“အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏”
“အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏”
လျှပ်စစ်ဓာတ်အားပြတ်တောက်၍ ရပ်ကွက်တစ်ခုလုံး အမှောင်ကျသွားမှသာ အလင်းကို ကျွန်ုပ်တို့အလေးထားတတ်ကြ၏။ ဝမ်းသာစရာကား ကောင်းကင် “ဓာတ်အားပေးစက်ရုံ” ဖြစ်သော နေကို ကျွန်ုပ်တို့လုံးဝစိတ်ချနိုင်သည်။ နေမှရရှိသောအလင်းကြောင့် ကျွန်ုပ်တို့ မြင်နိုင်၊ စားသောက်နိုင်၊ အသက်ရှူနိုင်၍ အသက်ရှင်နိုင်ကြသည်။
အလင်းသည် သက်ရှိတို့အတွက် မရှိမဖြစ်လိုအပ်ရာဖြစ်သောကြောင့် ဖန်ဆင်းရာပထမနေ့၌ အလင်းဖြစ်ပေါ်လာသည်ဟု ကမ္ဘာဦးကျမ်းတွင် ဖတ်ရသည့်အခါ မအံ့သြသင့်ချေ။ “ဘုရားသခင်ကလည်း ‘အလင်းဖြစ်စေ’ ဟုအမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။” (ကမ္ဘာဦး ၁:၃) ဒါဝိဒ်ကဲ့သို့ ဘုရားတရားကြည်ညိုသောပုဂ္ဂိုလ်များသည် ယေဟောဝါအား အသက်နှင့်အလင်း၏ရင်းမြစ်အဖြစ် အမြဲအသိအမှတ်ပြုခဲ့ကြပြီ။ ဒါဝိဒ်က “ကိုယ်တော်ထံမှာ အသက်စမ်းရေတွင်းရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏” ဟု ရေးသားခဲ့သည်။—ဆာလံ ၃၆:၉။
ဒါဝိဒ်၏စကားများသည် စာသားအရသက်ဆိုင်သကဲ့သို့ ပုံဆောင်သဘောအရလည်း သက်ဆိုင်ပါသည်။ ဗြိတဲန်နီကာစွယ်စုံကျမ်းက “အလင်းသည် မြင်တွေ့ခံစားနိုင်စေသည်” ဟုဆို၏။ ၎င်းကထပ်ဆင့်၍ “အခြားမည်သည့်အာရုံခံအင်္ဂါများထက်မဆို မျက်စိမှတစ်ဆင့် လူ့ဦးနှောက်ထဲသို့ သတင်းအချက်အလက်များ သာ၍များများရောက်ရှိသည်။” ကျွန်ုပ်တို့တတ်သိလာသောအရာ အမြောက်အမြားသည် အမြင်အာရုံဆုကျေးဇူးအပေါ် များစွာမူတည်ကာ—ကောင်းစွာမြင်နိုင်ရန် အလင်းလိုသည်—အလင်းကို ကျမ်းစာစောင်များတွင် ပုံဆောင်သဘောအရလည်း အသုံးပြုလေ့ရှိသည်။
ထို့ကြောင့် ယေရှုက “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်” ဟုတပည့်တော်များအား မိန့်တော်မူ၏။ (ယောဟန် ၈:၁၂) ယေရှုရည်ညွှန်းခဲ့သည့် ပုံဆောင်အလင်းသည် ကိုယ်တော်ဟောကြားခဲ့သည့် အမှန်တရားသတင်းဖြစ်သည်၊ ယင်းက နားထောင်သူများ၏ စိတ်နှလုံးကိုထိန်လင်းစေနိုင်သည်။ ယေရှု၏တပည့်တော်များသည် ဝိညာဉ်ရေးမှောင်မိုက်တွင် နှစ်ချီရှိခဲ့ပြီးနောက် လူသားများအတွက် ဘုရားသခင့်ရည်ရွယ်ချက်နှင့် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်ကို နောက်ဆုံး၌ သဘောပေါက်နားလည်လာကြသည်။ ယင်းသည် “အသက်၏အလင်း” အမှန်ပင်ဖြစ်၏၊ အကြောင်းမူကား ထိုအသိပညာသည် ထာဝရအသက်ရစေနိုင်၏။ ကောင်းကင်ခမည်းတော်ထံ ဆုတောင်းရာတွင် ယေရှုက “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟုဆိုခဲ့၏။ (ယောဟန် ၁၇:၃) ဤဝိညာဉ်ရေးအလင်းကို အလေးမထားဘဲ မနေကြစို့နှင့်!