မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“သာမန်ထက် ထူးကဲသောတန်ခိုးတော်” ယေဟောဝါပေးသနား

“သာမန်ထက် ထူးကဲသောတန်ခိုးတော်” ယေဟောဝါပေးသနား

ဘဝ​အတ္ထုပ္ပတ္တိ

“သာမန်​ထက် ထူးကဲ​သောတန်​ခိုး​တော်” ယေဟောဝါ​ပေးသနား

ဟ​ယ်​လင် မာ​ခ်စ် ပြောပြ​သည်

၁၉၈၆၊ ပူလောင်​အို​က်​စပ်​တဲ့ နွေ​ရာသီ​နေ့​တစ်နေ့​မှာ​ပေါ့။ တိတ်ဆိတ်​ငြိမ်သက်​တဲ့ ဥရောပ​လေယာဉ်ကွင်း​တစ်ခု​ရဲ့​အကောက်​ခွန်​ဌာန​ထဲမှာ ကျွန်မ​တစ်ယောက်တည်း ထိုင်စောင့်​နေရ​တာ။ “ကမ္ဘာ​ပေါ်မှာ ဦးဆုံး​ဘုရား[သခင်]မဲ့​နိုင်ငံ” လို့​ကြေညာ​ခဲ့​တဲ့ အယ်လ်ဘေးနီးယား​နိုင်ငံ​ရဲ့​မြို့တော် တီ​ရာ​နာ​မှာ​လေ။

လက်နက်ကိုင်​အရာရှိ​တစ်ယောက် ကျွန်မ​ရဲ့​အိတ်တွေ​ကို စစ်ဆေး​တာ​နဲ့ ကျွန်မ​ရင်တထိတ်ထိတ်​ဖြစ်နေ​တာ။ သံသယ​ဖြစ်စရာ တစ်ခုခု​ပြုလုပ်​လိုက်ရင် ဒါမှ​မဟုတ် ပြော​မိ​လိုက်ရင် ကျွန်မ​ပြည်နှင်ခံရ​မှာ၊ ကျွန်မ​ကို​စောင့်ကြို​နေကြ​တဲ့​သူတွေကို​တော့ အလုပ်ကြမ်း​နဲ့​ထောင်ဒဏ်​ချ​မှာ။ အဲဒီ​အရာရှိ​ကို ချွင်​ဂ​မ်း​နဲ့​ကွတ်ကီး​မုန့်​ပေး​ပြီး မိတ်ဖွဲ့​နိုင်​ခဲ့လို့ တော်​သေး​တယ်။ ဒါပေမဲ့ အသက် ၆၅ နှစ်အရွယ်​အမျိုးသမီး​ဖြစ်​တဲ့ ကျွန်မ​ဟာ ဒီလို​အခြေအနေ​မျိုးကို ဘယ်လို​ရောက်လာ​ခဲ့​သလဲ။ ကျွန်မ​အေးအေးဆေးဆေး​နေမယ့်​အစား ဒီလို​စွန့်စား​ပြီး မာ့က်စ်-လီ​နင်​ရဲ့ နောက်ဆုံး​ခံတပ်​တစ်ခု​မှာ ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ထပ်ဆင့်​တိုးတက်​ဖို့ ဘာဖြစ်​လို့ ကြိုးစား​နေရ​တာလဲ။

မေးခွန်း​ထူသည့် ချူချာ​သော​မိန်းကလေး​တစ်ဦး

၁၉၂၀ ပြည့်နှစ်၊ ခရိ​ကျွန်း၊ အီရားပီတရား​မြို့မှာ ကျွန်မ​ကို​မွေး​ပြီး နောက်​နှစ်နှစ်​မှာ အဖေဟာ အဆုတ်​ရော​င်​ရောဂါ​နဲ့​ဆုံးသွား​ရှာတယ်။ အမေက ဆင်းရဲ​ပြီး စာ​မတတ်​သူပါ။ ကလေး,လေးယောက်​ထဲမှာ ကျွန်မ​က အငယ်ဆုံး​ဖြစ်​ပြီး အသားဝါ​ရောဂါ​ရှိလို့ ဖြူဖပ်ဖြူရော်​နဲ့​ချူချာ​ခဲ့တယ်။ အမေ့​မှာ​ရှိတဲ့ ငွေ​နည်းနည်းလေး​ကို ကျန်းမာ​တဲ့​ကလေး​သုံးယောက်​အတွက် ချန်​ထားပြီး ကျွန်မ​ကို​သေ​ရင်​သေ​ပါစေ​လို့ အိမ်နီးချင်းတွေ​က အကြံပေး​ခဲ့​ကြတယ်။ အဲဒီ​အကြံ​ကို အမေ​လက်မခံခဲ့​တာ ကျွန်မ​ဝမ်းသာ​လိုက်တာ။

အဖေ့​ရဲ့​ဝိညာဉ် ကောင်းကင်​မှာ​ရှိနေဖို့ ဩသ​ဒေါ​က်စ်​ဓမ္မဆရာ​တစ်ယောက်​နဲ့ သင်္ချိုင်း​ကို မကြာခဏ​သွားပြီး အမေ​ဆုတောင်း​ဝတ်ပြု​ခဲ့တယ်။ အဲဒီ​ဆုတောင်း​ဝတ်ပြုမှု​တွေ​ဟာ ဈေးကြီး​လိုက်တာ။ အမေ့​ဘေးမှာ ကျွန်မ​ရှ​ပ်​တိုက်​လမ်းလျှောက်​ပြီး သင်္ချိုင်း​ကနေ အိမ်ကို​ပြန်လာ​ခဲ့​တဲ့ ခိုက်ခိုက်တုန်​အောင်​အေး​တဲ့ ခရစ္စမတ်​နေ့​တစ်နေ့​ကို ကျွန်မ​မှတ်မိ​ပါ​သေး​တယ်။ ကျွန်မ​တို့​ရဲ့​နောက်ဆုံး​လက်ကျန်ငွေ​ကို အဲဒီ​ခရစ်ယာန်​ဘုန်းကြီး​ကို ပေး​လိုက်ရတယ်​လေ။ ကလေး​တွေ​အတွက် ဟင်းသီးဟင်းရွက်​တွေ​ချက်ပြုတ်​ကျွေး​ပြီး အမေ့​ခမျာ ဗိုက်​ဆာ​ဆာ​နဲ့​စိတ်ဓာတ်ကျ​ပြီး အခန်း​ထဲမှာ​သွား​ငို​နေ​ရှာတယ်။ အဲဒီ​နောက်ပိုင်း​မှာ ခရစ်ယာန်​ဘုန်းကြီး​ဆီ​သွားဖို့ ကျွန်မ​သတ္တိ​မွေး​ပြီး အဖေ​ဘာကြောင့်​သေ​ရတာလဲ၊ ဒီလောက်​ဆင်းရဲ​တဲ့​အမေ​ဟာ ဘာကြောင့်​ပိုက်ဆံ​ပေး​ရတာလဲ​လို့ သူ့ကို​သွား​မေးခဲ့တယ်။ သူက မလုံမလဲ​နဲ့​တိုးတိုး​လေး ဒီလို​ပြောပါ​တယ်– “သူ့ကို ဘုရားသခင်​ခေါ်​သွားတာ။ ဒီလို​ဖြစ်တာ မဆန်းပါဘူး။ မင်းရဲ့​ဝမ်းနည်းမှု​တွေ ပျောက်​သွားမှာပါ။”

ကျောင်း​မှာ​သင်​ခဲ့​ရတဲ့ သခင့်​ဆုတောင်းချက်​နဲ့ သူ့ရဲ့​အဖြေကို ဘယ်လိုမှ​ဆက်စပ်​လို့​မရဘူး။ နားထောင်​လို့​ကောင်းပြီး အဓိပ္ပာယ်​ရှိတဲ့ “ကောင်းကင်ဘုံ​၌​ရှိတော်မူသော အကျွန်ုပ်​တို့​အဘ၊ ကိုယ်တော်​၏​နာမတော်​အား ရိုသေ​လေးမြတ်ခြင်း​ရှိပါစေ​သော။ နိုင်ငံတော်​တည်ထောင်​ပါစေ​သော။ အလိုတော်သည် ကောင်းကင်ဘုံ​၌​ပြည့်စုံ​သကဲ့သို့ မြေကြီး​ပေါ်မှာ​ပြည့်စုံ​ပါစေ​သော” ဆို​တဲ့ အဖွင့်​စကား​ကို ကျွန်မ​အခုထိ​မှတ်မိ​သေး​တယ်။ (မဿဲ ၆:၉၊ ၁၀) မြေကြီး​ပေါ်မှာ ဘုရားသခင့်​အလိုတော်​ပြည့်စုံ​စေ​ရမယ်​ဆိုရင် ကျွန်မ​တို့ ဘာဖြစ်​လို့ ဒီလောက်တောင်​ဆင်းရဲ​နေရ​တာလဲ။

၁၉၂၉ ခုနှစ်​မှာ အဲဒီ​မေးခွန်းရဲ့​အဖြေကို​ရတော့​မ​လို့​ပဲ၊ အဲဒီတုန်းက ယေဟောဝါသက်သေ​တွေ​ရဲ့ အချိန်ပြည့်​တရားဟော​ဆရာ အမန္နဝဲလ် လီ​အို​နူ​ဒါ​ကိစ် ကျွန်မ​တို့​အိမ်ကို​ရောက်လာ​ခဲ့တယ်။ * အမေက သူ့ကို ဘာ​ကိစ္စ​ရှိပါ​သလဲ​လို့ မေးတဲ့အခါ အမန္နဝဲလ်​က ဘာမှ​မပြော​ဘဲ သက်သေခံ​ကတ်ပြား​တစ်ခု​ကို လှမ်းပေး​လိုက်တယ်။ အမေက အဲဒီ​ကတ်ပြား​ကို ကျွန်မ​ကို​ဖတ်​ခိုင်းတယ်။ ကျွန်မ​က ကိုးနှစ်​ပဲ​ရှိသေး​တော့ သိပ်​နားမလည်​ဘူး။ ဧည့်သည်​တရားဟော​ဆရာ စကား​အ,နေတယ်လို့ အမေ​ထင်​ပြီး “သနားစရာ​လေး​ပါ​လား! ရှင်​က စကား​မပြော​တတ်၊ ကျွန်မ​က စာ​မဖတ်​တတ်” ဆိုပြီး ပြန်​ပြော​ခဲ့တယ်။ အဲဒီနောက် အမေက သူ​ထွက်သွား​နိုင်တယ်​လို့ တံခါးပေါက်​ကို​ထိုး​ပြ​ခဲ့တယ်။

နောက်​တစ်နှစ် နှစ်နှစ်​ကြာ​တော့ ကျွန်မ အဖြေ​ရခဲ့တယ်။ ကျွန်မ​အစ်ကို​အမန္နဝဲလ် ပ​တဲ​ကီစ်​က အဲဒီ​အချိန်ပြည့်​အမှုဆောင်​ဆီက​ပဲ ယေဟောဝါသက်သေ​တွေ​ထုတ်​တဲ့ လူသေများ​အဘယ်​မှာ​ရှိ​သနည်း စာအုပ်​ငယ်​ကို ရခဲ့တယ်။ * အဲဒီ​စာအုပ်​ကို​ဖတ်​ပြီး​မှ ကျွန်မ​အဖေ​ကို ဘုရားသခင်​ခေါ်​သွားတာ​မဟုတ်ဘူးဆိုတာ သိခဲ့ရတယ်။ လူ့​မစုံလင်မှု​ကြောင့် သေရ​တယ်​ဆိုတာ​ရ​ယ်၊ ပရဒိသု​မြေကြီး​ပေါ်မှာ ရှင်ပြန်ထမြောက်​ဖို့ အဖေ​စောင့်နေ​တယ်​ဆိုတာ​ကို​ပါ ကျွန်မ​သဘောပေါက်ခဲ့​တယ်။

“မင်းတို့ကို ဒီ​စာအုပ်​က ဖျက်ဆီး​တာ!”

ကျမ်းစာ​အမှန်တရားက ကျွန်မ​တို့ကို မျက်စိ​ဖွင့်ပေး​လိုက်တာ​လေ။ အဖေရဲ့ ကျမ်းစာ​အဟောင်း​တစ်အုပ်​ကို ကျွန်မ​တို့​တွေ့​ကတည်းက မီး​လင်း​ဖို​ပတ်ပတ်လည်​မှာ ဖယောင်းတိုင်​အလင်း​နဲ့ ဖတ်​ခဲ့​ကြတယ်။ ဒီ​ဒေသမှာ ကျမ်းစာ​ကို​စိတ်ဝင်စား​တဲ့​မိန်းကလေး​ဆို​လို့ ကျွန်မ​ပဲ​ရှိတာမို့ ဒေသခံ​သက်သေခံ​လူနည်းစု​ရဲ့ လုပ်ဆောင်မှုတွေမှာ ကျွန်မ,မပါ​ခဲ့​ဘူး။ ဒီ​ဘာသာ​ဟာ အမျိုးသားတွေ​အတွက်ပဲ​လို့ အတော်ကြာကြာ​ထင်မှတ်​ခဲ့​တာ၊ တကယ်တော့ မဟုတ်ပါဘူး။

ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်မ​အစ်ကို​အမန္နဝဲလ်​ရဲ့​စိတ်အား​ထက်သန်မှု​က ကျွန်မ​ကို​အားတက်စေ​ပါ​တယ်။ သိပ်​မကြာခင်​မှာ ကျွန်မ​တို့​မိသားစုကို ရဲတွေ​အာရုံစိုက်​လာပြီး ကျွန်မ​တို့​အိမ်မှာ အမန္နဝဲလ်​နဲ့​စာအုပ်စာတမ်း​တွေ​ရှာ​ဖို့ နေ့ရောညပါ အချိန်မရွေး​ရောက်လာ​တတ်ကြ​တယ်။ ခရစ်ယာန်​ဘုန်းကြီး​တစ်ပါး​က ကျွန်မ​တို့​ဆီ​လာပြီး ချာ့ခ်ျ​ပြန်​တက်​ကြဖို့ ဖျောင်းဖျ​တာ​ကို ကျွန်မ​ကောင်းကောင်း​မှတ်မိ​သေး​တယ်။ အဲဒီ​ခရစ်ယာန်​ဘုန်းကြီး​ကို ကျမ်းစာ​ကနေ ဘုရားသခင့်​နာမတော် ယေဟောဝါ​ဖြစ်တယ်​ဆိုတာ အမန္နဝဲလ်​ပြ​လိုက်​တော့ သူက ကျမ်းစာ​ကို​လုယူ​ပြီး ကျွန်မ​အစ်ကို​ရဲ့​မျက်နှာ​ရှေ့မှာ ကျမ်းစာ​ကို​ဝှေ့ယမ်း​ပြီး “မင်းတို့ကို ဒီ​စာအုပ်​က ဖျက်ဆီး​နေတာ!” လို့​အော်ပြော​ခဲ့တယ်။

၁၉၄၀ ပြည့်နှစ်​မှာ စစ်မှုထမ်း​ဖို့ အမန္နဝဲလ်​ငြင်း​လိုက်လို့ အဖမ်း​ခံရ​ပြီး အယ်လ်ဘေးနီးယား​ရှေ့တန်း​ကို အ​ပို့​ခံရ​တယ်။ သူနဲ့ ကျွန်မ​တို့​အဆက်ပြတ်​သွားပြီး သူ့ကို​သေ​ပြီ​လို့​တောင် ထင်​ခဲ့​ကြ​တာ။ ဒါပေမဲ့ နောက်​နှစ်နှစ်​ကြာ​တော့ ထောင်​ကနေ​ပို့လိုက်​တဲ့ သူ့ရဲ့​စာ​ကို မမျှော်လင့်​ဘဲ ကျွန်မ​တို့​ရခဲ့ကြတယ်။ သူ​အသက်ရှင်ပြီး ကျန်းမာ​လို့​ပဲ! စာ​ထဲမှာ သူ​ကိုးကား​လိုက်တဲ့ ဒီ​ကျမ်းချက်​ကို အဲဒီ​အချိန်​ကတည်းက ကျွန်မ​စိတ်​ထဲမှာ သံ​မှို​လို​စွဲ​နေတယ်– “ယေဟောဝါ​ဘက်​တော်​သို့ စုံလင်သော​စိတ်​ရှိသူတို့​အဖို့ တန်ခိုး​ပြ​ခြင်း​ငှာ မြေကြီး​တစ်ပြင်လုံး​ကို အနှံ့အပြား​ကြည့်ရှု​လျက်​ရှိ​တော်​မူ​၏။” (၂ ရာဇဝင်ချုပ် ၁၆:၉က​ဘ) ဒီလို​အားပေးမှု​မျိုး ကျွန်မ​တို့​တကယ်ပဲ​လိုအပ်​နေကြ​တယ်​လေ!

ကျွန်မ​ဆီ​ကို ညီအစ်ကို​အချို့​လည်ပတ်​ပေးဖို့ ထောင်​ထဲ​ကနေ အမန္နဝဲလ်​စီစဉ်​ပေး​နိုင်​ခဲ့တယ်။ မြို့ပြင်​က​ယာတော​တဲ​လေးမှာ ခရစ်ယာန်​စည်းဝေး​တွေ လျှို့ဝှက်​ကျင်းပ​ဖို့ ချက်ချင်း​စီစဉ်​ခဲ့​ကြတယ်။ ဒါပေမဲ့ ကျွန်မ​တို့ကို စောင့်ကြည့်​နေကြ​တယ်​ဆိုတာ ကျွန်မ​တို့​မသိ​ခဲ့​ကြဘူး! တနင်္ဂနွေ​နေ့​တစ်ရက်​မှာ လက်နက်ကိုင်​ရဲသား​တွေ ကျွန်မ​တို့ကို​ဝိုင်း​လိုက်တယ်။ ပြီး​တော့ ကျွန်မ​တို့ကို အမိုး​ဖွင့်​ကုန်တင်ကား​ပေါ်​တင်ပြီး မြို့လယ်ခေါင်​ထဲ​ခေါ်​သွားတယ်။ လူတွေရဲ့​ပြောင်လှောင်​ကဲ့ရဲ့​သံ​တွေ​ကို ကျွန်မ​ကြား​ယောင်​နေ​သေး​တယ်၊ ဒါပေမဲ့ ယေဟောဝါ​က ဝိညာဉ်​တော်​အားဖြင့် ကျွန်မ​တို့ကို အတွင်း​ငြိမ်သက်မှု​ပေး​ခဲ့တယ်။

ကျွန်မ​တို့ကို တခြား​တစ်မြို့​ခေါ်သွား​ပြီး မှောင်​မဲ​ညစ်ပတ်​တဲ့​ထောင်​အခန်း​ထဲမှာ ပစ်ထား​ခဲ့​ကြတယ်။ ကျွန်မ​ရဲ့​အကျဉ်းခန်း​ထဲမှာ​ရှိတဲ့ အိမ်သာ​ဟာ တစ်နေ့​တစ်ခါ​သွန်​ရတဲ့ အဖုံး​မရှိတဲ့​ရေပုံး​တစ်​ပုံး​ဖြစ်တယ်။ ကျွန်မ​ကို ဒီ​အုပ်စု​ရဲ့ “ဆရာမ” လို့​ထင်​ပြီး ရှစ်​လ​ထောင်ချ​ခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ​ထောင်ကျ​တဲ့ ညီအစ်ကို​တစ်ယောက်​က ကျွန်မ​တို့​အမှုကို​ကိုင်​ပေးဖို့ သူ့​ရှေ့နေ​နဲ့​စီစဉ်​ပေး​လို့ ကျွန်မ​တို့ ထောင်​က​လွတ်​လာကြတယ်။

ဘဝ​သစ်

ထောင်​ကနေ အမန္နဝဲလ်​ထွက်​လာတဲ့အခါ နယ်လှည့်​ကြီးကြပ်မှူး​အနေ​နဲ့ အေ​သင်​မြို့က အသင်းတော်တွေကို စ​လည်ပတ်​ခဲ့​ရတယ်။ ၁၉၄၇ ခုနှစ်​မှာ ကျွန်မ​လည်း အဲဒီကို​ပြောင်းရွှေ့​ခဲ့တယ်။ အမျိုးသားတွေ​အပြင် အမျိုးသမီးတွေနဲ့ ကလေး​တွေ​လည်း​ပါ​တဲ့ သက်သေခံ​အုပ်စုကြီး​ကို အခု​မှ​ပဲ ကျွန်မ​တွေ့ရ​တော့​တယ်။ နောက်ဆုံး​တော့ ၁၉၄၇၊ ဇူလိုင်​လမှာ ယေဟောဝါ​ကို ကျွန်မ​ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့တယ်။ ခရစ်ယာန်​သာသနာပြု​တစ်ယောက်​ဖြစ်ချင်​တဲ့​အတွက် ညနေပိုင်း​မှာ အင်္ဂလိပ်စာ​သင်​ခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်​မှာ ကျွန်မ ရှေ့ဆောင်​ဖြစ်လာ​တယ်​လေ။ ကျွန်မ​နဲ့​အမေ​လာ​နေပြီး အမေ​လည်း ကျမ်းစာ​အမှန်တရားကို လက်ခံ​ယုံကြည်​ခဲ့တယ်။ နောက် ၃၄ နှစ်​ကြာ အမေ​သေဆုံး​ခဲ့​တဲ့​အထိ အမေ​ဟာ ယေဟောဝါသက်သေ​တစ်ယောက်​အဖြစ် ရပ်တည်ခဲ့တယ်။

အဲဒီ​နှစ်မှာ​ပဲ အမေရိကန်​ပြည်ထောင်စု​က လေးစားစရာ​ကောင်းပြီး ဝိညာဉ်​ရေး​လူ​ဖြစ်​တဲ့ ဂျွန် မာ​ခ်စ် (မာ​ရ်​ခို​ပို​လော​စ်) နဲ့​ကျွန်မ​တွေ့ဆုံ​ခဲ့တယ်။ အယ်လ်ဘေးနီးယား​တောင်ပိုင်း​မှာ​မွေးတဲ့ ဂျွန်​ဟာ အမေရိကန်​ပြည်ထောင်စု​ကို ပြောင်း​သွားပြီး​တဲ့​နောက်​မှာ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်လာ​တယ်။ ၁၉၅၀ ပြည့်နှစ်​မှာ တင်းကျပ်​တဲ့ ကွန်မြူနစ်​ဝါဒ​ကို​လက်ခံ​ပြီး တံခါးပိတ်​နိုင်ငံ​တစ်ခု​ဖြစ်နေ​တဲ့ အယ်လ်ဘေးနီးယား​ကို ဝင်​လည်​ဖို့ ဂရိ​နိုင်ငံ​ကနေ ဗီဇာ​ရအောင် သူ​ကြိုးစား​ခဲ့တယ်။ ဂျွန်​ခမျာ ၁၉၃၆ ခုနှစ်​ကတည်းက သူ့​မိသားစုနဲ့​ပြန်​မ​တွေ့ရ​တော့​ပေမဲ့လည်း အယ်လ်ဘေးနီးယား​ကို ဝင်ခွင့်​မရခဲ့​ဘူး။ ယေဟောဝါ​ရဲ့​လုပ်ငန်းတော်​အတွက် သူ့ရဲ့​ဇွဲ​နဲ့ ညီအစ်ကို​အသင်းအပင်း​ကို သူ​တကယ်​ချစ်တာ​ကို ကျွန်မ​သဘောကျ​တယ်။ ဒါနဲ့ ၁၉၅၃၊ ဧပြီ ၃ ရက်​နေ့မှာ ကျွန်မ​တို့​လက်ထပ်​လိုက်ကြတယ်။ အဲဒီနောက် သူနဲ့အတူ ကျွန်မတို့​အတွက်​နေစရာ​အသစ်​ဖြစ်​တဲ့ ယူ.အက်စ်.အေ.န​ယူး​ဂျာ​စီ​မြို့ကို ပြောင်းရွှေ့​သွားတယ်။

ဂျွန်​နဲ့​ကျွန်မ​တို့ အချိန်ပြည့်​ဟောပြောနေတဲ့​အချိန်​မှာ ကိုယ့်​ဝမ်းစာ​ကိုယ်​ရှာ​ဖို့ န​ယူး​ဂျာ​စီ​ကမ်းခြေ​မှာ တံငါသည်​တွေ​အတွက် မနက်စာ​ပြင်ပေး​ရတဲ့ လုပ်ငန်း​လေး​တစ်ခု​လုပ်ကြတယ်။ နွေ​ရာသီ​လောက်​မှာပဲ လင်း​စ​အချိန်​ကနေ မနက် ၉ နာရီ​အထိ ကျွန်မ​တို့​အလုပ်​လုပ်ကြတယ်။ ကျွန်မ​တို့​အသက်တာကို ရိုးရိုးလေး​ထားပြီး ဝိညာဉ်​ရေး​လုပ်ဆောင်မှုတွေကို အဓိက​အာရုံစိုက်​ကြ​တဲ့​အတွက် ဟောပြောခြင်း​လုပ်ငန်းမှာ အချိန်​များများ​ပိုပေး​နိုင်​ခဲ့​ကြတယ်။ နှစ်တွေ​တစ်လျှောက်​မှာ ဟောပြောသူတွေ​ပို​လိုအပ်​တဲ့ မြို့​တွေ​ကို ပြောင်းရွှေ့​နေထိုင်ဖို့ ကျွန်မ​တို့​တောင်းဆို​ခံ​ခဲ့​ရတယ်။ အဲဒီ​နေရာတွေမှာ ယေဟောဝါ​ရဲ့​အကူအညီ​နဲ့ စိတ်ဝင်စား​သူတွေကို ကူညီပေး​နိုင်​ခဲ့​တဲ့​အပြင် အသင်းတော်​တွေ​တည်ထောင်​ပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ဆောက်လုပ်ရေး​တွေ​မှာလည်း ပါဝင်​နိုင်​ခဲ့တယ်။

အကူအညီ​လိုအပ်​နေသော ကျွန်မ​တို့ ညီအစ်ကို​များ​ကို ကူညီ​ပေးခြင်း

ဒါပေမဲ့ မကြာခင်​မှာပဲ ကျွန်မတို့​အတွက် စိတ်​လှုပ်ရှား​စ​ရာတွေ​ဖြစ်လာ​ခဲ့တယ်။ ကျွန်မ​တို့​လုပ်ငန်း​ကို​ပိတ်ပင်​ထား​တဲ့ ဘော်လ်ကန်​နိုင်ငံ​တွေ​က ခရစ်ယာန်​ချင်း​တွေ​နဲ့ တာဝန်​ရှိ​ညီအစ်ကို​တွေ​က အဆက်အသွယ်​လုပ်ချင်ကြတယ်။ အဲဒီ​နိုင်ငံ​တွေ​မှာ​ရှိတဲ့ ယေဟောဝါ​သက်သေတွေဟာ အပြည်ပြည်ဆိုင်ရာ​ညီအစ်ကို​အသင်းအပင်း​နဲ့ အဆက်အသွယ်​ပြတ်​နေတာ နှစ်​နဲ့​ချီ​ရှိနေပြီ၊ ဝိညာဉ်​အစာ​လည်း​မရ၊ ရက်စက်​ကြမ်းတမ်း​တဲ့ အတိုက်အခံ​တွေ​ကိုလည်း ခံ​နေ​ရတယ်။ သူတို့​အများစုဟာ မျက်ခြည်မပြတ်​စောင့်ကြည့်​ခံ​နေရ​ပြီး ထောင်​ထဲမှာ၊ ဒါမှ​မဟုတ် အလုပ်ကြမ်း​စခန်း​တွေ​မှာ အတော်များများ​ရှိနေကြတယ်။ သူတို့​အတွက် ကျမ်းစာ​အခြေပြု​စာပေ​တွေ၊ ညွှန်ကြားချက်​တွေ​နဲ့ အားပေးမှု​တွေ အရေးတကြီး​လိုအပ်​နေကြ​တယ်။ ဥပမာ​အနေ​နဲ့၊ အယ်လ်ဘေးနီးယား​ကနေ ကျွန်မ​တို့​ရခဲ့တဲ့ လျှို့ဝှက်​သတင်း​တစ်ပုဒ်​က “ကျွန်တော်​တို့အတွက် ဆုတောင်းပေး​ပါ။ တစ်အိမ်​မှ​တစ်အိမ်​သွား​တုန်း စာပေ​အသိမ်း​ခံရ​တယ်။ ကျွန်တော်​တို့ကို ကျမ်းစာ​သင်​ခွင့်​မပေးဘူး။ လူ​သုံးယောက် ထောင်ချ​ခံရ​တယ်” လို့​ဆိုတယ်။

ဒါနဲ့​ပဲ ၁၉၆၀၊ နိုဝင်ဘာ​လမှာ အဲဒီ​နိုင်ငံ​အချို့​ကို​သွား​လည်ပတ်​ဖို့ ခြောက်​လ​ကြာ​ခရီးထွက်​ခဲ့​ကြတယ်။ ကျွန်မ​တို့​ရဲ့​တာဝန်​ပြီးမြောက်​ဖို့ “သာမန်​ထက်​ထူးကဲ​သောတန်​ခိုး​တော်၊” ဘုရားသခင်​ပေး ရဲစွမ်းသတ္တိ​နဲ့ လိမ္မာပါးနပ်မှု လိုအပ်​တယ်​ဆိုတာ​ထင်ရှား​ပါ​တယ်။ (၂ ကောရိန္သု ၄:၇က​ဘ) ကျွန်မ​တို့ ဦးဆုံး​သွား​ရမှာ အယ်လ်ဘေးနီးယား​ဖြစ်တယ်။ ပါရီ​မြို့မှာ ကား​တစ်စီး​ဝယ်ပြီး ခရီးဆက်​ထွက်​ခဲ့​ကြတယ်။ ရောမကို​ရောက်တော့ ဂျွန်​တစ်ယောက်​ထဲ အယ်လ်ဘေးနီးယား​ဝင်ခွင့်​ဗီဇာ​ရတယ်။ ဒါနဲ့ ဂရိ​နိုင်ငံ၊ အေ​သင်​မြို့ကို ကျွန်မ​ဆက်သွား​ပြီး သူ့ကို​စောင့်နေ​ရတယ်။

၁၉၆၁၊ ဖေဖော်ဝါရီ​လ​နှောင်းပိုင်း​မှာ အယ်လ်ဘေးနီးယား​ကို ဂျွန်​ရောက်သွား​ပြီး မတ်​လ​အကုန်​အထိ အဲဒီမှာ​နေခဲ့တယ်။ ညီအစ်ကို​အ​ယောက် ၃၀ နဲ့ တီ​ရာ​နာ​မြို့မှာ ဂျွန်​တွေ့ဆုံ​ခဲ့တယ်။ အတော့်​ကို​လိုအပ်​နေတဲ့ စာအုပ်စာတမ်း​တွေ​နဲ့ အားပေးမှု​တွေ​ကို သူတို့​ရတဲ့အခါ တကယ့်ကို​ဝမ်းသာ​ပီတိ​ဖြစ်​ခဲ့​ကြ​မှာပဲ! သူတို့ဆီ​ကို ပြင်ပ​ကနေ လာရောက်​မလည်​ပတ်​တာ ၂၄ နှစ်​ရှိသွား​ပြီ။

အဲဒီ​ညီအစ်ကို​တွေ​ရဲ့ လိမ္မာပါးနပ်မှု​နဲ့ ခံနိုင်ရည်​က ဂျွန်​ကို​အားတက်စေ​ခဲ့တယ်။ အဲဒီ​ကွန်မြူနစ်​နိုင်ငံ​ရဲ့​လုပ်ဆောင်မှုတွေမှာ ညီအစ်ကို​အတော်များများ​မပါဝင်​လို့ အလုပ်​ဖြုတ်​ခံရ​ပြီး အကျယ်ချုပ်​ခံ​နေကြ​ရတယ်လို့ ဂျွန်​သိခဲ့ရတယ်။ အထူးသဖြင့် အသက် ၈၀ ကျော်​ညီအစ်ကို​နှစ်ယောက်​က ဟောပြောခြင်း​လုပ်ငန်း​အတွက် (ယူ.အက်စ်.) ဒေါ်လာ ၁၀၀ လောက် ဂျွန်​ကို​ပေး​ခဲ့​တဲ့​အတွက် သူ​အတော်​စိတ်ထိမိ​ခဲ့တယ်။ အဲဒီ​ငွေ​ကို သူတို့ရဲ့​မဖြစ်​စ​လောက်​ပင်စင်လစာ​ထဲ​ကနေ နှစ်​နဲ့​ချီ​စု​ခဲ့​ကြ​တာ။

အယ်လ်ဘေးနီးယား​မှာ ဂျွန်​နေရ​မယ့်​နောက်ဆုံး​နေ့​က ၁၉၆၁၊ မတ် ၃၀ ရက်၊ ယေရှုရဲ့​သေခြင်း​အောက်မေ့​ရာ​နေ့​ဖြစ်တယ်။ ပရိသတ် ၃၇ ယောက်​ကို အောက်မေ့ရာပွဲ​ဟောပြောချက် ဂျွန်​ပေး​ခဲ့တယ်။ ဟောပြောချက်​လည်း​ပြီး​ရော ညီအစ်ကို​တွေ​က ဂျွန်​ကို အနောက်​တံခါးပေါက်​ကနေ မြန်မြန်ဆန်ဆန်​ထုတ်ပြီး ဒွတ်ရ်​အာ​စ်​ဆိပ်ကမ်း​အထိ ကား​နဲ့​ပို့ပေး​ပြီး ဂရိ​နိုင်ငံ၊ ပီ​ရဲ​အက်ဖ် (ပီ​ရီး​အက်စ်) မြို့ကို​သွားမယ့် တူရကီ​ကုန်သင်္ဘော​ပေါ်​တင်​ပေး​လိုက်တယ်။

ဂျွန်​ချောချောမောမော​ပြန်​ရောက်လာ​တဲ့​အတွက် ကျွန်မ​ဝမ်းသာ​လိုက်တာ။ အခု​ဆိုရင် အန္တရာယ်​များတဲ့​ကျန်​ခရီးစဉ်​ကို ကျွန်မ​တို့​ဆက်သွား​နိုင်ပြီ။ ကျွန်မ​တို့​ရဲ့​လုပ်ငန်း​ကို​ပိတ်ပင်​ထား​တဲ့ အခြား​ဘော်လ်ကန်​နိုင်ငံ သုံး​နိုင်ငံ​ကို ကျွန်မ​တို့​သွားရမယ်၊ ကျမ်းစာ,စာပေ​တွေ၊ လက်နှိပ်စက်​တွေ​နဲ့ အခြား​ပစ္စည်း​တွေ​ပါ​တဲ့​အတွက် စွန့်စား​သွားခဲ့​ရတဲ့​ခရီး​ပါ​ပဲ။ ယေဟောဝါ​အတွက် သူတို့ရဲ့​အလုပ်၊ လွတ်လပ်မှုနဲ့ အသက်ကိုတောင်​စွန့်​ဖို့ အသင့်​ရှိနေကြ​တဲ့ ဒေသခံ​ညီအစ်ကို၊ ညီအစ်မ​အချို့​ကို တွေ့ဆုံ​ခဲ့​ရတဲ့​အခွင့်ထူး​ကို ကျွန်မ​တို့​ရခဲ့ကြတယ်။ သူတို့ရဲ့​ဇွဲ​နဲ့ မေတ္တာ​စစ်​က ကျွန်မတို့​အတွက် အားပေးမှု​တစ်ခု​ဖြစ်​ခဲ့တယ်။ “သာမန်​ထက်​ထူးကဲ​သောတန်​ခိုး​တော်” ကို​ယေဟောဝါ​ပေးသနား​ထား​တာ​ကိုလည်း ကျွန်မ​တို့​တွေ့ခဲ့​ရ​ပါ​တယ်။

ကျွန်မ​တို့​ရဲ့​ခရီးစဉ် အောင်အောင်မြင်မြင်​နဲ့​ပြီးဆုံး​တဲ့​နောက် အမေရိကန်​ပြည်ထောင်စု​ကို ပြန်လာ​ခဲ့​ကြတယ်။ နောက်​နှစ်တွေ​အတွင်းမှာ​လည်း အယ်လ်ဘေးနီးယား​ကို စာပေ​တွေ​ပို့ပေး​ဖို့နဲ့ ညီအစ်ကို​တွေ​ရဲ့​အမှုဆောင်​မှတ်တမ်းတွေကို​ရရှိဖို့ နည်း​အမျိုးမျိုးကို​အသုံးပြုပြီး ဆက်​ကြိုးစား​ခဲ့​ကြရတယ်။

မကြာခဏ​ခရီးထွက်​ခဲ့​ရ၊ အန္တရာယ်များ​ကြုံ​ရ

နှစ်တွေ​ကုန်လွန်​လာပြီး အသက် ၇၆ နှစ်​ရှိတဲ့ ဂျွန်​ဟာ ၁၉၈၁ ခုနှစ်​မှာ​ဆုံး​သွားပြီး ကျွန်မ​တစ်ယောက်တည်း​ကျန်ရစ်​ခဲ့​ပါ​တယ်။ ကျွန်မ​ရဲ့​တူမ အဗီန်ဂျီလီအာ​နဲ့ သူရဲ့​ခင်ပွန်း ဂျော့ဂျ် အို​ရ်ဖာ​နီ​ဒီ​စ်​တို့​က ကျွန်မ​ကို​သနား​ပြီး သူတို့နဲ့အတူ​နေခိုင်း​တယ်၊ အဲဒီ​ကတည်းက ပြောပြ​လို့​မရအောင်​ပဲ စိတ်ပိုင်း​ဆိုင်ရာ​ကော ခန္ဓာပိုင်း​ဆိုင်ရာ​ပါ ကျွန်မ​ကို​ထောက်ပံ့​ကူညီပေး​တယ်။ သူတို့​ကိုယ်တိုင်​လည်း ဆူ​ဒန်​နိုင်ငံ​မှာ ပိတ်ပင်​ထား​တုန်း အမှုဆောင်ခဲ့တဲ့​အချိန်​မှာ ယေဟောဝါ​ရဲ့​ထောက်ပံ့မှု​ကို ခံစား​ခဲ့​ကြရတယ်။ *

တဖြည်းဖြည်း​နဲ့ အယ်လ်ဘေးနီးယား​မှာ​ရှိတဲ့ ကျွန်မ​တို့​ညီအစ်ကို​တွေ​နဲ့​ဆက်သွယ်​ဖို့ နောက်တစ်နည်း​နဲ့​ကြိုးစား​ခဲ့တယ်။ ကျွန်မ​ခင်ပွန်း​ရဲ့​ဆွေမျိုး​တွေ အဲဒီမှာ​နေကြ​တဲ့​အတွက် အဲဒီ​နိုင်ငံ​ကို သွား​ချင်​သလား​လို့ ကျွန်မ​ကို​မေးတယ်။ ကျွန်မ မသွား​ဘဲ​နေ​ပါ့​မလား!

လ​နဲ့​ချီ အတန်​တန်​ကြိုးစား​ပြီး​မှ ၁၉၈၆၊ မေလ​မှာ အေ​သင်​မြို့ အယ်လ်ဘေးနီးယား​သံရုံး​ကနေ ဝင်ခွင့်​ဗီဇာ​ရခဲ့တယ်။ တစ်ခုခု​ဖြစ်​ရင် ပြင်ပ​လောကရဲ့​အကူအညီ​မရနိုင်​ဘူးလို့ အယ်လ်ဘေးနီးယား​သံရုံး​ဝန်ထမ်း​တွေ​က ကျွန်မ​ကို အသေအချာ​သတိပေး​ကြတယ်။ အယ်လ်ဘေးနီးယား​သွားဖို့​အတွက် ခရီး​သွား​ကိုယ်စားလှယ်​တစ်ယောက်​ဆီကနေ လေယာဉ်​လက်မှတ်​ဝယ်​တဲ့​အခါ သူ​အကြီးအကျယ်​အံ့သြ​သွားတယ်။ မကြာခင်​မှာပဲ ကျွန်မ​လုံးဝ​မကြောက်​ဘဲ အေ​သင်က​နေ တီ​ရာ​နာ​ကို တစ်ပတ်​တစ်စင်း​ထွက်​တဲ့​လေယာဉ်​ကို ကျွန်မ​စီး​ခဲ့တယ်။ အဲဒီ​လေယာဉ်​ပေါ်မှာ သက်ကြီး​ပိုင်း​အယ်လ်ဘေးနီးယား​အမျိုးသား​သုံးယောက်​ပဲ​ပါ​တယ်; သူတို့က ဆေး​ကုသ​ဖို့ ဂရိ​နိုင်ငံ​ကို​ရောက်နေ​ကြ​တာ။

လေယာဉ်​ပေါ်​က​ဆင်း​တာ​နဲ့ အကောက်​ခွန်​ရုံးခန်း​အဖြစ်​အသုံးပြုတဲ့ လူသူမရှိ​တဲ့​အခန်း​ထဲ ကျွန်မ​ကို​ခေါ်သွား​ကြတယ်။ ကျွန်မ​ခင်ပွန်း​ရဲ့​ညီလေး​နဲ့ ညီမလေး​က ယေဟောဝါသက်သေ​တွေ​မဟုတ်​ကြ​ပေမဲ့ ဒေသခံ​ညီအစ်ကို​တွေ​နဲ့ အဆက်အသွယ်​ရအောင်ကူညီ​ပေးဖို့ အသင့်ရှိ​ခဲ့​ကြတယ်။ တရား​ဥပဒေ​အရ ကျွန်မ​ရောက်နေတယ်​ဆိုတာ ရပ်ကွက်​လူကြီး​ကို သူတို့​အကြောင်းကြား​ရတယ်။ ဒါနဲ့​ပဲ ရဲအဖွဲ့က ကျွန်မ​ကို မျက်ခြည်မပြတ်​စောင့်ကြည့်​ခဲ့​တာပေါ့။ ဒါ​ကြောင့် ကျွန်မ​ဆွေမျိုး​တွေ​က တီ​ရာ​နာ​မှာ​နေတဲ့ ညီအစ်ကို​နှစ်ယောက်ကို​ရှာပြီး ကျွန်မ​ဆီ​ခေါ်လာ​တဲ့​အထိ သူတို့​အိမ်မှာ​နေဖို့ အကြံပြု​ခဲ့တယ်။

အဲဒီ​အချိန်တုန်းက အယ်လ်ဘေးနီးယား​မှာ ဆက်ကပ်​အပ်နှံ​ထား​တဲ့​ညီအစ်ကို ကိုးယောက်​ရှိတယ်။ ပိတ်ပင်​ခံရ၊ ညှဉ်းပန်း​နှိပ်စက်မှု​ခံရ​ပြီး ဂရုစိုက်​စောင့်ကြပ်​ခံ​ခဲ့​ရတဲ့​နှစ်တွေ​က​များ​တော့ သူတို့​အရမ်း​ကို​သတိထား​တတ်လာ​ကြတယ်။ သူတို့​မျက်နှာ​တွေ​ဆိုရင် ပါး​ရေ​တွေ​တွန့်​နေတာပဲ။ ညီအစ်ကို​နှစ်ယောက်​က ကျွန်မ​ကို ယုံကြည်​စိတ်ချ​လာတဲ့​နောက်​မှာ သူတို့က “ကင်းမျှော်စင်​တွေ ဘယ်မှာ​လဲ” လို့​ဦးဆုံး​မေးတယ်။ သူတို့ဆီမှာ စာအုပ်​အဟောင်း​နှစ်အုပ်​ပဲ​ရှိတာ နှစ်​နဲ့​ချီ​ပြီ၊ သမ္မာကျမ်းစာ​တောင်​မရှိဘူး။

သူတို့​အပေါ် အစိုးရ​ဘယ်လောက်​အထိ​ရက်စက်တဲ့​အကြောင်း​တွေ အားလုံး​ပြောပြ​တယ်။ မဲ​ဆန္ဒ​ပေး​ပွဲ​တစ်ခု​မတိုင်ခင်​မှာ ချစ်စရာ​ကောင်း​တဲ့ ညီအစ်ကို​တစ်ယောက် နိုင်ငံရေး​ထဲ​မပါဘဲ ကြားနေ​ဖို့​ဆုံးဖြတ်​ခဲ့​တဲ့​အကြောင်းကို သူတို့​ပြောပြ​တယ်။ အစိုးရ​က အရာရာကို ချုပ်ကိုင်​ထား​တဲ့​အတွက် အဲဒီ​ညီအစ်ကို​ရဲ့​လမ်းစဉ်​ကြောင့် သူ့​မိသားစု အစားအသောက်​ရာ​ရှင်​ရတော့​မှာ​မဟုတ်ဘူး။ အဲဒီ​ညီအစ်ကို​ရဲ့ အိမ်ထောင်သည်​ကလေး​တွေ​နဲ့ သူတို့ရဲ့​မိသားစု​တွေ​က သူ့ရဲ့​ဘာသာရေး​ယုံကြည်ချက်ကို​မခံယူ​ပေမဲ့လည်း သူတို့ ထောင်ချ​ခံရ​မှာ​ဖြစ်တယ်။ ဒီ​ညီအစ်ကို​ရဲ့​မိသားစုက ကြောက်လန့်​ပြီး မဲ​ဆန္ဒ​ပေး​ပွဲ​မတိုင်ခင်​တစ်ည​မှာ သူ့ကို​သတ်​ပြီး ရေတွင်း​ထဲ​ပစ်ချ​လိုက်တယ်၊ နောက်ပိုင်း​မှာ သူတို့​အဖေက ကြောက်​လွန်းလို့ သူ့ကိုယ်သူ​သတ်​သေ​လိုက်တယ်လို့ သတင်းလွှင့်​ခဲ့​ကြတယ်။

အဲဒီ​ခရစ်ယာန်​တွေ အရမ်း​ဆင်းရဲ​တာ၊ တကယ်​သနားစရာ​ကောင်းတယ်။ အဲဒါ​တောင် ကျွန်မ​ကြိုးစား​ပြီး သူတို့​တစ်ယောက်စီ​ကို ဒေါ်လာ ၂၀ စီ​ပေး​တဲ့​အခါ သူတို့​မယူ​ဘဲ “ဝိညာဉ်​အစာ​ပဲ လိုချင်​တယ်” လို့​ပြော​ကြတယ်။ ပြည်သူ​လူထု​အများစုကို ဘုရားသခင်​မဲ့​ဝါဒီ​သ​မား​တွေ​ဖြစ်​လာအောင်​လုပ်တဲ့ အာဏာရှင်​အစိုးရ​လက်အောက်​မှာ ဒီ​ချစ်စရာ​ကောင်း​တဲ့ ညီအစ်ကို​တွေ နေထိုင်ခဲ့​တာ နှစ်​နဲ့​ချီ​ရှိပြီ။ ဒါပေမဲ့​လည်း အခြား​နေရာတွေမှာ​ရှိတဲ့ သက်သေခံတွေ​လို​ပဲ သူတို့ရဲ့​ယုံကြည်ခြင်း ခိုင်မြဲ​ကြတယ်။ ခက်ခဲ​ဆင်းရဲ​ဆုံး​အခြေအနေ​မျိုးမှာ​တောင် “သာမန်​ထက်​ထူးကဲ​သောတန်​ခိုး​တော်” ကို​ယေဟောဝါ​ပေး​နိုင်​တဲ့​အကြောင်း အယ်လ်ဘေးနီးယား​ကနေ ကျွန်မ​ထွက်ခွာ​ခဲ့​တဲ့​နောက်​နှစ်ပတ်​မှာ သဘောပေါက်ခဲ့​ပါ​တယ်။

၁၉၈၉ ခုနှစ်​အပြင် ၁၉၉၁ ခုနှစ်​မှာလည်း အယ်လ်ဘေးနီးယား​ကို ကျွန်မ​လည်ပတ်ခွင့်​ရခဲ့တယ်။ အဲဒီ​နိုင်ငံ​မှာ လွတ်လပ်​စွာ​ပြောဆို​ဝတ်ပြုခွင့် တဖြည်းဖြည်း​ရလာတဲ့​အခါ ယေဟောဝါ​ကို​ဝတ်ပြု​ကိုးကွယ်​သူတွေ တိုးများ​လာတယ်။ ၁၉၈၆ ခုနှစ်​မှာ​ရှိတဲ့ ဆက်ကပ်​အပ်နှံ​ခရစ်ယာန်​လက်တစ်ဆုပ်​စာ​က အခု​ဆိုရင် တက်ကြွ​လှုပ်ရှား​တဲ့​ကြေညာသူ ၂,၂၀၀ ကျော်သွား​ပြီ။ အဲဒီ​ထဲမှာ ကျွန်မ​ခင်ပွန်း​ရဲ့​ညီမ မဲ​လ်​ပို​လည်း​ပါ​တယ်​လေ။ တည်ကြည်​တဲ့ ဒီ​အုပ်စု​လေး​အပေါ်မှာ ယေဟောဝါ​ရဲ့​ကောင်းချီး​သက်ရောက်​နေတယ်​ဆိုတာ သံသယ​ရှိ​နိုင်​ဦး​မလား။

ယေဟောဝါ​၏​တန်ခိုးတော်​ဖြင့် ကျေနပ်​ရောင့်ရဲသော​ဘဝ

ပြန်ပြောင်း​ကြည့်​လိုက်တဲ့အခါ ဂျွန်​နဲ့​ကျွန်မ​တို့​ရဲ့​အလုပ်ဟာ အလဟဿ​မဖြစ်ခဲ့ဘူး​ဆိုတာ ကျွန်မ​ယုံတယ်။ ကျွန်မ​တို့​ရဲ့​လူငယ့်​ခွန်အား​ကို အကျိုး​အရှိဆုံး​နည်းနဲ့ အသုံးပြု​ခဲ့​ကြတယ်။ အချိန်ပြည့်​ခရစ်ယာန်​ဓမ္မ​အမှုမှာ ကျွန်မ​တို့​လုပ်ခဲ့တဲ့​အလုပ်ဟာ တခြား​ဘယ်​အလုပ်တွေ​ထက်​မဆို အများကြီး​အကျိုးရှိ​ခဲ့​ပါ​တယ်။ ကျမ်းစာ​အမှန်တရားကို ကျွန်မ​တို့​သင်ပေးခဲ့တဲ့ ချစ်​ရတဲ့​သူတွေ​ကြောင့် ကျွန်မ​အားရ​ဝမ်းသာ​ပါ​တယ်။ အခု​အသက်ကြီး​နေပြီ​ဖြစ်​ပေမဲ့ လူငယ်တွေကို သူတို့ ‘အသက်​ပျိုစဉ်အခါ​မှာ ဖန်ဆင်း​ရှင်​ကို​အောက်မေ့’ ဖို့​စိတ်နှလုံး​အကြွင်းမဲ့ ကျွန်မ​အားပေးနိုင်​ပါ​တယ်။—ဒေ. ၁၂:၁

အခု ကျွန်မ​အသက် ၈၁ နှစ်​ရှိနေပေမဲ့​လည်း အချိန်ပြည့်​သတင်းကောင်း​ကြေညာသူ​အဖြစ် အမှုဆောင်​နိုင်​သေး​တယ်။ စောစော​အိပ်ရာထ​ပြီး ဘတ်စကား​မှတ်တိုင်​တွေ​မှာ၊ ကား​ရပ်​ထား​တဲ့​နေရာတွေမှာ၊ လမ်းတွေပေါ်​မှာ၊ ဆိုင်​တွေ​မှာ၊ ပန်းခြံ​တွေ​မှာ ကျွန်မ​သက်သေခံ​ပါ​တယ်။ အသက်ကြီး​လာတဲ့​အတွက် အခက်အခဲ​တွေ​ရှိပေမဲ့ ကျွန်မ​တူမ​ရဲ့​မိသားစု​အပြင် ကျွန်မ​ချစ်​ရတဲ့​ဝိညာဉ်​ရေး​ညီအစ်ကို၊ ညီအစ်မ​တွေ​က​လည်း ကျွန်မ​ကို​အတော်လေး​ကူညီပေး​ပါ​တယ်။ အဲဒါ​ထက် ‘ငါ​တို့​နှင့်​မဆိုင်၊ ဘုရားသခင်​နှင့်​ဆိုင်​သည့် သာမန်​ထက်​ထူးကဲ​သောတန်​ခိုး​တော်’ ကို​ကျွန်မ​ခံစားရ​မှန်း သိလာ​ခဲ့​ရတယ်။—၂ ကောရိန္သု ၄:၇

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 10 အမန္နဝဲလ် လီ​အို​နူ​ဒါ​ကိစ်​၏​ဘဝ​အတ္ထုပ္ပတ္တိ​ကို ၁၉၉၉၊ စက်တင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၅-၉ ကို​ရှု။

^ အပိုဒ်၊ 11 အမန္နဝဲလ် ပ​တဲ​ကီစ်​၏​အတ္ထုပ္ပတ္တိ​ကို ၁၉၉၆၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၂-၇ ကို​ရှု။

^ အပိုဒ်၊ 31 ယေဟောဝါသက်သေ​များ ထုတ်ဝေ​ထားသော ၁၉၉၂၊ ယေဟောဝါသက်သေ​များ​၏​နှစ်ချုပ်​စာအုပ် စာမျက်နှာ ၉၁-၂ ကို​ရှု။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

အပေါ်– ၁၉၅၀ အေ​သင်၊ ဗေသလ​အိမ်သား​များနှင့်​အတူ (လက်ဝဲ​အစွန်) ဂျွန်၊ (အလယ်) ကျွန်မ၊ ကျွန်မ​၏​လက်ဝဲဘက်​တွင် အစ်ကို​အမန္နဝဲလ်​နှင့် အစ်ကို​၏​လက်ဝဲဘက်​တွင် ကျွန်မ​တို့၏​မိခင်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

လက်ဝဲ– ၁၉၅၆၊ န​ယူး​ဂျာ​စီ ကမ်းခြေ​တွင် ကျွန်မ​တို့၏ စီးပွားရေး​လုပ်ငန်း​၌ ဂျွန်​နှင့်အတူ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၉၅၊ အယ်လ်ဘေးနီးယား၊ တီ​ရာ​နာ​မှ ခရိုင်​စည်းဝေးကြီး

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အယ်လ်ဘေးနီးယား၊ တီ​ရာ​နာ​မှ ဗေသလ​အဆောက်အအုံ။ ၁၉၉၆ ခုနှစ်​တွင် ဆောက်​ပြီး​ခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အပေါ်– ၁၉၄၀ “ကင်းမျှော်စင်” တစ်စောင်​မှ အယ်လ်ဘေးနီးယား ဘာသာ​စကား​သို့ လျှို့ဝှက် ပြန်ဆို​ခဲ့​သော​ဆောင်းပါး

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကျွန်မ​၏​တူမ​အဗီန်ဂျီလီအာ အို​ရ်ဖာ​နီ​ဒီ​စ် (လက်ယာ) သူ့​ခင်ပွန်း​ဂျော့ဂျ်​တို့​နှင့်