မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြီးအကဲတို့ အခြားသူများကို လေ့ကျင့်ပေးလော့

အကြီးအကဲတို့ အခြားသူများကို လေ့ကျင့်ပေးလော့

အကြီးအကဲ​တို့ အခြား​သူများကို လေ့ကျင့်ပေး​လော့

ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ​၌ ကြီးကြပ်​နိုင်​မည့် အမျိုးသားများ အရေးတကြီး​လိုအပ်​လျက်​ရှိသည်။ ဤ​လိုအပ်မှု​တွင် အဓိက​အကြောင်းရင်း သုံးခု​ရှိသည်။

ပထမ​အနေ​နှင့် ယေဟောဝါ​သည် ‘အားနည်း​သော​သူတစ်ယောက်ကို အား​ကြီးသော​လူမျိုး​ဖြစ်’ စေမည်​ဟူ​သည့် မိမိ၏​ကတိတော်​ကို ပြည့်စုံ​စေ​လျက်​ရှိ၏။ (ဟေရှာယ ၆၀:၂၂) ကိုယ်တော်​၏​မခံစားထိုက်သော ကရုဏာတော်​ကြောင့် လွန်ခဲ့သော​သုံးနှစ်​အတွင်း တပည့်​အသစ် တစ်သန်း​နီးပါး​သည် ယေဟောဝါသက်သေ​များ​အဖြစ် နှစ်ခြင်း​ခံ​ခဲ့​ကြသည်။ ဤ​နှစ်ခြင်း​ခံ​ပြီး​ခါ​စ​လူသစ်များ​ကို ရင့်ကျက်သည့်​ခရစ်ယာန်​များ​ဖြစ်လာ​ကြ​စေရန် ကူညီ​ပေးဖို့ အားကိုး​ရသော​အမျိုးသားများ​လို​သည်။—ဟေဗြဲ ၆:၁၊ ၂

ဒုတိယ​အနေ​နှင့် ဆယ်စုနှစ်ချီ အကြီးအကဲ​များ​အဖြစ် အမှုထမ်းဆောင်​ခဲ့​သူတချို့​သည် အသက်အရွယ်​ကြီးရင့်​ခြင်း သို့​မဟုတ် ကျန်းမာ​ရေး​အခက်အခဲ​များ​ကြောင့် အသင်းတော်​တာဝန်​အချို့​ကို လျှော့​ထမ်းဆောင်​နေကြ​ရသည်။

တတိယ​အနေ​နှင့် ဇွဲရှိ​သော​ခရစ်ယာန်​အကြီးအကဲ​တချို့​သည် ယခု ဆေးရုံ​ဆက်သွယ်ရေး​ကော်မတီ၊ ဒေသန္တရ​ဆောက်လုပ်ရေး​ကော်မတီ သို့​မဟုတ် အစည်းအဝေး​ခန်းမ​ကော်မတီဝင်​များ​အဖြစ် တာဝန်​ထမ်းဆောင်​လျက်​ရှိကြ​၏။ အချို့​ကိစ္စ​များ​၌ သူတို့၏​အသင်းတော်​တာဝန်​တချို့​ကို လက်​လွှဲ​လိုက်​ကြ​ရသည်။

အရည်အချင်း​ပြည့်မီ​သည့် အမျိုးသားများ ထပ်ဆင့်​လိုအပ်​နေခြင်း​ကို မည်သို့​ဖြည့်ဆည်း​ပေး​နိုင်​မည်​နည်း။ လေ့ကျင့်​ပေးခြင်း​သည် သော့ချက်​ဖြစ်၏။ “သစ္စာ​နှင့်​ပြည့်စုံ​၍ သူတစ်ပါး​တို့ကို​သွန်သင်ခြင်း​ငှာ၊ တတ်စွမ်း​နိုင်သော” သူတို့ကို လေ့ကျင့်ပေး​ရန် ခရစ်ယာန်​အကြီးအကဲ​များ​ကို သမ္မာကျမ်းစာ​က အားပေးထား​သည်။ (၂ တိမောသေ ၂:၂) အဘိဓာန်​တစ်အုပ်​အရ “လေ့ကျင့်ပေး​ရန်” ဟူသော​ကိရိယာ​သည် “သင့်လျော်၊ အရည်အချင်း​ပြည့်မီ သို့​မဟုတ် တတ်ကျွမ်း​ရန် သင်ကြား​ပေးခြင်း” ဟု​အဓိပ္ပာယ်​ရသည်။ အကြီးအကဲ​များသည် အရည်အချင်း​ပြည့်မီ​သော အခြား​အမျိုးသားကို မည်သို့​လေ့ကျင့်ပေး​နိုင်​ကြောင်း သုံးသပ်ကြည့်​ကြ​စို့။

ယေဟောဝါ​၏​ပုံသက်သေ​ကို လိုက်လျှောက်​ကြလော့

ယေရှု​ခရစ်​သည် ကိုယ်တော်​၏​လုပ်ငန်း​တွင် အမှန်ပင် ‘သင့်လျော်​ကာ အရည်အချင်း​ပြည့်မီ​ပြီး တတ်ကျွမ်း’ ၏၊ ယင်းကို​အံ့သြစရာ​မလို​ပေ! ယေဟောဝါ​ဘုရားသခင်​ကိုယ်တော်တိုင် ယေရှုကို​လေ့ကျင့်ပေး​ခဲ့​၏။ ဤ​လေ့ကျင့်​ပေးခြင်း​အစီအစဉ်ကို အဘယ်​အချက်များ​က အလွန်​ထိရောက်​စေ​သနည်း။ ယောဟန် ၅:၂၀ တွင်​မှတ်တမ်းတင်​ခဲ့​သည့်​အတိုင်း အချက်​သုံးချက်​ကို ယေရှု​ဤသို့​ဖော်ပြ​သည်– “ခမည်းတော်​သည် သားတော်ကို [၁] ချစ်တော်မူ​၍ ပြု​တော်​မူသမျှ​တို့ကို သားတော်​အား [၂] ပြတော်မူ​၏။ . . . [၃] ဤမျှ​မ​က သာ၍​ကြီးစွာ​သော​အမှုအရာ​တို့ကို သားတော်​အား​ပြတော်မူ​လိမ့်​မည်။” ဤ​အချက်​တစ်ချက်​ချင်း​စီ​ကို ဆန်းစစ်ခြင်း​က လေ့ကျင့်ပေး​ရခြင်း​၏​အကြောင်းရင်းကို ထိုးထွင်း​သိမြင်စေပါ​လိမ့်​မည်။

ဦးဆုံး “ခမည်းတော်​သည် သားတော်ကို ချစ်တော်မူ” ၏​ဟူသော ယေရှု၏​စကား​ကို​မှတ်သားပါ။ ဖန်ဆင်း​ခြင်း​စတင်ချိန်​ကတည်းက ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော်​တို့​အကြား နွေးထွေး​သော​နှောင်ကြိုး​ရှိခဲ့​သည်။ ယင်း​ဆက်ဆံ​ရေး​ကို နယပုံပြင် ၈:၃၀ က​ဤသို့​ပေါ်လွင်​စေ​သည်– “ငါ [ယေရှု] သည်​ကျွေးမွေး​တော်​မူ​သော​သား​ကဲ့သို့ [ယေဟောဝါ​ဘုရားသခင်] အထံတော်ပါး​တွင်​နေ၍ [“အထူး​မြတ်နိုး​ခံရ​သူ​ဖြစ်လာ​၏၊” က​ဘ] အစဉ်မပြတ်​မွေ့လျော်​တော်​မူ​ရာ​ဖြစ်၏။ ရှေ့တော်၌​အစဉ်မပြတ်​ကစား​လျက်” နေ​၏။ ယေဟောဝါ​သည် ယေရှုကို “အထူး​မြတ်နိုး” ကြောင်း ယေရှု​လုံးဝ​သံသယ​မရှိပါ။ ယေရှုသည် ခမည်းတော်​၏​အထံတော်ပါး​တွင် ခစား​လျက်​နေစဉ် မိမိ၏​ပျော်ရွှင်မှု​ကို ဖုံးကွယ်​မထား​ချေ။ ခရစ်ယာန်​အကြီးအကဲ​များနှင့် သူတို့​လေ့ကျင့်ပေး​နေသူတို့​စပ်ကြား နွေးထွေး​ပွင့်လင်း​သော​ဆက်ဆံ​ရေး​ရှိ​မည်​ဆိုလျှင် မည်မျှ​ကောင်း​လိုက်​မည်​ဖြစ်​ခြင်း!

ယေရှု​ဖော်ပြ​သော ဒုတိယ​အချက်​မှာ ခမည်းတော်​သည် “ပြု​တော်​မူသမျှ​တို့ကို သားတော်​အား​ပြတော်မူ” ခြင်း​ဖြစ်သည်။ ဤ​စကား​များသည် နယပုံပြင် ၈:၃၀ တွင်​ဖော်ပြ​ထား​ချက်​ကို ထောက်ခံ​၏၊ တစ်နည်း​ကား စကြဝဠာ​ကို ဖန်ဆင်း​နေစဉ် ယေရှုသည် ယေဟောဝါ​၏ “အထံတော်ပါး​၌” ရှိသည်။ (ကမ္ဘာဦး ၁:၂၆) အလွန်​ကောင်း​သည့် ထို​ပုံသက်သေ​ကို​လိုက်လျှောက်​ကာ အကြီးအကဲ​များသည် ဓမ္မ​အမှုထမ်းများ​နှင့်အတူ အနီးကပ်​လုပ်ဆောင်​ပြီး သူတို့၏​တာဝန်​များ​ကို အရည်အသွေး​ရှိ​ရှိ မည်သို့​ထမ်းဆောင်​နိုင်​ကြောင်း ပြသ​ပေး​နိုင်​သည်။ သို့ရာတွင် ခန့်အပ်​ခံရ​ခါ​စ ဓမ္မ​အမှုထမ်းများ​သာ အဆင့်ဆင့်​လေ့ကျင့်ပေး​မှု​လို​သည် မဟုတ်​ချေ။ ကြီးကြပ်မှူး​အရာ​ကို နှစ်ချီ​ကြိုးစား​တက်လှမ်း​ခဲ့​ကြသော်လည်းခန့်အပ်​မခံရ​သေး​သည့် သစ္စာရှိ​ညီအစ်ကို​များ​ကော အသို့နည်း။ (၁ တိမောသေ ၃:၁) ထို​သူတို့ တိုးတက်​ရန် မည်သို့​ကြိုးစား​နိုင်​ကြောင်း သိရှိ​စေဖို့ အကြီးအကဲ​များသည် သက်ဆိုင်​သည့်​အကြံဉာဏ်​ကို​ပေး​သင့်​သည်။

ဥပမာ၊ ဓမ္မ​အမှုထမ်း​တစ်ဦး​သည် မိမိ​တာဝန်​များ​ကို​ထမ်းဆောင်​ရာ​၌ ယုံကြည်​အားထား​ရ​ကာ တိကျ​သေချာ​ပြီး အသိစိတ်​ရှိ​ရှိ​လုပ်ဆောင်​တတ်​ပေမည်။ သွန်သင်သူ​ကောင်း​တစ်ဦး​လည်း ဖြစ်​ပေမည်။ အသင်းတော်၌ ကဏ္ဍ​အတော်များများကို အကောင်းဆုံး​လုပ်ဆောင်နေ​ပေမည်။ သို့ရာတွင် ခရစ်ယာန်​ချင်း​များနှင့် ဆက်ဆံ​ရာ​တွင် ကြမ်းတမ်း​ကြောင်း သူ​သတိ​မပြုမိ​ဘဲ​နေ​ပေမည်။ အကြီးအကဲ​များသည် “ပညာ​၏​နူးညံ့​သိမ်မွေ့” သော​သဘောကို​တင်ပြ​ဖို့​လို​သည်။ (ယာကုပ် ၃:၁၃) အကြီးအကဲ​ဖြစ်သူ​သည် ဓမ္မ​အမှုထမ်း​အား​စကားပြော​ဆို​ကာ အခက်အခဲ​ကို​ဖော်ပြ​ပြီး သက်ဆိုင်​သည့်​ဥပမာ​များ​ပေး​ကာ တိုးတက်​ဖို့ လက်တွေ့ကျ​သော​အကြံဉာဏ်​များ​ပေး​လျှင် ကြင်နာ​မှု​ပြ​ရာ​ရောက်မည်​မဟုတ်ပေ​လော။ အကြီးအကဲ​သည် ‘ဆား​အားဖြင့်​ငန်​သော​အရသာ​နှင့်​ပြည့်စုံ​စေ​လျက်’ ဂရုတစိုက်​ပြောဆို​မည်​ဆိုလျှင် သူ့​စကား​ကို ကောင်းစွာ​လက်ခံ​လာ​ဖွယ်​ရှိသည်။ (ကောလောသဲ ၄:၆) ဓမ္မ​အမှုထမ်း​အနေ​နှင့်​လည်း သူ​ရရှိ​သည့် သွန်သင်ချက်​မှန်သမျှကို လိုလိုလားလား​ရှိ​ခြင်း​နှင့် လက်ခံခြင်း​အားဖြင့် အကြီးအကဲ​၏​တာဝန်​ကို ပို​၍​ပျော်မွေ့​ဖွယ်​ဖြစ်စေ​ပေမည်။—ဆာလံ ၁၄၁:၅

အသင်းတော်​အချို့​တွင် အကြီးအကဲ​များသည် ဓမ္မ​အမှုထမ်းများ​ကို လက်တွေ့ကျကျ မပြတ်​တမ်း​လေ့ကျင့်ပေး​နေကြပါ​သည်။ ဥပမာ၊ လူနာ သို့​မဟုတ် သက်ကြီးရွယ်အို​များ​ထံ လည်ပတ်​သွားသော​အခါ အရည်အချင်း​ပြည့်မီ​သော​ဓမ္မ​အမှုထမ်းများ​ကို ခေါ်သွား​ကြ​၏။ ဤနည်းဖြင့် ဓမ္မ​အမှုထမ်းများ​သည် သိုးထိန်း​လုပ်ငန်း​အတွက် အတွေ့အကြုံ​ရရှိ​လာ​ကြသည်။ ဓမ္မ​အမှုထမ်း​တစ်ဦး​သည် မိမိ၏​ဝိညာဉ်​ရေး​တိုးတက်မှု​အတွက် လုပ်ကိုင်​နိုင်​စ​ရာ​များစွာ​ရှိသေး​သည်။—“ဓမ္မ​အမှုထမ်းများ​လုပ်ဆောင်​နိုင်​သည့်​အရာ” ခေါင်းစဉ်​ရှိ အောက်ပါ​လေးထောင့်ကွက်​ရှု။

ယေရှု​လေ့ကျင့်​ခံရ​မှု အလွန်​ထိရောက်​ရသည့် တတိယ​အချက်​မှာ ယေဟောဝါ​သည် အနာဂတ်​တိုးတက်မှု​ကို​ရည်စူး၍ လေ့ကျင့်​ပေးခြင်း​ဖြစ်သည်။ ခမည်းတော်​သည် “ဤမျှ​မ​က သာ၍​ကြီးစွာ​သော​အမှုအရာ​တို့ကို” သားတော်​အား​ပြတော်မူ​လိမ့်​မည်​ဟု ယေရှု​ပြော​ခဲ့​သည်။ မြေကြီးပေါ်​ရှိခဲ့​ချိန်​က ယေရှု​ရရှိသော​အတွေ့အကြုံ​သည် နောက်နောင်​ထမ်းဆောင်​ရမည့်​တာဝန်​များ​အတွက် လိုအပ်​မည့်​အရည်အချင်းများ​ကို မွေးမြူ​စေနိုင်​ခဲ့​သည်။ (ဟေဗြဲ ၄:၁၅; ၅:၈၊ ၉) ဥပမာ၊ ယေရှုသည် ကြီး​လေး​သော​တာဝန်​တစ်ရပ်​ဖြစ်သည့် သေလွန်သူ သန်းပေါင်း​များစွာ​တို့ကို ရှင်ပြန်ထမြောက်​စေပြီး တရား​စီရင်​ရမည့်​တာဝန်​ကို မကြာမီ​ရရှိ​မည်​ဖြစ်သည်!—ယောဟန် ၅:၂၁၊ ၂၂

ယနေ့ ဓမ္မ​အမှုထမ်းများ​ကို​လေ့ကျင့်ပေး​ရာ​တွင် အကြီးအကဲ​များသည် အနာဂတ်​လိုအပ်ရာ​များ​ကို​ရည်စူး၍ လေ့ကျင့်ပေး​သင့်​သည်။ လောလောဆယ်​လိုအပ်ရာ​များ​အတွက် အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ အလုံအလောက်​ရှိနေ​ငြား အသင်းတော်​အသစ်​တစ်ခု တည်ထောင်​လာ​မည်​ဆိုလျှင်​ကော။ အသင်းတော်​အတော်များများ တည်ထောင်​လာ​မည်​ဆိုလျှင်​ကော။ လွန်ခဲ့သော​သုံးနှစ်​အတွင်း ကမ္ဘာ​တစ်ဝန်း​တွင် အသင်းတော်​အသစ် ၆,၀၀၀ ကျော်​ရှိခဲ့​သည်။ ထို​အသင်းတော်​အသစ်များ​အတွက် လိုအပ်သော​အကြီးအကဲ​နှင့် ဓမ္မ​အမှုထမ်း​အရေအတွက်​မှာ နည်းနည်း​နော​နော​မဟုတ်​ချေ!

အကြီးအကဲ​တို့၊ သင်တို့​လေ့ကျင့်ပေး​နေသူတို့​နှင့် နွေးထွေး​သော​ဆက်ဆံ​ရေး ရှိ​ခြင်း​အားဖြင့် ယေဟောဝါ​၏​ပုံသက်သေ​ကို အတုယူ​နေကြပါ​သလော။ သူတို့၏​တာဝန်​များ​ကို မည်သို့​မည်​ပုံ​ထမ်းဆောင်​ရမည်ကို သွန်သင်ပေး​နေကြပါ​သလော။ အနာဂတ်​တွင် လိုအပ်​မည့်​အရာများ​ကို သင်​ထည့်​စဉ်းစားမိ​ပါသလော။ ယေရှုကိုယေဟောဝါ​လေ့ကျင့်ပေး​ခဲ့​သည့် ပုံစံ​ကို အတုယူ​ခြင်း​အားဖြင့် လူအများသည် ကောင်းချီး​များစွာ​ခံစား​ကြ​ရ​ပါ​လိမ့်​မည်။

တာဝန်​လွှဲအပ်​ရန် မစိုးရိမ်​ပါ​နှင့်

ကြီး​လေး​သော​တာဝန်​များစွာကို ထမ်းဆောင်​နိုင်သော​စွမ်းရည်​ရှိ အကြီးအကဲ​များသည် သူတစ်ပါးကို​တာဝန်​လွှဲအပ်​ရန် တွန့်ဆုတ်​ကောင်း​တွန့်ဆုတ်​ကြ​ပေမည်။ တစ်ချိန်က တာဝန်​လွှဲအပ်​ခဲ့​၍ ကျေနပ်မှု​မရဘဲ​ဖြစ်​ဖူး​မည်။ သို့​နှင့် ‘အလုပ်​တစ်ခု​ကို​ကောင်းကောင်း​ပြီးမြောက်​ချင်​ရင် ကိုယ်တိုင်​လုပ်​မှ​ဖြစ်​မယ်’ ဟူ​သည့်​သဘောထား​ဝင်လာ​ခဲ့​ပေမည်။ သို့သော် ဤ​သဘောထား​က အတွေ့အကြုံ​နည်း​သူတို့သည် အတွေ့အကြုံ​ပို​ရှိ​သူများ​ထံ​မှ လေ့ကျင့်မှု​ရယူ​ကြ​ရမည်​ဟူ​သည့် ကျမ်းစာ​၌​ဖော်ပြ​ထားသော ယေဟောဝါ​၏​အလိုတော်နှင့် ကိုက်ညီ​ပါသလော။—၂ တိမောသေ ၂:၂

နယ်လှည့်​ခရီး​ဖော်​တစ်ဦး​ဖြစ်သည့် ယောဟန်​မာကု​သည် ပံဖုလိ​ပြည်​တွင် မိမိ၏​တာဝန်​ကို​စွန့်ပြီး အိမ်သို့ပြန်​သွားခဲ့​သည့်​အခါ ပေါလု​စိတ်ပျက်​ခဲ့​၏။ (တမန်​တော် ၁၅:၃၈၊ ၃၉) သို့ရာတွင် ယင်းကြောင့် ပေါလု​သည် အခြား​သူများကို​လေ့ကျင့်ပေး​ရန် တွန့်ဆုတ်​မနေခဲ့ပါ။ တခြား​လူငယ်​ညီအစ်ကို တိမောသေ​ကို ရွေးချယ်​လိုက်ပြီး သာသနာပြု​လုပ်ငန်း​အတွက် လေ့ကျင့်ပေး​ခဲ့​သည်။ * (တမန်​တော် ၁၆:၁-၃) ဗေရိ​မြို့တွင် သာသနာပြု​များသည် ပြင်းထန်သော​ဆန့်ကျင်မှု​ကို​ရင်ဆိုင်ခဲ့​ရ​သဖြင့် ပေါလု​အနေ​နှင့် ထို​တွင်​ဆက်နေ​ရန်​မသင့်​ခဲ့​ပေ။ ထို့​ကြောင့် အသင်းတော်​အသစ်​ကို​ကြည့်ရှု​ရန် ရင့်ကျက်သော​ညီအစ်ကို​သိလ​နှင့် တိမောသေ​တို့အား တာဝန်​လွှဲအပ်​ပေး​ခဲ့​သည်။ (တမန်​တော် ၁၇:၁၃-၁၅) တိမောသေ​သည် သိလ​ထံ​မှ များစွာ​သင်ယူ​ခဲ့​မည်​မှာ သေချာ​ပါ​သည်။ နောက်ပိုင်း​တွင် တိမောသေ​သည် ထပ်ဆင့်​တာဝန်​ကို ထမ်းဆောင်​နိုင်စွမ်း​ရှိလာ​သောအခါ သက်သာလောနိတ်​အသင်းတော်​သို့ သွားရောက်​အားပေး​ရန် သူ့ကို ပေါလု​စေလွှတ်ခဲ့​သည်။—၁ သက်သာလောနိတ် ၃:၁-၃

ပေါလု​နှင့် တိမောသေ​တို့၏​ဆက်ဆံ​ရေး​သည် အလုပ်​သဘော​အရ​မဟုတ်​ခဲ့၊ အေး​တိ​အေးစက်​ဖြစ်​မနေခဲ့ပါ။ သူတို့​နှစ်ဦး​စပ်ကြား နွေးထွေး​သော​နှောင်ကြိုး​ရှိခဲ့​သည်။ ကောရိန္သု​အသင်းတော်​သို့ ပေါလု​စာရေး​ရာ​တွင် ထို​နေရာသို့​စေလွှတ်​ရန်​ရည်ရွယ်​ထား​သူ တိမောသေ​အား “သခင်​ဘုရား​၌​သစ္စာ​ရှိသော ငါ​၏​ချစ်​သား” ဟု​ပေါလု​ဖော်ပြ​ခဲ့​သည်။ သူ​ဤသို့​ထပ်ဆင့်​ဆို​၏– “ငါသည် ခရစ်တော်​၌​ကျင့်​သော​အကျင့်ဓလေ့​များ​ကို သင်တို့သည်​မှတ်မိ​စေခြင်း​ငှာ [တိမောသေ] သည် ပြသ​တိုက်တွန်း​လိမ့်​မည်။” (၁ ကောရိန္သု ၄:၁၇) ပေါလု​ထံ​မှ​ရရှိသော​လေ့ကျင့်ပေး​မှု​ကို တိမောသေ​လက်ခံ​တုံ့ပြန်​ကာ တာဝန်​များ​ကို အရည်အချင်း​ရှိ​ရှိ ထမ်းဆောင်​လာနိုင်​ခဲ့​သည်။ တိမောသေ​ကို ပေါလု​လေ့ကျင့်ပေး​ခဲ့​သကဲ့သို့ လူငယ်​ညီအစ်ကို​များ​အား အမှန်​စိတ်ဝင်စားမှု​ပြ​သည့် အသက်ကြီးသူ​များ​၏​လေ့ကျင့်ပေး​မှု​မှ အကျိုး​ခံစား​ခဲ့​ရသူ​များစွာ​သည် စွမ်းရည်​ရှိသော​ဓမ္မ​အမှုထမ်း၊ အကြီးအကဲ သို့​မဟုတ် နယ်လှည့်​ကြီးကြပ်မှူး​များ ဖြစ်လာ​ခဲ့​ကြ​ပေ​ပြီ။

အကြီးအကဲ​တို့၊ သူတစ်ပါးကို​လေ့ကျင့်ပေး​လော့!

ဟေရှာယ ၆၀:၂၂ ပါ​ပရောဖက်ပြုချက်​သည် ယနေ့ အမှန်ပင်​ပြည့်စုံ​နေသည်။ ယေဟောဝါ​သည် ‘အားနည်း​သော​သူတစ်ယောက်ကို အား​ကြီးသော​လူမျိုး​ဖြစ်’ စေ​လျက်​ရှိသည်။ ထို​လူမျိုး​သည် “အားကြီး” မြဲ​အားကြီး​နေ​ရန် ကောင်းစွာ​စီစဉ်​ဖွဲ့စည်းထား​ရမည်။ အကြီးအကဲ​တို့၊ ထပ်ဆင့်​လေ့ကျင့်ပေး​မှု လက်ခံ​ယူ​နိုင်​မည့် ဆက်ကပ်​အပ်နှံ​ထားသော အမျိုးသားများ​အား လေ့ကျင့်ပေး​နိုင်​မည့်​နည်းလမ်းများ​ကို သုံးသပ်ပါ​လေ။ ဓမ္မ​အမှုထမ်း​တစ်ဦးစီ​အနေ​နှင့် တိုးတက်​နိုင်​ရန် သူ​ပြုလုပ်​ဆောင်ရွက်​ရမည့်​အရာ​မှန်သမျှကို ကောင်းစွာ​သိရှိပါ​စေ။ နှစ်ခြင်း​ခံ​ပြီး​သော အသင်​ညီအစ်ကို​များလည်း သင်​ရရှိ​သည့်​ဂရုစိုက်​မှု​မှန်သမျှကို အကျိုး​အများဆုံး​ဖြစ်ထွန်း​စေပါ။ သင့်​စွမ်းရည်၊ အသိပညာနှင့် အတွေ့အကြုံ​တိုးပွား​စေရန် အခွင့်အရေး​ရ​သမျှ​ကို​ယူပါ။ ယေဟောဝါ​သည် ဤ​ကဲ့သို့​သော​မေတ္တာပြည့်​ဝ​သည့် ကူညီပေး​မှု​အစီအစဉ်ကို မုချ​ကောင်းချီး​ပေး​ပါ​လိမ့်​မည်။—ဟေရှာယ ၆၁:၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 နောက်ပိုင်း​တွင် ပေါလု​သည် ယောဟန်​မာကု​နှင့်အတူ လက်တွဲ​အမှုဆောင်ခဲ့သည်။—ကောလောသဲ ၄:၁၀

[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]

ဓမ္မ​အမှုထမ်းများ​လုပ်ဆောင်​နိုင်​သည့်​အရာ

အကြီးအကဲ​များသည် ဓမ္မ​အမှုထမ်းများ​ကို​လေ့ကျင့်ပေး​သင့်​သည်​မှန်​သော်လည်း ဓမ္မ​အမှုထမ်းများ​အနေ​နှင့် မိမိတို့၏​ဝိညာဉ်​ရေး တိုးတက်စေ​ရန် လုပ်ဆောင်​နိုင်​စ​ရာ​များ​ရှိသည်။

—ဓမ္မ​အမှုထမ်းများ​သည် မိမိတို့၏​တာဝန်​များ​ကို ထမ်းဆောင်​ရာ​၌ ဝီရိယ​ရှိပြီး ယုံကြည်​စိတ်ချ​ရသူ​များ​ဖြစ်​သင့်​သည်။ လေ့လာမှု​အကျင့်ကောင်း​များ​ကိုလည်း ပျိုးထောင်​သင့်​၏။ တိုးတက်မှု​သည် လေ့လာမှု​နှင့် သိရှိ​ထား​ရာ​များ​ကို ကျင့်သုံး​ခြင်း​အပေါ် များစွာ​မူတည်​သည်။

—ဓမ္မ​အမှုထမ်း​တစ်ဦး​သည် ခရစ်ယာန်​အစည်းအဝေး​တစ်ခု​တွင် ဟောပြောဖို့​ပြင်ဆင်​သောအခါ အကြောင်းအရာကို မည်သို့​မည်​ပုံ​တင်ဆက်​ရမည်​အကြောင်း စွမ်းရည်​ရှိသော​အကြီးအကဲ​တစ်ဦး​အား မတွန့်မဆုတ်​မေးမြန်း​သင့်​သည်။

—ဓမ္မ​အမှုထမ်း​သည် ကျမ်းစာ​ဟောပြောချက်​တစ်ခု​တင်ဆက်ပုံ​ကို သတိထားကြည့်​ရှု​ပေးဖို့​နှင့် တိုးတက်မှု​ရှိစေရန် ပြုပြင်​ရမည့်​အရာများ​ကို သွန်သင်ချက်​ပေးဖို့ အကြီးအကဲ​တစ်ဦး​အား တောင်းဆို​လို​ပေမည်။

ဓမ္မ​အမှုထမ်းများ​အနေ​နှင့် အကြီးအကဲ​များ​၏​သွန်သင်ချက်​ကို တောင်းဆို​ပြီး လက်ခံ​ကျင့်သုံး​သင့်​သည်။ ဤ​နည်း​အားဖြင့် သူတို့၏​တိုးတက်မှု​သည် ‘လူအပေါင်း​တို့​ရှေ့​ထင်ရှား’ ပါ​လိမ့်​မည်။—၁ တိမောသေ ၄:၁၅