ခံနိုင်ရည်နှင့်ဇွဲရှိရန် ကျွန်တော်တို့ကို ယေဟောဝါသွန်သင်ပေး
ဘဝအတ္ထုပ္ပတ္တိ
ခံနိုင်ရည်နှင့်ဇွဲရှိရန် ကျွန်တော်တို့ကို ယေဟောဝါသွန်သင်ပေး
အရစ္စတိုတယ်လီစ် အာပေါ့တိုလီဒီစ် ပြောပြသည်
မြောက်ပိုင်းကော့ကေးဆပ်တောင်ခြေရင်းမှာ ရေပူစမ်းတွေရှိပြီး ရာသီဥတုကောင်းလို့ နာမည်ကျော်ကြားတဲ့ ရုရှားမြို့ကြီး ရားတီဂေါ့စ်ခ်တည်ရှိတယ်။ အဲဒီမှာ ဂရိခိုလှုံသူတွေရဲ့သားအဖြစ် ၁၉၂၉ ခုနှစ်မှာ ကျွန်တော့်ကိုမွေးခဲ့တာ။ နောက်ဆယ်နှစ်ကြာတော့ စတာလင်ဝါဒီသန့်စင်မှုတွေ၊ ထိတ်လန့်စရာတွေနဲ့ လူမျိုးရေးသန့်စင်မှုတွေ ဖြစ်ပျက်ပြီးနောက်မှာ ဂရိနိုင်ငံကိုမောင်းထုတ်ခံရတဲ့အတွက် ခိုလှုံသူတွေပြန်ဖြစ်လာတယ်။
ဂရိနိုင်ငံ၊ ပစ်ရီအာစ်မြို့ကို ကျွန်တော်တို့ပြောင်းသွားပြီးနောက် “ခိုလှုံသူတွေ” ဆိုတဲ့စကားလုံးဟာ ကျွန်တော်တို့အတွက် အဓိပ္ပာယ်လုံးလုံးပြောင်းသွားတယ်။ ကျွန်တော်တို့ကို သူစိမ်းတွေလို ဆက်ဆံခဲ့ကြတယ်။ ကျွန်တော့်အစ်ကိုနဲ့ ကျွန်တော့်ကို ဂရိအတွေးအခေါ်ပညာရှင်နှစ်ယောက်ရဲ့နာမည်ဖြစ်တဲ့ ဆိုကရေးတီးနဲ့ အရစ္စတိုတယ်လို့ နာမည်ပေးထားပေမဲ့ အဲဒီနာမည်တွေနဲ့မခေါ်ကြဘူး။ ကျွန်တော်တို့ကို လူတိုင်းကရုရှားချာတိတ်လေးတွေလို့ပဲ ခေါ်ကြတယ်။
ဒုတိယကမ္ဘာစစ်ဖြစ်ပြီး မကြာခင် ကျွန်တော်ချစ်ရတဲ့အမေ ဆုံးသွားတယ်။ ကျွန်တော်တို့အိမ်မှာ အမေကအဓိကပဲ၊ အမေဆုံးတော့ ဝမ်းနည်းကြေကွဲခဲ့ရတာပေါ့။ အမေဖျားနေတုန်းမှာ အိမ်မှုကိစ္စအတော်များများကိုလုပ်တတ်ဖို့ ကျွန်တော့်ကိုသင်ပေးတယ်။ ဒီလေ့ကျင့်မှုက နောက်ပိုင်းမှာ အတော်ကိုအသုံးဝင်ခဲ့တယ်။
စစ်နှင့် လွတ်မြောက်မှု
စစ်ဖြစ်နေတာရယ်၊ နာဇီခေတ်ရယ်၊ မဟာမိတ်တပ်ဖွဲ့တွေ တရစပ်ပစ်ခတ်နေတာတွေရယ်ကြောင့် နေ့စဉ်နေ့တိုင်းဟာ ကျွန်တော်တို့အသက်ရှင်ကြရမယ့် နောက်ဆုံးနေ့ပဲလို့ ထင်ခဲ့ရတယ်။ နေရာတကာမှာ ဆင်းရဲမွဲတေ၊ ငတ်ပြတ်၊ သေနေကြတယ်။ ၁၁ နှစ်အရွယ်ကတည်းက ကျွန်တော်တို့သုံးယောက်ရဲ့စားဝတ်နေရေးအတွက် အဖေနဲ့အတူ ကျွန်တော်ပင်ပင်ပန်းပန်း
အလုပ်လုပ်ခဲ့ရတယ်။ ဂရိဘာသာစကားသိပ်မတတ်တဲ့အပြင် စစ်ဖြစ်နေတာရယ်၊ စစ်ဒဏ်တွေကြောင့်ပါ လောကပညာ များများမဆည်းပူးခဲ့ရဘူး။၁၉၄၄၊ အောက်တိုဘာလမှာ ဂရိနိုင်ငံဟာ ဂျာမန်လက်အောက်ကနေ လွတ်မြောက်သွားတယ်။ အဲဒီနောက်မကြာခင် ယေဟောဝါသက်သေတွေနဲ့ ကျွန်တော်အဆက်အသွယ်ရခဲ့တယ်။ စိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲနေရတဲ့အချိန်မှာ ကျမ်းစာမျှော်လင့်ချက်ဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်အောက် တောက်ပတဲ့အနာဂတ်ဟာ ကျွန်တော့်ကိုအားတက်စေပါတယ်။ (ဆာလံ ၃၇:၂၉) ငြိမ်းချမ်းတဲ့မြေကြီးပေါ်မှာ ထာဝရအသက်ရမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော်ဟာ ကျွန်တော့်ရဲ့ဒဏ်ရာဒဏ်ချက်တွေကို တကယ်ပဲသက်သာစေပါတယ်။ (ဟေရှာယ ၉:၇) ၁၉၄၆ ခုနှစ်မှာ အဖေနဲ့ ကျွန်တော် ယေဟောဝါထံဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံခဲ့တယ်။
နောက်နှစ်မှာ ပစ်ရီအာစ်မြို့က ဒုတိယအသင်းတော်ရဲ့ (နောက်ပိုင်း မဂ္ဂဇင်းအမှုထမ်းလို့ခေါ်တဲ့) ကြော်ငြာအမှုထမ်းအဖြစ် ကျွန်တော် ဦးဆုံးတာဝန်ရလို့ ဝမ်းသာခဲ့ရတယ်။ ကျွန်တော်တို့ရဲ့ရပ်ကွက်က ပစ်ရီအာစ်မြို့ကနေ အီလျူစီနီယံမြို့အထိမိုင် ၃၀ လောက်ရှိတယ်။ အဲဒီတုန်းက ဒီအသင်းတော်မှာ ကောင်းကင်အတန်းအစားခရစ်ယာန်တွေ အတော်များများရှိတယ်။ သူတို့နဲ့ပူးတွဲအမှုဆောင်ခွင့်ရပြီး သူတို့ဆီကနေ သင်ယူခွင့်ရခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းကို ဆောင်ရွက်ဖို့ ဇွဲနပဲနဲ့ကြိုးစားဖို့လိုတာနဲ့ပတ်သက်ပြီး သူတို့ဆီမှာ မကုန်နိုင်မခန်းနိုင်တဲ့တွေ့ကြုံမှုတွေရှိလို့ သူတို့နဲ့ပေါင်းသင်းရတာ တကယ်ပျော်စရာကောင်းတယ်။ ယေဟောဝါရဲ့အမှုတော်ကို သစ္စာရှိရှိဆောင်ရွက်ဖို့နဲ့ စိတ်ရှည်ပြီး ဇွဲရှိဖို့လိုတယ်ဆိုတာ သူတို့ရဲ့ဘဝလမ်းစဉ်က ဖော်ပြတယ်။ (တမန်တော် ၁၄:၂၂) အခုဆိုရင် ဒီဒေသမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော် ၅၀ ကျော်ရှိနေပြီဆိုတော့ ကျွန်တော်အရမ်းဝမ်းသာတယ်!
မထင်မမှတ်သောစိန်ခေါ်ချက်တစ်ရပ်
နောက်မကြာခင်မှာ ပထရပ်စ်မြို့က ချစ်စရာကောင်းပြီး စိတ်ထက်သန်တဲ့ ခရစ်ယာန်မိန်းကလေး အယ်လနီနဲ့ ကျွန်တော်ရင်းနှီးလာတယ်။ ၁၉၅၂ ခုနှစ်အကုန်ပိုင်းမှာ ကျွန်တော်တို့ စေ့စပ်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်လနှစ်လကြာတော့ အယ်လနီ အသည်းအသန်ဖျားလာတယ်။ ဆရာဝန်တွေက ဦးနှောက်အကြိတ် ရှာတွေ့တဲ့အတွက် သူ့ရဲ့အခြေအနေက စိုးရိမ်စရာပဲ။ သူ့ကို ချက်ချင်းခွဲစိတ်ကုသရမယ်တဲ့။ ဆရာဝန်ကို အခက်အခဲနဲ့ကြိုးစားရှာပြီးတဲ့နောက် အေသင်မြို့မှာ တစ်ယောက်ကို တွေ့တယ်၊ အဲဒီတုန်းက ခေတ်မီပစ္စည်းတွေမရှိပေမဲ့ ဒီဆရာဝန်က ကျွန်တော်တို့ရဲ့ဘာသာရေး ယုံကြည်ချက်တွေကို လိုက်လျောပြီး သွေးမဲ့ခွဲစိတ်ပေးဖို့အသင့်ရှိခဲ့တယ်။ (ဝတ်ပြုရာ ၁၇:၁၀-၁၄; တမန်တော် ၁၅:၂၈၊ ၂၉) ခွဲစိတ်ပြီးတဲ့အခါ ကျွန်တော့်ဇနီးလောင်းရဲ့အခြေအနေကို ဆရာဝန်တွေကျေနပ်ကြပေမဲ့ ရောဂါပြန်ဖြစ်နိုင်တယ်လို့လည်း ပြောကြတယ်။
ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်ဘာလုပ်ရမလဲ။ အခြေအနေပြောင်းလဲသွားတဲ့အတွက် စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းလိုက်ရမလား။ မဖျက်သိမ်းခဲ့ပါဘူး! ကျွန်တော်စေ့စပ်ကတိပြုထားတဲ့အတွက် အဟုတ်ကို အဟုတ်ဖြစ်ချင်တယ်။ (မဿဲ ၅:၃၇) တခြားဘာကိုမှ ကျွန်တော်မစဉ်းစားတော့ဘူး။ အယ်လနီရဲ့အစ်မက သူ့ကိုပြုစုပေးလို့ အတော်လေးနေကောင်းလာတော့ ၁၉၅၄၊ ဒီဇင်ဘာလမှာ ကျွန်တော်တို့လက်ထပ်လိုက်ကြတယ်။
နောက်သုံးနှစ်အကြာမှာ အယ်လနီ ရောဂါပြန်ဖြစ်တယ်၊ ပထမဆရာဝန်ကပဲ ခွဲစိတ်ပေးခဲ့တယ်။ ဒီတစ်ခါတော့ အကြိတ်ကိုအကုန်ထုတ်ပစ်ဖို့ ဦးနှောက်အတွင်းနက်နက်အထိ ခွဲစိတ်ခဲ့ရတယ်။ အဲဒါကြောင့် ကျွန်တော့်ဇနီးဟာ ကိုယ်တစ်ပိုင်းလေဖြတ်သွားပြီး သူ့ရဲ့စကားပြောနိုင်စွမ်း အတော်လေးထိသွားတယ်။ အခု ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် စိန်ခေါ်ချက်အသစ်တွေဖြစ်ပေါ်လာတာပေါ့။ အားမစိုက်ရတဲ့အလုပ်ကလေးတစ်ခုကိုတောင် ကျွန်တော့်ဇနီးမလုပ်နိုင်တော့ဘူး။
သူ့ရဲ့ကျန်းမာရေးအခြေအနေကြောင့် ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြောင်းလဲခဲ့ရတယ်။ ဒါထက် ခံနိုင်ရည်နဲ့ ဇွဲရှိဖို့လိုလာပြီလေ။ဒီအချိန်မှာ ကျွန်တော့်အမေသင်ထားပေးတဲ့ လေ့ကျင့်မှုဟာ အတော့်ကို အသုံးဝင်လာတယ်။ နေ့တိုင်း မနက်စောစောထပြီး ချက်ပြုတ်ဖို့ပစ္စည်းတွေအားလုံးကို ကျွန်တော်ပြင်ပေးထားတယ်၊ အယ်လနီက ချက်ပြုတ်တယ်။ မကြာခဏဆိုသလို အချိန်ပြည့်အမှုဆောင်တွေ၊ ကျွန်တော်တို့နဲ့ကျမ်းစာသင်နေတဲ့သူတွေနဲ့ အသင်းတော်က ဆင်းရဲတဲ့ခရစ်ယာန်ချင်းတွေကို ကျွန်တော်တို့ဖိတ်ခေါ်ကျွေးမွေးတတ်တယ်။ စားလို့ကောင်းတယ်လို့ အားလုံးကပြောကြတာပဲ! တခြားအိမ်မှုကိစ္စတွေကိုလည်း အယ်လနီနဲ့ကျွန်တော်တို့နှစ်ယောက်စလုံး ပူးပေါင်းလုပ်ကြတဲ့အတွက် အိမ်က သန့်ရှင်းသပ်ရပ်နေတယ်။ အတော့်ကိုခက်ခဲတဲ့အခြေအနေမျိုးကို အနှစ် ၃၀ လုပ်ဆောင်ခဲ့ရတာ။
မကျန်းမာသည့်ကြားမှ ဇွဲလုံ့လ
ကျွန်တော့်ဇနီးရဲ့ ယေဟောဝါကိုချစ်တဲ့မေတ္တာ၊ ကိုယ်တော့်လုပ်ငန်းအတွက် သူ့ရဲ့ဇွဲကို ဘာကမှတားဆီးလို့မရဘူးဆိုတာကို သတိပြုမိတဲ့ ကျွန်တော်နဲ့ အခြားသူတွေအတွက် အားရှိစရာပါ။ အတော်လေးကြာလာတော့ အယ်လနီဟာ မှန်မှန်ကြိုးစားခဲ့လို့ သူပြောချင်တာကို စကားလုံးနည်းနည်းနဲ့ ပြောတတ်လာတယ်။ လမ်းသွားလမ်းလာသူတွေကို ကျမ်းစာသတင်းကောင်း သူအမြဲပြောပြချင်တယ်။ အလုပ်ကိစ္စနဲ့ ကျွန်တော်အပြင်ထွက်တိုင်း သူ့ကိုပါခေါ်သွားပြီး လူသွားလူလာများတဲ့ လမ်းဘေးမှာ ကားကိုရပ်ထားပေးလိုက်တယ်။ ကားပြတင်းပေါက်ကို သူဖွင့်ထားပြီး လမ်းသွားလမ်းလာသူတွေကို ကင်းမျှော်စင် နဲ့ နိုးလော့! တွေယူဖတ်ဖို့ အားပေးတယ်။ တစ်ခါက နှစ်နာရီအတွင်း စောင်ရေ ၈၀ ဝေငှခဲ့တယ်။ များသောအားဖြင့် အသင်းတော်ရဲ့ မဂ္ဂဇင်းအဟောင်းတွေကို သူပဲဝေငှပေးတာ။ အယ်လနီဟာ တခြားဟောပြောနည်းတွေမှာလည်း မှန်မှန်ပါဝင်တယ်။
ကျွန်တော့်ဇနီး မကျန်းမာတဲ့နှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော်နဲ့အတူ အစည်းအဝေးတွေကို အမြဲတမ်းတက်ခဲ့တယ်။ ဂရိနိုင်ငံမှာ ယေဟောဝါသက်သေတွေကို ညှဉ်းပန်းနှိပ်စက်တဲ့အတွက် တိုင်းတစ်ပါးမှာ စည်းဝေးကြီးတွေသွားတက်ရတာတောင် စည်းဝေးတစ်ခုကိုမှ မပျက်ခဲ့ဘူး။ မကျန်းမာတဲ့ကြားကနေ ဩစတြီးယား၊ ဂျာမနီ၊ စိုက်ပရပ်စ်နဲ့ အခြားနိုင်ငံတွေမှာ စည်းဝေးကြီးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့တက်ခဲ့တယ်။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ကျွန်တော်တာဝန်တွေများလာလို့ တစ်ခါတလေ အယ်လနီအတွက် အဆင်မပြေခဲ့ရင်တောင် သူတစ်ခါမှမညည်းဘူး၊ အတင်းတောင်းဆိုတာလည်းမရှိခဲ့ဘူး။
ဒီအခြေအနေက ကျွန်တော့်ကို ရေရှည်မှာ ခံနိုင်ရည်နဲ့ဇွဲရှိစေပါတယ်။ ယေဟောဝါရဲ့အကူအညီကို ကျွန်တော်ခဏခဏရခဲ့တယ်။ ညီအစ်ကို၊ ညီအစ်မတွေလည်း ဖြစ်နိုင်သမျှနည်းနဲ့ ကျွန်တော်တို့ကို တကယ်ကိုယ်ကျိုးစွန့်ကူညီပေးတယ်၊ ဆရာဝန်တွေတောင် ကြင်နာစွာကူညီပေးခဲ့ကြတယ်။ ဒီလိုခက်ခဲတဲ့နှစ်တွေတစ်လျှောက် ရုန်းကန်နေရတဲ့အခြေအနေတွေကြောင့် အချိန်ပြည့်အလုပ်အကိုင်ကို ကျွန်တော်မလုပ်နိုင်ပေမဲ့ ဘဝလိုအပ်ချက်တွေ ပြတ်လပ်သွားတယ်ဆိုတာ တစ်ခါမှမရှိခဲ့ဘူး။ ယေဟောဝါရဲ့အကျိုးစီးပွားနဲ့ လုပ်ငန်းတော်ကို အမြဲတမ်းဦးစားထားခဲ့တယ်။—မဿဲ ၆:၃၃။
ဒီလိုရုန်းကန်ခဲ့ကြရတဲ့အချိန်တွေမှာ ကျွန်တော်တို့ကို ဘာကကျားကန်ပေးတာလဲလို့ လူတွေကမေးကြတယ်။ အခု ကျွန်တော် ပြန်ပြောင်းကြည့်လိုက်ရင် ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်း၊ ဘုရားသခင်ထံ လှိုက်လှိုက်လှဲလှဲဆုတောင်းခြင်း၊ ခရစ်ယာန်စည်းဝေးတွေကို မှန်မှန်တက်ခြင်းနဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ဇွဲရှိရှိပါဝင်ခြင်းတွေက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ဇွဲရှိဆာလံ ၃၇:၃-၅ က “ထာဝရဘုရား[သခင်]ကိုခိုလှုံ၍ ကောင်းသောအကျင့်ကိုကျင့်လော့။ . . . ထာဝရဘုရား[သခင်]၌ မွေ့လျော်ခြင်းရှိလော့။ . . . ကိုယ်အမှုအရာကို ထာဝရဘုရား[သခင်]၌အပ်လော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည်” ဆိုတဲ့ အားပေးစကားတွေကို ကျွန်တော်တို့အမြဲတမ်းသတိရကြတယ်။ ကျွန်တော်တို့အတွက် တန်ဖိုးရှိတဲ့ နောက်ကျမ်းချက်တစ်ချက်ကတော့ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား[သခင်]၌ချထားလော့။ သင့်ကိုမစတော်မူမည်” ဆိုတဲ့ ဆာလံ ၅၅:၂၂ ပါပဲ။ အဖေကို လုံးလုံးယုံကြည်အားကိုးတဲ့ကလေးတစ်ယောက်လိုပဲ ကျွန်တော်တို့ရဲ့ဝန်တွေကို ယေဟောဝါထံမှာအပ်ထားလိုက်တယ်။—ယာကုပ် ၁:၆။
ဖို့ အားရှိစေကြောင်းသဘောပေါက်ခဲ့တယ်။၁၉၈၇၊ ဧပြီ ၁၂ ရက်နေ့က ကျွန်တော့်ဇနီး အိမ်ရှေ့မှာ ဟောပြောနေတုန်း သံတံခါးအလေးကြီးတစ်ခု သူ့အနောက်ကနေပိတ်သွားတော့ သူ့ကိုရိုက်မိတယ်၊ သူလမ်းဘေးကို လဲကျသွားပြီး အကြီးအကျယ်ဒဏ်ရာရသွားတယ်။ အဲဒါကြောင့် နောက်သုံးနှစ်အထိ သူမေ့မြောနေခဲ့တာ။ ၁၉၉၀ ပြည့်နှစ်,နှစ်ဆန်းပိုင်းမှာ သူကွယ်လွန်သွားရှာတယ်။
ယေဟောဝါ၏အမှုတော်ကို အတတ်နိုင်ဆုံးထမ်းဆောင်ခြင်း
၁၉၆၀ ပြည့်နှစ်မှာ ပစ်ရီအာစ်မြို့၊ နီကာအာအသင်းတော်ရဲ့ အသင်းတော်အမှုထမ်းအဖြစ် ကျွန်တော်ခန့်အပ်ခံခဲ့ရတယ်။ အဲဒီကတည်းက ပစ်ရီအာစ်မြို့က အခြားအသင်းတော် အတော်များများမှာလည်း ကျွန်တော်အမှုဆောင်ခွင့်ရခဲ့တယ်။ ကျွန်တော့်မှာ သားသမီးအရင်းမရှိပေမဲ့ အမှန်တရားမှာခိုင်မြဲလာကြဖို့ ဝိညာဉ်ရေးသားသမီးတွေကို ကူညီပေးခွင့်ရလို့ ကျွန်တော်ဝမ်းသာရတယ်။ အခုဆိုရင် သူတို့ထဲကတချို့ဟာ အသင်းတော်အကြီးအကဲတွေ၊ ဓမ္မအမှုထမ်းတွေ၊ ရှေ့ဆောင်တွေနဲ့ ဗေသလအိမ်သားတွေဖြစ်နေကြပြီ။
၁၉၇၅ ခုနှစ်က ဂရိနိုင်ငံမှာ ဒီမိုကရေစီပြန်ရပြီးတဲ့နောက်ယေဟောဝါသက်သေတွေဟာ သူတို့ရဲ့ စည်းဝေးကြီးတွေကို တောအုပ်ထဲမှာ ပုန်းလျှိုးကွယ်လျှိုးကျင်းပစရာမလိုတော့ဘဲ လွတ်လွတ်လပ်လပ်ကျင်းပနိုင်ကြတယ်။ တိုင်းတစ်ပါးမှာ စည်းဝေးကြီးတွေစီစဉ်ပေးခဲ့ရတဲ့ ကျွန်တော်တို့ထဲကတချို့ရဲ့ အတွေ့အကြုံတွေဟာ အခု အသုံးဝင်ပြီပေါ့။ ဒါ့ကြောင့် ကျွန်တော်ဟာ စည်းဝေးကြီးကော်မတီဝင်အနေနဲ့ နှစ်အတော်များများ အမှုဆောင်ခွင့်ရခဲ့တာကို တကယ်ဝမ်းသာတယ်။
နောက်တော့၊ ၁၉၇၉ ခုနှစ် ဂရိနိုင်ငံ၊ အေသင်မြို့စွန်မှာ ပထမဆုံးစည်းဝေးကြီးခန်းမတစ်ခုကိုဆောက်ဖို့ စီစဉ်ခဲ့ကြတယ်။ ဒီဆောက်လုပ်ရေးစီမံကိန်းကြီးကို ဖွဲ့စည်းပေးပြီး ပြီးမြောက်အောင်လုပ်ဆောင်ဖို့ ကျွန်တော်တာဝန်ရခဲ့တယ်။ ဒီအလုပ်မှာလည်း ခံနိုင်ရည်နဲ့ဇွဲရှိဖို့ အတော်လေးလိုတယ်။ ရာနဲ့ချီတဲ့ ကိုယ်ကျိုးစွန့်ညီအစ်ကို၊ ညီအစ်မတွေနဲ့ သုံးနှစ်တိတိ ပူးပေါင်းလုပ်ဆောင်ခဲ့ရတာဟာ မေတ္တာနှောင်ကြိုးခိုင်မြဲပြီး စည်းလုံးစေပါတယ်။ ဒီစီမံကိန်းရဲ့အမှတ်တရတွေဟာ ကျွန်တော့်နှလုံးထဲမှာ ဖျောက်ဖျက်လို့မရအောင် စွဲကျန်ရစ်ခဲ့ပါပြီ။
အကျဉ်းသားများ၏ ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း
နောက်တစ်နှစ်၊ နှစ်နှစ်အကြာမှာ ကျွန်တော်အခွင့်အရေးသစ်တစ်ခု ရခဲ့တယ်။ ကျွန်တော့်ရဲ့အသင်းတော်ရပ်ကွက်အနားက ကော့ရီဒါလောစ်မြို့မှာ ဂရိနိုင်ငံရဲ့ အကြီးဆုံးထောင်တစ်ခုရှိတယ်။ ယေဟောဝါသက်သေတွေရဲ့ အမှုဆောင်တစ်ယောက်အနေနဲ့ အဲဒီထောင်ကို အပတ်တိုင်းလည်ပတ်ဖို့ ၁၉၉၁၊ ဧပြီလကတည်းက ကျွန်တော်တာဝန်ရခဲ့တယ်။ အဲဒီမှာ စိတ်ဝင်စားတဲ့ အကျဉ်းသားတွေနဲ့ ကျမ်းစာသင်အံမှုပြုလုပ်ဖို့၊ ခရစ်ယာန်စည်းဝေးတွေကျင်းပဖို့ ကျွန်တော်အခွင့်ရထားတယ်။ သူတို့ထဲကအများစုဟာ အကြီးအကျယ်ပြောင်းလဲလာကြလို့ ကျမ်းစာဟာ တန်ခိုးကြီးမှန်းထင်ရှားတယ်။ (ဟေဗြဲ ၄:၁၂) ဒါက ထောင်အမှုထမ်းတွေနဲ့ တခြားအကျဉ်းသားတွေအတွက် စိတ်စွဲမှတ်စရာဖြစ်ခဲ့တယ်။ ကျွန်တော်နဲ့ ကျမ်းစာသင်ခဲ့တဲ့ အကျဉ်းသားတချို့ဟာ အခုထောင်ကလွတ်ပြီး သတင်းကောင်းကြေညာသူတွေ ဖြစ်နေကြတယ်။
နာမည်ကြီးမူးယစ်ဆေးရောင်းဝယ်သူသုံးယောက်နဲ့ ကျွန်တော်အတော်ကြာ သင်အံမှုပြုလုပ်ခဲ့ရတယ်။ ဝိညာဉ်ရေးမှာ သူတို့တိုးတက်လာတာနဲ့ ကျမ်းစာသင်ဖို့လာတဲ့အခါ သူတို့ရဲ့မုတ်ဆိတ်တွေရိတ်၊ သေသေသပ်သပ်ခေါင်းဖြီးပြီး ဂရိနိုင်ငံမှာ အပူဆုံးလဖြစ်တဲ့ ဩဂုတ်လလယ်မှာတောင် ရှပ်အင်္ကျီနဲ့ လည်စည်းဝတ်လာကြတယ်လေ! ထောင်ညွှန်ကြားရေးမှူး၊ အဆောင်မှူးကြီးနဲ့ အမှုထမ်းတချို့က ဒီဖြစ်ရပ်ဆန်းကိုကြည့်ဖို့ သူတို့ရုံးခန်းတွေကနေ အပြေးအလွှားလာကြတယ်။ ယုံတောင်မယုံနိုင်ကြဘူး!
အကျဉ်းထောင်ရဲ့ အမျိုးသမီးတန်းလျားမှာ နောက်ထပ်အားရှိစရာ ဖြစ်ပျက်ခဲ့တယ်။ လူသတ်မှုနဲ့ တစ်သက်တစ်ကျွန်းထောင်ကျနေတဲ့ အမျိုးသမီးတစ်ယောက်ကို ကျမ်းစာသင်ခွင့်ရခဲ့တယ်။ သူ့ရဲ့ကလန်ကဆန်အကျင့်ကြောင့် နာမည်ကြီးခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ သူသိရှိလာတဲ့ ကျမ်းစာအမှန်တရားက သူ့ပုံစံကို ခြင်္သေ့တစ်ကောင်ကနေ သိုးကလေးလိုဟေရှာယ ၁၁:၆၊ ၇) ထောင်ညွှန်ကြားရေးမှူးရဲ့ ယုံကြည်လေးစားမှုကို သူမြန်မြန်ဆန်ဆန်ပဲရရှိလာခဲ့တယ်။ ဝိညာဉ်ရေးမှာ သူအတော်လေးတိုးတက်လာပြီး ယေဟောဝါထံ သူ့ကိုယ်သူဆက်ကပ်အပ်နှံတဲ့အဆင့်ထိ ရောက်လာတာကိုမြင်ရတော့ ကျွန်တော်ဝမ်းသာခဲ့ရတယ်။
ပြောင်းလဲလာတယ်လို့ လူအတော်များများပြောကြတဲ့အထိကို သိသိသာသာပြောင်းလဲလာစေတယ်။ (မကျန်းမမာ၊ အသက်ကြီးရင့်သူများကို ကူညီပေးခြင်း
နှစ်ရှည်လများရောဂါဖိစီးခံခဲ့ရတဲ့ ကျွန်တော့်ဇနီးကြောင့် ကျွန်တော်တို့မှာရှိတဲ့ မကျန်းမမာ၊ အသက်ကြီးရင့်တဲ့သူတွေကို ပိုပြီးဂရုစိုက်တတ်လာတယ်။ ကျွန်တော်တို့ရဲ့စာပေတွေမှာ အဲဒီလိုလူတွေကို မေတ္တာပါပါကူညီပေးရမယ်လို့ အားပေးထားတဲ့ဆောင်းပါးတွေကို ကျွန်တော်အရမ်းစိတ်ဝင်စားတယ်။ ဒါနဲ့ အဲဒီဆောင်းပါးတွေကို သိမ်းထားခဲ့တယ်။ နှစ်အတော်ကြာတော့ ၁၉၆၂၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင် “အသက်ကြီးရင့်သူများနှင့် မကျန်းမမာသူများကို ထောက်ထားစာနာခြင်း” ဆောင်းပါးကနေစပြီးစုဆောင်းခဲ့တာ စာမျက်နှာတစ်ရာကျော် ဖိုင်တွဲတစ်ခုရှိတယ်။ မကျန်းမမာ၊ အသက်ကြီးရင့်သူတွေကို အစီအစဉ်တကျကူညီပေးတာဟာ အသင်းတော်တိုင်းအတွက် အကျိုးရှိတယ်လို့ အဲဒီဆောင်းပါးတွေက ဖော်ပြတယ်။—၁ ယောဟန် ၃:၁၇၊ ၁၈။
ကျွန်တော်တို့အသင်းတော်က မကျန်းမမာ၊ အသက်ကြီးရင့်သူတွေကို ကြည့်ရှုစောင့်ရှောက် ကူညီပေးနိုင်မယ့် ညီအစ်ကို၊ ညီအစ်မအုပ်စုတစ်စုကို အကြီးအကဲတွေက ဖွဲ့စည်းပေးခဲ့တယ်။ ကူညီပေးနိုင်မယ့်သူ စေတနာ့ဝန်ထမ်းတွေကို နေ့ပိုင်းမှာကူညီနိုင်တဲ့သူ၊ တစ်ညလုံးကူညီပေးနိုင်တဲ့သူ၊ ကြိုပို့ပေးနိုင်တဲ့သူနဲ့ ၂၄ နာရီလုံးလုံး လိုအပ်သလို ကူညီပေးနိုင်တဲ့သူတွေဆိုပြီး အဖွဲ့လိုက်ဖွဲ့ပေးထားတယ်။ ဒီနောက်ဆုံးအဖွဲ့ကတော့ လျှပ်တစ်ပြက်အဖွဲ့မျိုးဖြစ်တယ်။
ဒီလိုကြိုးစားစီစဉ်ထားတာတွေက တကယ်အကူအညီဖြစ်ခဲ့တယ်။ ဥပမာ၊ တစ်ယောက်တည်းနေတဲ့ မကျန်းမာတဲ့ညီအစ်မတစ်ယောက်ဆီကို နေ့တိုင်းလည်ပတ်ခဲ့တဲ့တစ်ခေါက်မှာ သူ့ကိုကြမ်းပြင်ပေါ်မှာ သတိလစ်နေတာ တွေ့ခဲ့ရတယ်။ အနားမှာနေပြီး ကားရှိတဲ့ ညီအစ်မတစ်ယောက်ကို ကျွန်တော်တို့ ချက်ချင်းအကြောင်းကြားခဲ့တယ်။ သူက အဲဒီမကျန်းမာတဲ့ညီအစ်မကို အနီးဆုံးဆေးရုံကို ဆယ်မိနစ်အတွင်းရောက်အောင် အမြန်မောင်းပို့ခဲ့တယ်! ဒီလိုခေါ်သွားလိုက်လို့ သူအသက်ရှင်ရတာလို့ ဆရာဝန်တွေကပြောတယ်။
မကျန်းမမာ၊ အသက်ကြီးရင့်သူတွေက အဲဒီစေတနာ့ဝန်ထမ်းအဖွဲ့သားတွေကို ကျေးဇူးတင်ကြတာ တကယ်အားရစရာပါပဲ။ ဒီညီအစ်ကို၊ ညီအစ်မတွေနဲ့အတူ ဘုရားသခင့်စနစ်သစ်မှာ ကောင်းကောင်းမွန်မွန်နေရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ တကယ်ကိုစိတ်ကြည်နူးစရာပါ။ သူတို့ခက်ခဲနေတဲ့အချိန်မှာ အကူအညီရတဲ့အတွက် ခံနိုင်ရည်ရှိနိုင်တာလို့ သိရတာကလည်း နောက်ထပ်ဆုကျေးဇူးတစ်ခုပါပဲ။
ဇွဲမာန်က ဆုကျေးဇူးများကိုရရှိစေ
ပစ်ရီအာစ်မြို့မှာရှိတဲ့ အသင်းတော်တွေထဲက အသင်းတော်တစ်ခုမှာ အကြီးအကဲအနေနဲ့ ကျွန်တော် အခုအမှုဆောင်နေတယ်။ အသက်လည်းကြီးပြီး ကျန်းမာရေးအခက်အခဲတွေရှိနေတဲ့ကြားက အသင်းတော်လုပ်ငန်းတွေမှာ ပါဝင်နိုင်သေးလို့ ကျွန်တော်ဝမ်းသာတယ်။
နှစ်တွေတစ်လျှောက်မှာ အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေနဲ့ ကြိုတင်မသိနိုင်တဲ့အဖြစ်အပျက်တွေကြုံခဲ့ရလို့ အားကြိုးမာန်တက်ဇွဲရှိရှိလုပ်ဆောင်ဖို့ အတော်လိုအပ်ခဲ့တယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ခွန်အားကို ယေဟောဝါအမြဲတမ်းပေးတယ်။ ဆာလံဆရာရဲ့ဒီစကား မှန်ကန်တယ်ဆိုတာကို ခဏခဏကြုံခဲ့ရတယ်– “‘ငါ့ခြေချော်လျက်ရှိသည်’ ဟုအကျွန်ုပ်ဆိုသောအခါ အိုထာဝရဘုရား[သခင်] ကိုယ်တော်၏ကရုဏာသည် အကျွန်ုပ်ကိုထောက်မပါ၏။ အကျွန်ုပ်၏နှလုံးထဲမှာ စိတ်များပြားသောအခါ ကိုယ်တော်သည် သက်သာစေတော်မူသဖြင့် အကျွန်ုပ်၏ဝိညာဉ်သည် ရွှင်လန်းပါ၏။”—ဆာလံ ၉၄:၁၈၊ ၁၉။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
၁၉၅၇ ခုနှစ်တွင် ဒုတိယအကြိမ်ခွဲစိတ်ကုသပြီးသော ကျွန်တော့်ဇနီးအယ်လနီနှင့်အတူ
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၆၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ နူရမ်ဘတ်မြို့ စည်းဝေးကြီးတစ်ခု၌
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
မကျန်းမမာ၊ အသက်ကြီးရင့်သူများကို ကူညီပေးကြသော ညီအစ်ကို၊ ညီအစ်မအုပ်စု