မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘နှုတ်မြွက်တရားတော်ကို ဟောပြောခြင်း’ ကလန်းဆန်းစေ

‘နှုတ်မြွက်တရားတော်ကို ဟောပြောခြင်း’ ကလန်းဆန်းစေ

“ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်”

‘နှုတ်မြွက်​တရားတော်​ကို ဟောပြောခြင်း’ က​လန်းဆန်း​စေ

သူသည် အရေးကြီး​တာဝန်​နှင့်​ပတ်သက်​၍ အပြစ်ဆိုဖွယ်​မရှိသူ​ဖြစ်သည်။ သူ၏​သွန်သင်နည်း​များ​ကား အလွန်​အကျိုး​သက်ရောက်​လှ​သဖြင့် “ပရိသတ်အပေါင်း​တို့သည် ဆုံးမ[သွန်သင်]ပေး​တော်​မူ​ခြင်း​ကို အလွန်​အံ့သြ​ကြ” ၏။ (မဿဲ ၇:၂၈) ထို့​ပြင် သူသည် မ​နား​မနေ​ဟောပြောသူ​တစ်ဦး​လည်း​ဖြစ်သည်။ သူ၏​အချိန်၊ ခွန်အား​နှင့် ပေး​နိုင်​သမျှ​ကို ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​တွင် အဓိက​မြှုပ်နှံထား​၏။ မှန်ပါသည်၊ ယေရှု​ခရစ်တော်​သည် ပြိုင်စံရှား​ဟောပြော​သွန်သင်သူ​တစ်ဦး​အဖြစ် ကိုယ်တော်​၏​နေရင်းပြည်​တစ်လျှောက် ခရီး​လှည့်လည်​ခဲ့​၏။—မဿဲ ၉:၃၅

ယေရှု၏​အရေးတကြီး​တာဝန်​မှာ ကိုယ်တော်​၏​တစ်ခေတ်​တည်း​သားများ​ကို ‘ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း’ ဟောပြောခြင်း​နှင့် ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​အတွက် ကိုယ်တော်​၏​တပည့်တော်​များ​ကို လေ့ကျင့်​ပေးခြင်း​ဖြစ်သည်။ (မဿဲ ၄:၂၃; ၂၄:၁၄; ၂၈:၁၉၊ ၂၀) သူတို့၏​ကြီး​လေး​သော​ဟောပြောခြင်း​တာဝန်​နှင့် ယင်းကို​အရေးတကြီး​ထမ်းဆောင်​ရခြင်း​အပြင် ဤ​လုပ်ငန်း​၏​ကြီးမားမှု​တို့​က မစုံလင်​သော၊ ကန့်သတ်ချက်​များ​ရှိသော ကိုယ်တော်​၏​နောက်တော်လိုက်​များ​ကို ဝန်ပိ​စေမည်​လော။

လုံးဝ​မ​ပိ​စေပါ! လုပ်သား​တိုးများ​လာ​စေရန် “စပါးရှင်” ယေဟောဝါ​ဘုရားသခင်​ထံ ဆုတောင်း​ဖို့ တပည့်တော်​များ​ကို ယေရှု​သင်ပေး​ပြီး​နောက် လူ​တို့ကို​သွန်သင်​ဆုံးမ​ကြ​ရန် သူတို့အား​စေလွှတ်ခဲ့​သည်။ (မဿဲ ၉:၃၈; ၁၀:၁) ထို့နောက် ကိုယ်တော်​က ဟောပြောခြင်း​တာဝန်​အပါအဝင် မိမိ၏​နောက်တော်လိုက်​တစ်ဦး​ဖြစ်​ရခြင်း​တာဝန်​မှ လန်းဆန်းမှု​နှင့် နှစ်သိမ့်မှု အမှန်တကယ်​ရရှိ​မည်​ဟု အာမခံ​တော်​မူ​သည်။ “ငါ့​ထံ​သို့​လာ​ကြလော့။ ငါသည် လန်းဆန်း​စေမည်” ဟု​ယေရှု​မိန့်ဆိုခဲ့​၏။—မဿဲ ၁၁:၂၈က​ဘ။

ရွှင်လန်းမှု​ရင်းမြစ်

ထို​ဖိတ်ခေါ်ချက်​မှာ တကယ်​ကို​ထောက်ထား​စာနာ၊ မေတ္တာပါ​ပြီး ကြင်နာ​မှု​ရှိ​လှ​သည်​တကား! ယေရှုသည် မိမိ၏​နောက်တော်လိုက်​များ​ကို အလိုက်​သိ​သိ​နားလည်​ဂရုစိုက်​တော်​မူ​ကြောင်း ဖော်ပြ​သည်။ ကိုယ်တော်​၏​တပည့်တော်​များသည် ဘုရားသခင့်​နိုင်ငံတော် “သတင်းကောင်း” ဟောပြောခြင်း​တာဝန်​ကို ထမ်းဆောင်​ရာ​တွင် လန်းဆန်းမှု အမှန်တကယ်​ရရှိ​ကြသည်။ သူတို့သည် ထို​လုပ်ငန်း​ကြောင့် စစ်မှန်သော​ရွှင်လန်း​အားရ​မှု​ရရှိကြ​၏။—ယောဟန် ၄:၃၆

ယေရှု ကမ္ဘာ​ပေါ်​မကြွလာမီ နှစ်ပေါင်း​များစွာက​ပင် ဘုရားသခင်​၏​မြင့်မြတ်​သော​လုပ်ငန်းတော်​၏ အမှတ်အသား​တစ်ခု​မှာ ရွှင်လန်းခြင်း​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​သည်။ ၎င်းကို ဆာလံဆရာ ဤသို့​သီဆို​ချိန်​တွင် ဖော်ပြ​ခဲ့​သည်– “မြေကြီးသား​အပေါင်း​တို့ ထာဝရ​ဘုရား[သခင်]အား ကြွေးကြော်​ကြလော့။ ထာဝရ​ဘုရား[သခင်]၏​အမှုတော်ကို ဝမ်းမြောက်​စွာ​ဆောင်ရွက်​ကြလော့။ ရွှင်လန်းစွာ​သီချင်းဆို​လျက် အထံတော်​သို့​ဝင်​ကြလော့။” (ဆာလံ ၁၀၀:၁၊ ၂) ယနေ့ လူမျိုးအပေါင်း​သည် ယေဟောဝါ​၌ ရွှင်လန်း​လျက်​ရှိကြ​ပြီး သူတို့၏​ချီးမွမ်း​ထောမနာပြု​သံ​သည် အောင်ပွဲခံ​တပ်​၏​အားရ​ရွှင်လန်း​သံ​နှင့်​တူ​သည်။ ဘုရားသခင်​ကို အမှန်တကယ်​ဆက်ကပ်​အပ်နှံထားသူ​များသည် “ရွှင်လန်းစွာ​သီချင်းဆို​လျက်” အထံတော်​ရှေ့ တိုးဝင်​လာ​ကြ​၏။ ထိုသို့​ဖြစ်​ခြင်း​သည် အမှန်ပင် လျောက်ပတ်​ပေ​သည်၊ အကြောင်း​မှာ ယေဟောဝါ​သည် “ပျော်ရွှင်သော​ဘုရားသခင်” ဖြစ်​ပြီး မိမိ၏​ကျေးကျွန်​များသည်​လည်း ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ လုပ်ဆောင်မှု​မှ ရွှင်လန်းမှု​ရရှိစေ​လို​သည်။—၁ တိမောသေ ၁:၁၁က​ဘ။

လန်းဆန်း​ကြသော​အမှုဆောင်​များ

လယ်ကွင်း​အမှုဆောင်​တွင် ကြိုးစား​လုပ်ဆောင်ခြင်း​သည် ကျွန်ုပ်​တို့ကို မောပန်း​စေ​မည့်​အစား မည်သို့​လန်းဆန်းမှု​ပေး​သနည်း။ ယေဟောဝါ​၏​လုပ်ငန်းတော်​ကို ယေရှု​လုပ်ဆောင်ခြင်း​သည် ကိုယ်တော့်​အတွက် ပြန်လည်​လန်းဆန်း​စေသော​အစာ​နှင့်​တူ​၏။ ကိုယ်တော်​က “ငါ့ကို​စေလွှတ်​တော်​မူ​သော​သူ၏ အလိုတော်ကို​ဆောင်ခြင်း၊ သူ၏​အမှုတော်ကို​ပြီးစီး​ခြင်း​အမှုသည် ငါ့​စားစရာ​ဖြစ်၏” ဟု​မိန့်ဆို​သည်။—ယောဟန် ၄:၃၄

အလားတူ​ပင် ယနေ့ စိတ်​ထက်သန်​စွာ​ဟောပြောသော​ခရစ်ယာန်​များသည် ‘နှုတ်မြွက်​တရားတော်​ကို ဟောပြော’ စဉ်​ရွှင်လန်းမှု​ရရှိ​ကြသည်။ (၂ တိမောသေ ၄:၂) ဟောပြောခြင်း​လုပ်ငန်း​တွင် လစဉ်​နာရီ ၇၀ ကျော်​ပါဝင်သော လူလတ်ပိုင်း​ခရစ်ယာန်​အမျိုးသမီး ကော်​နီ​က ဤသို့​ပြောပြ​သည်– “ခရစ်ယာန်​ဓမ္မ​အမှုမှာ တစ်နေ့လုံး​ပါဝင်​ပြီး​နောက် ကျွန်မ​မောပန်း​နေပေမဲ့ ပျော်ရွှင်​အားရ​နေတယ်။”

ဘုရားသခင့်​နိုင်ငံတော်​သတင်းတရားကို တလိုတလား​လက်မခံကြ​လျှင်​ကော အသို့နည်း။ ကော်​နီ​က ဤသို့​ဆက်​ပြော​၏– “တုံ့ပြန်မှု​က ဘယ်လိုပဲ​ဖြစ်​နေပါ​စေ၊ ခရစ်ယာန်​ဓမ္မ​အမှုမှာ​ပါဝင်​ရလို့ ကျွန်မ တစ်ခါ​မှ​ဝမ်း​မနည်း​ခဲ့​ဘူး။ ယေဟောဝါနှစ်သက်ရာကို ကျွန်မ​ပြုလုပ်​နေတယ်​ဆိုတာ ကျွန်မ​သိတဲ့​အပြင် အမှန်တရား​အကြောင်း ပြောပြ​ရတာကို ကျွန်မ​ဝမ်းသာတယ်၊ အဲဒီလို​ကျွန်မ​ဟောပြောတဲ့​အတွက် ကျမ်းစာ​ထဲမှာ​ပါ​တဲ့ အံ့ဖွယ်​မျှော်လင့်ချက်ဟာ ကျွန်မ​နှလုံး​ထဲမှာ အမြစ်စွဲ​သွားတယ်။”

ဘုရားသခင်​နှင့်​ပတ်သက်​သည့် တိကျ​မှန်ကန်သော​အသိပညာကို လူ​တို့​သိရှိ​ရန် ကူညီ​ပေးခြင်း​သည် မိမိတို့၏​ဘဝကို အဓိပ္ပာယ်​ရှိစေသည်​ဟု အခြားသူများ​က သတိပြုမိ​ကြသည်။ ဟောပြောခြင်း​လုပ်ငန်း​တွင် လစဉ်​နာရီ ၅၀ ကျော်​မှန်မှန်​ပါဝင်သော အမျိုးသမီးငယ်​မဲ​လော​န်​နီ​က ဤသို့​ပြော​သည်– “ခရစ်ယာန်​ဓမ္မ​အမှု​ဟာ ကျွန်မ​ရဲ့​ဘဝကို ညွှန်ကြား​ပြီး ရည်ရွယ်ချက်​ရှိစေတဲ့​အတွက် လန်းဆန်း​စေတယ်။ လုပ်ငန်းတော်မှာ ကျွန်မ​ပါဝင်​တဲ့​အခါ ကိုယ်ရေးကိုယ်တာ​ပြဿနာ​တွေ၊ နေ့တိုင်း​ခံစား​နေရ​တဲ့ ဖိစီးမှုတွေ​ဟာ ဘာမှ​မဟုတ်သလို​ဖြစ်သွား​တယ်။”

ယေဟောဝါသက်သေ​များ​၏ စိတ်​ထက်သန်​သော အမှုဆောင်​တစ်ဦး​ဖြစ်သူ မီလီ​စီ​င်တ်​က ဤသို့​ပြောပြ​သည်– “လူတွေ​အတွက် ဘုရားသခင့်​ရည်ရွယ်ချက်​အကြောင်း၊ မြေကြီး​ပေါ်မှာ ပရဒိသု​ဘယ်လို​ပြန်​တည်ထောင်​လာမယ့်​အကြောင်း အခြားသူ​တွေ​ကို ကျွန်မ​ပြောပြ​ရတဲ့​ရက်​တိုင်း​ကို ခရစ်ယာန်​ဓမ္မ​အမှု​က တန်ဖိုး​ရှိစေတယ်။ အဲဒါ​က ကျွန်မ​ကို နေ့စဉ်​နေ့တိုင်း ယေဟောဝါ​ဟာ တကယ့်​ပုဂ္ဂိုလ်​ဖြစ်လာ​စေပြီး အခြား​ဘယ်​နည်းနဲ့​မှ​မရ​နိုင်​တဲ့ ငြိမ်သက်မှု​နဲ့ အတွင်း​ပျော်ရွှင်မှု​ကိုလည်း ရစေပါ​တယ်။”

လန်းဆန်း​လာသော ခံယူ​သူများ

ဘုရားသခင့်​နိုင်ငံတော်​ဟောပြောသူများ​သည် ခရစ်ယာန်​ဓမ္မ​အမှု​ကြောင့် အမှန်ပင်​လန်းဆန်း​လာပြီး အသက်ပေး​သတင်းတရားကို လက်ခံသူ​များသည်​လည်း ယင်းကြောင့် စိတ်​ချမ်းမြေ့​ရ​ကြ​၏။ ပေါ်တူဂီ​နိုင်ငံ​မှ ကျောင်း​ဆရာမ​တစ်ဦး​သည် ခရစ်ယာန်​သီလရှင်​များနှင့် ခရစ်ယာန်​ဘုန်းကြီး​များ​၏ လေ့ကျင့်​သွန်သင်မှု​ကို​ရရှိ​သော်လည်း သူ၏​ဝိညာဉ်​ရေး​လိုအပ်မှု​ကို သူ၏​ချာ့ခ်ျ​က​မ​ဖြည့်ဆည်း​ပေး​ဟု ခံစား​ခဲ့​ရသည်။ သူ၏​ကျမ်းစာ​မေးခွန်းများ​အတွက် အဖြေ​မရခဲ့​ချေ။ ယေဟောဝါသက်သေ​တစ်ဦး​နှင့် ကျမ်းစာ​သင်အံမှု​မှန်မှန်​ပြုလုပ်ခြင်း​ဖြင့် ကျမ်းစာ​ထိုးထွင်း​သိမြင်မှု​တစ်ခု​ပြီး​တစ်ခု​ကို သူ​ရရှိခဲ့သည်။ ထို​ကျောင်း​ဆရာမ​သည် တကယ်​စိတ်အားတက်​ကြွ​ခဲ့​၏။ “ကျွန်မ​ရဲ့​မေးခွန်းတွေကို ကျမ်းစာ​အထောက်အထား​နဲ့ တစ်ခု​ပြီး​တစ်ခု ကျေနပ်​လက်ခံ​လောက်​အောင် ဖြေဆို​ပေး​တဲ့ ဗုဒ္ဓဟူး​နေ့တိုင်း​ကျင်းပ​တဲ့​သင်အံမှု​ကို ကျွန်မ​စောင့်မျှော်​ခဲ့တယ်။” ယနေ့ ဤ​အမျိုးသမီး​သည် ဆက်ကပ်​အပ်နှံ​ပြီး​သော ယေဟောဝါ​၏​ကျေးကျွန်​တစ်ဦး​ဖြစ်နေ​ပြီး အခြားသူများ​ကိုလည်း ကျမ်းစာ​အမှန်တရားဖြင့် လန်းဆန်း​စေ​လျက်​ရှိ၏။

သို့​ဖြစ်၍ ယေဟောဝါသက်သေ​များသည် သူတို့၏​ဟောပြောခြင်း​တာဝန် အရေးပါမှု​နှင့် သူတို့၏​ကမ္ဘာချီ​လယ်ကွင်း ကျယ်ဝန်း​မှု​တို့​ကြောင့် ဝန်​လေး​လှ​သည်​ဟု မခံစား​ရ​ကြောင်း ထင်ရှား​ပါ​သည်။ စိတ်ဝင်စားမှု​မ​ရှိလျှင်​ဖြစ်စေ၊ အတိုက်အခံပြု​လုပ်​လျှင်​ဖြစ်စေ သူတို့​စိတ်ဓာတ်​မကျ​ကြ​ပါ။ သူတို့သည် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​တာဝန်​ကို ကျေပွန်​ဖို့ အားကြိုးမာန်တက်​လုပ်ဆောင်ခဲ့​ကြပြီ။ လူကို​တွေ့ရှိ​နိုင်​သည့်​နေရာများ—အမေရိကန်​ပြည်ထောင်စု​ရှိ ကုန်တင်ကား​ရပ်​ရာ​နေရာ (၁)၊ ကိုရီးယား​လေဆိပ် (၂)၊ အင်း​ဒီ​စ်​တောင်တန်း (၃)၊ လန်ဒန်​ဈေး (၄)—တွင် သတင်းကောင်း​ဟောပြော​ကြသည်။ ယေရှု၏​မျက်မှောက်ခေတ်​နောက်တော်လိုက်​များသည် ပင်ပန်း​ရကျိုးနပ်​သော​လုပ်ငန်း​ကို ကမ္ဘာ​တစ်ဝန်း​တွင် ရွှင်လန်းစွာ ဆက်လက်​လုပ်ဆောင်​လျက်​ရှိကြသည်။ ကိုယ်တော်​၏​ကတိတော်​နှင့်​အညီ သူတို့ကို​လန်းဆန်း​စေပြီး အခြားသူများ​စွာ​တို့ကို​လည်း လန်းဆန်း​စေရန် သူတို့ကို အသုံးပြု​ခဲ့​သည်။—ဗျာဒိတ် ၂၂:၁၇