှေပညတ် ယင်းသည် လက်တွေ့ကျ
ယေရှုမိန့်ဆိုခဲ့သည့် ရွှေပညတ်ကို ကျင့်ဝတ်ဆိုင်ရာ သွန်သင်ချက်တစ်ရပ်အဖြစ် လူအများ ရှုမြင်ကြသော်လည်း ကိုယ်တော်က ဤသို့ဆိုသည်– “ငါဟောသော [တရား] သည် ငါ၏ [တရား] မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ [တရား] ဖြစ်၏။”—ယောဟန် ၇:၁၆။
မှန်ပါသည်၊ ရွှေပညတ်အဖြစ် လူသိများလာသည့် သွန်သင်ချက်အပါအဝင် ယေရှုသွန်သင်ခဲ့သမျှကိုအစပြုသူမှာ ယေရှုအားစေလွှတ်တော်မူခဲ့သော ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ဖြစ်သည်။
လူခပ်သိမ်းသည် မိမိအား သူတစ်ပါးဆက်ဆံစေလိုသကဲ့သို့ အခြားသူများကိုဆက်ဆံရန် မူလကတည်းက ဘုရားသခင်ရည်ရွယ်တော်မူခဲ့၏။ လူကိုဖန်ဆင်းရာတွင် အခြားသူများ၏အကျိုးကို လိုလားတော်မူကြောင်းဖော်ပြရန် အကောင်းဆုံးပုံသက်သေကို ကိုယ်တော်ချမှတ်ခဲ့သည်– “ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား လူမိန်းမကိုဖန်ဆင်း” တော်မူ၏။ (ကမ္ဘာဦး ၁:၂၇) ဆိုလိုသည်မှာ ဘုရားသခင်သည် မိမိ၏ထူးခြားသောအရည်အသွေးများကို လူသားများတွင် မေတ္တာပါစွာ အတော်အသင့်ထည့်သွင်းပေးထား၏၊ သို့ဖြင့် သူတို့သည် ငြိမ်းချမ်းပျော်ရွှင်စွာ ထာဝစဉ်အသက်ရှင်ရန်အလားအလာနှင့် ဘဝကိုမွေ့လျော်နိုင်ကြမည်ဖြစ်သည်။ သူတို့၏ဘုရားသခင်ပေးအသိစိတ်ကို ကောင်းစွာလေ့ကျင့်ပေးသောအခါ မိမိတို့အား သူတစ်ပါးဆက်ဆံစေလိုသကဲ့သို့ သူတစ်ပါးကိုဆက်ဆံရန် လမ်းညွှန်ပေးမည်ဖြစ်သည်။
တစ်ကိုယ်ကောင်းစိတ် လွှမ်းမိုးလာ
လူသားသည် ထိုမျှကောင်းမွန်သောအစဖြင့် ဘဝကိုစတင်ခဲ့ရာ နောက်ပိုင်း၌ အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ ရိုးရိုးပြောရလျှင် စက်ဆုပ်ဖွယ်ကြန်အင်ဖြစ်သော တစ်ကိုယ်ကောင်းဆန်ခြင်းကို စတင်ဖော်ပြလာကြသည်။ ပထမလူသားမောင်နှံသည် အဘယ်အရာပြုလုပ်ခဲ့ကြောင်း ကမ္ဘာဦးအခန်းကြီး ၃ တွင်ဖော်ပြထားသည့် ကျမ်းစာမှတ်တမ်းကို လူအများ အကျွမ်းတဝင်ရှိကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သောစံနှုန်းအားလုံးကို ဆန့်ကျင်သူ စာတန်၏တိုက်တွန်းမှုဖြင့် အာဒံနှင့်ဧဝတို့သည် လွတ်လပ်မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့ကို ပို၍နှစ်သက်လာ၍ ဘုရားသခင့်အုပ်ချုပ်မှုကို တစ်ကိုယ်ကောင်းဆန်စွာ ငြင်းပယ်ခဲ့ကြသည်။ သူတို့၏ တစ်ကိုယ်ကောင်းဆန်ဆန် ပုန်ကန်မှုကြောင့် သူတို့ကိုယ်တိုင် ကြီးစွာဆုံးရှုံးခဲ့ရသည်သာမက သူတို့၏ နောင်လာနောက်သားအားလုံးလည်း ဆိုးကျိုးများကို ခံစားခဲ့ရသည်။ ယင်းသည် ရွှေပညတ်ဟုလူသိများလာသည့် သွန်သင်ချက်ကို လျစ်လျူရှုခြင်း၏ ကြောက်မက်ဖွယ်ရလဒ်ဖြစ်ကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။”—ရောမ ၅:၁၂။
လူသားတစ်ရပ်လုံး ယေဟောဝါဘုရားသခင်၏ မေတ္တာပါလမ်းစဉ်များကို ငြင်းပယ်ခဲ့သော်လည်း ကိုယ်တော်သည် သူတို့အားစွန့်ပစ်တော်မမူချေ။ ဥပမာ၊ ယေဟောဝါသည် ဣသရေလလူမျိုးအတွက် လမ်းညွှန်အဖြစ် ပညတ်တရားကို ပေးအပ်ခဲ့သည်။ ၎င်းက မိမိအား သူတစ်ပါးဆက်ဆံစေလိုသကဲ့သို့ သူတစ်ပါးကိုဆက်ဆံရန် သူတို့ကိုသွန်သင်ပေး၏။ ပညတ်တရားက ကျွန်များ၊ ဖတဆိုးသားများနှင့် မုဆိုးမများအား မည်သို့ဆက်ဆံရမည်ကို လမ်းညွှန်ပေးသည်။ လက်ရောက်ထိပါးခြင်း၊ ပြန်ပေးဆွဲခြင်းနှင့် ခိုးဝှက်ခြင်းတို့ကို မည်သို့ကိုင်တွယ်ရမည်ကို ယင်းကဖော်ပြသည်။ သန့်ရှင်းမှုဆိုင်ရာပညတ်တရားများက အခြားသူများ၏ကျန်းမာရေးကို ဂရုစိုက်စေသည်။ လိင်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ပင် ပညတ်တရားများရှိသည်။ နောက်ပိုင်းတွင် ယေရှုကိုးကားခဲ့သည့် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူသောစကားကို ထိုသူတို့အားမိန့်ကြားခြင်းဖြင့် ယေဟောဝါသည် ပညတ်တရားကို အကျဉ်းချုံးခဲ့သည်။ (ဝတ်ပြုရာ ၁၉:၁၈; မဿဲ ၂၂:၃၉၊ ၄၀) ပညတ်တရားက ဣသရေလလူများကြားတွင်နေထိုင်သူ တစ်ပါးအမျိုးသားများနှင့် မည်သို့ဆက်ဆံရမည် အကြောင်းလည်း ဖော်ပြ၏။ ပညတ်တရားက ဤသို့မိန့်မှာသည်– “တစ်ကျွန်းတစ်နိုင်ငံသားဖြစ်သောဧည့်သည်ကို မညှဉ်းဆဲရ။ သင်တို့သည် အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်ခဲ့ဖူးသောကြောင့် ဧည့်သည်၏စိတ်သဘောကိုသိကြ၏။” တစ်နည်းအားဖြင့်ဆိုလျှင် ဣသရေလလူမျိုးသည် အခြေမလှသူများကို ကိုယ်ချင်းစာနာမှုပြရမည်ဖြစ်သည်။—ထွက်မြောက်ရာ ၂၃:၉; ဝတ်ပြုရာ ၁၉:၃၄; တရားဟောရာ ၁၀:၁၉။
ဣသရေလလူမျိုးသည် ပညတ်တရားကို တည်ကြည်စွာလိုက်လျှောက်နေသ၍ ယေဟောဝါ၏ကောင်းချီးခံစားရမည်။ ဒါဝိဒ်နှင့်ရှောလမုန်လက်ထက်၌ ထိုလူမျိုးသည် တိုးတက်ကြီးပွား၍ ပျော်ရွှင်ကြပြီး ကျေနပ်ရောင့်ရဲခဲ့ကြသည်။ သမိုင်းမှတ်တမ်းတစ်ခုက ဤသို့ဆိုသည်– “ထိုကာလ၌ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက်နေကြ၏။ . . . ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည် . . . အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်းပင်အောက်မှာ ငြိမ်ဝပ်စွာနေရကြ၏။”—၃ ဓမ္မရာဇဝင် ၄:၂၀၊ ၂၅။
ဝမ်းနည်းစရာကား ထိုလူမျိုး၏ ငြိမ်းချမ်းသာယာမှုနှင့် လုံခြုံမှုသည် ကြာရှည်မခံခဲ့ချေ။ ဘုရားသခင့်ပညတ်တော်ကို သူတို့ရရှိထားကြသော်လည်း ဣသရေလလူမျိုးသည် ယင်းကိုမစောင့်ထိန်းခဲ့ကြပေ; တစ်ကိုယ်ကောင်းစိတ်ဖြင့် သူတစ်ပါးအကျိုးလိုလားသည့်စိတ်ကို ပျောက်လွင့်သွားစေခဲ့ကြသည်။ ယင်းနှင့်အတူ အယူဖောက်ပြန်ခြင်းက တစ်ဦးစီအနေနှင့်ရော လူမျိုးလိုက်ကိုပါ ဆင်းရဲခက်ခဲစေခဲ့၏။ နောက်ဆုံး ဘီ.စီ.အီး. ၆၀၇ ခုနှစ်တွင် ယေဟောဝါသည် ယုဒနိုင်ငံ၊ ယေရုရှလင်မြို့နှင့် ထိုတွင်ရှိ ခမ်းနားထည်ဝါသော ဝတ်ပြုရာအိမ်ကိုပင် ဖျက်ဆီးရန် ဗာဗုလုန်လူမျိုးတို့အား ခွင့်ပြုခဲ့သည်။ အဘယ်အတွက်ကြောင့်နည်း။ “သင်တို့သည် ငါ့စကားကိုနားမထောင်သောကြောင့် ဤပြည်နှင့် ပြည်သားများကိုလည်းကောင်း၊ ပတ်ဝန်းကျင်၌ရှိသော လူအမျိုးမျိုးတို့ကိုလည်းကောင်း စစ်တိုက်စေခြင်းငှာ ငါ၏ကျွန် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာအစရှိသော မြောက်ပြည်သားအမျိုးမျိုးအပေါင်းတို့ကို ငါမှာလိုက်၍ဆောင်ခဲ့ပြီးလျှင် ရှင်းရှင်းဖျက်ဆီး၍ ဤပြည်သားတို့ကို အံ့သြဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အစဉ်အမြဲလူဆိတ်ညံရာဖြစ်စေမည်။” (ယေရမိ ၂၅:၈၊ ၉) ယေဟောဝါ၏ စင်ကြယ်သောဝတ်ပြုရေးကို စွန့်လွှတ်ခဲ့ခြင်းကြောင့် အကျိုးနည်းလှလေခြင်း!
တုပရန်ပုံသက်သေတစ်ရပ်
အခြားတစ်ဖက်တွင်မူ ယေရှုခရစ်သည် ရွှေပညတ်ကို သွန်သင်ပေးခဲ့ရုံသာမက ၎င်းကိုလိုက်လျှောက်ခြင်းနှင့်ပတ်သက်၍ အကောင်းဆုံးပုံသက်သေချမှတ်ခဲ့၏။ ကိုယ်တော်သည် အခြားသူများ၏အကျိုးကို အမှန်တကယ်ပင် အရေးတယူဆောင်ရွက်ခဲ့သည်။ (မဿဲ ၉:၃၆; ၁၄:၁၄; လုကာ ၅:၁၂၊ ၁၃) တစ်ကြိမ်တွင် တစ်ဦးတည်းသောသား သေဆုံးသွား၍ အသုဘပို့သောလူအုပ်ထဲတွင် ကြီးစွာပူဆွေးကြေကွဲနေသူ မုဆိုးမတစ်ယောက်ကို နာဣနမြို့အနီး၌ ယေရှုတွေ့ခဲ့သည်။ သမ္မာကျမ်းစာမှတ်တမ်းက ဤသို့ဆိုသည်– “ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ” လေ၏။ (လုကာ ၇:၁၁-၁၅) ဗိုင်း၏ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်အရ “သနားခြင်းစိတ်တော်ရှိ” ဟူသောစကားသည် “ရင်ထဲအသည်းထဲအထိ နင့်သွားအောင်လှုံ့ဆော်ခံရသည်” ဟူ၍အဓိပ္ပာယ်ရသည်။ ကိုယ်တော်သည် မုဆိုးမ၏နှလုံးနာကျင်မှုကို ခံစားခဲ့ရသည်၊ ယင်းက သူ၏နာကျင်မှုကို သက်သာစေရန် အပြုသဘောပါပါ ပြုလုပ်ပေးဖို့ ကိုယ်တော်အား လှုံ့ဆော်ပေးခဲ့သည်။ ယေရှုသည် လုလင်ကိုရှင်ပြန်ထမြောက်စေ၍ “မိခင်အားအပ်ပေးတော်မူ” သောအခါ မုဆိုးမသည် တကယ့်ကိုအားရဝမ်းသာလိုက်မည်ဖြစ်ခြင်း!
နောက်ဆုံးတွင် ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ ယေရှုသည် လူသားများ အပြစ်နှင့်သေခြင်း၏ ကျွန်ဘဝမှ လွတ်မြောက်နိုင်စေရန် ရွေးနုတ်ဖိုးအဖြစ် မိမိ၏အသက်ကို လိုလိုလားလား ဝေဒနာခံကာ ပေးဆက်ခဲ့သည်။ ယင်းသည် ရွှေပညတ်နှင့်အညီ အသက်ရှင်နေထိုင်သည့် အကောင်းမြတ်ဆုံး ပုံသက်သေတစ်ရပ်ဖြစ်သည်။—မဿဲ ၂၀:၂၈; ယောဟန် ၁၅:၁၃; ဟေဗြဲ ၄:၁၅။
ရွှေပညတ်ကိုကျင့်သုံးကြသူများ
ရွှေပညတ်နှင့်အညီ အမှန်ပင်နေထိုင်ကြသူများ ကျွန်ုပ်တို့ခေတ်တွင်ရှိပါသလော။ ရှိပါသည်၊ အဆင်ပြေမှသာ မဟုတ်ပါ။ ဥပမာ၊ နာဇီဂျာမနီလက်ထက် ဒုတိယကမ္ဘာစစ်အတွင်း ယေဟောဝါသက်သေများသည် ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် အိမ်နီးချင်းကိုချစ်ခြင်းရှိခဲ့ကြ၍ ရွှေပညတ်ကိုမချိုးဖောက်ကြချေ။ နိုင်ငံတော်က ဂျူးအားလုံးကို မုန်းတီးရန်နှင့် ခွဲခြားဆက်ဆံရန် အတင်းအကျပ်လှုံ့ဆော်ခဲ့သော်လည်း သက်သေခံများသည် ရွှေပညတ်ကို အဆက်မပြတ်လိုက်လျှောက်ခဲ့ကြသည်။ သူတို့သည် ချွေးတပ်စခန်းများ၌ပင် လူလူချင်းကို အရေးတယူပြုစုပေးခဲ့ကြ၏၊ အစာရှားပါးသော်လည်း ဆာမွတ်နေသည့် ဂျူးများရော ဂျူးမဟုတ်သူများတို့နှင့်ပါ မိမိတို့အစာကို မျှဝေစားသုံးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်က သူတစ်ပါးကိုသတ်ရန် လက်နက်ကိုင်ဖို့ အမိန့်ထုတ်သော်လည်း သူတို့ကိုယ်တိုင် အသတ်မခံလိုကြသကဲ့သို့ သူတစ်ပါးကိုမသတ်နိုင်ဟု ငြင်းဆန်ခဲ့ကြသည်။ မိမိကိုယ်ကိုချစ်သကဲ့သို့ချစ်ရမည့်သူများကို သူတို့မည်သို့ သတ်နိုင်မည်နည်း။ ဤသို့ငြင်းဆန်ခဲ့ကြသောကြောင့် သူတို့ထဲမှအများအပြားသည် ချွေးတပ်စခန်းများသို့ အပို့ခံခဲ့ရသည်သာမက အသတ်ခံခဲ့ကြရသည်။—မဿဲ ၅:၄၃-၄၈။
ဤဆောင်းပါးကို သင်ဖတ်ရှုသည်နှင့်အမျှ ရွှေပညတ်တာသွားပုံ၏ နောက်ထပ်ပုံသက်သေမှ အကျိုးခံစားနေရသည်။ ယနေ့ လူအများသည် မျှော်လင့်ချက်ကင်းမဲ့နေ၍ အကူအညီမဲ့ဖြစ်နေကြကြောင်း ယေဟောဝါသက်သေများသိကြ၏။ ယင်းကြောင့် သက်သေခံများဟေရှာယ ၂:၂-၄ တွင်ပရောဖက်ပြုထားသကဲ့သို့ “များပြားသောသူတို့” ဖြစ်သည့် ကမ္ဘာတစ်ဝန်း ခြောက်သန်းကျော်သူများသည် ‘ယေဟောဝါ၏လမ်းခရီးတော်အတိုင်း သွန်သင်ခံရ၍ ကိုယ်တော့်လမ်းတော်အတိုင်း လိုက်လျှောက်’ ခဲ့ကြပြီ။ ပုံဆောင်သဘောအရ သူတို့သည် “ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း” သင်ယူခဲ့ကြသည်။ သူတို့သည် ဤဆင်းရဲခက်ခဲလှသည့်ကာလတွင် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို တွေ့ရှိထားကြပြီ။
သည် သမ္မာကျမ်းစာတွင်တွေ့ရှိရသည့် မျှော်လင့်ချက်နှင့် လက်တွေ့ကျလမ်းညွှန်ချက်ကို အခြားသူများအားသိရှိစေရန် အပြုသဘောပါပါ စေတနာ့ဝန်ထမ်းနေကြသည်။ ယင်းတို့အားလုံးသည် ယနေ့ မဖြစ်စဖူးဖြစ်ပျက်နေသည့်အတိုင်းအတာအထိ ပြုလုပ်ဆောင်ရွက်နေကြသော ကမ္ဘာချီပညာပေးရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ရလဒ်ကားအဘယ်နည်း။အသင်ကော အသို့နည်း
စာတန်၏လှုံ့ဆော်မှုကြောင့် ဧဒင်ဥယျာဉ်တွင် ပုန်ကန်မှုဖြစ်ခဲ့ချိန်ကတည်းက ရွှေပညတ်ကို လျစ်လျူရှုခြင်းကြောင့် လူသားထုအပေါ် ကျရောက်ခဲ့သော ပြင်းထန်သည့်ဝေဒနာနှင့် ဆင်းရဲခြင်းတို့အကြောင်းကို ခဏမျှ စဉ်းစားကြည့်ပါ။ ယေဟောဝါသည် ဤအခြေအနေကို မကြာမီ ပြုပြင်ပေးရန် ရည်ရွယ်ထားတော်မူသည်။ မည်သို့အားဖြင့်နည်း။ “[စာတန်၏] အမှုတို့ကိုပယ်ဖျက်ခြင်းငှာ၊ ဘုရားသခင်၏သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။” (၁ ယောဟန် ၃:၈) ယင်းတို့သည် ရွှေပညတ်ကိုသွန်သင်ပေး၍ ၎င်းနှင့်အညီ အသက်ရှင်နေထိုင်ခဲ့သူ၊ ဉာဏ်ပညာနှင့် စွမ်းဆောင်နိုင်သူ ယေရှုခရစ်အုပ်ချုပ်မည့် ဘုရားသခင့်နိုင်ငံတော်လက်အောက်၌ ဖြစ်လာလိမ့်မည်။—ဆာလံ ၃၇:၉-၁၁; ဒံယေလ ၂:၄၄၊ ၄၅။
ရှေးဣသရေလရှင်ဘုရင်ဒါဝိဒ် ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး။ သူသည် အစဉ်သနားသောစိတ်ရှိသည်နှင့် သူတစ်ပါးတို့အား ချေးငှားတတ်သည်ဖြစ်၍ သူ၏သားမြေးတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြ၏။” (ဆာလံ ၃၇:၂၅၊ ၂၆) ယနေ့ လူအများစုသည် ‘သနားသောစိတ်ရှိ၍ ချေးငှား’ ကြသည်ထက် ဥစ္စာရရန် မတရားလုယူနေကြသည် မဟုတ်ပေလော။ ရွှေပညတ်ကိုလိုက်လျှောက်ခြင်းသည် စစ်မှန်သောငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ရရှိစေ၏၊ အကြောင်းမူကား ယင်းသည် ယခုနှင့် အနာဂတ်ကာလ ဘုရားသခင့်နိုင်ငံတော်အောက်တွင် ကောင်းချီးများခံစားစေသောကြောင့်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးပေါ်ရှိ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ဆိုးယုတ်မှုရှိရှိသမျှတို့ကို ဖယ်ရှားပစ်ကာ လက်ရှိဆိုးညစ်သော လူ့အုပ်ချုပ်ရေးအစီအစဉ်ကို ဘုရားသခင်စီမံပြုလုပ်သည့် အစီအစဉ်သစ်ဖြင့် အစားထိုးမည်ဖြစ်သည်။ ထိုအခါ လူခပ်သိမ်းသည် ရွှေပညတ်နှင့်အညီ အသက်ရှင်နေထိုင်ခြင်း၌ ပျော်မွေ့ကြလိမ့်မည်။—ဆာလံ ၂၉:၁၁; ၂ ပေတရု ၃:၁၃။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ယေရှုသည် ရွှေပညတ်ကို သွန်သင်ပေးခဲ့ရုံသာမက ယင်းကိုလက်တွေ့ကျင့်သုံးရာတွင် အကောင်းဆုံးပုံသက်သေကိုလည်း ချမှတ်ပေးခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရွှေပညတ်ကို လိုက်လျှောက်ခြင်းသည် စစ်မှန်သော ငြိမ်းချမ်းမှုနှင့် လုံခြုံမှုသို့ပို့ဆောင်ပေးနိုင်