ကောင်းသောအကျင့်များ ဘုရားသခင့်ဘုန်းတော် ထင်ရှား
ကောင်းသောအကျင့်များ ဘုရားသခင့်ဘုန်းတော် ထင်ရှား
ခရစ်ယာန်စစ်များသည် သူတို့၏ စံထားလောက်သော အမူအကျင့်ကောင်းများဖြင့် ဘုရားသခင့်ဘုန်းတော်ကို ထင်ရှားစေခဲ့ပြီ။ (၁ ပေတရု ၂:၁၂) ယင်းကို မကြာသေးမီနှစ်များအတွင်း အီတလီတွင်ဖြစ်ပျက်ခဲ့ရာများမှ တွေ့ မြင်နိုင်သည်။
၁၉၉၇ ခုနှစ်၊ စက်တင်ဘာလတွင် မာ့ခ်ျနှင့် အမ်းဘရီယာဒေသအသီးသီး၌ ငလျင်အပြင်းအထန်လှုပ်ခဲ့ရာ အိမ်ခြေပေါင်း ၉၀,၀၀၀ နီးပါး ပျက်စီးသွားသည်။ ယေဟောဝါသက်သေများသည် ယုံကြည်သူချင်းများနှင့် အခြားသူများထံ အုပ်စုလိုက်သွား၍ ချက်ချင်းကူညီပေးခဲ့ကြသည်။ နောက်တွဲယာဉ်များ၊ အိပ်ရာလိပ်များ၊ မီးဖိုများ၊ မီးစက်များနှင့် လိုအပ်သည့်အခြားပစ္စည်းများကို ပေးကမ်းခဲ့ကြသည်။ ထိုကယ်ဆယ်ရေးလုပ်ငန်းများကို သတိမပြုမိဘဲမရှိခဲ့ကြချေ။
အီးလ် ချန်တရိုး သတင်းစာက ဤသို့ရေးသားတင်ပြခဲ့သည်– “ဘေးဒဏ်ခံရသည့်ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဦးဆုံးရောက်လာသူတို့မှာ ရိုဇေးတိုး [တီရာမိုပြည်နယ်တွင်းရှိ] မှယေဟောဝါသက်သေများဖြစ်သည်။ . . . ယေဟောဝါအပေါ် တည်ကြည်သူများသည် ဆုတောင်းကြရန် အချိန်မှန်စည်းဝေးသည့်အပြင် ဝေဒနာခံစားရသူတို့သည် မည်သည့်ဘာသာဝင်များပင်ဖြစ်ပါစေ ၎င်းကို ပမာဏမပြုဘဲ လက်တွေ့ကျကျ အကူအညီပေးခဲ့ကြသည်။”
အပျက်အစီးအများဆုံးမြို့တစ်မြို့ဖြစ်သော နိုချရာ့ အမ်ဘရာမြို့၏မြို့တော်ဝန်က သက်သေခံများထံ ဤစာကို ရေးပို့ခဲ့သည်– “နိုစီရာကလူတွေကို ထောက်ပံ့ကူညီပေးခဲ့တဲ့အတွက် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ အဲဒီမြို့သားအားလုံးရဲ့သဘောထားကို ကျွန်တော်ဖော်ပြတာပါ။” ထို့ပြင် ပြည်ထဲရေးဝန်ကြီးက “အမ်းဘရီယာနှင့် မာ့ခ်ျဒေသများတွင် ပေါ်ပေါက်ခဲ့သော အရေးပေါ်ကိစ္စနှင့်ပတ်သက်၍ ဝီရိယရှိရှိ ကြိုးစားအားထုတ်လုပ်ဆောင်ခဲ့သမျှကို သက်သေထူရန်” ခွန်ဂရေဂဇီးယိုးနေ ခရစ်တီးယားနား ဒေး တက်စ်တီးမိုးနီး ဒီး ရှေးဟိုဗား (ယေဟောဝါသက်သေများ၏ ခရစ်ယာန်အသင်းတော်) အားဂုဏ်ပြုလက်မှတ်နှင့် ဆုတံဆိပ်တစ်ခု ချီးမြှင့်ပေးအပ်ခဲ့သည်။
၂၀၀၀ ပြည့်နှစ် အောက်တိုဘာလတွင် အီတလီမြောက်ပိုင်း ပိဒ်မန့်ဒေသ၌ ရေလွှမ်းမိုးဘေးကျရောက်ခဲ့သည်။ ဤအချိန်အခါတွင်လည်း သက်သေခံများသည် ကယ်ဆယ်ရေးတွင် ချက်ချင်းပါဝင်ခဲ့ကြသည်။ ဤကောင်းသောအကျင့်များကို သတိမပြုမိဘဲမနေခဲ့ကြချေ။ “ရေလွှမ်းမိုးဘေးဒဏ်ခံရသည့် ပိဒ်မန့်ရှိလူများကို ထောက်ပံ့ကူညီရာတွင် မွန်မြတ်သော စေတနာ့ဝန်ထမ်းမှု” အတွက် သက်သေခံများကို ပိဒ်မန့်ဒေသက ဂုဏ်ပြုတံဆိပ်ချီးမြှင့်ခဲ့သည်။
ယေရှုခရစ်က “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့၏အလင်းကို လင်းစေကြလော့” ဟုတပည့်တော်များကို မိန့်မှာတော်မူခဲ့၏။ (မဿဲ ၅:၁၆) ယေဟောဝါသက်သေများသည် မိမိတို့ဂုဏ်ကိုဖော်ဖို့မဟုတ်၊ ဘုရားသခင့်ဘုန်းတော်ထင်ရှားစေရန် အိမ်နီးချင်းများအတွက် “ကောင်းသောအကျင့်များ” ပြုကျင့်ခြင်းအားဖြင့် ဝိညာဉ်ရေးအရရော အခြားနည်းများဖြင့်ပါ ကူညီပေးကြသည်။